အခန်း (၅၁၀)
Vol. 41 Ch. 510
ရှပ်... ရှပ်
လေပြေတစ်ချက်အဝေ့တွင် မျက်မမြင်အမျိုးသမီး၏ ဆံနွယ်များ လွင့်ပျံ့သွားသည်။ ဝူဟုန်သည် သူမ၏ အံ့ဩဖွယ်ရာ လှပသော မျက်နှာကို မြင်တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို သူအဘယ်သို့ ဖော်ပြရမည်နည်း။ အေးစက်သော အလှတရားသည် ရင်သပ်ရှုမောဖွယ် ကောင်းလှသော်ငြား သူမ၏ အမြင်ကွယ်နေသော မျက်လုံးများက ထိုအလှကို အနည်းငယ် မှေးမှိန်သွားစေသည်။
၎င်းမှာ အနုစိတ်လှပလွန်းသော ပန်းချီကားတစ်ချပ်ပေါ်သို့ မင်စက်တစ်စက် ကျမိသဖြင့် တန်ဖိုးတစ်ဝက်ခန့် ပျက်စီးသွားရသလိုပင်။
သို့တိုင် သူမ၏ အလှသည် ဝူဟုန်အား မှင်သက်သွားစေရန် လုံလောက်နေဆဲပင်။
ထိုအခိုက်အတန့်၌ ဝူဟုန်မှာ ကြောင်အမ်းသွားခဲ့သည်။
ပုံမှန်အားဖြင့် ဝူဟုန်သည် ပြိုင်ဘက်၏ လက်နှစ်ဖက်ကို ဖမ်းချုပ်မိသည်နှင့် ရှေ့သို့ အရှိန်ဖြင့် တိုးကပ်ကာ ပြိုင်ဘက်ကို ဖိနှိပ်လိုက်ရမည်ဖြစ်သည်။ ထို့နောက် အင်အားအနည်းငယ် သုံးလိုက်ရုံဖြင့် အရိုးကျိုးသံ ကြားရမည်ဖြစ်ပြီး ပြိုင်ဘက်၏ လက်အရိုးအဆစ်များကို သုံးမရတော့အောင် ချိုးပစ်လိုက်မည်ဖြစ်သည်။
၎င်းသည် အလွန်တရာ ရက်စက်ကြမ်းကြုတ်သော တိုက်ကွက်တစ်ခုဖြစ်၏။
သို့သော် ယခုတွင်မူ ဝူဟုန်သည် တိုက်ကွက်အလယ်တွင် ရပ်တန့်သွားခဲ့သည်။ သူ၏လက်များသည် မျက်မမြင်အမျိုးသမီး၏ လက်များကို တင်းကြပ်စွာ ချုပ်ကိုင်ထားပြီး သူ၏ ခန္ဓာကိုယ်သည် သူမကို အပေါ်မှအုပ်မိုး၍ အရှိန်ဖြင့် ဖိချုပ်ထားသည်။
သူတို့၏ နှုတ်ခမ်းများမှာ တစ်စင်တီမီတာခန့်သာ ကွာဝေးတော့ပြီး တစ်ယောက်၏ အသက်ရှူငွေ့ကို တစ်ယောက်က ထင်ထင်ရှားရှား ခံစားနေရသည်။
ဝူဟုန်၏ ရင်ဘတ်မှာ မျက်မမြင်အမျိုးသမီး၏ ရင်ဘတ်နှင့် ထိကပ်နေပြီး သူတို့နှစ်ဦး၏ ပုံစံမှာ အနည်းငယ် ရှက်သွေးဖြာဖွယ် ဖြစ်နေသည်။
နှစ်ဦးစလုံး ခဏမျှ တိတ်ဆိတ်သွားကြပြီး ပတ်ဝန်းကျင်၏ လေထုမှာလည်း ထူးဆန်းလာခဲ့သည်။
