အခန်း (၁၉၃-၁၉၅)
Vol. 13 Ch. 193-195
ယွမ်ကျိုး အပိုင်း(၁၉၃)
စနစ်မှ ဖော်ပြသည်။
[အရန်မစ်ရှင်ကို ထပ်မံ ထုတ်ပြန်လိုက်ပါပြီ]
[ဒုတိယမြောက်အရန်မစ်ရှင် - ပုံဖော်ထုဆစ်မှု အနုပညာရပ်ဖြင့် အမှတ်ပြည့်ဖြစ်အောင် ကြိုးစားပါ]
[မစ်ရှင်အညွှန်း - ကျွမ်းကျင်စားဖိုမှူးတစ်ယောက်ဖြစ်ဖို့အတွက် မီးဖိုချောင်သုံးဓားနဲ့
ပုံဖော်ခြင်းဟာ လွယ်ကူတဲ့ကိစ္စရပ်တစ်ခုပါ။
ဒါကြောင့်မလို့ လူငယ်လေးအနေနဲ့ ကြိုးစားသင့်တယ်]
[မစ်ရှင်ဆုလာဘ် - ကျွမ်းကျင်စားဖိုမှူးအစုံလိုက်အပိုင်းအစတစ်ခု]
[ဆုလာဘ်အညွှန်း - ကျွမ်းကျင်စားဖိုမှူးအစုံလိုက်အပိုင်းအစအားလုံးကို စုဆောင်းနိုင်ရင် ခမ်းနားတဲ့ဆုလာဘ်တစ်ခုကို ဆင့်ခေါ်နိုင်တယ်]
"ဟားဟားဟား ဒီခမ်းနားတဲ့ဆုလာဘ်က မှော်နဂါးလား"
ယွမ်ကျိုးက နဖူးကိုလက်ထောက်ပြီးတော့
တအံ့တဩဖြစ်နေသည်။
စနစ်မှ ဖော်ပြသည်။
[ဆိုင်ရှင်၊ လက်တွေ့မဆန်တဲ့ ခန့်မှန်းချက်တွေကို
မတွေးတောပါနဲ့]
"မင်းက အရမ်းကိုကောက်ကျစ်စဉ်းလဲလို့ ယခုလိုတွေးရတာပေါ့။ ဒီတစ်ခေါက် ကျွမ်းကျင်စားဖိုမှူးအစုံလိုက်က ဘာလဲ"
ယွမ်ကျိုး၏မျှော်မှန်းချက်က အရမ်းမမြင့်မားပေ။ မည်သို့ပင်ဆိုစေကာမူ ဇွန်းနှင့် တူကဲ့သို့ မီးဖိုချောင်အသုံးအဆောင်ပစ္စည်းများက သူ့ရဲ့မျှော်မှန်းချက်နဲ့ ကိုက်ညီမှုမရှိချေ။ စနစ်မှ ထောက်ပံ့သောမီးဖိုချောင်သုံးပစ္စည်းများ
က ကောင်းမွန်သည့်တိုင် သူသဘောမကျချေ။
"စားဖိုမှူးတွေ သုံးတဲ့ဦးထုပ်လား။ ဦးထုပ်ပဲ ဖြစ်ရမယ်"
ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် မေးမြန်းသည်။
စနစ်မှ ဖော်ပြသည်။
[ကျွမ်းကျင်စားဖိုမှူးအစုံလိုက်ရဲ့ဆုလာဘ်က
ဆန်းကြယ်တဲ့မီးဖိုချောင်သုံးဓားပါ]
"ဟုတ်ရောဟုတ်ရဲ့လား။ ဆန်းကြယ်တယ်ဆိုတဲ့သဘောက ဘာအဓိပ္ပာယ်လဲ"
ယွမ်ကျိုးက ဟုတ်ရောဟုတ်ရဲ့လား ဟူသော အမူအရာကို ဖော်ပြသည်။
ဒီဆန်းကြယ်တဲ့မီးဖိုချောင်သုံးဓားက သူမျှော်မှန်းထားတာနဲ့ ခြားနားနေလိမ့်မယ်ဟု
သူယုံကြည်နေမိသည်။ ထို့ကြောင့် သူက စပ်စပ်စုစုမေးမြန်းခြင်းဖြစ်သည်။
စနစ်မှ ဖော်ပြသည်။
[လတ်တလော မသိရသေးပါဘူး]
"မှတ်ချက်ပေးစရာ မရှိဘူးမလား"
ယွမ်ကျိုးက အဖြေကို မဝံ့မရဲစောင့်ဆိုင်းနေစဉ်
ပြန်ပြောလာသည့်စကားကြောင့် နှုတ်ဆိတ်သွားသည်။ ဟောင်ကောင်ရုပ်ရှင်၏ဇာတ်ညွှန်းတွင် မြင်တွေ့နေကြဖြစ်သော ပြစ်မှုမှတ်တမ်းနှင့်ပတ်သက်ပြီး သတင်းထောက်များက ဟောင်ကောင်ရဲများကို
မေးမြန်းသောအခါ ဟောင်ကောင်ရဲများ ပြန်ဖြေလေ့ရှိသောအပြုအမူနှင့် ထပ်တူညီနေသည်။ စနစ်ရဲ့တုံ့ပြန်မှုကြောင့် ယွမ်ကျိုးက ဇာတ်ညွှန်းထဲမှ စကားလုံးများကို ချက်ချင်း အမှတ်ရသွားသည်။ သို့သော်လည်း
စနစ်က မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။ နှုတ်ဆိတ်နေသည်။
"ထားလိုက်ပါတော့။ အချိန်တန်ရင် သိရမှာပဲ"
ယွမ်ကျိုးက ဓားကိုင်သည့်စွမ်းရည်ကို ပြီးပြည့်စုံသည့်အနေအထားရောက်အောင် လေ့ကျင့်နေသည်ဟု ခံစားမိသည်။ ဤမစ်ရှင်ကို
မိနစ်ပိုင်းအတွင်းပြီးမြောက်အောင်ဆောင်ရွက်
မည်။ စနစ်မှ ထောက်ပံ့ထားသော မီးဖိုချောင်သုံးဓား၏အထူးလုပ်ဆောင်ချက်များကို မိတ်ဆက်ခြင်းမရှိသော်လည်း ဆန်းကြယ်သည် ဟူသော စကားလုံးကြောင့်
လက်ဆောင်အနေဖြင့် ပေးအပ်မည့်ဓားက အရသာကင်းမဲ့သောအကျိုးသက်ရောက်မှု
ရှိသည့်ဓား ဖြစ်နိုင်သည်။ ထိုမှသာ တည်ခင်းသောဟင်းပွဲများကို အရသာရှိစွာချက်ပြုတ်နိုင်မည်။ မည်သို့ပင်ဆိုစေကာမူ ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်သည် သာမန်ထက်ကျော်လွန်သည့်အဆင့်သို့ ရောက်ရှိနေသည့်အတွက်ကြောင့် ထပ်မံတိုးတက်အောင် လုပ်ဆောင်ရန် အမှန်တကယ် ခက်ခဲသည်။ သာဓကဆိုရသော် ကွန်ဖူးဆရာက သူ့ရဲ့ သိုင်းပညာရပ်ကို အကျွမ်းကျင်ဆုံး၊ အပြည့်စုံဆုံးဖြစ်အောင် လေ့ကျင့်ခဲ့ပြီးဖြစ်၍
ထပ်မံတိုးတက်အောင်လုပ်ဆောင်ရန် ခက်ခဲသည်။
ယွမ်ကျိုးက စနစ်မှထောက်ပံ့ထားသော မီးဖိုချောင်သုံးဓားကို အသုံးပြုခြင်းဖြင့် ကျင့်သားရနေပါပြီ။ ယွမ်ကျိုးက သူ ဝယ်ယူထားသော မုန်လာဥကို ထုတ်ပြီး ဓားစွမ်းရည်ကို လေ့ကျင့်ရန် ပြင်ဆင်နေစဉ် စနစ်မှ တစ်စုံတစ်ရာကို ရုတ်တရက်ထုတ်ပြန်သည်။
စနစ်မှ ဖော်ပြသည်။
[ပါဝင်ပစ္စည်းတွေကို ထောက်ပံ့ပေးထားပါတယ်။
မီးဖိုချောင်ထဲမှာ တစ်ချက်စစ်ဆေးပြီးတော့ အသုံးပြုပေးပါ]
ယွမ်ကျိုးက မီးဖိုချောင်ထဲရောက်ရှိနေပြီးသားဖြစ်သည့်အတွက် မီးဖိုချောင်ကို စစ်ဆေးကြည့်ရန်သာ လိုအပ်သည်။ သို့သော်လည်း မြင်တွေ့လိုက်ရသောမြင်ကွင်း
ကြောင့် ယွမ်ကျိုးလန့်ဖျပ်သွားသည်။
"မင်းပေးတဲ့ပစ္စည်းက မုန်လာဥရော ဟုတ်ရဲ့လား။ ဒါကို မုန်လာဥလို့ ခေါ်လို့ရရဲ့လား"
ယွမ်ကျိုးက တည်ငြိမ်အောင်အရင်ဆုံး ကြိုးစား
ပြီးနောက် မေးမြန်းသည်။
စနစ်က ဖော်ပြသည်။
[ဆိုင်ရှင်စနစ်က ထောက်ပံ့ထားတဲ့ပါဝင်ပစ္စည်းကို အသုံးပြုပြီး ပုံဖော်ထုဆစ်တာကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီပစ္စည်းကို စားသောက်ဆိုင်အပြင်ဘက်ကို သယ်ယူသွားပါ။ ၁မီတာပတ်လည် အကျယ်အဝန်းအတွင်းမှာဆိုရင် အဆင်ပြေပါတယ်]
