အခန်း (၁၂၁-၁၂၃)
Vol. 9 Ch. 121-123
အပိုင်း(၁၂၁)
"ဒါဆိုရင် သူဌေးကွမ်ကရော" မန်မန်က ဆက်လက် မေးမြန်းချင်သောကြောင့် ချက်ချင်း စကားဖြတ်ပြောသည်။
" သူက ငါ့ရဲ့ ဖောက်သည်ပဲလေ " ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် ပြန်ဖြေသည်။
" ဒါဆိုရင်... " မန်မန် စကားဆက်မပြောခင် မန်မန့်ကို ဝူဟိုင်းက ချက်ချင်း ဆွဲခေါ်သွားသည်။ အလားတူပင် ဝူကျိုးကိုလည်း ကျောင်ယင်ကျွင်းက ဆွဲခေါ်သွားသည်။
" ဂရုစိုက်ကြပါ " ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး နှုတ်ဆက်စကားပြောသည်။
" ဘာလို့ ငါ့ကို ဆက်မေးခွင့်မပြုတာလဲ " မန်မန်က စိုးရိမ်တကြီး မေးမြန်းသည်။
" သူဌေးယွမ်က ဒီဆိုင်ကနေ ထွက်မသွားပါဘူးလို့ ပြောပြီးပြီလေ။ ဒါက အဆင်ပြေတာပဲ မဟုတ်ဘူးလား။ တခြားအသုံးမဝင်တာတွေ ဆက်မမေးနဲ့တော့လေ " စားသောက်ဆိုင်မှ ထွက်လာပြီး ဝူဟိုင်းက မန်မန့်ကို လွှတ်ပေးလိုက်သည်။
" အို... ဟုတ်သားပဲ။ တခြားကိစ္စတွေ သူဌေးယွမ်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေလေ " ဝူကျိုးက ခေါင်းညိတ်လိုက်ပြီး သတင်းကောင်းကို အဖွဲ့ဝင်များအား အသိပေးရန် သူ့ဖုန်းကို ထုတ်လိုက်သည်။
" တခြားသူတွေကို သတင်းပေးရမယ့်တာဝန်က အခုဆို မင်း တာဝန်ဖြစ်သွားပြီ။ ငါ ပြန်တော့မယ် " ဝူဟိုင်းက လက်ပြနှုတ်ဆက်ကာ ထွက်သွားသည်။ ကျန်ရှိနေသေးသောသူများသည်လည်း တစ်ယောက်ကို တစ်ယောက် ငေးကြောင်ကြည့်နေကြပြီး သူတို့အိမ်သူတို့ မပြန်ခင် သတင်းကောင်းကို ဖြန့်ဝေပေးကြသည်။
ယွမ်ကျိုး မထွက်သွားမည့် သတင်းကို ကြားပြီးနောက် အဖွဲ့ထဲမှ အဖွဲ့ဝင်များသည် ဂုဏ်ပြုပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး ညနေခင်း ယွမ်ကျိုး၏ စားသောက်ဆိုင်ဖွင့်မည့်အချိန်တွင် ဂုဏ်ပြုပွဲကျင်းပမည်ဟု ဆုံးဖြတ်ချက်ချခဲ့ကြသည်။
မန်မန်ကလည်း ယွမ်ကျိုးကို ဆန်ဖြင့်ချက်ပြုတ်သော ဟင်းလျာများကို အသုံးပြု၍ ဆက်လက်ရင်ဆိုင်နိုင်မည့် အခွင့်အရေး ရရှိသွားသည်။ သူမ၏ Wechat postတွင် သူမ မေးမြန်းသောမေးခွန်းကို အမျိုးမျိုးသော ပုံစံဖြင် ပြန်ဖြေသော ပြန်စာများ ရှိသည်။ သေချာနှိုင်းယှဥ်ရွေးချယ်ပြီးနောက် သူမက မနက်ဖြန်တွင် အကောင်အထည်ဖော်မည်ဟု ဆုံးဖြတ်လိုက်သည်။
နေ့လည်ခင်း ဆိုင်ဖွင့်ချိန်ကို စောစောဖွင့်ခဲ့သည်။ မန်မန် ပထမဦးဆုံး ပြုလုပ်သည့် အပြုအမူက ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ အလောတကြီး ပြေးသွားခြင်း ဖြစ်သည်။
" သူဌေးယွမ် ဆန်အခြေပြု ချက်ပြုတ်နည်း အမျိုးပေါင်း(၁၀၀)အတွက် အကြံအစည်တစ်ခု တွေးမိတယ်။ ဒီဟာကို သူဌေးယွမ် ချက်ပြုတ်နိုင်မှာ မဟုတ်ဘူး"
သူမက စားသောက်ဆိုင်သို့ ရောက်ရောက်ချင်း ယုံကြည်မှုအပြည့်ဖြင့် စကားပြောသည်။
"တကယ်လား။ ဘာများလဲ" ဆိုင်ဖွင့်ချိန် စောနေသေး၍ ယွမ်ကျိုးက သူမနှင့် စိတ်လိုလက်ရ စကားပြောသည်။
"ဆန်အရက်လေ။ သူဌေးယွမ်ရဲ့ သတ်မှတ်ချက်အတိုင်းဆိုရင် ဆန်တစ်မျိုးပဲ ပါဝင်မယ်။ တခြားဖြည့်စွက်ပစ္စည်းအနေနဲ့ ရေရယ် အရက်ချက်တစေးရယ်ပဲ သုံးမယ်လေ။ ဒါက အမျိုးပေါင်း ၁၀၀ထဲက တစ်မျိုးလို့လည်း သတ်မှတ်လို့ရတယ်မဟုတ်ဘူးလား" မန်မန်က အောင်နိုင်သွားသောအမူအရာဖြင့် ယုံကြည်မှု ရှိသော လေသံကို သုံးကာ ပြောသည်။
ယွမ်ကျိုး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူကိုယ်တိုင်ကလည်း အရက်ပြုလုပ်သည့်နည်းလမ်းကို မလေ့လာခဲ့ဖူးချေ။
ဟင်းလျာဆိုလျှင် စနစ်မှ ညွှန်ကြားမှု မရှိသည့်တိုင် သူကိုယ်တိုင် ဖန်တီးနိုင်သည်။ ဝိုင်ပြုလုပ်ခြင်းသည် အချိန်ခဏလေးအတွင်း ကျွမ်းကျင်အောင် ပြုလုပ်နိုင်သော ပညာရပ်မဟုတ်ပေ။ ယွမ်ကျိုးက စကားပြန်ပြောခါနီး စနစ်က ရုတ်တရက် တုံ့ပြန်လာသည်။
စနစ်မှ ဖော်ပြသည်။
"စားဖိုမှူးတစ်ယောက်အနေနဲ့ မင်းရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လိုအပ်တယ်"
[ဂုဏ်သိက္ခာထိန်းသိမ်းခြင်း ဒုတိယမစ်ရှင် : မနက်ဖြန် နေရာသုံးနေရာကို သွားပြီးတော့ ဒီစနစ်အတွက် ဆုတောင်းမေတ္တာပို့သခြင်း ပြုလုပ်ပေးပါ။ တစ်ရက်အတွင်း မစ်ရှင်ကို ပြီးမြောက်ပါစေ]
[မစ်ရှင်အညွှန်း : မင်းရဲ့ဖောက်သည်က ဆန်အရက်ကို ချက်ရင်းနဲ့ တောင်းဆိုလာတော့ မင်းကိုယ်တိုင်က ဆန်အရက် ချက်ပြုတ်နည်းကို လေ့လာသင့်တယ်။ မင်းကိုယ်မင်း အရည်အချင်းရှိကြောင်း သက်သေပြလိုက်ပါ]
[မစ်ရှင်ဆုလာဘ် : ဝိုင်အရက်ဖန်တီးခြင်း ကျွမ်းကျင်မှုနဲ့ ဝိုင်အရက်ဖန်တီးခြင်း အငယ်တန်းအဆင့် ဂုဏ်ပုဒ်]
"ကောင်းပြီလေ။ မနက်ဖြန် ဒီဆိုင်ကို ပြန်လာခဲ့" ယွမ်ကျိုးက ခေါင်းညိတ် သဘောတူလိုက်ပြီး ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် စကားပြောသည်။
