အခန်း (၁၈၄-၁၈၆)
Vol. 13 Ch. 184-186
ယွမ်ကျိုး အပိုင်း(၁၈၄)
ယွမ်ကျိုးသည် မနေ့ညတုန်းက တိုက်ခိုက်ခံရ၍
လိုအပ်သည့် လေ့ကျင့်ခန်းများလုပ်ဆောင်သင့်
ကြောင်း ကောင်းစွာသဘောပေါက်သွားသည်။ ကျွမ်းကျင်စားဖိုမှူးတစ်ယောက်အနေဖြင့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ရန် သန်မာကြံ့ခိုင်သည့်ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်
တစ်ခုကို ပိုင်ဆိုင်ထားရမည်။ယွမ်ကျိုး၏ရွေးရွယ်မှုက မနက်ခင်း ၅နာရီ၂၀မိနစ်ခန့်တွင် အိပ်ရာမှ ထပြီး လေ့ကျင့်ခန်း၁နာရီခန့် ပြုလုပ်ရန် ဖြစ်သည်။
ကျန်ရှိသောအချိန်များတွင် ရှုပ်ယှက်ခတ်နေသော မနက်စာကို ပြင်ဆင်ရန် လုံလောက်မှုရှိသည်။ လေ့ကျင့်ခန်းပုံစံက အရိုးရှင်းဆုံးဖြစ်သည့်
အနှေးလမ်းလျှောက်ခြင်းကို လုပ်ဆောင်လိမ့်မည်။ ထိုမှသာ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် သည်းခံနိုင်စွမ်း တိုးတက်လာလိမ့်မည်။ တခြားသော လေ့ကျင့်ခန်းများကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရန်အတွက် အချိန်လိုအပ်သည်။
"သူဌေးယွမ် မလား"
ဒုတိယထပ်မှာ မတ်တပ်ရပ်နေသော ဝူဟိုင်းက ကျယ်လောင်စွာ ထအော်သည်။
"ဟုတ်တယ်လေ။ မင်္ဂလာမနက်ခင်းပါ"
ယွမ်ကျိုးက ခေါင်းကိုမော့လိုက်ပြီး ပြန်ပြောသည်။
"လမ်းလျှောက်ထွက်မလို့လား"
ဝူဟိုင်းက အတော်လေး အံ့အားသင့်နေသည်။သို့သော်လည်း ယွမ်ကျိုးကနှုတ်ဆက်စကားပြောပြီးနောက် သူမေးသောမေးခွန်းကို ပြန်မဖြေခဲ့ပေ။ ပုံမှန်နှုန်းဖြင့် ဖြေးဖြေးချင်းပြေး
သွားသည်။ ဝူဟိုင်း၏မေးခွန်းအတွက် ယွမ်ကျိုးမှာ တကယ်အဖြေမရှိပေ။
"ဘာလဲဟ"
ယွမ်ကျိုးက ဖြည်းဖြည်းချင်းပြေးသွားသည်ကို မြင်တွေ့ရသောအခါ ဝူဟိုင်းက မယုံကြည်နိုင် ဖြစ်နေသည်။
သူက အရင်ဆုံးဖုန်းကို ထုတ်လိုက်ပြီး WeChatဂရုသို့ ဝင်ရောက်ကာ စာတိုတစ်ချို့ကို
ပို့လိုက်သည်။
[သူဌေးယွမ် ရူးသွားတာလား။ အခုလေးတင်
လမ်းလျှောက်ထွက်သွားတယ်။ ငါ့ရှေ့လေးတင်
ပြေးသွားတာကို မြင်ရတယ်]
ဆာလောင်နေသောအကိုဝူ
အချိန်အတော်ကြာမှ တစ်စုံတစ်ယောက်က သူ့ကိုစာပြန်သည်။
[မင်းလူမှားတာနေမှာပါ။ သူဌေးယွမ်က ဒီလိုအချိန်ကြီး အပြင်ထွက်ပါ့မလား]
အချိန်ပိုအလုပ်လုပ်သောယင်းယာ
[ဟေ့ အလှလေး၊ အစောကြီးနိုးနေတာလား။
ငါတကယ်ပြောတာပါ။ ငါတို့ချင်းတောင် နှုတ်ဆက်စကားပြောလိုက်သေးတယ်]
ဆာလောင်နေသောအကိုဝူ
[အလှလေး၊ လှပဖို့အတွက် ကုန်ကျစရိတ် လိုအပ်တယ်]
[ဒီလိုစကားပြောနေတဲ့အတွက်ကြောင့်
ရှင်ရူးသွားတာလို့ပဲ ကျွန်မခံစားမိတယ်]
အချိန်ပိုအလုပ်လုပ်သောယင်းယာက ပွင့်လင်းစွာပြောသည်။
[အမှန်တရားကိုတောင် မယုံကြည်နိုင်ဘူးလား။
ဒါဆိုရင် ဓာတ်ပုံရိုက်ပြီးတော့သက်သေပြမယ်]
ဆာလောင်နေသောအကိုဝူ
[စောင့်နေပါ့မယ်] အချိန်ပိုအလုပ်လုပ်သောယင်းယာ
ထို့နောက် သူတို့အဖွဲ့ကတိတ်ဆိတ်သွားသည်။
မနက်ခင်းအစောကြီးဖြစ်သောကြောင့် တခြားသူများကလည်း အိပ်ရာမှမထသေးပေ။ ယွမ်ကျိုးက အချိန် ၃ရက်တာ ကာလကို
ယခုလိုပုံစံမျိုးဖြင့် ကုန်ဆုံးလေ့ရှိသည်။
သို့သော်လည်း တတိယမြောက်နေ့တွင်
သူ၏ပန်ဒါမျက်လုံးက မပျောက်ကွယ်သွားပေ။အကျိုးဆက်အနေဖြင့် သူဆက်လက်အနားယူရန်သာ
တတ်နိုင်သည်။ ထိုကာလအတောအတွင်း မုရှောင်ယွမ်က ယွမ်ကျိုးအတွက် တကူးတက ဆေးများ ယူဆောင်လာပေးသည်။
ဆေး၏အကျိုးသက်ရောက်မှုက မဆိုးလှချေ။
ထို့ကြောင့် ယွမ်ကျိုးကနောက်တစ်ခါမှ အသုံးပြုရန်သိမ်းဆည်းထားသည်။
ယွမ်ကျိုးကို ရိုက်ခဲ့သောလူ၄ယောက်က စားသောက်ဆိုင်ပြန်မဖွင့်သေးသောကြောင့်
အကြိတ်အနယ်ဆွေးနွေးရန်လူစုကြသည်။ အရပ်ရှည်ရှည်အမျိုးသားက ကျန်၃ယောက်ကို ဆင့်ခေါ်နိုင်သော အဆင့်ရှိသည်။
"ငါတို့တွေ သူဌေးယွမ်ကိုရိုက်တာ လွန်များလွန်သွားသလား။ ဆိုင်ပိတ်ထားတာ ၄ရက်တောင်ရှိပြီနော်"
အရပ်ရှည်ရှည်အမျိုးသားက စိုးရိမ်တကြီးပြောသည်။
"ဝတုတ်၊ မင်း သူ့ကို ခပ်ကြမ်းကြမ်းရိုက်လိုက်မိလား"
ပုကွကွအမျိုးသားက ဝတုတ်တုတ်အမျိုးသားကိုမေးမြန်းသည်။ ဝတုတ်တုတ်အမျိုးသားက တိုက်ပွဲကိုစတင်ခဲ့သူဖြစ်သည်။
"မဟုတ်ရပါဘူး။ ငါ့ကိုယ်ငါချိန်ဆတတ်ပါတယ်။
သူဌေးယွမ်ရဲ့မျက်နှာပေါ်မှာဒဏ်ရာလေး နည်းနည်းပါးပါးရသွားတာပါ"
ဝတုတ်တုတ်အမျိုးသားက
မယုံကြည်နိုင်သော
အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆိုရင် ဘာပြဿနာလဲ။ ဘာက အဓိကပြဿနာဖြစ်မယ်လို့ထင်လဲ"
ပိန်ပိန်ပါးပါးအမျိုးသားက တခြားသောလူ၃ယောက်ကို ကြည့်ပြီး ပို၍ဒွိဟဖြစ်နေသည်။
"သူဌေးယွမ်ကို သွားတောင်းပန်ကြမလား။
ဒီလိုမှမဟုတ်ရင် ဆိုင်ထပ်မဖွင့်လောက်ဘူးနော်"
အရပ်ရှည်ရှည်အမျိုးသားကခဏတွေးကြံပြီး
ပြောသည်။
"ဆိုင်တံခါးကိုတောင် မဖွင့်တာ။ ငါတို့က သူ့ကို ဘယ်လိုသွားတောင်းပန်ရမှာလဲ"
ပိန်ပိန်ပါးပါးအမျိုးသားကသူ့ရဲ့အတွေးကို
ထုတ်ပြောသည်။