"ဒီဟာကြီးကို တံခါးပေါက်နားမှာ ထားလို့တောင် အဆင်ပြေပါ့မလား"
ယွမ်ကျိုးက ကြီးမားသောမုန်လာဥကြီးကို ကြည့်ပြီး ဆို့နင့်နေရသည်။ ကြီးမားသော အရာဝတ္ထုကြီးက မုန်လာဥဖြစ်သည်။ ယွမ်ကျိုး ဝယ်ယူထားသောမုန်လာဥထက်ပို၍ကြီးမားသည်။ သာဓကဆိုသော် ယွမ်ကျိုး၏အရပ်ထက်ပင် ပို၍မြင့်နေသည့် မုန်လာဥကြီးဖြစ်သည်။ ၂မီတာဝန်းကျင်အရွယ်အစားရှိသည့် မုန်လာရွက်များကအနည်းဆုံး၃မီတာခန့်
ရှိနိုင်သည်။ ယခုအအချိန်တွင် ယွမ်ကျိုးက
စကားတစ်ခွန်းထဲကိုသာ ပြောချင်သည်။
"ဒါက မုန်လာဥ မဟုတ်ဘူး။ မုန်လာဥဝိညာဥ်ကြီး။
စနစ်၊ သမ္မတနိုင်ငံကို တည်ထောင်ပြီးထဲက ဝိညာဥ်သားရဲတွေကို ဖြစ်တည်ခွင့်မပြုဘူးဆိုတဲ့
စည်းမျဉ်းကို မသိတာလား။ ဒီလောက်ကြီးမားတဲ့ မုန်လာဥကြီးကို ဘယ်က ဘယ်လိုရလာတာလဲ"
ယွမ်ကျိုးက မနေနိုင်၊ မထိုင်နိုင် ငြီးတွားပြီးတော့
ကြီးမားတဲ့အရာဝတ္ထုကြီး ဘယ်ကရောက်လာလဲမသိဖြစ်နေသည်။ ကံကောင်းထောက်မစွာဖြင့်
ဒီမုန်လာဥကြီးက အဖြူရောင်ရှိပြီးတော့ နူးညံ့သည်။ စိုစွတ်တဲ့အနေအထားရှိတဲ့အတွက်
ကြောင့် ပုံဖော်ရလွယ်ကူသည်။ သို့တည်းမဟုတ်လျှင် ယွမ်ကျိုး ဆို့နင့်သွားနိုင်သည်။
စနစ်က ဖော်ပြသည်။
[ဆိုင်ရှင်၊ မစ်ရှင်ကိုပဲ ပြီးမြောက်အောင် လုပ်ဆောင်ပါ]
"တောင်းပန်ပါတယ်။ ဒီလို ကြီးမားတဲ့မုန်လာဥကြီးမျိုးကို တစ်ခါမှ မမြင်ဖူးလို့ပါ"
ယွမ်ကျိုးက ငြီးတွားပြောဆိုပြီး သူရှေ့ရောက်နေသောမုန်လာဥကြီးကို ငေးစိုက်ကြည့်နေသည်။ ယွမ်ကျိုးက မုန်လာဥပတ်ဝန်းကျင်ကို စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်လမ်းလျှောက်သည်။ မုန်လာဥ တည့်တည့်မတ်မတ်ရှိနေရသည့်
အကြောင်းအရင်းကို သိချင်၍ဖြစ်သည်။ အောက်ခံအပိုင်းက ချွန်မြနေသည့်တိုင် တည့်မတ်စွာ ထောင်မတ်နေသည့် အကြောင်းအရင်းကစိတ်ဝင်စားဖွယ်ကောင်းသည်။ ထို့နောက် စနစ်၏ကြံရည်ဖန်ရည်ရှိမှုကို သူမျက်မြင်တွေ့သွားသည်။
ကြီးမားတဲ့မုန်လာဥကြီးကို ပြီးပြည့်စုံသောအခေါင်းပေါက်ကြီးထဲ ထိုးထည့်ထားပြီး အောက်ခြေက လုံးဝန်းသော ပုံသဏ္ဍာန်ရှိသည်။ ထိုမှသာ အံ့ဝင်ခွင်ကျဖြစ်ပြီး လဲကျမသွားမည်ဖြစ်သည်။ သူက အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။
နေ့လည်၂နာရီ၄၀မိနစ်အချိန်ဖြစ်သည်။ ညစာအတွက်စားသောက်ဆိုင်ဖွင့်ရန် နာရီပိုင်းလိုသေးသည်။ ယွမ်ကျိုးက ဤအချိန်ကာလအတွင်း မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်ချင်သည်။
ပုံဖော်ထုဆစ်သည့်ပညာရပ်တွင် ၁၀မှတ်အပြည့်ရအောင် လုပ်ဆောင်နိုင်သည့် ယုံကြည်ချက် အတော်အတန်ရှိသည်။
ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချလိုက်ပြီး
မီးဖိုချောင်သုံးဓားကို ယူကာ ဝေ့ယမ်းလိုက်သည်။ ဓားဝေ့ယမ်းသံက ယွမ်ကျိုး၏နားဆီသို့ ပျံ့လွင့်လာပြီး မုန်လာထုပ်လေးများက သူ့ခြေထောက်ဘေးနားသို့ ဆက်တိုက်ကျဆင်းလာသည်။ ဤအခြင်းအရာကြောင့် ယွမ်ကျိုးက စိတ်အနှောင့်အယှက်မဖြစ်ဘဲ ပုံဖော်ထုဆစ်ခြင်းကိုသာ အာရုံစိုက်နေခဲ့သည်။
မုန်လာဥရဲ့ထုထည်က အလွန်ကို ကြီးမားသည်။ ၄၀မိနစ်ခန့်ကြာပြီးနောက် ယွမ်ကျိုး၏အလုပ်ပြီးမြောက်သွားသည်။ လူတစ်ယောက်အရပ်ထက် ပိုမြင့်သောမုန်လာဥဖြစ်သည့်အပြင် သေးသွယ်သည်ဟု ထင်ရသော်လည်း အပေါ်ဘက်ပိုင်းက ကြီးမားကျယ်ပြန့်ပြီး အောက်ဘက်ပိုင်းက ချွန်မြသည်။
ဖီးနစ်သစ်ပင်ကဲ့သို့ ပုံဖော်ထုဆစ်ရန် သင့်လျော်သည်။ ယွမ်ကျိုးက ဖီးနစ်သစ်ပင်ပုံဖော်ထုဆစ်ခြင်းမှာ အတွေ့အကြုံကြွယ်ဝသည်။ ဖီးနစ်သစ်ပင်ပေါ်မှာ ဖီးနစ်ဌက်ကလေးနားနေသည့်ပုံစံကို မုန်လာဥအသုံးပြု၍ ထုဆစ်ရန် တွေးတောထားသည်။ အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ ဖီးနစ်သစ်ပင်လေးက ယွမ်ကျိုး၏ကြိုးစားအားထုတ်မှုအောက်မှာ ပုံသဏ္ဍာန်ပေါ်လွင်လာသည်။
"တော်တော်လေးကြည့်ကောင်းသွားပြီ။ ပြဿနာမရှိလောက်ဘူး"
ယွမ်ကျိုးက ဟင်းချက်တဲ့ဓားကို အောက်ကိုချ
လိုက်ပြီးတော့ သူ့လက်ကို ဝှေ့ယမ်းကာ ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။
ခဏအနားယူပြီးနောက် ယွမ်ကျိုးက ပြောသည်။
"စနစ် အခုအမှတ်ပေးလို့ရပြီ"
စနစ်က ဖော်ပြသည်။
[ခြုံငုံသတ်မှတ်ချက်အရ အမှတ် ၃မှတ် ပေးပါတယ်]
"မင်း မှားနေပြီထင်တယ်။ အမှတ်၃မှတ်ပဲ ပေးတယ်ဆိုတာ ဘာသဘောလဲ"
ယွမ်ကျိုးက ၃မိနစ်ခန့်ကြာအောင် အမှတ်ကို ငေးစိုက်ကြည့်ပြီးတော့ မေးလိုက်သည်။
စနစ်က ဖော်ပြသည်။
[အမှတ်ပြည့်က ၁၂မှတ်ပါ။ ဆိုင်ရှင်၊ ဒီတစ်ခေါက်
ပုံဖော်ထုဆစ်တဲ့အတွက် အမှတ်၃မှတ်ရပါတယ်]
ယွမ်ကျိုးက ဤအမှန်တရားကို လက်မခံနိုင်မှာ စိုးရိမ်သောကြောင့် စနစ်ကအမှတ်၃မှတ် ဆိုသည့်သတ်မှတ်ချက်ကို စကားလုံးအမည်းဖြင့် ပြသပေးထားသည်။
"ငါ ပုံဖော်ထားတဲ့ထုဆစ်မှုက အမှတ်၁၂မှတ်မရရင်တောင် ၁၀မှတ်လောက်ပေးရင်တောင် ပြဿနာမရှိပါဘူး"
စားဖိုမှူးတစ်ယောက်ရဲ့ဂုဏ်သိက္ခာဖြင့် ယွမ်ကျိုးက မော်ကြွားသောအမူအရာကို ပြသသည်။
