အမြုတေတိုင်ကြီး ထွက်ပေါ်လာခြင်း....
Vol. 69 Ch. 974
" ဖရိုဖရဲဟင်းလင်းပြင်တင်မဟုတ်ဘူး။ ရင်းမြစ်ကမ္ဘာလည်း အတူတူပဲ။ " လင်းယွမ်က တွေးလိုက်သည်။
သို့သော် သူက စိုးရိမ်ခြင်းမရှိပေ။ အကြောင်းမှာ ဖရိုဖရဲဟင်းလင်းပြင်နှင့် ရင်းမြစ်ကမ္ဘာတို့၏ တည်ရှိမှုက အလွန်ကြီးမားလွန်းသဖြင့် ၎င်းတို့၏ ပျက်စီးခြင်းသံသရာက အလွန်ရှည်လျားလှသည်။ အနှိုင်းမဲ့မဟာသူတော်စင်၏ သက်တမ်းပင်လျှင် ၎င်း၏ သမုဒ္ဒရာထဲမှ ရတစ်စက်သာ ဖြစ်သည်။
" ဖရိုဖရဲနိယာမ တတိယအဆင့်။ " လင်းယွမ်က ပြုံးလိုက်သည်။
နှစ်ပေါင်းတစ်ထောင်ကြာ ကျင့်ကြံပြီးနောက် မျှော်လင့်ထားသည့်အတိုင်း ဖရိုဖရဲနိယာမကို တတိယအဆင့်ထိ မြှင့်တင်နိုင်ခဲ့သည်။ ဖရိုဖရဲနိယာမ တတိယအဆင့်သို့ ရောက်ရှိပြီးနောက် မြှင့်တင်မှုက တိုင်းတာ၍ မရပေ။
ပထမဆုံး ဖရိုဖရဲထိုက်ကျိစွမ်းအား၏ ဆင့်ကဲပြောင်းလဲမှုဖြစ်သည်။ ယခုအချိန်တွင် သူ၏ အတွင်းစကြာဝဠာထဲမှ ဥကြီးက ဖရိုဖရဲထိုက်ကျိစွမ်းအားအဖြစ် အပြည့်အဝ ပြောင်းလဲရန် အချိန်ဆယ်နှစ်သာ လိုတော့သည်ကို လင်းယွမ်ခံစားလိုက်ရသည်။
" ဆယ်နှစ်ပဲ။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
ထိုက်ယင်၊ ထိုက်ယန်နှင့် ထိုက်ကျိက သူ အလွှာနှစ်ကတည်းက ရွေးချယ်ခဲ့သော လမ်းစဉ်ဖြစ်ပြီး ၎င်းက လင်းယွမ်ကို စိတ်ပျက်မသွားစေခဲ့ပေ။ အခြားသူများက ဖရိုဖရဲပထမအဆင့် ရှိရုံဖြင့် သူတို့၏ ဖရိုဖရဲလမ်းစဉ်စွမ်းအားကို ဆင့်ကဲပြောင်းလဲနိုင်ခဲ့သော်လည်း ဖရိုဖရဲထိုက်ကျိစွမ်းအားကို ဆင့်ကဲပြောင်းရန်ပင် ဖရိုဖရဲနိယာမ ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိရန် လိုအပ်သည်။
၎င်းကလည်း လင်းယွမ်၏ ထူးခြားသော နားလည်နိုင်စွမ်းကြောင့် ဖြစ်သည်။ အကယ်၍ အခြားသူများဆိုလျှင် ဖရိုဖရဲ တတိယအဆင့်ကို ရောက်မှ ဆင့်ကဲပြောင်းလဲနိုင်ပေလိမ့်မည်။
ဖရိုဖရဲနိယာမ တတိယအဆင့်က ဖရိုဖရဲထိုက်ကျိလမ်းစဉ်စွမ်းအားကို ဆင့်ကဲပြောင်းလဲရန် မြန်ဆန်စေရုံသာမက ဖရိုဖရဲအဆင့်ကို တက်လှမ်းရန်ကဲ့သို့သော အခြားကဏ္ဍများကိုလည်း နက်ရှိုင်းသော အကျိုးသက်ရောက်မှုများ ရှိသည်။
လက်ရှိ လင်းယွမ်က ဖရိုဖရဲအဆင့်သို့ မတက်လှမ်းခြင်းမှာ ကဏ္ဍအားလုံးက အဆုံးစွန်သော အကန့်အသတ်သို့ မရောက်သေးသောကြောင့် ဖြစ်သည်။ ဥပမာ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းစကြာဝဠာ စသည်တို့ ဖြစ်သည်။
ဖရိုဖရဲက အရာအားလုံးကို မွေးဖွားပေးသကဲ့သို့ တတိယအဆင့်က လင်းယွမ်ကို ကဏ္ဍပေါင်းစုံ တိုးတက်စေခဲ့သည်။ ထို့အပြင် အတွင်းစကြာဝဠာကိုလည်း မြှင့်တင်ပေးသောကြောင့် အဆုံးမဲ့ဟင်းလင်းပြင်၏ တတိယအဆင့်ကို ကျင့်ကြံရာတွင်လည်း ကူညီပေးသည်။