"သူဌေးယွမ်က ဝိုင်အရက် ပြုလုပ်နည်းတောင် သိတယ်လား" မန်မန်က မယုံသင်္ကာဟန်ဖြင့် မေးမြန်းသည်။
"ဒါက ဆန်အခြေပြု ချက်နည်း အမျိုးပေါင်း(၁၀ဝ)ထဲမှာ ပါဝင်တဲ့တစ်ခုပဲလေ။ ဒါကြောင့်မို့ ငါ ဒီဝိုင်အရက်ကို ပြင်ဆင်နိုင်ပါတယ်
သို့သော်လည်း ယွမ်ကျိုးက အပေါ်ယံ ကြည့်လိုက်လျှင် ပေါ့ပေါ့ပါးပါးအမူအရာဖြင့် ပြန်ဖြေသော်လည်း တကယ်တမ်း သူ့စိတ်ထဲတွင် စနစ်နဲ့သူ အပြိုင်အဆိုင် ငြင်းခုန်နေကြသည်။
"ကောင်းပြီလေ။ မနက်ဖြန် ဒီအချိန် ပြန်လာခဲ့မယ်" မန်မန်က ယွမ်ကျိုး တမင်တကာ တည်ငြိမ်သောအမူအရာကို ဟန်ကိုယ့်နေသည်ဟု ယူဆကာ မသိကျိုးကျွန်ပြုရန် ဆုံးဖြတ်လိုက်သည်။ ဘေးနားတွင် မတ်တပ်ရပ်နေသော မုရှောင်ယွမ်က ထူးဆန်းအပြုအမူကို လုံးဝ သတိမထားမိပေ။ မည်သို့ပင်ဆိုစေကာမူ ယွမ်ကျိုးက စွယ်စုံကျွမ်းကျင်သူ ဖြစ်သည်။
"မင်းက စနစ်ပဲလေ။ ဒီလိုမျိုး ဆုတောင်း မေတ္တာပို့တာတွေ လိုအပ်လို့လား" ယွမ်ကျိုးက တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းထားပြီး စနစ်နှင့် အချေအတင်ပြောဆိုနေသည်။ စနစ်က ဖော်ပြသည်။
"ဆိုင်ရှင် ဒီမစ်ရှင်ကို တစ်ရက်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ပေးပါ"
"လူသားတွေဖန်တီးထားတဲ့ ဉာဏ်ရည်ပဲရှိတဲ့ မင်းက ဒီလို ဆုတောင်းမေတ္တာပို့တာတွေကို သိလို့လား။ ဒီလိုလုပ်ဖို့ရော လိုအပ်လို့လား" ယွမ်ကျိုးက အလျော့မပေးဘဲ ဆက်လက်မေးမြန်းသည်။
စနစ်က ဖော်ပြသည်။
"ဆုတောင်းမေတ္တာပို့နေစဉ်အတွင်းမှာ ဆိုင်ရှင်က ယခုပြောမယ့်စကားကို တိုးတိုးတိတ်တိတ်ကလေး ရွတ်ဖတ်ပေးပါ။
'ကျွမ်းကျင်စားဖိုမှူးစနစ်က အထက်မြက်ဆုံးပဲ' ကျွမ်းကျင်စားဖိုမှူးစနစ်က ဆိုင်ရှင်ကို ကျွမ်းကျင်စားဖိုမှူးဖြစ်လာအောင် ကူညီပေးမှာပါ"
"ဟားဟားဟားဟား" ယွမ်ကျိုးက သူ့နဖူးကို ထောက်ရက် သူ့လက်ကို မြှောက်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်ကလေးများကို မဲ့ရွဲ့လိုက်သည်။ လက်ရှိအချိန်တွင် သူက တစ်စုံတစ်ယောက်ကို ပြစ်တင်ပြောဆိုချင်နေသည်။ ဘာမှမဟုတ်တဲ့စနစ်က လူသားတွေရဲ့ ချီးမွမ်းမှုကို သဘောကျပြီး လူသားတွေကိုယ်တိုင် ဘုရားကျောင်းကန်များသို့ သွားရောက်ပြီး သူ့အတွက် ဆုတောင်းမေတ္တာပို့ခိုင်းနေသေးသည်။
"ဟာသပဲ။ ဒီလိုစကားတွေကို မပြောပါနဲ့လား။ မင်းက လူသားတွေ ဖန်တီးထားတဲ့ ဉာဏ်ရည်ပဲ ရှိတာမဟုတ်ဘူးလား" ယွမ်ကျိုးက မယုံကြည်နိုင် ဖြစ်နေသေးသည်။
စနစ်က ဆက်လက်ဖော်ပြသည်။
"ဆိုင်ရှင် ဒီမစ်ရှင်ပြီးမြောက်ဖို့ဘဲ ကြိုးစားအားထုတ်ပေးပါဗျာ" ယွမ်ကျိုးက စနစ်၏ဟာသဆန်သောစကားများကို ဆက်လက်သည်းမခံနိုင်သည့်အဆုံး ဤစကားကို နှုတ်မှ ဆက်လက်
ဖွင့်ဟပြောဆိုမိသည်။
"သူဌေး ဘာဖြစ်လို့လဲ" မုရှောင်ယွမ်က စပ်စပ်စုစု ငေးစိုက်ကြည့်လိုက်သည်။
"ဘာမှမဟုတ်ဘူး။ မဟုတ်ပါ ဘူး ဟင်းပွဲအသစ်အကြောင်းတွေးနေမိလို့ပါ" ယွမ်ကျိုးက ခေါင်းလှည့်လိုက်ပြီး စိတ်အားထက်သန်စွာ စကားပြောသည်။
"ဟုတ်ကဲ့ပါ" မုရှောင်ယွမ်က ယွမ်ကျိုး၏အပြောအဆိုကို သံသယဝင်ခြင်းမရှိဘဲ ချက်ချင်း ယုံကြည်လိုက်သည်။
ထို့နောက် ယွမ်ကျိုးက စနစ်နှင့် ဆက်လက်ညှိနှိုင်းသည်။
ထို့နောက် ယွမ်ကျိုးက စနစ်နှင့် ဆက်လက် ညှိနှိုင်းသည်။ လူသား မဟုတ်သော စနစ်က ဆုတောင်းမေတ္တာပို့သရန် တောင်းဆိုခြင်းက အံ့အားသင့်ဖွယ်ကောင်းနေသည်။
စနစ်က ဖော်ပြပြန်သည်။
" ဆိုင်ရှင် တတ်နိုင်သလောက် ဒီမစ်ရှင် ပြီးမြောက်ဖို့ပဲ ဆောင်ရွက်ပေးပါ " ယွမ်ကျိုးက သူ့နဖူးကို ပုတ်လိုက်ပြီး ကူကယ်ရာမဲ့ အမူအရာဖြင့် လိပ်စာကို စစ်ဆေးရန် ဖုန်းကို ထုတ်လိုက်သည်။ မည်သို့ပင် ဆိုစေကာမူ မစ်ရှင်ပြီးမြောက်ရန် လိုအပ်သည်။ နေ့လည်စာစားချိန် ပြီးလျှင် ခရီးစဉ် စတင်မည်ဟု ဆုံးဖြတ်လိုက်သည်။
လိပ်စာကို စစ်ဆေးကြည်ပြီးနောက် နေရာသုံးနေရာကို သွားရောက်ရန် တစ်မြို့လုံး ဖြန့်ကျက်သွားရန် လိုအပ်မှန်း သိသွားသည်။ တချို့သောနေရာများသည် ရှာဖွေရန်ပင် အတော်ခက်ခဲပြီး ခရီးဝေးကွာလွန်းသည်။
" တကယ့်ကို ခက်ခက်ခဲခဲပဲ။ စနစ်က နေရာသုံးနေရာကို သွားစေချင်တာလား။ ဟမ် " ယွမ်ကျိုးက သူ့စိတ်ထဲမှာပင် စနစ်ကို ခနဲ့လိုက်သည်။ ဤမစ်ရှင်ကို တစ်ရက်အတွင်း ပြီးမြောက်ရန်အတွက် ကောင်းမွန်စွာ ကြိုးစားအားထုတ်မှု လိုအပ်သည်။ ထို့ကြောင့် ယွမ်ကျိုးက ဘုရားကျောင်းဖွင့်မည့်အချိန်နှင့် စည်းမျဥ်းစည်းကမ်းများကို အသေးစိတ် စစ်ဆေးကြည့်လိုက်သည်။ နေ့လည်ခင်းတွင် ဘုရားကျောင်းဖွင့်ချိန် အဆုံးသတ်မည်ဖြစ်သောကြောင့် တံခါးကို အလောတကြီးပိတ်ပြီး ဘုရားကျောင်းသို့ သွားရန် ပြင်ဆင်သည်။
