အခန်း (၁၈၇-၁၈၉)
Vol. 13 Ch. 187-189
ယွမ်ကျိုး အပိုင်း(၁၈၇)
“သူဌေးယွမ်၊ ဒီကြာမြစ်ကို စန်းကျာရွာကနေ ရိတ်သိမ်းထားတာမဟုတ်လား။ ချိုမြတဲ့မွှေးရနံ့ပဲရှိပြီး တခြားရနံ့တွေ မရဘူး”
ကြာမြစ်ကစီဓာတ်ကို တစ်ငုံသောက်ပြီးတဲ့နောက် လင်းဟုန်က အတည်ပြုဟန်ဖြင့် မေးမြန်းသည်။
“ဟုတ်တယ်။ လတ်ဆတ်တဲ့ကြာမြစ်ကပဲ ကြာမြစ်ကစီဓာတ်လုပ်ဖို့အတွက် သင့်လျော်တယ်”
ယွမ်ကျိုးက သူသုံးထားသော ကြာမြစ်အဆင့်အတန်းကို ထုတ်ပြောသည်။
“တခြားသူတွေကဆိုရင် ရင့်တဲ့ကြာမြစ်ကိုပဲ သုံးတာလေ”
“ဒါဆိုရင် လတ်ဆတ်တဲ့ကြာမြစ်က ပိုကောင်းမွန်တဲ့အရသာရှိတာပေါ့”
လင်းဟုန်က ရင့်သောကြာမြစ်ကိုသာ စားခဲ့ဖူး၍ ရင့်သောကြာမြစ်က ပို၍အရသာရှိမည်ဟု ယုံကြည်ထားသူဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ လင်းဟုန်တစ်ယောက်ထဲ ဤအချက်ကို ယုံကြည်လက်ခံထားခြင်းမဟုတ်ပေ။ ရင့်သောကြာမြစ်ကို ကြာမြစ်ကစီဓာတ်လုပ်ရန်အတွက် အသုံးပြုသင့်သည်ဟု လူအများစုက လက်ခံထား၍ဖြစ်သည်။
လတ်ဆတ်သောကြာမြစ်ကို စားခဲ့သည့် ချင်မင်းဆက်မှ လူသိများကျော်ကြားသည့် အစားအသောက်ဝါသနာရှင် ယွမ်မေကြောင့်လည်းဖြစ်သည်။
ယွမ်ကျိုး၏စားသောက်ဆိုင်သေးသေးလေးတွင် ထူးခြားသော ပါဝင်ပစ္စည်းများကို စားသုံးခွင့်ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထပ်မံ၍ လင်းဟုန်က ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်ကို သဘောကျသွားသည်။
“သေချာစားကြည့်ရင် မင်းအရသာကို သိသွားလိမ့်မယ်”
ဝူဟိုင်းက ဝင်ရောက်ပြောဆိုသည်။ ကြာမြစ်ကစီဓာတ်ဟင်းပွဲကို သေချာစားသုံးကြည့်မှသာ အရသာအပြည့်အစုံကို ခံစားနိုင်လိမ့်မည်။
ဤတစ်ကြိမ်တွင် ဝူဟိုင်းက ဖြည်းဖြည်းချင်းစားသည့်အတွက်ကြောင့် သူ့ရဲ့ဗလာကျင်းနေသော အစာအိမ်ထဲ နွေးထွေးသော ကြာမြစ်ကစီဓာတ်များ ဖြည်းဖြည်းချင်း ပြည့်သွားသည်။
ကြာမြစ်ကစီဓာတ်က အာဟာရဓာတ်တွေ ပေါကြွယ်ဝပြီး လွန်ခဲ့သောနှစ်တစ်ထောင်ကျော်ခန့်က ကြာမြစ်ကစီဓာတ်ကို စားသုံးခဲ့သော ရာဇဝင်ရှိသည်။ အကျိုးဆက်အနေဖြင့် စာပေနှင့် ကဗျာများတွင် အတော်လေး နာမည်ကျော်ကြားခဲ့သည်။
ယခင်ကဆိုလျှင် ဝူဟိုင်းက ချိုမြပြီး စေးကပ်ကပ်အစားအသောက်များကို စားသုံးလေ့မရှိသည့်တိုင် ဤချိုမြမြဟင်းပွဲလေးကို စတင်သဘောကျနေပါပြီ။
“သူဌေးယွမ်၊ ဒီဟင်းပွဲထဲကို သကြားတွေ ထပ်မထည့်ထားဘူးမို့လား”
ဝူဟိုင်းက အတည်ပြုဟန် မေးမြန်းသည်။
“သကြားထည့်ဖို့ မလိုအပ်ဘူး”
ယွမ်ကျိုးက ခေါင်းညိတ်ပြီး အတည်ပြုဟန် ပြန်ပြောသည်။
“ကောင်းတာပေါ့။ ဒီလောက်နဲ့တောင် စားလို့ကောင်းနေပြီ”
ဝူဟိုင်းက ကြာမြစ်ကစီဓာတ်ဟင်းပွဲ၏နောက်ဆုံးကျန်သော တစ်ဇွန်းကို မျိုချပြီးနောက် စကားပြန်ပြောသည်။
“ဒီလောက်နဲ့တင် အရသာကောင်းနေပါပြီ။ ဒါပေမယ့် ဒီဟင်းပွဲကိုစားပြီးတော့ ပိုပြီးတော့ အစာ စားချင်စိတ် ဖြစ်လာတယ်။ ဗိုက်မဝသေးဘူး သူဌေးယွမ်။ ဟင်းတစ်ပွဲပဲရောင်းပေးတာက ရိုးသားမှု မရှိဘူးနော်။ ကြင်နာမှုလည်းမရှိဘူး”
လင်းဟုန်၏ ကြာရွက်ခွက်သည် ဝါးဇွန်းဖြင့် ခြစ်ထား၍ တောက်ပြောင်သန့်ရှင်းနေသည်။ အလုပ်ကိစ္စဖြင့် ခရီးထွက်နေသည့်တိုင် ယွမ်ကျိုး၏စားသောက်ဆိုင်အကြောင်း အမြဲတွေးမိနေခြင်းက အံ့ဩစရာမရှိပေ။ ယွမ်ကျိုး၏ ဟင်းပွဲများက အမှန်တကယ် အရသာရှိသည်။
“ဟုတ်တယ်၊ အမှန်ပဲ။ ကြာမြစ်ကစီဓာတ်ဟင်းပွဲကို စားပြီးတဲ့နောက် ကြက်ဥထမင်းကြော် နှစ်ပန်းကန်တောင် စားနိုင်တယ်လို့တောင် ခံစားမိတယ်”
ဝူဟိုင်းက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်ပြီး လင်းဟုန်ပြောနေသော စကားဝိုင်းထဲ ချက်ချင်းဝင်ပြောသည်။
“အင်း။ ဒါက အစာအိမ်ကို ရှင်းပေးတဲ့ပုံစံပါပဲ။ ထပ်ပြီးတော့ တစ်ခုခုစားချင်တယ်ဆိုရင် အပြင်ဘက်မှာ သွားဝယ်စားကြပါ”
ယွမ်ကျိုးက လေးနက်စွာပြောသည်။
“ဟား ဟား ဟား ဟား လာနောက်နေတာလား။ အခုလို အရသာရှိတဲ့ အစားအသောက်ကို စားထားတာ မကြာသေးဘူး။ အခြားအစားအသောက်ကို စားစရာလား”
လင်းဟုန်ရဲ့အမြင်မှာ အရသာရှိသောဟင်းပွဲကို စားပြီးနောက် အဆင့်အတန်းနိမ့်သည့် အရသာမရှိသောဟင်းပွဲများကို စားရန်အကြောင်း မရှိပေ။ သူက အစားအသောက်ကြေးများသည့်သူ မဟုတ်သည့်တိုင် အရသာဆိုးဝါးသောအစားအသောက်များကို မစားချင်ပေ။
“သူဌေးယွမ်၊ လက်ရှိအခြေအနေအတွက် ခင်ဗျားတာဝန်ယူသင့်တယ်လို့ထင်တယ်”
ဝူဟိုင်းက ဝင်ရောက်ပြောဆိုသည်။
“ဟုတ်တယ်။ ခင်ဗျား တာဝန်ယူသင့်တယ်”
မနက်စာ စားသုံးပြီးသော တခြားသောဖောက်သည်များကလည်း ဝင်ရောက်ပြောဆိုကြသည်။
“မနက်စာအတွက် ဟင်းပွဲတစ်ပွဲထဲကိုပဲ ရောင်းချပါတယ်။ ဒါက စည်းမျဉ်းပါ”
ယွမ်ကျိုးက တခြားသူများ မှာယူထားသော ကြာမြစ်ကစီဓာတ်ဟင်းပွဲများကို သယ်ဆောင်ပြီး လေးနက်စွာပြောသည်။
“အမြဲတမ်း ဒီလိုအဖြေပဲ ပြန်ဖြေတယ်။ သံလိုက်အိမ်မြှောင်ဆိုတဲ့ နာမည်ပြောင်နဲ့ ထိုက်တန်ပါတယ်”
