← Chapters

အနည်းငယ် မျှော်လင့်မိခြင်း

Vol. 70 Ch. 987

အနည်းငယ် မျှော်လင့်မိခြင်း

Vol. 70 Ch. 987

ယခုတစ်ကြိမ်တွင် တာဝန်ခံအကြီးအကဲကိုယ်တိုင် အတည်ပြုပေးလိုက်ပြီ ဖြစ်ရာ လူတိုင်းမှာ ငြိမ်သက်စွာပင် ပါးစပ်ပိတ်သွားကြရပြီး ယီထျန်းယွမ်သည် မည်သို့များ ကျင့်ကြံခဲ့သနည်းဟူသော အချက်အပေါ်၌သာ တုန်လှုပ်နေကြတော့သည်။ အကယ်၍ ခန္ဓာကိုယ် သိမ်းပိုက်ခြင်း မဟုတ်ပါက လူသားလောကနယ်ပယ်တွင် ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာနိုင်သည့် နေရာမျိုး ရှိနေပါသလော။

မုရုန်ရှောင်းမှာ ပါရမီရှင် ဖြစ်နေခြင်းမှာ သဘာဝကျလှပေသည်။ သူမသည် နတ်ဘုရားနယ်မြေ၌ မွေးဖွားခဲ့သူဖြစ်ပြီး အတော်အတန် သန်မာသော မိသားစုက ရတနာများဖြင့် ပံ့ပိုးပေးထားသောကြောင့် ဖြစ်၏။ ယီထျန်းယွမ်တွင်မူ ဘာရှိပါသနည်း၊ လူသားလောကနယ်ပယ်မှ မင်းမျိုးမင်းနွယ် ဖြစ်နေစေကာမူ နတ်ဘုရားနယ်မြေရှိ အသေးငယ်ဆုံးသော မိသားစုလေးတစ်ခုကိုပင် မီလိမ့်မည် မဟုတ်ချေ။

ဤအချက်က ၎င်းတို့ကို တွေးတော၍ မရနိုင်အောင် ဖြစ်စေခဲ့ပြီး ခဏချင်းမှာပင် လူအများမှာ အမျိုးမျိုး ဆွေးနွေးလာကြတော့သည်။ အချို့မှာမူ သန်မာသူတစ်ဦးက ခန္ဓာကိုယ် သိမ်းပိုက်ထားခြင်းသာ ဖြစ်ရမည်ဟု ဇွတ်အတင်း ငြင်းဆိုနေကြဆဲပင် ဖြစ်၏။

ယီထျန်းယွမ်၏ အခြေအနေအရဆိုလျှင် သန်မာသူတစ်ဦးက ခန္ဓာကိုယ် သိမ်းပိုက်ထားသည်ဟူသော အချက်မှာသာ ယုတ္တိအရှိဆုံး ဖြစ်နေပေသည်။ သို့သော်လည်း အကယ်၍ အမှန်တကယ်ပင် ခန္ဓာကိုယ် သိမ်းပိုက်ထားခြင်း ဖြစ်နေစေကာမူ စည်းကမ်းချက်များကိုမူ ချိုးဖောက်ခြင်း မရှိချေ။

စည်းကမ်းချက်များအရ လက်ရှိ ခန္ဓာကိုယ်၏ အရိုးသက်တမ်းကိုသာ တွက်ချက်ခြင်းဖြစ်ရာ ကျန်သည့်အရာများမှာ ပြဿနာ မဟုတ်ချေ။ အကယ်၍ ခန္ဓာကိုယ် သိမ်းပိုက်ထားခြင်း ဖြစ်နေစေကာမူ ကိစ္စမရှိချေ။ အထက်မှ ပုဂ္ဂိုလ်ကြီးများမှာ လူအများ မဟုတ်ကြသဖြင့် မည်သို့ ရွေးချယ်ရမည်ကို ၎င်းတို့ သိရှိကြပေသည်။

“ခန္ဓာကိုယ် သိမ်းပိုက်တာကိုပဲ ဇွတ်အတင်း ပြောနေကြတာပဲ... မင်းတို့ တကယ်ပဲ ခန္ဓာကိုယ် သိမ်းပိုက်ခြင်းရဲ့ သဘောတရားကို သေသေချာချာ နားလည်ကြရဲ့လား...”