" ကားဆရာရေ၊ ကျောင်းဆွယ်ဘုရားကျောင်းကို ပို့ပေးပါ " တက္ကစီပေါ်သို့ တက်တက်ချင်း ယွမ်ကျိုးက တက္ကစီယာဥ်မောင်းကို လိပ်စာပြောသည်။
" လူငယ်လေး၊ ဒီနေ့ ဘုရားကျောင်း သွားမလို့လား။ ဘာလို့လဲ " တက္ကစီယာဥ်မောင်းက ခဏတွေးကြံပြီးနောက် စပ်စပ်စုစု မေးမြန်းသည်။ လပြည့်နေ့လဲ မဟုတ်ပဲနဲ့ ဘုရားကျောင်း သွားဖူးခြင်းက ထူးဆန်းနေသည်။
" ဟုတ်တယ်၊ ကျွန်တော့်ရဲ့အနားက ကံဆိုးကံညံ့တွေကို ဖယ်ရှားချင်လို့ " ထိုစကားကို ပြောလိုက်သောအခါ ယွမ်ကျိုးက မကျေမနပ် အံကြိတ်လိုက်သည်။
" ဒါဆိုရင်တော့ မင်း သွားရမှာပေါ့။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ယနေ့ခေတ်လူငယ်တွေက ဘုရား၊တရား ယုံကြည်မှု နည်းပါးလာပြီ။ လတစ်လချင်းစီရဲ့ လပြည့်၊လကွယ်နေ့တွေမှာ ဘုရားသွားလေ့ရှိကြတယ် " တက္ကစီယာဥ်မောင်းက စကားများလွန်းသည်။ စကားပြောနေစဥ် ပြုံးကာရွှင်ကာနှင့် ပြောနေသေးသည်။
" မကောင်းတဲ့ ကံဆိုးကံညံ့တွေကို ဖယ်ရှားနိုင်ရင် အကောင်းဆုံးပဲလေ " ယွမ်ကျိုးက စိတ်အားထက်သန်သောအမူအရာဖြင့် ပြောနေသကဲ့သို့ စကားပြောသည်။
" ဟုတ်ပြီ မစိုးရိမ်နဲ့ လူငယ်လေး။ အဲ့ဒီနေရာကို ခဏနေရင် ရောက်တော့မယ် " တက္ကစီယာဥ်မောင်းက ကွေ့လိုက်ပြီး ပြုံးပြသည်။ အကျိုးဆက်အနေနှင့် ယွမ်ကျိုးက ခေါင်းချက်ချင်း မော့လိုက်၍ တံခါးဘောင်နှင့် သူ့ခေါင်း တိုက်မိသွားသည်။
" တကယ့်ကို အားနာမိပါတယ်။ စောနတုန်းက ခွေးက ကားဆီ ရုတ်တရက် ပြေးလာလို့ပါ " တက္ကစီယာဥ်မောင်းလည်း အံ့သြတုန်လှုပ်သွားသည်။ သူက ယွမ်ကျိုးကို ထပ်တလဲလဲ ရှင်းပြနေသည်။
" အိုကေ အိုကေ ကိစ္စ မရှိဘူး။ ဘုရားကျောင်းကိုပဲ အမြန်ပို့ပေးပါ " ယွမ်ကျိုးက သူ့နဖူးကို လက်ဖြင့်ကွယ်လိုက်ပြီး ကူကယ်ရာမဲ့ ပြန်ပြောသည်။ တုန်လှုပ်ခြောက်ခြားဖွယ် အတွေ့အကြုံကြောင့် တက္ကစီယာဥ်မောင်းက စကားဆက်မပြောရဲတော့ဘဲ ကားမောင်းခြင်းကိုသာ အာရုံစိုက်ရန် နှုတ်ဆိတ်သွားသည်။
" ဒီမတော်တဆမှုကို မင်း ဖန်တီးတာလား " ယွမ်ကျိုးက စနစ်ကို သံသယဝင်၍ မေးမြန်းလိုက်သည်။ သို့သော်လည်း စနစ်က ယွမ်ကျိုး၏ မေးမြန်းမှုကို မတုံ့ပြန်ပေ။ ထို့ကြောင့် ယွမ်ကျိုးက သူ့နဖူးကို နှိပ်နယ်နေသည်။ နာရီဝက်ခန့်ကြာပြီးနောက် သူတို့ မောင်းနှင်လာသော တက္ကစီလေးသည် ဘုရားကျောင်းသို့ ရောက်ရှိသွားသည်။ ထိုမှသာ တက္ကစီယာဥ်မောင်းက ယွမ်ကျိုးကို ညွှန်ကြားသည်။
" လူငယ်လေး ဘုရားမှာ သေချာဆုတောင်းခဲ့နော် "
သို့သော်ငြားလည်း ဤစကားလုံးများက ယွမ်ကျိုး ကံညံ့ကံဆိုးများ ပိုင်ဆိုင်ထားသည်ဟု အတည်ပြုလိုက်သည့် သဘော ဖြစ်သွားသည်။ သူ့အရှေ့က မျှော်စင်ကဲ့သို့ ဘုရားကျောင်းများကို ကြည့်ပြီး ယွမ်ကျိုးက တိတ်တဆိတ်သင်ပြင်းချလိုက်သည်။ လူသားမဟုတ်သော စနစ်က ချီးမွမ်းထောပနာပြုသော စကားလုံးများကို နားစွင့်ရခြင်းကို သဘောကျရသည့် အကြောင်းအရင်းကို တအံ့တဩဖြစ်နေရသည်။ သူက ဘုရားဝတ်ပြုရသည့် နည်းလမ်းများကိုပင် လေ့လာခဲ့ရသည်။ ထိုအကြောင်းကို တွေးမိသောအခါ ယွမ်ကျိုးက စိတ်အနှောင့်အယှက် ထပ်ဖြစ်သွားသည်။
"အမွှေးတိုင်ပေးပါ" ယွမ်ကျိုးက အမွှေးတိုင်ရောင်းသော နေရာကို ရှာတွေ့သွား၍ အမွှေးတိုင်ဝယ်လိုက်သည်။ သို့သော်ငြားလည်း ဘုရားကျောင်းက အတော်အတန် ခမ်းနားထည်ဝါ၍ အတွင်းဘက်တွင် ဘုရားဝတ်ပြုသော
ခန်းမများစွာ ရှိသည်။
ခဏကြာပြီးနောက် ယွမ်ကျိုးက ပင်မဘုရားကျောင်းခန်းမသို့ သွားသည်။ အရိုအသေပေးပြီးနောက် ယွမ်ကျိုးက စနစ်မှ ရွတ်ဖတ်စေချင်သော စာသားကို တိတ်တဆိတ် ရွတ်ဖတ်သည်။
လက်အုပ်ချီ၍ ဦးညွှတ်ခြင်းမပြုလုပ်လျှင် သူ ကြိုးစားအားထုတ်မှု အားလုံး အလဟဿဖြစ်လိမ့်မည်။ သုံးကြိမ်တိုင်တိုင် လက်အုပ်ချီ၍ ဦးညွှတ်ပြီးနောက် ဦးညွှတ်ပြီး ၉ကြိမ်တိုင်တိုင် ရွတ်ဖတ်ပူဇော်သောအခါ ယွမ်ကျိုး၏ အစီအစဉ် ပြီးမြောက်သွားသည်။ ထို့နောက် သူက မတ်တပ်ထရပ်လိုက်ပြီး ပင်မခန်းမဆောင် အပြင်ဘက်သို့ ထွက်သွားကာ မစ်ရှင်အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ အမှန်တရားက ရက်စက်လွန်းသည်။ မစ်ရှင်အခြေအနေက ပြောင်းလဲမှု မရှိချေ။
"ဘာဖြစ်လို့လဲ အလုပ်မဖြစ်ဘူးလား" ထို့နောက် ယွမ်ကျိုးက ဘုရားကျောင်း၏အပြင်ဘက်သို့ ပြန်သွားပြီး ဘုရားရှင်အား နောက်တစ်ကြိမ် ကန်တော့ပြီး ဆုတောင်းမေတ္တာပို့သသည်။
တစ်နာရီခွဲခန့်ကြာပြီးနောက် သူ့မစ်ရှင်က ပြီးဆုံးသွားသည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် အမှတ်ကောင်းရရန်အတွက် ဘုရားမှာ ဆုတောင်းဝတ်ပြုနေရသကဲ့သို့ ယွမ်ကျိုး ခံစားမိသည်။
.....