လင်းဟုန်က ဆို့နင့်သောအမူအရာဖြင့် ငြီးတွားပြောဆိုသည်။
“အခုလို ချီးမွမ်းစကားပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ယွမ်ကျိုးက အလွယ်တကူ လက်ခံလိုက်သည်။ သူ့အတွက် ဤသို့သောအပြောအဆိုများက ချီးမွမ်းစကားသာဖြစ်သည်။
“သူဌေးယွမ်ရဲ့ နားလည်နိုင်စွမ်းက တကယ့်ကို လက်လန်တယ်”
လင်းဟုန်က သက်ပြင်းချလိုက်သည်။
“တကယ်ပဲ။ အမှန်ပဲ”
သူ့ဘေးနားတွင်ရှိသော တခြားသောဖောက်သည်များကလည်း သဘောတူဟန် ခေါင်းညိတ်ကြသည်။
“တခါတရံ ခင်ဗျားကို ရည်းစားရသွားဖို့ မျှော်လင့်မိတယ်။ ခင်ဗျား ရည်းစားရသွားရင် ဒီလိုစည်းမျဉ်းတွေ လိုက်နာပါ့မလား”
လင်းဟုန်က စပ်စုသောအမူအရာဖြင့် ရုတ်တရက် ပြောဆိုသည်။
“ဟုတ်တယ်။ အမှန်ပဲ”
“ဒါလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
ယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ရာကို တွေးတောကာ ခေါင်းညိတ်လိုက်သည်။
“သူက ဟင်းပွဲနှစ်ပွဲစားချင်တယ်လို့ပြောရင် ခင်ဗျားဘယ်လိုလုပ်မလဲ။ ထပ်ပြီးတော့ ချက်ပေးမှာလား၊ မချက်ပေးဘူးလား”
တခြားသောဖောက်သည်များက စိတ်ဝင်စားသောအမူအရာကို ပြသသည်။
“ငါစားရမယ့်ဟင်းပွဲကို သူ့ကိုပေးလိုက်မှာပေါ့”
ယွမ်ကျိုးက သေချာဟန်ပြောသည်။
“နောက်ထပ်တစ်ပွဲ ထပ်ချက်ပေးဖို့ တိုက်တွန်းရင်ကော ဘယ်လိုလုပ်မလဲ”
လင်းဟုန်က အတွေ့အကြုံရှိသော အမူအရာဖြင့် မေးမြန်းသည်။
“မဖြစ်နိုင်ပါဘူး။ သူက ငါ့ကိုချစ်တယ်လေ”
ယွမ်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
“ဒါဆိုရင်တော့ မင်း သူ့ကို ဘယ်လိုငြင်းမလဲဆိုတာ ငါတို့တွေ စောင့်ကြည့်ချင်သေးတယ်။ ဒါပေမယ့် အခုအချိန်မှာ မရှိမဖြစ် အရေးကြီးတဲ့ အဓိကအချက်က ခင်ဗျားမှာ ရည်းစားမရှိတာပဲ။ အရင်ဆုံး ရည်းစားရှိအောင် လုပ်ပေးရမယ်”
လင်းဟုန်က ကောက်ကျစ်စဉ်းလဲသော အပြုံးလေးကို ဖော်ပြသည်။
ယွမ်ကျိုး ရည်းစားရမည့်အချက်က မဖြစ်နိုင်သောအဆင့်ဖြစ်သည်။ ယွမ်ကျိုးက စကားပြောကောင်းသူ မဟုတ်သည့်အတွက် ကောင်မလေးကိုလည်း ချော့တတ်မည်မဟုတ်ချေ။ ယွမ်ကျိုးက ရိုးစင်းလွန်းသည်ဟု လင်းဟုန် ခံစားမိသည်။
“အင်း။ ငါလည်း ရည်းစားတစ်ယောက်တော့ရှိလာမှာပါ”
ယွမ်ကျိုးက သူ့ရဲ့စန်းနှင့်ပတ်သက်ပြီးတော့ ယုံကြည်မှုရှိသည်။ မည်သို့ပင်ဆိုစေကာမူ သူက အလွန်အမင်းခံ့ညားချောမောသော လူငယ်လေးဖြစ်သည်။
နေ့အချိန်က အလျင်အမြန် ကုန်ဆုံးသွားသည်။ ယွမ်ကျိုးကို ရိုက်နှက်ခဲ့သော လူလေးဦးသည် သူတို့ကတိပေးထားသည့်အတိုင်း အလုပ်လုပ်ကြသည်။
ယွမ်ကျိုးကို ထပ်မံတောင်းပန်ခြင်းအပြုအမူကို မလုပ်ဆောင်သည့်တိုင် သဘောတူထားသည့်အတိုင်း အလုပ်ကို လိုလိုလားလား လုပ်ဆောင်ကြသည်။ သူတို့ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့သော အပြုအမူအတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်နေခြင်းလည်း ဖြစ်သည်။
သို့သော်လည်း ယွမ်ကျိုးက ထိုအကြောင်းနှင့်ပတ်သက်ပြီး မသိခဲ့ချေ။ သူက သူ့အလုပ်ကိုသာ စိတ်အားထက်သန်စွာ လုပ်ဆောင်နေသည်။ သူတို့အတွက် အစားအသောက် ရောင်းချပေးမည့်အစီအစဉ်ကို ပြောရမည်ဆိုလျှင် စောလွန်းသေးသည်။
ညဘက်ဆိုင်ဖွင့်ချိန် ၇ နာရီ ၄၀ တွင် မျက်နှာတစ်ပြင်လုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေသောအမျိုးသားသည် စားသောက်ဆိုင်သို့ ထပ်မံရောက်ရှိလာသည်။
“သူဌေးယွမ်၊ ကြက်ဥထမင်းကြော်တစ်ပွဲ ပေးပါ”
သူက ညာဘက်ပါးကို ဖုံးကွယ်ထားပြီး မပီမပြင်လေသံဖြင့် ပြောသည်။ ယွမ်ကျိုးမှာ စူးရှသော မျက်ဝန်းတစ်စုံရှိသည်။ သူက ကြာပန်းပုံစံဖော်ထားသောတဘက်ကို ထုတ်ပေးလိုက်ပြီး ၎င်းအမျိုးသားကို လှမ်းပေးလိုက်သည်။
“ယူလိုက်”
ယွမ်ကျိုးက စကားအများကြီး မပြောပေ။
“ကျေးဇူးတင်ပါတယ်”
၎င်းအမျိုးသားသည် တဘက်ကို လက်ခံယူလိုက်ပြီး သူ့ပါးပြင်ကို ဖုံးထားသောလက်ကို ဖယ်ရှားလိုက်သောအခါ သူ့ညာဘက်ပါးပေါ်တွင် ရှိသောဒဏ်ရာကို ဖောက်သည်များသတိပြုမိသွားသည်။
ပါးတစ်ခြမ်းလုံးက ဖောင်းကားနေပြီး နှုတ်ခမ်းထောင့်မှ သွေးများ ယိုကျနေသည်။ ဒဏ်ရာက အတော်လေး ပြင်းထန်ပုံပေါက်သည်။ ထိုစဉ် ယွမ်ကျိုးက ကြက်ဥထမင်းကြော်ဟင်းပွဲကို သူ့ထံသယ်ဆောင်လာသည်။
“ခင်ဗျားမှာထားတဲ့ ကြက်ဥထမင်းကြော် ရပါပြီ။ သုံးဆောင်ပါ”
“ကျေးဇူးတင်ပါတယ်”
၎င်းအမျိုးသားသည် သူ့ကျေးဇူးတင်စကားကို အရင်ဆုံးဖော်ပြပြီး ခဏတွေဝေကာ စကားပြန်ပြောသည်။
“ငါ ရှုံးနိမ့်သွားပြီ”
“ငါ သိတယ်”
ယွမ်ကျိုးက ငြိမ်းချမ်းသောလေသံဖြင့် စကားပြောဆိုသည်။ ယွမ်ကျိုးက တစ်ဖက်လူ၏ မျက်နှာပေါ်မှဒဏ်ရာကို မေးမြန်းခြင်းမရှိသကဲ့သို့ နောင်တရခြင်း၊ အံ့ဩခြင်း ခံစားချက်များလည်း မရှိပေ။
၎င်းအမျိုးသားက ယွမ်ကျိုး၏အဖြေနှင့် ပတ်သက်၍ ရင်းနှီးထားပြီးသားဖြစ်သည်။ ထိုစကားကိုပြောပြီးနောက် သူက ခေါင်းငုံ့လိုက်ပြီး ကြက်ဥထမင်းကြော်ကို စတင်စားသည်။
