အခန်း (၁၂၄-၁၂၆)
Vol. 9 Ch. 124-126
အပိုင်း(၁၂၄)
နောက်ဆုံးကျန်သော ဆန်အရက်ကို မျိုချပြီးနောက် မန်မန်၏ခန္ဓာကိုယ် တစ်ကိုယ်လုံး ချွေးသီးများ ထွက်လာပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးလိုက်သကဲ့သို့ သက်တောင့်သက်သာ ခံစားချက်ကို ဖြစ်ပေါ်စေသည်။ အရက်ပြင်းပြင်းကို သောက်ခဲ့ရသကဲ့သို့ ခံစားချက်ဖြစ်ပေါ်သော်လည်း ခါးသက်သက် ခံစားချက်ကို လုံးဝ မခံစားရပေ။
"မနက်ဖြန်လည်း ဆန်အရက်တစ်ခွက် မှာခဲ့ချင်တယ်" မန်မန်က နောက်ထပ်ဆန်အရက်တစ်ခွက်ကို အော်ဒါတင်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ။ မနက်ဖြန် ဒီအချိန် ပြန်လာခဲ့ပါ" ယွမ်ကျိုးက ခေါင်းညိတ် သဘောတူလိုက်သည်။
"ကောင်းပြီလေ။ ဒါဆိုရင် ပြန်တော့မယ်" မန်မန်က လေးကန်သော ခြေလှမ်းများဖြင့် အေးအေးဆေးဆေး အပြင်ထွက်သွားသည်။ ထိုစဉ် သူမက ဝင်ပေါက်နားတွင် တစ်စုံတစ်ယောက်နှင့် ပခုံးချင်း တိုက်မိသည်။ ၎င်းအမျိုးသားသည် လိမ္မော်ရောင်ဘေ့စ်ဘောဦးထုပ်၊ အဖြူရောင်တီရှပ်၊ အပြာနုရောင်ဂျင်းဘောင်းဘီကို ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ထားပြီး သူ၏ခြေထောက်မှာ အဖြူရောင်ရှူးဖိနပ်တစ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ရုံဖြင့် တက်ကြွလန်းဆန်းနေသည့် လူငယ်ဟု ထင်ရသည်။ သူက စားသောက်ဆိုင်ထဲသို့ ဝင်ဝင်ချင်း မန်မန် ထိုင်ခဲ့သော ထိုင်ခုံနေရာကို ယူလိုက်ပြီး ဦးထုပ်ကို ချွတ်ကာ ခံ့ညားချောမောသော မျက်နှာကို ဖော်ပြလိုက်သည်။ ထို့နောက် သူက စကားပြောသည်။
"သူဌေးယွမ် ခင်ဗျားချက်တဲ့ ဖီးနစ်အမြှီးပုစွန်ဟင်းက ထိပ်တန်းအဆင့်လို့ သတင်းကြားတယ်။ ဒါကြောင့်မို့လို့ ဒီပါဝင်ပစ္စည်းတွေကို အသုံးပြုပြီးတော့ ဟင်းတစ်ပွဲ ချက်ပေးနိုင်မလား"
"ဒါတွေက ဘာတွေလဲ" ယွမ်ကျိုးက လူငယ်လေး သယ်ဆောင်လာသောအိတ်ကို တစ်ချက် စောင်းငဲ့ကြည့်ပြီး အိတ်ကို ဖွင့်ကြည့်လိုက်သည်။ အိတ်ထဲတွင် လတ်လတ်ဆတ်ဆတ် ရေချိုပုစွန်များ ရှိနေသည်။ အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများကို ယူဆောင်လာသည့် စားသုံးသူဖောက်သည်ကို ယွမ်ကျိုးက ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။
"မလိုအပ်ဘူး။ မင်း ယူလာတဲ့ ပုစွန်တွေက ငါ့ရဲ့ပုစွန်တွေလောက် မကောင်းဘူး" ယွမ်ကျိုးက သူအသုံးပြုသော ကုန်ကြမ်းပစ္စည်းများနှင့် ပတ်သက်လျှင် အတော်အတန် ယုံကြည်မှု ရှိသည်။ ထို့အပြင် ဤပုစွန်များသည် စနစ်မှ ထောက်ပံ့ပေးထားသော ပုစွန်များထက် အရည်အသွေးနိမ့်သည်။
"မဖြစ်နိုင်ပါဘူး။ ငါ့ရဲ့ပုစွန်တွေက တကယ့်ကို လတ်ဆတ်ပြီးတော့ ညစ်ညမ်းမှု နည်းနည်းလေးတောင် မရှိဘူး။ ဒီ့အပြင် စောနလေးကမှ ငါ ကိုယ်တိုင် ဖမ်းလာတာ။ ဒီပုစွန်တွေကို ငါကိုယ်တိုင် မွေးထားတာ" သွက်လက်သော လူငယ်ကလေးက မျက်မှောင်ကြုံ့လိုက်ပြီး မယုံကြည်နိုင်သော အမူအရာကို ပြသသည်။
"ဒါကတော့ ဟုတ်တော့ဟုတ်ပါတယ်" ယွမ်ကျိုးက အထာကျကျဖြင့် လက်ပိုက်ထားပြီးတော့ မငြင်းပယ်သော အမူအရာကို ပြသသည်။
"သူဌေး ငါ့ရဲ့ပုစွန်တွေကို သုံးပြီးတော့ ဟင်းတစ်ပွဲကို မချက်နိုင်မှာ ဆိုးလို့လား" လူငယ်လေးက ယွမ်ကျိုး၏အရည်အချင်းကို သံသယဝင်နေသည်။
"မင်းရဲ့ပုစွန်တွေက အရည်အသွေးနိမ့်လို့ပါ။ ဒါကြောင့် ငါ အသုံးမပြုနိုင်ဘူး" ယွမ်ကျိုးက အဓိကအချက်ကို ပွင့်ပွင့်လင်းလင်းပြောသည်။
"မဖြစ်နိုင်ပါဘူး။ ခင်ဗျား မစမ်းကြည့်ဘဲနဲ့ ဘယ်လိုလုပ် သိမှာလဲ" လူငယ်လေးက မလျော့စတမ်း ပြန်ပြောသည်။
"သူဌေးယွမ်ရဲ့ ဖီးနစ်အမြှီးပုစွန်ဟင်းကိုပဲ မင်းအရင်စားကြည့်လိုက်ပါလား" သူ့ဘေးနားက တစ်စုံတစ်ယောက်က အကြံပြုသည်။
"ဟုတ်တယ်။ သူဌေးယွမ် အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်းတွေက မင်းရဲ့ကုန်ကြမ်းပစ္စည်းတွေကို သုံးပြီး ချက်ထားတာထက် ပိုကောင်းမွန်မှာ သေချာတယ်" တခြားသူတစ်ယောက်ကလည်း ဝင်ရောက်ပြောဆိုသည်။
"ဒါကတော့ အမှန်ပဲ။ မင်း အရသာ မြည်းစမ်းကြည့်ပြီးသွားရင် သိသွားလိမ့်မယ်" တန်းစီစောင့်နေသောလူများကလည်း သူ့ကို ဖျောင်းဖျကြသည်။ ဤလူအားလုံးက ယွမ်ကျိုး၏ ဖီးနစ်အမြှီးပုစွန်ဟင်း ကို စိတ်အားထက်သန်စွာ ကြော်ငြာပေးနေကြပြီး ယွမ်ကျိုးကိုယ်တိုင် ငှားရမ်းထားသော ဝန်ထမ်းများဟုပင် ထင်ရသည်။