အပိုင်း(၁၂၁)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၁၂၂)
ဝတ်ပြုဆုတောင်းခြင်း အပြုအမူကို ထပ်တလဲလဲ လုပ်ဆောင်ပြီးနောက် ယွမ်ကျိုးက မစ်ရှင်ကို နောက်တစ်ကြိမ် ထပ်ထိကြည့်လိုက်သောအခါ အခြေအနေက ပြောင်းလဲသွားပြီး ၁/၃ ပြီးမြောက်ခြင်း ဖြစ်သွားသည်။
နောက်တစ်နေ့ မနက်ခင်းတွင် ယွမ်ကျိုးက မနက်ခင်း မနက်စာ ဆိုင်ဖွင့်ချိန် တစ်နာရီဖွင့်ပြီးနောက် ရှင်လုံဘုရားကျောင်း အနီးအနားသို့ အလောတကြီး ပြေးသွားသည်။ ဘုရားသုံးကျောင်းအနက် ဤနေရာက သူ့ဆိုင်နှင့် အနီးဆုံးဖြစ်သောကြောင့် မနက်ခင်းတွင် သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။
ယွမ်ကျိုးက ဘုရားကျောင်းသို့ အလောတကြီး ဝင်သွားပြီး ပင့်သက်မရှိုက်ခင် အမွှေးတိုင် ချင်ချင်း ဝယ်လိုက်သည်။ ထို့နောက် သူက စနစ်စုတ်ကို ဆုတောင်းမေတ္တာပို့သရန် ပင်မဘုရားကျောင်းခန်းမထဲ ဝင်ရောက်လိုက်သည်။
“စနစ်က စွမ်းအား အကြီးဆုံးပဲ။ စနစ်က…”
သူ့စိတ်ကို နှစ်ပြီး ဆုတောင်းမေတ္တာပို့သခြင်းကို မလုပ်ဆောင်လျှင် မအောင်မြင်မှန်း သိနေ၍ မစ်ရှင်ကို အလေးအနက် လုပ်ဆောင်သည်။ ကံကောင်းစွာဖြင့် နေ့လည်ခင်း ဆိုင်မဖွင့်ခင် မစ်ရှင်ပြီးမြောက်သွား၍ အချိန်မီ ဆိုင်သို့ ပြန်လာနိုင်ခဲ့သည်။
နေ့လည်ခင်းတွင် ပြဿနာနှင့် ပက်ပင်းတိုးသည်။ ဖူယွင်ဘုရားကျောင်းက ပြင်ဆင်နေ၍ အထဲသို့ ဝင်ခွင့်မရှိပေ။
“တခြားဘုရားကျောင်း ပြောင်းလို့ရလား” ဖူယွင်ဘုရားကျောင်း ဝင်ပေါက်မှာ မတ်တတ်ရပ်ရင်း ယွမ်ကျိုးက ကူကယ်ရာမဲ့ စကားပြောသည်။
စနစ် “မစ်ရှင်ကို မပြောင်းလဲနိုင်ပါဘူး”
“ဒါပေမဲ့ ငါက အထဲဝင်လို့ မရဘူးလေ” ယွမ်ကျိုးက ပိတ်ထားသော ဘုရားကျောင်းကို ငေးစိုက်ကြည့်ပြီး စိတ်ပျက်အားလျော့စွာ ပြောသည်။
စနစ် “ဆိုင်ရှင်၊ မစ်ရှင်ကိုပဲ တတ်နိုင်သလောက် မြန်မြန် ပြီးမြောက်အောင် လုပ်ဆောင်ပေးပါ”
“ဟူး”
“ဘုရားကျောင်းထဲဝင်ပြီး ဘုရားဖူးလို့ ရလား” ယွမ်ကျိုးက ဝင်ပေါက်နားမှာ သန့်ရှင်းရေးလုပ်နေသော ဘုန်းတော်ကြီးအနား သွားပြီး မေးမြန်းလိုက်သည်။
“တကယ် အားနာမိပါတယ် ဒကာကြီး၊ ဘုရားကျောင်းကို ပြင်ဆင်နေလို့ ယာယီပိတ်ထားပါတယ်။ မနက်ဖြန်အထိတော့ မဖွင့်သေးဘူး” ဘုန်းတော်ကြီးက သူ့ဘက်လှည့်ကာ စကားပြောသည်။
“ဒါပေမဲ့ ကျွန်တော်မှာ အရမ်းအရေးကြီးတဲ့ ကိစ္စရှိနေလို့ပါ” ယွမ်ကျိုးက တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထားပြီး စိုးရိမ်သော အမူအရာကိုထုတ်ဖော်သည်။
“ဟိုနားက ကြေညာစာကိုပဲ ဖတ်ပေးပါ ဒကာကြီး။ ဘုရားကျောင်းဖွင့်မှပဲ ထပ်လာခဲ့ပေးပါ” ဘုန်းတော်ကြီးက အေးအေးဆေးဆေး ပြောသည်။
“အမွှေးတိုင်ပူဇော်ပြီး တစ်ခါပဲ ဆုတောင်းမှာပါ။ အရမ်းကြီးမကြာပါဘူး။ ကူညီပေးပါဘုန်းဘုန်း ဘုရား” ယွမ်ကျိုးက လေးနက်စွာ တောင်းဆိုသည်။
ပင်မခန်းမဆောင်တစ်ခုပဲ ရှိ၍ ဖူယွင်ဘုရားကျောင်းသို့ လာရောက်ဆုတောင်းသူ၊ ဖူးမျှော်သူများ မရှိ၍ ပြင်ဆင်နေခြင်းဖြစ်သည်။
“အားနာပါတယ်။ တကယ်မရလို့ပါ။ ပြန်လိုက်ပါ ဒကာလေး” ဘုန်းတော်ကြီးက ယွမ်ကျိုး၏တောင်းဆိုမှုကို ငြင်းပယ်သည်။
နောက်ဆုံးမှ ယွမ်ကျိုးက သူ့ဖောက်သည်များ၏ အငြင်းခံရသော ကို့ရို့ကားရား ခံစားချက်ကို နားလည်သွားသည်။
“ဒီလိုလုပ်ဗျာ။ ဘုရားကျောင်းပြန်ပြုပြင်ဖို့ ငွေလှူချင်တယ်။ ကျောင်းထိုင်ဘုန်းကြီးကို လှူမယ်”
ယွမ်ကျိုးက သူ ယခု လူချမ်းသာ ဖြစ်နေမှန်း အမှတ်ရသွားသည်။
“ဒကာက ကျောင်းထိုင်ဘုန်းတော်ကြီးနဲ့ ချိန်းဆိုထားလို့လား” ဘုန်းတော်ကြီးက မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိဘဲ ချက်ချင်း မေးမြန်းသည်။
“ဘုရားကျောင်းအတွက် ငွေသားတချို့ လှူဒါန်းချင်ရုံပဲလေ။ ကြိုတင် ချိန်းဆိုထားဖို့ လိုအပ်လို့လား” ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။
“ဟုတ်သားပဲ။ ဒကာ ပြောတာ မှန်တယ်” ခဏတွေးကြံပြီးနောက် ဘုန်းတော်ကြီး သူတို့ဘုရားကျောင်းအတွက် လှူဒါန်းငွေ လိုအပ်နေ၍ စည်းမျဉ်းစည်းကမ်းများကို ထည့်မစဉ်းစားတော့ပေ။
“ကျွန်တော်က ဘုရားကျောင်းအတွက် ယွမ်၁သိန်း လှူချင်တာပါ။ ဒါပေမဲ့ ငွေသားမပါလာဘူး။ ဘဏ်ကတ်ပဲ ပါလာတယ်။ ဒါကြောင့်မို့ ဘုန်းဘုန်းက ကူညီပေးနိုင်မလား” ယွမ်ကျိုးက သူ လှူဒါန်းချင်သော ငွေပမာဏကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
ဘုရားကျောင်းက အရမ်းမကြီးသည့်အပြင် တခြားသော အဆောက်အဦများလည်း သိပ်မရှိပေ။ ဘုန်းတော်ကြီးအားလုံး ဆက်လက်ရှင်သန်ရေးအတွက် လှူဒါန်းငွေကိုသာ အားထားနေရသည်။ ထို့ကြောင့် ယွမ်ကျိုးက ငွေလှူဒါန်းမည့် အကြောင်းပြချက်ဖြင့် ဘုရားကျောင်းထဲဝင်ခွင့်ရခဲ့သည်။
