အခန်း (၁၈၁-၁၈၃)
Vol. 13 Ch. 181-183
ယွမ်ကျိုး အပိုင်း(၁၈၁)
သက်လတ်ပိုင်းအမျိုးသားက မျက်နှာချိုသွေးသောစကားမျိုးကို ပြောမည်မဟုတ်ကြောင်း ပွင့်လင်းစွာပြောသွား၍ ပတ်ဝန်းကျင်အခြေအနေက စိတ်ပျက်ဝမ်းနည်းဖွယ်ကောင်းသော အခြေအနေအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
သက်လတ်ပိုင်းအမျိုးသားနောက်မှ လိုက်ပါလာသော လူငယ်က ဤမြင်ကွင်းကို မြင်တွေ့သည့်တိုင် ပြဿနာကို အဆင်ပြေအောင် ဖျောင်းဖျမည့်ရည်ရွယ်ချက် မရှိပဲ လက်ပိုက်ကြည့်နေသည်။
သိပ်မကြာလိုက် စားသောက်ဆိုင်ဝင်ပေါက်သို့ ရောက်ရှိသွားသည်။ စားသောက်ဆိုင်ဝင်ပေါက်သို့ ရောက်ရှိသောအခါ ဆိုင်ပိုင်ရှင်သူဌေးက ပြုံးနေသောမျက်နှာအမူအရာကို ပြောင်းလဲလိုက်ပြီး စကားပြောသည်။
"ဆိုင်ကိုရောက်ပြီ။ ရန်ယီ အထဲကို ဝင်ကြမယ်။ ပြင်ဆင်စရာတွေရှိတာ အားလုံးကို ပြင်ဆင်ထားတယ်"
"အွန်း"
ဒီလိုအချိန်တွင် သက်လတ်ပိုင်းအမျိုးသားက ပို၍ပွင့်လင်းစွာပြောဆိုသည်။ သူပြောချင်သည့်စကားကို ပြော၍ သူက ရှေ့မှဦးဆောင်ကာ ဆိုင်ထဲသို့ ဝင်ရောက်သွားသည်။
"ဒီအဖိုးကြီးက ခုနောက်ပိုင်း စိတ်ဆိုးဒေါသထွက်လွယ်နေသလိုပဲ"
ဆိုင်ရှင်သူဌေးက မည်သူမှမသိအောင် အံ့ကိုကြိတ်လိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် သိမ်မွေ့သောအမူအရာနှင့် စိတ်အားထက်သန်သော အမူအရာကိုသာပြသပြီး ရှေ့မှ ဦးဆောင်လမ်းပြသည်။
"ဟယ်လိုသူဌေး"
"ဟယ်လို လူကြီးမင်းလီ။ အားလုံးအဆင်သင့်ပါပဲ။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ"
မန်နေဂျာဂုံက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူတို့သုံးယောက်ကို စားသောက်ဆိုင်ထဲသို့ ဦးဆောင်လမ်းမပြခင် နှုတ်ဆက်စကားပြောလိုက်သည်။
သူတို့အားလုံးသည် ပင်မခန်းမဆောင်ကြီးကို ဖြတ်ကျော်ပြီး VIPအခန်းနားသို့ ရောက်ရှိသွားသည်။
အစိမ်းရောင်ဝါးပင်များဖြင့် အလှဆင်ထားသော အခန်းသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ အခန်း၏ တံခါးပေါက်ဝတွင်လည်း အစိမ်းရောင်ဝါးအခန်းဟု ရေးထိုးထားသည်။
မန်နေဂျာဂုံက အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး တခြားသူများအခန်းထဲ ဝင်ရောက်နိုင်အောင် ဘေးနားကပ်ပေးလိုက်သည်။
"မစိုးရိမ်ပါနဲ့ လူကြီးမင်းလီ။ အခန်းထဲမှာ မကောင်းတဲ့အငွေ့အသက်တွေ မရှိပါဘူး။ ဟင်းပွဲတွေကိုလည်း မကြာခင် တည်ခင်းမှာပါ။ ခဏလေးတော့ စောင့်ပေးပါ"
မန်နေဂျာဂုံက ဘေးဘက်မှာမတ်တပ်ရပ်နေစဉ် ယဉ်ကျေးစွာပြောသည်။
"ကောင်းပြီ"
"ဒါဆိုရင် မြန်မြန်ပြင်ဆင်ဖို့အတွက် စားဖိုမှူးခေါင်းဆောင်ကျန်ကို သွားပြောလိုက်တော့"
သက်လတ်ပိုင်းအမျိုးသားက သူတို့နှင့် စကားပြောချင်သော ရည်ရွယ်ချက် မရှိပေ။ သူနှင့်အတူတူလိုက်ပါလာသော လူငယ်လေးကလည်း ပြုံးရွှင်သောအမူအရာဖြင့် ဒီမြင်ကွင်းကို စောင့်ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။
ဆိုင်ပိုင်ရှင်သူဌေးက ဦးစွာစကားပြောခြင်းဖြစ်သည်။ သို့သော်လည်း စားဖိုမှူးခေါင်းဆောင် မည်သူဖြစ်လဲဆိုသည့်အချက်ကို သေသေချာချာပြောသွားသည်။
"ကောင်းပြီ သူဌေး။ လူကြီးမင်းလီ ခဏလေးတော့ စောင့်ပေးပါဦးနော်"
ထိုစကားကို ပြောပြီးနောက် မန်နေဂျာဂုံက တံခါးကို ချက်ချင်းပိတ်လိုက်ပြီး လျင်မြန်သော ခြေလှမ်းများဖြင့် ထွက်ခွာသွားသည်။
သူက တည်ခင်းမည့်ဟင်းပွဲများအကြောင်းကို မီးဖိုချောင်ကို အသိပေးချင်ခဲ့သည်။
"မင်းရဲ့စည်းမျဉ်းတွေအရ ဒီမှာ ရောင်းချတဲ့ ဟင်းပွဲတွေအားလုံးကို တည်ခင်းဖို့ ငါ့လူတွေကို ညွှန်ကြားထားပါတယ်။ မင်းစားနိုင်သလောက် မြည်းစမ်းပေးပါ"
ဘေးဘက်ထိုင်ခုံမှာ ထိုင်နေသော သူဌေးက ပြုံးကာရွှင်ကာဖြင့် စကားပြောသည်။
"အင်း"
သက်လတ်ပိုင်းအမျိုးသားက ခပ်ပြတ်ပြတ် စကားပြောနေတုန်းဖြစ်ပြီး စကားအများကြီး ပြောရန် အင်တင်တင်ဖြစ်နေသည်။
မီးဖိုချောင်ဝန်ထမ်းများ၏ ကြိုးစားမှုကြောင့် ကြီးမားသောထမင်းစားပွဲဝိုင်းကြီးသည် အချိန်ပင် သိပ်မယူရပဲ ဟင်းပွဲများဖြင့် ပြည့်နှက်သွားသည်။
သာမန်ထက် ထူးခြားကောင်းမွန်သော ဟင်းပွဲများက သူတို့ကိုမြည်းစမ်းမည့် ပုဂ္ဂိုလ်များကို စောင့်ဆိုင်းနေသည်။
သက်လတ်ပိုင်းအမျိုးသားက စကားအများကြီး မပြောခဲ့ပေ။ သူက တူကို ကောက်ကိုင်လိုက်ပြီး ဟင်းပွဲများ၏ အရသာကို စတင်မြည်းစမ်းသည်။
ဤပုဂ္ဂိုလ်၏အမည်က လီရန်ယီ ဖြစ်သည်။ သူကကျော်ကြားသော အစားအသောက် မှတ်ချက်ပေးသူအဖြစ် လူသိများထင်ရှားသည်။
တခြားသူများနှင့် ခြားနားသည့်အချက်က သူကအလွန်အမင်း ကျော်ကြားပြီး ခပ်မာမာ စကားပြောလေ့ရှိသည်။
သူက မှားယွင်းသောမှတ်ချက်များကိုပေးပြီး ငွေလက်ခံလေ့ မရှိသောကြောင့် အစားအသောက်ရပ်ဝန်းတွင် သာမန်ထက် လွန်ကဲစွာ ကျော်ကြားခြင်းဖြစ်သည်။
အများ၏အမြင်တွင်လည်း သင့်တင့်လျောက်ပတ်သော ဩဇာတိက္ကမလည်းရှိသည်။