"ကောင်းပြီလေ။ ဒါဆိုရင် ငါ့ကို တစ်ပွဲပေးပါ" ခဏအကြာ တုံ့ဆိုင်းပြီးနောက် လူငယ်လေးက ဖီးနစ်အမြှီးပုစွန်ဟင်း၏အရသာကို အရင်ဆုံးမြည်းစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
"ကောင်းပါပြီ။ ဒါဆိုရင် ၁၂၈၈ ယွမ် ကျသင့်ပါတယ်" ယွမ်ကျိုးက ဟင်းပွဲ၏ဈေးနှုန်းကို အရင်ဆုံး ပြောလိုက်သည်။
"ပိုက်ဆံ အရင်ဆုံးပေးရမှာလား" လူငယ်လေးက အတည်ပြုဟန်ဖြင့် မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ ကျသင့်ငွေကို အရင်ဆုံး ပေးဆောင်ရပါမယ်" ယွမ်ကျိုးက မှန်ကန်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
"ကိစ္စမရှိပါဘူး" ထို့နောက် လူငယ်လေးက သူ၏ခေါက်ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး ယွမ်ကျိုးကို ကျသင့်ငွေ ပေးလိုက်သည်။ ယွမ်ကျိုးက ပန်းကန်ပြားကို လှမ်းပေးလိုက်ပြီး ပိုက်ဆံကို ပန်းကန်ပြားပေါ်တင်ပေးရန် အချက်ပြသည်။ ထို့နောက် ယွမ်ကျိုးက ငွေသားကို လုံးဝမထိတွေ့ဘဲ ပြန်အမ်းရမည့် ပြန်အမ်းငွေကို လူငယ်လေးအား ပေးလိုက်သည်။ လူတချို့က ဤအပြုအမူနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ ယွမ်ကျိုးက ဟင်းမချက်ခင် သူ့လက်ကို သုံးကြိမ်ခန့် ဆေးကြောလေ့ရှိသည်။
ကံကောင်းစွာဖြင့် စနစ်မှ ထောက်ပံ့ပေးထားသောရေသည် အက်စစ်နှင့် အယ်ကာလိုင်းအချိုး မျှချေရှိ၍ သန့်ရှင်းရေးလုပ်ဆောင်ရာတွင် ပြီးပြည့်စုံသော အကျိုးသက်ရောက်မှုကို ထောက်ပံ့ပေးသည်။ ယွမ်ကျိုးက ကန်ထဲမှ ပုစွန်များကို အတိအကျဖမ်းယူလိုက်ပြီး သန့်ရှင်းရေး လုပ်ဆောင်သည်။
လူငယ်လေးက ယွမ်ကျိုး၏အပြုအမူများကို အသေးစိတ်စောင့်ကြည့်နေပြီး သူယူလာသော ပုစွန်များနှင့် သာလွန်ကြောင်း၊ အရည်အချင်းနိမ့်ကြောင်း နှိုင်းယှဉ်ရန် စဉ်းစားနေသည်။
သို့သော်လည်း ယွမ်ကျိုး၏ ပုစွန်ကိုင်သော အပြုအမူက ကျွမ်းကျင်မှုရှိပြီး သူရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခက်ခဲသည်။ မနှိုင်းယှဉ်နိုင်မှာခင် ယွမ်ကျိုး၏ပုစွန်ကိုင်ခြင်းက ပြီးဆုံးသွားသည်။ ပုစွန်အသားများကို ပန်းကန်ပြားပေါ် နေရာချထားလိုက်သောအခါ လူငယ်လေးက ပုစွန်၏အရည်အသွေးကို ကောင်းမွန်စွာ မြင်တွေ့နိုင်သည်။ ထို့ကြောင့် ပုစွန်များကို နှိုင်းယှဥ်ရန် လူငယ်လေး လက်လျော့လိုက်သည်။
သူက ယွမ်ကျိုး၏ အပြုအမူများကို အသေးစိတ်ငေးစိုက်ကြည့်နေသည်။ ဤလူငယ်လေး၏အမည်က ယွီမူ ဖြစ်သည်။ သူ့ဖခင်က World Foodie Hotel၏ခေါင်းဆောင်စားဖိုမှူးဖြစ်သော စားဖိုမှူးယွီ ဖြစ်သည်။ သူ့ဖခင်က ယွမ်ကျိုးကို ပြိုင်ပွဲတွင် ရှုံးနိမ့်သွားကတည်းက ပုံမှန်အခြေအနေပြန်ဖြစ်အောင် ရက်ပိုင်းပေါင်းများစွာ အနားယူခဲ့သည်။ ထိုစဉ်အတောအတွင်း ယွမ်ကျိုးနှင့်ပတ်သက်သော လေးစားအထင်ကြီးသည့်စကားများကို ယွီမူအား ပြောသည်။ ယွီမူက ဤအချက်ကို လက်မခံနိုင်ချေ။
သူအဖေချက်ပြုတ်ထားသော ဖီးနစ်အမြှီးပုစွန်ဟင်းက ဤမြို့တွင် ထိပ်တန်းအဆင့် ဖြစ်သည်။ လူမသိသူမသိ စားဖိုမှူးတစ်ယောက်ကို သူ့အဖေ ရှုံးနိမ့်သွားခြင်းကို လက်ခံရန် ခက်ခဲနေသည်။ သို့သော်လည်း သူ့အဖေက မကျေနပ်ချက် လုံးဝမရှိဘဲ ပျော်ရွှင်သောအမူအရာဖြစ်နေခြင်းကို မြင်တွေ့ရသောအခါ ယွီမူက ယွမ်ကျိုးကို သဘောကျနှစ်ခြိုက်သည့်ခံစားချက် မဖြစ်ပေါ်တော့ဘဲ သူ၏အရည်အချင်းကို စမ်းသပ်ကြည့်ရန်သာ ဆုံးဖြတ်ထားသည်။ ထို့ကြောင့် သူ့သူငယ်ချင်းဖထံမှ ပုစွန်များကို ဝယ်လာပြီး သူ့အဖေ ပြောခဲ့ဖူးသော စားဖိုမှူးယွမ်၏ဟင်းချက်စွမ်းရည်ကို မျက်မြင် ကြည့်ရှုရန် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခြင်းဖြစ်သည်။
သူ့သူငယ်ချင်းဆီမှ ဝယ်ယူလာသော ပုစွန်များသည် သိပ္ပံနည်းကျစွာ စနစ်တကျမွေးမြူထား၍ ဖီးနစ်အမြှီးပုစွန်ဟင်းပွဲတွင် အသုံးပြုရန် အကောင်းဆုံးဖြစ်ကြောင်း သူ့ဖခင်စားဖိုမှူးယွီက အတည်ပြုပေးခဲ့သည်။ သိပ်မကြာလိုက် ယွမ်ကျိုးက ဖီးနစ်အမြှီးပုံစံ ထွင်းထားသော ဖီးနစ်အမြှီးပုစွန်ဟင်းပွဲကို သယ်ဆောင်လာသည်။ ဟင်းပွဲ၏ ပြင်ဆင်ပုံက အမည်နှင့် လိုက်ဖက်မှု ရှိသည်။