နောက်ဆုံးတွင်မူ ယွမ်ကျိုး၏မစ်ရှင် ပြီးမြောက်သွားသည်။
[ဂုဏ်သိက္ခာထိန်းသိမ်းခြင်း၏ ဒုတိယမစ်ရှင် : ဒီစနစ်အတွက် ဆုတောင်းမေတ္တာပို့သရန် မနက်ဖြန် နေရာသုံးနေရာသို့ သွားပါ။ ဒီမစ်ရှင်ကို တစ်ရက်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရပါမယ်]
(မစ်ရှင်အညွှန်း : မင်းရဲ့ဖောက်သည်က ဆန်အရက်ရောင်းပေးဖို့ စိတ်ရင်းနဲ့ တောင်းဆိုနေပြီဆိုတော့ မင်းက ကျွမ်းကျင်ရမယ်။ လူငယ်လေးရေ မင်းကိုယ်မင်း တိုးတက်အောင် ကြိုးစားပါ)
[မစ်ရှင် ဆုလာဘ် : ဝိုင်အရက်ချက်လုပ်ခြင်း ကျွမ်းကျင်မှု နှင့် ဝိုင်အရက်ချက်လုပ်ခြင်း ကျွမ်းကျင်မှု အငယ်တန်းအဆင့် ဂုဏ်ပုဒ် (ဆုလာဘ်ကို လက်ခံနိုင်ပါပြီ)]
ဆိုင်ဖွင့်ရန် ဆိုင်သို့ အလောတကြီး ပြန်လာပြီးနောက် ယွမ်ကျိုးက ဆုကို ချက်ချင်း လက်ခံ မယူဘဲ ညဘက် အလုပ်ချိန် ပြီးမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော်ငြားလည်း စနစ်မှ ပေးအပ်သော ဂုဏ်ပုဒ်များက ယွမ်ကျိုးက စိတ်အနှောင့်အယှက်ပေးတတ်သည်။
သူ တစ်ချိန်က ပိုင်ဆိုင်ခဲ့သော ဂျုံအစားအသောက် ကျွမ်းကျင်သူ ဂုဏ်ထူးဆောင် ဂုဏ်ပုဒ်ကြီးအကြောင်း နာနာကြည်းကြည်း ပြန်လည် မြင်ယောင်မိသည်။ သူ့ကို ထောက်ချောက်ဆင်မည့် အငွေ့အသက်များ ရနေသည်။
“စနစ်၊ ဒီဂုဏ်ပုဒ်မှာ တခြားအပိုဆောင်း တောင်းဆိုချက်တွေ ရှိသေးလား” ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် ပွင့်လင်းစွာ မေးမြန်းလိုက်သည်။
စနစ် “ဒီဂုဏ်ပုဒ်မှာ တခြားအပိုဆောင်းတောင်းဆိုချက်တွေ မရှိပါဘူး”
စနစ်၏အတည်ပြုချက်ကို ရရှိပြီးနောက် ယွမ်ကျိုးက ဆုလာဘ်ကို တုံ့ဆိုင်းစွာ လက်မခံခင် ခဏတွေးကြံလိုက်သည်။
ယွမ်ကျိုး၏ဆုတောင်းမေတ္တာပို့ခြင်းကို ရရှိပြီးနောက် စနစ်က ယွမ်ကျိုးကို ကန့်သတ်ချက်ပါသော ဆုကို မပေးအပ်ခြင်းက ရှားပါးဖြစ်စဉ် ဖြစ်သည်။
ဟင်းလျာအသစ်ကို လက်ခံယူပြီးနောက် ယွမ်ကျိုးက ဆန်အရက်ဝိုင်ကို ချက်ချင်း လုပ်ဆောင်သည်။
မျှော်လင့်ထားသည့်အတိုင်း ယခင် ဆန်အံဆွဲ၏ဘေးနားတွင် ဆန်အပြည့်ထည့်ထားသော အံဆွဲနောက်တစ်ခု ပေါ်လာသည်။
သူက ဆန်အံဆွဲကို ဖွင့်လိုက်ပြီး လက်အပြည့် ဆန်ခပ်လိုက်သည်။ ဆန်စေ့များက ကြီးမား သေးသွယ်ပြီး လွန်ပုံစံရှိသည်။ အရောင်က ကျောက်စိမ်းရောင် ဖြစ်သည်။ လက်ဖြင့် ဖိညှပ်လိုက်သောအခါ ဆန်စေ့များက ချောမွေ့ပြီး နွေးသော အငွေ့အသက်ရှိသည်။ အေးစက်သောခံစားချက်များ ကင်းဝေးနေသည်။
“စနစ်၊ ဒီဆန်ကို ဝိုင်အတွက် အသုံးပြုမလား” ယွမ်ကျိုးက စပ်စပ်စုစု မေးမြန်းသည်။
ယွမ်ကျိုး လက်ခံရရှိထားသော ဝိုင်ပြုလုပ်ခြင်း ကျွမ်းကျင်မှုက အခြေခံအားဖြင့် ရိုးရှင်းသော ဆန်အရက်ပြုလုပ်နည်းမျှ ဖြစ်ပြီး တခြားသော ထူးခြားမှုများ မရှိပေ။
ဆန်အချက်ပြုလုပ်ခြင်းတွင် ပုံမှန်ဆန်ဖြူ နှင့် အထူးတလည် အသုံးပြုရမည့် ဆန်စေ့တို့ လိုအပ်သည်။
ယွမ်ကျိုးက သူ့အနီးအနားရှိ ဆန်စေ့ကို ယူလိုက်ပြီး သေချာစစ်ဆေးကြည့်သည်။ သူ ရုတ်တရက် မေးမြန်းလိုက်သည်။
“အို့စ်၊ ဒါက နှစ်တစ်သောင်း ပဏ္ဏာဆန် ဖြစ်နေပါလား”
ဝိုင်ပြုလုပ်ရာတွင် ချက်လုပ်ရသောလုပ်ငန်းစဉ်ကို ကောင်းစွာ မိတ်ဆက်ပေးထားရန် လိုအပ်သည်။ ဆန်ဝိုင်အရက် ပြုလုပ်ရာတွင် အသုံးပြုမည့် ပါဝင်ပစ္စည်း ရွေးချယ်ခြင်းက အရေးကြီးဆုံး ဖြစ်သည်။ သူ့လက်ခံရရှိသော ဆန်အရက် ပြုလုပ်နည်းတွင် ဆန်ဖြူနှင့် အဓိကပါဝင်ပစ္စည်းဖြစ်သော နှစ်တစ်သောင်း ပဏ္ဏာဆန်တို့ကို အသုံးပြုမည်။
ယနေ့ခေတ်တွင် ယင်းဆန်မျိုးစိတ်ကို ဈေးကွက်ထဲ ရောင်းချနေသေးသော်လည်း မူလမျိုးစိတ် နှင့် ခြားနားမှု ရှိနေပြီးသား ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း ပဏ္ဏာအနေဖြင့် ဆက်သရသောကြောင့် ဤအမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမျိုးစိတ်ကို နှစ်၁၀၀၀ကျော်တည်းက သမိုင်းမှာ မှတ်တမ်းတင်ထားသည်။ ၎င်းက လေးရာသီလုံး၏ ကြည်လင်သော စမ်းရေကို စုပ်ယူထားပြီး ထူးခြားသောမြေတွင် စိုက်ပျိုးထားသည်။ ထို့ကြောင့် သူ့ပရိုတင်းပါဝင်နှုန်းက သာမန်ဆန်ထက် မြင့်မားပြီး ဗီတာမင်ဘီ နှင့် တခြား ဒြပ်စင်များလည်း ပေါကြွယ်ဝသည်။ ယင်းကို ဆန်မျိုးစိတ်များအနက် ရှားပါးရတနာအဖြစ် သတ်မှတ်ထားသည်။
“စနစ်၊ မင်းက ဒီလို ဆန်ကောင်းကောင်းကို ထောက်ပံ့ပေးထားတော့ ဘယ်လို ရေအမျိုးအစားကို ထောက်ပံ့ပေးမှာလဲ” ယွမ်ကျိုးက သူ့အရှေ့ပေါ်လာသော ထိုးဖောက်မြင်နိုင်သည့် ဖန်ဘူးကို စပ်စပ်စုစု ကြည့်ကာ မေးမြန်းလိုက်သည်။ အသုံးပြုမည်ရေကလည်း သာမန်မဖြစ်နိုင်၍ ရေ၏အရည်အသွေးကို မေးမြန်းခြင်း ဖြစ်သည်။