သူတို့သည် ထိုကဲ့သို့ အနေအထားဖြင့် တစ်မိနစ်ခန့်ကြာသွားခဲ့ရာ ၎င်းတစ်မိနစ်မှာ အလွန်တရာ ရှည်ကြာသည်ဟု ခံစားရပေသည်။ မျက်မမြင်အမျိုးသမီး၏ မျက်နှာမှာ ရှက်သွေးဖြာကာ နီမြန်းလာခဲ့သည်။ ဝူဟုန်သည်လည်း ထို့အတူပင်။
"ရှင် ကျွန်မကို ဘယ်လောက်အထိ ဖိထားဖို့ စိတ်ကူးထားတာလဲ"
မျက်မမြင်အမျိုးသမီးသည် နောက်ဆုံးတွင် အော်ဟစ်ပေါက်ကွဲတော့သည်။
ဝူဟုန်သည်လည်း ရှက်ကိုးရှက်ကန်းဖြင့် ပြောသည်။
"မိန်းကလေး မင်း ထွက်မပြေးဘူးလို့ ကတိပေးရင် အခုချက်ချင်း လွှတ်ပေးပါ့မယ်"
"ကျွန်မ သဘောမတူရင်ရော"
မျက်မမြင်အမျိုးသမီးမှ ပြန်ပြောသည်။
ဝူဟုန် ခဏမျှ ဆွံ့အသွားစဉ် အမျိုးသမီးမှ ဆက်ပြောလာသည်။
"အဲဒါဆို ရှင် ကျွန်မကို အခုလိုပဲ ဆက်ပြီး ဖိထားတော့မှာလား"
ဝူဟုန် တိတ်ဆိတ်နေမိသည်။
မျက်မမြင်အမျိုးသမီးမှ ထေ့ငေါ့ပြောဆိုသည်။
"ရှင် အ သွားတာလား"
"အဲ..."
ဝူဟုန်သည် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချလိုက်ရသည့်အလား စကားတစ်ခွန်းကို မနည်းညှစ်ထုတ်နေရသည်။
"ရှင်... ရှင်... လူယုတ်မာ"
မျက်မမြင်အမျိုးသမီးသည် ရှက်ရွံ့မှုေကြာင့် မျက်နှာသည် ပို၍နီမြန်းလာခဲ့သည်။
ဝူဟုန်၏မျက်နှာသည်လည်း ပို၍နီရဲလာခဲ့သည်။
"ကျုပ် မဟုတ်ပါဘူး"
ဝူဟုန်သည် နဂိုကပင် ရိုးသားဖြောင့်မတ်သော လူကောင်းတစ်ဦးအဖြစ် နာမည်ကြီးသူဖြစ်ရာ သူ့အား လူကြီးလူကောင်းတစ်ယောက်ဟု သတ်မှတ်ခြင်းသည် ချဲ့ကားခြင်းမဟုတ်ရပါချေ။
သို့သော် ယနေ့တွင်တော့ ချန်ကျိုစစ်အတွက်ကြောင့် ဝူဟုန်သည် သူ့ကိုယ်သူ အစွမ်းကုန် တွန်းအားပေးေနခဲ့သည်။ သူ၏ နှလုံးခုန်နှုန်းများမှာ အဆက်မပြတ် မြန်ဆန်နေလျက် ပြန်လည်ငြင်းခုံချင်သော်လည်း သူပြောနိုင်သည်မှာ "ကျုပ် မဟုတ်ပါဘူး" ဟူသည့် စကားတစ်ခွန်းသာ ဖြစ်သည်။
ဒုတ်... ဒုတ်... ဒုတ်…
မျက်မမြင်အမျိုးသမီးသည် ဝူဟုန်၏ မြန်ဆန်နေသော နှလုံးခုန်နှုန်းကို အာရုံခံမိသွားပြီး ပြောလာသည်။
"ရှင်က လူယုတ်မာ မဟုတ်ဘူးဆိုရင် ရှင့်ရင်ဘတ်က ဘာလို့ ဒီလောက်တောင် နှလုံးခုန်မြန်နေရတာလဲ"
ဝူဟုန်က မျက်နှာနီရဲနေဆဲဖြင့် ပြန်ပြောသည်။