သူတို့နှစ်ဦးကြားက ထူးဆန်းသောစကားပြောဆိုမှုကို ကြားသိသွားသော ပုံမှန်ဖောက်သည်က မနေနိုင်မထိုင်နိုင် မေးမြန်းသည်။
ဒီဖောက်သည်က တခြားသူမဟုတ်ဘဲ ဆိုင်သို့ သိပ်လာလေ့မရှိသည့် ချန်းဝေဖြစ်သည်။ သို့တိုင် သူက ဒဏ်ရာဒဏ်ချက်များဖြင့် ကြက်ဥထမင်းကြော် လာရောက်အားပေးသူမို့ မှတ်မိနေသည်။
“ခင်ဗျားရဲ့မျက်နှာက ဘယ်လိုဖြစ်ရတာလဲ”
“ကျွန်တော့်မျက်နှာက ဒဏ်ရာကိုမေးတာလား”
၎င်းအမျိုးသားက တခြားသူများနှင့် စကားပြောလျက် မရှိသောကြောင့် ဖြည်းဖြည်းချင်း ပြန်ပြောသည်။ သူ့ပုံစံက ချန်းဝေ၏ အကြည့်ကြောင့် ထူးဆန်းနေပုံပေါက်သည်။
“ဒဏ်ရာတွေက အရိုက်ခံရတဲ့ပုံပဲ။ တွေ့လိုက်တိုင်း ဒီလိုပုံစံပဲနော်”
ချန်းဝေက အတည်ပြုဟန် မေးမြန်းသည်။
“ဟုတ်တယ်။ အထိုးခံရလို့ဖြစ်လာတာ အမှန်ပဲ”
၎င်းအမျိုးသားက သွက်လက်စွာဖြင့် စာကြောင်းအရှည်ကြီးကို ပြောခြင်းမဟုတ်ပေ။
“အကြောင်းအရင်းကို ပြောပြဖို့အတွက် အဆင်မပြေဘူးမို့လား”
ချန်းဝေက မျက်မှောင်ကြုတ်သည်။ ကိုယ်ခံပညာရပ်ကို သင်ကြားပေးသူတစ်ယောက်အနေဖြင့် သူက ဒဏ်ရာရဲ့ ပြင်းထန်မှုကို သေချာသိသည်။ မျက်မှောင်ကြုတ်လိုက်တဲ့အခါမှာ ထည်ဝါသောအမူအရာ ပေါ်လာသည်။
“ကိစ္စမရှိပါဘူး။ မစိုးရိမ်ပါနဲ့”
၎င်းအမျိုးသားက ပြုံးချင်သော်လည်း နှုတ်ခမ်းထောင့်မှာရှိသောဒဏ်ရာကို နာကျင်သော ခံစားချက်ဖြစ်ပေါ်စေသည်။
“ဒီလို မပြောနဲ့လေ”
ချန်းဝေက မျက်မှောင်ကြုတ်လိုက်သည်။
“မဟုတ်ဘူး။ ကျွန်တော်က အပျော်တမ်း လက်ဝှေ့သမားပါ။ ကျွမ်းကျင်သူတော့ မဟုတ်ပါဘူး”
တိုတောင်းသော အချိန်ကာလအတွင်း ၎င်းအမျိုးသားက သွက်သွက်လက်လက် စကားမပြောနိုင်ပေ။ သူစကားပြောလိုက်တိုင်း နှုတ်ခမ်းထောင့်မှဒဏ်ရာကို ဆွသလိုဖြစ်ပြီးတော့ နာကျင်သောခံစားချက် ဖြစ်ပေါ်စေသည်။
“ဒါဆိုရင် ခင်ဗျားနဲ့ သူဌေးယွမ်က ရင်းနှီးနေတာလား”
ချန်းဝေက ပို၍ ဒွိဟဖြစ်လာသည်။
လက်ဝှေ့သမားတစ်ယောက်ဖြစ်ခြင်းကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခြင်းက နားလည်ပေး၍ ရသေးသည်။ လက်ဝှေ့သမားတွင်လည်း အနိုင်အရှုံးရှိသည့်အတွက်ကြောင့် ဒဏ်ရာရနိုင်သည့်အချက်က ရှောင်ရှား၍ မရပေ။
သို့သော်လည်း ဆိုင်သို့လာရောက်တိုင်း သူဌေးယွမ်ကို ပြိုင်ပွဲရလဒ်အကြောင်း ပြောရသည့်အကြောင်းအရင်းကို နားမလည်နိုင်ပေ။
“မရင်းနှီးပါဘူး”
လက်ဝှေ့သမား အနည်းငယ် ဆာလောင်နေသောကြောင့် ကြက်ဥထမင်းကြော်တစ်ဇွန်းကို အရင်ဆုံး မျိုချလိုက်ပြီးမှ ပြန်ဖြေသည်။
“ဒါဆိုရင် ဘာလို့ အမြဲတမ်းလာပြောနေရတာလဲ။ ခင်ဗျားဒီဆိုင်ကို ခဏခဏတော့ မလာပါဘူး”
ချန်းဝေက လက်ဝှေ့သမားကို ပုံမှန်ဖောက်သည်မဟုတ်ကြောင်း ချက်ချင်းညွှန်ပြသည်။
“မဟုတ်ဘူး။ ဒီလိုလည်းမဟုတ်ဘူး။ ပြိုင်ပွဲပြီးမှပဲ ဒီဆိုင်ကို လာတာပါ”
လက်ဝှေ့သမားက ဇွန်းကို အောက်ချလိုက်သည်။
“ဘာလို့လဲ။ အကြောင်းအရင်းကို ပြောပြနိုင်မလား”
ချန်းဝေက အဖြေကို အရမ်းသိချင်နေမိသည်။
“သူဌေးယွမ်က ဒီဆိုင်မှာ အမြဲရှိတယ်လေ”
လက်ဝှေ့သမားက ချိုသာစွာပြောသည်။
“အင်း”
ချန်းဝေ နည်းနည်း သဘောပေါက်သွားသည်။
သူဌေးယွမ်က လက်ဝှေ့သမားလေးရဲ့ပြောသမျှကို နားထောင်ပေးသည့် သစ်ပင်အိုကြီးနှင့် အသွင်တူသွားသည်။
သာဓကဆိုသော် လူတချို့က သူတို့၏ လျှို့ဝှက်ချက်တွေကို ပြောပြချင်၍ သစ်ပင်အိုကြီးများနား သွားလေ့ရှိသည်။ သစ်ပင်အိုကြီးတွေက သူမေးတဲ့မေးခွန်းတွေကို ပြန်မဖြေသော်လည်း သူပြောသမျှ စကားတွေကို နားထောင်ပေးလေ့ရှိသည်။
ချန်းဝေက ကိုယ်ခံပညာသင်ကြားပေးသူဖြစ်သည့်အတွက်ကြောင့် လက်ဝှေ့လောက၏ အကြောင်းကို အနည်းငယ် သိထားသည်။ အတွေ့အကြုံမရှိတဲ့ အပျော်တန်း လက်ဝှေ့သမားလေးတွေက လက်ဝှေ့ပွဲကနေ ငွေအများကြီး မရတတ်ပေ။
ချန်းဝေက ယွမ်ကျိုးကို တစ်ချက်လှည့်ကြည့်ပြီးနောက် သူ့မျက်နှာပေါ်မှာ အပြုံးလေးခပ်ရေးရေးပေါ်လာသည်။
အပျော်တမ်းလက်ဝှေ့သမားလေးက သူ့ရဲ့ လက်ဝှေ့ပွဲပြီးဆုံးတိုင်း ယွမ်ကျိုး၏ စားသောက်ဆိုင်ကို လာရောက်လေ့ရှိသောအကျင့် ရှိသည်။ ထိုမှတဆင့် တခြားသူများ မမေးမြန်းသည့် ပြိုင်ပွဲ၏ အနိုင်အရှုံးရလဒ်ကို ယွမ်ကျိုးအား ပြောပြခြင်းဖြစ်လိမ့်မည်။
အပိုင်း(၁၈၇)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၈၈)
“ဒီပုံက အတုအယောင်လို့ ဘာလို့ထင်ရတာလဲ”
ရေမိုးချိုးပြီးတဲ့နောက်မှာ ယွမ်ကျိုးရဲ့ ဆံပင်မှာ ရေစက်ကလေးများ ကျဆင်းနေသည်။ ယွမ်ကျိုးဟာ ကွန်ပြူတာ ရှေ့ကိုသွားပြီးတော့ စစ်ဆေးရင်း ငြီးတွားပြောဆိုသည်။ သူ့အရှေ့ရဲ့ စာမျက်နှာပေါ်မှာ သူ့စားသောက်ဆိုင်နှင့် ပက်သက်သော အကြောင်းအရာများရှိနေသည်။ အကြောင်းအရာများ၊ ဆွေးနွေးမှုများ၊ Websiteများ၊ WeChat Group နှင့် Microblogမှ အကြောင်းအရာများဖြစ်သည်။ ယွမ်ကျိုးဟာ တစ်ခုချင်းဆီကို စိတ်အားထက်သန်သော အမူအရာဖြင့် ဖတ်ရှုနေသည်။ ယွမ်ကျိုးက မန်မန်ရဲ့ ထောက်ခံမှုကို ပို၍သဘောကျသည်။