စနစ်က ဖော်ပြသည်။ “ကြည်လင်တဲ့စမ်းရေကို စုပ်ယူထားတဲ့ နှစ်တစ်သောင်း ပဏ္ဏာဆန်ကို အသုံးပြုထားလို့ ဝိုင်ချက်လုပ်ရင်လည်း လေးရာသီ စမ်းရေကိုပဲ သုံးပါမယ်။ လေးရာသီလုံးရဲ့ ပထမဆုံး ငါးရက်အတွင်းရတဲ့ စမ်းရေကိုပဲ အသုံးပြုမှာပါ။ ဒါကို သင့်လျော်သလို အသုံးပြုရင် ဆန်အရက်က လေးရာသီလုံးရဲ့ ထူးခြားတဲ့ အရသာကို ရမှာပါ”
မိတ်ဆက်ခြင်းက တကယ်ကို ရှင်းရှင်းလင်းလင်း ဖြစ်သည်။ ဤစားသောက်ဆိုင် အပြင်ဘက်မှာ ရောင်းချနေသော အတုအပ ပစ္စည်းမဟုတ်မှန်း ယုံကြည်သည်။ စနစ်က အဖိုးတန်သော ပစ္စည်းအစစ်အမှန် မဟုတ်လျှင် မပံ့ပိုးမှန်း သိသည်။
သူ့သံသယစိတ်များကို ဖယ်ရှားပြီးနောက် ယွမ်ကျိုးက ဆန်အရက်ပြုလုပ်ခြင်း လုပ်ငန်းစဉ်ကို စတင်သည်။
ဆန်အဖြူ နှင့် ဘဏ္ဏာဆန်ကို သန့်ရှင်းအောင် ဆေးကြောပြီး ကြည်လင်သောစမ်းရေထဲ စိမ်ထားလိုက်သည်။ ပါဝင်ပစ္စည်းများမှ အကောင်းဆုံး အရသာကို ပေးစွမ်းနိုင်ရန် အလို့ငှာ ယွမ်ကျိုးက ဆန်ဆေးလျှင်ပင် လေးရာသီစမ်းရေကို အသုံးပြုပြီး ဆန်ရေစိမ်ခြင်း ဖြစ်စဉ်ကို မြန်ဆန်အောင် တခြားအထူးနည်းလမ်းများကို အသုံးမပြုခဲ့ပေ။
သူက ဆန်စေ့များ၏ အမှန်တကယ် ပြောင်းလဲချိန်ကို စောင့်ကြည့်ရန်နှင့် ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် လေ့လာရန် မီးဖိုချောင်ထဲ လေးနာရီတိတိနေခဲ့သည်။ ဆန်စေ့များကို ဖြည်းဖြည်းချင်း ဖိညှပ်ကြည့်ရုံဖြင့် သေးငယ်သော အမှုန်လေး ဖြစ်သွားသည်အထိ ရေစိမ်ထားသည်။
ထိုမှသာ ယွမ်ကျိုးက ဆန်ချက်ရန် ပေါင်းအိုး ပြင်ဆင်သည်။ ဝိုင်အရက်ချက်လုပ်သော လုပ်ငန်းစဉ်အတွင်း ဆန်စေ့၏မွှေးကြိုင်သော ရနံ့မပျောက်အောင် အသုံးပြုသော ဟင်းချက် အသုံးအဆောင်ပစ္စည်းအားလုံးက အဆီညစ်ညမ်းမှုမှ ကင်းဝေးရမည်။
ယွမ်ကျိုးက သူ ထိတွေ့မိ၍ အရသာ မပျက်အောင် လက်အိတ်ဝတ်ဆင်ထားပြီး သူ့ဆံပင်များ မပါသွားအောင် ခေါင်းစွပ် စွပ်ထားသည်။
ဤတစ်ကြိမ်တွင် ယွမ်ကျိုးက ဝါးပေါင်းအိုးကို ရွေးချယ်ခဲ့သည်။ ပေါင်းခံပြီးနောက် ထမင်းစေ့များက ဆန်၏မွှေးကြိုင်သော ရနံ့အပြင် ဝါးအနံ့သင်းသင်းရသည်။
ဆန်ကို ချက်ပြုတ်ပြီး အအေးခံပြီးနောက် ယွမ်ကျိုးက အရက်ချက် တစေး နှင့် စမ်းရေကို ထမင်းထဲထည့်ပြီး အရက်ချက်လုပ်ရန် စတင်သည်။
အလုပ်အားလုံးပြီးစီးသောအခါ မနက် ၃နာရီထိုးနေပါပြီ။ ကစော်ဖောက်ခြင်းကို အရှိန်မြှင့်တင်ရန် နှင့် ပုံမှန်အပူချိန်သတ်မှတ်ရန် ပုလင်း သေချာရွေးချယ်သည်။
ယွမ်ကျိုးက သူ့ခန္ဓာကိုယ်ပေါ်မှ ကာကွယ်ရေးဝတ်စုံကို ချွတ်လိုက်ပြီး အိပ်စက်ရန် အပေါ်ထပ်သို့ တက်လိုက်သည်။
အပိုင်း(၁၂၂)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၂၃)
ယွမ်ကျိုးက မိုးမလင်းခင် မနက်၃နာရီအချိန်တွင် အိပ်ပျော်သွား၍ မနက် ၇နာရီမှ အိပ်ရာနိုးသည်။
“ငါ့အသက်အရွယ် ငယ်ရွယ်သေးလို့ ကံကောင်းတယ်” ယွမ်ကျိုးက မှန်ထဲမှ သူ့မျက်နှာကို ငေးကြည့်ပြီး သူ့မျက်လုံးအောက်တွင် မျက်ကွင်းညိုများ မတွေ့ရ၍ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
ယွမ်ကျိုးက အိုမင်းနေသော မျက်နှာကို ပိုင်ဆိုင်ထားသော်လည်း သူ့ကိုယ်သူ ယခုလို ချီးမွမ်းစကားပြောတတ်သည်။ မျက်လုံးကွင်းညိုများကို အတိုင်းသား မြင်နေရသည့်တိုင် မသိကျိုးကျွံပြုနိုင်သည့် အချက်ကို ကြည့်ရုံဖြင့် ယွမ်ကျိုး၏ အရှက်မဲ့သော စရိုက်ကို သိနိုင်သည်။
ယွမ်ကျိုးက နည်းနည်း ငိုက်နေသော်လည်း တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ဆောင်ရန် ရေချိုးခန်းထဲ တန်းသွားသည်။ သူ့မျက်နှာပေါ်သို့ အေးစက်သော ရေစက်များ စဉ်လာသောအခါ သူ့ခေါင်း ပို၍ကြည်လင်သွားသည်။
ယွမ်ကျိုးက အောက်ထပ်သို့ဆင်းပြီး ကစော်ဖောက်သော ကိရိယာကို ကြည့်လိုက်သောအခါ အချိန်ပြည့်ရန် နာရီဝက် လိုသေး၍ သူ့အတွက် မနက်စာ အရင်ဆုံး ပြင်ဆင်သည်။ သူ စိတ်ကောင်းဝင်နေ၍ ရှောင်လုံပေါင်း ရောင်းချရန် ပြင်ဆင်နေသည်။
သူက ပါဝင်ပစ္စည်းအားလုံး ပြင်ဆင်ခြင်း ပြီးသွားသောအခါ ကစော်ဖောက်ထားသော ဆန်အရက်က ရလုနီးပါး ဖြစ်နေပါပြီ။
သူက သေချာပိတ်လှောင်ထားသော အိုးကို ချက်ချင်း ယူလိုက်ပြီး မိုးပြာရောင်ကောင်တာအပေါ်မှာ တင်လိုက်သည်။
သူက အိုးကို ဖွင့်လိုက်သောအခါ အိုးအတွင်းမှ ချိုမြသော မွှေးရနံ့ ထွက်ပေါ်လာသည်။ အိုးအတွင်းမှ ထမင်းက လှပသောစက်ဝိုင်းပုံစံ ခဲနေပြီး အလယ်မှ အရည်များစိမ့်ထွက်နေသည်။
အရည်များက ကြည်လင်ပြီး ထိုးဖောက်မြင်နိုင်သည်။ အိုးကို ဖွင့်ပြီးနောက် ဆန်အရက်၏ရနံ့က ပြင်းထန်မှန်း သိသွားသော်လည်း မူးစေလောက်သော အဆင့်မဟုတ်မှန်း သိလိုက်သည်။ ဤအဆင့် အရက်က မိန်းကလေးများ သောက်သုံးရန် သင့်လျော်သည်။