စနစ်က ဖော်ပြသည်။
[ဆိုင်ရှင်၊ ယခုပြသမဲ့အကြောင်းအရာကို သေချာစောင့်ကြည့်ပြီးမှ မှတ်ချက်ပေးပါ]
ထို့နောက် စနစ်က သုံးဖက်မြင်ပုံစံဖြင့် ယွမ်ကျိုးပုံဖော်ထုဆစ်ထားသောပုံရိပ်ကို ပြသသည်။ ထိုမှသာ ယွမ်ကျိုးကအသေးစိတ် လေ့လာနိုင်လိမ့်မည်။ မုန်လာဥက အရမ်းကို ကြီးမားပြီး ယွမ်ကျိုးကအစိတ်အပိုင်းတိုင်းကို
တစ်ပြိုင်နက်တည်း မမြင်တွေ့နိုင်ချေ။ ထို့ကြောင့်
သူဖန်တီးထားသောအနုပညာရပ်က ကောင်းမွန်သည်ဟုခံစားနေရခြင်းဖြစ်သည်။
သုံးဖက်မြင်ပုံစံဖြင့် အသေးစိတ်မြင်တွေ့ရသောအခါ ယွမ်ကျိုးက ချက်ချင်းသဘောပေါက်
သွားသည်။ ယွမ်ကျိုး အနီးကပ်ကြည့်လိုက်သော
အခါ သူပုံဖော်ထုဆစ်ထားတဲ့ အကိုင်းအခက်တွေနဲ့ အရွက်တွေက လုံလောက်မှုမရှိပေ။
ပင်မပင်စည်ကလည်း ဘေးဘက်အကိုင်းတွေထပ် ပိုပြီးတော့သေးငယ်နေသည်။ အရွက်တွေရဲ့စီစဉ်မှုကလည်း ရှုပ်ယှက်ခတ်နေသည်။ အထူးသဖြင့် ဒီပင်စည်ရဲ့အမြစ်ကိုလည်း ကောင်းစွာ ပုံဖော်ထားခြင်းမရှိဘူး။ ဒီမီးဖိုချောင်သုံးဓားရဲ့အရွယ်အစားကြောင့်
အရွက်မှာရှိတဲ့ ရွက်ပြန်ကြောလေးတွေက ထူးခြားမှုမရှိဘူး။ ဒီပုံဖော်ထုဆစ်တဲ့အလုပ်က ပုံဖော်ထုဆစ်မည့်ပစ္စည်းပိုကြီးမားလေ ပို၍ခက်ခဲလေ ဖြစ်သည်။သေးငယ်သောအစိတ်အပိုင်းထက်ကို သေချာစွာ ပုံဖော်ရန်က သူ့အတွက် အရမ်းကို ခက်ခဲသည်။ ယခုလို အသေးစိတ်မြင်တွေ့ပြီးမှသာ ယွမ်ကျိုးက သူ့ဖန်တီးမှုက အမှတ်၃မှတ်နှင့် ထိုက်တန်ကြောင်း သဘောပေါက်သွားသည်။
"အထူးသတ်မှတ်ပြီးတော့ အမှတ်ပေးတာတွေရော ရှိလား"
ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက သူ့အရှေ့တွင်ရှိနေသောဖီးနစ်သစ်ပင်ကို
ငေးကြည့်ကာ မေးမြန်းသည်။
စနစ်က ဖော်ပြသည်။
[ဒီပုံဖော်ထုဆစ်တဲ့နည်းလမ်းမှာဆိုရင် ရေရည်လေ့ကျင့်မှသာ အောင်မြင်မှုကိုရနိုင်မယ်။ ဆိုင်ရှင်အနေနဲ့ ဒီပေါင်းစပ်တဲ့ဟာတွေ၊ အချိုးချတာတွေ၊ အရောင်လိုက်ဖက်မှုတွေ ရွေးချယ်တဲ့နေရာမှာ အမှတ်မရဘူး]
"မင်းပြောတဲ့ ဒါတွေအားလုံးကို အမှတ်ရဖို့ဆိုရင်
ပန်းချီပန်းပုပညာရှင်ဖြစ်မှ အဆင်ပြေမှာလေ။ ငါက ပန်းချီပန်းပုပညာရှင်မှ မဟုတ်တာ"
ယွမ်ကျိုးက လေးကန်စွာသက်ပြင်းချလိုက်ပြီး
ယွမ်ကျိုးက ရိုးရှင်းတဲ့ပေါင်းစပ်ဖွဲ့စည်းမှုနဲ့
ပတ်သက်ပြီးတော့ အတော်အတန်ယုံကြည်မှုရှိသော်လည်း ရသခံစားမှုအဆင့်မှာ သူဟာ လူပိန်းအဆင့်သာဖြစ်သည်။
စစ်မှန်သောအနုပညာနှင့် ပတ်သက်သည်ကို ပြောရလျှင် သူက သာမန်အဆင့်မျှသာဖြစ်သည်။
"ပန်းချီ၊ ပန်းပုပညာကို လေ့လာဖို့ ဆရာတစ်ယောက်တော့ ရှာဖို့ လိုနေပြီ"
သူအရှေ့မှာရှိနေတဲ့ မအောင်မြင်တဲ့ ပုံဖော်ထုဆစ်မှုကိုကြည့်ပြီးတော့ ယွမ်ကျိုးက ဝူဟိုင်းအကြောင်းကိုရုတ်တရက် တွေးမိသွားသည်။ ဝူဟိုင်းက ပန်းချီဆရာဖြစ်သည့်အပြင် အနုပညာရှင်လည်းဖြစ်သည်။ သူ့ဆီကလေ့လာလျှင် ပြဿနာမရှိနိုင်ပေ။ နောက်ဆုံးတွင်မူ ယွမ်ကျိုးက ဆုံးဖြတ်ချက်ချလိုက်ပြီးတော့ ဝူဟိုင်းကို အကူအညီတောင်းရန် ပြင်ဆင်သည်။
သို့သော်လည်း ဝူဟိုင်း လက်ခံခြင်း၊ လက်မခံခြင်းက ဝူဟိုင်း၏ပြဿနာရပ်သာဖြစ်သည်။
အပိုင်း(၁၉၃)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၁၉၄)
ယွမ်ကျိုးက ကြမ်းပြင်ကြီး သန့်ရှင်းတောက်ပြောင်သည်အထိ ရှင်းလင်းသည်။ သူက စားဖိုမှုးတစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့တဲ့အတွက်ကြောင့် သန့်ရှင်းသပ်ရပ်မှုကို သဘောကျသည်။
“ကြည့်ကောင်းသွားပြီ”
ယွမ်ကျိုးက သန့်ရှင်းတောက်ပြောင်နေတဲ့ ကြမ်းပြင်ကြီးကို ကျေနပ်နေသော အမူအရာဖြင့် ကြည့်သည်။ ရှုံးနိမ့်သွားတဲ့မုန်လာဥကြီးက ကြမ်းပြင်ပေါ်မှာ ကျန်နေသည်။
“ဒီကြီးမားတဲ့မုန်လာဥကြီးကို ဘယ်ချိန်ရှင်းထုတ်ရင် ကောင်းမလဲ”
ယွမ်ကျိုးက မုန်လာဥကြီးကို မမြင်ချင်ကြောင်း ပြောဆိုခြင်းဖြစ်သည်။
စနစ်က ဖော်ပြသည်။
[ဆယ်မိနစ်ကြာရင် ရှင်းထုတ်ပေးပါ့မယ်]
သူရှေ့တွင်ရှိတဲ့ မုန်လာဥကြီးကိုကြည့်ပြီးတော့ ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချလိုက်သည်။
စနစ်က သူ့ကို ဓားစွမ်းရည်ထောက်ပံ့ပေးထားသည့်တိုင် သူက အလုပ်ကြိုးစားဖို့ လိုအပ်သေးသည်။ ရှုံးနိမ့်သွားတဲ့ ဒီမုန်လာဥကြီးက အကောင်းဆုံး သက်သေပဲ ဖြစ်သည်။
“စနစ်၊ ဒီမုန်လာဥကြီးကို နမူနာပစ္စည်းအနေနဲ့ ထားပေးလို့ရမလား။ ဒါပေမယ့် သေးငယ်တဲ့ အပိုင်းအစလေးအဖြစ်ကို ပြောင်းလဲပေးရင် အကောင်းဆုံးပဲ”
ခဏကြာစဉ်းစားပြီးနောက် ယွမ်ကျိုးက ရုတ်တရက်ပြောသည်။
စနစ်က ဖော်ပြသည်။
[ကောင်းပါပြီ။ ခဏစောင့်ပေးပါ]
ထိုစကားကို ပြောပြီးနောက် သတ်မှတ်ထားသော ဆယ်မိနစ်အချိန် ကုန်လွန်သွားသောအခါ မီးဖိုချောင်ထဲတွင်ရှိသော ကြီးမားသော မုန်လာဥကြီးသည် မှော်ဆန်သော မျက်လှည့်ပြပွဲကဲ့သို့ မီးဖိုချောင်ထဲမှ ပျောက်ကွယ်သွားသည်။
ထို့နောက် သူက စိတ်လှုပ်ရှားဖွယ်ကောင်းသော အခြေအနေမှ ရုန်းထွက်ရန်ပြင်ဆင်သည်။ သူက နောက်ဘက်တံခါးကို ပိတ်လိုက်ပြီး လမ်းထဲသို့ လမ်းလျှောက်လာသည်။