သူက အစားအသောက်မှတ်ချက်ပေးသူအဖြစ် အချိန်ပြည့် အလုပ်မလုပ်မှန်း လူတိုင်း သိထားကြသည်။ ထို့အပြင် ၎င်းမှလည်း အခကြေးငွေ မရယူထားပေ။
ထို့ကြောင့် သူ့ကို ယုံကြည်သူများ ပို၍ များပြားလာသည်။ ထို့ကြောင့်လည်း ကောင်းမွန်သောရလာဒ်များကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
ထို့အပြင် သူ၏မှတ်ချက်များသည် အလွန်အမင်း တိကျမှုရှိသည်။ ထို့ကြောင့်လည်း စားသောက်ဆိုင်များနှင့် ဟိုတယ်များက သူတို့ဟင်းပွဲများကို အခမဲ့ လာရောက်မြည်းစမ်းရန် လီရန်ယီကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။
လီရန်ယီကို ဖိတ်ခေါ်တိုင်း သူတို့ဆိုင်မှာ ရောင်းချသော ဟင်းပွဲအားလုံးကို တည်ခင်းပေးလေ့ရှိသည်။
ဟင်းပွဲများထဲမှ တစ်ခုကို စားကောင်း သောက်ဖွယ်အဖြစ် သတ်မှတ်ပေးရန်သာ မျှော်လင့်ကြသည်။ ထို့အပြင် လီယန်ယီးတွင် ကြေးများသော အကျင့်စရိုက်လည်းရှိသည်။
"အိုကေ။ ငါဗိုက်ဝသွားပြီ"
လီရန်ယီက ဟင်းပွဲများ၏ တစ်ဝက်ခန့်ကို စားပြီးနောက် တူကို အောက်သို့ချလိုက်ပြီး စကားပြန်ပြောသည်။
"ကောင်းပြီ။ ရန်ယီ မင်းကို အနှောင့်အယှက် ပေးမိတဲ့အတွက် အားနာမိပါတယ်။ မင်းကို လိုက်ပို့ပေးမယ်"
ဘေးဘက်မှာ မတ်တပ်ရပ်နေပြီးတော သူဌေးက ရလဒ်အကြောင်းကို မမေးမြန်းပဲ စိတ်အားထက်သန်စွာ စကားပြန်ပြောနေလေသည်။
သူဌေးက သည်းခံတတ်သူ မဟုတ်ပေ။ သို့သော်လည်း လီရန်ယီကို လိုက်ပါပို့ဆောင်ရခြင်းက စည်းမျဉ်းတစ်ခုဖြစ်သောကြောင့် သူအခုလို လုပ်ဆောင်ခြင်းဖြစ်သည်။
"ရတယ်လေ"
လီရန်ယီက အစားအသောက်များကို အလကား စားသောက်ပြီးနောက် ပို၍ယဉ်ကျေးလာခြင်း မဟုတ်ပဲ စကားအနည်းငယ်သာ ပိုပြောလာသည်။
သူဌေးက ရှည်ရှည်ဝေးဝေး စကားမပြောတော့ပဲ မတ်တပ်ထရပ်လိုက်ပြီး လီရန်ယီကို လိုက်ပါ ပို့ဆောင်သည်။
သူတို့နောက်တွင် ကျန်ခဲ့သော ကြီးမားသော စားပွဲဝိုင်းကြီးပေါ်ရှိ ထူးခြားသောဟင်းပွဲများသည် အပူဓာတ် တဖြည်းဖြည်း ဆုံးရှုံးသွားပြီး အေးစက်သွားသည်။
လီရန်ယီကို လိုက်ပါပို့ဆောင်ပြီးနောက် မန်နေဂျာဂုံသည် သူဌေးကို မေးမြန်းသည်။
"သူဌေး၊ အခြေအနေဘယ်လိုလဲ။ သူကျေနပ်သွားရဲ့လား"
"ပြဿနာမရှိလောက်ဘူးတော့ ထင်တာပဲ"
သူဌေးက ခဏတွေးကြံပြီးနောက် သေချာဟန် ပြန်ဖြေသည်။
"ပြဿနာတော့ သေချာပေါက် မရှိလောက်ပါဘူး။ လူကြီးမင်းလီရဲ့ မျက်နှာပေါ်မှာ မကျေနပ်တဲ့ အမူအရာကို မတွေ့ရဘူး"
သို့သော်ငြားလည်း မန်နေဂျာဂုံက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
"အင်း၊ ဟင်းပွဲတွေ သွားသိမ်းပြီးတော့ စားပွဲရှင်းလိုက်တော့"
သူဌေးက လီရန်ယီ၏ မကျေနပ်သော မျက်နှာကို ပြန်မြင်ယောင်လာသောအခါ ဆိုးရွားသော ခံစားချက်ကို ခံစားမိသည်။
မန်နေဂျာဂုံက သူဌေး၏ မကျေမနပ် အမူအရာကို မျက်မှန်းတန်းမိသောအခါ ဘာဆို ဘာမှ ထပ်မမေးမြန်းရဲဘဲ နာခံစွာဖြင့် အလုပ်သွားလုပ်သည်။
အိမ်သို့ ပြန်ရောက်လာသောအခါ လီရန်ယီက ကိုယ်လက်သန့်စင်ပြီး ယနေ့သုံးဆောင်ခဲ့သော ဟင်းပွဲနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်အတွက် စာကြည့်ခန်းသို့သွားသည်။
[ပျိုနီပန်းကြာပန်းလွှာမုန့်ကို ရိုးရာမပျက် ပြုလုပ်ထားတယ်လို့ ထင်ရပေမယ့် သာမန် အဆင့်အတန်းပဲ။ ကဗျာထဲက ရေးထားတာနဲ့ ဘာမှကို လားလားမှ မဆိုင်ဘူး။ ပန်းပွင့်ပုံသဏ္ဍာန်ပေါက်ပေမယ့် ဒီအစားအသောက်က အဆီများပြီးတော့ ဒီပါဝင်ပစ္စည်းတွေရဲ့ မူလအရသာကို သွေဖယ်စေတယ်။ အခြားဟင်းပွဲတွေကလည်း အိမ်မှာလုပ်တဲ့ မုန့်တွေလောက်တောင် မကောင်းဘူး။ ဘာမှတောင် ဆက်မပြောချင်တော့ဘူး] စားကောင်းသောက်ဖွယ်များကို သုတေသန ပြုလုပ်သူ
ပျိုနီပန်းကြာပန်းလွှာမုန့်ဟု လီရန်ယီ၏ ပြောခဲ့သောမုန့်သည် စားဖိုမှူးခေါင်းဆောင်ကျန်၏ အထူးလက်ရာဖြစ်သည်။
အရသာက မွှေးကြိုင်ပြီး ပန်းပွင့်၏ ရနံ့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ သို့သော်လည်း သာမန်ဟင်းလျာဟု လီရန်ယီက ပြစ်တင်ဝေဖန်သွား၍ စားဖိုမှူးခေါင်းဆောင်ကျန်အပေါ် ဆိုးဆိုးရွားရွား ထိခိုက်နိုင်သည်။
ကြာပန်းစားသောက်ဆိုင်၏ သူဌေးက ဤအကြောင်းအရာကို မသိသေးပေ။ ကြာပန်းစားသောက်ဆိုင်၏ သူဌေးက လီရန်ယီကို သူတို့ဟိုတယ်သို့ ဖိတ်ခေါ်ပြီး ကောင်းမွန်သော မှတ်ချက်များပေးရန်သာ မျှော်လင့်နေခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် လီရန်ယီက ကိုယ်ရေးကိုယ်တာ ခံစားချက်များကို ထည့်တွက်လေ့မရှိပေ။ သူက သူပြောချင်သော အကြောင်းအရာများကို မှတ်ချက်ရေးသားထားပြီးနောက် အနားယူရန် အိပ်ယာထဲသို့ သွားသည်။
သူ ထပ်မံ ဝေဖန်ပြစ်တင်သည့် စားသောက်ဆိုင်တစ်ခုဖြစ်သွားသည်။
ညသန်းခေါင်ယံဖြစ်သည်။ ယွမ်ကျိုး၏ စားသောက်ဆိုင် ပိတ်ခါနီးအချိန်လည်းဖြစ်သည်။ သို့တိုင် စားသောက်ဆိုင်အခန်းတွင်းတွင်ရှိသော လူတချို့သည် နေ့အချိန်ကဲ့သို့ အုပ်စုဖွဲ့ကာ စကားပြောနေကြသည်။
လူအများစုက တိုးလျသောအသံဖြင့် စကားပြောနေခြင်းဖြစ်သည်။ ပြဿနာကြီးကြီးမားမား တစ်စုံတစ်ရာကို ဆွေးနွေးနေပုံပေါက်သည်။