"ငါ သူပြောတဲ့အချက်ကိုလက်ခံတယ်"
ပုကွကွအမျိုးသားကလည်း ထောက်ခံသည်။
"ဒီလိုအခြေနေကြီးကို လက်မခံနိုင်ပါဘူး။ ငါတို့က အစားသောက်တွေအများကြီး
ဝယ်မစားရလို့ အခုလိုလုပ်ရပ်မျိုးကို လုပ်မိတာလေ။ အခုတော့ ပိုပြီးတောင် ငတ်ပြီ"
ပုကွကွအမျိုးသားက မကျေမနပ်ပြောဆိုသည်။
"ကောင်းပြီ။ ဒါဆိုရင် တံခါးသွားခေါက်ကြည့်ကြတာပေါ့"
အရပ်ရှည်ရှည်အမျိုးသားကနောက်ဆုံး ဆုံးဖြတ်ချပေးလိုက်သည်။ သူတို့အားလုံးသဘောတူပြီးတဲ့နောက်မှာ ယွမ်ကျိုး၏စားသောက်ဆိုင်သို့ အတူတူထွက်သွားကြသည်။
သူတို့ ဆွေးနွေးခဲ့သောအိမ်က ဝတုတ်၏အိမ်ဖြစ်သည်။ဝတုတ်ရဲ့အိမ်က
ယွမ်ကျိုး၏စားသောက်ဆိုင်နှင့် နီးကပ်စွာတည်ရှိသည်။အရမ်းကြီး နီးနီးနားနားတွင်
မရှိသော်လည်း ယွမ်ကျိုး၏လှုပ်ရှားမှုတွေကို အသေးစိတ်စောင့်ကြည့်နိုင်ရန် လုံလောက်သည်။ လူအများရှေ့မှာ တောင်းပန်
စကားပြောရန်က လွယ်ကူသောကိစ္စရပ် မဟုတ်ပေ။ထို့ကြောင့် သူတို့အဖွဲ့က
ယွမ်ကျိုး၏
စားသောက်ဆိုင်နောက်ဖက်တံခါးသို့ သွားရောက်ကြသည်။ ည၇နာရီထိုးရန် ၁၀မိနစ်အလို၊ ၆နာရီ၅၀မိနစ်အချိန်တွင် ယွမ်ကျိုးစားသောက်ဆိုင်၏နောက်ဖက်တံခါး
သို့ ရောက်ရှိသွားကြသည်။
"သူဌေးယွမ်၊ သူဌေးယွမ် တံခါးဖွင့်ပါဦး"
အရပ်ရှည်ရှည်အမျိုးသားကအသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး ကျယ်လောင်စွာအော်
သည်။ ထိုစဉ် ဝတုတ်တုတ်အမျိုးသားကလည်း
တံခါးကို သည်းကြီးမည်းကြီးခေါက်သည်။
သူခေါက်သောအသံကြောင့် 'ဒုန်းဒုန်းဒုန်း'
ဟူသော ကျယ်လောင်သောဆူညံသံထွက်ပေါ်
လာသည်။ စနစ်က ထောက်ပံ့ထားသော
အသံလုံပြုပြင်မှုကြောင့် ယွမ်ကျိုးက သူ့ဆိုင်အပြင်ဘက်မှာ ကခုန်နေသည့်တိုင်
ကြားနိုင်မည် မဟုတ်ပေ။တိုက်ဆိုင်စွာဖြင့်
ယွမ်ကျိုးက ညစာပြင်ဆင်ရန်အတွက် မီးဖိုချောင်ထဲသို့ရောက်နေသည်။ ထို့ကြောင့်
အနောက်ဖက်တံခါးမှ အနည်းငယ်တုန်ခါမှုကိုအာရုံခံမိသည်။
သူက မျက်မှောင်ကြုတ်လိုက်ပြီး တံခါးဖွင့်ပေးမည့်ရည်ရွယ်ချက်မရှိပေ။၅မိနစ်ခန့်ကြာပြီးနောက် အပြင်ဘက်မှာရှိသော
လူအားလုံးကဇွဲမလျော့ဘဲတံခါးကိုဆက်လက်ခေါက်နေသေးသည်။ပတ်ဝန်းကျင်ရှိအိမ်နီးနားချင်းများ
ကြောက်လန့်ပြီး ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ယွမ်ကျိုးက တံခါးကို သွားဖွင့်သည်။
တံခါးပွင့်သွားသည်နှင့် ယွမ်ကျိုး၏ မျက်နှာအမူအရာက လေးနက်သောမျက်နှာအမူအရာသို့ ပြောင်းလဲသွားပြီး သတိထားဟန်ပြုမူသည်။
ဤလူ၄ယောက်ကို အလွယ်တကူ မှတ်မိနိုင်သည်။ အမှောင်ထဲတွင်တိုက်ခိုက်ခဲ့ရ၍
တခြားသူဆိုလျှင် မှတ်မိရန်ခက်ခဲသော်လည်း
ယွမ်ကျိုး၏အာရုံ၅ပါးသည်သာမန်လူထက်
သာလွန်သောကြောင့် သူတို့အဖွဲ့ကို အလွယ်တကူ မှတ်မိနိုင်သည်။
ယွမ်ကျိုး၏နည်းဗျူဟာကလှုပ်ရှားမှုမရှိဘဲ
တန်ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။ သူက
မျက်မှောင်ကြုတ်ပြီးလေးနက်သောအမူအရာ
ဖြင့် တည်ငြိမ်သောဟန်ကို ဆက်လက်ထိန်းသိမ်းထားသည်။
"တောင်းပန်ပါတယ်"
အရပ်ရှည်ရှည်အမျိုးသားကခေါင်းကို လှည့်လိုက်ပြီး
တခြားသူ၃ယောက်ကို မျက်စပစ်သည်။ ထို့နောက် သူတို့အားလုံးက
တစ်ပြိုင်နက်တည်း တောင်းပန်စကားကို
ကျယ်လောင်စွာပြောသည်။
"ဘာအတွက်လဲ"
ယွမ်ကျိုးက လက်ပိုက်ဟန်အနေအထားဖြင့်
မျက်ခုံးပင့်ကာ မေးမြန်းလိုက်သည်။
"လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ညဘက်ကြီး တိုက်ခိုက်မိခဲ့တဲ့အတွက်ကြောင့်ပါ။ ဒါတွေအားလုံးက ကျွန်တော်တို့အမှားပါ။ သူဌေးယွမ် ဆိုင်ကိုပြန်ဖွင့်ပေးပါနော်"
အရပ်ရှည်ရှည်အမျိုးသားကတောင်းပန်စကား
ကို အရင်ဆုံးပြောခြင်းဖြစ်သည်။ သူ့အမှားကို
ဝန်ခံပြီး တောင်းပန်စကားကိုပြောဆိုခြင်း ဖြစ်သည်။
"ဪ ဟုတ်လား။ ဒါ့ကြောင့်လာတာလား"
ယွမ်ကျိုးက သူတို့နဲ့စကားဆက်ပြောချင်သော
ဆန္ဒမရှိပေ။
"သူဌေးယွမ်၊ ခင်ဗျား ခွင့်လွှတ်ပေးဖို့ ကျုပ်တို့
ဘာလုပ်ပေးရမလဲဆိုတာသာပြောပါ"
အရပ်ရှည်ရှည်အမျိုးသားက ယွမ်ကျိုး တံခါးပိတ်မည်ကိုမြင်သောအခါ
အလောတကြီးပြောဆိုသည်။
"ငါ့ရဲ့ဆိုင်ဖွင့်ချိန်ကတိုတောင်းလို့ မင်းတို့အခုလိုလုပ်ရတယ်လို့ ပြောခဲ့တယ်မလား"
ယွမ်ကျိုးက တစ်စုံတစ်ရာကို ပြောဆိုလိုက်သည်။
"မဟုတ်ပါဘူး။ ဒီလိုလဲမဟုတ်ရပါဘူး။
အဆင်ပြေပါတယ်"
ပိန်ပိန်ပါးပါးအမျိုးသားက
အရှက်မဲ့စွာပြောသည်။
"ငါတို့တွေ အားလုံးက ကောက်ကျစ်စဥ်းလဲလို့သာ
ဒီလိုလုပ်ရပ်မျိုးကို လုပ်ခဲ့မိတာပါ"
"မင်းတို့အမြင်မှာ ငါ့ကိုယုတ်မာတယ်လို့ ထင်လို့
ငါ့ကို ဝိုင်းရိုက်ခဲ့ကြတာလား"
ယွမ်ကျိုးက မျက်ခုံးပင့်လိုက်ပြီး ခပ်တန်းတန်း
လေသံဖြင့်မေးမြန်းသည်။
"မဟုတ်ရပါဘူး။ သူဌေးယွမ်က အရမ်းကို
သဘောကောင်းပါတယ်။ ကျွန်တော်တို့တွေအားလုံးက သူဌေးယွမ်ကို
အထင်ကြီးလေးစားခဲ့ရတာပါ"
အရပ်ပုပုနှင့်အမျိုးသားက ကြားဝင် ပြောဆိုသည်။