သို့သော်ငြားလည်း ယွမ်ကျိုးက အရက်ကို တစ်ခွက်စာထက် ပို၍ ပြုလုပ်ထားသည်။ သူ့သောက်ရန် နှစ်ခွက်စာ ပြင်ဆင်ထားသည်။ တစ်ခွက်စာ ငှဲ့ထားပြီးနောက် ဆန်အရက်နံ့ ပို၍ ပြင်းထန်အောင် ကျန်နေသေးသော ဆန်အရက်များကို ဆက်လက် ကစော်ဖောက်ထားသည်။
ထိုစဉ် မုရှောင်ယွမ်က ဆိုင်တံခါးပေါက်နား ရောက်နေ၍ ယွမ်ကျိုးက တံခါးသွားဖွင့်ပေးသည်။
“သူဌေးယွမ်၊ နောက်ဆုံးတော့ တံခါးဖွင့်ပြီပေါ့။ ဘာတွေ အလုပ်ရှုပ်နေတာလဲ။ အနံ့မွှေးလိုက်တာ အရသာရှိမယ့်ပုံပဲ” ခန္ဓာကိုယ်တောင့်တောင့် ဖြောင့်ဖြောင့် အမျိုးသားက သူ့ဆိုင် အမြဲလာနေကျ ဖောက်သည် မဟုတ်ပေ။ သူက ဝမ်းသာကျေနပ်သော အမူအရာဖြင့် စကားပြောသည်။
“ဆန်အရက်” ယွမ်ကျိုးက တစ်ဖက်သူ မျှော်လင့်ထားပြီးသား ဖြစ်သော အဖြေကို ပေးလိုက်သည်။
၎င်းအမျိုးသားက သူ့ဆိုင်အနီးအနားရှိ လုံခြုံရေးကုမ္ပဏီ၏ကိုယ်ခံပညာ သင်ကြားရေးဆရာ ချန်ဝေ ဖြစ်သည်။ ယနေ့မတိုင်ခင်က တခြားသူဖြင့် ဤဆိုင်သို့ နှစ်ကြိမ်တိတိ လာဖူးသည်။
သူ့ထင်မြင်ချက်ကို ထုတ်ပြောသည်။
“ဒီဆိုင်မှာ ရောင်းတဲ့ ဟင်းပွဲ တစ်ပွဲ ပါဝင်နှုန်းက အရမ်းနည်းလို့ ကြောင်တစ်ကောင်စာ ဗိုက်ပြည့်ရုံပဲ ရှိတယ်။ စားပြီးရင်တောင် ပိုဗိုက်ဆာလာတယ်” ထို့ကြောင့်လည်း သူက မကြာခဏ မလာခြင်း ဖြစ်သည်။ သို့သော်လည်း သူက ကြက်ခြေထောက်ဟင်းပွဲကို နှစ်ခြိုက်၍ မကြာသေးခင်က လာစားခဲ့သေးသည်။
“သူဌေးယွမ်က အစောတည်းက အရက်ရောင်းသင့်တယ်။ ကြက်ခြေထောက် နဲ့ အရက်က တကယ် လိုက်ဖက်တယ်” ချန်ဝေက အချီကြီးပြုံးပြီး စားသောက်ဆိုင်ထဲ လျှောက်လှမ်းလာသည်။
“မင်း သောက်ချင်ရင် အရင်ဆုံး အော်ဒါတင်ခဲ့ရမယ်” ယွမ်ကျိုးက ချက်ချင်း ပြောသည်။
“ကိစ္စမရှိဘူး။ အရက်က မပြင်းမှာပဲ စိုးရိမ်မိတယ်။ အရက်ပြင်းပြင်း လုပ်ပေးနိုင်လား” ချန်ဝေက ယွမ်ကျိုးဆိုင်၏ စည်းမျဉ်းများကို သိထားပြီးသား ဖြစ်၍ စည်းမျဉ်းများကို လိုက်နာသည်။ သူကလည်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာသူ ဖြစ်သည်။
“ရပါတယ်။ ကစော်ဖောက်ချိန် ပိုကြာရင် အဆင်ပြေတယ်” ယွမ်ကျိုး ခေါင်းညိတ်သည်။ ဤလူက အရက်သောက်ရခြင်းကို နှစ်သက်မှန်း ယွမ်ကျိုး သိသည်။ တကယ်တမ်း ပေါင်းခံခြင်း မလုပ်ဆောင်လည်း ဆန်အရက်က အချိန်လုံလုံလောက်လောက် ထားလျှင် အရသာပြင်းသည်။
“သူဌေးယွမ်က ဒီအရက်ကို စောနလေးတင် ပြင်ဆင်ထားတာလား”
“ဟုတ်တယ်။ ခုလေးတင် ပြင်ဆင်ထားတာပါ” ယွမ်ကျိုးက စိတ်အားထက်သန်သော အမူအရာဖြင့် ပြန်ဖြေသည်။
“ဒါပေမဲ့ လက်တလော ဖန်တီးထားတဲ့အရက်က နှစ်ချို့အရက်တွေကို မယှဉ်နိုင်ဘူး။ ကျွန်တော်က ခင်ဗျားရဲ့ အရည်အချင်းကို သံသယ မဝင်ပါဘူး။ ဒါပေမဲ့ အရက်ကောင်းကောင်းရဖို့ အချိန်လိုအပ်တယ်လေ။ သိပ်မကြာသေးတဲ့ အရက်က အရသာဆိုးလောက်တယ်”
“မဟုတ်ဘူး။ ငါ့အရက်က အဲဒီလို မဖြစ်ဘူး။ မစိုးရိမ်နဲ့”
ယွမ်ကျိုးက အတော်အတန် ယုံကြည်မှုရှိသည်။ မည်သို့ပင်ဆိုစေကာမူ အသုံးပြုထားသော ကုန်ကြမ်းပစ္စည်းများက ဤပြဿနာရပ်အားလုံးကို အပြီးတိုင် ဖြေရှင်းနိုင်ပြီး စနစ်မှ ပေးအပ်ထားသော ကိရိယာများအပေါ် ယုံကြည်မှုလည်း ရှိသည်။
“ကောင်းပြီလေ။ ဒါဆိုရင် ငါ့အတွက် ဆန်အရက်တစ်ခွက် ပြင်ဆင်ပေးပါ။ သုံးရက်ကြာမှ လာသောက်မယ်” ချန်ဝေက တုံ့ဆိုင်းခြင်း မရှိဘဲ အခကြေငွေ ပေးဆောင်မည့် ရည်ရွယ်ချက် ရှိသည်။
“အားနာပါတယ်။ မနက်ပိုင်းမှာ အရက်မရောင်းပါဘူး။ နေ့လည်ခင်းမှပဲ အော်ဒါတင်လို့ ရပါမယ်”
ယွမ်ကျိုးက စိတ်အားထက်သန်စွာ ပြန်ပြောသည်။
“သုံးရက်ကြာမှ သောက်မယ်လို့ ပြောခဲ့တယ်လေ” ချန်ဝေက နားလည်ရခက်နေသည်။
“သူဌေးပြောချင်တဲ့ သဘောက နေ့ခည်ခင်းမှပဲ အော်ဒါတင်လို့ရတယ်။ မနက်ခင်းမှာ လက်မခံပေးဘူးလို့ ပြောတာပါ” ယွမ်ကျိုးက ဆက်ရှင်းပြချင်သော ဆန္ဒမရှိမှန်း သိ၍ မုရှောင်ယွမ်က ကိုယ်စား ရှင်းပြသည်။
“ဒါပေမဲ့ ဒါက ဘာများ ခြားနားမှုရှိလို့လဲ။ အခု အော်ဒါတင်လည်း သုံးရက်ကြာမှ သောက်မှာလေ” ချန်ဝေက နားမလည်နိုင် ဖြစ်နေသည်။
“အရက်ကို မနက်ခင်းမှာ အော်ဒါတင်လို့ မရလို့ သူဌေးက အော်ဒါတင်တာကို လက်မခံတာပါ။ နေ့လည်ခင်း နဲ့ ညနေခင်းမှာပဲ အော်ဒါလက်ခံနိုင်ပါတယ်” မုရှောင်ယွမ်က လေးလေးနက်နက် ရှင်းပြသည်။
“သူဌေးယွမ်ရဲ့အကျင့်က နည်းနည်းလေးမှ မပြောင်းလဲသွားဘူး။ ကောင်းပြီလေ ဒါဆိုရင်လည်း အရက်အော်ဒါတင်ဖို့ နေ့လည်ခင်းမှ ပြန်လာခဲ့မယ်”ချန်ဝေက ဤဆိုင်မှာ မနက်စာ စားမည့် ရည်ရွယ်ချက် မရှိပေ။
ချန်ဝေက ရှောင်လုံပေါင်း အနည်းဆုံး ၁၀လုံးခန့်စားရမှ ဗိုက်ပြည့်သည်။ ထို့ကြောင့် သူက ယွမ်ကျိုး၏စားသောက်ဆိုင် အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားပြီး ဈေးမကြီးသော တစ်ခုခု ဝယ်စားရန် ပြင်ဆင်သည်။
...
