ငါလည်း ဘာမှမပြောလိုက်ပါဘူး
Vol. 23 Ch. 250
"သခင်လေး... ခုနက ကျွန်တော်တို့ ... နည်းနည်းများ လွန်သွားသလားလို့"
လှိုဏ်ဂူထဲ ပြန်ရောက်ပြီးနောက် လီဟုန်က ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။
ထန်ထျန်းက သူ့ကို တစ်ချက်ကြည့်ကာ ရယ်မောပြီး "မင်းလည်း အဲ့ဒီလိုပဲ ထင်တာလား"
လီဟုန်က ရိုးသားစွာ ခေါင်းငြိမ့်ပြပြီး "ကျွန်တော် တို့က ထျန်းဖူနန်းတော်ကို ရောက်ခါစပဲ ရှိသေးတယ်လေ၊ ဒီက အခြေအနေတွေကိုလည်း အသေးစိတ် သိပ်မသိသေးဘူး"
"သခင်လေး ခုနက ပြောလိုက်တဲ့ စကားတွေက... ထျန်းဖူနန်းတော် တပည့်အကုန်လုံးကို ရန်သူဖြစ်အောင် လုပ်လိုက်သလို ဖြစ်နေပြီ။"
"ဒါက တကယ်ပဲ ဘာမှမဖြစ်နိုင်ဘူးလား"
ထန်ထျန်းက နားထောင်ပြီးနောက် အသာလေး သက်ပြင်းချလိုက်သည်။
"တကယ်တော့ ဒီကိစ္စက ငါတို့ ထိန်းချုပ်လို့ရတဲ့ အရာမဟုတ်ဘူး။"
"မင်း သတိမထားမိဘူးလား၊ ငါတို့ ဝမ့်ယွဲ့လှိုဏ်ဂူကို ရောက်ကတည်းက လုရှီ၊ ဟွမ်ပြောင် တို့လို တပည့်တွေပဲဖြစ်ဖြစ်၊ ဝမ်ရှို့ လို တာဝန်ခံ ပဲဖြစ်ဖြစ်... သူတို့ ဘယ်သူမှ ငါတို့ကို ထျန်းဖူနန်းတော်ရဲ့ တပည့်တွေလို သဘောမထားကြဘူး။"
"သူတို့ ငါတို့ကို ခေါ်နေကျ နာမည်က 'အောက်တန်းစားဂိုဏ်း' ဒါမှမဟုတ်ရင် 'အပြင်လူ' ဆိုတာပဲ။"
"ဒါကြောင့် ဒီတိုက်ပွဲမှာ ငါတို့ အနိုင်ရသွားတာနဲ့ တစ်ပြိုင်နက် ထျန်းဖူနန်းတော် တပည့် အများစုရဲ့ အာရုံစိုက်မှုကို ခံရမှာက ရှောင်လွှဲလို့ မရတဲ့ ကိစ္စပဲ။"
"သူတို့က ထျန်းဖူနန်းတော် တပည့်တွေရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို သက်သေပြဖို့အတွက် ငါ့ကို လာပြီး စိန်ခေါ်ကြမှာ အသေအချာပဲ။"
"ဒီလိုမှတော့ ငါက ဘာဖြစ်လို့ သူတို့နဲ့ ဟန်ဆောင်ပန်ဆောင် ဆက်ဆံနေဖို့ လိုဦးမှာလဲ"
ထန်ထျန်း၏ စကားကို ကြားမှ လီဟုန်လည်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
ဤကိစ္စက အပေါ်ယံကြည့်လျှင် ထန်ထျန်းက မောက်မာလွန်းသည်ဟု ထင်ရသော်လည်း သေသေချာချာ စဉ်းစားကြည့်လျှင် ထန်ထျန်း ပြောသည်မှာ မှန်ကန်လှသည်။