ထိုစဉ် အကြီးအကဲနျန်၏ အသံ ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သူမ၏ မျက်လုံးများတွင် စိတ်ပျက်မှုများ ပြည့်နှက်နေခဲ့သည်။

“သန်မာသူတစ်ဦးက ခန္ဓာကိုယ် သိမ်းပိုက်တော့မယ်ဆိုရင် အလွန် ကောင်းမွန်တဲ့ ကိုယ်ထည်တစ်ခုကို ရှာဖွေရမှာဖြစ်သလို ကျင့်စဉ်အဆင့်ကလည်း သိပ်ပြီး မနိမ့်သင့်ပါဘူး... မိမိရဲ့ ဝိညာဉ်က အလွန်အမင်း အားနည်းနေတာမျိုး မဟုတ်ရင် အသက်အနည်းငယ်ပဲ ရှိသေးတဲ့ ကလေးငယ် ဒါမှမဟုတ် ဆယ်ကျော်သက် လူငယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ဖို့ဆိုတာ သိပ်ကို ခက်ခဲလှပါတယ်...”

“တကယ်လို့ အတင်းအကျပ် သိမ်းပိုက်မယ်ဆိုရင်တော့ ရလဒ်က တစ်ခုတည်းပဲ ရှိတယ်... အဲဒါက ခန္ဓာကိုယ် ပေါက်ကွဲသွားဖို့ပဲ... ခန္ဓာကိုယ်က အဲဒီလောက် ပြင်းထန်တဲ့ စွမ်းအားကို မတောင့်ခံနိုင်ဘူးလေ... ဒါက မင်းတို့ အဆင့်မြင့်တဲ့ ဆေးလုံးတွေကို သောက်သုံးပြီး ခန္ဓာကိုယ်က မတောင့်ခံနိုင်တာနဲ့ အတူတူပါပဲ...”

“ကြည့်ရတာ မင်းတို့က သေသေချာချာ မလေ့လာကြသေးဘူးပဲ... ဒီလောက် အခြေခံကျတဲ့ အသိပညာကိုတောင် နားမလည်ကြဘူးဆိုတော့ သွားပြီးတော့သာ အပြင်းအထန် ကျင့်ကြံကြတော့...”

အကြီးအကဲနျန်သည် ရှေ့သို့ ထွက်လာကာ ၎င်းတို့ကို ပြင်းပြင်းထန်ထန်ပင် သင်ခန်းစာ ပေးလိုက်ပြီး မျက်နှာသာ လုံးဝ မပေးချေ။ ယီထျန်းယွမ်က ခန္ဓာကိုယ် သိမ်းပိုက်ထားခြင်း ဖြစ်သည်ဟု ပတ်ဝန်းကျင်မှ ပြောဆိုနေကြသည့်အပေါ် သူမသည် များစွာ ဒေါသထွက်နေခဲ့ရသည်။

ခန္ဓာကိုယ် သိမ်းပိုက်ခြင်း၏ ခက်ခဲမှုကို ကျင့်စဉ်အဆင့် မြင့်မားသူများမှာ သိရှိထားကြသည်။ အကယ်၍ လွယ်ကူနေမည်ဆိုပါက မည်သူကများ ခန္ဓာကိုယ် မသိမ်းပိုက်ဘဲ နေပါမည်နည်း။

ဤသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားမျှော်စင်နှင့် အလားသဏ္ဌာန် တူလှပေသည်။ သေသေချာချာ ရွေးချယ်ပြီးမှသာ သတ်ဖြတ်လိုစိတ်များကို စုပ်ယူကာ အလွန် သင့်လျော်သော အခြေအနေသို့ ရောက်ရှိမှသာ လုပ်ဆောင်နိုင်ခြင်း ဖြစ်ပေသည်။ အကယ်၍ စင်ပေါ်တက်သည်နှင့် ခန္ဓာကိုယ် သိမ်းပိုက်နိုင်မည်ဆိုပါက ၎င်းတို့မှာ အစောကြီးကတည်းက ထွက်လာခဲ့ကြပြီ ဖြစ်ပေသည်။