"ဒါဆိုရင် ငါ့ရဲ့ဟင်းပွဲတွေကမင်းတို့ ဗိုက်ပြည့်အောင်စားဖို့အတွက် မလုံလောက်လို့ ငါ့ကိုဝိုင်းရိုက်တာလား"
ယွမ်ကျိုးက အားမနာစတမ်းမေးမြန်းသည်။
"အဲ့လိုလဲမဟုတ်ရပါဘူး။ သူဌေးယွမ် ရောင်းချတဲ့ဟင်းပွဲတွေက အပြင်ဘက်မှာရောင်းချတဲ့ဟင်းပွဲတွေလို
များပါတယ်။ ငါတို့အတွက်အရမ်းကို အရသာရှိနေရုံပါပဲ။ ဒါပေမဲ့ ထည့်ပေးတဲ့ ပမာဏက မနည်းပါဘူး" အရပ်ရှည်ရှည်အမျိုးသားက
ကျယ်လောင်စွာ ဝင်ပြောသည်။
"အွန်း"
ယွမ်ကျိုးက ခပ်တန်းတန်းအမူအရာဖြင့် ပြန်ဖြေသည်။
"အများရှေ့မှာ တောင်းပန်မယ်ဆိုရင်ရော
ဘယ်လိုသဘောရလဲ၊ သူဌေးယွမ်။ မနက်ဖြန်ဆိုရင်ရောအဆင်ပြေလား"
၎င်းတို့အဖွဲ့က မနက်ဖြန်ဆိုင်ဖွင့်ရန်သာ
ယွမ်ကျိုးကို လှုံ့ဆော်နေသည်။
"ဟင့်အင်း"
ယွမ်ကျိုးက သူတို့၏တောင်းပန်မှုကို
လက်ခံမည့်ရည်ရွယ်ချက် မရှိခဲ့ပေ။
"သူဌေးယွမ်၊ စားသောက်ဆိုင်အပြင်ဘက်မှာ
တန်းစီစောင့်နေတဲ့ဖောက်သည်တွေ အများကြီး
ရှိတယ်ဆိုတာ ငါ သတိထားမိတယ်။ အဲ့ဒီလူတွေ အားလုံးကို အခမဲ့ ငါနှုတ်ဆက်စကား
ပြောပေးမယ်။ ဝန်ဆောင်ခလည်း မယူဘူးလေ။
အော်ဒါတွေကို လိုက်မှတ်ပေးမယ်ဆိုရင်ရော
ဘယ်လိုသဘောရလဲ"
အရပ်ရှည်ရှည်အမျိုးသားက ယွမ်ကျိုးက
သူတို့တောင်းပန်မှုကို လက်မခံမှန်းသိသွားသောအခါ တခြားသောအခြေအနေဖြင့်တောင်းဆိုသည်။
"ကောင်းပြီလေ။ ငါ ဒီရက်ပိုင်း ဆိုင်မဖွင့်ထားဘူး ဆိုတော့ မင်းတို့နဲ့လဲအလုပ်တွဲလုပ်ထားတာမရှိ
ဘူး။ မင်းတို့ပြောတဲ့အချက်ကို မင်းတို့လက်ခံရင်
မနက်ဖြန် ငါ့ဆိုင်ကို လာခဲ့လို့ရတယ်။ ဒါပေမဲ့ ငါ့ဆိုင်ကအစားအသောက်တွေကို အလကားတော့မကျွေးဘူးနော်"
နောက်ဖေးလမ်းကြားတွင်တိုက်ခိုက်ခဲ့စဉ်က
ယွမ်ကျိုးက အများကြီးထိခိုက်နစ်နာသွားခြင်း မဟုတ်ပေ။ ခွေးကလေးစွပ်ပြုတ်က သူ့ကိုကူညီခဲ့သည့်အတွက်ကြောင့် အများကြီးထိခိုက်မနစ်နာခဲ့ပေ။
"ဒီရက်ပိုင်းအတွင်း မင်းတို့ကို ဟင်းပွဲတွေ မရောင်းပေးနိုင်ဘူး။ ဒါကြောင့်မလို့
'ငါ့ဆိုင်မှာ ရောင်းတဲ့ဟင်းပွဲတွေစားလို့ရမလား' လာမေးလို့တော့ မရဘူး။ ဒီအချက်ကိုသဘောတူတယ်ဆိုရင် မနက်ဖြန်ဆိုင်ကို လာခဲ့လို့ရတယ်"
ယွမ်ကျိုးက သူ့ရဲ့ဆုံးဖြတ်ချက်ကို ထုတ်ပြောသည်။ ယွမ်ကျိုးက သူတို့ကို ပြင်းပြင်းထန်ထန်မတုံ့ပြန်သော်လည်း အလွယ်တကူခွင့်လွှတ်မည် မဟုတ်မှန်းသိသည်။
သူတို့ရဲ့ဆန္ဒက ယွမ်ကျိုးစားသောက်ဆိုင်မှ
ဟင်းပွဲများကို စားရန်ဖြစ်သော်လည်း ယွမ်ကျိုးကလက်မခံပေ။
"ရပါတယ်။ ကျေးဇူးတင်ပါတယ် သူဌေးယွမ်။
မနက်ဖြန်မနက် စောစောလာခဲ့ပါမယ်"
အရပ်ရှည်ရှည်အမျိုးသားကပျော်ရွှင်စွာပြောသည်။
"အွန်း"
ယွမ်ကျိုးက နောက်ဖက်တံခါးကို ချက်ချင်းပိတ်လိုက်သည်။
"နောက်ဆုံးတော့ ပြဿနာကိုဖြေရှင်းနိုင်သွားပြီ။
ဒါပေမဲ့ အရသာရှိတဲ့ဟင်းပွဲတွေကို ဘယ်အချိန်မှ
စားရမှာလဲ။ တခြားနည်းလမ်းစဉ်းစားဖို့တော့ လိုအပ်နေပုံပဲ"
သူတို့အဖွဲ့က တခြားနည်းလမ်းကို တွေးကြံနေသည်။နောက်ဖေးလမ်းကြား ဝင်ပေါက်နားတွင် အဖြူရောင်ဗန်ကားတစ်စီး ထိုးထားခြင်းကို သတိမပြုမိပေ။သူတို့က စကားတပြောပြောဖြင့် အဖြူရောင်ဗန်ကားအနားရောက်ရှိသွားသည်။
"ဒီဗန်ကားကြီးကို ဒီမှာ ဘယ်သူ ရပ်ထားတာလဲ။
ငါတို့ ဘယ်လိုထွက်တော့မလဲ"
ဝတုတ်တုတ်အမျိုးသားက မကျေမနပ်ပြောဆိုသည်။ ထိုစဉ် ဗန်ကားရဲ့တံခါးကချက်ချင်း ပွင့်သွားပြီး ဗန်ကားပေါ်မှ ခန္ဓာကိုယ်တောင့်တင်းသော လူအုပ်စု ထွက်လာသည်။ သူတို့အဖွဲ့ကစကားတစ်ခွန်းမှ
မပြောဘဲ ဝတုတ်တို့အဖွဲ့ကိုကားထဲ ဆွဲခေါ်သွားသည်။ သူတို့၄ယောက်ရဲ့ပါးစပ်ကို
လမ်းတစ်လျှောက်လုံး စည်းထားပြီး အဝေးတစ်နေရာသို့တိတ်တဆိတ် မောင်းနှင်သွားသည်။
အပိုင်း(၁၈၄)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၈၅)
သူတို့လေးဦးကို ဗန်ကားထဲသို့ အလင်းကဲ့သို့ လျင်မြန်သောနှုန်းဖြင့် ဖမ်းခေါ်သွားသည်။
အစပိုင်းတွင် အကူအညီရလိုရငြား၊ လွတ်မြောက်လို လွတ်မြောက်ငြား ရည်ရွယ်ချက်ဖြင့် ဝူးဝူးဝါးဝါးအော်ဟစ်ကာ ရုန်းကန်နေသည်။
သို့သော်လည်း များစွာသော သက်တော်စောင့်တွေက လမ်းတစ်လျှောက်လုံး သူတို့မျက်နှာကို မဖုံးကွယ်ထားပေ။
နွမ်းလျသောမျက်နှာတွင် တည်ငြိမ်သော အမူအရာရှိနေသည်မှ လွဲ၍တခြားသော တုံ့ပြန်မှုကို မမြင်တွေ့ရပေ။
သူတို့ကြိုးစားရုန်းကန်သည့်တိုင် သက်တော်စောင့်များ၏ လက်က လူအများကြီးကို ထိန်းချုပ်နိုင်သည့် သံကြိုးနှင့်တူပြီး သူတို့ကို မလှုပ်နိုင်အောင်၊ မအော်နိုင်အောင် ထိန်းချုပ်ထားသည်။
တဖြည်းဖြည်းချင်း သူတို့က အခြေနေကို လက်ခံလိုက်ပြီး ခဏနေလျှင် သူတို့ရင်ဆိုင်ရမည့် ဖြစ်နိုင်ခြေအချက်များကို စတင်ခန့်မှန်းသည်။
ကံကောင်းစွာဖြင့် သူတို့ ကားအကြာကြီး မစီးခဲ့ရပေ။
မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ကားက ကြီးမားသောခြံဝင်းထဲသို့ ဝင်ရောက်သွားသည်။
