← Chapters

လက်ဉီးမှုရယူ ခြင်း

Vol. 23 Ch. 248

လက်ဉီးမှုရယူ ခြင်း

Vol. 23 Ch. 248

​"ခုနက... ဘာဖြစ်သွားတာလဲ"

​"ဘုရားရေ... မြေကြီးစာရင်းဝင် ဖန်တာ့ကျီက ထန်ထျန်းရဲ့ တစ်ကွက်တည်းနဲ့တင် အပြတ်အသတ် အနိုင်ပိုင်းခံလိုက်ရတာလား"

​ခဏတာ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ကြီးမှာ ရုတ်တရက် ဆူညံပွက်လောရိုက်သွားတော့သည်။

​ဒါက တကယ်ကို လွန်လွန်းလှသည်။

​ဖန်တာ့ကျီက အစစ်အမှန် အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံခြင်းရှိရုံသာ ဖြစ်သော်လည်း မြေကြီးစာရင်းသို့ တက်လှမ်းနိုင်သူဖြစ်သဖြင့် အားနည်းသူတစ်ဦးတော့ မဟုတ်ပေ။

​ထန်ထျန်းက ပိုသန်မာသည်ထားဦးတော့၊ တစ်ဖက်လူက သူ့ရှေ့တွင် အနည်းငယ်မျှပင် ပြန်မခုခံနိုင်လောက်အောင် ဖြစ်သွားရခြင်းကတော့ မဖြစ်သင့်ပေ။

​ဒါက ဘယ်လိုအခြေအနေမျိုးလဲ။

​"ဟားဟား... ငါကတော့ ထန်ထျန်းက မြေကြီးစာရင်း အဆင့် ၆၀၀ ကျော်မှာ အဆင့်သတ်မှတ်ခံထားရတာက နည်းနည်းများလွန်းနေတယ်လို့ ထင်နေတာ။"

​"ဒါပေမဲ့ အခုကြည့်ရတာတော့ သူက ဒီအဆင့်အတန်းနဲ့ ထိုက်တန်တဲ့ ခွန်အားမျိုးကို အပြည့်အဝ ပိုင်ဆိုင်ထားတာပဲ။"

​"ပြီးတော့ ဖြစ်နိုင်တာက သူ့ရဲ့ စွမ်းအားအစစ်အမှန်က ဒီထက်မက ပိုပြီးတော့တောင် ရှိနေနိုင်သေးတယ်"

​လူများက တီးတိုးပြော နေကြပြီး သူတို့၏ မျက်နှာပေါ်မှ အမူအရာများမှာလည်း အစ ကလို စပ်စုချင်သည့် ပုံစံမျိုးမှ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သည့် ပုံစံသို့ ပြောင်းလဲသွားကြပြီ ဖြစ်သည်။

အ​ပြင်လောကမှ လာသည့် တပည့်သစ်တစ်ယောက်က ဤမျှလောက်အထိ ခွန်အားကြီးမားနိုင်ပါသလား။

​လူတိုင်း၏ တုံ့ပြန်မှုများကို ရင်ဆိုင်နေရသော်လည်း ထန်ထျန်းကမူ ထုံးစံအတိုင်းပင် တည်ငြိမ်စွာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်လျက် အရက်ကို အေးအေးလူလူ သောက်နေဆဲဖြစ်သည်။

​"ငါ့ကို စိန်ခေါ်ချင်တဲ့သူ ရှိသေးလား"

​သူက တစ်ဖက်မှ လူတစ်စုကို လှည့်ကြည့်လိုက်သည်။

​ထိုအချိန်တွင် ဖန်တာ့ကျီ၏ အဖော်များမှာလည်း အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေကြသည်။

​သူတို့ ရောက်လာစဉ်က ထန်ထျန်းကို လုံးဝ မျက်စိထဲ ထည့်မထားခဲ့ကြပေ။

​အကြောင်းမှာ ရှေးယခင်ကတည်းက အပြင်မှ ထျန်းဖူနန်းတော်သို့ ရောက်လာသည့် တပည့်သစ်တိုင်းသည် အစပိုင်းတွင် ဤမျှလောက်အထိ ထင်ပေါ်ကျော်ကြားနိုင်စွမ်း မရှိခဲ့ကြသောကြောင့် ဖြစ်သည်။

​လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က 'နတ်သမီးလင်းလျို့ ' ပင်လျှင် နဂါးတံခါးစမ်းသပ်ပွဲ ပြီးမှသာ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိခဲ့ပြီး တစ်ဟုန်ထိုး နာမည်ကြီးလာခဲ့ခြင်း ဖြစ်သည်။

​ဒါက ပတ်ဝန်းကျင် အခြေအနေ၏ ကန့်သတ်ချက်ဖြစ်သဖြင့် မည်သူမျှ ရှောင်လွှဲ၍ မရနိုင်သော အချက်ပင်။

​သို့သော် ထန်ထျန်းကမူ လူတိုင်း လက်ခံထားသည့် ဤယူဆချက်ကို ဆန့်ကျင်နေပုံရသည်။

​ဂိုဏ်းဝင်စမ်းသပ်ပွဲတွင် သူတစ်ယောက်တည်းဖြင့် ထျန်းဖူနန်းတော် တပည့် ရာကျော်ကို ဖယ်ရှားခဲ့ပြီး ယခုအခါတွင်လည်း တစ်ကွက်တည်းဖြင့် မြေကြီးစာရင်းဝင် ဖန်တာ့ကျီကို တိုက်ခိုက်နိုင်စွမ်း လုံးဝ ကုန်ဆုံးသွားအောင် လုပ်လိုက်ပြန်ပြီ။

​သူ၏ ခွန်အားမှာ နက်ရှိုင်းလှသော ချောက်ကြီးကဲ့သို့ပင် မည်သူမျှ ခန့်မှန်း၍ မရနိုင်ချေ။

​ထန်ထျန်း၏ မေးခွန်းကြောင့် လူတိုင်းမှာ ခေတ္တမျှ ကြောင်အသွားကြပြီး မည်သူမျှ အနိုင်ရမည်ဟု အာမမခံနိုင်တော့သဖြင့် ရှေ့သို့ မထွက်ရဲကြတော့ပေ။

​တွေဝေနှောင့်နှေးနေကြသည့် တပည့်များကို ကြည့်ကာ ထန်ထျန်းက အသာလေး သက်ပြင်းချလိုက်သည်။

​"ငါက ထျန်းဖူနန်းတော် တပည့်တွေက တစ်ကမ္ဘာလုံးမှာ အထူးချွန်ဆုံး ပါရမီရှင်တွေလို့ ထင်ထားခဲ့တာ။"

​"ဒါပေမဲ့ ဒီလောက်ပဲလား"

​"စိန်ခေါ်ဖို့ သတ္တိတောင် မရှိဘဲနဲ့ ဘယ်လိုအရည်အချင်းမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင် လို့ ခေါ်နေကြတာလဲ"

​သူ၏ စကားလုံးတိုင်းမှာ လှောင်ပြောင်သရော်မှုများဖြင့် ပြည့်နှက်နေသည်။

​အားလုံးမှာ မာနကြီးကြသည့် လူငယ်များ ဖြစ်ကြသဖြင့် ထန်ထျန်း၏ စကားကို ကြားသောအခါ ဒေါသမှာ ကြောက်ရွံ့မှုကို ကျော်လွန်သွားတော့သည်။

​လူငယ်တစ်ဦးမှာ လူအုပ်ထဲမှ ခုန်ထွက်လာသည်။

​သူ၏ အသက်မှာ ဖန်တာ့ကျီထက် ငယ်ပုံရသော်လည်း သူ၏ ကိုယ်ပေါ်မှ အေယ်ရာ မှာမူ ဖန်တာ့ကျီထက် ပို၍ အားကောင်းလှသည်။

​"ထန်ထျန်း... မင်း အရမ်း မောက်မာမနေနဲ့"

​လူငယ်က ဒေါသတကြီး အော်လိုက်သည်။

​ထန်ထျန်းက အေးဆေးစွာ ပြုံးလိုက်ပြီး "မင်းက ဘာတွေ ပြောနေတာလဲ"

​"ခုနက တိုက်ပွဲမှာ ငါက အနိုင်ရထားတဲ့သူလေ၊ ငါက မမောက်မာလို့ ဘယ်သူ့ကို မောက်မာခိုင်းရမှာလဲ"