"ကျုပ်က ဒီတိုင်း မဟုတ်ဘူး"
"မဟုတ်ဘူးဆိုရင်လည်း ကျွန်မကို လွှတ်လေ"
ဝူဟုန်မှ ပြန်ပြောသည်။
"မလွှတ်နိုင်ဘူး"
"အဲဒါဆိုရင် ရှင်က လူယုတ်မာ မဟုတ်ပါဘူးလို့ ဘယ်လိုပြောနိုင်မှာလဲ"
"အဲဒါက ဒီတိုင်း ကျုပ်က လူယုတ်မာ မဟုတ်ဘူးပဲ"
"အဲဒါဆို ကျွန်မကို လွှတ်လိုက်"
"မလွှတ်ဘူး"
"အား... ရှင် ကျွန်မကို နာအောင် လုပ်နေတယ်..."
…
ငါးဖမ်းကုန်သည်အဖွဲ့ ဌာနချုပ်၌ လျိုလောင်ကွေ့သည် နန်ပါးထျန်းနှင့်အတူ
ကျားကစားနေသည်။
လျိုလောင်ကွေ့မှ အေးအေးလူလူပင် ကျားစေ့ချလိုက်ရာ နန်ပါးထျန်းလည်း ချက်ချင်း လိုက်ချသည်။ သို့ဖြင့် မကြာမီတွင် သူတို့သည် ကျားကွက်ခုံပေါ်၌ မျဉ်းဖြောင့်နှစ်ကြောင်း ဖြစ်ပေါ်သွားစေတော့သည်။
ဘေးမှ ကြည့်နေသော ထန်ဇီယွဲ့သည်တော့ သူတို့နှစ်ဦးစလုံးသည် တကယ်ကို ထူးခြားသော စိတ်ကူးရှိသူများဟု တွေးနေခဲ့သည်။
ခင်ဗျားတို့က ဘယ်သူက မျဉ်းပိုဖြောင့်အောင် ဆွဲနိုင်လဲဆိုတာ ပြိုင်နေကြတာလား
ထိုစဉ် နန်ပါးထျန်းမှ ကျားစေ့တစ်စေ့ကို ချလိုက်ပြီး ပြောသည်။
"ခေါင်းဆောင်လျို၊ ခင်ဗျား ဒီကို ရောက်လာတာ ချန်ကျိုစစ်ရဲ့အစီအစဉ် မဟုတ်လား"
လျိုလောင်ကွေ့မှ ပြုံးလိုက်ပြီး ပြန်ပြောသည်။
"အမှန်အတိုင်းပြောတာကို ကြားချင်လား"
"ဒီမှာ တခြားလူမှ မရှိတာ၊ ပြောပါ"
"ဟုတ်ပါတယ်၊ ဒါက ကျိုစစ်ရဲ့အစီအစဉ်ပါပဲ"
နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်သည်။
"သူက ဘာလို့ ခင်ဗျားကို ကျုပ်ဆီ လွှတ်လိုက်တာလဲ"
လျိုလောင်ကွေ့ ရယ်မောလိုက်သည်။
"ကျိုစစ် ပြောတာကတော့ သူရဲ့သူလျှိုတွေဆီက ရတဲ့ သတင်းအရ မင်းက သစ္စာဖောက် တစ္ဆေလက်ကုချင်းဖုန်းနဲ့ ပူးပေါင်းပြီး ငါ့သားအတွက် ဆေးသွားယူပေးနေတဲ့ သမားတော်ပိုင်ကို လုပ်ကြံဖို့ ကြံစည်နေတယ်လို့ သိရတယ်တဲ့။ အဲဒါကြောင့် ငါ့ကို မင်းကို စောင့်ကြည့်ပေးဖို့ တောင်းဆိုခဲ့တယ်"
ထိုစကားကို ကြားလိုက်သည်နှင့် နန်ပါးထျန်းသည် လက်ထဲရှိ ကျားစေ့ကို ချေမွပစ်လိုက်သည်။
နန်ပါးထျန်းသည် လျိုလောင်ကွေ့ကို ကြည့်လျက် ပြောသည်။