ပိန်ပိန်ပါးပါးအမျိုးသားက ကျယ်လောင်သော အသံဖြင့် စိတ်လှုပ်ရှားစွာ ပြောမိ၍ သူ့ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း တဖြည်းဖြည်းချင်း လျော့နည်းလာသည်။
"ငါတော့ သူဌေးယွမ် ချမှတ်ထားတဲ့စည်းမျဉ်းတွေကို ထပ်ပြီးတော့ မလိုက်နာနိုင်တော့ဘူးလို့ ခံစားမိတယ်"
"အမှန်ပဲ။ နေ့တိုင်း၊ နေ့တိုင်း မနက်စာကိုတောင် ဝဝလင်လင် မစားရဘူး။ ဝိတ်ချဖို့အတွက် ဘယ်လိုလို့ ခွန်အားရှိတော့မှာလဲ"
သူတို့ထဲမှ အဝဆုံးနှင့် အသံအကျယ်ဆုံး အမျိုးသားက စိတ်မကျေနပ်ပုံပေါ်သည်။
"မင်းတို့ကော ဘယ်လိုလုပ်မယ်လို့ စိတ်ကူးထားလဲ"
အရပ်ရှည်ရှည်အမျိုးသားက ဤအဖွဲ့၏ခေါင်းဆောင်ဖြစ်ပုံရသည်။ သူက လေးနက်စွာမေးမြန်းသည်။
"ဒီလိုလုပ်ကြမယ်။ သူ့ရဲ့လက်ကိုတော့ သတိထားပြီးတော့ လုပ်ပေါ့"
ပုကွကွအမျိုးသားက အရင်ဆုံး အကြံထုတ်သည်။
"ဒီလိုလုပ်ပါလား။ ငါမင်းတို့ကို ဘာလုပ်ရမလဲဆိုတာ ညွှန်ကြားပေးမယ်လေ။ အဆင်ပြေလား"
ခေါင်းဆောင်ဟု ထင်ရသော အရပ်ရှည်ရှည် အမျိုးသားက ခေါင်းကိုလှည့်လိုက်ပြီး ပိန်ပိန်ပါးပါးလူကို ကြည့်သည်။
"မင်းတို့တွေ ငါ့ကို ထည့်တွက်နိုင်တယ်။ ငါက သူဌေးယွမ်ရဲ့အကြောင်းကို စုံစမ်းထားတယ်။ သူက အမှိုက်ပုံးနားကို ညတိုင်း၊ ညတိုင်း သွားပြီးတော့ အမွှေးဖွာခွေးလေးကို အစာကျွေးလေ့ရှိတယ်။
အတိအကျပြောရရင်တော့ အရက်ဆိုင်ပိတ်ပြီး ခဏနေရင် အမွှေးဖွာခွေးလေးကို အစာသွားကျွေးတယ်"
ပိန်ပိန်ပါးပါးအမျိုးသားက ယွမ်ကျိုးနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို အစီရင်ခံသည်။
"အချိန်အတိအကျကို သိလား"
အရပ်ရှည်ရှည်အမျိုးသား အချိန်ကို အတည်ပြုရန် ဆက်လက်မေးမြန်းသည်။
"အင်း ငါသိတယ်။ သူဌေးယွမ်က ၁၁နာရီ၂၀မိနစ် ဝန်းကျင်လောက်ဆိုရင် အမှိုက်ပုံးနားကို သွားတယ်"
ပိန်ပိန်ပါးပါးအမျိုးသားက မှတ်စုစာအုပ်ကို ထုတ်လိုက်သည်။ သူက ယွမ်ကျိုး၏ လုပ်ဆောင်ချက်နှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို ၎င်းမှတ်စုစာအုပ်တွင် ရေးသားထားခြင်းဖြစ်သည်။
"ကောင်းပြီလေ။ ဒါဆိုရင် ငါတို့ ဆွေးနွေးထားတဲ့အတိုင်း လုပ်ကြတာပေါ့"
အရပ်ရှည်ရှည်အမျိုးသားက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။
"ကိစ္စမရှိပါဘူး။ ငါက ရှေ့ကနေ ဦးဆောင်မယ်။ မင်းက အခြေအနေကို စုံစမ်းထားပေး"
ဝတုတ်တုတ်အမျိုးသားက ရင်ဘတ်ကို လက်ဖြင့်ထုလိုက်ပြီး တာဝန်ထမ်းဆောင်ရန် အသင့်အနေအထား ပုံစံမျိုးပြသည်။
"မင်းတို့ချင်း ပူးပေါင်းဆောင်ရွက်မှုကို ငါက ထောက်ခံတယ်"
အရပ်ရှည်ရှည် အမျိုးသားက ထောက်ခံကြောင်း ပြောဆိုသည်။
"ငါက ပုပုသေးသေးလေးဆိုတော့ ပြေးရလွှားရလည်း အဆင်ပြေတယ်။ ဒါကြောင့်မို့လို မင်းတို့ကို သတင်းပို့တဲ့အနေနဲ့ ကာကွယ်ပေးမယ်"
အရပ်ပုပု အမျိုးသားက ဤနေရာနှင့် အသင့်တော်ဆုံးဖြစ်သည်။
"ကောင်းပြီ။ ဒါဆိုရင် ဒီတိုင်းပဲ လုပ်ကြတာပေါ့"
အဆုံးသတ်တွင် ပိန်ပိန်ပါးပါးကောင်လေးက ဆုံးဖြတ်ချက်ကို ပြောကြားလိုက်သည်။
သိပ်မကြာခင်မှာပင် နာရီလက်တံက ၁၁နာရီ၂၀မိနစ် အချိန်သို့ ရောက်ရှိသွားသည်။ မျှော်လင့်ထားသည့်အတိုင်း ယွမ်ကျိုးက စွပ်ပြုတ်ခွက်ကို သယ်ဆောင်ပြီး အမှိုက်ပုံးဆီသို့သွားသည်။
အရပ်ရှည်ရှည်၊ ဝဝတုတ်တုတ်၊ ပုပုကွကွ အမျိုးသားသုံးယောက်က ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်သည်။
ယွမ်ကျိုး စားသောက်ဆိုင်ထဲမှ ထွက်သွားသော အခြေအနေကို စောင့်ကြည့်နေသည်။
"ဟေး မင်းတို့သုံးယောက် မြန်မြန် သူ့နောက်ကိုလိုက်။ သူဌေးယွမ် စားသောက်ဆိုင်အပြင်ဘက်ကို ထွက်သွားပြီ"
ညကြည့်တယ်လီစကုပ်ကို လက်တစ်ဖက်က ကိုင်ပြီး ကျန်လက်တစ်ဖက်က ဖုန်းကို ကိုင်ဆောင်ထားကာ ပိန်ပိန်ပါးပါး အမျိုးသားက သူလျှိုအနေဖြင့် ယွမ်ကျိုး၏ လှုပ်ရှားမှုကို စောင့်ကြည့်နေသည်။
"အဆင်သင့်ပဲ"
ဖုန်း၏တခြားတစ်ဖက်မှ ဝတုတ်က ပြန်ဖြေကြားသည်။
ထို့နောက် ပိန်ပိန်ပါးပါး အမျိုးသားသည် စိတ်အေးချမ်းသွားဟန်ဖြင့် တီးတိုးရေရွတ်သည်။
"ဒီအစားအသောက်ဝါသနာရှင်တွေရဲ့ဘဝကို ခင်ဗျားသိအောင် ပြရတာပေါ့"
အပိုင်း(၁၈၁)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၈၂)
မဲမှောင်နေသော နောက်ဖေးလမ်းကြားမှ ယွမ်ကျိုး၏ခြေသံကို ကြားနိုင်သည်။ တိမ်များ၏ နောက်ကွယ်တွင် လမင်းက ဖုံးကွယ်နေသောကြောင့် နက်မှောင်နေသော နောက်ဖေးလမ်းကြားက ပို၍မဲမှောင်သွားသည်။
သို့သော်လည်း ယခုလို မှောင်မိုက်နေသော နောက်ဖေးလမ်းကြားနှင့် ယွမ်ကျိုးက ကျင့်သားရနေပြီးသားဖြစ်သည်။ နောက်ဖေးလမ်းကြားသို့ မကြာခဏ သွားနေခြင်းဖြစ်သောကြောင့် ယခုလို ကျင့်သားရနေခြင်းဖြစ်သည်။
ထို့ကြောင့် သူက ပုံမှန်အတိုင်း ရှေ့ဆက်လျှောက်သွားသည်။ ယွမ်ကျိုးက နောက်ဖေးလမ်းကြားနှင့် မနီးမဝေးတွင် နေထိုင်သောကြောင့် စားသောက်ဆိုင်သို့ ပြန်ရောက်ရန် ပုံမှန်အားဖြင့် ငါးမိနစ်ခန့်သာ ကြာသည်။