[ဒါက ယွမ်ကျိုးစားသောက်ဆိုင်က ကြာမြစ်ကစီဓာတ်ဟင်းပွဲပါ။ သလင်းကျောက်လို ကြည်လင်ပြီးတော့ ထိုးဖောက်မြင်နိုင်တဲ့ ဒီဟင်းပွဲကို နင်တို့တွေ မြင်ဖူးလား။ ဒီ့အပြင် အရသာအရမ်းကောင်းတယ်နော်။
ဒီစန်းကျာရွာက ထုတ်တဲ့ ကြာမြစ်ကစီဓာတ်အစစ်ဆိုတာ သေချာပေါက်ပဲ။ အလှအပနဲ့ ငယ်ရွယ်မှုကို ထိန်းသိမ်းဖို့အတွက် အကောင်းဆုံးပဲ။ ဒါကြောင့်မလို့ ဒီဟင်းပွဲကို အခုကစပြီးတော့ နှစ်ရက်သွားစားဖို့ဆုံးဖြတ်ထားတယ်။ ဒါမှ ငါ့မျက်နှာလေးရဲ့ နုပျိုမှုကို ထိန်းသိမ်းနိုင်မှာလေ]
မှတ်ချက်အောက်တွင် ရှိသောဓာတ်ပုံများက မန်မန်ကိုယ်တိုင် အုပ်စုဖွဲ့၍ ရိုက်ထားသော ဓာတ်ပုံများဖြစ်သည်။ ထို့အပြင် ကြာမြစ်ကစီဓာတ်ဟင်းပွဲနှင့် ပတ်သက်သော ဓာတ်ပုံများလည်းရှိသည်။
ပြန်စာအားလုံးက ချီးမွမ်းစာများဖြစ်သည်။ သာဓကဆိုရသော် [မန်မန်၊ နင့်မျက်နှာက ချစ်စရာကောင်းပြီးတော့ နုပျိုပြီးသားလေ]
ယွမ်ကျိုးဟာ စာမျက်နှာအပြည့်နှစ်ဖက်ရှိသော မှတ်ချက်များကို ဖတ်ရှုကြည့်သည်။ မှတ်ချက်အားလုံးဟာ ချီးမွမ်းစကားများဖြစ်သည်။
“ဒါတွေ အားလုံးဟာ တကယ့်ကို မှန်ကန်တဲ့မှတ်ချက်တွေပဲ။ ရပါတယ်လေ။ အဆင်ပြေပါတယ်”
ယွမ်ကျိုးက လေးနက်သော အမူအရာဖြင့် ပေါ့ပေါ့ပါးပါးပြောသည်။ တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးဟာ စိတ်အားထက်သန်သောအမူအရာဖြင့် မှတ်ချက်များကို ဖတ်ရှုနေသည်။ ဒီချီးမွမ်းမှတ်ချက်များကို ဖတ်ရှုခြင်းဖြင့် သူ့ရဲ့ စိတ်ကူးဉာဏ်ကို ကွန့်မြူးစေသကဲ့သို့ ချက်ပြုတ်ခြင်းကိုလည်း ပို၍ကောင်းမွန်စေသည်။
တခြားတစ်ဖက်တွင်မူ လီရန်ယီက အရသာရှိသော အစားအသောက်များကို ရှာဖွေနေသည်။ သူက အစားစားရခြင်းကို သဘောကျပြီး ကိုယ်ကျင့်တရားကောင်းမွန်သောသူဖြစ်သည့်တိုင် အစားအသောက်များကို မှတ်ချက်ပေးသောအခါ ပြတ်သားမှု မရှိပေ။
“ယန်ကျာ၊ မင်း ငါ့ကို ညွှန်းပေးလို့ရတဲ့ ဆိုင်ရှိလား” စိတ်ဝင်စားဖွယ်ကောင်းသော စားသောက်ဆိုင် ရှာဖွေခြင်းကို ရှုံးနိမ့်သွားသောအခါ တစ်စုံတစ်ယောက်ကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။ ထိုလူက သူ၏လက်ထောက်ဖြစ်သည်။
“ပါမောက္ခ၊ ရာစုနှစ်ဆိုင်ဆိုရင်ရော ဘယ်လိုလဲ။ အရင်တစ်ခေါက်တုန်းက သဘောကျတယ်လို့ ပါမောက္ခ ပြောခဲ့ဖူးတယ်လေ”
ယန်ကျာ၏သိမ်မွေ့သောမျက်နှာက ပြုံးနေကျ အပြုံးလေးကို ဖော်ပြသည်။
“နောက်တစ်ဆိုင်ပြောင်းပြော” လီရန်ယီက ချက်ချင်းငြင်းပယ်သည်။
“ဒါဆိုရင် ကျုံဟယ်လမ်းမှာရှိတဲ့ ရိမူစားသောက်ဆိုင်ကို သွားကြမလား။ ဘယ်လိုသဘောရလဲ”
ယန်ကျာက သူ့ပါမောက္ခ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သက်၍ သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် နောက်တစ်ခုကို ငြင်းသည်။
“ငါ မရောက်ဖူးတဲ့ စားသောက်ဆိုင်ကို ရွေးပေး” လီရန်ယီက မကျေမနပ် မျက်မှောင်ကြုတ်လိုက်သောကြောင့် မျက်ခုံးနှစ်ဖက်ကြားက ဒေါင်လိုက် အရေးအကြောင်းတစ်ချို့ပေါ်လာသည်။
“ဒါဆိုရင် ဆရာဝမ်ရှုယန်က ဆိုင်ကောင်းတစ်ခုကို ညွှန်းပေးခဲ့ဖူးတယ်လေ။ မှတ်မိသေးလား။ အဲ့ဆိုင်ဆိုရင်ရော ဘယ်လိုသဘောရလဲ။ သွားကြည့်ချင်လား"
ယန်ကျာက သူ့ဖုန်းထဲမှ မှတ်စုစာအုပ်ကို ကြည့်ပြီး ယွမ်ကျိုး၏စားသောက်ဆိုင်ကို ပထမဦးဆုံး ညွှန်းသည်။
“ဝမ်ရှုယန်သာ အဲ့နေရာမှာရှိရင် ငါတို့ အဲ့ဒီဆိုင်မှာ အရသာသွားမြည်းလို့ရတယ်”
လီရန်ယီက သုံးစက္ကန့်မျှစဉ်းစားပြီးနောက် ချက်ချင်းသဘောတူလိုက်သည်။
“ကောင်းပါပြီ။ ပေါမောက္ခ စီစဉ်စရာရှိတာတွေ စီစဉ်ပေးရအုံးမလား”
ယန်ကျာက အသေးစိတ်မေးမြန်းသည်။ သူက သူ့ပါမောက္ခနှင့်ပတ်သက်သော အကျင့်စရိုက်ကို ကောင်းစွာသိထားသည်။
သေးနုပ်သောစားသောက်ဆိုင်သို့ သွားလျှင် အပေါင်းအဖော်ဖြင့် သွားရခြင်းကို ပါမောက္ခက မနှစ်သက်ပေ။
“မလိုအပ်ဖူး။ ငါ့ဘာသာငါသွားမယ်”
ထိုစကားကို ပြောပြီးနောက် လီရန်ယီက ယန်ကျာ နှုတ်ဆက်စကား မပြောခင် ဖုန်းချသွားသည်။
ဖုန်း၏တခြားတစ်ဖက်မှာ ယန်ကျာက ဖုန်းကို ချလိုက်သည်။ သူက သူ့ရဲ့ပါမောက္ခနှင့် ပတ်သက်သော အကျင့်စရိုက်ကို အလေ့အကျင့်ဖြစ်နေပြီးသားဖြစ်သည်။
ထို့နောက် သူဟာ သူ့ဖုန်းထဲက မှတ်စုစာအုပ်ထဲမှာ အချိန်ဇယားတစ်ခုကို ဖြည့်စွတ်လိုက်သည်။
လီရန်ယီ၏အချိန်ဇယားအားလုံးနှင့် ပတ်သက်ပြီးတော့ မှတ်စုစာအုပ်ထဲမှာ အကြမ်းဖျင်း ရေးသားထားခြင်းဖြစ်သည်။
မှတ်စုစာအုပ်ထဲမှ အချိန်ဇယားကို အချိန်ဇယားထဲတွင် ပြီးမြောက်ပြီးသား အလုပ် နှင့် မပြီးမြောက်သေးသောအချိန်ဇယားအလုပ်များကို ခွဲခြားလိုက်သည်။
တစ်ဖက်တွင်မူ လီရန်ယီက အင်တာနက်ကို ကောင်းစွာ အသုံးပြုနေသည်။
“ငါသွားပြီးတော့ ဒီဆိုင်ကို သွားကြည့်သင့်တယ် ထင်တယ်”
သူဟာ အစားအသောက်Websiteများနှင့် အစားအသောက်ဆွေးနွေးပွဲများကို ကြည့်ရှုနေချိန်ဖြစ်သည်။
