အဲ့ဒီ အမြုတေတိုင်ကြီးကို ပြန်လုယူဖို့ပဲ...
Vol. 69 Ch. 978
ရင်းမြစ်ကမ္ဘာ၊ ရတနာနယ်မြေအတွင်း လင်းယွမ်က မျက်လုံးများ ဖွင့်ပြီး သူ၏ စွမ်းအားက ပေါက်ကွဲတိုးတက်လာသည်ကို ခံစားလိုက်ရသည်။ ဖရိုဖရဲလမ်းစဉ်စွမ်းအားကို ဆင့်ကဲပြောင်းလဲခြင်းနှင့် အဆုံးမဲ့ဟင်းလင်းပြင်၏ တတိယအဆင့်ကို အောင်မြင်မှုတို့ကြောင့် ရင်းမြစ်ကမ္ဘာမှ မူလခန္ဓာကိုယ်ကလည်း သိသာထင်ရှားသော မြှင့်တင်မှုကို ရရှိခဲ့သည်။
" ဒီရတနာနယ်မြေရဲ့ အချိန်လေဟာနယ်ဖိနှိပ်မှုက ငါ့ကို မတားဆီးနိုင်တော့ဘူး။ " လင်းယွမ်က ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ကို လေ့လာလိုက်သည်။
ရတနာနယ်၏ အလွန်ပြင်းထန်သော အချိန်လေဟာနယ်ဖိနှိပ်မှုပ နတ်ဘုရားအရှင်သခင်များ၏ ရှာဖွေနိုင်စွမ်းကို လျော့ကျစေရုံသာမက အချိန်လေဟာနယ် ဖြတ်ကျော်နိုင်မည့်အကွာအဝေးကိုလည်းကျဆင်းစေခဲ့သည်။
ရတနာနယ်မြေ၏ တစ်ဖက်နှင့် တစ်ဖက်ကို ဖြတ်ကျော်ရန် ဖုရှုကဲ့သို့ အသန်မာဆုံး နတ်ဘုရားအရှင်သခင်များသာ ခဏအတွင်း ဖြတ်ကျော်နိုင်လေသည်။ ယခုအခါ ရတနာနယ်မြေ၏ အချိန်လေဟာနယ်ဖိနှိပ်မှုက သူ့ကို မထိန်းချုပ်နိုင်တော့ပေ။
" ဖုရှု...." လင်းယွမ်က ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် ပထမဆုံး အမြုတေတိုင်ထွက်ပေါ်ခဲ့ပြီး ထိုအချိန်တွင် သူက အနီးဆုံးနေရာတွင် ရှိသောကြောင့် ၎င်းကို သန့်စင်ရန် အခွင့်အရေးရရှိခဲ့သည်။ သို့သော်လည်း ထိုအခွင့်အရေးကို ဖုရှုက လုယူသွားခဲ့သည်။ ထိုအချိန်က ဖုရှု၏ ရှေ့တွင် လင်းယွမ်က ခုခံနိုင်စွမ်းမရှိဘဲ တိုက်ရိုက်ရိုက်ထုတ်ခြင်း ခံခဲ့ရသည်။
လီယန်မြို့တော် သီးခြားဟင်းလင်းပြင်တွင်။
" အားလုံးပဲ။ နောက်ဆိုရင် ငါတို့အခြားရှေးဟောင်းနိုင်ငံက အင်အားကြီးသူတွေနဲ့ ရင်ဆိုင်ပြီး အမြုတေတိုင်တွေကို ထိပ်တိုက်လုယူရတော့မယ်။ " ချီယန်က လေးနက်စွာ ပြောလိုက်သည်။
ရတနာနယ်မြေထဲတွင် နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် အမြုတေတိုင်များက အခြားရှေးဟောင်းနိုင်ငံအသီးသီးမှ အင်အားကြီးသူများ၏ သန့်စင်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။ ယခုအချိန်တွင် အမြုတေတိုင်များကို သန့်စင်လိုလျှင် ရှေးဟောင်းနိုင်ငံများမှ သန့်စင်ပြီးသား အမြုတေတိုင်များကို လုယူရတော့မည်ဖြစ်သည်။
" ကောင်းပြီ။ "
" ပြဿနာမရှိဘူး။ "
" ချီယန် မင်းဘယ်သူ့ကို အရင်ဆုံးတိုက်ဖို့ စဉ်းစားထားလဲ။ "
နတ်ဘုရားအရှင်သခင်များက ခေါင်းညိမ့်လိုက်ကြသည်။ သူတို့က ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း ရှေးဟောင်းနိုင်ငံများကြား လုယက်မှုများက အပေါ်ယံမျှသာ ဖြစ်ခဲ့သည်။