"သုံးဆောင်ပါ" ယွမ်ကျိုးက ပန်းကန်ပြားကို ပေါ့ပေါ့ပါးပါး ချပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်" ယွီမူက ကျေးဇူးတင်သော အမူအရာကို ယဉ်ကျေးစွာ ဖော်ပြသည်။ သူ၏ဖခင်ကလည်း စားဖိုမှူးဖြစ်နေ၍ ယွီမူက ဟင်းချက်ခြင်းနှင့် ပတ်သက်၍ အနည်းငယ် သိရှိထားပြီး သူ့ခံတွင်းက အရသာခံနိုင်စွမ်း မြင့်မားသည်။ ထို့ကြောင့် ဟင်းလျာမြည်းစမ်းခြင်းက သူ့အတွက် ခက်ခဲသော ပညာရပ် မဟုတ်ချေ။
အနံ့ဆိုး ရှိ/မရှိ သိရအောင် အရင်ဆုံး အနံ့ခံကြည့်သည်။ သူ့အဖေ အထင်ကြီးလေးစားသော စားဖိုမှူးက ဤကဲ့သို့သော အမှားအယွင်းမျိုး မလုပ်ဆောင်နိုင်ဟု ခံယူထားသည်။ မျှော်လင့်ထားသည့်အတိုင်း အနံ့ဆိုးအနည်းငယ်မှ မရပေ။ မွှေးကြိုင်သောရနံ့သင်းသင်းလေးသာ ရရှိသည်။
ယွီမူက ပုစွန်တစ်ကောင်ကို ကောက်ကိုင်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သောအခါ ပုစွန်၏ မွှေးကြိုင်သောရနံ့ကို အပြည့်အဝ ခံစားရသည်။ ပုစွန်၏အသားကလည်း နူးညံ့ပြီး ချိုမြိန်သောအရသာကို ဖြစ်ပေါ်စေသည်။ ဟင်းပွဲကို မြည်းစမ်းကြည့်ပြီးနောက် ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်က သူ့ဖခင်ထက် သာလွန်ကြောင်း ယွီမူ ဝန်ခံမိသည်။ သို့သော်လည်း ဖီးနစ်အမြှီးပုစွန်ဟင်းတစ်ပွဲအတွက်သာ သူ့အဖေထက် သာလွန်သည်ဟု ယူဆထားသည်။
အကြောင်းမူကား ယွမ်ကျိုး ချက်ပြုတ်ထားသော တခြားဟင်းလျာများကို မမြည်းစမ်းဖူးသေး၍ ဖြစ်သည်။ သူယူဆောင်လာသော ပုစွန်များ နှင့် ယွမ်ကျိုး အသုံးပြုထားသော ပုစွန်အရှင်များကို နှိုင်းယှဉ်ကြည့်ချင်သည့် ခံစားချက်က ရှိနေသေးသည်။
ယွမ်ကျိုးက အရသာရှိသောစားကောင်းသောက်ဖွယ်များကို တည်ခင်းရန် အကောင်းဆုံးသော ပုစွန်အသားကို အသုံးပြုထားသည်။ သူ၏ ပုစွန်ဖမ်းခြင်းနည်းလမ်းကလည်း ပြဿနာ လုံးဝမရှိပေ။ သူက ပုစွန်ဟင်းပွဲကို အကြိမ်ကြိမ်မြည်းစမ်းရင်း သံသယဝင်သော ခံစားချက်များ လျော့နည်းလာသည်။ သူ၏ စိတ်အာရုံအားလုံးက အရသာရှိသော စားကောင်းသောက်ဖွယ်ထဲမှာ နစ်မြောနေသည်။ ခဏလေးအတွင်း ယွီမူက တည်ခင်းထားသော ပုစွန်အားလုံးကို စားကုန်သွားပြီး အလှဆင်ထားသော အစားအသောက်များသာ ကျန်ခဲ့သည်။
"သူဌေးယွမ်၊ ခင်ဗျားက ဂုဏ်သတင်းကျော်ဇောတာနဲ့ ထိုက်တန်ပါတယ်" သူက အထင်ကြီးလေးစားစွာ စကားပြောသည်။ ယခုမှ သူက စားဖိုမှူးယွီ၏ ချီးမွမ်းစကားကို သဘောပေါက်သွားသည်။ ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်က သူ့ဖခင်ထက် အမှန်တကယ်သာလွန်ပြီး ကမ္ဘာ့ထိပ်တန်းအဆင့် အဖြစ် သတ်မှတ်နိုင်သည်။
"ကျေးဇူးတင်ပါတယ်" လူတိုင်းက ချီးမွမ်းစကားပြောခြင်းကို နှစ်ခြိုက်ကြပြီး ယွမ်ကျိုးကလည်း ခြွင်းချက် မဖြစ်နိုင်ချေ။
"သူဌေးယွမ်က ဒီဟင်းပွဲမှာ အသုံးပြုထားတဲ့ ပုစွန်တွေကို ကြည့်ခွင့်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ငါ သယ်လာတဲ့ ဒီပုစွန်တွေကလည်း သဘာဝအတိုင်း သိပ္ပံနည်းကျ
မွေးမြူထားတာပါ" ယွီမူက ယွမ်ကျိုး ဟင်းပွဲထဲမှာ အသုံးပြုထားသော ပုစွန်ကို ကြည့်ချင်သောဆန္ဒအား မစွန့်လွှတ်နိုင်ချေ။
ခဏကြာတွေးတောပြီးနောက် ယွမ်ကျိုးက ခေါင်းညိတ်ကာ စကားပြန်ပြောသည်။
"မင်းကြည့်ချင်ရင်တော့ ဝယ်ပြီးတော့ ကြည့်ရမယ်။ ဒါပေမယ့် အဲ့ဒီပုစွန်ကို သယ်သွားလို့ မရဘူး။ တခြားသူတွေလည်း စားလို့မရတော့ဘူး"
"ဘယ်လို ... ဘယ်လို ... ဘာကြောင့်လဲ" ယွီမူက ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"မင်းကြောင့် ပုစွန်က ညစ်ညမ်းသွားလို့လေ" ယွမ်ကျိုး၏မျက်ဝန်းများက
သူပြောချင်သည့်အဓိပ္ပာယ်ကို
ဖော်ပြနေသည်။ ယွီမူက စကားတစ်ခွန်းမှ ဆက်မပြောနိုင်ခဲ့ပေ။
...
ခဏကြာစဉ်းစားပြီးမှ သူ စကားဆက်ပြောသည်။
"ဒါဆိုရင် ငါ ဘာလို့ ယူသွားလို့ မရတာလဲ"
"ဒါက စည်းမျဉ်းပါ။ အစားအသောက်တွေကို ပါဆယ်ထုပ်ခွင့် မပြုပါဘူး" ယွမ်ကျိုးက လေးနက်စွာ ပြန်ပြောသည်။
"ဒါဆိုရင် ငါက ဝယ်ပြီးသွားရင်တောင် ဒီဆိုင်မှာ ထားခဲ့မယ့်သဘောပေါ့။ ဟုတ်လား" ယွီမူက သက်ပြင်းချလိုက်ပြီး တည်ငြိမ်သောအမူအရာဖြင့်
စကားပြောသည်။
"ဟုတ်ပါတယ်။ မင်းက ခွက်တစ်ခွက်ထဲမှာ ရေအပြည့်ဖြည့်ပြီးတော့ အဲ့ဒီခွက်ထဲမှာ ပုစွန်ကို ထည့်ပြီး ကြည့်လို့ရတယ်" ယွမ်ကျိုးက ပန်းထည့်ထားသောအိုးကို ညွှန်ပြလိုက်သည်။
"ကောင်းပြီလေ။ တစ်ကောင်ဘယ်လောက်ဈေးလဲ" ယွီမူက သူယူလာသော ပုစွန်၏အရည်အသွေးကို ပြသရန်အလို့ငှာ မျှတမှုမရှိသော စည်းမျဉ်းစည်းကမ်းကို လက်ခံ သဘောတူလိုက်သည်။
...