သို့သော်လည်း လမ်းတစ်ဝက်ရောက်သောအခါ အမဲရောင်ပုံရိပ်က သူသွားမည့်လမ်းပေါ်မှာ ရုတ်တရက်ပေါ်လာသည်။ ၎င်းအဖွဲ့က သူသွားမည့်လမ်းကို ပိတ်ဆို့ထားသည်။
မျက်မှောင်ကြုတ်ပြီး ယွမ်ကျိုးက တစ်စုံတစ်ရာ လွဲမှားနေသည်ကို ခံစားမိသွားသည်။ သူက နောက်ပြန်လှည့်ကြည့်သောအခါ အရပ်ရှည်ရှည်နှင့် အရပ်ပုပုအမျိုးသားနှစ်ယောက်က သူပြန်မည့်လမ်းကို ပိတ်ဆို့ထားသည်ကို တွေ့သွားသည်။
"ခင်ဗျားတို့ ဘာလိုချင်တာလဲ"
ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် သူ့ကို မုန်းတီးသူ၊ မနာလိုသူ မရှိကြောင်း တွေးမိသည်။ သူက ကိုယ်ကျင့်သိက္ခာ စောင့်စည်းပြီး အကျင့်စာရိတ္တ ကောင်းမွန်သည့် လူငယ်ဖြစ်သည်။
သူက အရမ်းကို ခံ့ညားချောမောနေ၍ တိုက်ခိုက်သလော၊ သူရဲ့ပုံပန်းသွင်ပြင်က ဟိတ်ဟန်ထုတ်သည့်အမူအရာ ဖြစ်နေသလောဟု တွေးမိနေသည်။
"သူ့ကို ရိုက်။ လက်ကိုတော့ မထိခိုက်စေနဲ့။ ဖွဖွလေးရိုက်"
အရပ်ရှည်ရှည် အမျိုးသားက နှာခေါင်းကိုညှစ်ထားပြီး သူ့အသံကို တခြားသူ မမှတ်မိအောင် ရုပ်ဖျက်ပြီး စကားပြောသည်။
"မစိုးရိမ်ပါနဲ့"
ဝတုတ်တုတ်အမျိုးသားက လမ်းကို ပိတ်ရပ်ထားပြီး ပြန်ဖြေကာ ယွမ်ကျိုးအနား ချက်ချင်း ချဉ်းကပ်လာသည်။
"နေပါဦီး"
ယွမ်ကျိုးက ရပ်လိုက်စမ်းဟူသော အမူအရာကို ပြုလုပ်သည်။
"နေပါဦး။ သူဌေးယွမ် ဘာပြောချင်သလဲဆိုတာ နားထောင်ကြမယ်"
အရပ်ရှည်ရှည် အမျိုးသားက ကျယ်လောင်စွာ ပြောသည်။
ဝတုတ်တုတ်အမျိုးသားနှင့် ပုကွကွ အမျိုးသားတို့သည် အရပ်ရှည်ရှည်အမျိုးသား၏ စကားကို နာခံစွာဖြင့် ရပ်တန့်လိုက်ပြီး ယွမ်ကျိုးပြောမည့်အကြောင်းအရာကို နားစွင့်နေသည်။
ယွမ်ကျိုးက ပထမဦးဆုံး ခါးကိုင်းလိုက်ပြီးတော့ မြေကြီးပေါ်မှာ စွပ်ပြုတ်ခွက်ကို ချထားလိုက်သည်။ ဤသည်က စနစ်မှ ထောက်ပံ့ပေးထားသောပစ္စည်းဖြစ်သည်။
ဤပစ္စည်း ကျကွဲသွားလျှင် သို့တည်းမဟုတ် ပျက်စီးသွားလျှင် လျော်ကြေးပေးနေရနိုင်သည်။ ထို့ကြောင့် မြေကြီးပေါ်မှာ ချထားလိုက်ရခြင်းက အကောင်းဆုံးဖြစ်သည်။ ထိုစဉ် သူ့စိတ်ထဲ တွေးကြံလိုက်သည်။
"စနစ် မင်းရဲ့ဆိုင်ရှင်က သေစေလောက်တဲ့ အန္တရာယ်ကိုကြုံနေပြီ။ မင်း ငါ့ကို အသက်ပြန်သွင်းပေးနိုင်လား"
စနစ်မှ ဖော်ပြသည်။
"ဆိုင်ရှင် လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်စကားတွေကို မပြောပါနဲ့"
"မင်းတောင် မလုပ်နိုင်ဘူးဆိုတော့ ငါ့ကို ဒီအခက်အခဲကနေ ကျော်လွှားနိုင်အောင်လို့ တစ်ခုခု ပေးတာတို့၊ တစ်ခုခုပြင်ဆင်ပေးတာတို့ လုပ်ပေးသင့်တယ် မဟုတ်ဘူးလား"
ယွမ်ကျိုးက တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း သူ့စိတ်ထဲ အတော်လေး စိုးရိမ်စိတ်ဖြစ်နေသည်။
သို့သော်လည်း စနစ်က ဤတစ်ကြိမ်တွင် အတော် နှုတ်ဆိတ်နေသည်။
"ဒါဆိုရင် ငါ့ကို ငါပဲ အားကိုးရတော့မယ်ထင်တယ်"
ယွမ်ကျိုးက တိတ်တဆိတ် တွေးတောပြီးနောက် မတ်တပ်ရပ်လိုက်သည်။
"သူဌေးယွမ်က ဒီခွက်ကို အတော်လေး တန်ဖိုးထားပုံပဲ"
အရပ်ရှည်ရှည်အမျိုးသားက ခနဲ့တဲ့တဲ့ပြောသည်။
"ကျေးဇူးပဲဗျာ။ ကျုပ်က ဒီလို အကျင့်ပဲရှိတယ်လေ။ မင်းတို့က ငါ့ကို သူဌေးယွမ်လို့ ခေါ်လိုက်တော့ ငါ့ကို သိနေပုံပဲ။ ဒါဆိုရင် မင်းတို့ ဘာလိုချင်သလဲဆိုတာ ငါ့ကိုပြော"
ယွမ်ကျိုးက ကျောဆန့်ပြီးတော့ မတ်တပ်ရပ်ကာ အေးတိအေးစက် မေးမြန်းသည်။
"ဟား ဟား ဟား ဟား"
ယွမ်ကျိုးမေးမြန်းသည့် အကြောင်းအရာကို ကြားပြီးနောက် အရပ်ရှည်ရှည် အမျိုးသားက သူမေးသည့်မေးခွန်းကို ပြန်ဖြေမည့်အစီအစဉ်မရှိမှန်း သိသာထင်ရှားသည်။
"ညီအစ်ကိုတို့ အချိန်မစောတော့ဘူးနော်"
အရပ်ရှည်ရှည်အမျိုးသားအပြင် ဝတုတ်တုတ် အမျိုးသားကလည်း ကျယ်လောင်စွာ ထအော်သည်။ သူ့အသံက ညဇီးကွက်တစ်ကောင်၏ အော်သံနှင့်တူသည်။
"လက်ကို ထိခိုက်အောင် မလုပ်ဖို့ပဲ သတိရ။ ငါပြောတာ သေချာမှတ်ထားနော်"
အရပ်ရှည်ရှည် အမျိုးသား၏ စကားပြောခြင်း အဆုံးသတ်ပြီးနောက် ၎င်းအမျိုးသားသည် သူတို့ကို ကျောခိုင်းလိုက်ပြီး ဤမြင်ကွင်းကို စောင့်ကြည့်ချင်သည့်သဘောဖြစ်သည်။
"ဟေ့ ဟေ့ မင်းတို့တွေ တကယ်ပြောနေတာလား။ နေပါဦး၊ နေပါဦး။ ငါတို့တွေ ညှိနှိုင်းခွင့် မရှိတော့ဘူးလား"
ယွမ်ကျိုးက ကြုံတွေ့ရမည့်တိုက်ပွဲအတွက် စိုးရိမ်စိတ် ဖြစ်နေသည်။
ယွမ်ကျိုးကို စနစ်က သာမန်ထက် ထူးချွန်သည့် ဟင်းချက်စွမ်းရည် ထောက်ပံ့ပေးထားသော်လည်း ထိပ်တန်း ကိုယ်ခံပညာရပ်ကို မပေးအပ်ထားချေ။
ယခုလို အခြေအနေမျိုးကို ရင်ဆိုင်ရန် အင်အားမရှိပေ။ ထို့ပြင် လေးယောက်တစ်ယောက်ဖြစ်နေ၍ ယှဉ်နိုင်ရန် မလွယ်ကူပေ။ ထိုစဉ် ယွမ်ကျိုး၏ ကယ်တင်ရှင် ရောက်ရှိလာသည်။
"ဝုတ် ဝုတ် ဝုတ် ဝုတ်"
ခွေးကလေးစွပ်ပြုတ်က ယွမ်ကျိုး၏ အရှေ့ကို ရောက်ရှိလာပြီး သူ့ခန္ဓာကိုယ်ပေါ်မှ အမွှေးများက ရန်သူကို သတိထားဟန် အမူအရာဖြင့် ထောင်မတ်နေသည်။
ခွေးက ဘယ်က ဘယ်လိုရောက်လာမှန်း သူတို့အားလုံး မသိကြပေ။ အကျိုးဆက်အနေဖြင့် နှစ်ဖက်အဖွဲ့ အင်အားမျှသွားသည်။ ဆက်တိုက်ဆိုသလို ပြင်းထန်သောတိုက်ပွဲက နောက်ဖေးလမ်းကြားတွင်းမှာ ဖြစ်ပွားခဲ့သည်။