နောက်ထပ်နှစ်ငါးရာအတွင်း လုယက်မှုများက ပိုမိုပြင်းထန်လာမည်ဖြစ်ပြီး နောက်ဆုံးနှစ်ငါးရာက အပြင်းထန်ဆုံး ယှဉ်ပြိုင်ရမည့်ကာလဖြစ်သည်။ ထိုအချိန်တွင် နတ်ဘုရားအရှင်သခင်များက အစွမ်းကုန် ထုတ်သုံးကြမည်ဖြစ်ပြီး ရှေးဟောင်းနိုင်ငံများ၏ အမွေအနှစ်လက်နက်များကိုလည်း ထုတ်သုံးကြတော့မည်ဖြစ်သည်။
" နဂါးငွေ့တန်း မင်းဘယ်လိုထင်လဲ။ " ချီယန်က ခေါင်းညိမ့်လိုက်ပြီး လင်းယွမ်ကို ကြည့်လိုက်သည်။
လီယန်ရှေးဟောင်းနိုင်ငံ၏ အမြင့်ဆုံးနတ်ဘုရားအရှင်သခင် လေးယောက်ထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သောကြောင့် ချီယန်က လင်းယွမ်ကို အလေးထား ဆက်ဆံလေသည်။
" ငါတို့ ခဏလောက်ထပ်စောင့်ကြမလား။ " လင်းယွမ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ထပ်စောင့်မှာလား။ " ချီယန်က အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ အခြားနတ်ဘုရားအရှင်သခင်များကလည်း အနည်းငယ် အံ့ဩသွားခဲ့သည်။
" ငါ့ရဲ့ အစီအစဉ်က..." လင်းယွမ်က ပြုံးလိုက်သည်။ " အဲ့ဒီ အမြုတေတိုင်ကြီးကို ပြန်လုယူဖို့ပဲ။ "
အမြုတေတိုင်ကြီး၏ ရှေ့တွင် တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက ခြေချိတ်ထိုင်နေကြသည်။ အမြုတေတိုင်ကြီး၏ အရေးပါမှုက ကြီးမားလှသည်။ ဖုရှုက သန့်စင်ပြီးသား ဖြစ်သော်လည်း တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက မမျှော်လင့်ထားသော အပြောင်းအလဲများကို တုန့်ပြန်နိုင်ရန်အတွက် သူတို့၏ အဓိကတိုက်ခိုက်ရေးခန္ဓာများနှင့် စောင့်ကြပ်နေကြသည်။
" ဟားဟား... ဒီရတနာနယ်မြေယှဉ်ပြိုင်မှုမှာ ငါတို့ တဖုရှေးဟောင်းနိုင်ငံက အမြုတေတိုင် ၇၂တိုင်ကို ပိုင်ဆိုင်ထားပြီ။ ဒီအမြုတေတိုင်ကြီးနဲ့ ပေါင်းရင် စုစုပေါင်း ၈၂တိုင်ရှိပြီ။ "
" ဒုတိယနေရာမှာရှိတဲ့ မန်ဟွမ်ရှေးဟောင်းနိုင်ငံထက် အမြုတေတိုင် ၃၀ နီးပါးလောက် သာနေပြီ။ "
တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက စိတ်လက်ပေါ့ပါးနေကြသည်။ ယခုအခါ သူတို့နိုင်ငံက အသာစီးရနေပြီဖြစ်သောကြောင့် နောက်ပေါ်လာမည့် အမြုတေတိုင်ကြီးနှစ်ခုက နိုင်ငံတစ်နိုင်ငံ၏ လက်ထဲသို့ ရောက်သွားလျှင်တောင် သူတို့က တဖုရှေးဟောင်းနိုင်ငံကို ကျော်တက်နိုင်မည်မဟုတ်ပေ။
ထို့အပြင် အမြုတေတိုင်ကြီးနှစ်တိုင်ကို နိုင်ငံတစ်နိုင်ငံတည်းလက်ထဲသို့ ကျရောက်ရန် ဖြစ်နိုင်ခြေမှာ အလွန်နည်းပေသည်။
" ဖုရှုကြောင့်ပါပဲ။ တကယ်လို့ ဖုရှုသာမရှိရင် ဒီအမြုတေတိုင်ကြီးက လီယန်ရှေးဟောင်းနိုင်ငံလက်ထဲကို ရောက်သွားလောက်တယ်။ "
" ဟုတ်တယ်။ လီယန်ရှေးဟောင်းနိုင်ငံက အဲ့ဒီနဂါးငွေ့တန်းက တကယ် ကံကောင်းတယ်။ အမြုတေတိုင်ကြီးက သူ့နားမှာ ပေါ်လာတယ်။ "
" ကံကောင်းတာက ဘာထူးမှာလဲ။ ဖုရှုက သူ့ကို ရိုက်ထုတ်လိုက်တာပဲမဟုတ်လား။ "