အပိုင်း(၁၂၄)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၂၅)
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း(၁၂၅)
“၁၂၀ယွမ်” ယွမ်ကျိုးက ဈေးနှုန်းကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ကောင်းပြီ။ ဒီမှာ ကျသင့်ငွေပါ” ယွီမူက ပိုက်ဆံထုတ်လိုက်ပြီး ယွမ်ကျိုးကို ပေးသည်။ ယွမ်ကျိုးက ပိုက်ဆံလက်ခံရန် ဗန်းကို ထုတ်လိုက်သည်။ ခဏကြာ တုံ့ဆိုင်းပြီးနောက် သူက ပိုက်ဆံကို ပိုက်ဆံပုံးထဲ ထည့်မည့်အစား ဘေးနား ချထားလိုက်သည်။
ထို့နောက် သူက ငါးဖမ်းပိုက်အသေးဖြင့် ပုစွန်တစ်ကောင်ကို ဖမ်းလိုက်သည်။
တစ်ချက် ခါရမ်းလိုက်ရုံဖြင့် ပုစွန်က သစ်သားဇလုံထဲ ချက်ချင်း ပြုတ်ကျသွားသည်။
“အခု မင်းအပိုင်ဖြစ်သွားပြီ” ယွမ်ကျိုးက သစ်သားဇလုံကို ယူလိုက်ပြီး ယွီမူကို ပေးသည်။
“ကျေးဇူးတင်ပါတယ်” ယွီမူ ပြန်ဖြေသည်။
သစ်သားဇလုံကို လက်ခံယူပြီး သူ့လက်ဖြင့် ပုစွန်ကို ဖမ်းယူကာ အနီးကပ်ကြည့်လိုက်သည်။
ပုစွန်က အပြာရောင်တောက်တောက် ဖြစ်သည်။ သူ့အမြှီး နှင့် ခြေလက်များကို အားမာန်အပြည့်ဖြင့် လှုပ်ရှားနေပြီး ပစ်မှတ်ရှာကာ လူကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
ဤမြင်ကွင်းကြောင့် ယွီမူက သူ ယူလာသော ပုစွန်များက အရည်အသွေးနိမ့်မှန်း လက်ခံသွားသည်။ အရောင်အသွေးချင်း ယှဉ်လျှင်ပင် သူ့ပုစွန်များက အခု သူ့အရှေ့ရောက်နေသော ပုစွန်များကို ရှုံးနိမ့်သွားသည်။
ခေါင်း၊ အမြှီး နှင့် ခြေလက်များက သူ့ပုစွန်ထက် ပိုရှည်လျားသည်။
ယွီမူက ပုစွန်ကို သစ်သားဇလုံထဲ ပြန်ထည့်လိုက်ပြီး စကားပြောသည်။
“ကျေးဇူးတင်ပါတယ် သူဌေးယွမ်” ထို့နောက် သူက ထွက်သွားရန် ပြင်ဆင်သည်။
“အွန်း” ယွမ်ကျိုးက အဝကျယ်သော သာမန်ဖန်ခွက်ကို ထုတ်လိုက်ပြီး ဘေစင်မှ ရေကို တစ်ဝက်ခန့် ထည့်ကာ သစ်သားဇလုံထဲမှ ပုစွန်ကို ဖန်ခွက်ထဲ လောင်းထည့်လိုက်သည်။
ဤဖြစ်စဉ်တစ်လျှောက်လုံး သူက ပုစွန်ကို လက်ဖြင့် မထိတွေ့ခဲ့ပေ။
“ဒါကို ယူပြီး ပန်းစင်နားမှာ ထားလိုက်တော့” ယွမ်ကျိုးက ခွက်ကို အောက်ချထားလိုက်ပြီး မုရှောင်ယွမ်ကို စကားပြောသည်။
“ဟုတ်ကဲ့၊ လုပ်လိုက်ပါ့မယ်” မုရှောင်ယွမ်က ညွှန်ကြားသည့်အတိုင်း ပန်းစင်ပေါ်မှာ တင်လိုက်သည်။
ခွက်ထဲမှ ပုစွန်က သူ့လက်ရှိအခြေအနေကို ယခုထိတိုင် မသိသေးပေ။ သူက ခြိမ်းခြောက်ဟန်အမူအရာ ပြုမူနေသည်။
“ဒါဆိုရင် သူက ပုစွန်ကို ဘေးဖယ်ထားလိုက်ပြီလား။ မချက်စားတော့ဘူးလား”
သူစောနတုန်းက ကိုင်ကြည့်သော ပုစွန်ကို ကတိအတိုင်း အသုံးမပြု၍ ယွီမူ တအံ့တဩ ဖြစ်နေမိသည်။
ယွမ်ကျိုးက ထူးခြားသော အကျင့်စရိုက်ရှိသည်ဟု ခံစားမိသည်။
ယွီမူက စားသောက်ဆိုင် အပြင်ဘက်သို့ ကျေနပ်စွာ လမ်းလျှောက်ထွက်လာပြီး သူ့အဖေစားဖိုမှူးယွီပြောသော စကားများကို လက်ခံသွားသည်။
တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးက သူ့နေ့လည်ခင်း စီးပွားရေးကို စိတ်အားထက်သန်စွာ လုပ်ဆောင်သည်။ ထို့နောက် သူက စိတ်လှုပ်ရှားသော အမူအရာဖြင့် စနစ်၏အသိပေးစာရင်းကို ဖွင့်ကြည့်သည်။
စနစ် “ဂုဏ်ယူပါတယ်။ ဆိုင်ရှင်က စနစ်ရဲ့ဟာကွက်ကို ရှာတွေ့သွားလို့ ဆုလာဘ်အိတ်ကို လက်ဆောင်ပေးလိုက်ပါတယ်”
[ဆုလာဘ်] ဟာကွက် ရှာဖွေခြင်း ကျွမ်းကျင်သူဂုဏ်ပုဒ် နှင့် ဆုလာဘ်အိတ် (လက်ခံနိုင်ပါပြီ)
ယွမ်ကျိုးက ပုစွန်တစ်ကောင်၏ကျသင့်ငွေကို တောင်းခံစဉ်က စနစ်က တုံ့ပြန်မှု မရှိခဲ့ပေ။ ပုစွန် ရောင်းထွက်သွားသည့်တိုင် မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။ ပုစွန်ကို သတ်ဖြတ်ခြင်း၊ ချက်ပြုတ်ခြင်း နှင့် စားသောက်ဆိုင်အပြင်ဘက်သို့ မယူသွားမှ စနစ်က အသက်ဝင်လာခြင်း ဖြစ်သည်။