သူ့ဘက်က ဘယ်လို သဘောထားမျိုးပဲ ရှိရှိ၊ ထျန်းဖူနန်းတော်ထဲတွင် သူ မရှုံးသေးသရွေ့ သူ့ကို မျက်စိ'စပါးမွှေး စူးမည့်သူတွေက အမြဲရှိနေမည်သာ ဖြစ်သည်။
ဒါက ရပ်တည်ချက်နဲ့တောင် မဆိုင်တော့ဘဲ ရှေးယခင်ကတည်းက ရှိခဲ့သည့် အလေ့အထတစ်ခုကြောင့် ဖြစ်လာသည့် ရလဒ်ပင်။
"ဒါပေမဲ့ ဒီလိုဆိုရင်တော့ သခင်လေးက အေးအေးဆေးဆေး နေရ တော့မှာ မဟုတ်ဘူး"
လီဟုန်က စိတ်မကောင်းစွာ ပြောလိုက်သည်။
သို့သော် ထန်ထျန်းကမူ အေးဆေးသည့် ပုံစံဖြင့် ပြုံးကာ ပြောလိုက်သည်။ "ဒါက ဘာပူစရာ ရှိလို့လဲ"
"လာပြီး စိန်ခေါ်ချင်ရင်လည်း လာခိုင်းလိုက်ပေါ့။"
"မကျေနပ်ဘူးလား"
"ဟီးဟီး... အဲ့ဒါဆိုရင် ငါက သူတို့ တစ်ယောက်ချင်းစီကို ကျေနပ်သွားအောင် ရိုက်ပြရုံပေါ့"
ထန်ထျန်း၏ လေသံမှာ အေးဆေးနေသော်လည်း ပြောလိုက်သည့် အကြောင်းအရာမှာမူ အလွန်ပင် မာန်ပါလှသည်။
လီဟုန်ပင် ကြောင်အသွားရသည်၊ သူက ထန်ထျန်း၏ အသက်အရွယ်နှင့် မလိုက်အောင် တည်ငြိမ်ရင့်ကျက်မှုကို ကျင့်သားရနေသော်လည်း ယခုကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာသည့် ရဲရင့်ပြတ်သားမှု ကိုတော့ အသားမကျသေးပေ။
မည်သို့ပင်ဖြစ်စေ ထန်ထျန်း ပြောလိုက်သည့်အရာမှန်သမျှကို အမြဲတမ်း လုပ်ဆောင်နိုင်မည်ဟု သူ အမြဲတမ်း ယုံကြည်နေမိသည်။
သူတို့နှစ်ဦး စကားစမြည် ပြောဆိုနေစဉ်မှာပင် လန်ယွဲ့က အပြင်မှ ဝင်လာခဲ့သည်။
"သခင်လေး... အပြင်မှာ တာဝန်ခံတစ်ယောက်က တွေ့ချင်လို့တဲ့၊ သခင်လေးရဲ့ သူငယ်ချင်းလို့ ပြောပါတယ်"
ထန်ထျန်း မျက်ခုံးပင့်လိုက်မိသည်။
တာဝန်ခံလား သူငယ်ချင်းလား
ဝမ့်ယွဲ့တောင်ထိပ်မှာ သူ သိသည့် တာဝန်ခံဆိုလို့ နှစ်ယောက်ပဲ ရှိသည်။
ဝမ်ရှို့ ကတော့ ပြန်လာစရာ အကြောင်းမရှိ၊ ဒါဆိုရင် တစ်ယောက်ပဲ ကျန်တော့သည်။
ကွမ်းယို။
ဒီကောင် အခုမှ ငါ့ကိုလာရှာတာ ဘာကိစ္စပါလိမ့်။
ထန်ထျန်း ခဏစဉ်းစားပြီးနောက် လန်ယွဲ့ကို သူ့အား ဖိတ်ခေါ်ခိုင်းလိုက်သည်။
ခဏအကြာတွင် ကွမ်းယိုနှင့် လန်ယွဲ့တို့ ဧည့်ခန်းထဲသို့ အတူဝင်လာကြသည်။
