အရိုးသက်တမ်းကို စမ်းသပ်ခြင်း
Vol. 70 Ch. 984
“ဒီလိုဆိုရင် ကျင့်ကြံသူတွေ အများကြီးက ယုံမင်နတ်ဆိုးမျိုးနွယ်စုကို ဒီလောက်တောင် ရွံရှာနေကြတာကို ဘာလို့ စုပေါင်းပြီးတော့ မချေမှုန်းကြတာလဲ... ဒါမှမဟုတ် ပိုပြီး သန်မာတဲ့ နတ်ဘုရားနယ်မြေ အင်အားစုတွေက သူတို့ကို ဘာလို့ ရှင်းမပစ်ကြတာလဲ...”
ယီထျန်းယွမ်က ခေတ္တ စဉ်းစားပြီးနောက် မေးမြန်းလိုက်သည်။
ယီထျန်းယွမ်သည် ဤအချက်ကို နားမလည်နိုင်ဘဲ ရှိနေပေသည်။ ဤမျှ စက်ဆုပ်ဖွယ်ကောင်းသော မျိုးနွယ်စုကို အဘယ်ကြောင့် ဖျက်ဆီးခြင်း မပြုကြသနည်း။ ၎င်းတို့အား လူသားလောကနယ်ပယ်တွင် အကြီးအကျယ် သောင်းကျန်းခွင့် ပေးထားပြီး နတ်ဘုရားနယ်မြေတွင်ပင် ရံဖန်ရံခါ နှောင့်ယှက်ခွင့် ပေးထားကြသည် မဟုတ်ပါလား။
“အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်... သူတို့က အဓိကအားဖြင့် လူသားလောကနယ်မြေကိုပဲ ဒုက္ခပေးကြတာလေ... နတ်ဘုရားနယ်မြေဆိုရင်လည်း ချောင်ကျတဲ့ နေရာတွေကိုပဲ သူတို့က တိုက်ခိုက်ကြတာ၊ အများဆုံးရှိရင် ဒုတိယအဆင့် နတ်ဘုရားနယ်မြေအတွင်းမှာပဲ ရှိကြတာပါ... ငါတို့ဘက်က စုပေါင်းထားရင်တော့ သူတို့က ငါတို့ကို ဝါးမျိုလို့ မရပါဘူး...”
အကြီးအကဲနျန်က မတတ်သာသည့် အမူအရာဖြင့် ဆိုသည်။
“အဆင့်မြင့် နတ်ဘုရားနယ်မြေတွေကတော့ ဒီကိစ္စကို လုံးဝ စိတ်မဝင်စားကြဘူး... သူတို့အတွက်တော့ သူတို့ရဲ့ အကျိုးစီးပွားကို မထိခိုက်သရွေ့တော့ စစ်သည်တစ်ယောက်တောင် စေလွှတ်မှာ မဟုတ်ဘူးလေ...”
အမှန်တရားမှာမူ ရက်စက်လှပေသည်။ ၎င်းတို့၏ အကျိုးစီးပွားကို မထိပါးသရွေ့ လူသားလောကတွင် မည်သို့ပင် ဖြစ်နေပါစေ ၎င်းတို့က ဂရုမစိုက်ကြချေ။ ဤသည်မှာ အထက်တန်းလွှာ သူဌေးကြီးများက ဆင်းရဲသားရပ်ကွက်မှ လူများ မည်သို့ အသတ်ခံရသည်။ မည်သို့ ငတ်မွတ်နေသည်ကို ဂရုမစိုက်သကဲ့သို့ပင် ဖြစ်၏။ မိမိတို့၌ စားမကုန်သော အစားအစာများ ရှိနေလျှင်ပင် အနည်းငယ်မျှ ပေးကမ်းလိမ့်မည် မဟုတ်ပေ။
“အထူးသဖြင့် အဆင့်မြင့် နတ်ဘုရားနယ်မြေတွေမှာ ယုံမင်နတ်ဆိုးမျိုးနွယ်စုထက် ပိုပြီး ရက်စက်တဲ့သူတွေ မရှိဘူးလို့ မင်း ထင်နေတာလား...”