နောက်ဆုံးအကျိုးရလဒ်က ခွေးကိုက်ခံရ၍ တိုက်ခိုက်လာသူ ၃ ဦး ထွက်ပြေးသွားခြင်းဖြစ်သည်။ ယွမ်ကျိုး၏ မျက်နှာပေါ်မှ ပန်ဒါမျက်လုံးများကို ထည့်မတွက်လျှင် ယွမ်ကျိုးက ဒဏ်ရာမရဟု ယူဆနိုင်သည်။
"မသတီစရာပဲ။ ငါ့မျက်နှာကို ဘာလို့ ထိုးရတာလဲ။ အရမ်းကို နာလိုက်တာ"
ယွမ်ကျိုးက သွေးများရောနေသည့် တံထွေးများကို ထွေးထုတ်လိုက်ပြီး မကျေနပ်ဟန် ပြောဆိုသည်။
"ဝုတ် ဝုတ် ဝုတ်"
ခွေးကလေးစွပ်ပြုတ်က တာဝန်သိတတ်စွာ ဟောင်နေဆဲဖြစ်သည်။
"ကောင်းပြီ။ ရပ်လိုက်တော့။ မင်း မဟောင်နဲ့တော့။ ရပ်လိုက်လို့ ရပြီ"
ယွမ်ကျိုးက ခါးကို ကိုင်းလိုက်ပြီးတော့ ခွေးလေးကို စကားပြောသည်။ ခွေးကလေးစွပ်ပြုတ်က ယွမ်ကျိုး၏စကားကို နာခံစွာ တဖြည်းဖြည်းချင်း အသံတိတ်သွားသည်။
"ကျေးဇူးတင်ပါတယ်။ မင်းကို စွပ်ပြုတ်ရည်တိုက်တာ အလဟဿမဖြစ်ခဲ့ဘူးပဲ"
ယွမ်ကျိုးက လက်ကိုဆန့်တန်းလိုက်ပြီးတော့ ခွေးကလေးကို ကိုင်ကြည့်ရန် ပြင်ဆင်သည်။ သို့သော်လည်း သူ့လက်ဆန့်လိုက်ယုံသာရှိသေးသည် ခွေးကလေးက ရှောင်ထွက်သွား၍ ခွေးကလေးကို ထိခွင့်မရခဲ့ပေ။
ယွမ်ကျိုးက ခွေးကလေးကို တိတ်တဆိတ်ငေးကြည့်နေစဉ် ခွေးကလေးစွပ်ပြုတ်က လှည့်ထွက်သွားသည်။ သူက ယွမ်ကျိုး၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခြင်းဖြစ်သည်။
"ကောင်းပြီလေ။ ဒါဆို ငါလည်းပြန်တော့မယ်။ ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက မတ်တပ်ရပ်လိုက်ပြီး တီးတိုးပြောဆိုသည်။ ထိုစကားကို ပြောဆိုစဉ် သူ့ရဲ့မျက်လုံးများကို ဖွဖွလေး ပွတ်သပ်လိုက်သည်။
ညအချိန်တွင် အခုလို မတော်တဆမှုများကို ကြုံတွေ့ခဲ့ရသည့်တိုင် ယွမ်ကျိုးက ဇွဲမလျော့ပဲ နောက်တစ်နေ့ မနက်ခင်းတွင် ဆိုင်ဖွင့်နိုင်သေးသည်။
သို့သော်ငြားလည်း မနက်ခင်းတွင် ရောင်းချသော ဟင်းပွဲက လူအများမျှော်လင့်ထားသည့် ဘဲဆီနှမ်းကပ်ကိတ် မဟုတ်သကဲ့သို့ ရှောင်လုံပေါင်း ဖက်ထုပ်လည်း မဟုတ်ပေ။ ထိုအစား ရိုးရှင်းသည့် ခေါက်ဆွဲစွပ်ပြုတ်ဖြစ်သည်။
ယွမ်ကျိုး၏ ပုံပန်းသွင်ပြင်ကို ပထမဦးဆုံး မြင်တွေ့ရသည့် မုရှောင်ယွမ် လန့်ဖျပ်သွားသည်။ မုရှောင်ယွမ်က တခြားသူများထက်စော၍ ဆိုင်သို့ရောက်ရှိလာပြီး သူမ၏နောက်တွင် ဖောက်သည်များလည်း ပါရှိလာသည်။
"သူဌေး၊ ရှင့်ရဲ့မျက်လုံးတွေ ဘယ်လိုဖြစ်ရတာလဲ"
မုရှောင်ယွမ်က တအံ့တဩ မေးမြန်းသည်။
"ဘာမှမဖြစ်ပါဘူး"
ယွမ်ကျိုး၏အဖြေက တိကျပြီး ပြီးပြည့်စုံသည်။
"ဒါပေမယ့် သူဌေးရဲ့မျက်လုံးတွေက ညိုမဲနေတယ်နော်"
မုရှောင်ယွမ်က စိုးရိမ်တကြီးပြောသည်။
"မြေကြီးပေါ် ပြုတ်ကျလို့ပါ။ ဒါပေမယ့် ပြဿနာမရှိပါဘူး"
ယွမ်ကျိုးက မုရှောင်ယွမ် ထပ်မံမေးမြန်းသောအခါ ချက်ချင်း ပြန်ပြောသည်။
"ဒါဆိုရင် ချော်လဲလို့ မျက်လုံးထိခိုက်သွားတာလား"
မုရှောင်ယွမ်က မယုံကြည်နိုင်ဖြစ်နေသည်။
"အင်း မနက်စောစောတုန်းက ဖြစ်တာပါ။ ဒီမနက်ခင်းမှာ ရိုးရှင်းတဲ့ ခေါက်ဆွဲစွပ်ပြုတ်ပဲ ရောင်းပါမယ်"
ယွမ်ကျိုးက ပင်မခန်းမဆောင်အပြင်ဘက်မှ စောင့်ဆိုင်းနေသည့်ဖောက်သည်များကို ပြောပြရန် သူမအား အချက်ပြသည်။
"ကောင်းပါပြီ သူဌေး"
မုရှောင်ယွမ်က နာခံစွာ ပြန်ပြောသည်။ သို့သော်လည်း ယခုကြုံတွေ့ခဲ့ရသောအခြေအနေက သူ့အိမ်မက်ဆိုး၏အစ ဖြစ်ခဲ့လိမ့်မည်ဟု ယွမ်ကျိုး မမျှော်လင့်ခဲ့ပေ။
ယွမ်ကျိုးက မနေ့ညက ဒဏ်ရာအများကြီး မရခဲ့ပေ။ ယွမ်ကျိုးကို လာရောက်တိုက်ခိုက်သူ ၃ ဦးက ခွေးကိုက်ခံရခြင်းကို ပြေးလွှားရင်း ယွမ်ကျိုး၏ မျက်လုံးကို မတော်တဆ ထိုးမိခြင်းဖြစ်သည်။
အကျိုးဆက်အနေဖြင့် ယွမ်ကျိုး ပန်ဒါမျက်လုံး ဖြစ်သွားခြင်းဖြစ်၏။
"သူဌေးယွမ်၊ ခင်ဗျားကို ဘယ်သူ ရိုက်လိုက်တာလဲ"
ဝူဟိုင်းက အရင်ဆုံး စပ်စပ်စုစု မေးမြန်းသည်။ သူက ရယ်ချင်စိတ်ကို ထိန်းထားပြီး မေးမြန်းခြင်းဖြစ်သည်။
"ဒီလိုမေးခွန်းတွေပဲ လာမေးနေပါလား။ ခင်ဗျားရော လဲကျသွားရင် ခင်ဗျားမျက်နှာ ဒီလိုထိခိုက်မယ်လို့ ခင်ဗျား ထင်လား။ ဒီကိစ္စက လုံးဝ မဖြစ်နိုင်ဘူးမို့လား"
ဖောက်သည်တစ်ယောက်က ယွမ်ကျိုး၏ အခြေအနေကို ဝေဖန်သည်။
"အမှန်ပဲ သူဌေးယွမ်ရဲ့ ပန်ဒါမျက်လုံးတွေက ပုံမှန်မဟုတ်ဘူး"
ပုံမှန်ဖောက်သည်များက ဘဲဆီနှမ်းကပ်ကိတ်ကို စားရန်အတွက် ဆိုင်သို့ရောက်လာခြင်း ဖြစ်သည်။
"မျက်လုံးတစ်ဖက်ထဲကို ထိုးလိုက်ရလား။ မျက်လုံးတစ်ဖက်က ပုံမှန်ဖြစ်ပြီး တစ်ဖက်က ထူးဆန်းနေတယ်။ ကြည့်စမ်းပါဦး"
ယွမ်ကျိုးကို ခဏအကြာ ငေးစိုက်ကြည့်ပြီးနောက် မန်မန်က ရုတ်တရက်ဝင်ပြောဆိုသည်။
"ဟုတ်တယ်၊ အမှန်ပဲ။ ဒါအနှောင့်အယှက် ပေးခံရတာပဲ ဖြစ်ရမယ်"
ဝူဟိုင်းက ယွမ်ကျိုးကို လှောင်ပြောင်ရန် ကြိုးစားရင်း ရယ်ချင်စိတ်ကို ထိန်းထားရသည်။
သို့သော်ငြားလည်း ယွမ်ကျိုးက တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းသိမ်းထားပြီး သူတို့ကို တုံ့ပြန်မှု မရှိခဲ့ပေ။ သူ၏ အမူအရာက တည်ငြိမ်ပြီး ခပ်တန်းတန်း ပုံသဏ္ဍာန်ရှိသည်။