​လူငယ်၏ မျက်နှာမှာ ချက်ချင်း ညိုမည်းသွားသည်။

​သို့သော် သူ ပြန်ပြောရန် စကားလုံး ရှာမတွေ့ပေ။ အကြောင်းမှာ တစ်ဖက်လူ ပြောနေသည်မှာ အမှန်တရား ဖြစ်နေသောကြောင့် ဖြစ်သည်။

​နည်းနည်းတော့ အရှက်မရှိသလို ဖြစ်နေရုံသာ ရှိသည်။

​အခြေအနေမဟန်သဖြင့် သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "မင်းက စီနီယာအစ်ကို ဖန် ကို အနိုင်ယူနိုင်ပေမဲ့ တခြားသူတွေကို အနိုင်ယူနိုင်မယ်လို့ မထင်နဲ့"

​"ငါက..."

​လူငယ်က သူ့နာမည်ကို မိတ်ဆက်ရန် ပြင်လိုက်သော်လည်း ထန်ထျန်းက လက်မြှောက်ကာ တားလိုက်သည်။

​"ငါက ငါ့လက်အောက်မှာ ပထမဆုံး ရှုံးနိမ့်သွားတဲ့သူရဲ့ နာမည်ကိုပဲ မှတ်ထားတတ်တာ။"

​"နောက်ကလူတွေရဲ့ နာမည်ကိုတော့ ငါ စိတ်မဝင်စားဘူး"

​ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။

​လူငယ်မှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်ထားရသည်။ ဤလူမှာ တကယ်ကို မောက်မာလွန်းသည်၊ လူကို ဒေါသထွက်အောင်လည်း တကယ် လုပ်နိုင်စွမ်းရှိသည်။

​"မင်းက ငါ့ကို အနိုင်ယူနိုင်မယ်လို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား"

​သူက ဟိန်းဟောက်လိုက်သည်။ သူ၏ ဒေါသနှင့် ခွန်အားများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့် အနေအထား ဖြစ်နေသည်။

​ထန်ထျန်းကမူ ထိုပုံစံအတိုင်းပင် ရှိနေကာ မေးလိုက်သည်။ "အဲ့ဒီတော့... အခု မင်းက ငါ့ကို စိန်ခေါ်မှာလား"

​"အပိုတွေ မမေးနဲ့"

​လူငယ်က အော်လိုက်သည်။

​ထန်ထျန်းက ခေါင်းငြိမ့်ပြကာ "ဒါဆိုရင် အခုပဲ စမလား"

​လူငယ်၏ မျက်လုံးများမှာ အေးစက်လှသည်။ "ဒါပေါ့"

​ထန်ထျန်း "ငါက မင်းကို တစ်ကွက် အလျော့ပေးဖို့ လိုမလား"

​လူငယ် "မလိုဘူး"

​ထန်ထျန်း "ဒါဆိုရင် အချိန်တွက် လိုသေးလား"

​လူငယ်မှာ ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်နေပြီ ဖြစ်သည် "ဒါလည်း မလိုဘူး"

​သူက ထန်ထျန်းကို အစိမ်းလိုက် ဝါးစားတော့မည့်အလား စိုက်ကြည့်နေသည်။

​သို့သော် သူ၏ စကားဆုံးသွားသည်နှင့် တပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုမှာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်လာတော့သည်။

​"ဘုန်းးး"

​ထိုဖိအားမှာ ကြီးမားလွန်းလှသဖြင့် လူငယ်မှာ ချက်ချင်း တုံ့ပြန်နိုင်စွမ်း မရှိဘဲ ရှေ့သို့ ခြေလှမ်းကျဲကြီး တစ်လှမ်း တိုးသွားပြီးမှသာ မြေပြင်ပေါ်သို့ မှောက်လျက် မလဲကျသွားအောင် ထိန်းထားနိုင်ခဲ့သည်။