အရှေ့ဘက်ခြံဝင်းထဲသို့ ဝင်ရောက်သွားသောအခါ သက်တော်စောင့်တွေဟာ ဗန်ကားပေါ်မှဆင်းလိုက်ပြီး စကားတစ်ခွန်းမှ မပြောပဲ လူလေးဦးကို ဗန်ကားပေါ်မှ ခေါ်ထုတ်သွားသည်။
ဤကျယ်ဝန်းသော ခြံဝင်းအတွင်းမှာ လူပေါင်းများစွာရှိနေသည်။ မိန်းကလေးအဖွဲ့က ခေါင်းဆောင်ဟု ထင်ရသည်။
အလယ်တွင် မတ်တတ်ရပ်နေသူက ကျန်းချန်ရှီး ဖြစ်သည်။ ကျန်းချန်ရှီးက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏လှပသော ပေါင်ကို ဖော်ထားသည်။ ကောက်ကွေးနေသော ဆံပင်ကို ဆံထုံးပုံစံ ချည်နှောင်ထားသည်။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက အလွန်အမင်းလှပနေသည့်ပုံပေါ်သည်။
သူမ၏ဘေးနားတွင် သူမထက်ပို၍လှပသည့် ယင်းယာ ရှိနေသည်။
ကျက်သရေရှိနေသော ခန္ဓာကိုယ်ကို စကတ်အရှည်ကြီးဖြင့် လွှမ်းခြုံထားပြီး မျက်နှာက ပုံမှန်ထက်ပို၍လေးနက်တည်ကြည်နေသည်။
နောက်ထပ်ကောင်မလေးတစ်ယောက်က မန်မန်ဖြစ်သည်။
သူမက နွေးထွေးပြီး ဖော်ရွေပုံရသည်။
သို့သော်လည်း သေးငယ်သည့်မျက်နှာလေးပေါ်တွင် အပြုံးကို မမြင်ရသော်လည်း စိတ်အားထက်သန်သော အမူအရာရှိနေသည်။
သူတို့သုံးယောက်၏ဘေးနားမှ တခြားသူများက ဝူဟိုင်း၊ လင်းဟုန်၊ ဝူကျိုးနှင့် အဘိုးအိုတို့ဖြစ်သည်။
သူတို့အားလုံးကို ယွမ်ကျိုး၏ စားသောက်ဆိုင်မှာ ဆုံဖူးသည်။
“သူတို့ကို လွှတ်လိုက်”
ကျန်းချန်ရှီးက လက်ကိုဝှေ့ယမ်းလိုက်ပြီး အေးတိအေးစက်ပြောသည်။
သူမ၏လေသံက ပုံမှန်ကဲ့သို့ကျီစယ်သော အမူအရာကင်းမဲ့နေသည်။
ခန္ဓာကိုယ်တောင့်တင်းသည့် သက်တော်စောင့်များက ဖမ်းချုပ်လာသော လူလေးဦးကို အရှေ့ဘက်တွင်ရှိသော ထိုင်ခုံလေးခုံဆီ တိတ်တဆိတ်ခေါ်ဆောင်သွားပြီး ချန်းဝေ၏နောက်ဘက်မှာ မတ်တပ်ရပ်နေကြသည်။
သို့သော်လည်း ဖမ်းဆီးခံရသော လူလေးဦးသည် ပိုက်ကွန်ထဲဖမ်းမိသည့် ငါးကဲ့သို့ ပြင်းထန်စွာ ပင့်သက်ရှိုက်နေရသည်။
“အယ် မင်းတို့ပါလား”
အရပ်ရှည်ရှည်အမျိုးသားက ပထမဦးဆုံး တည်ငြိမ်စွာဖြင့် စကားပြောနိုင်သောခွန်အားရရှိသွားသည်။
“ဟုတ်တယ် ငါတို့ပဲ။ စကားပြောဖို့ စိတ်မလောနဲ့ဦး”
ကျန်းချန်ရှီးက ညှိနှိုင်းရန် သဘောမတူသော အမူအရာဖြင့် ချက်ချင်းပြောသည်။
“လွန်ခဲ့တဲ့သုံးရက်က မင်းတို့တွေ သူဌေးယွမ်ကို ဘာလုပ်ခဲ့လဲဆိုတာ အသေးစိတ်မပြောပြရင်တောင် ငါတို့နားလည်အောင် ပြောပြသင့်တယ် မဟုတ်လား"
သူမက လေးနက်စွာမေးမြန်းသည်။
“သူဌေးယွမ်ကို ရိုက်ရတဲ့အကြောင်းအရင်းကို ငါတို့အားလုံးသိထားပြီးသား။ ဒါပေမယ့် ဒီလိုလုပ်ရပ်မျိုးက ရူးမိုက်ပြီး ယုတ္တိမဆန်ဘူး” ကျန်းချန်ရှီးက အားမနာစတမ်းပြောသည်။
“ဒါက ရည်ရွယ်ချက်ရှိရှိပြစ်မှုကျူးလွန်တာပဲ။ ပြစ်မှုဥပဒေပုဒ်မ ၂၃၄ အရ ရည်ရွယ်ချက်ရှိရှိ ပြစ်မှုကျူးလွန်တဲ့သူတွေကို ထောင်ဒဏ်သုံးနှစ် ချမှတ်လို့ရတယ်။ အများပြည်သူရဲ့ စောင့်ကြည့်ခြင်းကိုလည်း ခံရမယ်”
ယင်းယာက သူတို့အဖွဲ့၏ ပြစ်မှုမှတ်တမ်းကို တည်ငြိမ်စွာပြောသည်။
“မဟုတ်ဘူး မဟုတ်ဘူး။ ငါတို့က သူဌေးယွမ်ကို ခြောက်လန့်ချင်ရုံပဲ။ ငါတို့ ခြောက်လန့်လိုက်ရင် သူဌေးယွမ်က စားသောက်ဆိုင်ကို အကြာကြီးဖွင့်မလား ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ပါ။ မင်းတို့လဲ ဒီအချက်ကို လိုချင်တာမဟုတ်ဘူးလား”
အမျိုးသားက ခံစားမှုအပြည့်ဖြင့်ပြောသည်။
သူက သူ့အမှားကို လုံးဝ မတွေးထားပေ။
မန်မန်က အေးစက်စွာပြုံးလိုက်ပြီး ဆက်ပြောသည်။
“နင်တို့ရဲ့ တွေးခေါ်ပုံက သူဌေးယွမ်က နင်တို့အတွက် ဟင်းမချက်ပေးရင် ခိုးကြောင်ခိုးဝှက် သူဌေးယွမ်ကို ရိုက်မယ်။ ဆရာက အိမ်စာတွေ အများကြီးပေးရင် ဆရာကိုရိုက်မယ်။ ဆရာဝန်က ဆေးမကုပေးရင် ဆရာဝန်ကို ရိုက်မယ်။ မိဘတွေက ပိုက်ဆံမပေးရင် မိဘတွေရိုက်မယ်။ ဒီလိုအတွေးမျိုး မှတ်လား”
မန်မန်က ဆက်ပြောသည်။
“ဒီလိုအတွေးမျိုးနဲ့ ရှင်သန်လာတာလား၊ အံ့ဩစရာကြီးနော်။ မင်းတို့ရဲ့ စိတ်သဘောထားက ကောင်းမွန်တယ်လို့ မခံစားမိဘူး။ မင်းတို့တွေကို သင်ခန်းစာပေးတဲ့အနေနဲ့ ခြေလက်တွေကို မသန်စွမ်းဖြစ်အောင်လုပ်သင့်တယ်မလား။ ဘာပဲဖြစ်ဖြစ် မင်းတို့ကြောင့် ငါတို့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်”
နောက်ဘက်မှာရှိနေသော လင်းဟုန်က ကြားဝင်ပြောဆိုသည်။
“ဒါပေမယ့် ငါက လူသားချင်းစာနာတတ်တဲ့ စိတ်ဓာတ်ရှိပါတယ်။ မစိုးရိမ်ပါနဲ့။ မင်းတို့အတွက် ဆေးကုသစရိတ်ကို ငါတာဝန်ယူမယ်”
လင်းဟုန်၏ခန့်ညားချောမောသော မျက်နှာပေါ်မှာ အပြုံးလေး ခပ်ရေးရေး ပေါ်လာသည်။
သူပြောနေသည့် အကြောင်းအရာက အမှန်တကယ်လား၊ လိမ်ညာနေသည်လား ဆိုသည်မှာ မည်သူမှ အတပ်မသိနိုင်ပေ။
“ဒါပေါ့။ မသန်မစွမ်းတွေအတွက် အငြိမ်းစားလစာကို ငါလဲပေးနိုင်ပါတယ်။ မင်းတို့ကို ပေးတာလှူဒါန်းသလိုပဲလေ”
ဝူဟိုင်းက သေးငယ်သော သူရဲ့မုတ်ဆိတ်လေးကို ပွတ်သပ်လိုက်ပြီး သူ၏ အကြံအစည်က အထမြောက်သကဲ့သို့ တွေးတောနေသည်။