သို့သော်လည်း ယွမ်ကျိုး မတုံ့ပြန်သည့်တိုင် သူတို့အားလုံး၏ စူးစမ်းလိုစိတ်က ပျောက်ကွယ်သွားမည့်သဘော မဟုတ်ချေ။
"သူဌေးယွမ်၊ ခင်ဗျားလည်း ပြဿနာမရှိတာ သေချာပါတယ်နော်။ ကျွန်တော်တို့ကို ပြပါဦး"
ရယ်ချင်စိတ်ကို ထိန်းထားသော ဖောက်သည်တစ်ယောက်က တအံ့တဩ မေးမြန်းသည်။
"ဟုတ်တယ်။ ငါတို့လည်း မြင်ချင်တယ်"
ဝူဟိုင်းက သူတို့နှင့်အတူ ကြားဝင်ပြောဆိုသည်။
"ခဏနေရင် ဆိုင်ပိတ်တော့မှာနော်"
ယွမ်ကျိုးက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့်ပြောသည်။
"မစိုးရိမ်ပါနဲ့။ ငါတို့ ဒီနေ့ စောစော ဆိုင်က ထွက်သွားပေးမှာပါ။ ဘာပဲဖြစ်ဖြစ် သူဌေးယွမ်က ဒဏ်ရာရထားတယ်ဆိုတော့ ခံစားချက်မကောင်းလောက်ဘူး"
ဝူဟိုင်းက ဂရုစိုက်သော အမူအရာကို ပြသသည်။ နောက်ဘက်မှာ တန်းစီစောင့်နေသော တခြားသူများကလည်း ဝူဟိုင်း၏စကားကို သဘောတူကြသည်။
လူတိုင်းက ယွမ်ကျိုးကို သေချာအနားယူရန် မှာကြားပြီး ဆိုင်မှ ထွက်ခွာသွားကြသည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်အပြင်ဘက်သို့ ရောက်သွားသည်နှင့် ဖောက်သည်အားလုံးက ကျယ်လောင်စွာ အော်ရယ်ကြသည်။
သူတို့၏အသံက ကျယ်လောင်လွန်းသည့်အတွက် ယွမ်ကျိုး လျစ်လျူရှူထားသည့်တိုင် ကြားနေရသည်။ သူ့ကို အမှန်တကယ် စိုးရိမ်ပေးသည့် တစ်ဦးတည်းသောသူက မုရှောင်ယွမ် ဖြစ်သည်။
မုရှောင်ယွမ်က စိုးရိမ်ပူပန်သော အမူအရာဖြင့် ထွက်သွားသည်။
"ငါ့ရဲ့ဒဏ်ရာက အရမ်းကို သိသာထင်ရှားနေတာလား"
ယွမ်ကျိုးက သူ့မျက်လုံးထောင့်ကို ထိတွေ့လိုက်ပြီး နှုတ်ဆိတ်သွားသည်။ ထို့နောက် မနေ့ညက တိတ်ဆိတ်နေသောစနစ်က ရုတ်တရက် တုံ့ပြန်မှု ပေါ်ပေါက်လာပြီး ယွမ်ကျိုးအရေးတကြီး လိုအပ်နေသော တစ်စုံတစ်ရာကို ထောက်ပံ့ပေးသည်။
အပိုင်း(၁၈၂)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၈၃)
စနစ်၏ လက်ရှိတုံ့ပြန်မှုနှင့်ပတ်သက်ပြီး ယွမ်ကျိုးက စကားတစ်ခွန်းတည်းကိုသာ ပြောချင်သည်။
"မနေ့ညတုန်းက မင်းဘယ်ကိုရောက်နေလဲ" ဟူသောစကားဖြစ်သည်။
စနစ်က သူ့ကိုယ်သူ ကာကွယ်ပြောဆိုမည့် ရည်ရွယ်ချက်မရှိပေ။ ထိုအစား သူက မစ်ရှင်အသစ်ကိုသာ ချက်ချင်းထုတ်ပြန်ခဲ့သည်။
[အရံမစ်ရှင် - မနက်ခင်းမှာ စောစောထပြီး နေ့တိုင်း၊ နေ့တိုင်း လေ့ကျင့်ခန်း ၁နာရီခန့် ပြုလုပ်ပါ။ လေ့ကျင့်ခန်းကို အထူးတလည်ပြုလုပ်ခြင်းက မင်းအတွက်ပဲ ဖြစ်ပါတယ်]
[မစ်ရှင်အညွှန်း - ကျွမ်းကျင်စားဖိုမှုးတစ်ယောက်အနေနဲ့ မင်းက ဒီလေ့ကျင့်ခန်း လုပ်တဲ့နေရာမှာ အတွေ့အကြုံမရှိတဲ့သူ ဖြစ်နေရင်တောင် တခြားသူတွေက မင်းကို ရိုက်နှက်လို့ မရဘူး။ လေ့ကျင့်ခန်းလုပ်ပါ။ နေရောင်အောက်မှာပြေးပါ လူငယ်လေး]
[မစ်ရှင်ဆုလာဘ် - သာမန်ထက် ထူးခြားသော ဓားစွမ်းရည်]
[ဆုလာဘ်အညွှန်း - သာမန်ထက် ထူးခြားသော ဓားစွမ်းရည်နဲ့ဆိုရင် မင်းအနေနဲ့ မင်းဟင်းသီးဟင်းရွက်လှီးဖြတ်တဲ့အခါမှာ စိုးရိမ်ဖို့ မလိုတော့ဘူး]
"စနစ် မင်းရဲ့ကွန်ပျူတာ အစီအစဉ်တွေက ပျက်စီးသွားတာလား ဒါမှမဟုတ် ဗိုင်းရပ်စ်ကြောင့် ထိခိုက်သွားတာလား"
ယွမ်ကျိုးက မစ်ရှင်၏ အခြေအမြစ်မရှိသော အညွှန်းနှင့် ဆုလာဘ်၏ အခြေအမြစ်မရှိသော အညွှန်းတို့ကိုကြည့်ပြီး အတော်လေး တုန်လှုပ်သွားသည်။
စနစ်က လုံးဝကို တိတ်ဆိတ်နေပြီး တုံ့ပြန်မှု မရှိခဲ့ပေ။
"ပုံမှန်လို နေလို့မရဘူးလား။ မင်း ဗိုင်းရပ်စ်ကြောင့် ထိခိုက်သွားတယ်လို့တောင် ငါခံစားမိနေတယ်"
ယွမ်ကျိုးက မဝံ့မရဲ ပြောဆိုသည်။ ပုံမှန်အတိုင်း စနစ်က တုံ့ပြန်မှု မရှိပေ။
ယွမ်ကျိုးက မီးဖိုချောင်ထဲမှာ မတ်တပ်ရပ်နေပြီး ဆုံးဖြတ်ချက်မချခင် ၅ မိနစ်ခန့် သေချာစဉ်းစားလိုက်သည်။
"စနစ် မင်းကငါ့ကို ရယ်ချင်စိတ်ပေါက်အောင် လုပ်ပေးတာလား"
မစ်ရှင်မှ ထုတ်ပြန်ထားသည့် တာဝန်နှင့်ပတ်သက်ပြီး ယွမ်ကျိုးက သူ့စိတ်ကူးအတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
သူက နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်က သန်မာကြံ့ခိုင်လာလျှင် သူ့ကို ဒုက္ခလာပေးသောသူများကို သင်ခန်းစာပေးနိုင်သော အခွင့်အရေး ရရှိလိမ့်မည်။
ထို့ပြင် ကျွမ်းကျင်စားဖိုမှုးတစ်ယောက်အနေဖြင့် သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသင့်သည်။
ယွမ်ကျိုးက အပေါ်ထပ်သို့ ပြေးတက်သွားပြီး ယွမ်ကျိုး၏ မျက်နှာပေါ်မှ ပန်ဒါမျက်လုံးအကြောင်း ဆွေးနွေးနေသည့် ဖောက်သည်များအတွက် ကြေညာသင့်သည့် အချက်တချို့ကို ပြင်ဆင်သည်။
"ဝူဟိုင်း မင်းရိုးရိုးသားသားပြောစမ်းပါ။ ဒီလုပ်ရပ်ကို မင်း လုပ်တာမဟုတ်လား"
တခြားသူများက ဝူဟိုင်းကို မေးမြန်းသည်။
"ဝူဟိုင်း ရှင့်လက်ချက်မဟုတ်လား"
မန်မန်ကလည်း ဝူဟိုင်းကို လေးနက်စွာကြည့်ပြီး သေချာမေးမြန်းသည်။
"ငါဒီလိုလုပ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒီကောင့်မှာ ထူးဆန်းတဲ့အကျင့်စရိုက်ရှိနေတာ ပြဿနာတစ်ခုပဲ။ ငါ ဒီလိုလက်စားချေဖို့ အခွင့်အရေး မရခဲ့ပါဘူး"