ထို့နောက် တစ်စုံတစ်ရာကို လုပ်ဆောင်ရန် လိုအပ်သေးကြောင်း သဘောပေါက်သွားသည်။ သူက လက်ကိုမြှောက်လိုက်ပြီး အချိန်ကို တစ်ချက် ကြည့်လိုက်သည်။ ညနေ လေးနာရီအချိန်ဖြစ်ပြီး ရာသီဥတုက ကောင်းမွန်သည့်အပြင် နေသာနေသေးသည်။
“ဝူဟိုင်း ဘယ်မှာနေတာလဲ”
ယွမ်ကျိုးက စားသောက်ဆိုင်တံခါးပေါက်မှာ မတ်တပ်ရပ်နေပြီး လေးနက်စွာ တွေးတောနေသည်။ ထို့နောက် သူက ဖုန်းကို တိတ်တဆိတ် ထုတ်လိုက်ပြီး ဝူဟိုင်းကို ဖုန်းခေါ်ရန်ကြိုးစားသည်။
သူ့ရဲ့ဖုန်းမှတ်တမ်းထဲတွင် ရှိသော ဖုန်းနံပါတ်များကို ထပ်တလဲလဲ လှန်လှောဖတ်ရှုပြီး ယွမ်ကျိုးက ငြီးတွားပြောဆိုသည်။
“ဒီကောင်ရဲ့ဖုန်းနံပါတ်က ဘာပါလဲ”
ဝူဟိုင်းက သူ့ရဲ့မျက်နှာချင်းဆိုင်လမ်း ဒုတိယထပ်တွင် နေထိုင်ပြီး အောက်ထပ်သို့ ဆင်းလာသည့် မြင်ကွင်းကို မြင်တွေ့ဖူးသည်။ သို့တိုင် ဝူဟိုင်း မည်သည့်အခန်းတွင်နေလဲ သူ သေချာမသိပေ။
သူ့ရဲ့အကျင့်စရိုက်နဲ့ အကျိုးအကြောင်းမရှိဘဲ တခြားသူရဲ့အိမ်တံခါးကို သွားခေါက်ခြင်းက လက်သင့်ခံနိုင်ဖွယ် မရှိချေ။ ဖုန်းနံပါတ်ကိုလည်း သူ
မမှတ်ထားမိပေ။ အကြောင်းအရင်းက ရိုးရှင်းသည်။
ဝူဟိုင်း၏ဖုန်းနံပါတ်ကို သိမ်းထားမိလျှင် ဝူဟိုင်းက မနက်ခင်းတိုင်း နှိုးစက်နာရီကဲ့သို့ သူ့ရဲ့အိမ်မက်တွေကို နှောင့်ယှက်ပေးလိမ့်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သူ့မှာ ဝူဟိုင်း၏ဖုန်းနံပါတ် မရှိသကဲ့သို့ ဝူဟိုင်း၏ အိမ်လိပ်စာလည်း မရှိပေ။ ထို့ကြောင့် ယွမ်ကျိုးက သူ့စားသောက်ဆိုင်သို့ တိတ်တဆိတ် လှည့်ပြန်လာခဲ့သည်။
နောက်ဘက်တံခါးကို ပိတ်ပြီးတော့ ယွမ်ကျိုးက မီးဖိုချောင်ထဲမှာ မတ်တပ်ရပ်နေပြီးတော့ သူ့ကိုသူ စကားပြန်ပြောသည်။
“ကွန်ပျူတာထဲကနေပဲ အချက်အလက်တချို့ကို ရှာကြည့်တာ ပိုကောင်းမယ်"
ထို့နောက် ယွမ်ကျိုးက အတည်ပြုဟန် ခေါင်းညိတ်လိုက်ပြီး တွေးတောသည်။
“ဒါက တကယ့်ကို အကြံကောင်းပဲ”
ထို့နောက် သူက 'ဒုန်း ဒုန်း ဒုန်း ဒုန်း' ဟူသော အသံဖြင့် အပေါ်ထပ်သို့ တက်သွားသည်။
ညနေခင်းဆိုင်ဖွင့်ချိန်အတောအတွင်း ယွမ်ကျိုးက ဝူဟိုင်း၏အကူအညီကို လိုအပ်သည့်ကိစ္စနှင့် ပတ်သက်၍ တစ်ခွန်းတစ်ပါဒမှ မပြောခဲ့ပေ။
ယွမ်ကျိုး၏ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းအရ သူက ဆိုင်ဖွင့်ချိန် အတောအတွင်း တခြားသောကိစ္စရပ်များကို မပြောဟု သူ့ကိုယ်သူ စည်းကမ်းသတ်မှတ်ထားခြင်းဖြစ်သည်။
နောက်တစ်နေ့ မနက်ခင်းတွင် ယွမ်ကျိုးက ရှောင်လုံပေါင်းဖက်ထုပ်ကို ပြင်ဆင်ထားသည်။
“ကြုံတောင့်ကြုံခဲပါလား။ သူဌေးယွမ်က ရှောင်လုံပေါင်းဖက်ထုပ် ထပ်လုပ်တာလား”
ရှောင်လုံပေါင်းဖက်ထုပ် စားသုံးရခြင်းကို နှစ်သက်သည့် ဖောက်သည်တစ်ယောက်က ခံစားချက်အပြည့်ဖြင့် သက်ပြင်းချသည်။
“အမှန်ပဲ။ ပူပူနွေးနွေး စွပ်ပြုတ်လေးရယ်။ အရသာရှိတဲ့ အစာသွတ်အသားလေးရယ်နဲ့ တွဲဖက်စားရတာ တကယ့်ကို နတ်သုဒ္ဓါပဲ။ ကျုပ်ကို တစ်ပွဲပေးပါ”
လင်းဟုန်က ထိုင်ခုံမှ ထိုင်လိုက်ပြီး ဟင်းပွဲကို စတင်မှာယူသည်။
“ရှောင်လုံပေါင်းဖက်ထုပ်တစ်ပွဲနဲ့ ကြာမြစ်ကစီဓာတ်ဟင်းတစ်ပွဲပေးပါ”
ဝူဟိုင်းက သူ၏သေးငယ်သော မုတ်ဆိတ်လေးကို ပျော်ရွှင်စွာ ပွတ်သပ်သည်။
“ခဏစောင့်ပေးပါ”
ထို့နောက် ယွမ်ကျိုးက မီးဖိုချောင်ထဲသို့ ပြန်သွားပြီး သူတို့အတွက် ဟင်းပွဲများကို သွားရောက်သယ်ဆောင်သည်။
ယွမ်ကျိုးက ဟင်းပွဲများကို ဝူဟိုင်း၏ စားပွဲပေါ်သို့ တင်ပြီးသောအခါ ယွမ်ကျိုးက ဝူဟိုင်းကို ရုတ်တရက်စကားပြောသည်။
“မနက်စာ စားပြီးသွားရင် ဒီမှာ ခဏနေပေးပါ။ ခင်ဗျားကို ပြောစရာကိစ္စတစ်ခုရှိတယ်”
“ထူးထူးဆန်းဆန်းပါလား။ ဒါက ဘာသဘောလဲ”
ဝူဟိုင်းက တူကို ကောက်ယူလိုက်ပြီး စားသုံးရန် ပြင်ဆင်နေသည်။ သို့သော်လည်း ယွမ်ကျိုး၏စကားကို ကြားသောအခါ သူက တအံ့တဩ ခေါင်းကို မော့လိုက်သည်။
“အရင်ဆုံးစား။ မဟုတ်ရင် အေးသွားလိမ့်မယ်”
ယွမ်ကျိုးက တည်ငြိမ်သောအမူအရာဖြင့်ပြောသည်။
“ဟုတ်တယ်၊ ဟုတ်တယ်။ ခင်ဗျားပြောတာအမှန်ပဲ။ အရင်ဆုံးစားဦးမယ်။ ပြီးမှစကားပြောကြမယ်”
ဝူဟိုင်းက စားပွဲပေါ်တွင် တင်ထားသော အရသာရှိသည့် ဟင်းပွဲများအကြောင်းကို တွေးတောမိသောအခါ တခြားသောအတွေးများကို လျစ်လျူရှုလိုက်ပြီး စားသုံးရန်အတွက် တူကို ကောက်ကိုင်လိုက်သည်။
ရှောင်လုံပေါင်းဖက်ထုပ်တွင် အသုံးပြုထားသော မုန့်ညှက်ကို တစ်ကိုက်ကိုက်ပြီး ရှောင်လုံပေါင်းဖက်ထုပ်ထဲမှ အရည်ကို တစ်ငုံသောက်လိုက်သည်။
ချက်ချင်းဆိုသလို ပူပူနွေးနွေး စွပ်ပြုတ်ရည်များက သူ့ရဲ့လည်ချောင်းထဲကို စီးဆင်းသွားပြီး အရသာရှိသော ခံစားချက်ကို ပေးစွမ်းသည်။
လတ်ဆတ်ပြီး ချိုမြသောအရသာနဲ့အတူ မွှေးကြိုင်သောရနံ့ကိုလည်း ခံစားမိသည်။ ထို့အပြင် အဆီများသော ခံစားချက်ကို လုံးဝ မခံစားရပေ။
စွပ်ပြုတ်အနှစ်ကို ပလုတ်ပလောင်းစားပြီးမှသာ ဝူဟိုင်းက ဤခံစားချက်ကို ခံစားမိခြင်းဖြစ်သည်။ ပူစပ်စပ်အရသာက သူ့ရဲ့လျှာပေါ်မှာရှိတဲ့ အရသာခံဖုလေးတွေကို လှုံ့ဆော်ပေးပြီး စားကောင်းသောက်ဖွယ်ရဲ့အရသာကို ကောင်းမွန်စွာ ခံစားနိုင်စေသည်။
ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသောမုန့်ညှက်သားနှင့် နူးညံ့သော ဝက်သားအစာသွတ်၊ ရှာလကာရည်ရဲ့အရသာကို ဝူဟိုင်းက တစ်ကိုက်ပြီး တစ်ကိုက် အငမ်းမရ စားသုံးနေသည်။
“အရမ်းကို အရသာရှိတယ်”
နောက်ဆုံးကျန်ရှိနေတဲ့ ရှောင်လုံပေါင်းဖက်ထုပ်ကို စားပြီးနောက် ထိုစကားကို ပြောခြင်းဖြစ်သည်။
ကြာမြစ်ကစီဓာတ်ရဲ့ အရသာက အနည်းငယ် အချိုပေါ့သော်လည်း လန်းဆန်းသောခံစားချက်ကို ပေးစွမ်းသည်။
မနက်ခင်းတွင် ပူနွေးသောအစားအသောက်များကို စားသုံးခွင့်ရခြင်းက တကယ့်ကို ပျော်ရွှင်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။
ထို့နောက် ဝူဟိုင်းက ယွမ်ကျိုးပြောခဲ့သည့်အကြောင်းအရာကို ရုတ်တရက် ပြန်လည်အမှတ်ရသွားသည်။
“သူဌေးယွမ်၊ ကျွန်တော့်ကို ပြောချင်တာ ဘာကိစ္စများလဲ”
ဝူဟိုင်းက စပ်စပ်စုစု မေးမြန်းသည်။ ယွမ်ကျိုးက သူ့ကို ယခုလိုစကားမျိုး တစ်ခါမှ မပြောခဲ့ဘူးပေ။
ပုံမှန်အားဖြင့် ဝူဟိုင်းကသာ ယွမ်ကျိုးကို အတင်းအကြပ် စကားလိုက်ပြောခြင်းဖြစ်သည်။ အထူးသဖြင့် သူဆိုင်တွင် လာရောက်အားပေးတိုင်း ယွမ်ကျိုးကို စကားပြောရန် ကြိုးပမ်းခဲ့သည်။
“ဆိုင်ဖွင့်ချိန်ပဲရှိသေးတယ်။ နောက်မှ ပြောကြမယ်”
ယွမ်ကျိုးက ခေါင်းကိုလှည့်လိုက်ပြီး ပြန်ပြောသော်လည်း သူက ဝူဟိုင်း၏ မေးမြန်းမှုကို ပြန်မဖြေခဲ့ပေ။
“ငါ့ကို နည်းနည်းလောက် ပြောပြလို့မရဘူးလား။ ဒါမှ ဘာပြန်ဖြေရမလဲဆိုတာ သိမှာလေ”
ယွမ်ကျိုးက စောစောစီးစီး သူ့ကို ပြောထားလျှင် သူက ဆက်လက် မမေးမြန်းတော့ကြောင်း အချက်ပြခြင်းဖြစ်သည်။ ဤတစ်ကြိမ်တွင် ယွမ်ကျိုးက သူ့ကို လျစ်လျူရှုလိုက်သည်။ ခဏကြာပြီးမှ သူက ပြန်ဖြေသည်။
“ခဏလေးတော့စောင့်ပေးပါ။ ခင်ဗျားကို အနှောင့်အယှက်ပေးသလို ဖြစ်သွားပြီ”
ယွမ်ကျိုးက ယဉ်ကျေးပျူငှာသောအမူအရာဖြင့် စိတ်အားထက်သန်စွာ ပြန်ဖြေသည်။ ထို့ကြောင့် ဝူဟိုင်းက မေးမြန်းခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းညိတ်သည်။
“ကောင်းပြီ။ ငါ မင်းကို စောင့်နေမယ်”
မနက်ခင်းဆိုင်ဖွင့်ချိန်သည် တစ်နာရီခန့်သာရှိသည်။ ထို့ကြောင့် ဝူဟိုင်းက စားသောက်ဆိုင်ထဲတွင်ရှိသော အလှဆင်ထားသည့် အရာဝတ္ထုများကို စတင် လေ့လာသည်။
ကြာပန်းများကို နံရံပေါ်တွင် ပန်းချီရေးဆွဲထားသည်။ စားပွဲရှည်ပေါ်တွင်လည်း ပန်းအိုးထဲမှ ကြာပန်းပုံသဏ္ဍာန်ကို ပန်းချီရေးဆွဲထားသေးသည်။
“ကြာပန်းနှင့် ဆက်စပ်တာတွေ ဘာလို့ အများကြီးရှိနေရတာလဲ”
ဝူဟိုင်းက နားလည်ရခက်စွာပြောသည်။
“ဒါက သူဌေးယွမ်ရဲ့ စားသောက်ဆိုင်ကို ကိုယ်စားပြုတဲ့ပန်းဖြစ်မှာပေါ့”
လင်းဟုန်က ဘေးနားမှာရှိနေပြီး ရုတ်တရက် ပြန်ဖြေသည်။
“ခင်ဗျားက ဘာလို့ ဒီဆိုင်မှာ ရှိနေရသေးတာလဲ"
ဝူဟိုင်းက ကြာပန်းများကို ဆက်လက်ရေတွက်နေသည်။
“သူဌေးယွမ်က ခင်ဗျားကို ရှာရတဲ့အကြောင်းရင်းကို သိချင်လို့လေ”
လင်းဟုန်က ပခုံးကို ဆတ်ခနဲတွန့်လိုက်ပြီး ပြန်ဖြေသည်။ သူက လတ်တလောမှာ အားလပ်နေသည်။
“မခန့်မှန်းကြည့်ဘူးလား”
ဝူဟိုင်းက မတ်တပ်ရပ်လိုက်ပြီး သူ၏မုတ်ဆိတ်လေးကို ပွတ်သပ်ကာ လျှို့ဝှက်ဆန်းကြယ်စွာ ပြောသည်။
“ငါက အမှန်တရား ရပ်တည်တဲ့လူလား၊ လိမ်လည်တဲ့လူလားဆိုတာတောင် ခင်ဗျားက မသိဘူးလား”
လင်းဟုန်ကို အလွယ်တကူ လှည့်စား၍ မရပေ။
“ခဏကြာရင် သိရမှာပါ”
ဝူဟိုင်းက အချိန်ကို ကြည့်လိုက်ပြီးတော့ ခပ်တန်းတန်းအမူအရာဖြင့် ပြန်ပြောသည်။
“မနက်ခင်း ဆိုင်ဖွင့်ချိန် ပြီးဆုံးသွားပါပြီ။ မနက်ဖြန် မနက်စောစော လာခဲ့ပေးပါ”
ယွမ်ကျိုးက ပြောလေ့ပြောထရှိသော စကားများကို ပြောခြင်းဖြင့် မနက်ခင်းဆိုင်ဖွင့်ချိန် ပြီးဆုံးကြောင်းကို ညွှန်ပြသည်။
မုရှောင်ယွမ်ကို ပို့ဆောင်ပြီးနောက် စားသောက်ဆိုင်မှာ လူသူကင်းမဲ့သွားသည်။
“ငါ့ကို ခဏစောင့်ခိုင်းတဲ့အကြောင်းကို ပြောလို့ရပြီလား”
ဝူဟိုင်းက ယွမ်ကျိုးထက် အရင်ဆုံး စကားပြောသည်။ သို့သော်ငြားလည်း လင်းဟုန်က လက်ပိုက်ဟန် အနေအထားဖြင့် ဤမြင်ကွင်းကို စောင့်ကြည့်နေသည်။
“ခင်ဗျားက ပန်းချီဆရာလေ။ ဒါ့ကြောင့်မို့လို့ ပန်းချီရေးဆွဲတဲ့ အခါမှာ အထားအသိုတွေ၊ ပေါင်းစပ်မှုတွေကို သိမှာပေါ့။ ဟုတ်တယ်မို့လား”
ယွမ်ကျိုးက ခဏတွေးကြံပြီးနောက် မဝံ့မရဲအမူအရာဖြင့် သူ့ကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
“ဒါဆိုရင် အထားအသိုပုံစံနဲ့ ပေါင်းစပ်တဲ့ ကျွမ်းကျင်မှုကို လေ့လာချင်တာလား”
ဝူဟိုင်းက သူ့ရဲ့ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ ပန်းချီဆရာတွေက ထက်မြက်သူများဖြစ်သည်။
“အင်း။ ခင်ဗျားမှာ အချိန်ရှိလား”
ခဏကြာတွေးတောပြီးနောက် ယွမ်ကျိုးက ခေါင်းညိတ်ပြီး တည်ငြိမ်သောအမူအရာဖြင့် စကားပြောသည်။
“သူဌေးယွမ်က အရမ်းကို ပွင့်လင်းတာပဲ။ ဟုတ်တယ် ကျွန်တော့်မှာ အချိန်ရှိပါတယ်။ ဒါပေမယ့် အများကြီး မရှိဘူး။ နေ့တိုင်း၊ နေ့တိုင်း မိနစ် ၂၀ လောက်ပဲ အချိန်ရတယ်”