စိတ်ဝိညာဉ် အားနည်းနေမည်ဆိုပါကလည်း စိတ်ဝိညာဉ်ကို တဖြည်းဖြည်း ပြန်လည် နိုးကြားလာအောင် လုပ်ဆောင်ရဦးမည်ဖြစ်ပြီး နောက်ပိုင်းမှသာ တဖြည်းဖြည်း ကျင့်ကြံနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အလွန် ငယ်ရွယ်သော ခန္ဓာကိုယ်ကို သိမ်းပိုက်ကာ ကျင့်စဉ်အဆင့်ကို အလျင်အမြန် မြှင့်တင်ရန်မှာ အလွန် ခက်ခဲလှပေသည်။

အကယ်၍ အမှန်တကယ်ပင် ထိုသို့သောသူ ရှိနေမည်ဆိုပါက ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိပေသည်။ ယင်းမှာ ထိုသူသည် မူလကတည်းက အလွန် ထူးချွန်သော ပါရမီရှင် ဖြစ်နေခြင်းပင် ဖြစ်၏။ ကျင့်စဉ်အဆင့်မှာ မနိမ့်မှသာ ခန္ဓာကိုယ် သိမ်းပိုက်ခြင်း ခံရမည် ဖြစ်ပေသည်။ ထိုသို့ဆိုလျှင်မူ ယီထျန်းယွမ်သည် ခန္ဓာကိုယ် သိမ်းပိုက်ခံထားရသည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မည်သည့် ပြဿနာမျှ မရှိချေ။

ထို့ကြောင့် နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲကို ကျင်းပသော ပုဂ္ဂိုလ်ကြီးများမှာလည်း လူအများ မဟုတ်ကြချေ။ ဤကဲ့သို့သောသူ ရှိနေမည်ဆိုပါက ယင်းမှာ သေချာပေါက် ပါရမီရှင်စစ်စစ် ဖြစ်ရပေမည်။ ၎င်းတို့သည် ပါရမီရှင်တစ်ဦးကို ဘယ်သောအခါမျှ ငြင်းပယ်ကြလိမ့်မည် မဟုတ်ချေ။

အကြီးအကဲနျန်၏ ပြင်းထန်သော ဆူပူမှုကို ခံလိုက်ရသည့်အခါ တစ်ယောက်ပြီး တစ်ယောက်မှာ ခေါင်းငုံ့သွားကြရသည်။ သေသေချာချာ စဉ်းစားကြည့်လျှင်လည်း အမှန်ပင် ယုတ္တိရှိလှပေသည်။ သို့သော်လည်း ၎င်းတို့သည် မိမိကိုယ်ကိုယ် နှစ်သိမ့်ရန်အတွက်သာ ဤကဲ့သို့သော မိုက်မဲသည့် အကြောင်းပြချက်ကို ရှာဖွေခဲ့ကြခြင်း ဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ၎င်းတို့မှာ အရှုံးမပေးလိုကြခြင်း ဖြစ်သည်။ လူသားမျိုးနွယ် တစ်ဦးကို အရှုံးမပေးလိုကြခြင်းမှာ ရိုးရှင်းလှပေသည်။ ဤကဲ့သို့သော အယူအဆမှာ အလွယ်တကူ ပြောင်းလဲနိုင်ခြင်း မရှိချေ။ သင်သည် မည်မျှပင် ထူးချွန်သော အောင်မြင်မှုကို ရရှိထားသည်ဖြစ်စေ အတူတူပင် ဖြစ်၏။

