← Chapters

အခန်း (၅၁၈)

Vol. 41 Ch. 518

အခန်း (၅၁၈)

Vol. 41 Ch. 518

အမှန်စင်စစ်တွင် ကုချင်းဖုန်း၏ ကမ်းလှမ်းချက်မှာ အလွန်ပင် ကောင်းမွန်လှရာ တခြားသူသာဖြစ်ခဲ့ပါက ကျိန်းသေပေါက် သဘောတူမိပေလိမ့်မည်။

ငွေစငါးသောင်းဆိုသည်မှာ ကျားဖြူခန်းမ၏ တစ်နှစ်စာ အသုံးစရိတ်အတွက် လုံလောက်သည်ထက်ပင် ပိုသည့်ပမာဏ ဖြစ်သည်။ ဤမျှများပြားသော ပမာဏကို ချန်ကျဲ့သည် အမှန်တကယ်ပင် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်လော။

ထို့ပြင် ကုချင်းဖုန်းသည်လည်း ထိုမျှ အလွယ်တကူ သတ်၍ရနိုင်သောသူ မဟုတ်ချေ။

ကုချင်းဖုန်းကို သတ်ရန်မလွယ်ကူပါချေ။ ကုချင်းဖုန်း၏အသက်ကို နှုတ်ယူလိုပါက မိမိကိုယ်တိုင်လည်း ဒဏ်ရာရနိုင်သည့်အချက်ကို စွန့်စားရမည်ဖြစ်သည်။ သို့သော် မိမိ ဒဏ်ရာရနိုင်သည်ဟူသည့် အကြောင်းပြချက်ကြောင့်နှင့် ကုချင်းဖုန်းကို မသတ်ဘဲ လွှတ်ပေးသင့်ပါ၏လော။

ချန်ကျဲ့သည် မိမိအတွက် အသက်စွန့်ခဲ့ကြသော ညီနောင်များကို အပေးအယူလုပ်ရန် အသုံးချခံပစ္စည်းများအဖြစ် တကယ်ကြီး သတ်မှတ်လိုက်ပါမည်လော။

မဟုတ်ပေ။ ညီနောင်များသည် အပေးအယူလုပ်ရန် ပစ္စည်းများမဟုတ်ပေ။

သူတို့သည် သူ၏ ညီနောင်များဖြစ်ပါ၏။

ချန်ကျဲ့သည် သူတို့ကို လေ့ကျင့်ပေးစဉ်က အချို့သော စကားလုံးအသုံးအနှုန်းများ.. ဥပမာ - ညီနောင်ရင်းချာသဖွယ် ဆက်ဆံရေးမျိုးကို အလေးပေးပြောဆိုခြင်းဖြင့် လက်အောက်ငယ်သားများကို ထိန်းချုပ်သည့် ခေါင်းဆောင်မှု နည်းဗျူဟာအချို့ကို အသုံးပြုခဲ့သည်မှာ မှန်ပါသည်။

သို့သော် သူတို့နှင့် ထိတွေ့ဆက်ဆံနေထိုင်စဉ်အတွင်းတွင် ချန်ကျဲ့သည် စစ်မှန်သော သံယောဇဉ်များကိုလည်း ရင်းနှီးမြှုပ်နှံခဲ့ပါသည်။

ကုချင်းဖုန်း၏ ကမ်းလှမ်းချက်မှာ အလွန်ဆွဲဆောင်မှုရှိကြောင်းကိုလည်း ချန်ကျဲ့ ဝန်ခံပါသည်။ အထူးသဖြင့် ထိုက်ဆွေ့ဆေးလုံးနှစ်လုံးပေးမည်ဟူသည့် ကမ်းလှမ်းချက်ဖြစ်သည်။ ထိုက်ဆွေ့ဆေးလုံးများကို အရိုးသန်မာဆေးလုံးနှင့် တွဲဖက်လိုက်ပါက သံမဏိအရိုးအဆင့် သိုင်းပညာရှင်တစ်ဦးကို ပျိုးထောင်ပေးနိုင်သည်။