ဝူဟိုင်းက ခဏတာတွေးကြံပြီးနောက် သူ့ရဲ့မုတ်ဆိတ်လေးကို ပွတ်သပ်ကာ ပြန်ပြောသည်။
“မလိုအပ်ဘူး။ ကျွန်တော်က လိမ္မာပါးနပ်တဲ့သူ။ ခင်ဗျားကိုယ်တိုင် ခန့်မှန်းကြည့်လိုက်လေ”
ယွမ်ကျိုးက မျက်မှောင်ကြုတ်သည်။
ထို့နောက် ဝူဟိုင်းက မည်သို့တုံ့ပြန်ရမှန်းမသိ ဖြစ်သွားသည်။ ခဏတွေးကြံပြီးနောက် ပြန်ပြောသည်။
“ထားလိုက်ပါတော့။ ကျုပ် တောင်းဆိုချင်တာတွေရှိတယ်”
တောင်းဆိုချက်အကြောင်း ပြောလာသောအခါ ဝူဟိုင်းက ကောက်ကျစ်စဉ်းလဲသောအပြုံးကို ဖော်ပြသည်။
“ဘာကိုတောင်းဆိုချင်တာလဲ”
ယွမ်ကျိုးက သတိထားသောအမူအရာကို ဖော်ပြသည်။
“နောက်မှပြောကြတာပေါ့။ ပန်းချီရေးဆွဲတာနဲ့ ပတ်သက်ပြီးတော့ အခြေခံအချက်အလက်တွေကို လေ့လာရဦးမှာမဟုတ်လား”
ဝူဟိုင်းက လင်းဟုန်ကို တစ်ချက်ကြည့်လိုက်သည်။ ယွမ်ကျိုးနှင့် သီးသန့်ဆွေးနွေးချင်သည့်အကြောင်းကို ပေါ်လွင်အောင် ပြောကြားသည်။
“မလိုအပ်ဘူး”
ယွမ်ကျိုးက ချက်ချင်းပြန်ပြောသည်။
“အခြေခံအချက်အလက်တွေကို သိထားဖို့လိုအပ်တာပေါ့ မဟုတ်ဘူးလား”
ဝူဟိုင်းက အခြေခံအကျဆုံး မေးခွန်းကို မေးမြန်းသည်။
“မလိုအပ်ဘူး။ ငါ့အတွက် မလိုအပ်ဘူး။ ငါက စားဖိုမှုးတစ်ယောက်လေ”
ယွမ်ကျိုးက သူ့ရဲ့အလုပ်အကိုင်နှင့်ပတ်သက်ပြီးတော့ ဝူဟိုင်းနားလည်အောင် ထပ်မံရှင်းပြသည်။
“အခြေခံအချက်အလက်လေးတွေတောင် လုံးဝ မသိသေးဘူးလေ။ ဒါတောင် ကျွန်တော့်ဆီကနေပြီးတော့ ပန်းချီပုံတွေ၊ အထားအသိုတွေ၊ ရှုမျှော်ခင်းအထားအသိုတွေနဲ့ ဖွဲ့စည်းပုံတွေကို တစ်ဆင့်ခြင်း လေ့လာချင်တာလား။ ဒီလိုဆိုရင်တော့ လမင်းဆီမှာပဲ သွားဆုတောင်းလိုက်တော့”
ဝူဟိုင်းက ယွမ်ကျိုးနောက်ဆုံးပြောလိုက်သောစကားကို ချက်ချင်းလျစ်လျှူရှုလိုက်ပြီး ကျယ်လောင်သောအသံဖြင့် မကျေမနပ်ပြောသည်။
“ငါတွေ့ဖူးသမျှ တပည့်တွေထဲမှာ အဆိုးဝါးဆုံးတပည့်ပဲ”
ဝူဟိုင်းက မကျေမနပ် ထပ်ပြောသည်။ ဝူဟိုင်း၏ အပြောအဆိုကြောင့် ယွမ်ကျိုး နှုတ်ဆိတ်သွားသည်။
သူ့ရဲ့အကျင့်နှင့် ယခုလို အပြောအဆိုမျိုးကို လက်ခံရန် အကြောင်းမရှိပေ။ ဘေးဘက်မှာ မတ်တပ်ရပ်နေသော လင်းဟုန်က အခြေအနေတစ်ခုလုံးကို စောင့်ကြည့်နေသည်။
ယွမ်ကျိုးကို ကလေးတစ်ယောက်ကဲ့သို့ ပြစ်တင်ပြောဆိုနေခြင်းကို မြင်ရသောအခါ သူက ရယ်မောချင်သောစိတ်ကို ထိန်းမရပေ။
အပိုင်း(၁၉၄)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၉၅)
ယွမ်ကျိုးက ပင့်သက်ရှိုက်လိုက်ပြီး ဝူဟိုင်းပြောသည့်စကားကို အဆုံးသတ်မည့် အချိန်ထိ စိတ်အားထက်သန်စွာ နားစွင့်ခဲ့သည်။
“အခုလိုမျိုး လေကြီးလေကျယ်စကားတွေ ပြောမယ်လို့တွေးတောင် မတွေးထားဘူး”
ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့ပြောသည်။
“ကျုပ်က လေကြီးလေကျယ်ပြောနေလို့လား။ ခင်ဗျားကို ပြန်တုံ့ပြန်ရတဲ့ အကြောင်းအရင်းက ခင်ဗျားက ပန်းချီပညာနဲ့ ပတ်သက်ပြီး ဘာမှနားမလည်လို့ပဲ”
ဝူဟိုင်းက ချက်ချင်း ပြန်ပြောသည်။
“အခု လေ့လာလို့ရတာပဲ မဟုတ်ဘူးလား။ ဘယ်အချိန်လောက်ပေးမယ်လို့ စဉ်းစားထားလဲ”
ယွမ်ကျိုးက ဝူဟိုင်းရဲ့ ခနဲ့သောစကားများကို လျစ်လျူရှုလိုက်သည်။ လင်းဟုန်က ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။
“ဘာလို့ လာရယ်နေတာလဲ။ ခင်ဗျားရော နားလည်လို့လား”
ဝူဟိုင်းက ယွမ်ကျိုး ဘာဆိုဘာမှပြန်မပြောခင် ဆတ်ဆတ်ထိမခံဖြစ်သွားသည်။
“ကိစ္စမရှိပါဘူး။ ခင်ဗျားတို့တွေ ဆက်ပြောကြပါ။ ကျုပ်က ဘာမှနားမလည်ပါဘူး”
ဝူဟိုင်း၏လေးနက်သော အမူအရာကို ရင်ဆိုင်ရသောအခါ လင်းဟုန်က သူ့ပါးစပ်ကို လက်ဖြင့် ကွယ်လိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။
“ကိုယ့်အရည်အချင်းကို ကိုယ် သိလိုက်ရင် ပိုကောင်းမယ်။ သိက္ခာဆယ်ပြီးတော့ ဒီနေရာကနေ အခုထွက်သွားလိုက်တော့”
ဝူဟိုင်းက လင်းဟုန် ရယ်ရခက်၊ ငိုရခက် စကားများကို ရုတ်တရက်ပြောလာသည်။
“ကောင်းပြီ။ ကောင်းပြီ။ အခုပဲ ထွက်သွားတော့မယ်”
ထိုစကားကိုပြောလိုက်စဉ် လင်းဟုန်က သွက်လက်သောခြေလှမ်းများဖြင့် စားသောက်ဆိုင်အပြင်ဘက်သို့ ထွက်သွားသည်။
ယွမ်ကျိုးက ဝူဟိုင်းကို တွေ့ဆုံရန် ချိန်းဆိုရသည့် အကြောင်းအရင်းကို သိသွားပြီဖြစ်၍ ဆိုင်မှာဆက်နေစရာ အကြောင်းမရှိတော့ပေ။
ထို့နောက် အပြင်ဘက်မှ ဟားတိုက်ရယ်မောသံ ထွက်ပေါ်လာသည်။ လင်းဟုန်၏အသံမှန်း သိသာထင်ရှားသည်။
“စိတ်ကစဥ့်ကလျား ဖြစ်နေတာများလား”
ယွမ်ကျိုးက ရေရွတ်ပြောဆိုသည်။
“ဘာရောဂါလဲ”
ဝူဟိုင်းက အင်တာနက်ပင် အသုံးပြုလေ့မရှိသည့် ဆယ်စုနှစ်ကျော် ခေတ်နောက်ကျနေသူဖြစ်သည်။
“ဘာမှမဟုတ်ဘူး။ ပြောစရာရှိတာဆက်ပြော”
ယွမ်ကျိုးက လေးနက်သောအသံဖြင့် ပြောသည်။
“ဘာကိုဆက်ပြောရမှာလဲ။ ခင်ဗျားက ဘာမှတောင် မသိဘူးလေ။ ကျုပ်က ခင်ဗျားကို ဘယ်လိုသင်ပေးရမှာလဲ”
ဝူဟိုင်းက ယွမ်ကျိုးကို မလိုမုန်းထားအမူအရာဖြင့် ကြည့်သည်။
“ဒါပေမယ့် ခင်ဗျား သဘောတူထားတယ်လေ” ယွမ်ကျိုး၏စကားပြောသော အပြုအမူက ရိုးရှင်းပြီး ပွင့်လင်းသည်။
