ကောင်းကင်စာရင်း၏ နံပါတ်တစ်
Vol. 23 Ch. 256
ဝမ့်ယွဲ့တောင်ထိပ်
လော့ရှီးက ထန်ထျန်းကို ဝမ့်ယွဲ့လှိုဏ်ဂူအကြောင်းနှင့် ထျန်းဖူနန်းတော်အတွင်းရှိ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းများကို အများအပြား ပြောပြခဲ့သည်။
ဤမိန်းကလေးမှာ ကြည့်ရသည်မှာ ဝမ်းနည်းပူဆွေးပြီး ပုန်ကန်တတ်သည့် ပုံစံမျိုး ပေါက်နေသော်လည်း အတွင်းစိတ်မှာမူ အလွန်ပင် စေတနာကောင်းသူဖြစ်ကြောင်း ထန်ထျန်း မထင်မှတ်ထားမိပေ။
တကယ်ပင် လူကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်၍ မရပါလား။
"လနန်းတော်က ဝမ့်ယွဲ့လှိုဏ်ဂူ ပိတ်ခါနီး ရက်အနည်းငယ်အလိုမှာ ပေါ်လာလိမ့်မယ်၊ အဲ့ဒီအခါကျရင် နင် လုံးဝ ပျက်ကွက်လို့ မဖြစ်ဘူးနော်။"
"ကံတရားဆိုတာ ဘယ်သူမှ ကြိုပြောလို့မရဘူးလေ၊ နောက်ထပ် ကံကောင်းမယ့်သူက နင် ဖြစ်နေမလား ဘယ်သူသိမှာလဲ"
လော့ရှီးက ပြုံးလျက် ပြောလိုက်သည်။
ထန်ထျန်းက ခေါင်းငြိမ့်ပြကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
"ဪ... နောက်ပြီး တစ်ခုရှိသေးတယ်။"
လော့ရှီးက ထပ်ပြောသည်။ "နင် တောင်ထိပ်ပေါ်မှာ ကျင့်ကြံနေတဲ့အချိန်မှာ လျှောက်မသွားတာ အကောင်းဆုံးပဲ။"
"ဒီအပေါ်မှာရှိတဲ့ တခြားလူ ခြောက်ယောက်ထဲမှာလည်း နင့်အကြောင်း ကြားထားတဲ့သူတွေ ရှိတယ်။"
"တချို့က တိုက်ခိုက်ရတာ ဝါသနာပါတယ်၊ အကယ်၍ သူတို့က နင် ဒီမှာရှိနေတာကို သိသွားရင် မလိုအပ်ဘဲ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်"
ထန်ထျန်းက ပြုံး လျက် "ဒါဆို လနန်းတော် ဆင်းသက်လာတဲ့အခါကျရင်လည်း ငါတို့ တွေ့ကြရမှာပဲ မဟုတ်လား။"
"လာမယ့်ဘေးကတော့ ရှောင်လို့ မရပါဘူး"
လော့ရှီးက ပြုံးကာ "အဲ့ဒီအချိန်ကျရင် ငါလည်း ရှိနေမှာပဲလေ။"
"ငါ သူတို့ကို တားပေးမှာပေါ့။"
"ငါက လူတွေ ငါ့ရှေ့မှာ လာပြီး ရန်ဖြစ်နေတာကို မကြိုက်ဘူး။"
"အားလုံးက ဂိုဏ်းတူ တွေပဲဟာ၊ အေးအေးဆေးဆေး ကျင့်ကြံကြတာ ပိုကောင်းတာပေါ့"
ထန်ထျန်း ဘာမှပြန်မပြောတော့ပေ။
ဤကိစ္စနှင့် ပတ်သက်လျှင်တော့ သူက မတူညီသော အမြင်ရှိသည်။
တိုက်ခိုက်မှု မရှိလျှင် ကျင့်ကြံခြင်းက အဓိပ္ပာယ်မဲ့သွားလိမ့်မည်။
တစ်ကမ္ဘာလုံးကို ငြိမ်းချမ်းသော ပတ်ဝန်းကျင်တစ်ခုအဖြစ် မင်းက ပြောင်းလဲပေးနိုင်မှသာ ဖြစ်လိမ့်မည်။
သို့သော် ထိုသို့ဖြစ်ရန်မှာ မဖြစ်နိုင်သော အရာပင်။
လော့ရှီး၏ စကားများကြောင့် သူမ၏ အဆင့်အတန်းအပေါ် ထန်ထျန်း ပို၍ စပ်စုချင်လာသည်။
အခြား ပါရမီရှင် ခြောက်ယောက်ကိုပင် ထိန်းချုပ်နိုင်သည်ဆိုလျှင် ယခုနှစ် တပည့်သစ်များကြားတွင် သူမ၏ အဆင့်အတန်းက လုံးဝ မနိမ့်ပါးပေ။
ပြန်ရောက်ရင်တော့ သေချာ စုံစမ်းကြည့်ရမည်။
ထို့နောက်တွင် သူတို့နှစ်ဦး ခဏမျှ စကားစမြည် ပြောပြီးနောက် လော့ရှီးက ထန်ထျန်း၏ သီးသန့်ကျင့်ကြံရာ နေရာမှ ထွက်ခွာသွားတော့သည်။