သံမဏိအရိုးအဆင့် သိုင်းပညာရှင်တစ်ဦးသည် နွဲ့ပျောင်းအရွတ်အဆင့် သိုင်းပညာရှင် ခုနစ်ဦး၊ ရှစ်ဦးထက်ပင် ပို၍ တန်ဖိုးရှိ၏။

၎င်းဆေးလုံးနှစ်လုံးတည်းဖြင့် ဤကျားသက်တော်စောင့်ဆယ့်နှစ်ဦးအတွက် ချန်ကျဲ့သုံးစွဲခဲ့သော လေ့ကျင့်ရေးကုန်ကျစရိတ်များကို ပြန်ဖြည့်ပေးနိုင်သည်။

ထို့ပြင် ငွေစငါးသောင်းလည်း ရှိသေးသည်။ ဤပမာဏသည် အရည်အချင်းပြည့်ဝသော ကျားဖြူခန်းမတပ်သား တစ်ရာ၊နှစ်ရာခန့်အထိ လေ့ကျင့်ပေးရန် လုံလောက်သည်။

သို့ဖြစ်ရာ ကုချင်းဖုန်းသည် အမှန်တကယ်ပင် စိတ်ရင်းနှင့် ကမ်းလှမ်းနေခြင်းဖြစ်သည်။

သို့သော် ချန်ကျဲ့၏ နှလုံးသား နက်ရှိုင်းသည့်တစ်နေရာမှ ၎င်းကမ်းလှမ်းမှုကို လက်မခံနိုင်ကြောင်း ပြောနေခဲ့သည်။ သူ ညီနောင်များ၏ အသက်ကို အပေးအယူ မလုပ်နိုင်ပါချေ။

၎င်းမှာ ချန်ကျဲ့၏ နောက်ဆုံးအောက်ခြေစည်း ဖြစ်သည်။

ချန်ကျဲ့သည် စည်းစိမ်ဥစ္စာကို မက်မောသူဖြစ်ပြီး လက်အောက်ငယ်သားများကို ထိန်းချုပ်ရာတွင်လည်း ကျွမ်းကျင်သူဖြစ်သည်။ ခန်းမကို စီမံခန့်ခွဲရာတွင်လည်း လှည့်ကွက်အချို့ကို ကျင့်သုံးတတ်သော်ငြား ချန်ကျဲ့၏ စည်းမျဉ်းမှာ မိမိအပေါ် စိတ်ရင်းမှန်ဖြင့် ဆက်ဆံသူများကို ဘယ်သောအခါမှ သစ္စာမဖောက်ရန် ဖြစ်သည်။

ကိုယ်ရံတော် ဆယ့်နှစ်ဦးသည် သူ့အပေါ် စိတ်ရင်းမှန်ဖြင့် ဆက်ဆံခဲ့ကြသည်။ သူတို့၏ အသက်များကို အကျိုးအမြတ်အတွက် လဲလှယ်လိုက်မည်ဆိုလျှင် သူသည် လူတစ်ယောက်ဖြစ်နေပါဦးမည်လော။

ဤကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းသည် မိမိအတွက် အမြတ်ထွက်စေမည်ကို သိနေသော်ငြား ချန်ကျဲ့သည် မိမိ၏ အသိတရားကို အဆုံးရှုံးမခံနိုင်ပေ။

အာဏာရှိသူများအတွက် အသိတရားဟူသည် မလိုအပ်သည့်အပြင် အန္တရာယ်ပင် ဖြစ်စေနိုင်သည်ကို ချန်ကျဲ့ သိထားသော်လည်း— ချန်ကျဲ့သည် မိမိ၏ အသိတရားကို ဆက်လက် ထိန်းသိမ်းထားချင်သေးသည်။

"ကုချင်းဖုန်း၊ ခင်ဗျားက ကျုပ်နဲ့ အပေးအယူလုပ်ချင်တယ်ပေါ့လေ။ ကောင်းပြီ၊ ဒါဆို ကျုပ်ဘက်က အခြေအနေတစ်ခု တောင်းဆိုမယ်။ အဲဒါကို ခင်ဗျား သဘောတူရင် ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို အကုန်ကျေအေးပေးမယ်”

"အို.. မင်း သဘောတူမယ်ဆိုတာ ငါ သိသားပဲ။ ကဲ မင်းရဲ့ တောင်းဆိုချက်ကို ပြောစမ်းပါဦး!"