ယီထျန်းယွမ်က ခေါင်းခါလိုက်မိသည်။ ဤကဲ့သို့သော ကိစ္စရပ်များကို သူ ရိုးအီနေပြီ ဖြစ်ပေသည်။ နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာသည့်အခါ နှိမ့်ချဆက်ဆံခံရမှုမှာ ပိုမို ပြင်းထန်လာခဲ့သည်။ သုံးဘုံလောကတွင် ရှိစဉ်ကပင် နှိမ့်ချခံရမှုများ ရှိခဲ့သော်လည်း နတ်ဘုရားနယ်မြေတွင်မူ ပိုမို ဆိုးရွားလှပေသည်။ အခြေခံအားဖြင့် အမှိုက်ကဲ့သို့ပင် ဆက်ဆံခံနေရခြင်း ဖြစ်ပေသည်။

မိမိ၏ အရည်အချင်းစစ်ဆေးမှုတွင် ပြင်းထန်သော ခွန်အားများကို ထုတ်ဖော်လိုက်လျှင်ပင် အခြားသူများက မိမိ၏ စွမ်းအား မဟုတ်ဘဲ ထူးခြားသော ဆေးလုံးများကို သောက်သုံးထားခြင်း ဖြစ်မည်ဟု သံယောဇဉ်ဖြင့် သံသယဝင်နေကြခြင်းမှာ တကယ့်ကို ဝမ်းနည်းစရာ ကောင်းလှပေသည်။

ထို့နောက် ယီထျန်းယွမ်သည် ဘာကိုမျှ မဆိုတော့ဘဲ လှည့်ထွက်လာခဲ့ရာ မှင်တက်မိနေသော တပည့်အုပ်ကြီးကို ချန်ထားရစ်ခဲ့တော့သည်။ ထိုသူများထဲတွင် ယွမ်ထျန်းယိုသည် လက်သီးကို တင်းတင်းဆုပ်ထားခဲ့သည်။ ယခင်က သူသည်လည်း ယီထျန်းယွမ်ကို မိစ္ဆာအိုကြီးဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ မိစ္ဆာအိုကြီး မဟုတ်ရုံတင်မကဘဲ အကြီးအကဲနျန်ကပါ သူ့ကို ကာကွယ်ပေးနေခဲ့သည်။

ဤကဲ့သို့သော ဆက်ဆံမှုနှင့် ဂုဏ်ကျက်သရေမျိုးမှာ သူ မယှဉ်နိုင်သော အရာများ ဖြစ်ကြပေသည်။

“တောက်... ဘာလို့ ကောင်းကျိုးတွေ အားလုံးက ဒီကောင်ပဲ ရနေရတာလဲ...”

ယွမ်ထျန်းယိုမှာ မကျေမနပ် ဖြစ်နေခဲ့သော်လည်း တိတ်ဆိတ်စွာ နေရန်သာ ရွေးချယ်လိုက်ရတော့သည်။

အကြီးအကဲနျန်က ၎င်းတို့ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး လေးနက်သော လေသံဖြင့် ဆိုလိုက်၏။

“သေသေချာချာ ကျင့်ကြံကြစမ်း... ဒီတစ်ကြိမ် နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲက မင်းတို့အတွက် အခွင့်အရေးပဲ၊ တကယ်လို့ အဆင့် ၁၀၀ အတွင်းကို ဝင်နိုင်မယ်ဆိုရင်တော့ မင်းတို့ရဲ့ ဘဝက ထိပ်တန်းကို ရောက်သွားလိမ့်မယ်... ဒီမှာ အပိုစကားတွေ ပြောနေမယ့်အစား သေသေချာချာ ပြင်ဆင်ကြတာက ပိုပြီး ကောင်းလိမ့်မယ်...”

“ဟုတ်ကဲ့ပါ...”