ရှေးအကျဆုံး ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်မျာဖြစ်သောကြောင့် သူတို့က အခြားသူများက အနည်းငယ် အထင်သေးကြလေသည်။
ထိုအချိန်တွင် အမြုတေတိုင်ကြီးအနီးတွင် လူငယ်တစ်ယောက် ပေါ်လာသည်။ ထိုလူငယ်၏ နဖူးပေါ်တွင် အဖြူအနက်ထိုက်ကျိအမှတ်အသားတစ်ခုရှိနေပြီး အဖြူအနက်အော်ရာများက ရစ်ဝဲနေသည်။ သူက တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များ၏ ရှေ့တွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။
သူက ဘာမှမပြော ဘာမှမလုပ်ဘဲ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သို့သော် ၎င်းကပင် တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့က မည်သည့်အဆင့်ရှိသည်ဖြစ်စေ စိတ်မတည်မငြိမ်ဖြစ်ပြီး မသက်မသာ ခံစားနေရသည်။
လီယန်မြို့တော် သီးခြားဟင်းလင်းပြင်တွင် ချီယန်က လင်းယွမ်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေသည်။ အခြားသူများကလည်း လင်းယွမ်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
အမြုတေတိုင်ကြီးကို လုယူမှာလား။ လက်ရှိတွင် ထိုအမြုတေတိုင်ကြီးကို အသန်မာဆုံး ဖုရှုက သန့်စင်ထားပြီးဖြစ်သောကြောင့် သူက အတွေးတစ်ချက်ဖြင့် ရောက်လာနိုင်သည်။
ထိုအပြင် တဖုရှေးဟောင်းနိုင်ငံ၏ အခြားနတ်ဘုရားအရှင်သခင်များကလည်း အမြုတေတိုင်ကြီးကို စောင့်ကြပ်နေကြမည်မှာ သေချာသည်။ လီယန်ရှေးဟောင်းနိုင်ငံက တဖုရှေးဟောင်းနိုင်ငံကို ဆန့်ကျင်ပြီး အမွေအနှစ်လက်နက်များကို အသုံးပြုကာ အစွမ်းကုန်တိုက်ခိုက်လျှင်တောင် ထိုအမြုတေတိုင်ကြီးကို ရရှိရန် အခွင့်အရေး အလွန်နည်းပါးလေသည်။
လင်းယွမ်တစ်ယောက်တည်းသွားလျှင် ပြောစရာပေ။
" နဂါးငွေ့တန်း မလောနဲ့ဦး။ " ချီယန်က ချက်ချင်း ပြောလိုက်သည်။ " ဖုရှုရဲ့ စွမ်းအားက ခန့်မှန်းရခက်တယ်။ သူက နတ်ဘုရားအရှင်သခင်တွေကိုတောင် သတ်နိုင်စွမ်းရှိတယ်။ "
ယခင် လင်းယွမ်က ဖုရှု၏ လက်မှ လွတ်မြောက်ခဲ့ခြင်းမှာ ဖုရှုက အမြုတေတိုင်ကြီးကို အာရုံစိုက်နေသောကြောင့်ဖြစ်သည်။ ယခု လင်းယွမ်က အမြုတေတိုင်ကြီးကို တစ်ယောက်တည်း သွားခဲ့လျှင် ဖုရှုက သူ့ကို သတ်ရန် ဝန်လေးနေမည်မဟုတ်ပေ။
" ဖုရှုက အရမ်းသန်မာတယ်ဆိုတာ ငါသိတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" စိတ်ချပါ။ ငါ သွားရဲတယ်ဆိုကတည်းက ယုံကြည်ချက် ရှိလို့ပဲ။ " လင်းယွမ်က အခြားသူများကို ကြည့်ပြီး တွေးလိုက်သည်။ " ငါ့ရဲ့ စွမ်းအားက နည်းနည်းတိုးတက်လာခဲ့ပြီ။ ဖုရှုထက်တော့ မနိမ့်ကျလောက်ဘူး။ "
ထိုစကားကိုကြားသောအခါ ချီယန်နှင့် အခြားသူများက မှင်သက်သွားကြသည်။ ဖုရှုထက် မနိမ့်ကျဘူး။ နဂါးငွေ့တန်းက အသန်မာဆုံး နတ်ဘုရားအရှင်သခင်ဖြစ်သွားပြီလား။
