အကြီးအကျယ် ကမောက်ကမဖြစ်ခြင်း
Vol. 70 Ch. 981
နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်နှင့် အခြားသူများမှာ မှင်တက်မိသွားကြသည်။ ယုံမင်နတ်ဆိုးမျိုးနွယ်စု၏ ဇာတိနယ်မြေမှ ဤနေရာသို့ အပင်ပန်းခံကာ ရောက်ရှိလာခဲ့ကြသော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိရဘဲ ကျောက်တုံးပျက်များသာ တွေ့ရှိရလေသည်။
“ပျောက်သွားပြီ... ဒီဂြိုဟ်က နေရာရွှေ့ခံလိုက်ရတာလား...”
နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်၏ မျက်နှာမှာ အလွန်ပင် ညိုမည်းနေခဲ့သည်။ ဂြိုဟ်များ ပေါက်ကွဲသွားသည်ကို မြင်ဖူးသော်လည်း ဂြိုဟ်တစ်ခုလုံး ပျောက်ကွယ်သွားသည်ကိုမူ သူ တစ်ခါမျှ မကြုံဖူးခဲ့ချေ။
“တစ်စုံတစ်ယောက်သော အစွမ်းထက်တဲ့သူက ဒီဂြိုဟ်ကို သိမ်းသွားတာများလား...”
ဘေးနားရှိ ကောင်းကင်သခင်က နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်ကို ကြည့်ကာ သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။ နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်မှာ ဒေါသထွက်နေပုံရသဖြင့် သူသည် ကျယ်လောင်စွာ မပြောရဲချေ။
“ဒါက ဖြစ်နိုင်ခြေ တစ်ခုတည်းပဲ... အောက်တန်းကျလိုက်တာ... အဆုံးကျတော့မှ ငါတို့ကို အချည်းနှီး ဖြစ်စေတာပဲ... ငါတို့ ပြင်ဆင်ထားတာတွေ အကုန် အလဟဿ ဖြစ်ကုန်ပြီ...”
နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်သည် ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်သို့ တိုက်ခိုက်လိုက်ရာ ပတ်ဝန်းကျင်ရှိ ကျောက်တုံးပျက်များမှာ မြေမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ထိုမျှမကဘဲ ဘေးနားရှိ လူသူမရှိသော ဂြိုဟ်ငယ်များကိုပါ သူသည် အမှုန့်ကြိတ်ကာ ဖျက်ဆီးပစ်လိုက်တော့သည်။
“ဘုန်း...”
ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများကြောင့် ကောင်းကင်သခင်များမှာ အနားသို့ မကပ်ရဲကြချေ။ ထိုပြင်းထန်သော စွမ်းအားများ၏ ထိမှန်မှုကို ခံရမည်ကို စိုးရိမ်နေကြသောကြောင့် ဖြစ်ပေသည်။
ခဏအကြာ ရူးသွပ်စွာ ဖျက်ဆီးပြီးနောက် နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်သည် ဒေါသများကို အနည်းငယ်မျှ ဖြေလျှော့လိုက်ပြီး ပတ်ဝန်းကျင်ကို အေးစက်စွာ ကြည့်ကာ ဆိုလိုက်သည်။
“သူတို့ ဘယ်ကို ရောက်သွားလဲဆိုတာ ငါ လုံးဝ မသိဘူး... အားလုံး ခွဲပြီးတော့ ရှာကြစမ်း...”
“ဒါပေမဲ့...”
“ဒါပေမဲ့ မရှိဘူး... မင်းတို့ကို တိုက်ခိုက်ခိုင်းတာ မဟုတ်ဘူး၊ ငါ့ကို သတင်းပေးဖို့ပဲ ခိုင်းတာ...”
နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်က ၎င်းတို့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ဤသည်မှာ ယုံမင်နတ်ဆိုးဘုရင် ပေးအပ်ထားသော တာဝန်ဖြစ်ရာ သူသည် အကောင်းဆုံး လုပ်ဆောင်လိုခဲ့ခြင်း ဖြစ်ပေသည်။ ယခုမူ ဂြိုဟ်တစ်ခုလုံး ပျောက်ကွယ်သွားပြီ ဖြစ်ရာ သူ မည်သို့လျှင် တာဝန် ပြီးမြောက်နိုင်ပါမည်နည်း။
မည်သို့ပင်ဖြစ်စေ ပတ်ဝန်းကျင်ကို ရှာဖွေရပေဦးမည်။ ဤအတိုင်းပင် လက်လျှော့လိုက်ခြင်းမှာ သူ၏ ပုံစံ မဟုတ်ချေ။
ကောင်းကင်သခင် အမြောက်အများသည် တံတွေးကို အနိုင်နိုင် မျိုချလိုက်ကြရသည်။ ၎င်းတို့ စိုးရိမ်သည်မှာ ထိုဂြိုဟ်ကို ယူဆောင်သွားသော သန်မာသူပင် ဖြစ်၏။ ဂြိုဟ်တစ်ခုလုံးကို ယူဆောင်သွားနိုင်သောသူမှာ အနည်းဆုံး နတ်ဘုရားအရှင်နှင့်အထက် အဆင့်ရှိသူသာ ဖြစ်ရပေမည်။ သေချာပေါက်ပင် ယင်းမှာ အလွန် သန်မာသော နတ်ဘုရားအရှင် ဖြစ်မှသာ လုပ်ဆောင်နိုင်မည် ဖြစ်ရာ နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်ပင်လျှင် ဤအဆင့်အထိ မလုပ်ဆောင်နိုင်ချေ။
“မှန်လှပါ...”
၎င်းတို့သည် အတင်းအကျပ်ပင် ရှာဖွေရန် ထွက်ခွာသွားကြရသည်။ ၎င်းတို့သည် ထိုကဲ့သို့သော သန်မာသူနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်နေကြပြီး သေလျှင်ပင် အရိုးပင် ကျန်လိမ့်မည် မဟုတ်ကြောင်း သိရှိနေကြသည်။ ယခင်က စေလွှတ်လိုက်သောသူများကဲ့သို့ပင် မည်သည့် သတင်းအစအနမျှ မရရှိဘဲ အားလုံး အသတ်ခံလိုက်ရမည်ကို တွေးတောမိနေကြပေသည်။
“အောက်တန်းကျလိုက်တာ... ငါ မယုံဘူး... ဘာသဲလွန်စမှ မရှိဘဲ ပျောက်သွားမယ်ဆိုတာ... အနည်းဆုံးတော့ အဲဒီနေရာကို ဘယ်အင်အားစုက သိမ်းပိုက်ထားတာလဲဆိုတာ ငါ သိရမယ်...”
နတ်ဆိုးမီးလျှံ နတ်ဘုရားအရှင်သည် ပတ်ဝန်းကျင်၌ စတင် ရှာဖွေလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ထျန်ယုနတ်ဘုရားနယ်မြေတွင်လည်း အခြေအနေမှာ ကမောက်ကမ ဖြစ်နေခဲ့သည်။ အချိန်မှာ အလွန်ပင် ကပ်နေပြီဖြစ်သော်လည်း ယီထျန်းယွမ်မှာ ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် မည်သည့်နေရာသို့ ရောက်နေသည်ကို မည်သူမျှ မသိရှိကြသောကြောင့် ဖြစ်ပေသည်။
“ဒီကောင်လေးက ဘယ်ကိုများ သွားနေတာလဲ...”
အကြီးအကဲနျန်သည် သွားကြိတ်လျက် ရှေ့ရှိ ကျောက်တုံးကို ကန်ထုတ်လိုက်ကာ လေးနက်စွာ ဆိုလိုက်သည်။
“အခုက ဘယ်လိုအချိန်လဲ... ထွက်ခွာဖို့ အချိန်က သိပ်မလိုတော့ဘူး... နောက်နည်းနည်းလောက် ထပ်ပြီး နှောင့်နှေးနေမယ်ဆိုရင်တော့ ထွက်ခွာမယ့်အချိန်ကို မီတော့မှာ မဟုတ်ဘူး...”