"သခင်လေး ထန်ထျန်း"
ဝင်လာချင်းမှာပင် ကွမ်းယိုက ရယ်မောလျက် နှုတ်ဆက်လိုက်သည်။ "ငါ သတင်းရရချင်း အပြင်မှာ အလုပ်ကိစ္စ ရှိနေလို့လေ။"
"ဒါပေမဲ့ မင်းက တိုက်ပွဲကို မြန်မြန်ဆန်ဆန်ပဲ အဆုံးသတ်လိုက်တာပဲ၊ ငါ ရောက်လာတော့ လူစုတောင် ကွဲကုန်ပြီ။"
"နောက်တစ်ခါ ဒီလိုကိစ္စရှိရင် ငါ့ကို ကြိုပြီး အကြောင်းကြားဦးနော်။"
"ငါကတော့ အဲ့ဒီလို ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်ဆိုပြီး မောက်မာနေတဲ့သူတွေ မြေကြီးပေါ်မှာ ဖိနှိပ် ခံနေရတာကို မြင်ရတာ အရမ်း သဘောကျတာ"
ထန်ထျန်း မေးစေ့ကို ပွတ်သပ်လိုက်မိသည်၊ ဤကောင်က သူ့ထက်တောင် ပိုပြီး ပျော်နေသလိုပဲ။
သူက ကွမ်းယိုကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီးနောက် အေးဆေးစွာ ရယ်မောလျက် ပြောလိုက်သည်။ "တကယ်ပဲ ခဏလေးနဲ့ ပြီးသွားတာပါ။"
"တာဝန်ခံ ဝမ်ရှို့ သာ နောက်ဆုံးမှာ ထွက်မလာဘူးဆိုရင် မင်း နောက်ထပ် ဖြစ်လာမယ့် အကြောင်းအရာတွေကို မြင်ရမှာ"
ထိုစကားကို ကြားတော့ ကွမ်းယို မျက်မှောင်ကြုတ်သွားသည်။ "ဝမ်ရှို့လား"
"အဲ့ဒီကောင်က အရာရာကို လိုက်ပါချင်နေတာပဲ၊ တစ်နေ့ကျရင် စည်းကျော်မိလို့ အနှိပ်ကွပ် ခံရဦးမယ်"
ကွမ်းယို၏ လေသံအရ သူသည်လည်း ဝမ်ရှို့ကို အမြင်မကြည်မှန်း သိသာလှသည်။
ထန်ထျန်းက ခေတ္တစဉ်းစားပြီး မေးလိုက်သည်။ "တာဝန်ခံ ဝမ်ရှို့ က ဒီနယ်မြေရဲ့ စီမံသူဆိုတော့ သူက လာပြီး စည်းကမ်းထိန်းသိမ်းတာကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စပဲ မဟုတ်လား"
ကွမ်းယိုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "ဖြစ်သင့်ဖြစ်ထိုက်တာတွေ လျှောက်ပြောမနေနဲ့။"
"ထျန်းဖူနန်းတော်မှာ တပည့်အချင်းချင်း စိန်ခေါ်တာက နေ့စဉ်စားနေကျ ထမင်းလိုပဲ၊ အချိန်တိုင်း ဖြစ်ပျက်နေတာ။"
"တခြားသူတွေကျတော့ သူ လိုက်မတားပါလား"
"ထျန်းဖူနန်းတော် အထက်ပိုင်းကလူတွေတောင် ဒီလိုအပြုအမူမျိုးကို အားပေးနေတာ၊ အသက်အန္တရာယ် မရှိသရွေ့ပေါ့။"
"ဒီ ဝမ်ရှို့ ဆိုတဲ့ကောင်က..."