ဝူဟိုင်းက ယွမ်ကျိုးကို မကျေနပ်သည့်အချက်ကို မဖုံးကွယ်ထားပေ။
"ဒါဆိုရင်တော့ နင်ပဲ ဖြစ်ရမယ်"
မန်မန်က ခေါင်းကိုလှည့်လိုက်ပြီး အခြားသော ဖောက်သည်များကို ကြည့်သည်။
ယောကျ်ားဆန်သောဆံပင်ကေကို ညှပ်ထားသော အမျိုးသားက ပို၍ စိတ်အားတက်ကြွနေပုံပေါက်သည်။ သူက ကျယ်လောင်စွာ အော်ရယ်ပြီး မေးမြန်းသည်။
"တကယ်ပါ၊ ငါမဟုတ်ရပါဘူး။ ငါဒီနေရာကို မလာတာတောင်ကြာပြီ။ ဒါပေမယ့် ငါ ဒီကိုပြန်လာတော့ စိတ်ဝင်စားဖွယ်မြင်ကွင်းကို မြင်ရတာပဲ"
ယောကျ်ားဆန်သောဆံပင်ကေကို ညှပ်ထားသော အမျိုးသားက ပြုံးကာရွှင်ကာဖြင့် ကျေနပ်ဟန်ပြောသည်။
"ငါ့ကို လာမကြည့်နဲ့။ ငါလည်းမလုပ်ဘူး"
ယွမ်ကျိုးကို မေးခွန်းအများဆုံးမေးခဲ့သော ဖောက်သည်က သူ့ဘက် လှည့်လာမည်ဖြစ်သောကြောင့် ချက်ချင်း ငြင်းပယ်သည်။
ခေါင်းကိုပြန်လှည့်လိုက်ပြီးတော့ မန်မန်က ဝူဟိုင်းကို နားလည်ရခက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
"အဓိက တရားခံက ရှင်လို့ပဲ သံသယဝင်နေမိတယ်"
"မိန်းမတစ်ယောက်ရဲ့နှလုံးသားက ပိုပြီးတော့ ကောက်ကျစ်စဉ်းလဲတယ်။ အထူးသဖြင့် မင်းလိုမိန်းမက ပိုပြီးတော့ မယုံကြည်ချင်စရာ ကောင်းတယ်။ မင်းကိုယ်မင်း သံသယမဝင်မိဘူးလား"
ဝူဟိုင်းက သူ့အရှုံးကို လက်မခံချင်သောကြောင့် ချက်ချင်းပဲ ပြန်ခံပက်သည်။
"ရှင်ကမှ ကောက်ကျစ်စဉ်းလဲတဲ့မိန်းမယုတ်နဲ့ တူတယ်"
မန်မန်က မကျေနပ်ဟန် ခနဲ့လိုက်သည်။
"ရန်မဖြစ်ကြနဲ့တော့။ တော်ကြတော့။ ဘယ်သူ လုပ်တာပဲဖြစ်ဖြစ် သူက ငါတို့ဒေါသကို ဖြေဖျောက်ဖို့အတွက် ကူညီပေးတာပဲ။ ငါတို့ရဲ့ သူရဲကောင်းပဲ"
ထိုစကားကို ပြောလိုက်လျှင် ယောကျ်ားဆန်သောဆံပင်ကို ညှပ်ထားသော အမျိုးသားက ထိန်းမနိုင် သိမ်းမရ အော်ရယ်လိုက်သည်။
"ဟုတ်တယ်။ သူက တကယ့်ကို သူရဲကောင်းပဲ"
"သူဌေးယွမ်ရဲ့ပန်ဒါမျက်လုံး တစ်ဖက်ထဲကတောင် အနုပညာဆန်နေပြီ။ အဲဒီ့ပန်ဒါမျက်လုံးလေးကို ကြည့်ပြီး စိတ်ကူးဉာဏ် ကွန့်မြူးလာလို့ ပန်းချီရေးဆွဲဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီလိုပန်းချီမျိုးကို ရေးဆွဲလိုက်ရင် ငါ့ရဲ့အနုပညာက ထိပ်တန်းရောက်မှာ သေချာပဲ"
မုတ်ဆိတ်မွှေးလေးကို ဖွဖွလေးကိုင်ပြီးတော့ ဝူဟိုင်းက ကောက်ကျစ်စဉ်းလဲစွာ ပြောသည်။ ဒီလူအားလုံးက အဓိကအချက်ကို မေ့လျော့နေသည်။
ယွမ်ကျိုးက သူ့ရဲ့ပုံရိပ်ကိုသာ အလေးထားသူဖြစ်သည်။ သူ လှောင်ရယ်ခံရသည့် အကျိုးဆက်ကြောင့် ဆိုင်ကို သေချာပေါက် ပိတ်လိမ့်မည်။
ယွမ်ကျိုးက မုရှောင်ယွမ်ကို ပထမဦးဆုံး ဖုန်းခေါ်လိုက်သည်။
"ရှောင်ယွမ်၊ ဒီနေ့လည်း ဆိုင်ကိုမလာနဲ့။ မနက်ဖြန်လည်း မလာခဲ့နဲ့။ သဘက်ခါမှ ဆိုင်ကိုလာခဲ့"
ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်း တဲ့တိုးပြောလိုက်သည်။
"ကောင်းပြီ သူဌေး။ နေရထိုင်ရတာ အဆင်ပြေရဲ့လား။ ဆူးပန်းဆီလေး လိုအပ်သေးလား"
မုရှောင်ယွမ်က အသေးစိတ်မေးမြန်းသည်။
"မလိုအပ်ဘူး။ နှုတ်ဆက်ပါတယ်"
ထို့နောက် ယွမ်ကျိုးက ဖုန်းကိုချလိုက်သည်။
"ဘာကိစ္စဖြစ်လို့လဲ"
မုရှောင်ကျဲက အိပ်ရာထဲမှ ထထလာခြင်း မရွှင်မလန်းဖြစ်နေသော သူ့ညီမရဲ့ မျက်နှာကို သတိထားမိ၍ ယခုလို မေးခွန်းမျိုးကို မေးမြန်းခြင်းဖြစ်သည်။
"သူဌေးယွမ် ဒဏ်ရာရသွားပုံပဲ"
မုရှောင်ယွမ်၏ ဖြူဖျော့သောမျက်နှာပေါ်တွင် စိုးရိမ်သော ခံစားချက်များ ရှိနေသည်။
"ကိစ္စမရှိပါဘူး။ ငါ့ကိုပဲကြည့်လေ။ ခြေထောက်ကျိုးတာတောင် ဖျတ်လတ်တက်ကြွနေတာပဲ"
မုရှောင်ကျဲက ခပ်တန်းတန်း အမူအရာဖြင့် ပြောဆိုသည်။ ဒဏ်ရာရနေသော ခြေထောက်ကို ညွှန်ပြသည်။
ထို့နောက် မုရှောင်ယွမ်က သူ့အစ်ကို၏ အပြုအမူကြောင့် ရယ်ချင်စိတ်ဖြစ်သွားသည်။ သို့သော်လည်း ယွမ်ကျိုး ထိခိုက်ဒဏ်ရာ ရသွားသည့်သတင်းက တစ်ဆင့်စကား တစ်ဆင့်ကြား၍ လျင်လျင်မြန်မြန် ပျံ့နှံ့သွားသည်။
သိပ်မကြာလိုက် သူဌေးယွမ် အရိုက်ခံရ၍ ပန်ဒါမျက်လုံးဖြစ်သွားသည့် သတင်းကို ပုံမှန်ဖောက်သည်အားလုံး ကြားသိသွားသည်။
နေ့လယ်ခင်းအချိန်တွင် ၎င်းဖောက်သည်များသည် ယွမ်ကျိုး၏ အခြေအနေကို စောင့်ကြည့်ရန်အတွက် ဆိုင်သို့ လာရောက်သည်။ ထိုဖောက်သည်များထဲ ယင်းယာလည်း ပါဝင်သည်။
သူတို့ ဆိုင်သို့ရောက်ရှိသောအခါ ယွမ်ကျိုး၏ စားသောက်ဆိုင်တံခါး ပိတ်ထားသည်ကိုသာ တွေ့ရသည်။
တံခါးဘောင်တွင် သိသာထင်ရှားသော A4 စာတစ်စောင်ကိုလည်း တွေ့ရသည်။ ဤစာရွက်ကြောင့် ဆိုးဝါးသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
"ငါ့ရဲ့ ခံ့ညားချောမောတဲ့မျက်နှာကို မကောင်းတဲ့လူတွေက တိတ်တဆိတ် တိုက်ခိုက်ခဲ့လို့ ငါ့ရုပ်ရည်
ကြည့်မကောင်းတော့ဘူး။
ဒါက စားသုံးသူဖောက်သည်တွေရဲ့ စိတ်အခြေအနေတွေကို ဆိုးဝါးစွာ ထိခိုက်စေတယ်။ ဒါ့ကြောင့်မို့လို့ ဒဏ်ရာ သက်သာတဲ့အထိ ဆိုင်ကိုပိတ်ထားဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ဒါမှသာ တခြားသူတွေရဲ့ ပျော်ရွှင်တဲ့ စိတ်ခံစားချက်ကို မထိခိုက်စေမှာလေ"