အကြီးအကဲနျန်က ခေါင်းခါလိုက်သည်။ ကမ္ဘာကြီးက ကျယ်ပြောလှရာ ထူးဆန်းသော အရာများစွာ ရှိနေပေသည်။ ယုံမင်နတ်ဆိုးမျိုးနွယ်စုမှာ မျိုးနွယ်စုတစ်ခုမျှသာ ဖြစ်ပြီး ၎င်းတို့ထက် ပိုမို ရက်စက်သောသူများ ရှိနေနိုင်ပါသလား။
အဖြေမှာမူ ‘ရှိသည်’ ဟူ၍ ဖြစ်၏။ သို့သော် တစ်ဖက်လူ၏ ခွန်အားမှာ အလွန် သန်မာနေသဖြင့် မည်သူကမှ တော်လှန်ရန် မဝံ့ကြချေ။
လက်သီးစွမ်းအားကသာ အရာရာဖြစ်ပြီး ခွန်အား အရှိဆုံးသူကသာ စစ်မှန်သော အမှန်တရား ဖြစ်ပေသည်။
“ကြည့်ရတာ ဒီကိစ္စတွေကို ငါတို့ဘာသာ ငါတို့ပဲ ဖြေရှင်းရတော့မယ် ထင်တယ်...”
ယီထျန်းယွမ်က ခေါင်းခါလိုက်သည်။
“ဒါဆိုရင် ငါ့ကို အဲဒီကို အမြန် ခေါ်သွားတော့... ငါ မင်းအတွက် သူတို့ကို ရှင်းပေးမယ်...”
အကြီးအကဲနျန်သည် ဝိညာဉ်သင်္ဘောကို ထုတ်ယူလိုက်ပြီး ယီထျန်းယွမ်နှင့်အတူ သွားရန် ပြင်ဆင်လိုက်သည်။
“မလိုပါဘူး... ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်မယ်လို့ အကြီးအကဲနျန် မထင်ဘူးလား...”
သူက အသာအယာ ပြုံးလိုက်သည်။ သတ်ဖြတ်ခြင်းနတ်ဘုရား အမြောက်အများကိုပင် သူ သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ ယုံမင်နတ်ဆိုးမျိုးနွယ်စုလောက်ကိုမူ သူ ဂရုမစိုက်ချေ။
“စဉ်းစားကြည့်ရင်လည်း ဟုတ်သားပဲ... မင်းရဲ့ ခွန်အားက အားမနည်းဘူးဆိုတော့ သူတို့ကို ဖြေရှင်းဖို့က မခက်လှပါဘူး... ဒါပေမဲ့ သူတို့ဘက်က ပိုပြီး သန်မာတဲ့ ကောင်းကင်သခင် ဒါမှမဟုတ် နတ်ဘုရားအရှင်တွေကို စေလွှတ်လာမယ်ဆိုရင်တော့ ဒါက ပြဿနာပဲ...”
အကြီးအကဲနျန်က မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒါပေမဲ့ ပုံမှန်အားဖြင့်ဆိုရင် ယုံမင်နတ်ဆိုးမျိုးနွယ်စုက လူသားမျိုးနွယ်တွေကို အကြောင်းပြချက် မရှိဘဲ တိုက်ခိုက်မှာ မဟုတ်ဘူး... တစ်ခုခုကို လိုချင်နေလို့ပဲ ဖြစ်ရမယ်...”
အကြီးအကဲနျန်၏ စွမ်းဆောင်ရည်မှာ မနိမ့်လှချေ။ ယခင် သတ်ဖြတ်ခြင်းနတ်ဘုရားမျှော်စင်တွင် သူမသည် ခွန်အား တစ်ဝက်ခန့်ကိုသာ ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။ အမှန်တော့ အားလုံးမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်၏။ ယီထျန်းယွမ်မှာမူ ‘ကောင်းကင်ကို ဆန့်ကျင်သူ’ ဘွဲ့အမည် ရှိနေသဖြင့်သာ ထိခိုက်မှု မရှိခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ သူမ၏ ခွန်အားကို ထိုမျှသာဟု ထင်မှတ်ထားမည်ဆိုပါက များစွာ မှားယွင်းပေလိမ့်မည်။ သူမ အစွမ်းကုန် ထုတ်ဖော်လိုက်မည်ဆိုပါက ထိုသတ်ဖြတ်ခြင်းနတ်ဘုရားများကိုပင် သူမ ဖြေရှင်းနိုင်ပေသည်။
ယီထျန်းယွမ်ကမူ ပိုမို ကြမ်းတမ်းပြီး ၎င်းတို့ထက် ပိုမို မြန်ဆန်စွာ ရှင်းလင်းနိုင်ခြင်းသာ ဖြစ်ပေသည်။
“ဒါတွေက လောလောဆယ်တော့ အရေးမကြီးပါဘူး... ကျွန်တော် အခု နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲမှာ ပါဝင်ဖို့ မမီတော့ဘူးလား...”