သူဟာ ၎င်းအစီအစဉ်များကို ကြည့်ရှုရခြင်းကို နှစ်သက်သည်။
မကြာသေးခင်က စွန်းမင်တင်ထားသော အစားအသောက်ပို့စ်က သူ၏စိတ်အာရုံကို ဖမ်းစားနိုင်သည်။ လက်ရှိအချိန်တွင် ၎င်းပို့စ်သည် ပို့စ်အားလုံး၏ထိပ်တွင် တင်ထားရပြီး ၎င်းပေ့ချ်တွင် ကျော်ကြားသည့် ပို့စ်တစ်ခုဖြစ်နေသည်။ ဤအချက်ကိုကြည့်ခြင်းဖြင့် လေ့လာသူများကြား နာမည်ကျော်ကြောင်းသိနိုင်သည်။
ဝမ်ရှုယန်၏မှတ်ချက်တစ်ခုထဲဖြင့် ယုံကြည်နိုင်သည်။
ထို့အပြင် အံ့အားသင့်ဖွယ်ကောင်းသော ဂုဏ်သတင်းကြောင့် ၎င်းစားသောက်ဆိုင်ကို သွားရောက်မြည်းစမ်းရန်ထိုက်တန်သည်။
တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးဟာ ချီးမွမ်းစကားများနှင့် ပတ်သက်၍ အလွန်ကျေနပ်အားရနေပြီး မနက်ခင်းတွင် ဟင်းပွဲအသစ်ကို ထပ်မံရောင်းချရန် ဆုံးဖြတ်လိုက်သည်။
ချင်းဝသရေစာမုန့်၏ ထူးခြားသောသရေစာမုန့်(၈)မျိုးအနက် လေးခုမြောက်ဖြစ်သည့် ဘဲဆီနှမ်းကပ်ကိတ်သည် စားသုံးသူများ၏စိတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိသည်။
နောက်ထပ်ထူးခြားသော ဟင်းပွဲဖြစ်သည့် အမဲစုံအရွက်ပေါင်းပေါက်စီက လေးခုမြောက်ဟင်းပွဲထက် ဆိုးရွားစရာအကြောင်း မရှိပေ။
"အသားဟင်းပွဲတွေ အရမ်းများနေပြီ။ ဒီတစ်ခေါက်တော့ အရွက်ဟင်းပွဲလေးတွေ ပြင်ဆင်ရမယ်"
လက်တစ်ဖက်ဖြင့် သူရဲ့နဖူးကို ပွတ်သပ်နေပြီး ယွမ်ကျိုးက သူ့ဖောက်သည်များအတွက် တွေးကြံပေးနေသည်။ ခဏကြာစဉ်းစားပြီးနောက် သူ့အကြံက ကောင်းမွန်သည်ဟု ခံစားမိ၍ မတူညီသော ဟင်းပွဲကိုဆုံးဖြတ်ခဲ့သည်။ ထို့နောက် သူဟာ ပေါက်စီဆုလာဘ်ကို လက်ခံယူလိုက်သည်။ သို့သော် ယွမ်ကျိုးကို စောင့်နေသည့် အံ့အားသင့်ဖွယ် ကိစ္စရပ်တစ်ခု ရှိနေသည်။
မော်ကြွားလွန်းသောအစားအသောက်မှတ်ချက်ပေးသူဖြစ်သည့် လီရန်ယီသည် စိတ်တိုလွယ်သည့်အပြင် တန်းစီစောင့်ရသည့်အလုပ်ကို မနှစ်သက်သူဖြစ်သည်။ စွန်းမင်၏ပို့စ်တွင် ရေးသားထားသည့် လိပ်စာအတိုင်း ထောင်ရှီးလမ်း အိမ်နံပါတ်(၁၄)သို့ ရောက်ရှိလာသောအခါ သူ၏အရှေ့တွင် တန်းစီစောင့်နေသော စားသုံးသူဖောက်သည်များစွာ ရှိနေသည်။
“မနက်စာ စားဖို့လာတာလား။ ဒီနေရာမှာ တန်းစီပေးပါဗျာ” ပိန်ပိန်ပါးပါးကောင်လေးက လီရန်ယီ၏အရှေ့သို့ လျင်မြန်စွာရောက်ရှိလာသည်။
“နေပါအုံး၊ နေပါအုံး။ ဒီနေရာက ယွမ်ကျိုးစားသောက်ဆိုင်လား”
တန်းစီစောင့်နေသော စားသုံးသူဖောက်သည်များကို ကြည့်ပြီး လီရန်ယီက သူသွားချင်သော စားသောက်ဆိုင်မဟုတ်ရန်ဆုတောင်းမိသော်လည်း အရပ်ပုပုအမျိုးသားပြန်ဖြေလိုက်သည့် စကားက သူ့ကိုစိတ်ဓာတ်ကျစေသည်။
“ယွမ်ကျိုး၏စားသောက်ဆိုင်မှာ ဆိုင်ဖွင့်ဖို့ တစ်နာရီလိုပါသေးတယ်။ ပုံမှန်နှုန်းနဲ့ဆိုရင်တော့ ခင်ဗျားထိုင်ခုံရဖို့အတွက် ကိစ္စမရှိပါဘူး။ ရနိုင်လောက်ပါတယ်”
လီရန်ယီက ကောင်းကင်ပေါ်မှာ ထိန်ထိန်လင်းနေသော နေမင်းကြီးကိုကြည့်ပြီးတော့ အနည်းငယ် စိတ်ပျက်မိသည်။ သူ့မျက်ခုံးနှစ်ဖက်ပေါ်က အရေးအကြောင်းတွေကလည်း ပိုပြီးတော့ သိသာထင်ရှားလာသည်။
“စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။ တခြားဖောက်သည်တွေကို သွားနှုတ်ဆက်စကားပြောလိုက်ပါအုံးမယ်”
အရပ်ပုပုနဲ့ အမျိုးသားက ချက်ချင်းလှည့်ထွက်သွားသည်။
ယွမ်ကျိုးစားသောက်ဆိုင်သို့ လာရောက်စားသုံးသူ ဖောက်သည်များသည် အကျင့်စာရိတ္တကောင်းမွန်ပြီး ကြားဖြတ်တန်းစီခြင်းများ
မရှိကြပေ။ ပထမဦးဆုံးအကြိမ်လာရောက်သော ဖောက်သည်များက ခြွင်းချက်ဖြစ်သည်။
ပထမဦးဆုံးလာရောက်သောဖောက်သည်များသည် စားသုံးချိန်နှင့် စည်းမျဉ်းများကို ကြိုတင်စုံစမ်းထားရန် လိုအပ်သည်။
“စားသောက်ဆိုင်သေးသေးလေးက လူအရမ်းများလှချည်လား”
အပူဒဏ်ကို သည်းမခံနိုင်သည့်အဆုံး အိုမင်းနေသော လီရန်ယီသည် ခေါင်းကိုထပ်မံမော့လိုက်ပြီး ကောင်းကင်ကြီးကို ငေးကြည့်လိုက်သည်။
ယွမ်ကျိုး၏စားသောက်ဆိုင်တည်ရှိသော ဘေးလမ်းလေးသည် ယခင်က တိတ်ဆိတ်ငြိမ်သက်သော လမ်းကလေးဖြစ်သည်။ ယွမ်ကျိုးက စားသောက်ဆိုင်ဖွင့်ပြီးနောက် ၎င်းဘေးလမ်းသည် သာမာန်ထက် ပို၍ဆူညံသွားသည်။
ထို့နောက် လီရန်ယီက သူနဲ့အတူတူ ယူဆောင်လာသော ခေါက်ယပ်တောင်လေးကို ထုတ်လိုက်ပြီးတော့ ယပ်တောင်ခတ်သည်။
ချက်ချင်းဆိုသလို သူ၏ပိန်ပါးသောမျက်နှာပေါ်တွင် ကျေနပ်သောအမူအရာပေါ်လာသည်။
ယပ်တောင်ယူလာမိသည့် သူ့ကိုယ်သူ ကျေနပ်နေမိသည်။
“ဟယ်လို၊ ဘာများသုံးဆောင်လိုပါသလဲ”
မုရှောင်ယွမ်က စားသောက်ဆိုင်ထဲ ဝင်လာသော လီရန်ယီကိုမေးမြန်းသည်။
“အမ်”
လီရန်ယီက မုရှောင်ယွမ်ကို နားလည်ရခက်စွာ ငေးကြည့်လိုက်ပြီး အော်ဒါများကို စတင်မှာကြားရန် တွေးတောသည်။
“ကောင်မလေး၊ မင်းက အော်ဒါတွေကို လက်ခံယူပေးရတာလား”
လီရန်ယီက မေးမြန်းလိုက်သည်။
“ဟုတ်ပါတယ်။ ဘာများသုံးဆောင်လိုပါသလဲ”