ဝူဟိုင်းကို အလောတကြီး တိုက်တွန်းသည့် ရည်ရွယ်ချက်ကို မဖော်ပြပေ။
“မသင်ပေးဖူးလို့တော့ မပြောခဲ့ပါဘူး”
ဝူဟိုင်းက ယွမ်ကျိုးကို တစ်ချက်ကြည့်ပြီး သူ့ဘောင်းဘီတိုအိတ်ကပ်ထဲမှ ဘောပင်ကို ထုတ်ယူလိုက်သည်။
“အဖြူရောင် စာရွက်ရှိလား။ ခင်ဗျား ဆိုင်မဖွင့်ချင်လို့ အကြောင်းပြချက်ပေးတဲ့ စာရွက်ကိုတော့ မမြင်ချင်ဘူးနော်”
ဝူဟိုင်းက အထူးတလည် ညွှန်ကြားသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းA4 စာရွက်ကို မြင်တွေ့ရတိုင်း အစားကောင်းကောင်းမစားရသည့်အဖြစ်ကို ကြုံတွေ့ရသည်။
ထို့ကြောင့် ၎င်းစာရွက်နှင့်ပတ်သက်ပြီး ဓာတ်မတည့်သည့်ခံစားချက် ဖြစ်ပေါ်လာသည်။
“ခင်ဗျားရဲ့အိတ်ကပ်ကြီးက ကြီးလှချည်လား”
ယွမ်ကျိုးက ဝူဟိုင်း၏အိတ်ကပ်များကို စပ်စပ်စုစုကြည့်ပြီး သူ့ကောင်တာအောက်တွင်ရှိသော အံဆွဲထဲမှ မှတ်စုစာအုပ်ကို ထုတ်လိုက်သည်။
“ခင်ဗျားရဲ့အံဆွဲကြီးက ပိုပြီးတော့ ဆန်းကြယ်ပါတယ်။ ဒီလို မှတ်စုစာအုပ်တောင်ရှိတယ်နော်”
ဝူဟိုင်းက ယွမ်ကျိုး၏မှတ်စုစာအုပ်မျက်နှာဖုံးကို သဘောမကျဟန် ကြည့်လိုက်သည်။
“ဘာအတွက် စာရွက်ကို လိုချင်ရတာလဲ”
ယွမ်ကျိုးက တစ်စုံတစ်ရာကို ဖုံးကွယ်ဖို့ ကြိုးစားနေ၍ စကားလမ်းကြောင်းလွှဲသည်။
သူ၏မော်ကြွားသောအပြုအမူနှင့် လိုက်ဖက်ညီမှု မရှိသော ကာတွန်းကားများကို သဘောကျနှစ်သက်ခြင်းကို ဝူဟိုင်းသိသွားမည်ကို မလိုလားချေ။
“ခင်ဗျား ကိုယ်တိုင်သွားဝယ်လို့ရအောင် စာအုပ်စာရင်းတွေ ရေးပေးမယ်။ ဒါတွေအားလုံးကို ဖတ်ပြီးသွားရင် ခင်ဗျားကို သင်ပေးလို့ရပြီ။ ဒါပေမယ့် ဒီစာအုပ်တွေအားလုံးကို သုံးရက်အတွင်းဖတ်ရမယ်”
ဝူဟိုင်းက ခေါင်းငုံ့ပြီး ပြန်ဖြေသည်။
ဘောပင်နဲ့ ရေးထားသည့် သူ့လက်ရေးက အနည်းငယ်ပိုကြီးသော်လည်း စာမျက်နှာနှစ်မျက်နှာမှာ စာအုပ်၁၁အုပ်ကို ရေးသားခဲ့သည်။
သုံးရက်အတွင်း ဖတ်ရှုရန် မလွယ်ကူပေ။
ဝူဟိုင်းက သူ စာဖတ်ရှုသောနှုန်းဖြင့် အချိန်ကို တွက်ချက်ပြီး သတ်မှတ်ခဲ့ပုံပေါ်သည်။
“ဒီလောက်ပဲ သွားဝယ်လို့ရပြီ” ဝူဟိုင်းက ချက်ချင်းပြန်ပြောသည်။
ယွမ်ကျိုးက စာအုပ်စာရင်းကိုလက်ခံယူလိုက်ပြီး နည်းနည်းအံ့အားသင့်သွားရသည်။
ပန်းချီနှင့် ပတ်သက်သည့် ပညာရှင်များ၏ ခမ်းနားထည်ဝါသောစာအုပ်များဆိုလျှင် လက်သင့်ခံနိုင်သေးသည်။
ယခုက မူလတန်းအဆင့် ပန်းချီပညာရပ်စာအုပ်များဖြစ်နေသည်။ ထို့အပြင် သူငယ်တန်းအဆင့်ပန်းချီစာအုပ်နှင့် အလယ်တန်းအဆင့်ပန်းချီစာအုပ်များပင် ပါဝင်နေသေးသည်။
“ဒီစာအုပ်တွေက ဘာတွေလဲ” ယွမ်ကျိုးက စာအုပ်စာရင်းကိုကြည့်ပြီး လေးနက်စွာ မေးမြန်းသည်။
“ဒီစာအုပ်တွေက ပန်းချီအခြေခံကို နားလည်ဖို့အတွက် ခင်ဗျားကိုကူညီပေးလိမ့်မယ်။ ခင်ဗျားကလမ်းလျှောက်တောင် မသင်ရသေးပဲနဲ့ ပျံသန်းတာကို သင်ချင်တာလား”
ဝူဟိုင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
“ငါက အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်လေ” ယွမ်ကျိုးက ပြန်၍ ငြင်းပယ်သည်။
“ဘာလဲ။ ခင်ဗျားက ကျုပ်ကို မယုံကြည်တာလား”
ဝူဟိုင်းက မျက်မှောင်ကြုတ်ပြီး တည်ငြိမ်သောအမူအရာဖြင့် စကားပြောသည်။
ဝူဟိုင်း စိတ်ထဲကျိတ်ပျော်နေသည်။ အကြောင်းရင်းကို သူကိုယ်တိုင်သာ သိလိမ့်မည်။
“ခင်ဗျား တောင်းဆိုချင်တာကိုပြောလေ”
ယွမ်ကျိုးက ပင့်သက်ရှိုက်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“ပြောရမယ်ဆိုရင် ငါကလဲ လူသိများကျော်ကြားတဲ့လူငယ်အနုပညာရှင်ပဲ။ ထိုက်သင့်တဲ့လူမှုအဆင့်အတန်းလဲရှိတယ်။ ငါက မင်းကို ပညာသင်ပေးဖို့သဘောတူလိုက်ပြီဆိုတော့ အခကြေးငွေ ကတော့ သေချာပေါက်ပေးရမှာပေါ့။ ဒါမှလဲ ငါ့ရဲ့လူနေမှု အဆင့်အတန်းနဲ့ ကိုက်ညီမှုရှိမှာလေ”
ဝူဟိုင်းက ခဏချင့်ချိန် စဉ်းစားပြီးနောက် သူ၏ဂုဏ်သတင်းကို ထုတ်ဖော်ပြောသည်။
“အဓိကအချက်ကိုပဲ ပြောပါ။ ပိုက်ဆံ ဘယ်လောက်လိုချင်တာလဲ”
ယွမ်ကျိုးက ငွေကို တွန့်တိုတတ်သူ မဟုတ်ပေ။
“ဘာအတွက်နဲ့ ငွေကို တောင်းရမှာလဲ”
ဝူဟိုင်းက အေးစက်စွာပြောသည်။
သူ့လူမှုအဆင့်အတန်းနှင့် ယွမ်သန်းပေါင်းစွာကို အလွယ်တကူ ရရှိနိုင်သည်။
သူဖန်တီးထားသော အနုပညာရပ်များကို ရောင်းချယုံဖြင့် ယွမ်သန်းချီရနိုင်သည်။
စိတ်ကူးဉာဏ်ကွန့်မြူးလာလျှင် ဖန်တီးထားသော အနုပညာရပ်သည် ယွမ်ဆယ်သန်းထပ်ပင် ပို၍ထိုက်တန်သည်။
“ဒါဆို ခင်ဗျား ဘာလိုချင်လဲဆိုတာ အတိအကျပြောပါလား”
ယွမ်ကျိုးက မေးမြန်းသည်။
“ငါ့ရဲ့ပန်းချီဆွဲတဲ့အနုပညာနဲ့ မင်းရဲ့ဟင်းချက်စွမ်းရည်က မျှချေအနေအထားရှိတယ်။ ဒါကြောင့်မလို့ ခင်ဗျားကို ပန်းချီဆွဲတာ သင်ပေးရင် ကျုပ်ကို ဟင်းချက်တာပြန်သင်ပေးရမယ်။ ဒါမှလဲ မျှတမှုရှိမှာလေ”
ဝူဟိုင်း၏စိတ်ထဲတွင် ဤအချက်နှင့် ပတ်သက်ပြီး သဘောတွေ့နေသည်။
ယွမ်ကျိုးက ပန်းချီရေးဆွဲရန်ကိုယ်တိုင်ကိုယ်ကျ လာမပြောလျှင်ပင် သူက ဤတောင်းဆိုချက်ကို သိပ်မကြာခင်မှာ တောင်းဆိုနိုင်သည်။