ရင်းမြစ်ကမ္ဘာရှိ ရတနာနယ်မြေတွင် လင်းယွမ်က အမြုတေတိုင်များကို မရှာဖွေတော့ပေ။ နှစ်ပေါင်းတစ်ထောင်အတွင်း ရှေးဟောင်းနိုင်ငံ ခြောက်နိုင်ငံမှ နတ်ဘုရားအရှင်သခင်များက အဆက်မပြတ် ရှာဖွေခဲ့ကြပြီး အမြုတေတိုင်များကို အခြေခံအားဖြင့် ပြီးသွားခဲ့ပြီဖြစ်သည်။
ရှေးဟောင်းနိုင်ငံများ၏ အမြုတေတိုင် သန့်စင်မှုများမှာ တဖုရှေးဟောင်းနိုင်ငံက ၇၂ခု၊ မန်ဟွမ်ရှေးဟောင်းနိုင်ငံက ၅၄ခု၊ လီယန်ရှေးဟောင်းနိုင်ငံက ၅၂ခု၊ တလင်းရှေးဟောင်းနိုင်ငံက ၄၅ခု၊ ကျင်းလဲ့ရှေးဟောင်းနိုင်ငံက ၃၈ခု၊ ရွှမ်ယင်ရှေးဟောင်းနိုင်ငံက ၃၈ခု တို့ဖြစ်သည်။
တဖုရှေးဟောင်းနိုင်ငံမှ ဖုရှုကိုယ်တိုင် ပါဝင်လှုပ်ရှားနေပြီး အခြားရှေးဟောင်းနိုင်ငံများက ပုံမှန်အားဖြင့် အလျှော့ပေးလိုက်ရသောကြောင့် ပထမနေရာအတွက် အံ့ဩစရာမဟုတ်ပေ။ နတ်ဘုရားအရှင်သခင်များက သူတို့၏ ရှေးဟောင်းနိုင်ငံများမှ ဝှက်ဖဲများကို ကိုင်ဆောင်ထားကြသော်လည်း ပေါ့ပေါ့ဆဆ အသုံးမပြုကြပေ။
" ဒီမန်ဟွမ်ရှေးဟောင်းနိုင်ငံက ဘယ်လိုလဲ။ " လင်းယွမ်၏ မျက်နှာတွင် အံ့ဩသော အမူအရာ ပေါ်လာသည်။
မန်ဟွမ်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက အမြုတေတိုင်များကို ရှာဖွေရာတွင် အလွန်ရူးသွပ်နေကြသောကြောင့် ချီယန်ပင် သူရှာတွေ့ထားသော အမြုတေတိုင်များကို အကြိမ်ကြိမ် လက်လွှတ်ပေးခဲ့ရသည်။
သူတို့က ဖုရှုနှင့် တွေ့ဆုံသောအခါမှသာ နောက်ဆုတ်ကြသည်။ သို့သော် အခြားရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များနှင့် ရင်ဆိုင်ရလျှင် သူတို့က သူသေကိုယ်သေတိုက်ခိုက်ကြလေသည်။
" ဒါပေမယ့် ဒီအဆင့်တစ် ရတနာနယ်မြေမှာ အမြုတေတိုင်တွေက တကယ်ပဲ သုံးရာကျော်ရှိနေတာလား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။
ယခင်ရရှိထားသော အချက်အလက်များအရ ပုံမှန်အားဖြင့် အဆင့်တစ် ရတနာနယ်မြေများတွင် အမြုတေတိုင်အရေအတွက်မှာ တစ်ရာမှ နှစ်ရာကျော်သာရှိလေသည်။ လက်ရှိ အဆင့်တစ် ရတနာနယ်မြေများထဲတွင် ပထမဆုံး ထွက်ပေါ်လာစဉ်က အမြုတေတိုင်အရေအတွက် သုံးရာကျော်သည်မှာ ခြောက်ခုသာ ရှိသည်။
" အမြုတေတိုင်သုံးရာ.... ဒါဆိုရင် ဒီရတနာနယ်မြေရဲ့ အချိန်လေဟာနယ်နဲ့ အပြည့်အဝ ပေါင်းစည်းနေတဲ့ အမြုတေတိုင်ကြီးတွေလည်း ရှိနေရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
ယခင်ရရှိခဲ့သော ရတနာနယ်မြေခြောက်ခုလုံးတွင် ထွက်ပေါ်ခဲ့သော အမြုတေတိုင်များကို အခြေခံ၍ ထိုကောက်ချက်ချလိုက်ခြင်းဖြစ်သည်။ အမြုတေတိုင်ကြီးတစ်ခုက သာမန်ထက် သာလွန်ပြီး သာမန်အမြုတေတိုင်ဆယ်ခုနှင့် ညီမျှသည်။