"ကဲ... ထားလိုက်ပါတော့၊ နောက်ဆို အဲ့ဒီကောင်နဲ့ ဆက်ဆံရင် သတိထားနော်၊ မထင်မှတ်တဲ့ အချိန်မှာ ချောက်ချခံရလိမ့်မယ်"
ထန်ထျန်း ဘာမှပြန်မပြောဘဲ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေလိုက်သည်။
ကွမ်းယို ကြောင်သွားပြီး မေးလိုက်သည်။ "မင်းကို သူက ချောက်ချလိုက်ပြီလား"
ထန်ထျန်းက ရယ်မောလျက် ခေါင်းခါပြလိုက်သည်။ "အဲ့ဒီလိုတော့ မဟုတ်ပါဘူး။"
"ဒါပေမဲ့... တာဝန်ခံ ဝမ်ရှို့ က ငါက ထျန်းဖူနန်းတော် တပည့်တွေကို လူပုံအလယ်မှာ အနိုင်ယူလိုက်တာကို သိပ်ပြီး မကျေနပ်တဲ့ ပုံပဲ။"
"ဒါကြောင့် ငါနဲ့ သူနဲ့ စကားပြောရင်း နည်းနည်း အဆင်မပြေ ဖြစ်သွားကြတယ်"
ကွမ်းယို နဖူးကို လက်နှင့်အုပ်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ငါ သိသားပဲ။"
"ဒီလို ဘက်လိုက်တတ်တဲ့ကောင်က ဒီလိုကိစ္စမျိုး လုပ်တာ ဘာမှ မထူးဆန်းဘူး"
ထို့နောက် ကွမ်းယို၏ ရှင်းပြချက်အရ ဝမ်ရှို့ ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကို ထန်ထျန်း အကြမ်းဖျင်း သဘောပေါက်သွားတော့သည်။
ထျန်းဖူနန်းတော်က အလွန်ကြီးမားလှပြီး ချင်းယွဲ့ဂိုဏ်း (ဂိုဏ်းပေါင်း ၁၀၀) ထက်ပင် ပို၍ ကျယ်ဝန်းလှသည်။
တစ်ချိန်တည်းမှာပင် လူဦးရေကလည်း ချင်းယွဲ့ဂိုဏ်းထက် အဆပေါင်းများစွာ ပိုများသည်။
ဤမျှလောက် များပြားလှသည့် လူအုပ်ကြီးကြားတွင် အားပြိုင်မှုများ၊ အကောက်ကြံမှုများ ရှိနေသည်မှာ ဓမ္မတာပင်။
လူအချင်းချင်း၊ အင်အားစုအချင်းချင်း၊ နယ်မြေအချင်းချင်းကြားတွင်ပင် ပဋိပက္ခများ ရှိနေကြသည်။
ထျန်းဖူနန်းတော် ၏ ဖွဲ့စည်းပုံကို နယ်မြေကြီး ၁၀ ခု ခွဲထားပြီး နယ်မြေကြီးတစ်ခုစီတွင် နယ်မြေခွဲများစွာ ရှိသည်။
အရင်က ချီယွမ် ပြောပြချက်အရ သူရှိသည့်နေရာမှာ အရှေ့တောင်ပိုင်းနယ်မြေ ရှိ ယန်မင် နယ်မြေခွဲ ဖြစ်သည်။
သို့သော် ဤနယ်မြေကြီး ၁၀ ခုထဲတွင် အလယ်ပိုင်း နယ်မြေ ၂ ခုနှင့် အပြင်ပိုင်း နယ်မြေ ၈ ခု ကြားတွင် အမြဲတမ်း ကွဲလွဲချက်များ ရှိနေတတ်သည်။
တကယ်တော့ ဒါက တော်တော် ပျင်းစရာကောင်းတဲ့ ကိစ္စပါ။ ဘာလို့လဲဆိုတော့ ထျန်းဖူနန်းတော်ကို စတင် တည်ထောင်စဉ်က အလယ်ပိုင်း နယ်မြေ ၂ ခုပဲ ရှိခဲ့ပြီး အပြင်ပိုင်း ၈ ခုကတော့ နောက်မှ တဖြည်းဖြည်း ပေါ်ပေါက်လာတာ ဖြစ်လို့ပါ။
ဒါကြောင့် အလယ်ပိုင်း နယ်မြေ ၂ ခု က လူတချို့က သူတို့ကိုယ်သူတို့ ထူးခြားမြင့်မြတ်တယ်ဆိုတဲ့ မာနမျိုး အလိုလို ရှိနေကြတာပေါ့။