တစ်နယ်မြေလုံးသည် ယီထျန်းယွမ်၏ အရိပ်အယောင်ကို ရှာဖွေနေကြသည်။ ဤမျှ သန်မာသော တပည့်တစ်ဦးကို နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲတွင် ပါဝင်စေမည်ဆိုပါက အလွန် ကောင်းမွန်သော တိုက်ခိုက်ရေးစွမ်းအားကို ရရှိမည် ဖြစ်ပေသည်။ အဆင့် ၁၀ အတွင်းသို့ပင် ဝင်ရောက်နိုင်ခြေ ရှိသဖြင့် ၎င်းတို့ မည်သို့လျှင် လက်လွတ်ခံနိုင်ပါမည်နည်း။
ယခုကဲ့သို့သော ကိစ္စမျိုး ပေါ်ပေါက်လာသဖြင့် ထျန်ယုနတ်ဘုရားနယ်မြေ၏ အကြီးအကဲများမှာ စိုးရိမ်တကြီး ဖြစ်နေကြရသည်။ နောက်တစ်ကြိမ် နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲကို စောင့်ဆိုင်းနိုင်သော်လည်း ယခုတစ်ကြိမ် ပါဝင်ခြင်းက ပို၍ ကောင်းပေမည်။ နောက်တစ်ကြိမ်တွင် ထပ်မံ ပါဝင်လျှင် ယခုကဲ့သို့ သန်မာသူ ရှိနိင်ရန် မသေချာပေ။
ဤတစ်ကြိမ်တွင် အဆင့် ၁၀ အတွင်းသို့ ဝင်ရောက်ကာ ထျန်ယုနတ်ဘုရားနယ်မြေအတွက် ဂုဏ်ဆောင်ပေးနိုင်မည်ဟု ၎င်းတို့ မျှော်လင့်ထားကြသော်လည်း ယခုအခါ လူပျောက်နေသဖြင့် မည်သို့လျှင် ပါဝင်နိုင်ပါမည်နည်း။
ရှာဖွေပြီးနောက် ၎င်းတို့သည် ပြဿနာတစ်ခုကို တွေ့ရှိလိုက်ရ၏။ ယင်းမှာ ယီထျန်းယွမ်သည် ထျန်ယုနတ်ဘုရားနယ်မြေအတွင်း၌ မရှိတော့ခြင်းပင် ဖြစ်၏။ မရှိတော့ပါက မည်သို့လျှင် ရှာဖွေနိုင်ပါမည်နည်း။
“အကြီးအကဲနျန်... အမိန့်ပေးတံဆိပ်ပြားက ဘာတုံ့ပြန်မှုမှ မရှိပါလား... ကြည့်ရတာ အကွာအဝေးက အရမ်း ဝေးနေလို့ ခေါ်ယူတဲ့ သတင်းစကားက မရောက်တာ ဖြစ်ရမယ်...”
အစောင့်တစ်ဦးက အကြီးအကဲနျန်၏ ဘေးနားသို့ ရောက်ရှိလာကာ ပြောလိုက်သည်။
“အရမ်း ဝေးနေတယ် ဟုတ်လား...”
အကြီးအကဲနျန်က မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒီကောင်လေးက ဘယ်ကိုများ သွားနေတာလဲ... ဒါပေမဲ့ အနည်းဆုံးတော့ သေဆုံးသွားတဲ့ သတင်းစကားကတော့ ရောက်မလာသေးပါဘူး...”
ဤအမိန့်ပေးတံဆိပ်ပြားမှာ သတင်းစကား ပေးပို့နိုင်စွမ်း ရှိသော်လည်း အကွာအဝေးမှာ အလွန် ဝေးကွာလွန်းပါက သတင်း ပေးပို့နိုင်စွမ်း မရှိချေ။ သေဆုံးသွားသည့် အချိန်တွင်မှသာ သတင်းစကားကို ပြန်လည် ပေးပို့နိုင်မည်ဖြစ်သည်။
အဓိပ္ပာယ်မှာ မတူညီချေ။ ပုံမှန် သတင်းပေးပို့ရာတွင် အကွာအဝေး ဝေးကွာလွန်းပါက စွမ်းအင် မလုံလောက်သဖြင့် သတင်း မရောက်ရှိနိုင်ချေ။ သို့သော် လူသေဆုံးသွားပါက တံဆိပ်ပြားမှာ ပေါက်ကွဲသွားမည်ဖြစ်ပြီး အသန်မာဆုံးသော စွမ်းအားဖြင့် သတင်းကို ပေးပို့မည် ဖြစ်ပေသည်။ အကယ်၍ အလွန်အမင်း ဝေးကွာနေခြင်း သို့မဟုတ် အကာအကွယ် အစီအရင်များ ရှိနေခြင်း မရှိပါက သတင်းစကားကို သေချာပေါက် လက်ခံရရှိနိုင်ပေသည်။
“ဟုတ်ပါတယ်... ဒီမှာရှိတဲ့ တံဆိပ်ပြားက မကွဲသေးဘူးဆိုတော့ ဘာပြဿနာမှ မရှိဘူးဆိုတဲ့ သဘောပါပဲ...”