၎င်းတို့သည် တစ်ခွန်းတည်းသာ ပြန်လည် ဖြေကြားနိုင်ခဲ့ပြီး မကြာမီမှာပင် လူစုခွဲသွားကြတော့သည်။ မူလက ၎င်းတို့သည် စမ်းသပ်ပြီးနောက် ထွက်ခွာရန် ပြင်ဆင်နေကြရမည် ဖြစ်သော်လည်း အကြီးအကဲနျန်က ယီထျန်းယွမ်ကို ခေါ်ဆောင်လာသဖြင့် ကြည့်ရှုရန် ကျန်နေခဲ့ကြခြင်း ဖြစ်ပေသည်။ သို့သော်လည်း ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော ကိစ္စကို မြင်တွေ့လိုက်ရလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

ယီထျန်းယွမ်၏ အရိုးသက်တမ်းမှာ ၂၉ နှစ်ဖြစ်ပြီး မုရုန်ရှောင်းကိုပင် ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

ယီထျန်းယွမ်ကသာ စစ်မှန်သော လူငယ်တစ်ဦး ဖြစ်ပေသည်။ မုရုန်ရှောင်း၏ ငယ်ရွယ်မှုမှာ သူနှင့် နှိုင်းယှဉ်လိုက်သည့်အခါ အဘွားကြီး တစ်ဦးနှင့်ပင် တူညီနေတော့၏။

“ခုနက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲနျန်...”

ယီထျန်းယွမ်သည် ဤကဲ့သို့သော ကိစ္စများကို ဂရုမစိုက်သော်လည်း အကြီးအကဲနျန်က သူ့အတွက် ပြောပေးခဲ့သည့်အပေါ် ကျေးဇူးတင်မှုကို ဖော်ပြလိုက်ခြင်းပင်။

“ကျေးဇူးတင်နေဖို့ မလိုပါဘူး... ငါက အမှန်အတိုင်း ပြောတာပဲလေ... မင်းရဲ့ အရိုးသက်တမ်းက နှစ်ပေါင်း ရာဂဏန်းလောက် ရှိမယ်ဆိုရင်တော့ ငါ နည်းနည်း ယုံဦးမယ်... ဒါပေမဲ့ နှစ်ပေါင်း တစ်ရာအတွင်းမှာ ခန္ဓာကိုယ် သိမ်းပိုက်ခံရပြီးတော့ ဒီလောက်အထိ ကျင့်ကြံနိုင်ဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်တဲ့ ကိစ္စပဲ...”

အကြီးအကဲနျန်က ခေါင်းခါလိုက်သည်။ သူမ၏ မျက်လုံးများတွင်မူ သံသယများ ပြည့်နှက်နေခဲ့၏။

“ငါ တကယ့်ကို သိချင်နေမိတယ်... မင်း ဘယ်လိုများ ကျင့်ကြံခဲ့တာလဲ... ခုဆိုရင် ဆဋ္ဌမအဆင့် မြေကမ္ဘာအရှင်တောင် ဖြစ်နေပြီပဲ...”

သူမ မှတ်မိသလောက်ဆိုလျှင် ယခင်က ယီထျန်းယွမ်မှာ အဆင့်လေး မြေကမ္ဘာအရှင်အဆင့်ပင် မရှိသေးချေ။ သို့သော် မကြာမီ အချိန်အတွင်းမှာပင် ဆဋ္ဌမအဆင့် မြေကမ္ဘာအရှင်သို့ ထိုးဖောက်သွားခြင်းမှာ တကယ့်ကို မယုံကြည်နိုင်စရာပင် ဖြစ်ပေသည်။

“အဲဒါက... ကျင့်ကြံရင်း ကျင့်ကြံရင်းနဲ့ပဲ ထိုးဖောက်သွားတာပါ...”

ယီထျန်းယွမ်က မတတ်သာသည့် အမူအရာဖြင့် ပုခုံးတွန့်ပြလိုက်သည်။ ဤစကားမှာ သူ လိမ်ပြောနေခြင်း မဟုတ်ချေ။ သူသည် ရန်သူများကို သတ်ဖြတ်ကာ စွမ်းအင်များကို စုပ်ယူရင်းဖြင့်သာ ထိုးဖောက်လာခဲ့ခြင်း ဖြစ်ပေသည်။

အကြီးအကဲနျန်က သူ့ကို တစ်ချက် စောင်းကြည့်ကာ ဆိုလိုက်၏။

“တော်ပါတော့... ဒီကိစ္စကို ငါ ထပ်ပြီး မမေးတော့ပါဘူး... ကြည့်ရရင် ငါတို့ အကြီးအကဲ နှစ်ယောက်လုံး မင်းကို သင်ကြားပေးစရာ ဘာမှ မရှိတော့ဘူး ထင်တယ်... ခဏနေရင် ဟိုဟိုဒီဒီ မသွားနဲ့တော့... ငါနဲ့အတူ နေပါ... သိပ်မကြာခင်မှာပဲ ငါတို့ ထွက်ခွာရတော့မှာ...”