“လက်ခံတယ်” ယွမ်ကျိုးက တိတ်တဆိတ် ရွတ်ဖတ်လိုက်သည်။
ပထမဦးဆုံးအနေဖြင့် ဂုဏ်ပုဒ်ကို အလိုအလျောက် ရရှိသွားသော်လည်း ယွမ်ကျိုးက အသုံးဝင်သော အချက်ကို ရှာမတွေ့ပေ။
တွက်ချက်ကြည့်လျှင် သူက ယခုဆိုလျှင် စုစုပေါင်း ဂုဏ်ပုဒ် သုံးခုကို ပိုင်ဆိုင်ထားသည်။ အကျင့်မကောင်းသော ပထမဆုံး ဂုဏ်ပုဒ်မှ လွဲ၍ ကျန်နှစ်ခုက အထောက်အပံ့မပြုသကဲ့သို့ ကန့်သတ်ချက်များလည်း မရှိပေ။
ဆုလာဘ်အိတ်ကို ယွမ်ကျိုးက ချက်ချင်း လက်ခံလိုက်ပြီး ဖွင့်ကြည့်သည်။
“စနစ်၊ ဒါက ဆုလာဘ်လား” ယွမ်ကျိုးက သူ့အရှေ့က သစ်သားဘူးလေးကို မယုံကြည်နိုင်စွာ ငေးကြည့်နေသည်။
စနစ် “ဆိုင်ရှင်အတွက် အသုံးဝင်မှာပါ”
“ဟဲဟဲ။ ငါ့အတွက် ဘာများ အသုံးဝင်နိုင်မှာမို့လဲ”
ယွမ်ကျိုးက စနစ်စုတ်၏ သဘောထားကို နက်နက်ရှိုင်းရှိုင်း နားလည်နေပါပြီ။
အိတ်ထဲတွင် ဆုလာဘ် သုံးခုပါနေ၍ ပေါများသည်ဟု ပြောနိုင်သည်။ မစ်ရှင် ပြီးမြောက်ရန် မလိုအပ်ဘဲ ဆုလာဘ် သုံးခုကို စနစ်မှ ပထမဆုံးအကြိမ် လက်ဆောင်ပေးခြင်း ဖြစ်သည်။
သို့သော်လည်း မြင်တွေ့ရသော မြင်ကွင်းကြောင့် ယွမ်ကျိုးက စနစ်ကို မသေမချင်း လည်ပင်းညှစ်သတ်ပစ်ချင်သည်။
[ဆုလာဘ် ၁ : အရသာကင်းမဲ့သော ဇွန်း]
(ဆုလာဘ်အညွှန်း : အရသာကင်းမဲ့သောတူနှင့် တွဲဖက်သုံးလျှင် ပိုကောင်းသော အကျိုးသက်ရောက်မှု ရှိမည်)
ဤတစ်ကြိမ်တွင် ရရှိသော ဆုလာဘ် အရိုးရှင်းဆုံး သာမန်ဖြစ်သည်။ ယွမ်ကျိုးကို တွေးမိတိုင်း ဒေါကန်စေသည်။
[ဆုလာဘ် ၂ : ယနေ့ ပုစွန် တစ်ကောင် ရောင်းရတဲ့ အကျိုးအမြတ်ကို စနစ်က ၈၀ရာခိုင်နှုန်း မယူပါဘူး]
(ဆုလာဘ်အညွှန်း: စည်းကမ်း လိုက်နာတဲ့ ဆိုင်ရှင်ကို ဆုပေးတာပါ။ ဒါက တစ်ကြိမ်တစ်ခါပဲ ပေးတာမို့ နောက်တစ်ကြိမ် ထပ်မရနိုင်ပါဘူး)
စိတ်အနှောင့်အယှက်ဖြစ်စေသော ညွှန်ကြားချက်များကို ဖတ်ပြီး ယွမ်ကျိုး ဒေါကန်ကာ သွေးအန်ချင်လာသည်။
[ဆုလာဘ် ၃ : အမဲသား နှင့် ဘလူးဘယ်ရီယို(ထောက်ပံ့ပေးထားပြီးသား)]
(ဆုလာဘ်အညွှန်း : အကောင်းမွန်ဆုံး အသိပေးချက်၊ အမဲသား ပန်းကန်တစ်ဝက်ခန့် နဲ့ ဘလူးဘယ်ရီ ပန်းကန်တစ်ဝက်ကို တစ်ပန်းကန်စာ သေချာ ပြင်ဆင်ပါ။ ဒီလောက်ဆို ရပါပြီ)
“ဒါက စားလို့ရတာ သေချာလား။ ငါ့ကို ကျီစယ်နေတာ မဟုတ်ပါဘူးနော်” ပြင်ဆင်သော နည်းလမ်းကို ကြည့်ပြီး ယွမ်ကျိုး တကယ် ဒွိဟဖြစ်မိသည်။
စနစ် “ဆိုင်ရှင် ကိုယ်တိုင် စမ်းသပ်ကြည့်ပါ”
“စနစ်၊ အဲဒီဟင်းပွဲရဲ့ဈေးနှုန်းက ဘယ်လောက်လဲ” ယွမ်ကျိုးက သူ့နဖူးကို လက်ဖြင့်ထောက်ပြီး တည်ငြိမ်နေသော အမူအရာ ပျောက်ဆုံးနေရသည်။
စနစ် “ဒီဟင်းပွဲကို ဆိုင်ရှင်ကိုယ်တိုင် ဈေးနှုန်း သတ်မှတ်နိုင်ပါတယ်”
“အမ်၊ ဒါက အရမ်းကို ကြင်နာလွန်းနေပြီ” ယွမ်ကျိုး နှုတ်ဆိတ်သွားသည်။
ဟင်းပွဲက အရေးမပါ၍ သူ့ကို သတ်မှတ်ခိုင်းခြင်း ဖြစ်ရမည်။ ထို့ကြောင့် ယွမ်ကျိုးက စမ်းသပ်ကြည့်ချင်သော ဆန္ဒလုံးဝ မရှိပေ။
ယွမ်ကျိုးက ဇွန်းထည့်ထားသော ဘူးကို ထုတ်လိုက်ပြီး အရသာမဲ့တူ သိမ်းထားသော အံဆွဲထဲ ထည့်လိုက်သည်။ သူ့အကျိုးသက်ရောက်မှုက ပြီးပြည့်စုံသော်လည်း သူက ဤအရာဝတ္ထုများကို မြင်ရလျှင် စိတ်အနှောင့်အယှက် ဖြစ်မိသည်။
ယွမ်ကျိုးက ခေါင်းကိုက်လာ၍ ခွေးလေးစွပ်ပြုတ်ကို သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူက ခွေးလေးကို မွေးစားမည့် အတွေးမရှိသော်လည်း သူ့ဆိုင်ကို နေ့တိုင်း စောင့်ကြည့်ပေး၍ သဘောကျမိသည်။
နေ့လည်ခင်းဖြစ်၍ လမ်းပေါ်မှာ လူသိပ်မရှုပ်ပေ။ လမ်းလျှောက်ထွက်သော လူတချို့သာ ရှိသည်။ ခွေးလေးစွပ်ပြုတ်က ဝင်ပေါက်မှာ မတ်တတ်ရပ်နေသည်။
ယွမ်ကျိုးက ထခါနီး ခွေးလေးက ကောင်မလေးတစ်ယောက်ကို အမြှီးနှံ့ကာ ငေးကြည့်နေသည်။
“ချစ်စရာကောင်းလိုက်တာ”