သူတို့က သူတို့ကိုယ်သူတို့ 'ထျန်းဖူနန်းတော်ရဲ့ မူလမျိုးဆက်' လို့ ခေါ်လေ့ရှိပြီး ကျန်တဲ့သူတွေကိုတော့ အမြဲတမ်း အထင်သေးတတ်ကြတယ်။
"ဝမ်ရှို့ က အဲ့ဒီ အလယ်ပိုင်းနယ်မြေ ၂ခု က လူပဲ၊ ခွန်အားက သိပ်မရှိဘဲနဲ့ အမြဲတမ်း ဟန်ကိုယ့်ဖို့နဲ့ နေတတ်တာ။"
"သူက ငါ့လို အပြင်ပိုင်းနယ်မြေ ၈ ခု ကလူကိုတောင် အထင်သေးတာ၊ မင်းလို အပြင်ဂိုဏ်းက လာတဲ့ တပည့်ဆိုရင်တော့ ပြောမနေနဲ့တော့။"
"ပြီးတော့ မင်း အနိုင်ယူလိုက်တဲ့ လီဖေး ကလည်း အလယ်ပိုင်းနယ်မြေ က တပည့်ပဲ။"
"ဒါကြောင့် သူ မင်းကို မကျေနပ်တာကတော့ သေချာတယ်"
ကွမ်းယိုက ပြောပြသည်။
ထန်ထျန်း နားထောင်ပြီးနောက် စိတ်ပျက်သွားမိသည်။
ထျန်းဖူနန်းတော်လို နေရာမျိုးမှာတောင် ဒီလို အဓိပ္ပာယ်မရှိတဲ့ လူသားမဆန်တဲ့ ကိစ္စတွေ လုပ်နေကြလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
"ဒါဆိုရင်တော့ ဝမ်ရှို့ လိုမျိုး ကိုယ့်ကိုယ်ကိုယ် မူလမျိုးဆက်လို့ သတ်မှတ်ထားတဲ့သူတွေကလွဲရင် ကျန်တဲ့သူတွေက အပြင်တပည့်တွေအပေါ် ရန်လိုမှု သိပ်မရှိဘူးပေါ့ ဟုတ်လား"
ထန်ထျန်းက မေးလိုက်သည်။
ကွမ်းယိုက ပြုံးလျက် "ဒါပေါ့။"
"ပြောရရင် ထျန်းဖူနန်းတော်က အရမ်းကြီးတယ်၊ တပည့်တွေကလည်း အများကြီးပဲ။"
"၅ နှစ်မှ တစ်ခါ တွေ့ရတဲ့ အပြင်တပည့်တွေအပေါ်မှာတော့ လူတွေက စပ်စုချင်စိတ်ပဲ ရှိကြတာပါ။"
"တစ်ယောက်ယောက်က ထျန်းဖူနန်းတော် တပည့်အားလုံးကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်လိုက်တာမျိုး မရှိရင်ပေါ့လေ။"
"ဒါပေမဲ့ ငါ့အထင်တော့ အရက်မှားသောက်ထားတဲ့သူတောင် အဲ့ဒီလို စကားမျိုး ပြောထွက်မှာ မဟုတ်ပါဘူး၊ ဟားဟားဟား"
ကွမ်းယိုက အော်ရယ်လိုက်သည်။
သို့သော် သူ ရယ်နေရင်းနှင့် လေထုက တစ်မျိုးဖြစ်နေသည်ကို သတိထားမိသွားသည်။
ထန်ထျန်းက လက်ဖက်ရည်ကို တိတ်တိတ်ဆိတ်ဆိတ် သောက်နေသည်။
ဘေးက လီဟုန်ကတော့ ခေါင်းငုံ့ထားပြီး ထူးဆန်းတဲ့ အမူအရာ ဖြစ်နေသည်။
ကွမ်းယို ချက်ချင်း မျက်နှာပျက်သွားပြီး အသံနှိမ့်ကာ မေးလိုက်သည်။ "သခင်လေး ထန်... မင်း တခြား လွန်လွန်ကျူးကျူး စကားတွေ မပြောလိုက်ပါဘူးနော်"
ထန်ထျန်း နှာခေါင်းကို ပွတ်လိုက်ကာ"ငါလည်း ဘာမှမပြောလိုက်ပါဘူး။"
"တစ်ခွန်းပဲ ပြောလိုက်တာ..."
"ထျန်းဖူနန်းတော် တပည့်တွေထဲမှာ... တစ်ယောက်မှ ငါ့ကို တိုက်နိုင်တဲ့သူ မရှိဘူး လို့ပဲ"