ချန်းဝေနှင့် သူ၏နောက်လိုက် အားကစားသမားတွေကလည်း သန်မာကြံ့ခိုင်သောကြွက်သားများကို ပြသထားပြီး ဤစိတ်ကူးအားဖြစ်နိုင်ချေရှိသည်ဟု ညွှန်ပြနေသည်။
ထိုမှသာ အဖမ်းခံရသော လူလေးဦးသည် အကြောင်းပြချက်ပေးခြင်းကို ရပ်တန့်လိုက်ပြီး မကျေမနပ်ပြောဆိုလာသည်။
တခြားသူကို ဒုက္ခပေးခဲ့သကဲ့သို့ သူတို့လဲ တန်ပြန်ဒုက္ခရောက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
ယခုတော့ ထပ်တူညီသောအခြေအနေကို ထိပ်တိုက်ကြုံတွေ့နေရပါပြီ။
သူတို့ကို ဒီနေရာထိပြန်ပေးဆွဲလာကြပြီး ခံစားချက်မကောင်းဟု ဟူသော အကြောင်းပြချက်ဖြင့် သူတို့ကို မသန်မစွမ်းဖြစ်အောင် နှိပ်စက်တော့မည်။
ထိုမှသာ သူတို့၏ မကောင်းမှုကို သူတို့ သဘောပေါက်လာသည်။ ယွမ်ကျိုးက သူတို့အားလုံးအတွက် ကောင်းမွန်စွာ ချက်ပြုတ်ပေးသော်လည်း သူတို့၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒကြောင့် ယွမ်ကျိုးကို ရိုက်နှက်ရန် ကြိုးစားခဲ့သည်။
"တောင်းပန်ပါတယ်။ ငါတို့ကိုဒီလိုမလုပ်ပါနဲ့။ ငါတို့အမှားကို ငါတို့နားလည်ပါပြီ”
သူတို့အားလုံးဟာ အရွယ်ရောက်သူများဖြစ်သော်လည်း အမှားကို ဝန်ခံရဲသော သတ္တိရှိကြသည်။
အဖမ်းခံရသောလူလေးဦးသည် မတ်တတ်ရပ်လိုက်ပြီး သူတို့၏မကောင်းမှု အမှားအယွင်းအတွက် စိတ်ရင်းဖြင့် တောင်းပန်စကားပြောကြသည်။
“တကယ့်ကို ရယ်စရာကောင်းတာပဲ။ မင်းတို့လိုလူတွေက အမှားကိုသိတာ မြန်လှချည်လား”
ကျန်းချန်ရှီးတို့ အဖွဲ့က အဖမ်းခံရသောလူလေးယောက်ကို ခနဲ့သည်။
“နင်တို့အမှားကို နင်တို့သိတာ သေချာရဲ့လား’’
မန်မန်က သူတို့ကို လုံးဝမယုံကြည်ပေ။
“သူဌေးယွမ်၊ တရားရင်ဆိုင်ဖို့အတွက် ရှေ့နေကောင်းတစ်ယောက်ကို ငါရှာပေးနိုင်တယ်”
ယင်းယာက သူမရဲ့အရည်အချင်းကို ထုတ်ပြောသည်။
“ငါတို့အမှားမှန်းဆိုတာ ငါတို့တကယ် သိသွားပါပြီ။ သူ့ကိုစိတ်ရင်းနဲ့ သွားတောင်းပန်ပါ့မယ်”
အဖမ်းခံရသော လူလေးဦးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး တစ်ပြိုင်နက်တည်း ပြောဆိုကြသည်။
“အရမ်းကို အံ့ဩစရာပဲနော်။ မင်းတို့တွေက သူဌေးယွမ်ကို ရိုက်လိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး။ အရမ်းကို အရည်အချင်းရှိနေပါလား။ တခြားလူကို ရိုက်ရဲတဲ့အထိ အရမ်းကို အရည်အချင်းရှိနေတယ် လို့ မင်းတို့ကိုယ် မင်းတို့ ထင်နေတာလား”
ဝူဟိုင်းက သူ၏သေးငယ်သော မုတ်ဆိတ်လေးကို ပွတ်သပ်ပြီး ဖမ်းလာသောလူလေးဦးကို စက်ဆုပ်ဟန်ကြည့်သည်။
“မင်းတို့ကို တစ်ခုတော့ ပြောလိုက်မယ်။ မင်းတို့ကို ဒီနေရာထိဖမ်းလာဖို့ အမိန့်ပေးလိုက်တဲ့လူက ငါပဲ။ အကြောင်းအရင်းကိုလဲ မင်းတိုသိမယ်လို့ထင်တယ်။ မင်းတို့ ငါ့ကိုရှာချင်ရင် ဒီဖုန်းနံပါတ်ကို ဆက်လိုက်”
လင်းဟုန်က သူ့နာမည်ကဒ်ကို ထုတ်လိုက်ပြီး အရပ်ရှည်ရှည်အမျိုးသားရှေ့ကို ချထားလိုက်သည်။
“ပြဿနာကို ဒီလိုပုံစံမျိုးနဲ့ ဖြေရှင်းတာကို လက်မခံနိုင်ပေမယ့် မင်းတို့ကို ကျေးဇူးတင်ပါတယ်”
အရပ်ရှည်ရှည်နဲ့ အမျိုးသားက နာမည်ကဒ်ကို မငြင်းဆန်ခဲ့ပေ။
သူက နာမည်ကဒ်ကို ကောက်ယူလိုက်ပြီး ထိုစကားကိုပြောသည်။
“ဒါဆိုရင် သူဌေးယွမ်က နင်တို့တောင်းပန်တာကို လက်ခံပါ့မလား”
ယင်းယာက ဒေါသထွက်နေဆဲဖြစ်သည့်အတွက်ကြောင့် သူမ၏နောက်တွင်ရှိသော အပေါင်းအပါများကို ပြောသည်။
“ငါတို့တွေ သူ့ကို သွားတောင်းပန်လိုက်ပါ့မယ်”
ခဏတုံ့ဆိုင်းပြီးနောက် အရပ်ရှည်ရှည် အမျိုးသားက လေးနက်သော လေသံဖြင့်ပြောသည်။
“ဒီလောက်နဲ့ပြီးသွားပြီလား။ ငါတောင်မှ မပြောရသေးဘူးလေ”
ကျန်းချန်ရှီးက ဖမ်းထားသောလူလေးယောက် ထွက်သွားသော မြင်ကွင်းကို အင်တင်တင်ဖြင့် စောင့်ကြည့်နေသည်။
“ဘာလဲ အကြမ်းဖက်မှုကို အကြမ်းဖက်မှုနဲ့ ဖြေရှင်းဖို့ ရည်ရွယ်ထားတာလား”
ချန်းဝေက မကျေနပ်ဟန်ပြောသည်။
ကျန်းချန်ရှီးက ဝန်ခံခြင်းမရှိခဲ့သကဲ့သို့ ငြင်းဆန်ခြင်းလည်းမရှိခဲ့ပေ။
“ဒီလိုဆိုရင် သူဌေးယွမ်အတွက် ကောင်းပါ့မလား။ ငါတို့က သူ့နာမည်ကို အသုံးချသလိုဖြစ်နေမလား”
ချန်းဝေက မျက်မှောင်ကြုတ်ကာ ပြောသည်။
“ငါ့ကို ယုံကြည်လိုက် ဒီကိစ္စကို သေချာဖြေရှင်းနိုင်လိမ့်မယ်”
ကျန်းချန်ရှီးက ခေါင်းကိုလှည့်လိုက်ပြီး ချန်းဝေကို တစ်ချက်ကြည့်သည်။
ထို့နောက် သူမ၏ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းလိုက်ပြီး လျင်မြန်စွာထွက်ခွာသွားသည်။
သူတို့အားလုံးက ယွမ်ကျိုးစားသောက်ဆိုင်၏ ပုံမှန်ဖောက်သည်များဖြစ်သည်။
ဤတစ်ကြိမ်တွင် ဝူဟိုင်းက အဆိုပြုခြင်းကို လုပ်ဆောင်ပြီး လင်းဟုန်က အကောင်ထည်ဖော်သည်။
ကျန်းချန်ရှီးက ဤအခြေနေကို ထိန်းချုပ်ပြီး မန်မန်နှင့်ယင်းယာတို့က ဟောပြောသည့်အလုပ်ကို လုပ်ဆောင်သည်။
မိန်းကလေးများက ယခုလိုပြဿနာမျိုးကို ကောင်းမွန်စွာဖြေရှင်းနိုင်သည်။