“ကောင်းပါပြီ...”

ယီထျန်းယွမ်မှာ မတတ်သာတော့ချေ။ အကြီးအကဲနျန်သည် သူ့ကြောင့် ထိတ်လန့်သွားပုံရသည်။ အကယ်၍ သူသာ ထပ်မံ ပျောက်ကွယ်သွားမည်ဆိုပါက သူမ ဘယ်မှာ သွားရှာရပါမည်နည်း။

ယခု အချိန်သိပ်မကျန်တော့သဖြင့် သူသာ ထပ်ပြီး ပျောက်နေဦးမည်ဆိုပါက တကယ့်ကို ဒုက္ခရောက်ပေလိမ့်မည်။

ထို့နောက် အကြီးအကဲနျန်သည် ယီထျန်းယွမ်ကို သူမ၏ နေအိမ်သို့ ခေါ်ဆောင်သွားပြီး အတူတူ ကျင့်ကြံနေခဲ့ကြသည်။ သူ့ကို မည်သည့်နေရာသို့မျှ သွားခွင့် မပေးချေ။ အချိန်မှာ မများလှဘဲ နေအိမ်၌ တစ်လကျော်ခန့် နေထိုင်ပြီးနောက်တွင်မူ စတင် ထွက်ခွာခဲ့ကြတော့သည်။

ဤတစ်ကြိမ်တွင် ရည်မှန်းချက်ဆီသို့ သွားရန်အတွက် ကြီးမားလှသော ဝိညာဉ်သင်္ဘောကို လူတိုင်း အတူတကွ စုပေါင်း စီးနင်းခဲ့ကြသည်။ ယီထျန်းယွမ်က ဝေ့ကြည့်လိုက်သည့်အခါ ပြိုင်ပွဲဝင်ပေါင်း ၂၀၀ ကျော် ရှိနေသည်ကို တွေ့လိုက်ရသည်။ အရေအတွက်မှာ မများလှသော်လည်း အားလုံးမှာ ထူးချွန်သူများထဲမှ ထူးချွန်သူများသာ ဖြစ်ကြပေသည်။

အနိမ့်ဆုံး ကျင့်စဉ်အဆင့်မှာ ဒုတိယဆင့် မြေကမ္ဘာအရှင် ဖြစ်ပြီး အမြင့်ဆုံးမှာ အဆင့်ခုနစ် မြေကမ္ဘာအရှင် ဖြစ်ပေသည်။ သေချာပေါက်ပင် ဤအဆင့်သို့ ရောက်ရှိသူမှာ တစ်ကွင်းလုံးတွင် တစ်ဦးတည်းသာ ရှိပြီး ယင်းမှာ မုရုန်ရှောင်း ဖြစ်ပေသည်။ ကျန်ရှိသူများမှာမူ တတိယဆင့် သို့မဟုတ် စတုတ္ထဆင့် မြေကမ္ဘာအရှင်များ ဖြစ်ကြပြီး ဆဋ္ဌမအဆင့် မြေကမ္ဘာအရှင်မှာမူ ငါးဦးပင် မပြည့်ချေ။

ယီထျန်းယွမ်သည် ထောင့်စွန်းတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူနှင့် ရင်းနှီးသူ မရှိချေ။

“နတ်ဘုရားတက်လှမ်းခြင်းတိုက်ပွဲလား... အနည်းငယ်တော့ မျှော်လင့်ရတာပဲ...”

ယီထျန်းယွမ်က အသာအယာ ပြုံးလိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်တော့သည်။

အခန်း ၉၈၇ ပြီးပါပြီ။

All Chapters