ဟူသော စကားလုံးကို A4 စာရွက်တွင် ရေးသားထားခြင်းဖြစ်သည်။
'အရိုးသားဆုံး တောင်းပန်စကား' ဟုဆိုကာ ယွမ်ကျိုး၏ လက်မှတ်ကို ရေးထိုးထားသေးသည်။ ယွမ်ကျိုး၏ လက်မှတ်ကို ဖောက်သည်များ ရင်းနှီးကျွမ်းဝင်ထားပြီးသား ဖြစ်သည်။
"ဒါက ဘာသဘောလဲ"
ဝူဟိုင်းက သူ့အနီးအနားတွင်ရှိသော ဖောက်သည်တစ်ယောက်၏ အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်ပြီး မယုံကြည်နိုင်စွာ မေးမြန်းသည်။
"ဒီကောင်စုတ်က ဆိုင်ထပ်ပိတ်ပြန်ပြီ"
၎င်းလူက ဝူဟိုင်းထက်ပင် ပို၍ ဒေါသထွက်နေသည်။ သူက ဝူဟိုင်း၏ ရိုင်းပျသော အပြုအမူကို ဂရုမစိုက်အားပဲ ဝူဟိုင်း၏လက်ကို ဖယ်ထုတ်လိုက်သည်။ သူ့ပုံစံက ပို၍ဒေါသဖြစ်နေပုံပေါက်သည်။
"မင်းက ငါတို့အတွက် ဆိုင်ပိတ်တယ်လို့ပြောပေမယ့် ငါတို့အတွက် ဒီလိုလုပ်ဖို့မှ မလိုအပ်တာ။ မင်းရဲ့ရုပ်ရည်က ငါတို့ရဲ့ စိတ်အခြေအနေကို ထိခိုက်စေတယ်လို့ ဘယ်သူကများ မင်းကို သင်ပေးလိုက်တာလဲ"
ချန်းဝေက ယွမ်ကျိုး ထိခိုက်ဒဏ်ရာရသည့် သတင်းကို ကြားကြားခြင်း ဆိုင်သို့ရောက်လာခြင်းဖြစ်သည်။ သို့သော်လည်း မြင်တွေ့လိုက်ရသော A4 စာရွက်ကြောင့် မကျေမနပ် လက်သီးဆုပ်လိုက်သည်။
"အရိုးသားဆုံးစကားပဲ ဖြစ်ရသေးတယ်။ ဘာများ အရိုးသားဆုံး တောင်းပန်တာဖြစ်လို့လဲ။ ဘာတွေများ ရိုးသားနေလို့လဲ။ ဘယ်နေရာမှာ ရိုးသားနေလို့လဲ။ ငါ မင်းကို တကယ်သတ်ချင်လာပြီ"
လင်းယုံက အလုပ်ကိစ္စဖြင့် ခရီးသွားရင်း ပြန်ရောက်လာသည်နှင့် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ဝင်လာခြင်းဖြစ်သည်။
ယွမ်ကျိုး မတော်တဆ ထိခိုက်ဒဏ်ရာ ရသည့် သတင်းကိုကြားရ၍ ရောက်လာခြင်းလည်းဖြစ်သည်။
"အခုဆိုရင် ငါ့လက်တွေကို ထိန်းချုပ်ရခက်နေပြီလို့ ငါ ခံစားမိတယ်။ သူဌေးယွမ်ရဲ့မျက်နှာကို ရိုက်ချင်လာပြီ"
ပုံမှန်ဖောက်သည်တစ်ယောက်ကလည်း ခနဲ့သောလေသံဖြင့် ပြောဆိုသည်။
"သူ့ကိုယ်သူ ကျိုးကြောင်းဆီလျော်တဲ့သူ၊ တရားမျှတတဲ့သူကြီးလို လိုက်လုပ်နေတာပဲ။ ဘာများ ငါတို့ကို ထိခိုက်မှာမို့လို့လဲ"
တခြားဖောက်သည်တစ်ယောက်ကလည်း ဒေါသတကြီးပြောဆိုသည်။
ယွမ်ကျိုး၏ စားသောက်ဆိုင် ဝင်ပေါက်တွင် ရှုပ်ယှက်ခတ်နေပြီး ဆူညံနေစဉ် ယွမ်ကျိုးက ဒုတိယထပ်တွင် သူ့အလုပ်ကိစ္စနှင့်သူ အလုပ်ရှုပ်နေသည်။
ယွမ်ကျိုးက အလွန်တရာလေးလံနေသော မှတ်စုစာအုပ်ကြီးကို ထုတ်ပြီး တစ်စုံတစ်ရာကို မှတ်စုစာအုပ်ထဲ ရေးသားနေသည်။
ဘောပင်နှင့်စာရွက် ပွတ်တိုက်မှုကြောင့် အသံပင် ထွက်ပေါ်လာသေးသည်။ ထို့အပြင် ဤမှတ်စုစာအုပ်ကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ပုံ ပေါက်သည်။
မှတ်စုစာအုပ်၏ မျက်နှာဖုံးများက တွန့်ကြေနေသည့်ပုံစံကို ကြည့်ရုံဖြင့် အသုံးပြုထားသည်မှာ ကြာပြီဖြစ်ကြောင်း သိနိုင်သည်။
အခြားတစ်ဖက်တွင်မူ ဝူဟိုင်းက ဆာလောင်မွတ်သိပ်သောခံစားချက်ကို အံတုရင်း နေ့လယ်စာ မစားပေ။ စတူဒီယိုခန်းမထဲမှာ လဲလျောင်းနေပြီး တစ်နေ့တာလုံး ဘာအလုပ်မှ မလုပ်ဘဲ စားသောက်ဆိုင်တံခါး ညနေဘက်တွင် ဖွင့်လာမလားကိုသာ တမျှော်မျှော်ကြည့်နေသည်။
သူ၏အပြုအမူက အစာစားရဖို့အတွက် ချစ်စရာကောင်းသောအပြုအမူကို ပြုမူတတ်သည့် ခွေးကလေးစွပ်ပြုတ်နဲ့ပင် တူနေသည်။
တံခါးပိတ်ထားခြင်းကို မြင်တွေ့ရသောအခါ သူ၏အနုပညာခန်းမသို့ ပြန်သွားပြီး စိတ်ပျက်အားလျော့စွာ လဲလျောင်းနေသည်။
မနက်စာတစ်မျိုးတည်းကိုသာစားပြီး ဝူဟိုင်းက ပန်းချီကားချပ်အရှေ့မှာ ငြီးငွေ့စွာ ထိုင်နေသည်။ သူလုပ်စရာရှိသော ကိစ္စများကို သူ့အိမ်သို့လာသည့် ကျန်းကျဝေထံသို့ လွှဲပြောင်းပေးထားသည်။
ကျန်းကျဝေက အိမ်သန့်ရှင်းရေးအလုပ်ကို လုပ်ဆောင်ပေးနေသည်။
"ဒီနေ့ အရမ်းပင်ပန်းသလို ဘာလို့များ ခံစားနေရတာလဲ"
ဝူဟိုင်းက စိတ်ပျက်လက်ပျက်နှင့် ပန်းချီဆွဲသော ကိရိယာများကို စုတ်ဖြဲလိုက်ပြီး အလုပ်ဆက်လုပ်ချင်သောဆန္ဒကို စွန့်ပစ်လိုက်သည်။
ထိုအစား မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်နား လမ်းလျှောက်သွားကာ လေကောင်းလေသန့်ရှူရန် ပြင်ဆင်သည်။
ဝူဟိုင်း၏ ပြတင်းပေါက်က ယွမ်ကျိုး၏ စားသောက်ဆိုင် မျက်နှာချင်းဆိုင်တွင် ရှိသည်။
"ဘာလဲဟ"
သူပြတင်းပေါက်တံခါး ဖွင့်လိုက်သောအခါမှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဝူဟိုင်း ရုတ်တရက် လန့်ဖျပ်သွားသည်။
ဝူဟိုင်းက ခေါင်းကိုလှည့်လိုက်ပြီး နံရံပေါ်မှာ လည်နေသော နာရီကိုကြည့်လိုက်သည်။ နာရီလက်တံက ၅နာရီ ၃၆မိနစ် ဟူ၍ ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
"ဘယ်လိုဖြစ်ရတာလဲ။ စိတ်ကူးယဉ်ဆန်နေတာလား ဒါမှမဟုတ် ငါ အိမ်မက်များ မက်နေတာလား"
ဝူဟိုင်းက သူမြင်တွေ့ရသောမြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေသည်။ အတိအကျပြောရလျှင် ယခုအချိန်သည် ယွမ်ကျိုးကို အောက်ထပ်မှာ မြင်တွေ့ရခြင်းဖြစ်သည်။
အပိုင်း(၁၈၃)
ပြီးပါပြီ။