ချန်ကျဲ့၏ စကားကို ကြားသောအခါ ကုချင်းဖုန်း၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်တည်သွား၏။ အကျိုးအမြတ်၏ ဆွဲဆောင်မှုကို မည်သူမျှ မတွန်းလှန်နိုင်ကြောင်း ကုချင်းဖုန်း သေချာသိထား‌ေပသည်။

ချန်ကျိုစစ်လည်း ချွင်းချက်ဖြစ်လိမ့်မည် မဟုတ်ပေ။

ထိုစဉ် ချန်ကျဲ့မှ ဖြည်းဖြည်းချင်း ပြောသည်။

"သေသွားတဲ့ ကျုပ်ရဲ့ညီနောင်တွေကို ခင်ဗျား အသက်ပြန်သွင်းပေးနိုင်ရင် ကျုပ် ခင်ဗျားကို ကျေအေးပေးမယ်။ မဟုတ်ရင်တော့ ဒီနေ့က ကျုပ်တို့နှစ်ယောက် အသေအကြေ တိုက်ရမယ့်နေ့ပဲ!"

ဟမ်!

ထိုစကားကို ကြားလျှင် ကုချင်းဖုန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။

"မင်း ငါ့ကို လာနောက်နေတာလားကွ!"

ထိုအခါ ချန်ကျဲ့သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ခင်ဗျားက ကျုပ်ရဲ့ညီနောင်တွေကို သတ်ထားပြီးတာတောင် ပေါက်ကရစကားတွေ လာပြောရဲသေးတယ်ပေါ့လေ။ ဒီနေ့ ခင်ဗျား သေကို သေရမှာ၊ ဘယ်လိုမှ ရှောင်လွှဲလို့မရနိုင်ဘူး။ အားကျူး... လှံ!"

ချန်ကျဲ့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ထိုအခါ အခြားတစ်ဖက်တွင်ရှိနေသည့် ချန်ကျူးသည် ချက်ချင်း တုံ့ပြန်သည်။ ချန်ကျဲ့၏စကားများကို အမှတ်ရနေခဲ့၏။

ကျုပ်ရဲ့ညီနောင်တွေကို အသက်ပြန်သွင်းမပေးနိုင်ရင် ဒီနေ့က အသေအကြေတိုက်ရမှာပဲ!

ချန်ကျူးမှာ မျက်ရည်များ ဝဲတက်လာခဲ့သည်။ သူတို့ ခေါင်းဆောင်ရွေးမမှားခဲ့ပေ။ သူတို့၏ခန်းမအရှင်သခင်သည် အမှန်စင်စစ်သော ခေါင်းဆောင်ကောင်းဖြစ်၏။

ခန်းမအရှင်သခင်သည် သူတို့အတွက် ဤမျှကြီးမားသော အကျိုးအမြတ်ကိုပင် စွန့်လွှတ်ခဲ့သည်။ ဤကဲ့သို့သော ခေါင်းဆောင်မျိုးမှာ သူတို့၏ သစ္စာရှိမှုကို ရရှိရန် အမှန်တကယ် ထိုက်တန်ပါ၏။

ဘေးတွင်ရပ်နေသော ပိုင်ဝမ့်ကျင်းသည်လည်း ပြုံး၍ ခေါင်းညိတ်ကာ ထောက်ခံနေခဲ့သည်။ သူ ချန်ကျိုစစ်ကို အနှစ်ခြိုက်ဆုံးအချက်မှာ ချန်ကျိုစစ်သည် မည်သည့်အဆင့်အတန်းသို့ ရောက်ရှိပါစေ သူ၏ မူလရည်မှန်းချက်ကို ဘယ်သောအခါမျှ မမေ့လျော့သောကြောင့် ဖြစ်သည်။