ယီထျန်းယွမ်သည် ဤကိစ္စကို ဆက်လက် မပြောတော့ချေ။ သူသည် ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန်သာ အာရုံစိုက်ထားပေသည်။
“မီပါသေးတယ်... အခု အရိုးသက်တမ်းကို စမ်းသပ်နေကြတာ၊ လူအများစု ရောက်နေကြပြီ... မင်း တစ်ယောက်ပဲ ကျန်တော့တာ...”
အကြီးအကဲနျန်က မတတ်သာသည့် အမူအရာဖြင့် ဆိုသည်။
“အရိုးသက်တမ်းကို စမ်းသပ်ဖို့ လိုသေးတာလား...”
ယီထျန်းယွမ်က သံသယဖြင့် မေးမြန်းလိုက်သည်။
“ဟုတ်တယ်လေ... တကယ်လို့ အချိန်အကြာကြီး ကျင့်ကြံထားတဲ့သူဆိုရင် ပြိုင်ပွဲဝင်ခွင့် မပေးဘူး... မင်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်း တစ်သောင်းလောက်တော့ မကျင့်ကြံရသေးဘူး မဟုတ်လား...”
အကြီးအကဲနျန်က သူ့ကို ကြည့်လိုက်ရာ သူမ၏ အကြည့်များမှာ အနည်းငယ် ဝေဝါးနေပြီး သူ့ကို မယုံကြည်သကဲ့သို့ပင်။
“နှစ်ပေါင်း တစ်သောင်း ဟုတ်လား...”
ယီထျန်းယွမ်၏ အမူအရာမှာ ထူးဆန်းသွားပြီး သူမကို ကြည့်ကာ မေးမြန်းလိုက်သည်။
“ဒီအရိုးသက်တမ်းက ကန့်သတ်ချက် အများကြီး ရှိတာလား...”
“ကန့်သတ်ချက်ကတော့ ရှိတာပေါ့... နှစ်ပေါင်း တစ်သောင်းဆိုတာ မကြာလှပေမဲ့... နှစ်ပေါင်း တစ်သောင်းကြာမှ မြေကမ္ဘာအရှင် အဆင့်ကို ရောက်တဲ့သူကို မင်းသာဆိုရင် တပည့်အဖြစ် လက်ခံမှာလား...”
အကြီးအကဲနျန်က ပြုံးလျက် ဆိုသည်။
“ဒါကတော့ အခြေအနေပေါ်မှာ မူတည်တာပေါ့...”
ယီထျန်းယွမ်က သေသေချာချာ စဉ်းစားလိုက်သည်။
အကြီးအကဲနျန်က သူ့ကို တစ်ချက် စောင်းကြည့်ကာ ဆိုလိုက်သည်။
“တော်ပါတော့... တခြားလူတွေကတော့ မင်းကို မိစ္ဆာအိုကြီးလို့ ထင်နေကြတာ... မဟုတ်ရင် မင်းရဲ့ စိတ်စွမ်းအားက ဘယ်လိုလုပ်ပြီး ဒီလောက် ထိတ်လန့်စရာ ကောင်းနေမှာလဲ...”
“ဟီးဟီး... ဒါကတော့ ပြောရခက်တာပေါ့...”
ယီထျန်းယွမ်က ပြုံးလိုက်ပြီး ဘာကိုမျှ ပြန်မပြောတော့ဘဲ မေးမြန်းလိုက်သည်။
“ဒါနဲ့... နတ်ဘုရားနယ်မြေနဲ့ လူသားလောကနယ်ပယ်က အချိန်ကုန်ဆုံးတာ မတူဘူးလေ... အဲဒီတော့ အရိုးသက်တမ်းကို ဘယ်လို တွက်တာလဲ...”