မုရှောင်ယွမ်က လီရန်ယီသည် အိုမင်းသောအဖိုးအိုဖြစ်သောကြောင့် လေးစားသောအမူအရာဖြင့် စကားပြောဆိုသည်။
“ကြက်ဥထမင်းကြော်တစ်ပွဲ၊ ဖီးနစ်အမြှီးပုဇွန်ဟင်းတစ်ပွဲပေးပါ”
မီနူးကို တစ်ချက်ကြည့်ပြီးနောက် လီရန်ယီက သူရဲ့သူငယ်ချင်းဟောင်း ဝမ်ရှုယန်စားခဲ့သည့် ဟင်းပွဲများကို ချက်ချင်း အော်ဒါတင်သည်။
“ဟုတ်ကဲ့။ ခဏစောင့်ပေးပါ” မုရှောင်ယွမ်က ဟင်းပွဲအမည်များကို ယွမ်ကျိုးအား သတင်းသွားပို့သည်။
ယွမ်ကျိုးက ဟင်းပွဲများကို
မပြင်ဆင်ခင် ခေါင်းလှည့်ကာတစ်ချက်ကြည့်လိုက်သည်။
(၇)မိနစ်ခန့်ကြာပြီးနောက် ယွမ်ကျိုးက ဟင်းပွဲနှစ်ပွဲကို လီရန်ယီထံ သယ်ဆောင်လာသည်။
“ဖန်တီးမှုလက်ရာကတော့ တကယ့်ကို ကောင်းမွန်ပါတယ်" လီရန်ယီက တအံ့တသြအမူအရာဖြင့် ချီးမွမ်းစကားပြောသည်။
“ကျေးဇူးတင်ပါတယ်”
ယွမ်ကျိုးဟာ လီရန်ယီထက် တည်ငြိမ်သောအမူအရာရှိသည်။
ယွမ်ကျိုးဟာ ကျေးဇူးတင်စကားတုံ့ပြန်လာ၍ လီရန်ယီက 'ကောင်းပြီ' ဟု ပြန်ပြောကာ စတင်မြည်းစမ်းသည်။
လီရန်ယီမှာ မြင့်မားသော တောင်းဆိုချက်နှင့် အဆင့်အတန်း ရှိသော်လည်း ဤတစ်ကြိမ်တွင် ယွမ်ကျိုး၏စားသောက်ဆိုင်ကို အတော်ကျေနပ်မိသည်။
သူ့ရဲ့လျှာကလည်း အရသာခံနိုင်စွမ်းမြင့်မားသည်။
စားဖိုမှူးတစ်ယောက်က ယခုချက်ပြုတ်သော ဟင်းပွဲနှင့်
မသက်ဆိုင်သောအရသာကို ထိတွေ့ပြီးမှ ချက်ပြုတ်ထားလျှင် သူက အလွယ်တကူခွဲခြားနိုင်သည်။
သို့သော်ငြားလည်း သူမှာယူခဲ့သော ဟင်းပွဲနှစ်ပွဲက ယခုလို သူ စိုးရိမ်နေသောအချက်များနှင့် ကင်းဝေးပြီး ထူးခြားသော အရသာရှိသည်။
အပိုင်း(၁၈၈)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၈၉)
လီရန်ယီက ဟင်းပွဲအများကြီးကို အော်ဒါမှာမိသည်ဟုခံစားမိသည်။
ပါဝင်သောပမာဏက အရမ်းများပြားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။
စွပ်ပြုတ်ရေ တစ်ငုံကို သောက်ပြီနောက် လန်းဆန်းသောခံစားချက်က သူ့လည်ချောင်းထဲသို့ စီးဆင်းသွားသည်။
မုန်လာချဉ်ကိုလဲ မြည်းစမ်းရမည့်အချိန်ဖြစ်သည်။
ပင်လယ်ရေမှော်ဟင်းချို၏ ချိုမြသောအရသာနှင့် မုန်လာချဉ်ရဲ့ ကြွတ်ဆတ်မှုက တကယ့်ကို လိုက်ဖက်ညီပြီး အံ့ဩသင့်ဖွယ်ကောင်းသော အတွေ့အကြုံကို ဖန်တီးပေးသည်။
မတူညီသောအရသာနှစ်မျိုးက တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲသွားသည်။
လီရန်ယီက အစားအသောက်ကို စားသောက်နေစဉ် အရမ်းကောင်းသည်ဟူသော စကားကိုသာပြောနိုင်သည်။
ထို့အပြင် ၎င်းစကားက ချီးမွမ်းစကားလည်းဖြစ်သည်။
မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် လီရန်ယီ ကြက်ဥထမင်းကြော်တစ်ဝက်ခန့်နှင့် အရန်ဟင်းများဖြစ်သော ပင်လယ်ရေမှော်ဟင်းချို၊ မုန်လာချဉ်တို့ကို စားသုံးခဲ့သည့်အပြင် ဖီးနစ်အမြှီးပုစွန်ဟင်းပွဲတွင် ပုဇွန်တစ်ကောင်သာကျန်ရှိတော့သည်။
သူက သူ၏ဝမ်းဗိုက်ကို ပွတ်သက်ပြီး ဗိုက်ပြည့်သွားသော အမူအရာကိုဖော်ပြသည်။
“တကယ့်ကို အရသာကောင်းမွန်တယ်။ ဟင်းချက်စွမ်းရည်က အံ့မခန်းပဲ” လီရန်ယီက ဤတစ်ကြိမ်တွင် စားကောင်းသောက်ဖွယ်များ ရှာဖွေသည့် ခရီးစဉ်အတွက် အတော်လေး ကျေနပ်မိသည်။
သူက ကျေနပ်အားရဟန် သက်ပြင်းချလိုက်ပြီး ပိန်ပိန်ပါးပါးမျက်နှာပေါ်မှာ ကျေနပ်သောအမူအရာကိုဖော်ပြသည်။
လီရန်ယီက ဝါးတူလေးကို ညင်သာစွာစားပွဲခုံပေါ်ကိုချလိုက်ပြီးနောက် ထွက်ခွာသွားရန်အတွက် မတ်တပ်ရပ်လိုက်သည်။
ဝင်ပေါက်သို့ခြေလှမ်းအနည်းငယ်လှမ်းရုံသာရှိသေး ယွမ်ကျိုးက သူ့ကို ရုတ်တရက် စကားလှမ်းပြောသည်။
“ခဏနေပါဦး၊ ထွက်သွားတော့မလို့လား” ယွမ်ကျိုးက သတိပေးဟန်ဖြင့် ယဉ်ကျေးစွာ မေးမြန်းသည်။
“ဘာလို့လဲ ကျသင့်ငွေကို ပေးဆောင်ပြီးပြီမဟုတ်ဘူးလား”
လီရန်ယီက ယခုလိုယဉ်ကျေးသောလေသံဖြင့် စကားပြောတတ်သူ မဟုတ်ပေ။
ထို့ကြောင့်လည်း သူ့ကို မြွေပွေးရန်ဟူ၍ နာမည်ပေးထားခြင်းဖြစ်သည်။
“ဟုတ်တယ် ခင်ဗျားကကျသင့်ငွေကို ပေးဆောင်ပြီးပါပြီး ဒါပေမယ့် နံရံပေါ်မှာရေးထားတဲ့ စည်းမျည်းတွေကို အခုပဲဖတ်ကြည့်ရင် ပိုကောင်းမယ် အခုထွက်သွားမယ်ဆိုရင် ဒီစည်းမျည်းထဲမှာရေးထားတဲ့အတိုင်းလုပ်ဆောင်ရလိမ့်မယ်”
ယွမ်ကျိုးက အိုမင်သော အဘိုးအို၏ စိတ်တိုလွယ်သော သဘောထားကို သတိပြုမိသည်။
ထို့ကြောင့် ပုံမှန် ခပ်တန်းတန်းလေသံဖြင့် နံရံပေါ်တွင်ရှိသော အကြောင်းအရာကို ဖတ်ရှုရန်အချက်ပြသည်။
“ဘာစည်းမျည်းများလဲ” လီရန်ယီ က ဟင်းပွဲများကိုသာ အော်ဒါမှာခဲ့ပြီး ရှုပ်ပွနေသောစကားလုံးများကို သတိမပြုမိပေ။
သူ၏အမြင်တွင် နံရံပေါ်တွင်ရေးသားထားသော အကြောင်းအရာများက ဖောက်သည်များကို ဂရုစိုက်သောအမူအရာဖြင့်ရေးသားထားသောအကြောင်းအရာ ဖြစ်လိမ့်မည်ဟု ယူဆခဲ့ခြင်းဖြစ်သည်။
စားဖိုမှူးတစ်ယောက်က တောင်းဆိုသည့် အချက်ဖြစ်၍ လီရန်ယီက စစ်ဆေးကြည့်ရန်ဆုံးဖြတ်ခဲ့သည်။
အဓိကက အချက်အနေဖြင့် ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်က သာမာန်ထပ်ပို၍ ကောင်းမွန်သောကြောင့် လက်ခံပေးခြင်းဖြစ်သည်။