သိပ်မကြာခင်မှာပင် မန်မန်နှင့် သဘောတူထားသော နေ့လည်ခင်းအချိန်သို့ ရောက်သွားသည်။ ယွမ်ကျိုးက ကြိုတင်ပြင်ဆင်ထားသော ဆန်အရက်ကို ခွက်ထဲသို့ ဂရုတစိုက်ထည့်သည်။ ထို့နောက် အပြင်ဘက်သို့ သယ်ဆောင်လာသည်။
“သူဌေးယွမ်၊ ကျွန်မ မှာထားတဲ့ ဆန်အရက်ရပြီလား။ ဘယ်လိုလဲ အဆင်သင့်ပဲလား” မန်မန်က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် စကားပြောသည်။
“ရပြီလေ။ အရင်ဆုံး ထိုင်ခုံမှာ ထိုင်ဦးလေ” ယွမ်ကျိုးက ထိုင်ခုံအလွတ်ကို ညွှန်ပြပြီး တည်ငြိမ်စွာ ပြန်ဖြေသည်။
“သူ တကယ်ပဲ ဆန်အရက် လုပ်တတ်တာလား” မန်မန်က ယွမ်ကျိုး၏မျက်နှာပေါ်တွင် ထူးခြားမှုကို မမြင်တွေ့ရ၍ နည်းနည်း သံသယဝင်မိသည်။
အရက်ပြုလုပ်ခြင်းက အချိန်တိုအတွင်း တတ်ကျွမ်းနိုင်သော ပညာရပ် မဟုတ်ပေ။ ထို့ကြောင့်လည်း အရက်ချက်တတ်သူ နည်းပါးခြင်း ဖြစ်သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်၏ စတိုင်အရ အကောင်းဆုံးသော ဆန်အရက်ကိုသာ ရောင်းချလိမ့်မည်။
ယွမ်ကျိုးက ဗန်းကို ထုတ်လိုက်ပြီး ဗန်းပေါ်မှာ ဆန်အရက်ခွက်ကို တင်လိုက်ပြီး မန်မန်ဆီ သယ်သွားသည်။
ကြွေရည်သုတ်ထားသောခွက်က အဝကျယ်ပြီး သေးသွယ်သော ကိုယ်ထည်ရှိသည်။
ခွက်၏အပေါ်ပိုင်းက အညိုနုရောင်ရှိပြီး အောက်ပိုင်းက နို့နှစ်ရောင်ဖြစ်၍ မျက်စိပသာဒ ဖြစ်စေသည်။
“မွှေးနေတာပဲ” မန်မန်က ခွက်ကို လေ့လာနေစဉ် သူ့ကို ဆန်အရက်၏ချိုမြသော ရနံ့က ဆက်တိုက် ဆွဲဆောင်နေသည်။
ခွက်ကို ခါရမ်းကြည့်ရုံဖြင့် အရက်၏ရနံ့ ပို၍ ပိုပြင်းထန်လာပြီး အရက်ထဲမှ ထမင်းမှုန်လေးများကိုပင် မြင်တွေ့ရသည်။
“သူဌေးယွမ်၊ အရက်ကို မစစ်ထားဘူးလား” မန်မန်က စပ်စပ်စုစု မေးမြန်းသည်။
“ဒီအရက်က မင်းအတွက် အသင့်လျော်ဆုံးပဲ။ အရက်ကို အပူပေးလိုက်ရမလား” ယွမ်ကျိုးက အရည်အချင်းအတော်အတန် ရှိသော စားဖိုမှူးဖြစ်သောကြောင့် ဆန်အရက်နွေးနွေးလေးက ပိုကောင်းမွန်သော အရသာရှိသည်။
“မလိုအပ်ဘူး။ ဒီလောက်အနေအထားက အဆင်ပြေတယ်။ အပူပေးလိုက်ရင် အရသာ ချဉ်သွားမယ်”
ယွမ်ကျိုး ခေါင်းညိတ်သော်လည်း မန်မန်၏ယူဆချက်ကို ပြင်ပေးမည့် ရည်ရွယ်ချက် မရှိပေ။
မန်မန်က ခွက်ကို ယူလိုက်ပြီး ခံတွင်းအပြည့် သောက်လိုက်သည်။ ထမင်းစေ့များကို ဂရုတစိုက် ရှောင်ရှားရန် ကြိုးစားသည့်တိုင် မတော်တဆ သောက်မိသည်။
အရက်က ခံတွင်းထဲဝင်သွားသောအခါ အရက်အရသာက သူ့နှာခေါင်းထဲ ချက်ချင်း ဝင်လာသည်။ သူ့နှာခေါင်းက အနံ့ ခံစားလွယ်ပြီး သူ့လျှာက ခံတွင်းမှ ချိုမြသော အရသာကိုလည်း ခံစားမိသည်။
ခံတွင်းအပြည့် ဆန်အရက်ကို မျိုချပြီးနောက် မန်မန်က “အရသာကောင်းတယ်” ဟူသောစကားလုံးကိုသာ အော်ပြောနိုင်သည်။
မန်မန်က တခြားဘာဆိုဘာမှ ဂရုမစိုက်ဘဲ သူ့လက်ထဲမှ ခွက်ကို ဆုပ်ကိုင်ကာ ဆန်အရက်ကို မရပ်မနားသောက်သည်။ အရက်သောက်နေစဉ် သူမ၏မျက်နှာအမူအရာက ပျော်ရွှင်မှုကို ဖော်ပြနေ၍ ချစ်စဖွယ်ကောင်းလွန်းသည်။
ပုံမှန်ထက်ထူးခြားသော ဆန်အရက်၏အရသာကို ယွမ်ကျိုးလည်း မြည်းစမ်းချင်သော်လည်း နေ့လည်ခင်း ဆိုင်ဖွင့်ချိန်က အလုပ်များလွန်းသည်။
အပိုင်း(၁၂၃)
ပြီးပါပြီ