“ဒါကတော့ ကိုယ်ရှိနေတဲ့ နေရာအတိုင်းပဲ တွက်ရမှာပေါ့... ဘာပဲဖြစ်ဖြစ် စမ်းသပ်လိုက်ရင် သိရမှာပဲ... အခု မင်း ပျောက်နေတာ ကြာပြီဆိုတော့ တခြားလူတွေက မင်း ထွက်ပြေးနေတယ်လို့တောင် ထင်နေကြတာ...”
အကြီးအကဲနျန်က ပို၍ မပြောတော့ဘဲ သူ့ကို ဆွဲခေါ်ကာ ရည်မှန်းချက်ဆီသို့ ပျံသန်းသွားခဲ့သည်။
မကြာမီမှာပင် အကြီးအကဲနျန်သည် သူ့ကို ချီထျန်ကြယ်နယ်မြေသို့ ခေါ်ဆောင်လာခဲ့သည်။
အမှန်တော့ ဤနေရာမှာ ထူးခြားသော နေရာ မဟုတ်ဘဲ လူများ စုဝေးရာ နေရာတစ်ခုသာ ဖြစ်ပေသည်။ သူ ရောက်ရှိသွားချိန်တွင် ကျင့်ကြံသူ အမြောက်အများသည် အရိုးသက်တမ်းကို စမ်းသပ်နေကြပြီ ဖြစ်၏။
“ဟိုရှေ့က သူအိုကြီးကို မြင်လား... အဲဒီမှာ အရိုးသက်တမ်း စမ်းသပ်နေတဲ့သူက ထျန်ယုနတ်ဘုရားနယ်မြေက မဟုတ်ဘူး... ဒီတစ်ကြိမ် နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲရဲ့ အကြီးအကဲပဲ...”
အကြီးအကဲနျန်က သူ့ကို အောက်သို့ ခေါ်ဆောင်လာစဉ် ရှင်းပြလိုက်သည်။
နတ်ဘုရားနယ်မြေ တစ်ခုစီတိုင်းတွင် အကြီးအကဲများက ကိုယ်တိုင် လာရောက် စမ်းသပ်ကြခြင်း ဖြစ်ပေသည်။ အကယ်၍ နတ်ဘုရားနယ်မြေအလိုက် မိမိတို့ဘာသာ စမ်းသပ်မည်ဆိုပါက တိကျလိမ့်မည် မဟုတ်သလို အချို့မှာ ဖုံးကွယ်ထားကြမည် ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် အကြီးအကဲများကို မဖြစ်မနေ စေလွှတ်ရခြင်း ဖြစ်ပေသည်။ ၎င်းတို့က ငွေယူကာ အရိုးသက်တမ်း ကျော်လွန်နေသူများကို ခွင့်ပြုပေးမည်ကို စိုးရိမ်စရာ ရှိသော်လည်း တပည့်အဖြစ် ရွေးချယ်မခံရရန်သာ ဆုတောင်းရပေလိမ့်မည်။
အကယ်၍ တပည့်အဖြစ် ရွေးချယ်ခံရပြီးမှ အရိုးသက်တမ်းက သတ်မှတ်ချက် ကျော်လွန်နေကြောင်း သိရှိသွားပါက အကြီးအကဲနှင့် ထိုကျင့်ကြံသူကို ပေးအပ်လိုက်သော နတ်ဘုရားနယ်မြေတို့မှာ အလွန် ပြင်းထန်သော အပြစ်ပေးမှုကို ခံရမည် ဖြစ်သောကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် အချို့သော နတ်ဘုရားနယ်မြေများက လူဝယ်၍ ပါဝင်စေသော်လည်း အရန်အင်အားအဖြစ်သာ အသုံးပြုကြပြီး အဆင့် ၁၀၀ အတွင်းသို့ ဝင်ရောက်ရန် မကြိုးစားကြချေ။ ဖမ်းမိပါက သေချာပေါက် သေရမည် ဖြစ်သောကြောင့်ပင်။
၎င်းတို့ ဆင်းသက်လိုက်သည်နှင့် ကျင့်ကြံသူများမှာ ဤဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ယီထျန်းယွမ်သည် ရင်းနှီးသော မျက်နှာအချို့ကို တွေ့လိုက်ရသလို သူစိမ်းများမှာလည်း ပိုမို များပြားလှပေသည်။