သူတို့က အကြမ်းဖက်သောနည်းလမ်းမျိုးကို မသုံးပဲ ယခုလိုမျိုး နည်းလမ်းမျိုးကိုသာလုပ်ဆောင်တက်သည်။
သို့သော်ငြားလည်း ယွမ်ကျိုးက သူ့ဒေါသပြေအောင် တခြားသူများကူညီပေးနေခြင်းကို မသိခဲ့ပေ။
သူက သူ့ကိုလာတောင်းပန်သည့် လူလေးယောက်၏ စကားကို လက်မခံရန်သာ ဆုံးဖြတ်ထားသည်။
သို့သော်ငြားလည်း ယနေ့တွင် သူ့အတွက် သတင်းကောင်းတစ်ခုရှိနေသည်။
သာဓကဆိုသော် သူအွန်လိုင်းWebsiteမှာ အော်ဒါတင်ထားသည့် ဟန်ရိုးရာဝတ်စုံကို လာရောက်ပို့ဆောင်ခြင်းဖြစ်သည်။
မစ်ရှင်ပြီးမြောက်ဖို့အတွက် နောက်ဆုံးအရာဝတ္ထုလဲ ဖြစ်သည်။
မီနူးနားတွင် ပန်းချီရေးဆွဲခြင်းကိုလည်း အပြီးသတ်ရေးဆွဲထားပြီးသားဖြစ်သည်။
ပန်းချီကားထဲမှာ ကြာပန်းလေးတွေကို လှပစွာပုံဖော်ထားပြီး ဟင်းပွဲနှင့် ဈေးနှုန်းစာရင်းကို ထိခိုက်မှုမရှိပေ။
တခြားသောအလှဆင်ခြင်းများလည်း ကောင်းမွန်စွာပြင်ဆင်ထားသည်။
ပန်းရောင်သန်းနေသည့် ကြာပန်းလေးများ ဖူးပွင့်နေခြင်းက ကြာပန်း၏အလှကို ပို၍ပေါ်လွင်စေသည်။
ထို့ပြင် ကြာပန်းပုံစံမီးအိမ်တွေကိုလည်း ဝါးသစ်တောထဲမှာ အလှဆင်ထားသည်။
ထိုစဉ် စနစ်၏အသိပေးချက် ရောက်ရှိလာသည်။
[အရန်မစ်ရှင် : ကြာပန်းနှင့်ပက်သက်တဲ့ အလှဆင်မှု ဆယ်မျိုးနဲ့ ဆိုင်ကို အလှဆင်ပေးပါ] (ပြီးမြောက်ပါပြီ)
[မစ်ရှင်အညွှန်း : ကျွမ်းကျင်စားဖိုမှူးတစ်ယောက်အနေနှင့် မင်းရဲ့စားသောက်ဆိုင်ကို ကြာပန်းလေးတွေနဲ့ အလှဆင်သင့်တယ်။ ကဲ ကြာပန်းနှင့်ပက်သတ်တဲ့ အလှဆင်ပစ္စည်းတွေကို သွားဝယ်ပြီးတော့ အလှဆင်လိုက်တော့လူငယ်လေး]
[မစ်ရှင်ဆုလာဘ် : ကြာမြစ်ကစီဓာတ်] (လက်ခံရယူနိုင်ပါပြီ)
အပိုင်း(၁၈၅)
ပြီးပါပြီ။
၁၈၆ မှ ၁၉၀
ယွမ်ကျိုး အပိုင်း(၁၈၆)
"စနစ်၊ ကြာမြစ်ကစီဓာတ်ဟင်းပွဲအတွက် ကိုယ်တိုင်ပြင်ဆင်မှု လုပ်ဖို့ လိုအပ်လား"
ယွမ်ကျိုးက တစ်ချက်ကြည့်လိုက်ပြီး သူ မရှင်းလင်းသော အကြောင်းအရာများကို အရင်ဆုံး မေးမြန်းရန် တစ်ချက်ဆုံးဖြတ်လိုက်သည်။
ယွမ်ကျိုးက ကြာမြစ်ကစီဓာတ်ပြုလုပ်ခြင်းနည်းလမ်းနှင့် ပတ်သက်၍ အနည်းငယ် သိထားသည်။
သာဓကဆိုသော် ကြာမြစ်ကစီဓာတ် ပြုလုပ်ရသည့် လုပ်ငန်းစဉ်ကို မျက်မြင်မတွေ့ရသေးခင် သူ့ဘာသာသူ ဟူ၍ သတ်မှတ်ကြလိမ့်မည်။
ဈေးကွက်တွင် ရောင်းချသော ပါဝင်ပစ္စည်းများသည် ကြာမြစ်ကစီဓာတ် မဟုတ်ဘဲ ပီလောပီနံကစီဓာတ်ဖြစ်သည်။
ပီလောပီနံကစီဓာတ်သည် အဖြူရောင်ရှိပြီး ရေပူပူထဲ နှစ်လိုက်သည့်အခါ ထိုးဖောက်မြင်နိုင်သည်။
စစ်မှန်သောကြာမြစ်ကစီဓာတ်သည် လှပသောပန်းနုရောင် အရောင်အသွေးရှိသည်။ မွှေးရနံ့က မပြင်းသော်လည်း နှာခေါင်းထဲ စွဲငြိစေသည်။
ပန်းရောင်အဆင်းရှိရခြင်း အကြောင်းအရင်းက စစ်မှန်သော ကြာပန်းကစီဓာတ်တွင် သံဓာတ်ပါဝင်ပြီး သကြားဓာတ်နည်းပါးသည်။ လေနှင့်ထိတွေ့လိုက်သောအခါ ဓာတ်တိုးသွားသောကြောင့်ဖြစ်သည်။
စနစ်မှ ဖော်ပြသည်။
"ဆိုင်ရှင် ကိုယ်တိုင်စစ်ဆေးကြည့်ပေးပါ"
"ဒါဆိုရင် ငါက သိချင်ရင် အရင်ဆုံး ဆုလာဘ်ကို လက်ခံရမယ့်သဘောပေါ့"
ယွမ်ကျိုးက သူ့ကိုယ်သူ ရေရွတ်သည်။ သူက ဆုလာဘ် လက်ခံသည့်ခလုတ်ကို ဖိလိုက်သည်။ ထို့နောက် ယွမ်ကျိုး၏ စိတ်ထဲသို့ ကျွမ်းကျင်မှုအားလုံး ဝင်ရောက်သွားသည်။
ထိုနောက် ယွမ်ကျိုးက သူသည် စနစ်ကို အထင်သေးလွန်းသည်ဟု သိရှိသွားသည်။ ဤရိုးရှင်းသော ကြာမြစ်ကစီဓာတ်နှင့်ပတ်သက်၍ အသေးစိတ် ဖော်ပြထားပေးသည်။
ကြာစေ့ကို စနစ်တကျရွေးချယ်ပြီး ဖူးပွင့်သည်အထိ စိုက်ပျိုးပြီးမှ ကြာမြစ်ကို ရယူထားခြင်းဖြစ်သည်။ လတ်တလောတွင် ယွမ်ကျိုးက ဟင်းလျာအသစ်နှင့်ပတ်သက်၍ သာမန်ထက်ပို၍ စိတ်အားထက်သန်နေသည်။
ယွမ်ကျိုးက ကြာမြစ်ကစီဓာတ်ကြိတ်ဖို့အတွက် တစ်ညလုံး အချိန်ကုန်ခဲ့သည်။ စနစ်မှ လိုအပ်သော ကြာမြစ်ကစီဓာတ်ကို ရရှိရန်အတွက် ကျောက်ဆုံကိုအသုံးပြုရမည်။
သူ့ကို နောက်ကွယ်မှထောက်ပံ့ပေးသည့်စနစ်ရှိသည့်တိုင် ယွမ်ကျိုးက အများကြီးမလုပ်နိုင်ပေ။ ယွမ်ကျိုး၏စားသောက်ဆိုင်သို့လာရောက်သောဖောက်သည်အရေအတွက်အရ ပြုလုပ်ထားသော ကြာမြစ်ကစီဓာတ်သည် နှစ်ရက်အသုံးပြုရန် လုံလောက်သည်။
သူက အရသာရှိသောဟင်းပွဲများကို ချက်ပြုတ်ရန် ပင်ပန်းသည့်အခါတိုင်း ဆုလာဘ်အနေဖြင့် နှစ်ပန်းကန် အပိုစားလေ့ရှိသည်။ ဤတစ်ကြိမ်တွင်လည်း ခြွင်းချက် မဟုတ်ပေ။
တစ်ညလုံး အလုပ်ရှုပ်ပြီးတဲ့နောက် ယွမ်ကျိုးက ဆိုင်တံခါးကို ဖွင့်လိုက်သည်။
"သူဌေး၊ မင်္ဂလာနံနက်ခင်းပါ"
ဆိုင်ထဲသို့ ဝင်ရောက်လိုက်စဉ် မုရှောင်ယွမ်က ယွမ်ကျိုး၏ မျက်နှာကို စပ်စပ်စုစု စောင့်ကြည့်သည်။
"အင်း၊ မင်းပေးတဲ့ဆေးက တကယ်ကောင်းတယ်"
ယွမ်ကျိုးက ယနေ့ စိတ်ကြည်နေပုံပေါက်သည်။ သူ၏ ပန်ဒါမျက်လုံးများလည်း ပျောက်ကွယ်သွားပါပြီ။
"သူဌေးယွမ်၊ မင်္ဂလာနံနက်ခင်းပါ။ ငါတို့ကော အလုပ်စလုပ်လို့ရပြီလား"