​သို့သော် သူသည် အလွန်အမင်း ခံရခက်နေသည်။ သူ၏ ကိုယ်ပေါ်တွင် မမြင်ရသည့် တောင်ကြီးတစ်လုံးကို ထမ်းထားရသကဲ့သို့ ခံစားနေရပြီး အသက်ရှူလိုက်တိုင်း မျက်နှာမှာ ပို၍ နီမြန်းလာကာ ဒူးခေါင်းများနှင့် အခြားသော အဆစ်အမြစ်များဆီမှ "ဂျောက် ဂျောက်" ဟု မြည်သံများ ထွက်ပေါ်လာရာ ကြားရသူများမှာပင် ကြက်သီးထဖွယ် ကောင်းလှသည်။

​"ဟမ်... ဒါ ဘာဖြစ်တာလဲ"

​ဘေးမှ ကြည့်နေသော လူအချို့မှာ မသိနားမလည် ဖြစ်နေကြသည်။

​သို့သော် ဝမ့်ယွဲ့တောင်ထိပ်၏ အထက်ပိုင်းမှ ဆင်းလာကြသော တပည့်များကမူ အခြေအနေကို ရိပ်မိသွားကြသည်။

​"ထန်ထျန်း တိုက်ခိုက်လိုက်တာပဲ။"

​"သူက ကြောက်စရာကောင်းတဲ့ စွမ်းအားတစ်ခုကို ထိန်းချုပ်ပြီး တစ်ဖက်လူရဲ့ ကိုယ်ပေါ်ကို ဖိချလိုက်တာ။"

​"အဲ့ဒါက မမြင်ရတဲ့ ဖိအားပဲ၊ ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင်... ဒါက မြေကြီးသံလိုက်စက်ကွင်း နဲ့ ဆက်စပ်နေနိုင်တယ်"

​ပါရမီရှင်များ ဖြစ်ကြသည့်အလျောက် သူတို့က ထန်ထျန်း အသုံးပြုလိုက်သည့် သိုင်းကွက် ကို လျင်မြန်စွာ ခန့်မှန်းနိုင်ကြသည်။

​မှန်ပေသည်။ ၎င်းမှာ မြေကြီးသံလိုက်စွမ်းအား (သို့မဟုတ်) ဆွဲငင်အား ပင် ဖြစ်သည်။

​လူငယ်က အချိန်တွက် ပေးဖို့ မလိုဘူးဟု ပြောလိုက်သည်နှင့် တပြိုင်နက် ထန်ထျန်းက ထိုသူရှိရာ နေရာ၏ ဆွဲငင်အားကို ချက်ချင်း ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

​အဆ တစ်သောင်းအထိ မြှင့်တင်လိုက်ခြင်းပင်။

​ဇာတ်လိုက်ဖြစ်တိုင်း အမြဲတမ်း ခုခံနေရမည်ဟု မည်သူပြောသနည်း။

​ဤတစ်ကြိမ်တွင်မူ ထန်ထျန်းက ဦးစွာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။

​မြေကြီးသံလိုက်စွမ်းအားက အရောင်မရှိ၊ ပုံသဏ္ဌာန်မရှိဘဲ တာအို လှိုင်းများကိုပင် ရှာဖွေရခက်လှသဖြင့် လောကအနှံ့ လှည့်လည်ရာတွင် လူမသိသူမသိ တိုက်ခိုက်ရန်အတွက် အကောင်းဆုံးသော လျှို့ဝှက်ချက် တစ်ခုပင် ဖြစ်သည်။

​သို့သော် ထန်ထျန်းကို အနည်းငယ် အံ့အားသင့်စေသည်မှာ တစ်ဖက်လူက အချိန်မီ တုံ့ပြန်နိုင်ခဲ့ပြီး ဆွဲငင်အား အဆတစ်သောင်းကို တောင့်ခံထားနိုင်ခြင်းပင် ဖြစ်သည်။

​ထျန်းဖူနန်းတော်မှ ပါရမီရှင်များမှာလည်း အထိုက်အလျောက်တော့ အသုံးဝင်သေးပုံရသည်။

​သို့သော် ကံမကောင်းစွာဖြင့် ထန်ထျန်း၏ ယနေ့ ရည်ရွယ်ချက်မှာ သူ၏ အာဏာကို ပြရန် ဖြစ်သည်။