"ဟက် အဲဒီစကားက ဟာသပဲ ဟုတ်တယ်မလား ကျုပ်က ဘာလို့ ကုချင်းဖုန်းနဲ့ ပူးပေါင်းပြီး ခေါင်းဆောင်လျိုကို အပြစ်ပြုရမှာလဲ”
ထိုအခါ လျိုလောင်ကွေ့သည် ကျားကွက်ခုံပေါ်သို့ ကျားစေ့တစ်စေ့ကို ခပ်ပြင်းပြင်း ဆောင့်ချလိုက်သည်။ ထိုကျားစေ့မှာ ရုတ်ချည်း ပြင်းထန်သော မီးတောက်များ ထွက်ပေါ်လာခဲ့ကာ ကျားကွက်ခုံကို အပေါက်ဖြစ်သွားစေခဲ့သည်။
"ဟက်… ခေါင်းဆောင်နန်၊ ချန်ကျိုစစ် ပြောတာ မှန်သလား မှားသလားဆိုတာ ငါမသိဘူး။ ဒါပေမဲ့ ငါ မင်းကို တစ်ခုပြောပါရစေ... အကယ်၍များ သမားတော်ပိုင် တကယ်ပဲ တစ်ခုခုဖြစ်သွားလို့ ငါ့သားကို ကုသပေးနိုင်မယ့်သူ မရှိတော့ရင် ငါ မင်းကို ကျိန်းသေပေါက် အပြတ်ရှင်းပစ်မှာ။ အဲဒီအခါကျ ငါတို့ကြားထဲက ရန်ငြိုးက ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်တော့ဘူး"
နန်ပါးထျန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ကျားစေ့အဖြူတစ်စေ့ကို ဆုပ်ကိုင်ထားရင်း ပြန်ပြောသည်။
"ခေါင်းဆောင်လျို စကားပြောတာ ပြင်းထန်လွန်းနေပါပြီ"
လျိုလောင်ကွေ့မှ ပြန်ပြောသည်။
“ပြင်းထန်တာ မပြင်းထန်တာတွေ ထားလိုက်ပါ။ မင်း ဒီနေ့ ချန်ကျိုစစ် သမားတော်ပိုင်ကို ကယ်တင်နိုင်ပါစေလို့ပဲ ဆုတောင်းနေလိုက်တော့။ မဟုတ်ရင်တော့ ငါ ဒီကိစ္စကို ဒီအတိုင်း လွှတ်ပေးလိုက်မှာ မဟုတ်ဘူး"
နန်ပါးထျန်းသည် အေးစက်စက် ရယ်မောလိုက်၏။
"ခေါင်းဆောင်လျို၊ ကျုပ်က ခင်ဗျားကို ကြောက်နေမယ်လို့ ထင်နေတာလား ဟုတ်တယ်၊ ကျုပ် ပိုင်ဝမ့်ကျင်းကို သတ်ဖို့ လူလွှတ်လိုက်တယ်။ ကျုပ် ခင်ဗျားကို ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်၊ ဒီနေ့ ပိုင်ဝမ့်ကျင်း သေကို သေရမယ်၊ ဘယ်သူမှ သူ့ကို မကယ်နိုင်ဘူး"
လျိုလောင်ကွေ့၏ မျက်လုံးများ ခက်ထန်သွားပြီး သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ထွက်ပေါ်လာသည်။
"အကယ်၍ ပိုင်ဝမ့်ကျင်း သေသွားခဲ့ရင် ငါ မင်းရဲ့ ငါးဖမ်းကုန်သည်အဖွဲ့တစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းပစ်မယ်"