ကောင်မလေးက ခွေးလေးစွပ်ပြုတ်၏ခေါင်းကို ပုတ်ရန် ဆောင့်ကြောင့် ထိုင်လိုက်ပြီး ထွက်မသွားခင် သူနှင့်အတူတူ ပါလာသော သရေစာမုန့်ကို ကျွေးလိုက်သည်။
“ဒီကောင်က အစာတောင်းနေတာလား” ယွမ်ကျိုးက တအံ့တဩ ငေးကြည့်နေသည်။
ထိုစဉ် အမျိုးသားနှစ်ယောက်က ခွေးအနားမှ ဖြတ်သွားသည်။ ခွေးလေးစွပ်ပြုတ်က အစားတောင်းသော အပြုအမူကို လုပ်ဆောင်လိမ့်မည်ဟု ယွမ်ကျိုး တွေးထားသော်လည်း စွပ်ပြုတ်က မလှုပ်မယှက် ပြုမူနေ၍ ယွမ်ကျိုး ပို၍ ဒွိဟဖြစ်သွားသည်။
ငါးမိနစ်ခန့်ကြာပြီးနောက် စုံတွဲနှစ်ယောက် လမ်းလျှောက်လာသည်။ ချစ်ခါစ၊ ကြင်နာခါစ ဖြစ်နိုင်သည်။ အမျိုးသားက ကောင်မလေးကို ချစ်ခင်ကြင်နာသော မျက်ဝန်းအကြည့်ဖြင့် ကြည့်နေပြီး ကောင်မလေးနှင့် တီတီတာတာ စကားပြောနေစဉ် ခွေးလေးစွပ်ပြုတ်က လာဟောင်သည်။
“ဝုတ် ဝုတ်”
ခွေးပေါက်လေးက ချစ်စဖွယ်ကောင်းအောင် ပြုမူနေသကဲ့သို့ အသံက ချိုသာပြီး နူးညံ့သည်။ ခွေးဟောင်သံက ကောင်မလေး၏စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
“ဒီခွေးက ဘယ်ကရောက်လာတာလဲ။ ကြည့်စမ်းပါဦး ချစ်စရာကောင်းလိုက်တာနော်” ထိုစကားကိုပြောနေစဉ် ကောင်မလေး ဆောင့်ကြောင့်ထိုင်ပြီး ခွေးလေးကို ထိကြည့်သည်။
“လမ်းဘေးခွေးလေး ထင်တယ်။ လျှောက်မကိုင်နဲ့ သတိထားဦး” အမျိုးသားက ကောင်မလေးကို ဆွဲခေါ်သွားပြီး ခွေးကို ထိခွင့် မပေးချေ။ မျှော်မှန်းထားသည့်အတိုင်း ကောင်မလေး တုံ့ဆိုင်းသွားသည်။
ထိုစဉ်အခိုက်အတန့် စွပ်ပြုတ်လေးက မြေကြီးပေါ် လှဲချလိုက်ပြီး လူးလိမ့်သည်။ ကောင်မလေးက သူက ချစ်စရာကောင်းပြီး မည်သူကိုမှ မကိုက်တတ်ကြောင်း အမူအရာပြသသည်။
“ဝိုး၊ ဒီလမ်းဘေးခွေးလေးက အရမ်းသနားစရာကောင်းတယ်။ အစာငတ်နေတာ ကြာပြီထင်တယ်။ ဝက်ပေါင်ခြောက် သွားဝယ်ပေးပါ။ ခွေးကို ကျွေးချင်လို့ပါ” ကောင်မလေးက ချက်ချင်း သဘောကျသွားသည်။
လူငယ်လေးက ကူကယ်ရာမဲ့ အမူအရာဖြင့် ဝက်ပေါင်ခြောက် သွားဝယ်သည်။
“ဒီခွေးလေးက ဉာဏ်ရည်မြင့်တဲ့ ခွေးမျိုးစိတ်ကနေ ပေါက်ဖွားလာပုံပဲ” လူငယ်လေးက ခွေး၏အမူအရာကို ကြည့်ပြီး ခေါင်းကိုက်လာသည်။ သူ့လက်တစ်ဖက်က ဝက်ပေါင်ခြောက်ကို သယ်ဆောင်လာပြီး သူ ကူကယ်ရာမဲ့သော ခံစားချက်ကို ဖြေဖျောက်ရန် စားသောက်ဆိုင်မှာ တစ်ခုခု ဝယ်စားရန် ဆုံးဖြတ်လိုက်သည်။
အပိုင်း(၁၂၅)
ပြီးပါပြီ။
အပိုင်း(၁၂၆)
ခွေးလေးစွပ်ပြုတ်က ဝက်ပေါင်ခြောက်ကို ကျေနပ်အားရစွာ စားသောက်နေစဉ် ယွမ်ကျိုးက သူ့စားသောက်ဆိုင်သို့ ချက်ချင်း ပြန်သွားသည်။ ခွေးလေးက ဉာဏ်ထက်မြက်၍ သူ အစာကျွေးရန် မလိုအပ်ချေ။
အချိန်ကုန်ဆုံးမှုက မြန်ဆန်သည်။ မနက်စာ ချက်ပြုတ်ပြီးနောက် လွန်ခဲ့သော သုံးရက် နေ့လည်ခင်းခန့်က ချန်ဝေ အော်ဒါတင်ခဲ့သော ဆန်အရက်ကို ပြင်ဆင်သည်။
ကစော်ဖောက်ချိန်က ပိုကြာ၍ ချိုမြိန်သောရနံ့များ ပိုပြင်းထန်လာသည်။ အရက်၏အရသာကို ပို၍ပြင်းထန်သွားပြီး ဆန်၏မွှေးကြိုင်မှုလည်း ပိုပြင်းထန်လာသည်။
ယွမ်ကျိုးက ခဲနေသော ထမင်း၏အလယ်မှ ထိုးဖောက်မြင်နိုင်သော အရည်ကို ဂရုတစိုက် စစ်ယူသည်။ ယခင်နှင့်ခြားနားစွာ သူက ဆန်အရက်ထဲမှ ဆန်စေ့များ မပါဝင်သွားအောင် အသေးစိတ် ဂရုစိုက်ပြီး တတ်နိုင်သလောက် အရက်သန့်သန့် ရအောင် ကြိုးစားသည်။ ထို့နောက် အရက်ကို ၁၀၀ မီလီခန့် ရှိသော ခွက်ထဲ တိုက်ရိုက်ဖြည့်လိုက်သည်။
“သူဌေးယွမ် ... သူဌေးယွမ် ... ဒီကနေ့ အရက်သောက်လို့ ရပြီလား” ဆိုင်မဖွင့်ခင် ၁၀မိနစ်အလိုတွင် ချန်ဝေက စားသောက်ဆိုင် ရောက်လာသည်။
“ခင်ဗျား ၁၀မိနစ် ထပ်စောင့်ရမယ်” ယွမ်ကျိုးက အချိန်ကို တစ်ချက် ကြည့်လိုက်ပြီး သူ့ကို ငြင်းပယ်လိုက်သည်။
“ကောင်းပြီလေ။ ဆိုင်ဖွင့်ခါနီးပြီပဲဟာ စောင့်မယ်လေ”
ချန်ဝေက ဆိုင်အတွင်းမှာ စောင့်ဆိုင်းသည်။