ယွမ်ကျိုးကို လုပ်ကြံခဲ့သည့် လူလေးယောက်က ဆိုင်ထဲသို့ရောက်လာပြီး ယွမ်ကျိုးကို နှုတ်ဆက်စကားပြောသည်။ မနေ့တုန်းက သဘောတူထားသည့်အတိုင်း အလုပ်လုပ်ရန် လာရောက်ကြခြင်းဖြစ်သည်။
သူတို့က တောင်းပန်စကားကို ထပ်မံ မပြောတော့ပေ။ တောင်းပန်စကား ပြောခြင်းက အလုပ်မဖြစ်မှန်းလည်း သူတို့သိသည်။
"သူဌေးယွမ် ဆိုင်ဖွင့်တာ ရှားရှားပါးပါးပဲ"
လင်းဟုန်က စကားမပြောခင် မကျေမနပ် အံကြိတ်လိုက်သည်။
"မတွေ့ရတာတောင် ကြာပြီနော်"
ယွမ်ကျိုးက သူ၏ပုံမှန်ဖောက်သည်ကို နှုတ်ဆက်စကားပြောလိုက်သည်။
"အနားယူလိုက်တာ အကြာကြီးပဲနော်။ ဘယ်လိုဖြစ်ရတာလဲ"
လင်းဟုန်က ချက်ချင်းမေးမြန်းသည်။
"ဟုတ်တယ်။ ကျွန်တော်က ခင်ဗျားနဲ့ မတူဘူးလေ။ ကျွန်တော့်ရဲ့အရည်အချင်း၊ ကျွန်တော့်ရဲ့မျက်နှာပေါ် မူတည်ပြီးတော့ ရှင်သန်ရတာလေ"
ယွမ်ကျိုးက လင်းဟုန်ကို နှုတ်ဆိတ်စေသည့် စကားမျိုး ပြောလိုက်သည်။
"အမ်..အမ်.. မင်းရဲ့မျက်နှာကို မူတည်ပြီးတော့ အသက်ရှင်နေရတယ်လို့ ပြောချင်တာလား။ မင်းရဲ့ဟင်းချက်စွမ်းရည်ပေါ် မူတည်ပြီးတော့ ရှင်သန်နေရတယ်လို့ပြောရင် ပိုကောင်းမယ်"
လင်းဟုန်က ယွမ်ကျိုး၏ လျှို့ဝှက်ဆန်းကြယ်သော ယုံကြည်မှုကြောင့် အတော်လေး နှုတ်ဆိတ်သွားသည်။
"ဟုတ်တယ်။ ငါ့ရဲ့ဟင်းချက်စွမ်းရည်ကလည်း ကောင်းမွန်တယ်လေ"
ယွမ်ကျိုးက အရှက်မဲ့စွာ ခေါင်းညိတ်ပြီး အရှက်ရသောခံစားချက် အနည်းငယ်ကိုမျှ မပြသပေ။
ခံ့ညားချောမောသော မျက်နှာနှင့်ပတ်သက်၍ ပြောရလျှင် သူ့ကိုယ်သူ နံပါတ် ၁ ဟု ခံယူထားသည်။ သို့သော်လည်း ဟင်းချက်ပြုတ်ခြင်းနှင့် နှိုင်းယှဉ်လိုက်လျှင် သူ့အတွက် ဟင်းချက်ပြုတ်ခြင်းက ပထမဦးဆုံးနှင့် အကောင်းဆုံးဖြစ်သည်။
ယွမ်ကျိုးက ဟင်းချက်ခြင်းမှာ နံပါတ် ၁ ဖြစ်ပြီး၊ ရုပ်ရည်ကြည့်ကောင်းခြင်းမှာ နံပါတ် ၂ ဟု အမြဲတမ်း ယုံကြည်ထားသည်။
"ခင်ဗျား ဟင်းပွဲတွေ အော်ဒါ မမှာဘူးဆိုရင် တခြားသူတွေအတွက် နေရာဖယ်ပေးပါ"
လင်းဟုန်၏ နောက်ဘက်တွင် မခံမရပ်နိုင်ပြောသောအသံ ထွက်ပေါ်လာသည်။
"လန့်သွားတာပဲ။ ခုတလော ဘာမှမစားထားဘူးလား"
လင်းဟုန်က အတည်ပြုဟန်ဖြင့် ပြောသည်။
"ငါက မင်းလို မဟုတ်ဘူး"
ဝူဟိုင်း၏ အထင်အမြင်သေးသော မျက်နှာအမူအရာကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည်။
လင်းဟုန်က ဝက်တစ်ကောင်ကဲ့သို့ ဆိုင်တွင် ရှိသမျှ အစားအသောက်များကို စားလေ့ရှိသည်။
"သူဌေးယွမ်၊ ဒီမနက်ခင်းမှာ အရသာရှိတဲ့ဟင်းပွဲတွေ ရောင်းလား"
ဝူဟိုင်းအတွက် သူ့အနေဖြင့် လင်းဟုန်ကို အကောင်းဆုံး လက်စားချေခြင်းက လင်းဟုန် မနာလိုဖြစ်စေမည့်ဟင်းပွဲများကို အရင်ဆုံး အော်ဒါတင်ခြင်းဖြစ်သည်။
"ဒီမနက်ခင်းမှာ ကြာမြစ်ကစီဓာတ်ကိုပဲ ရောင်းချပါတယ်။ တခြား ဘာမှမရပါဘူး"
ယွမ်ကျိုးက ဈေးနှုန်းစာရင်းအသစ်ကို ညွှန်ပြပြီး ပြန်ပြောသည်။
"ဒါဆိုရင် ဘာဖြစ်လို့နံရံပေါ်မှာ ကြာပန်းတွေကို ရေးဆွဲထားရတာလဲ"
လင်းဟုန်က နံရံပေါ်တွင် မြင်တွေ့ရသော ကြာပန်းများကိုကြည့်ပြီး နားမလည်နိုင်စွာ မေးမြန်းသည်။
"ဘာမှတော့မဟုတ်ပါဘူး။ စားသောက်ဆိုင်အတွက် အလှဆင်ထားတဲ့ ပန်းပွင့်လေးတွေပါ"
ယွမ်ကျိုးက မပွင့်တပွင့် ပြန်ဖြေသည်။ လင်းဟုန်က ယွမ်ကျိုး အခုလို ပြန်ဖြေသည်ကို ကြားသောအခါ စားသောက်ဆိုင်တွင် အလှဆင်ထားသော ပန်းများအကြောင်း ဆက်လက် မသိချင်တော့ပဲ သူစားမည့်ဟင်းပွဲကိုသာ အော်ဒါတင်သည်။
"တောင်ပိုင်းဒေသရဲ့ သရေစာမုန့်တွေကို မစားရတာကြာပြီ။ ဒါကြောင့်မို့လို့ တစ်ပွဲလောက်ပေးပါ"
လင်းဟုန်က ယန်ဇီမြစ်တောင်ပိုင်းသို့ မကြာခဏ သွားလေ့ရှိသည်။ ၎င်းဒေသတွင် ထူးခြားသော သရေစာမုန့်များ ရောင်းချလေ့ရှိသည်။
"ငါ့ကိုလည်း တစ်ပွဲပေးပါ"
ဝူဟိုင်းက ချက်ချင်း ပြန်ပြောသည်။
"ခဏလေး စောင့်ပေးကြပါ"
ယွမ်ကျိုးက ခေါင်းညိတ်ပြီးနောက် ပြန်ဖြေသည်။ ထို့နောက် သူ မနေ့ညတုန်းက ကြိုတင်ပြင်ဆင်ထားသည့် ကြာမြစ်ကစီဓာတ်ကို ထုတ်ယူလိုက်ပြီး ရေထဲမှာစိမ်ရန် ပြင်ဆင်သည်။
စီနီယာအစားအသောက် ဝါသနာရှင်အတွက် ကြာမြစ်ကစီဓာတ်ကို ခွဲခြားရန် လွယ်ကူသည်။
"သူဌေးယွမ်က အနောက်ဘက်ကြာကန်မှာရှိတဲ့ ကြာမြစ်ကို အသုံးပြုထားပုံပဲ"
ကြာမြစ်ကစီဓာတ်၏ အရည်အသွေးကို ကြည့်ပြီး ဝူဟိုင်းပြောသည်။
"သူဌေးယွမ် အသုံးပြုတဲ့ကြာမြစ်က စန်းကျာရွာကနေ ရိတ်သိမ်းတဲ့ ကြာမြစ်ပဲဖြစ်ရမယ်။ သူ့ရဲ့အထိအတွေ့ကို ကြည့်ရတာ ကောင်းမွန်ပြီးတော့ ချောမွေ့တယ်။ အရောင်ကလည်း အနီရောင် ခပ်ရေးရေးလေး ရှိပြီးတော့ အဖြူရောင်အဆင်းရှိတယ်"
လင်းဟုန်က ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။ ယွမ်ကျိုးက စကားလုံးများဖြင့် သူ့ကိုပြန်မပြောသော်လည်း လင်းဟုန် မှန်ကန်ကြောင်းကို ခေါင်းညိတ်ကာ အတည်ပြုပေးသည်။
သို့သော်လည်း တစ်ခုတည်းသော ခြားနားချက်က ယွမ်ကျိုးရွေးချယ်ထားသော ကြာမြစ်သည် စန်းကျာရွာမှဖြစ်သည့်အပြင် ထုတ်လုပ်မှုများထဲမှ အကောင်းဆုံးတစ်ခုကို ရွေးချယ်ထားခြင်း ဖြစ်သည်။