“နာမည်ပျက်ဆိုတဲ့ သဘောကဘာအဓိပ္ပါယ်လဲ” လီရန်ယီက တည်ငြိမ်သောအမူအရာဖြင့်မေးမြန်းလိုက်သည်။
“ဒါကတော့ခင်ဗျား ဒီဆိုင်ကိုထပ်လာရင် ခင်ဗျားကို မကြိုဆိုဖူးဆိုတဲ့သဘောပါ”
ယွမ်ကျိုးက မေးသမျှကို ယဉ်ကျေးစွာပြန်ဖြေသည်။
“ဒီအဘိုးကြီးက မှာထားတဲ့ဟင်းပွဲတွေ ကုန်အောင်မစားရင် ဒီဆိုင်ကို ထပ်လာစားခွင့်မရှိဘူးလို့ ပြောချင်တာလား”
လီရန်ယီက ဤစည်းမျည်းသည် အကျိုးအကြောင်းဆီလျော်မှုမရှိဟု ခံစားမိသည်။
ယခုလိုငြင်းပယ်ခဲ့သည့် စားသောက်ဆိုင် မရှိခဲ့ဖူးပေ။
သူကသာငြင်းဆန်ခဲ့သူဖြစ်သည်။
“ငါက စည်းမျည်းချမှတ်ထားတဲ့အတိုင်းလုပ်ဆောင်ရမှာပဲ” ယွမ်ကျိုးက တည်ငြိမ်သောအမူအရာဖြင့်စကားပြောသည်။
“ဒီဆိုင်မှာ ထပ်စားချင်တယ်ဆိုရင် မင်းငါ့ကို ဘယ်လိုမျိုးဟန့်တားလို့ရမှာလဲ”
လီရန်ယီက ကလိမ်ကကျစ်အမူအရာဖြင့် ပြောဆိုသည်။
“ငါက ဒီဆိုင်ရဲ့ စားဖိုမှူး ငါကိုယ်တိုင်ဟင်းချက်တာလေ” ယွမ်ကျိုးက အဓိကအချက်ကို ထောက်ပြသည်။
လီရန်ယီက ဤဆိုင်သို့လာသည့်အတိုင်း ယွမ်ကျိုးက မချက်ပေးလျှင် တခြားနည်းလမ်း စဉ်းစားမရပေ။
လူသိများကျော်ကြားသည့် ဟွမ်းမြစ်က မီချယ်လင်း စားသောက်ဆိုင်မှာ သွားရောက်စားသောက်စဉ်ခဲ့စဥ်က ဟင်းပွဲအားလုံးကို ကုန်စင်အောင် မစားခဲ့ဖူးပေ။
သူ့ကြော်ငြာဆောင်ပုဒ်အရအစားအသောက်များကို ပြည့်နင့်အောင် စားခြင်းက အစာအိမ်အတွက် ဖြစ်သည်။
စားကောင်းသောက်ဖွယ်များကို စားသောက်သည့်အခါ မြည်းစမ်းရုံသာ မြည်းစမ်းသင့်သည်။
မှာယူထားသော အစားအသောက်များကို နည်းနည်းစားသုံးခြင်းက သူ့ရည်ရွယ်ချက်အတွက် လုံလောက်မှုရှိသည်။
ထူးခြားသော စိတ်နေသဘောထားရှိသည့်တိုင် တခြားလူများ၏မျက်နှာချိုသွေးခြင်းကို အမြဲခံရသော လီရန်ယီက မကျေမလည် ပြောဆိုလာသည်။
“ဒီလိုစားသောက်ဆိုင်မှာ လက်ခံရခက်တဲ့ စည်းမျည်းတွေရှိနေရတာလား။ တကယ့်ကိုအမြင်ကျယ်ရပါတယ်”
သူ ထိုင်နေခဲ့သော နေရာသို့ မကျေမနပ် ပြန်သွားသည်။ ကျန်ရှိနေသောအစားအသောက်များကို စားမည့်ရည်ရွယ်ချက်ဖြစ်သည်။
ယွမ်ကျိုးက သူတောင်းဆိုသည့်အတိုင်း လုပ်ဆောင်သွားသည်ကို မြင်ရသောအခါ တခြားသောဟင်းပွဲများကို ပြင်ဆင်ရန်လှည့်ထွက်သွားခဲ့သည်။
သူ့စားသောက်ဆိုင်က ဆိုင်ဖွင့်ချိန်အဆုံးသတ်မည့်အချိန်ထိ တော်တော်လေးကို အလုပ်ရှုပ်သည်။
“ဒီဆိုင်ကို လုံးဝ မလာတော့ဘူး။ တကယ့်ကို ရိုက်စားဆိုင်ပဲ”
အစားအသောက်တွေကို ထပ်မစားခင် ယွမ်ကျိုး၏စားသောက်ဆိုင်ကို ရိုက်စားစားသောက်ဆိုင်ဟု မကျေမနပ်သတ်မှတ်လိုက်သေးသည်။
သူကအင်တင်တင်ဖြင့်ကျန်ရှိနေသော အစားအသောက်များကို စားသောက်သည်။
သို့သော်လည်း သူကယခုလိုစကားမျိုးကိုပြောဆိုတတ်သောသူ မဟုတ်ပေ။
ယခုတော့ သူက ယွမ်ကျိုး၏စားသောက်ဆိုင်ကို ပြစ်တင်ပြောဆိုပြီး တခြားသူဒုက္ခရောက်မည်ကို လိုလားသူ အဖြစ်သို့ ပြောင်းလဲသွားသည်။
လီရန်ယီက မကျေမနပ်ရေရွတ်ပြီး ကျန်ရှိနေသော အစားအသောက်များကိုစားသည်။
ထိုမှသာ အစာချေဖျက်ခြင်းကို အကူအညီဖြစ်လိမ့်မည်။
ဟင်းပွဲအားလုံးကို ကုန်စင်အောင်မစားနိုင်ကြောင်း ပြောခဲ့သော်လည်း လီရန်ယီက စိတ်ဆိုးဆိုးဖြင့် ပန်းကန်ပြားကို သန့်ရှင်းသပ်ရပ်သည်အထိ အမြန်အဆန်စားလိုက်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် လီရန်ယိက တုံ့ဆိုင်းခြင်းမရှိပဲ ချက်ချင်းထွက်သွားသည်။
ဤစားသောက်ဆိုင်ကို နောက်တစ်ကြိမ်ပြန်မလာတော့မည့် ပုံစံရှိသည်။
နောက်တစ်နေ့မနက်ခင်းတွင် ယွမ်ကျိုးက ပုံမှန်အတိုင်း ၅နာရီ သုံးဆယ်မိနစ်ခန့်တွင် အိပ်ရာမှထပြီး လေ့ကျင့်ခန်းလုပ်ဆောင်ရန်အတွက် တစ်နာရီခန့် အနှေးလမ်းလျှောက်သည်။
အနှေးလမ်းလျှောက်ခြင်း ပြီးဆုံးမှသာ ကိုယ်လက်သန့်စင်ရန်နှင့် အမယ်စုံအရွက်ပေါင်း ပေါက်စီကို ပြုလုပ်ရန်အတွက် ဆိုင်သို့ပြန်လာသည်။
ယွမ်ကျိုးလမ်းလျှောက်သည့်လမ်းကို မနေ့ညတည်းက အတည်ပြုထားပြီးသားဖြစ်၍ ခွေးကလေးစွပ်ပြုတ်ကလဲ ယွမ်ကျိုးနှင့်အတူတူ အနှေးလမ်းလျှောက်သည်။
ယွမ်ကျိုးပြေးသည့်လမ်းကရှည်လျားသည့်တိုင် သူကနောက်မှ လိုက်ပါသည်။
ယွမ်ကျိုးက စားသောက်ဆိုင်ထဲသို့ နောက်ဘက်တံခါးမှပြန်ဝင်သောအခါ ခွေးကလေးစွပ်ပြုတ်ကလည်း သူ့ခွေးအိမ်ကို ပြန်သွားသည်။
ယွမ်ကျိုးနှင့်အတူတူ ဆိုင်ထဲလိုက်ဝင်ရန် စိတ်ကူးမရှိပေ။
ယွမ်ကျိုးကလည်း ခွေးကလေးစွပ်ပြုတ်ကို ဆိုင်ထဲသို့ပေးဝင်မည့် ရည်ရွယ်ချက်မရှိပေ။
အနှေးလမ်းလျှောက်နေစဉ် ခွေးကလေးနောက်မှ လိုက်၍ အဆင်ပြေအောင် ဖြည်းဖြည်းချင်း လမ်းလျှောက်သည်။
ချွေးများကိုသုတ်ပြီးနောက် ကိုယ်လက်သန့်ရှင်းရေးလုပ်ဆောင်သည်။
ထို့နောက် ကြာပန်းပုံစံဒီဇိုင်းထွင်ထားသော ဟန်တရုတ်ဝတ်စုံကိုလဲလှယ်ပြီး ဟင်းပွဲအသစ်ကို ပြင်ဆင်ရန် အောက်ထပ်သို့ဆင်းလာသည်။
အရွက်ပေါင်းပေါက်စီကိုလုပ်ဆောင်ရန်အတွက် နည်းလမ်းမျိုးစုံရှိသည်။