မင်းလုပ်ချင်ရာလုပ် ဟူသောပုံစံဖြင့် ခေါင်းညိတ်ပြပြီးနောက် ယွမ်ကျိုးက သူ့အလုပ်သူ ဆက်လုပ်သည်။
ခဏကြာပြီးနောက် ချန်ဝေက သူ့နှာခေါင်းထဲ ပြန့်လွင့်လာသော အရက်နံ့ကြောင့် အာသီသဖြစ်လာသည်။
“ဒါက ငါ ခဏနေရင် သောက်ရမယ့် ဆန်အရက်လား” ချန်ဝေက ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်သည်။
“ဟုတ်တယ်” ယွမ်ကျိုးက ခေါင်းညိတ်လိုက်သည်။
ထို့နောက် ချန်ဝေက ဟန်အမူအရာမပျက် ပြုမူလိုက်သည်။ သူက စည်းမျဉ်းစည်းကမ်းကို လိုက်နာပြီး ထပ်မံ မေးမြန်းခြင်း မပြုခဲ့ပေ။ သူက အရက်နံ့၏ ဆွဲဆောင်မှုကို သည်းခံလိုက်ပြီး စိတ်အာရုံလွှဲထားသည်။
ထိုစဉ် ယွမ်ကျိုးက အစားအသောက် ပြင်ဆင်နေပြီး ပြီးစီးသွားသောအခါ သူတို့နှစ်ဦးက တစ်ယောက်ကိုယ်တစ်ယောက် ငေးကြောင်ကြည့်နေခဲ့သည်။
“သူဌေး” မုရှောင်ယွမ် ရောက်လာခြင်းက သူတို့နှစ်ဦး၏ ကို့ရို့ကားရားနိုင်သော အခြေအနေကို လျှော့ချပေးသည်။
“အွန်း ဝင်လာခဲ့လေ” ယွမ်ကျိုး ခေါင်းညိတ်သည်။ ထို့နောက် သူက အရက်ခွက်ကို ထုတ်လိုက်ပြီး ချန်ဝေကို လာသယ်ရန် အချက်ပြသည်။
“ကျေးဇူးတင်ပါတယ်” ချန်ဝေက ကလေးမကို ကျေးဇူးတင်စကားပြောပြီး ယွမ်ကျိုးကို စကားပြောသည်။
“သူဌေးယွမ်၊ ကျွန်တော့်ကို ဖီးနစ်အမြှီးပုစွန်ဟင်း တစ်ပွဲလည်း ပေးပါ”
“အိုကေ၊ ခဏစောင့်ပေးပါ” ယွမ်ကျိုးက ချက်ချင်း သဘောတူလိုက်သည်။
ထိုစဉ် တခြားဖောက်သည်များလည်း တစ်ယောက်ပြီး တစ်ယောက် ဆိုင်ထဲသို့ ဝင်ရောက်လာသည်။
“ဖောက်သည်အားလုံးက ထိုင်ခုံမှာ နေရာယူပေးပြီး စားချင်တဲ့ ဟင်းပွဲကို ပြောပေးပါ” မုရှောင်ယွမ် စိတ်လိုလက်ရ နှုတ်ဆက်သည်။
“ကိစ္စမရှိဘူး ရှောင်ယွမ်။ မင်း အစာစားလာခဲ့လား”
ဤဖောက်သည်များက ကောင်မလေးကို အရမ်းသဘောကျ၍ သူမကို ပြုံးရွှင်ကာ မေးမြန်းသည်။
“အမြဲတမ်း အစာစားလာခဲ့ပြီးမှ ဒီဆိုင်ကို လာခဲ့တာပါ” မုရှောင်ယွမ်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောသည်။
“ဟား ဟား။ ဟုတ်တာပေါ့။ ဒီလိုမှ မဟုတ်ရင် မင်း ငတ်မွတ်ပြီး သေသွားနိုင်တယ်။ ဟင်းပွဲရနံ့တွေက မွှေးကြိုင်နေတာပဲလေ” ချန်ဝေ၏ဘေးနားက အမျိုးသားက ရယ်ကာမောကာဖြင့် စကားပြောသည်။
“ဒါပေါ့။ ဒီဆိုင်မှာ လာစားတဲ့နေ့က စပြီးတော့ ခုချိန်ထိ ဈေးဝယ်မထွက်တော့ဘူး” ကောင်မလေးက နှုတ်ခမ်းစူရင်း မကျေမနပ် ပြောသည်။
“ဒါဆိုရင် သူဌေးယွမ်ကို ညစာ ဝယ်ကျွေးခိုင်းပါလား” တစ်စုံတစ်ယောက် ချက်ချင်းထပြောသည်။
“တော်စမ်းပါ။ သူဌေးယွမ်က တခြားသူကို ညစာ ဝယ်ကျွေးဖူးတာ မြင်ဖူးလို့လား” ချစ်စဖွယ်ကောင်မလေးက မယုံကြည်ဟန်ဖြင့် နှုတ်ခမ်းလေးကို တွန့်ကွေးလိုက်သည်။
“မင်းပြောတာ မှန်တယ်။ သူဌေးယွမ် ချစ်သူကောင်မလေးရသွားရင် သူက စကားပြောရ ပိုအဆင်ပြေသွားမှာပါ” ချန်ဝေ၏ဘေးနားက အမျိုးသားက ရုတ်တရက် ထပြောသည်။
“ဒါပေမဲ့ သူဌေးယွမ်ရဲ့ပုံစံက ချစ်သူရနိုင်ပါ့မလား” ဝူဟိုင်းက လေပြေအေးဖြင့် ပြောသည်။
“ငါက သူ့ကောင်မလေးလုပ်ဖို့ အရင်ဆုံး စာရင်းပေးတယ်” မိန်းမချောလေးက ဝူဟိုင်း၏စကားကို ပယ်ချသည်။
“ဟား ဟား အပြုအမူက စကားတွေထက် ပိုအဓိပ္ပါယ်ရှိတယ်။ ငါ သေချာ လေ့လာထားရသလောက်တော့ သူဌေးယွမ်က ဆိုင်ဖွင့်တာရယ် ဟင်းလျာချက်နည်း လေ့လာတာရယ်ပဲ တစ်နေ့လုံး လုပ်နေတာလေ။ တခြားဘာဆိုဘာမှ မလုပ်ဘူး။ သူ့ဘဝမှာ တခြားပျော်ရွှင်မှုဆိုတာ မရှိပုံပဲ” ဝူဟိုင်းက သူ့မုတ်ဆိတ်မွေးကို ထိကိုင်ရင်း မှန်ကန်ဖြောင့်မတ်သော အမူအရာဖြင့် စကားပြောသည်။
“အွန်း” မိန်းမချောလေးက ဆက်လက်ငြင်းခုန်ခြင်း မလုပ်ဆောင်ပေ။ သို့သော်လည်း သူမက တစ်စုံတစ်ရာလွဲမှားနေခြင်းကို ချက်ချင်း ခံစားမိသည်။
“နေကြပါဦး။ မငြင်းခုန်နေနဲ့တော့။ သူဌေးယွမ်ကို ကြည့်စမ်းပါဦး” ချန်ဝေက ရုတ်တရက် စကားပြောသည်။