အစောင့်က ချွေးများကို သုတ်ကာ ဆိုလိုက်သည်။ ဤရက်များအတွင်း ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ သွားရောက်ကာ ယီထျန်းယွမ်ကို ရှာဖွေနေကြရသဖြင့် အလွန်ပင် ပင်ပန်းနေကြပြီ ဖြစ်သည်။
“ဒါဆိုရင်တော့ သူ ပြန်လာတာကိုပဲ စောင့်ရတော့မယ်...”
အကြီးအကဲနျန်က အစောင့်ကို ကြည့်ကာ ဆိုလိုက်သည်။
“မင်း တခြားလူတွေကို ပြောလိုက်ဦး... ဆက်ပြီးတော့ မရှာကြနဲ့တော့လို့...”
“ဟုတ်ကဲ့ပါ...”
အစောင့်မှာ များစွာ စိတ်သက်သာရာ ရသွားသဖြင့် အမြန်ဆုံးပင် သွားရောက် အကြောင်းကြားလိုက်တော့သည်။ ထျန်ယုနတ်ဘုရားနယ်မြေမှာ အလွန်ပင် ကျယ်ပြောလှသဖြင့် ရှာဖွေရန်မှာ အလွန်ပင် ခက်ခဲလှပေ၏။ ဖြစ်နိုင်လျှင်မူ ၎င်းတို့လည်း ဆက်လက် မရှာဖွေလိုကြတော့ချေ။
အစောင့် ထွက်ခွာသွားပြီးနောက် အကြီးအကဲနျန်က ခေါင်းကို ပွတ်သပ်ကာ သက်ပြင်းချလိုက်မိသည်။
“မထွက်ခွာခင်မှာ အမြန် ပြန်လာနိုင်ပါစေလို့ပဲ မျှော်လင့်ရမယ်... ထာဝရသက်ရှည်နန်းတော်လို ကောင်းမွန်တဲ့ နေရာမှာ ကျင့်ကြံမနေဘဲနဲ့ ဘာလို့ ရုတ်တရက်ကြီး အပြင်ထွက်သွားရတာလဲ... တစ်စုံတစ်ရာသော အရေးကြီးကိစ္စ ရှိလို့လား...”
သူမသည် ခေါင်းခါလိုက်ပြီး သတင်းစကားကိုသာ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။
ပြင်ပလောကရှိ အင်အားစုကြီး နှစ်ခုမှာ ယီထျန်းယွမ်၏ ကိစ္စကြောင့် အလုပ်များနေကြချိန်တွင်မူ သူသည် သုံးဘုံလောကကို လူသူအရောက်အပေါက် နည်းသောနေရာသို့ ပျံသန်းစေရန် ထိန်းချုပ်နေခဲ့သည်။ ကံကောင်းသည်မှာ လူသားလောကနယ်ပယ်တွင် အပြင်၌ ပျံသန်းသူ မရှိသလောက် ရှားပါးလှသဖြင့် ဂြိုဟ်တစ်ခု ပျံသန်းနေသည်ကို မည်သူမျှ သတိမထားမိကြချေ။
“စွမ်းအင်ကုန်ဆုံးတာက တကယ့်ကို များပြားလှတာပဲ... ငါ့ရဲ့ ကျင့်စဉ်အဆင့်သာ မတိုးတက်ခဲ့ရင်တော့ ဒါကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး...”