​လက်ထဲမှ အရက်ခွက်ကို ဖြည်းညှင်းစွာ ပွတ်သပ်ရင်း သူက လူငယ်၏ ကိုယ်ပေါ်မှ မြေကြီးသံလိုက်အားကို နောက်ထပ် အဆတစ်သောင်း ထပ်တိုးလိုက်ပြန်သည်။

​ဤတစ်ကြိမ်တွင်မူ တစ်ဖက်လူမှာ လုံးဝ တောင့်မခံနိုင်တော့ပေ။

​"ဘုန်းးး" ဟူသော အသံကြီးနှင့်အတူ လူငယ်မှာ ဒူးနှစ်ဖက်စလုံး မြေကြီးပေါ်သို့ ကျိုးကျသွားတော့သည်။

​အရိုးကျိုးသံ "ခရက်" ဟူသော အသံနှင့်အတူ လရောင်စွမ်းအားဖြင့် သန်မာအောင် ပြုလုပ်ထားသော မြေပြင်မှာပင် သူ၏ ဒူးခေါင်းကြောင့် ကျင်းနှစ်ကျင်း ဖြစ်သွားကာ မြေပြင်တစ်ခုလုံး တုန်ခါသွားတော့သည်။

​လူငယ် စုဆောင်းထားသမျှ ဒေါသနှင့် ခွန်အားများမှာ သွေးတစ်လုပ်အဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပန်း ထွက်သွားတော့သည်။

​လူတိုင်းမှာ နောက်တစ်ကြိမ် ကြောင်အသွားကြပြန်သည်။

​ခုနက ဖန်တာ့ကျီ ရှုံးနိမ့်သွားခြင်းက သူတို့ကို အလွန်အမင်း တုန်လှုပ်စေခဲ့လျှင် ယခုတစ်ကြိမ်မှာမူ သူတို့ကို ကြောက်လန့်တုန်ရင်စေခဲ့ပြီ ဖြစ်သည်။

​အကယ်၍ ထန်ထျန်းက အခွင့်အရေး မပေးလျှင် တစ်ဖက်လူမှာ တိုက်ခိုက်ဖို့ အခွင့်အရေးတောင် ရမှာ မဟုတ်ပေ။

​အချိန်အတော်ကြာပြီးနောက် လူတစ်ဦးက တိုးတိုးလေး ပြော လိုက်သည်။ "ငါ မှတ်မိသလောက်ဆိုရင် ဒီလူငယ်နာမည်က လီဖေး၊ မြေကြီးစာရင်း အဆင့် ၇၄၃ က ကျင့်ကြံသူ ပဲ..."

​"အစစ်အမှန် အင်မော်တယ် နှောင်းပိုင်း အဆင့် ပဲ"

​လူတိုင်းမှာ ချက်ချင်း ဆွံ့အသွားကြသည်။

​"အစစ်အမှန် အင်မော်တယ် နှောင်းပိုင်း အဆင့် ကျင့်ကြံသူ ကို ပြန်ခုခံခွင့်တောင် မရအောင် လုပ်နိုင်တယ်ဆိုရင် ထန်ထျန်းရဲ့ ကျင့်ကြံခြင်းက... ကောင်းကင်အင်မော်တယ် ဖြစ်နေပြီလား"

​ထိုလူက ခေါင်းခါရင်း ပြုံးလိုက်သည်။

​"ကောင်းကင်အင်မော်တယ် မဟုတ်ရင်တောင် ကောင်းကင်အင်မော်တယ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားတော့ ရှိနေမှာ သေချာတယ်။"

​"တကယ့်ကို မိစ္ဆာလို ပါရမီရှင်ပဲ၊ သူက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က လူထက်တောင် ပိုပြီး ကြောက်စရာကောင်းနေသေးတယ်။"

​"ထျန်းဖူနန်းတော်မှာတော့ ကမ္ဘာပျက်ဦးမှာပဲ"

​လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်နေသော်လည်း ထန်ထျန်းကမူ ထိုအတိုင်းပင် တည်ငြိမ်နေဆဲဖြစ်သည်။

​"နောက်တစ်ယောက်"

​သူက ကျန်ရှိနေသေးသော စိန်ခေါ်သူများကို စိုက်ကြည့်လိုက်တော့သည်။

All Chapters