သို့သော် သာမန်တိုင်များနှင့်မတူသည်မှာ အမြုတေတိုင်ကြီးများက ရတနာနယ်မြေ၏ အချိန်လေဟာနယ်နှင့် လုံးဝ ပေါင်းစည်းနေသောကြောင့် မည်သို့ပင်ရှာဖွေသည်ဖြစ်စေ တွေ့ရမည်မဟုတ်ဘဲ အမြုတေတိုင်အားလုံးကို သန့်စင်ပြီးမှသာ ထွက်ပေါ်လာခြင်းဖြစ်သည်။ အမြုတေတိုင်ကြီးများ ထွက်ပေါ်လာလျှင် ရတနာနယ်မြေကို ကြီးမားစွာ လှုပ်ခတ်စေပေလိမ့်မည်။
" အမြုတေတိုင်ကြီးတွေရဲ့ အရေးပါမှုကို လျှော့တွက်လို့မရဘူး။ အဲ့ဒါက သာမန်တိုင်ဆယ်ခုနဲ့ ညီမျှတဲ့အပြင် ကာကွယ်ရတာလည်း လွယ်ကူတယ်။ "
လက်ရှိတွင် ရှေးဟောင်းနိုင်ငံတစ်ခုသီတွင် အမြုတေတိုင်ဆယ်ချီရှိနေပြီး နတ်ဘုရားအရှင်သခင် ၁၂ယောက်က အားလုံးကို ကာကွယ်ရန် မလွယ်ကူပေ။ နတ်ဘုရားအရှင်သခင်တစ်ယောက်က သန့်စင်ထားသော အမြုတေတိုင်သို့ ချက်ချင်း ရောက်ရှိနိုင်သော်လည်း တိုင်အများအပြားက တပြိုင်နက် တိုက်ခိုက်ခံရလျှင် မည်သည့်တိုင်ကို သွားရောက်ရမည်နည်း။
အမြုတေတိုင်ကြီးကို သန့်စင်ပြီးလျှင် တိုင်တစ်ခုတည်းကို ကာကွယ်ခြင်းဖြင့် တိုင်ဆယ်ခုကို ကာကွယ်နိုင်မည်ဖြစ်သည်။
" အရင် ရတနာနယ်မြေခြောက်ခုရဲ့ အချက်အလက်တွေအရဆို အမြုတတိုင်ကြီးတွေက ရတနာနယ်မြေရဲ့ ဘယ်နေရာမှာမဆို ထွက်ပေါ်လာနိုင်တယ်။ " လင်းယွမ်က ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်လှုပ်ခတ်မှုများကို အာရုံစိုက်နေသည်။
အမြုတေတိုင်ကြီးများ ထွက်ပေါ်လာသည်နှင့် ၎င်းကို ဖုံးကွယ်မရသောကြောင့် ချက်ချင်း သွားရောက်ရမည်ဖြစ်သည်။
လီယန်မြို့တော်၏ သီးခြားဟင်းလင်းပြင်တွင်။
" ငါတို့ လီယန်ရှေးဟောင်းနိုင်ငံက ပထမဆုံး အမြုတေတိုင်ကြီးကို သန့်စင်နိုင်ဖို့ အလားအလာ နည်းတယ်။ " ချီယန်က တည်ငြိမ်စွာ ပြောလိုက်သည်။ " အဲ့ဒါကြောင့် အများကြီးအာရုံစိုက်နေဖို့ မလိုဘူး။ "
ထိုစကားများကို အခြားသူများက ငြင်းဆိုခြင်းမရှိပေ။ ပထမဦးစွာ ရတနာနယ်မြေအတွင်းရှိ အချိန်လေဟာနယ်က အလွန်ကျယ်ပြောလှပြီး မည်သည့်နေရာတွင်မဆို ထွက်ပေါ်လာနိုင်သည်။
သွားရောက်မည့် အမြန်နှုန်းနှင့်ယှဉ်လျှင် ဖုရှုကို ဘယ်သူမှမကျော်လွန်နိုင်ပေ။ နှစ်ပေါင်းတစ်ထောင်အတွင်း ဖုရှုက သူ၏ အချိန်လေဟာနယ် ကျွမ်းကျင်မှုကို သက်သေပြခဲ့ပြီး ရတနာနယ်မြေ၏ တစ်ဖက်နှင့်တစ်ဖက်ကို ခဏအတွင်း ရောက်ရှိနိုင်သည်။
ထိုကဲ့သို့ ကြောက်စရာကောင်းသော အရှိန်ကို ဘယ်သူမှ ယှဉ်နိုင်မည်မဟုတ်ပေ။ အကယ်၍ ဖုရှုက ပထမဆုံး အမြုတေတိုင်ကြီးကို သန့်စင်လိုက်လျှင် အခြားနိုင်ငံများအတွက် အခွင့်အရေးမရှိသလောက်ပင် ဖြစ်သည်။
" ငါတို့ရဲ့ ပစ်မှတ်က ဒုတိယနဲ့ တတိယ အမြုတေတိုင်ကြီးတွေပဲ။ " ချီယန်က ပြောလိုက်သည်။