ရင်းနှီးသူများထဲတွင် မုရုန်ရှောင်း၊ ယွမ်ထျန်းယိုနှင့် ယခင်က ဗဟိုနယ်မြေမှ တပည့်များ ပါဝင်နေပေသည်။ အခြားသော တပည့်များမှာမူ အတွင်းစည်းနယ်မြေမှသူများ ဖြစ်ကြပေသည်။
အကြီးအကဲနျန် ရောက်ရှိလာခြင်းက လူအများအပြား၏ အကြည့်များကို ဆွဲဆောင်လိုက်သည်။ အကြီးအကဲနျန်မှာ ၎င်းတို့၏ နတ်ဘုရားမပင် ဖြစ်သည် မဟုတ်ပါလား။ လူတိုင်းက အကြီးအကဲနျန်ကို မြင်သည့်အခါ ၎င်းတို့၏ မျက်လုံးများတွင် ချစ်မြတ်နိုးသော အကြည့်များ ပြည့်နှက်သွားခဲ့ရသည်။
သို့သော်လည်း သူမ၏ ဘေးနားရှိ ယီထျန်းယွမ်ကို မြင်လိုက်ရချိန်တွင်မူ ယင်ကောင် တစ်ကောင်ကို ဝါးမျိုလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အချို့က ယီထျန်းယွမ်၏ အထောက်အထားကို စတင် ခန့်မှန်းနေကြတော့သည်။ ယီထျန်းယွမ်ကို သိရှိထားသူများမှာမူ အချို့က မနာလိုဖြစ်နေကြပြီး အချို့ကမူ အထင်ကြီး လေးစားနေကြကာ လူတိုင်း၏ စိတ်ထဲ၌မူ အမျိုးမျိုး ဖြစ်နေကြပေသည်။
“အကြီးအကဲနျန်ရဲ့ ဘေးကလူက ဘယ်သူလဲ... အကြီးအကဲနျန် ကိုယ်တိုင် ခေါ်လာတာဆိုတော့ တကယ့်ကို အရေးပါတဲ့သူပဲ ဖြစ်ရမယ်...”
“သူ့ကိုတောင် မသိဘူးလား... သူက အခုတလော နာမည်ကြီးနေတဲ့ ပါရမီရှင် ယီထျန်းယွမ်လေ... အပြင်မှာတော့ သူက မိစ္ဆာအိုကြီးလို့ သတင်းထွက်နေတာ... အမှန်တော့ အသက် သုံးလေးသောင်းလောက် ရှိနေပြီဖြစ်ပေမဲ့ လူငယ်တစ်ယောက်လို ဟန်ဆောင်နေတာတဲ့...”
“အသက် သုံးလေးသောင်းတောင် ရှိတာလား... အဲဒီလောက်ကြီးတောင်လား... အဲဒီလိုဆိုရင်တော့ တကယ့်ကို အရှက်ရစရာပဲ၊ နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲမှာလည်း ပါဝင်ခွင့် ရမှာ မဟုတ်တော့ဘူး...”
“အဲဒါကြောင့်ပေါ့... ဒါကြောင့်လည်း သူက အကြာကြီး ပုန်းနေတာ ဖြစ်ရမယ်... အခုတော့ အကြီးအကဲနျန်က သူ့ကို စမ်းသပ်ဖို့ ခေါ်လာတာဆိုတော့ ဒီတစ်ကြိမ်တော့ သူ သေချာပေါက် သေပြီပဲ...”
“အဲဒီလိုဆိုရင်တော့ ဟုတ်နိုင်တာပဲ... ငါတို့တောင် စမ်းသပ်နေတာ အကြာကြီး ရှိပြီ၊ နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲမှာ ပါဝင်မယ့်သူတွေက အစောကြီးကတည်းက လာသင့်တာလေ... သူက အခုမှ ရောက်လာတာဆိုတော့ အတင်းအကျပ် အဖမ်းခံလာရတာ ဖြစ်နိုင်တယ်... ပွဲကောင်းကြည့်ရတော့မယ်...”
တစ်ယောက်ပြီး တစ်ယောက်က ယီထျန်းယွမ်ကို ကြည့်ကာ လှောင်ပြောင်နေကြတော့သည်။
အခန်း ၉၈၄ ပြီးပါပြီ။။