ချန်ဝေက ယွမ်ကျိုး၏ဖီးနစ်အမြှီး ပုစွန်ဟင်းချက်နေသော ပုံစံကို ကြည့်ပြီး ပြောခြင်း ဖြစ်သည်။
“ဘာဖြစ်လို့လဲ” ဝူဟိုင်းက တခြားသူများထက် အရင်ဆုံး တုံ့ပြန်သည်။
“သူဌေးယွမ်ရဲ့ ဖီးနစ်အမြှီးပုစွန်ဟင်း ပြင်ဆင်နေတဲ့ပုံစံက ထူးဆန်းနေတယ်လို့ မင်းတို့ရော မခံစားမိဘူးလား” ချန်ဝေက ဤဟင်းပွဲကို ပထမဆုံးအကြိမ် မှာယူခြင်း ဖြစ်သည်။ သူက အရက်သောက်ရင်း စားချင်သော အကြံအစည်ဖြစ်သည်။
သို့သော်လည်း ယွမ်ကျိုး၏ပုစွန်ဖမ်းသော ပုံစံ နှင့် ပုစွန်ကိုင်သောပုံစံက အတော်လေး ထူးဆန်းနေသည်ဟု သူ ရုတ်ခြည်း ခံစားမိသည်။
“အမှန်ပဲ” မိန်းမချောလေးက တစ်စုံတစ်ရာကို တွေးတောမိ၍ ခေါင်းညိတ်သည်။
“ဟုတ်တယ်။ ငါလည်း အဲဒီလို ထင်မိတယ်”
တခြားသော ဖောက်သည်များကလည်း ယွမ်ကျိုး၏လှုပ်ရှားမှုကို စောင့်ကြည့်နေသည်။
ယွမ်ကျိုးက သူ့အလုပ်သူ စိတ်အားထက်သန်စွာ လုပ်ဆောင်နေ၍ မေးမြန်းရန် အချိန်ကောင်းမဟုတ်ဟု ခံစားမိကြသည်။
စားသောက်ဆိုင်ထဲမှ ဖောက်သည်များက ပင့်သက်ရှိုက်ကြပြီး တိတ်တဆိတ် စောင့်ဆိုင်းနေသည်။
ယွမ်ကျိုးက ဟင်းပွဲကို ချန်ဝေထံ သယ်ဆောင်လာမှသာ ချန်ဝေက အလောတကြီး မေးမြန်းသည်။
“သူဌေးယွမ်ရဲ့ ပုစွန်ကိုင်တဲ့ ပုံစံက ဘာလို့ အရမ်းထူးဆန်းနေတာလဲ”
“ဟုတ်လား” ယွမ်ကျိုးက ချက်ချင်း ပြန်မဖြေခဲ့ပေ။ ယွမ်ကျိုးက မျက်နှာဖုံးမချွတ်ထား၍ သူ၏အမြဲတည်ငြိမ်နေသော အမူအရာ မပျက်ယွင်းခြင်း ဖြစ်သည်။
“စားသုံးသူရဲ့ ခံတွင်းထဲ မရောက်မချင်း အဲဒီပုစွန်က ဘယ်သူမှ မထိရဘူး။ ချက်ပြုတ်တဲ့ ငါလည်း အပါအဝင်ပဲ” ခဏရပ်တန့်ပြီးနောက် ယွမ်ကျိုးက နောက်ဆုံးတော့ တုံ့ပြန်လာပြီး လေးနက်စွာ ပြန်ဖြေသည်။
“ဒါဆိုရင် မနေ့တုန်းက သူဌေးယွမ်ရဲ့အပြုအမူက ငွေကြောင့် မဟုတ်ဘူးပေါ့”
“မနေ့တုန်းက ဘာဖြစ်တာလဲ”
မနေ့တုန်းက အဖြစ်အပျက်ကို သိသူက ချက်ချင်း ရှင်းပြသည်။
“ပုစွန်တွေက အရမ်းအရသာရှိတာ အံ့ဩစရာ မရှိဘူး။ ပုစွန်အသားတွေကို ဖောက်သည်ဆီ မသယ်လာခင် သေချာပြင်ထားပြီး သူကိုယ်တိုင်တောင် လက်နဲ့ မထိဘူး။ ဟင်းချက်ပစ္စည်းတွေ ကိုင်တွယ်ရင်တောင် စည်းစနစ်ကျတယ်”
“သုံးဆောင်ပါ” ယွမ်ကျိုးက ချန်ဝေ၏အရှေ့က ဖီးနစ်အမြှီးပုစွန်ဟင်း နှင့် ဆန်အရက်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
“အိုကေ ကောင်းပြီလေ” ပါဝင်နှုန်းက ကြောင်စာမျှသာ ဖြစ်သော်လည်း ယခုတော့ ချန်ဝေက ယွမ်ကျိုးကို အတော်လေး အထင်ကြီး လေးစားသွားသည်။
ခွက်ကို ကိုင်ဆောင်လိုက်ပြီး ချန်ဝေက တစ်ငုံ့သောက်ကြည့်သည်။ သန်မာကြံ့ခိုင်သော ခန္ဓာကိုယ် ကြမ်းကြမ်းတမ်းတမ်းပုံစံ စိတ်မရှည်သောအမူအရာ ရှိသော်လည်း ချန်ဝေက ကြော့ရှင်းသောအမူအရာဖြင့် အရက်ကို သောက်သည်။
ဆန်အရက် ခံတွင်းအပြည့် လည်ချောင်းထဲ စီးဝင်သွားသောအခါ အေးစက်စက်အရသာက သူ့ခံတွင်းထဲ ချက်ချင်း ပျော်ဝင်သွားသည်။ ထမင်းစေ့များ၏ နူးညံ့လတ်ဆတ်သော အရသာကိုလည်း ခံစားမိသည်။ ထို့အပြင် အမည်မသိသော မွှေးရနံ့က သူ့ခံတွင်းထဲ အဆက်မပြတ် စွဲထင်နေပြီး သူ့အစာအိမ်ထဲသို့ စီးဆင်းသွားသည်။
ဤအမည်မသိသော အရသာကြောင့် ချန်ဝေက ဆန်အရက် နောက်တစ်ငုံ့ထပ်သောက်သည်။
ဤတစ်ကြိမ်တွင် မတူညီသောအရသာက ရုတ်ခြည်းပေါ်လာသည်။ ပူလောင်သောခံစားချက် ခံစားရသော်လည်း ထိခိုက်စေသည့် အခြေအနေ မဟုတ်ချေ။ အရက်က သူ့လည်ချောင်းထဲ နောက်တစ်ကြိမ် စီးဆင်းသွားသည်။
ချန်ဝေက အရက်ခွက်ကို သယ်ဆောင်ပြီး အရသာကို ဆက်လက်မြည်းစမ်းသည်။
နို့နှစ်ရောင်ခွက်ထဲက ကြည်လင်နေသော အရက်က အရက်ပြင်းပြင်းများကဲ့သို့ ဆွဲဆောင်မှုရှိသော်လည်း အရက်ပါဝင်နှုန်းက ၂၀ရာခိုင်နှုန်းခန့်သာ ပါဝင်မှန်း ချန်ဝေ သိသည်။
အပိုင်း(၁၂၆)
ပြီးပါပြီ