ပုံမှန်အားဖြင့် အမြုတေတိုင်သုံးရာကျော် ထွက်ပေါ်လာသည့် ရတနာနယ်မြေတွင် အမြုတေတိုင်ကြီး သုံးခုရှိတတ်သည်။ ယခင် ရတနာနယ်မြေခြောက်ခုလုံးတွင်လည်း အမြုတေတိုင်ကြီး သုံးခုစီရှိခဲ့သည်။
ဖုရှု၏ စွမ်းအားအရ ပထမအမြုတေတိုင်ကြီးကို သန့်စင်ရန် မခက်ခဲသော်လည်း ဒုတိယတိုင်ကို ရယူရန် စိန်ခေါ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ အကယ်၍ ဖုရှုက ဒုတိယတိုင်ကိုပါ လုယူရန် ကြိုးစားလျှင် သူသန့်စင်ထားသော ပထမတိုင်ကို အခြားနတ်ဘုရားအရှင်သခင်များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရပေလိမ့်မည်။
" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ယခုအချိန်ထိ ရတနာနယ်မြေအတွင်း ဖုရှုက သံသယဝင်စရာမလိုဘဲ အသန်မာဆုံးဖြစ်သည်။ အမှန်တော့ ထိုရတနာနယ်မြေတစ်ခုတည်းသာမက ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် ဖုရှုက အသန်မာဆုံးသူအနည်းငယ်ထဲတွင် ပါဝင်လေသည်။
ရတနာနယ်မြေအတွင်း လင်းယွမ်က တည်ငြိမ်စွာ ထိုင်နေသည်။ လီယန်ရှေးဟောင်းနိုင်ငံ၏ ရတနာနယ်မြေအတွက် ခေါင်းဆောင်ဖြစ်သော ချီယန်က ပထမအမြုတေတိုင်ကြီးကို လက်လျှော့လိုက်ပြီဖြစ်သောကြောင့် လင်းယွမ်ကလည်း ၎င်းကို လက်ခံပေသည်။
အချိန်များကုန်လွန်လာပြီး တစ်နေ့တွင် ရတနာနယ်မြေအတွင်းရှိ အချိန်လေဟာနယ်က တုန်ခါသွားခဲ့သည်။ ထူးခြားသော လှိုင်းတစ်ခုပ အရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
" ဒီအော်ရာက.... အမြုတေတိုင်ကြီး ပေါ်လာပြီ။ "
ထိုထူးခြားသော လှိုင်းထွက်ပေါ်လာမှုက နတ်ဘုရားအရှင်သခင်များကို ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ ၎င်းက အခြားသူများ၏ တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ ရတနာနယ်မြေကိုယ်တိုင်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိအခြေအနေအရ အမြုတေတိုင်ကြီး ထွက်ပေါ်လာမှသာ ထိုကဲ့သို့သော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။
" လီယန်၊ မန်ဟွမ်နဲ့ ရွှမ်ယင်တို့က ပထမတိုင်ကို လက်လျှော့လိုက်ပေမယ့် ငါတို့ကျင်းလဲ့ရှေးဟောင်းနိုင်ငံကတော့ စမ်းကြည့်ရမယ်။ ဖုရှုက ဘယ်လောက်တောင် သန်မာနေလို့လဲ။ "
မိုးကြိုးများဖြင့် ဖွဲ့စည်းထားသော ပုံရိပ်တစ်ခုက လက်ကို လှန်လိုက်ရာ အချိန်လေဟာနယ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော နှလုံးသားတစ်ခု ပေါ်လာသည်။ နှလုံးတစ်ချက်ခုန်လိုက်တိုင်း အချိန်လေဟာနယ်စွမ်းအားများ ထကြွလာသည်။
" သွားစို့။ " မိုးကြိုးပုံရိပ်က အချိန်လေဟာနယ်နှလုံးသားကို အသုံးပြုပြီး အချိန်လေဟာနယ်အလွှာများကို ထိုးဖောက်ကာ အမြုတေတိုင်ကြီး ထွက်ပေါ်လာသော နေရာသို့ ဦးတည်သွားခဲ့သည်။