ထို့ပြင် တောင်းဆိုမှုက သူ၏ဆန္ဒနှင့် ထပ်တူကျသည်။
သို့တိုင် တခြားသူများ၏ရှေ့မှာ သူ၏ရည်ရွယ်ချက်ကို ထုတ်မပြောခဲ့ချေ။
“ငါ လက်မခံနိုင်ဘူး”
ယွမ်ကျိုးက ပြတ်ပြတ်သားသား ငြင်းပယ်သည်။
သူ၏ဟင်းချက်စွမ်းရည်ကို စနစ်မှ ပံ့ပိုးပေးထားသော်လည်း ဟင်းချက်အတွေ့အကြုံမရှိသောလူတစ်ယောက်ကို ပညာမသင်ကြားပေးနိုင်ပေ။
“ဘာလို့လဲ”
ဝူဟိုင်းက ဤရလဒ်ကို ကြိုတင်မျှော်မှန်းထားသော်လည်း နည်းနည်း အံ့အားသင့်နေသည်။
“ကျုပ်က ခင်ဗျားဆီကနေပြီးတော့ ပန်းချီအထားအသိုနဲ့ ဖွဲ့စည်းပုံကိုပဲ လေ့လာချင်တာလေ”
ယွမ်ကျိုးက အဓိကအချက်ကို ထောက်ပြသည်။
ဝူဟိုင်း၏တောင်းဆိုချက်က မျှတမှုမရှိသည့်အပြင်
အကျိုးအကြောင်း မဆီလျော်
ကြောင်း ပြောကြားလိုခြင်းဖြစ်သည်။
“ဒါပေမယ့် ပန်းချီအထားအသိုနဲ့ ပေါင်းစပ်ဖွဲ့စည်းမှုတွေဆိုတာက ပန်းချီပညာရပ်ရဲ့ အခြေခံပဲလေ။ ဒီအခြေခံအချက်မရှိဘူးဆိုရင် မင်း ပန်းချီကောင်းကောင်းဆွဲနိုင်မှာမဟုတ်ဘူး။ ဒါ မျှတတဲ့ သဘောတူညီမှုလေ”
ဝူဟိုင်းက ယွမ်ကျိုး၏ဖြူစင်မှုကို အခွင့်ကောင်းယူပြီး လေးနက်သောအမူအရာကို ဟန်ဆောင်သည်။
“ဒါဆိုရင် ဘာ့အတွက် ဟင်းချက်ချင်ရတာလဲ။ ဟင်းချက်ပညာကို သင်ယူချင်ရတဲ့အကြောင်းအရင်းက ဘာကြောင့်လဲ”
ယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို သံသယမျက်လုံးနှင့် ကြည့်လိုက်သည်။
“ဒီရက်ပိုင်းအတွင်း ခရီးထွက်ရမယ်။ ငါ့ရဲ့ပန်းချီပြပွဲကလဲ စတော့မှာဆိုတော့ တစ်လလောက် ပြန်လာလို့မရဘူး”
ဝူဟိုင်းက လေးကန်စွာသက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့နေဟန်ဖြင့် စကားပြောသည်။
“တကယ်လား”
ယွမ်ကျိုး နည်းနည်းအံ့အားသင့်သွားသည်။
ဝူဟိုင်းမှာ ပန်းချီပြပွဲရှိသည့်အကြောင်း ပထမဦးဆုံးကြားဖူးခြင်းဖြစ်သည်။
“ဟုတ်တယ်။ ခင်ဗျားက အစားအသောက်တွေကို ပါဆယ်နဲ့လည်း မရောင်းဘူးလေ။ ဒီလိုမှမဟုတ်ရင် ခင်ဗျားဆိုင်က အစားအသောက်တွေကို စားဖို့အတွက် ကျုပ်က ပေကျင်းကို ဟယ်လီကော်ပတာစီးပြီးတောင် ပြန်လာရလောက်တယ်”
ဝူဟိုင်းက သူ့ရဲ့မုတ်ဆိတ်လေးကို ပွတ်သပ်နေရင်း ဖြစ်နိုင်ချေရှိသည့် အချက်ကို တွေးတောနေသကဲ့သို့ ပြုမူသည်။
“ဟင်းပွဲတွေကို ပါဆယ်မရောင်းသေးပါဘူး။ သယ်သွားခွင့်လဲ မပြုဘူး”
ယွမ်ကျိုးက ဝူဟိုင်း၏ မျှော်လင့်ချက်ကို ချက်ချင်း ရိုက်ချိုးပစ်သည်။
“သဘောတူညီမှုကို လက်ခံလား၊ လက်မခံဘူးလားဆိုတာသာ ပြောပါ။ ခင်ဗျား ကျုပ်ဆီကနေပြီးတော့ ပန်းချီအထားအသိုနဲ့ ပေါင်းစပ်ဖွဲ့စည်းပုံတွေကို လေ့လာချင်ရတဲ့အကြောင်းအရင်းကို မသိပေမယ့် ဒီပန်းချီဆွဲတဲ့နယ်ပယ်မှာဆိုရင် ကျွန်တော့်က သက်တူရွယ်တူတွေနဲ့ ယှဉ်လိုက်ရင် အကောင်းဆုံးလို့ပြောလို့ရတယ်”
ဝူဟိုင်းက အတော်အတန်ယုံကြည်မှုရှိသည်။
သူက ယွမ်ကျိုးနည်းတူ ပန်းချီပညာရပ်တွင် တစ်ဖက်ကမ်းခပ်ကျွမ်းကျင်သူ ဖြစ်သည်။
သူတို့နှစ်ဦးစလုံးက အတော်အတန် ယုံကြည်မှုရှိသည်။
“ကောင်းပြီ။ ဒါပေမယ့် ခင်ဗျားက ကျုပ်ရဲ့ညွှန်ကြားမှုတွေကို လိုက်နာရမယ်။ ဒါမှသာ ကျုပ်က ခင်ဗျားကို သုံးရက် ဟင်းချက်တာ သင်ပေးမယ်”
ယွမ်ကျိုးက သူ့နဖူးကို ပွတ်သပ်လိုက်ပြီး ဝူဟိုင်း၏ တောင်းဆိုမှုကို လက်ခံလိုက်သည်။
“ကိစ္စမရှိဘူး။ ဟင်းချက်နည်းကို ဖြတ်လမ်းနည်းနဲ့ သင်ပေးလို့ ရတယ်”
ဝူဟိုင်းက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်ပြီး ချက်ချင်း သဘောတူလိုက်သည်။
“ဒါဆိုရင် ဟင်းချက်တဲ့ပညာရပ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ ပြောကြတာပေါ့။ ခင်ဗျားမှာ ဟင်းချက်တာနဲ့ ပတ်သက်ပြီးတော့ အခြေခံအသိပညာရှိလား”
ယွမ်ကျိုးက ချက်ချင်းပြောသည်။
“ဟင့်အင်း။ ဒါပေမယ့် ခေါက်ဆွဲတော့ ပြုတ်တတ်တယ်။ ဒါကို ထည့်တွက်လို့ရလား”
ဝူဟိုင်းက သူ့အတက်ပညာအကြောင်း ခဏတွေးတောကြည့်လိုက်သည်။
သူက ခေါက်ဆွဲပြုတ်ကိုသာ ပြုတ်တက်သည်။
“ဒါဆိုရင် အခြေခံအပူထိန်းချုပ်မှုတွေ၊ ဓားစွမ်းရည်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ကစီဓာတ်ပါဝင်မှုကို သင့်တင့်မျှတအောင်လုပ်တာတွေ၊ ဆီအပူချိန်ထိန်းချုပ်တာတွေ၊ ပါးပါးလှီးတဲ့နည်းလမ်းတွေ၊ ဇွန်းအသုံးပြုတဲ့နည်းလမ်းတွေ၊ ဂျုံမှုန့်ဖြူးတာတွေ၊ အသားနဲ့ပတ်သက်တဲ့ ထိန်းသိမ်းနည်းတွေကို သိလား”
ယွမ်ကျိုး၏အမူအရာကို ကြည့်ရုံဖြင့် နောက်ပြောင်နေခြင်းမဟုတ်မှန်း သိနိုင်သည်။
ယွမ်ကျိုးက ဝူဟိုင်း ရှင်းရှင်းလင်းလင်းကြားနိုင်အောင် အကြောင်းအရာများကို ဖြည်းဖြည်းချင်းပြောသည်။
“ခင်ဗျားပြောတဲ့စကားတွေက နည်းနည်းရင်းနှီးနေတယ်လို့ ဘာကြောင့် ခံစားမိရတာလဲ။ ကျွန်တော်များ နားကြားလွဲသလား”
ဝူဟိုင်းက ယွမ်ကျိုးကို မော့ကြည့်ပြီး တိုးလျသောအသံဖြင့် ရေရွတ်သည်။
ယွမ်ကျိုးက လေးနက်သော အမူအရာကို ထိန်းထားသော်လည်း သူ့စိတ်ထဲ အော်ငိုချင်စိတ်ပေါက်လာသည်။
ဘုရားသခင်၏အပြစ်ပေးခြင်းကနေ ဘယ်အချိန်မှ လွတ်မြောက်တော့မှာလဲ ဟူသော အတွေးကို စိတ်ထဲတွေးတောနေမိသည်။
အပိုင်း(၁၉၅)
ပြီးပါပြီ။