နာကျင်မှုကြောင့် စကားမပြောနိုင်ဘဲ မြေပြင်တွင် လဲကျနေသော ချန်ကုံသည်လည်း ချန်ကျဲ့၏ အသေအကြေ တိုက်မည်ဟူသည့် စကားကို ကြားရသောအခါ အားယူ၍ ပြုံးလိုက်မိသည်။ ဤသည်မှာ သူတို့ သစ္စာရှိရှိ နောက်လိုက်ခဲ့ကြသော ခန်းမအရှင်သခင်၊ သူတို့၏နှလုံးသားထဲမှ စိတ်ထားကြီးမြတ်လှသော ခန်းမအရှင်သခင်ပင် ဖြစ်သည်။

"ခန်းမအရှင်သခင် ဖမ်းလိုက်ပါ!"

ချန်ကျဲ့၏ အော်‌ပြောသံကို ကြားသည်နှင့်တစ်ပြိုင်နက် အားကျူးသည် ပြေးသွားကာ ချန်ကျဲ့ မြေကြီးထဲသို့ ပစ်စိုက်ထားခဲ့သော လှံကို ယူ၍ ချန်ကျဲ့ဆီသို့ ပြန်ပစ်ပေးလိုက်သည်။

ချန်ကျဲ့သည် သူ့ဆီ ပျံသန်းလာသော လှံကို ဖမ်းဆုပ်လိုက်ပြီး ကုချင်းဖုန်းကို တိုက်ခိုက်သည်။

ခင်ဗျားက ခင်ဗျားရဲ့ ဓားမြှောင်ကို အားကိုးတယ်မဟုတ်လား။

ဒါပေမဲ့ ကျုပ်ရဲ့ လှံကိုတော့ ခင်ဗျား ယှဉ်နိုင်မှာ မဟုတ်ဘူး။

ဆိုရိုးစကားတစ်ခု ရှိသည်မဟုတ်ပါလော။

"တစ်လက်မ ပိုရှည်လျှင် တစ်လက်မစာ ပို၍ အစွမ်းထက်ပြီး၊ တစ်လက်မ ပိုတိုလျှင် တစ်လက်မစာ ပို၍ အန္တရာယ်များသည်" ဟူ၏။

ချန်ကျဲ့သည် လှံကို ကိုင်စွဲကာ အတိဒုက္ခဆယ့်သုံးပါးလှံသိုင်းဖြင့် တိုက်ခိုက်သည်။

ချန်ကျဲ့သည် ကုချင်းဖုန်းသို့ တိုက်ရိုက် ဦးတည်တိုက်ခိုက်ရာ ကုချင်းဖုန်းသည် ထိုအခါမှ သတိဝင်လာပြီး ဒေါသတကြီး အော်ဟစ်တော့သည်။

"မင်းကတော့ ရူးနေပြီပဲ၊ အသုံးမကျတဲ့ အစောင့်အရှောက်တပ်သားလေး နည်းနည်းအတွက်နဲ့ ငါလိုလူနဲ့ အသေအကြေ လာတိုက်နေရအောင် မင်း စိတ်မနှံ့ဘူးလား?"

ပြောပြောဆိုဆိုဖြင့်ပင် ကုချင်းဖုန်းသည် မြေပြင်ပေါ်ကျနေသည့် ဓားမြောင်ကို ကောက်ကိုင်ကာ ချန်ကျဲ့နှင့် လက်နက်ချင်း ယှဉ်၍ တိုက်ခိုက်တော့သည်။

ချန်ကျဲ့မှ ပြောသည်။

"နောက်တစ်ခါ ထပ်ပြောလိုက်မယ်၊ သူတို့က ကျုပ်ရဲ့ ညီနောင်တွေပဲ!"