စနစ်မှ ထောက်ပံ့ထားသော ပါဝင်ပစ္စည်းများသည် သူ၏ အဆင့်အတန်းနှင့် လိုက်ဖက်မှုရှိသည်။ အဖြူရောင်ကြာပန်းမှ ထုတ်လုပ်ထားသော ကြာမြစ်တွင် သေးငယ်သော အပေါက်ကလေးများရှိပြီး အသားထူကာ လတ်ဆတ်သည်။
ချိုမြပြီး အနံ့အရသာ ပြည့်စုံသည်။ တခြားသူများက ကစီဓာတ်ပြုလုပ်ရန်အတွက် ရင့်သော ကြာမြစ်များကို သေချာပေါက် အသုံးပြုကြသည်။ ထိုမှသာ ကစီဓာတ်များများ ရရှိပြီး မွှေးရနံ့ ပြင်းထန်လိမ့်မည်။
သို့သော်လည်း ယွမ်ကျိုးအသုံးပြုသည့် ကြာမြစ်က ခြားနားမှုရှိသည်။ သူက လတ်ဆတ်သော ကြာမြစ်ကို အသုံးပြုထားသည့်အပြင် အလယ်ပိုင်း၏ တတိယအဆစ်ကိုသာ သုံးထားသည်။
အဆစ်မှ ထုတ်ထားသော ကြာမြစ်ကစီဓာတ်သည် အရောင်အဆင်းလှပပြီး ဖြူဖွေးကာ မွှေးရနံ့သင်းကြိုင်သည်။ ကြာမြစ်ရင့်မှ ထုတ်ထားသော ကစီဓာတ်ကဲ့သို့ ချိုမြသော မွှေးရနံ့မရှိသော်လည်း လတ်ဆတ်သော မွှေးရနံ့က နှာခေါင်းထဲ
ပျံ့လွင့်လာသည်။
"သူဌေးယွမ် ဘယ်လိုရေ အမျိုးအစားကို သုံးထားတာလဲ။ ရေအေး မဟုတ်ဘူးထင်တယ်"
အမြင်စူးရှသော လင်းဟုန်က ယွမ်ကျိုး လောင်းချလိုက်သော ရေအမျိုးအစားကို ချက်ချင်း စူးစမ်းမိသွားသည်။
"ကြာရွက်အလယ်ဗဟိုမှာ ရှိတဲ့ နှင်းစက်ကလေးတွေပါ"
ယွမ်ကျိုးက ဟင်းပွဲပြင်ဆင်နေ၍ maskကို တပ်ဆင်ထားသည်။ ဤတစ်ကြိမ်တွင်လည်း ခြွင်းချက် မဟုတ်ပေ။
"ကြာရွက်ပေါ်မှာ ရှိတဲ့ နှင်းစက်ရေကို ပြောတာလား"
လင်းဟုန်က နှင်းစက်ရေကို ငေးကြည့်ပြီး မေးမြန်းသည်။ ဤတစ်ကြိမ်တွင် ယွမ်ကျိုးက သူမေးသောမေးခွန်းကို ပြန်မဖြေခဲ့ပေ။
အေးစက်သောရေကို ကြာမြစ်ကစီဓာတ်ထဲ လောင်းထည့်လိုက်ပြီး ဘေးသို့ ဖိတ်စင်သွားခြင်း မရှိအောင် ဂရုတစိုက် မွှေနေသည်။
ယွမ်ကျိုးက လေးနက်စွာ အလုပ်လုပ်နေသည်ကို မြင်သောအခါ လင်းဟုန်က စပ်စုချင်သော ဆန္ဒကို ထိန်းသိမ်းလိုက်ပြီး သေချာစောင့်ကြည့်နေသည်။
ဤတစ်ကြိမ်တွင် ယွမ်ကျိုးက အစိမ်းပုတ်ရောင်အဆင်းရှိသည့် ကြာရွက်ခွက်ကို အသုံးပြုထားသည်။ အစိမ်းပုတ်ရောင်ခွက်သည် စစ်မှန်သောကြာရွက်နှင့် အသွင်တူသည်။
အေးစက်သောရေထဲတွင် ကြာမြစ်ကစီဓာတ်ကို စိမ်ပြီးနောက် ကြာမြစ်ကစီဓာတ်သည် စေးကပ်ခြင်း၊ သိပ်သည်းခြင်းမရှိဘဲ ကြည်လင်သောပန်းရောင်အဆင်း ဖြစ်သွားသည်။
ထိုမှသာ ယွမ်ကျိုးက ရေပူကို ခွက်ထဲ လောင်းထည့်လိုက်သည်။ ကြာမြစ်ကစီဓာတ်ကို ရောစပ်ရန် အသုံးပြုထားသောရေသည် ပွက်ပွက်ဆူနေသောရေမဟုတ်ရပေ။ ထို့ကြောင့် ယွမ်ကျိုးက အပူချိန်ကို ကောင်းစွာ ထိန်းချုပ်ရသည်။
ထည့်ရှိသော ရေပမာဏမှန်ကန်ရန်လည်း ဂရုပြုရသည်။ ကြာမြစ်ကစီဓာတ်ကို ကြာရွက်ခွက်ထဲ ၈၀ ရာခိုင်နှုန်း ထည့်ရှိထားသည်။ အစိမ်းပုတ်ရောင် ကြာရွက်ခွက်သည် ပန်းရောင်အဆင်းရှိသော ကြာမြစ်ကစီဓာတ်နှင့် လိုက်ဖက်မှုရှိသည်။
ခွက်ပေါ်တွင်ရှိသော ရေနွေးငွေ့များ ပျောက်သွားသောအခါ ပန်းရောင်အဆင်းရှိသည့် ကြာပန်းပုံစံပေါ်လာ၍ တည်ခင်းရန် အဆင်သင့်ဖြစ်သွားပါပြီ။
“သုံးဆောင်ကြပါ”
ယွမ်ကျိုးက ကြာမြစ်ကစီဓာတ် ဟင်းပွဲနှစ်ပွဲကို တစ်ပြိုင်နက်တည်း သယ်ဆောင်လာပြီး စကားပြောသည်။
“ကြာမြစ်ကစီဓာတ်တစ်ပွဲက တော်တော်ထူးခြားတာပဲ။ သူဌေးယွမ် ဂုဏ်သတင်း ကျော်စောမှုနဲ့ ထိုက်တန်ပါတယ်”
ခဏကြာပြီးမှသာ ဆာလောင်နေသော ဝူဟိုင်းက ထိုစကားကို ပြောခြင်းဖြစ်သည်။
“ရှေးယခင်ကဆိုရင် ဒီကြာမြစ်ကစီဓာတ်ဟင်းပွဲကို လက်ဆောင်ပဏာအနေနဲ့တောင် ဆက်သကြတယ်။ ဒါကြောင့်မို့လို့ ထူးခြားတာပေါ့”
လင်းဟုန်က ဝူဟိုင်း၏ အတွေးအခေါ်နှင့် အသိသညာကို စက်ဆုပ်ရွံရှာဟန် ပြောသည်။ သို့သော်ငြားလည်း ဝူဟိုင်းက လင်းဟုန်နှင့် အပြန်အလှန်ဆွေးနွေးမည့် ရည်ရွယ်ချက်မရှိပေ။
သူက ကြာမြစ်ကစီဓာတ်တစ်ဇွန်းကို ခပ်လိုက်ပြီး စတင် စားသုံးသည်။ ဟင်းပွဲစားသုံးရန် အသုံးပြုထားသော ဇွန်းသည် မွှေးရနံ့ကင်းမဲ့သော ဝါးဇွန်းဖြစ်သည်။ ဇွန်းကို အရောင်တင်ပြီးတဲ့ နောက်မှာ ထူးခြားတဲ့အနံ့အသက်တွေကင်းစင်ပြီးတော့ ခံတွင်းထဲကို မွှေးရနံ့ ခပ်ရေးရေး ထွက်ပေါ်စေသည်။
ကြာမြစ်ကစီဓာတ်က အညိုရောင်ဝါးဇွန်းကြောင့် ပို၍ ပုံပေါ်လာပြီး ကြည်လင် သန့်ရှင်းသည်ဟု ထင်ရသည်။ ကြာမြစ်ကစီဓာတ်ကို တစ်ငုံသောက်ပြီးသည့်နောက် ထူးခြားသော အနံ့အသက်မရှိဘဲ အနံ့အရသာနှင့်ပြည့်စုံသည်ဟု ခံစားမိသည်။ ဟင်းပွဲရဲ့အပူချိန်ကလည်း မှန်ကန်မှုရှိသည်။
ဝူဟိုင်းက တစ်ငုံသောက်ပြီးသည့်နောက် ကြာပန်း၏ မွှေးရနံ့က သူ့လည်ပင်းထဲ ပေါ်ထွက်လာသည်ဟု ခံစားမိသည်။ သူက ကြာမြစ်ကစီဓာတ်တစ်မျိုးတည်းကိုသာ စားသုံးခြင်းမဟုတ်ပဲ ကြာပန်း၏ပွင့်ချပ်ကလေးများကို စားသုံးနေသည်ဟုပင် ခံစားမိသည်။
သူ့လက်ထဲတွင်ရှိသော ကြာရွက်ခွက်က အရသာရှိသော စားကောင်းသောက်ဖွယ်များ၏ အကောင်းဆုံးအရာများကို သယ်ဆောင်လာပေးသည်ဟု ခံစားမိသည်။
အပိုင်း(၁၈၆)
ပြီးပါပြီ။