"ဟက်... ကျုပ်တို့က ကမ္ဘာမကြေရန်သူတွေပဲလေ။ ကျုပ်က ကြောက်နေမယ် ထင်နေလား"
နန်ပါးထျန်းသည် လျိုလောင်ကွေ့ကို စိုက်ကြည့်လျက် ပြောသည်။
"ခင်ဗျား ပိုင်ဝမ့်ကျင်း သေဆုံးတဲ့ သတင်းကိုသာ စောင့်နေလိုက်ပါတော့"
လျိုလောင်ကွေ့မှ ပြန်ပြောသည်။
"ဟား. နန်ပါးထျန်း၊ မင်းရဲ့အစီအစဉ်က တကယ့်ကို ကောက်ကျစ်ရက်စက်တယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမဲ့ မင်းက ချန်ကျိုစစ်နဲ့ သွားတိုးနေတာတော့ ကံဆိုးတာပဲ။ မင်းရဲ့အကြံအစည်တွေ အောင်မြင်မှာ မဟုတ်ဘူး ပိုင်ဝမ့်ကျင်း သေမှာ မဟုတ်ဘူး"
"ဟက်. ခင်ဗျားက ချန်ကျိုစစ်က ပိုင်ဝမ့်ကျင်းကို ကယ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲလား တုံးအမနေစမ်းပါနဲ့။ ကျုပ် သူ့ကို တားဖို့ အဖွဲ့သုံးဖွဲ့တောင် စေလွှတ်ထားတာ။ အခုအချိန်မှာ ချန်ကျိုစစ်က မျန့်ရွှေစီရင်စုကနေတောင် ထွက်ခွာနိုင်မှာ မဟုတ်ဘူး"
ထိုအခါ လျိုလောင်ကွေ့မှ ခပ်ဟဟ ရယ်မောလိုက်သည်။
"ဟုတ်လား”
နန်ပါးထျန်း မျက်မှောင်ကြုတ်သွား၏။
"ဘာလဲ ချန်ကျိုစစ်က ဒါကိုတောင် ကြိုတင်ခန့်မှန်းမိတာလား" ဟု တွေးနေမိသည်။
ထိုစဉ် အပြင်ဘက်မှ အလောတကြီး ပြေးဝင်လာသော ခြေသံများကို ကြားလိုက်ရသည်။
"ခေါင်းဆောင်... ခေါင်းဆောင်... မကောင်းတော့ပါဘူး”
လက်အောက်ငယ်သားတစ်ဦး အမောတကော ပြေးဝင်လာ၏။ ထိုအခါ လျိုလောင်ကွေ့သည် မျက်ခုံးပင့်ကြည့်လိုက်ပြီး ပြောသည်။
"ရှောင်ပေးရမလား"
နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်သည်။
"မလိုပါဘူး"
"ဘာတွေ အဲ့လောက်အရေးကြီးနေတာလဲ၊ ပြောစမ်း"
ထိုအခါ လက်အောက်ငယ်သားမှ ပြောသည်။
"ခေါင်းဆောင်၊ ချန်ကျိုစစ်နောက်ကို လိုက်ဖို့ လွှတ်လိုက်တဲ့ အဖွဲ့သုံးဖွဲ့စလုံး ရှုံးနိမ့်သွားပါတယ်။ ချန်ကျိုစစ် မြို့ထဲကနေ ထွက်သွားပါပြီ"
"ဘာ"
ထိုစကားကို ကြားသည်နှင့် နန်ပါးထျန်းသည် မျက်လုံးများ ပြူးကျယ်သွားကာ နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"