အရိုးရှင်းဆုံးနည်းလမ်းက အရင်ဆုံး ဟင်းသီးဟင်းရွက်များကို အစာသွပ်ခြင်းနှင့် အသားအစာသွပ်ခြင်းဖြစ်သည်။
ပုံမှန်အတိုင်း ယွမ်ကျိုးက မုန့်ညှပ်ကို အရင်ဆုံးနယ်ပြီး ပွလာမည့်အချိန်ကို စောင့်ဆိုင်းသည်။
ပွလာမည့်အချိန်ကစောင့်ဆိုင်းရန် လိုအပ်သောကြောင့် အစာသွပ်မည့် ပစ္စည်းများကို စတင်လုပ်ဆောင်သည်။
ဤတစ်ချိန်တွင် ယွမ်ကျိုးက လတ်ဆက်သောမှို၊ မုန်လာဥ၊ အခြောက်ခံထားသောအဖြူရောင်တို့ဟူး၊ တရုတ်မုန်လာဥ၊ ကြာမြစ်အနည်းငယ်နှင့်အတူ အခြောက်ခံထားသော ပုဇွန်တွေကိုလည်း အစာသွပ်ထည့်မည့် ပစ္စည်းအဖြစ် အသုံးပြုရန်ရွေးချယ်ထားသည်။
အသင့်ခွဲထားတဲ့ ကြက်ဥကလည်း ပါဝင်ပစ္စည်းများကို အရသာတိုးအောင် ကူညီရန် အကောင်းဆုံးသော ပစ္စည်းဖြစ်သည်။
ယွမ်ကျိုးက အရွက်များကို စဉ့်နီတုံးပေါ် တင်ပြီး လှီးဖြတ်သော ဓားကို အသုံးပြုကာ အရွက်တွေကို နုပ်နုပ်စဉ်းသည်။
စနစ်ကတော့ အရွက်များကို ကြိတ်ရန်အတွက် ကြိတ်စက်ကို ထောက်ပံ့ပေးထားသော်လည်း ယွမ်ကျိုးက သူ့လက်ကို အသုံးပြုပြီး နုပ်နုပ်စဉ်းခြင်းကို ပို၍နှစ်သက်သည်။
ထိုမှသာ အစာသွပ်ထည့်မည့် ပစ္စည်းများ ပြင်ဆင်ခြင်းကို ပို၍ထိန်းချုပ်နိုင်ပြီး သူ့လက်နှင့်နုပ်နုပ်စဉ်းခြင်းက သူ့ရည်ရွယ်ချက်နှင့် ကိုက်ညီသည်ဟု ယွမ်ကျိုး ယုံကြည်ထားသည်။
“ငါလည်း ကိုယ့်လက် ကိုယ့်ခြေလုပ်ချင်တဲ့ စိတ်တွေကို ကုသလို့မရတော့ဘူးထင်တယ်” ယွမ်ကျိုးက မျက်နှာဖုံးကိုဝတ်ဆင်ထားပြီးနောက် တီးတိုးရေရွတ်သည်။
ထို့နောက် ပြင်ဆင်ထားသော ဟင်းသီးဟင်းရွက်များကို နုပ်နုပ်စဉ်းသည်။
အခြောက်ခံထားသည့် ပုစွန်က လတ်ဆက်ပြီး အရသာရှိသော ပုစွန်မျိုးစိတ်ဖြစ်သည်။
ဂျပန်မှာဆိုလျှင် ဟင်းပွဲများကို အလှဆင်ရန်နှင့် အရသာရှိရန်အတွက် သည်ပုစွန်များကို လတ်လတ်ဆက်ဆက် အသုံးပြုသည်။
သို့တိုင် ဤပုစွန်မျိုးစိတ်က မွေးမြူရခက်ခဲပြီး အကန့်အသတ်နှင့် သားပေါက်သောကြောင့် အခြောက်ခံထားသော ပုစွန်ကို အသုံးပြုထားခြင်းဖြစ်သည်။
ထို့အပြင် ၎င်းပုစွန်က အလွန်မွှေးပျံ့သည့် ရနံရှိသောကြောင့် ယွမ်ကျိုးက အသုံးပြုခြင်းလည်းဖြစ်သည်။
ယွမ်ကျိုးက အသုံးပြုမည့် မှိုကိုလည်း သန့်စင်အောင် ဆေးကြောသည်။
ဤလတ်ဆတ်သောမှိုက တော်ရုံစားကောင်းသောက်ဖွယ်ထဲမှ မဟုတ်ဘဲ ဘုရင်တစ်ပါးကဲ့သို့ သတ်မှတ်ခံထားရသည်။ ထို့အပြင်
မှိုက အာဟာရဓာတ်မြင့်မားပြီး လတ်ဆတ်သော အရသာရှိသည်။
ယွမ်ကျိုးက မှိုများကို သန့်စင်အောင်ဆေးကြောပြီး သေးငယ်သောအပိုင်းအစလေးများ ဖြစ်အောင် လှီးဖြတ်လိုက်သည်။
ထို့နောက် တခြားသော ပါဝင်ပစ္စည်းများနှင့်အတူဘေးဘက်မှာ ဖယ်ထားလိုက်သည်။
ထိုစဉ် မပြင်ဆင်ရသေးသည့် တစ်ခုတည်းသော ဟင်းရွက်က တရုတ်မုန်လာရွက်ဖြစ်သည်။
သူ့အရောင်က အစိမ်းပုပ်ရောင်ရှိသော်လည်း ကြော်လိုက်သည့်အခါ မြစိမ်းရောင်အဖြစ်ပြောင်းလဲသွားသည်။
အလယ်အလတ် အပူချိန်နှင့် အရွက်များကို ချက်ပြုတ်သည့်အခါ အရသာကကျွတ်ဆက်ပြီး နူးညံ့သည်။
ဤဟင်းရွက်များကို ဆန်ပြုတ်မှာလည်း အသုံးပြုနိုင်သည်။
သေချာချက်ပြုတ်ပြီးသည့်အခါ မုန်လာရွက်မှ မွှေးကြိုင်သောရနံ့များ ထွက်ပေါ်လာသည်။
မာသည့်အပိုင်းကို ဖယ်ရှားပြီးနောက် လတ်ဆက်သောအရွက်နှင့် ကြွပ်ဆတ်သော အရိုးတံသာကျန်ရှိသည်။
နုပ်နုပ်စဉ်းမည့်အစား မုန်လာရွက်များ၏ လတ်ဆတ်မှုနှင့် အရွက်၏အရသာရှိမှုကို ထိန်းသိမ်းဖို့အတွက် အနေတော်လှီးဖြတ်သည်။
ယွမ်ကျိုးက ချက်ပြုတ်ရန်ပြင်ဆင်ခြင်းဖြင့် မီးဖိုချောင်ထဲအလုပ်ရှုပ်နေစဉ် တခြားသောဖောက်သည်များက မနက်စာအတွက် စားသောက်ဆိုင်အပြင်ဘက်မှာ တန်းစီစောင့်နေကြသည်။
သို့သော်လည်း မုရှောင်ယွမ်၏ စိတ်အာရုံကို ဖမ်းစားနိုင်သည့် တစ်စုံတစ်ယောက်ရှိနေသည်။
ဤသည်ကား လီရန်ယီဖြစ်သည်။
မနေ့တုန်းက ဤဆိုင်သို့ထပ်မလာကြောင်း ပြောဆိုခဲ့ပြီး ယနေ့တော့ စားသောက်ဆိုင်အပြင်ဘက်မှာ တန်းစီစောင့်နေသည်။
သူက သူပေးခဲ့သော ကတိကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။
ပထမဦးဆုံး နာမည်ပျက်စာရင်းသွင်းခံရသူသည် လင်းဟုန်၏ စီးပွားရေးမိတ်ဖက်ဖြစ်သည်။
သူ့ကို ဆိုင်ကလက်မခံကြောင်း ကြေညာပြီးတည်းက ဆိုင်သို့ထပ်မလာခဲ့ပေ။
သို့သော်လည်း လီရန်ယီက သူ့စိတ်ထဲ တိတ်တဆိတ်တွေးတောနေသည်။
“ဘာပဲဖြစ်ဖြစ် ဒီဆိုင်ကနေ ဟင်းပွဲနည်းနည်းပဲစားရသေးတယ်။ အားလုံးမစားရသေးဘူး။ အရသာရှိတဲ့ဟင်းပွဲတွေစားပြီး ငါ့အစာအိမ်က လက်မခံတော့မှ ဒီဆိုင်ကို ထပ််မလာတော့ဘူး။ ဒါမှလဲ တရားမျှတမှုရှိမှာလေ” ဟူသောစကားကို သူ့စိတ်ထဲ တွေးတောနေခြင်း ဖြစ်သည်။
သူ့ကိုယ်သူနှစ်သိမ့်ပြီးနောက် လီရန်ယီက ယွမ်ကျိုး၏ စားသောက်ဆိုင်မှာ တန်းစီစောင့်ရန် မနက်အစောကြီးတည်းက ရောက်ရှိနေခြင်းဖြစ်သည်။
မုရှောင်ယွမ်၏အကြည့်ကို လှမ်းမြင်လိုက်သော်လည်း ချက်ချင်းလျစ်လျူရှုလိုက်သည်။
အပိုင်း(၁၈၉)
ပြီးပါပြီ။