သူတို့အားလုံးက မယုံကြည်နိုင်ဖြစ်နေကြသည်။ နဂါးငွေ့တန်း၏ ဘိုးဘေးသွေးမျိုးဆက်က နတ်ဘုရားအရှင်သခင်အဆင့်သို့ ရောက်နေပြီဖြစ်သောကြောင့် အနာဂတ်တွင် သူ၏ သွေးမျိုးဆက်က အထွတ်အထိပ်ထိ ကြီးထွားလာလျှင် အသန်မာဆုံးနတ်ဘုရားအရှင်သခင်သို့ ရောက်ရန် မျှော်လင့်ချက်ရှိလေသည်။
သို့သော် လင်းယွမ်က နတ်ဘုရားအရှင်သခင်အဆင့်သို့ ရောက်သည်မှာ မကြာသေးပေ။ သူတို့က နားမလည်နိုင်ဖြစ်နေကြသော်လည်း လင်းယွမ်၏ အမူအရာကြောင့် ယုံကြည်ရန် ရွေးချယ်လိုက်ကြသည်။
" နဂါးငွေ့တန်း ငါရောက်တဲ့အထိ ခဏလောက်ထပ်စောင့်ပါလား။ ငါ့ရဲ့ စွမ်းအားက ဖုရှုနဲ့မယှဉ်နိုင်ရင်တောင် ငါ့မှာ အမွေအနှစ်လက်နက်ရှိတယ်။ ဖုရှုကို တိုက်ခိုက်ဖို့ လုံလောက်ပါတယ်။ " ချီယန်က ပြောလိုက်သည်။
" မလိုဘူး။ " လင်းယွမ်က ငြင်းလိုက်သည်။
သူက လက်တုန့်ပြန်ရန်နှင့် အမြုတေတိုင်ကြီးကို ပြန်ယူရန် စိတ်ကူးရှိခဲ့သည်။ သို့သော် ရတနာနယ်မြေ၏ နောက်ဆုံးယှဉ်ပြိုင်မှုအတွက် ချန်ထားသော လီယန်ရှေးဟောင်းနိုင်ငံ၏ အမွေအနှစ်များအားလုံးကို ထုတ်သုံးရန် မလိုအပ်ပေ။
" ကောင်းပြီ။ " ချီယန်က လင်းယွမ်တွင် အစီအစဉ်တစ်ခုရှိမည်ဟု ယုံကြည်သောကြောင့် ထပ်မံမတိုက်တွန်းတော့ပေ။
အမြုတေတိုင်ကြီး၏ အပြင်ဘက်တွင် လေထုက ထိုင်းမှိုင်းနေပြီး အဖြူအနက်စွမ်းအားများက ရစ်ဝဲနေသည်။ ယခုအချိန်တွင် အမြုတေတိုင်ကြီးကို ဗဟိုပြု၍ ကြီးမားသော အဖြူအနက်ထိုက်ကျိသင်္ကေတတစ်ခု ဖြည်းညင်းစွာ ဖြစ်ပေါ်လာသည်။
တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက ကြောက်စရာကောင်းသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ လင်းယွမ်ကို လေးနက်စွာ စိုက်ကြည့်နေကြသည်။ သူတို့၏ ရှေ့မှ ထိုလူငယ်က မည်သည့်အော်ရာမှ ထွက်ပေါ်ခြင်းမရှိဘဲ ရပ်နေရုံမျှဖြင့် သူတို့ကို စိတ်နှလုံး တုန်လှုပ်စေခဲ့သည်။
" နဂါးငွေ့တန်း.... သူက လီယန်ရှေးဟောင်းနိုင်ငံက နဂါးငွေ့တန်းလား။ " တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက လင်းယွမ်ကို မှတ်မိသွားကြသည်။ သူတို့က မှတ်မိကြသော်လည်း စဉ်းစားနေရန် အချိန်မရှိပေ။
" နဂါးငွေ့တန်း မြန်မြန်ထွက်သွားစမ်း။ ဒါက ငါတို့ တဖုရှေးဟောင်းနိုင်ငံရဲ့ နယ်မြေပဲ။ " ဖုယွီက လေးနက်စွာ ပြောလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
နဂါးငွေ့တန်းက ဤနေရာတွင် ထွက်ပေါ်လာဝံ့သောကြောင့် လီယန်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက အနီးနားတွင် ရှိနေနိုင်သည်။
" ဟုတ်လား။ " လင်းယွမ်က အမြုတေတိုင်ကြီးကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။ " မင်းတို့ အခုဒီအမြုတေတိုင်ကြီးကို လက်လွှတ်ရင် အသက်ရှင်ခွင့်ရမယ်။ "