“သောက်ချီးကို ညီနောင်တဲ့၊ သူတို့က နယ်ရုပ်တွေ သက်သက်ပဲ"

ချွင် ချွင် ချွင် ချွင် ချွင် ~

ဓားနှင့် လှံတို့၏ ထိတွေ့သံများ ဆက်တိုက် ထွက်ပေါ်လာလျက် မီးပွားများ လွင့်စင်သည်အထိ နှစ်ဖက်စလုံး အပြင်းအထန် တိုက်ခိုက်နေကြသည်။

ပြောစရာပင် မလိုပါချေ။ ကုချင်းဖုန်း၏ သိုင်းပညာမှာ အလွန် ခိုင်မာသည်။ သူ၏ ခွန်အားမှာ ချင်းယင်ကဲ့သို့ အဆင့်နိမ့် စွမ်းအင်ပြောင်းလဲခြင်းသိုင်းပညာရှင်ထက် များစွာ သာလွန်သည့်အပြင် ဖန်းရှစ်ကျုံးထက်ပင် အရည်အချင်း မနိမ့်ပါချေ။

အထူးသဖြင့် ဓားသိုင်းကွက်များကို အသုံးချသည့် သူ၏တစ္ဆေလက်မှာ ကြည့်ရှုသူကိုပင် မျက်စိလည်စေသည်။

ချန်ကျဲ့သည် လှံကို ကိုင်စွဲလျက် တိုက်ကွက်ပေါင်း နှစ်ဆယ်နီးပါးခန့် အပြန်အလှန် တိုက်ခိုက်ပြီးချိန်တွင် ကုချင်းဖုန်းသည် ရုတ်တရက် အနီးကပ် တိုးဝင်လာခဲ့သည်။ ကုချင်းဖုန်းသည် ချန်ကျဲ့၏ လှံသိုင်းကွက်ကို ခါးကွေး၍ ရှောင်တိမ်းလိုက်ပြီး လှံရိုးတလျှောက် ချဉ်းကပ်ကာ သူ၏ ဓားမြှောင်ဖြင့် ချန်ကျဲ့၏ လည်ပင်းတည့်တည့်သို့ ဝှေ့ယမ်းလိုက်သည်။

ချန်ကျဲ့သည် ထိတ်လန့်သွားပြီး လှံကို ချက်ချင်း လွှတ်လိုက်ကာ လျှပ်စီးခြေလှမ်းသိုင်းကို ထုတ်သုံးလိုက်သည်။

အလွန်လျင်မြန်သည့် အရှိန်နှုန်းဖြင့် ချန်ကျဲ့သည် လျင်မြန်စွာ ရှောင်ထွက်သွားနိုင်ခဲ့သည်။

ကုချင်းဖုန်းမှာ ခေတ္တမျှ မှင်တက်သွားရ၏။ ချန်ကျဲ့မှ သူ၏ အသက်နုတ်တိုက်ကွက်ကို ရှောင်တိမ်းနိုင်လိမ့်မည်ဟု ကုချင်းဖုန်း ထင်မထားခဲ့ပေ။

အထူးသဖြင့် ချန်ကျဲ့ ရုတ်တရက် ထုတ်သုံးလိုက်သော ကိုယ်ဖော့သိုင်းဖြစ်သည်။

အဲဒါက ဘယ်လို ကိုယ်ဖော့သိုင်းကြီးလဲ? ဒီလောက်မြန်တာ?

ချန်ကျဲ့ မျက်လုံးမှေးကျုံ့လိုက်ပြီး တွေးလိုက်သည်။

ကောင်းပြီ၊ ခင်ဗျားက အနီးကပ် တိုက်ရတာကို ကြိုက်တယ်ပေါ့?

ဒါဆိုလည်း ကောင်းကောင်း တိုက်ပေးရတာပေါ့၊ ကျုပ်ရဲ့ လက်ဝါးရိုက်ချက်ကို ခံစားကြည့်လိုက်!

ချန်ကျဲ့သည် ထိုသို့တွေးလျက် ကုချင်းဖုန်း၏ ကျောပြင်သို့ လက်ဝါးသိုင်းကွက်ဖြင့် တိုက်ခိုက်လိုက်သည်။

ကုချင်းဖုန်းသည် ထိတ်လန့်သွားပြီး အမြန် ရှောင်တိမ်းလိုက်သော်ငြား ချန်ကျဲ့သည် အခြားတစ်ဖက်မှ ကြိုတင် စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက် ကုချင်းဖုန်းကို နောက်ထပ် လက်ဝါးတစ်ချက်ဖြင့် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

All Chapters