ယီထျန်းယွမ်သည် နဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။ အကယ်၍ ယခင်က ကြယ်တာရာသခင် အဆင့်တွင်သာ ရှိနေမည်ဆိုပါက သေချာပေါက် ရွှေ့လျားနိုင်လိမ့်မည် မဟုတ်ချေ။
ထပ်မံ လိုအပ်သောအရာမှာ ကြယ်တာရာစွမ်းအားပင် ဖြစ်၏။ ကြယ်တာရာစွမ်းအား မရှိပါကလည်း သုံးဘုံလောကကို ရွှေ့လျားရန် မဖြစ်နိုင်ချေ။
ယခု သူသည် သုံးဘုံလောကကို ထိန်းချုပ်ကာ အရှိန်အဟုန်ဖြင့် ရှေ့သို့ ပျံသန်းစေလိုက်၏။ အရှိန်မှာ မမြန်လှသော်လည်း မရွေ့လျားဘဲ နေသည်ထက်စာလျှင် ပိုမို ကောင်းမွန်ပေသည်။ သူသည် ယုံမင်နတ်ဆိုးများ မတွေ့ရှိနိုင်စေရန် လူသူမရှိသော နေရာသို့ အတတ်နိုင်ဆုံး ပျံသန်းသွားခဲ့သည်။
ယုံမင်နတ်ဆိုးများသည် သုံးဘုံလောက ဤနေရာ၌ မရှိတော့သည်ကို သိရှိသွားသည့်အခါ သေချာပေါက် ရှာဖွေကြမည်ဖြစ်ရာ သူသည် တစ်စက္ကန့်မျှပင် မနားဝံ့ဘဲ လူသူမရှိသော နေရာသို့ ဆက်လက် ပျံသန်းစေလိုက်တော့သည်။
ဤအတိုင်းပင် သူသည် လပေါင်းများစွာတိုင်အောင် ပျံသန်းစေခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင်မူ သူသည် အပေါ်သို့ တက်ကာ ကိစ္စရပ်များကို မှာကြားပြီးမှသာ အောက်သို့ ဆင်း၍ ဆက်လက် ထိန်းချုပ်ခြင်း ဖြစ်ပေသည်။ ထိုသို့ မဟုတ်ပါက ယီချင်းရွှမ်နှင့် အခြားသူများမှာ အပေါ်၌ သူ့ကို အမြဲ စောင့်ဆိုင်းနေကြမည်ဖြစ်ရာ ယင်းမှာ ပြဿနာ ဖြစ်လာနိုင်သောကြောင့် ဖြစ်ပေသည်။
“ဒီလောက်ဆိုရင်တော့ ရပြီ... ဒီတစ်ကြိမ်တော့ ဘေးကင်းသွားလောက်ပြီ...”
ယီထျန်းယွမ်သည် သုံးဘုံလောကကို စကြဝဠာအတွင်း လူသူမရှိသော ချောင်ကျသည့် နေရာတစ်ခုသို့ ပျံသန်းရောက်ရှိသွားသည့်အခါမှသာ ရပ်တန့်စေလိုက်တော့သည်။
ပတ်ဝန်းကျင်၌ အခြားသော ဂြိုဟ်အမြောက်အများမှာလည်း လွင့်မျောနေကြသဖြင့် အကာအကွယ်အနေဖြင့် များစွာ ကောင်းမွန်လှပေသည်။ သူသည် အပြင်ဘက်၌ ဖုံးကွယ်ခြင်း အစီအရင်ကြီးများကိုပါ ထပ်မံ ချမှတ်ရပေဦးမည်။ မဟုတ်ပါက အလွယ်တကူ ရှာဖွေတွေ့ရှိသွားနိုင်သောကြောင့် ဖြစ်ပေသည်။
ထို့နောက် သူသည် ထိန်းချုပ်ခန်းအတွင်းမှ ထွက်လာခဲ့ပြီး ဖုံးကွယ်ခြင်း အစီအရင်များကို ချမှတ်ရန်အတွက် အပြင်သို့ အမြန်ဆုံး ပျံသန်းထွက်ခွာလာခဲ့၏။ ဤအလုပ်အတွက် ကုန်ဆုံးရသော အားအင်မှာလည်း မနည်းလှချေ။ သို့သော်လည်း သုံးဘုံလောက၏ ဘေးကင်းရေးအတွက်မူ ဤသည်မှာ မဖြစ်မနေ လုပ်ဆောင်ရမည့် အလုပ်ပင် ဖြစ်ပေသည်။
“အခုတော့ ငါ့အတွက် ကျင့်ကြံဖို့ အချိန်လုံလောက်သွားပြီ... လောလောဆယ်တော့ ဒီကိစ္စအတွက် စိုးရိမ်စရာ မလိုတော့ဘူး...”
ယီထျန်းယွမ်၏ မျက်လုံးများ ဝင်းလက်နေခဲ့၏။ သူ စိုးရိမ်နေရသော ကိစ္စမှာ ယာယီအားဖြင့် ပြေလည်သွားခဲ့ပြီ ဖြစ်ပေသည်။
အခန်း ၉၈၁ ပြီးပါပြီ။