လစွမ်းအားများ ကျဆင်းနေမှုမှာ ခဏမျှ ကြာဦးမည်ဖြစ်ရာ ထန်ထျန်းက ဤအခွင့်အရေးကို အသုံးချကာ သူ၏ ကောင်းကင်အင်မော်တယ် အဆင့်ကို အခိုင်အမာ တည်ဆောက်လိုက်သည်။
လစွမ်းအားများ လုံးဝ ရပ်တန့်သွားမှသာ သူက ဝမ့်ယွဲ့တောင်ထိပ်မှ ဆင်းခဲ့တော့သည်။
လှိုဏ်ဂူသို့ ပြန်ရောက်သောအခါ လီဟုန်တို့ ပြန်ရောက်နေကြပြီဖြစ်ပြီး သတင်းကောင်းတစ်ခုကိုလည်း ယူဆောင်လာကြသည်။
ကုရှောင်းရွှယ် သည်လည်း ယနေ့ညတွင် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီး တရားဝင် အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
လီဟုန် ပြောပြချက်အရဆိုလျှင် ရှောင်းရွှယ် အဆင့်တက်စဉ်က ဝမ့်ယွဲ့စင်မြင့် တစ်ဝက်နီးပါးရှိ အင်မော်တယ်စွမ်းအားများနှင့် လစွမ်းအားများကို ဝါးမြိုပစ်ခဲ့သည်ဟု ဆိုသည်။
ထိုမျှလောက် အံ့သြဖွယ် ကောင်းလှသဖြင့် တာဝန်ခံအချို့ပင် ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုခဲ့ကြသည်။
ထန်ထျန်း ခေါင်းငြိမ့်လိုက်မိသည်။
ရှောင်းရွှယ်၏ ကျင့်ကြံခြင်း အမြန်နှုန်း မှာ အမြဲတမ်း ပဟေဠိတစ်ခုပင်။
သူ့အနားမှာ ရှိနေစဉ်က ဒုံးပျံလို တိုးတက်နေပြီး တစ်ခါတရံ သူ့ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေတတ်သည်။
သို့သော် သူနှင့် ခွဲခွာသွားချိန်တွင်တော့ ပါရမီ အသင့်အတင့်ရှိသည့် သာမန်မိန်းကလေးတစ်ဦးလို ပြန်ဖြစ်သွားတတ်သည်။
တကယ်ကို ထူးဆန်းလှသည်။
ထန်ထျန်းလည်း လောလောဆယ်တော့ အကြောင်းရင်းကို ရှာမတွေ့သေးသဖြင့် ခဏ ဘေးဖယ်ထားလိုက်ရသည်။
၎င်းအပြင် လီဟုန်နှင့် လန်ယွီ ညီအစ်မတို့၏ တိုးတက်မှုမှာလည်း မဆိုးလှပေ။ ဝမ့်ယွဲ့လှိုဏ်ဂူမှ မထွက်ခွာမီ တက်လှမ်းခြင်း အဆင့်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရသည်။
သို့သော် ယခုအခါ သူတို့က သူတို့၏ အဆင့်အတန်းကို စတင် ကျင့်သားရနေကြပြီ ဖြစ်သည်။
ကျင့်ကြံခြင်းထက် ထန်ထျန်းကို ကူညီပံ့ပိုးပေးရန်မှာ သူတို့၏ အဓိက တာဝန် ဖြစ်နေသည်။
ဤရက်ပိုင်းအတွင်း သူတို့က နေရာအနှံ့မှ သတင်းများကို စုဆောင်းနေကြပြီး ထျန်းဖူနန်းတော်၏ အခြေအနေအရပ်ရပ်ကို သေချာ သိရှိအောင် လုပ်နေကြသည်။ ဒါမှလည်း ဘယ်သွားသွား မျက်စိမှိတ် လျှောက်သွားနေရသလို မဖြစ်တော့မည် မဟုတ်လား။
ထိုအခါမှ ထန်ထျန်းသည် တောင်ထိပ်တွင် တွေ့ခဲ့သည့် မိန်းကလေးကို သတိရသွားသည်။
"ဒါနဲ့... ဒီရက်ပိုင်းအတွင်း လူတစ်ယောက်အကြောင်း ငါ့အတွက် စုံစမ်းပေးပါဦး။"
"ကြည့်ရတာ အသက်သိပ်မကြီးသေးတဲ့ မိန်းကလေးတစ်ယောက်ပဲ၊ ဆံပင်အရှည်ကြီးကို ချထားပြီး ဝမ်းနည်းနေတဲ့ ပုံစံမျိုး ပေါက်နေတယ်။"
"သူ့နာမည်က လော့ရှီး တဲ့။"
ထိုနာမည်ကို ကြားလိုက်ရသည်နှင့် လီဟုန် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
ထို့နောက် သူသည် သိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာ ခဏမျှ ရှာဖွေပြီးနောက် ပုံရိပ်ယောင် ပုံရိပ် ကို ထုတ်ပြလိုက်သည်။
"ဒီ လော့ရှီးကို ပြောတာလား "
လီဟုန်က မေးလိုက်သည်။
ထန်ထျန်း သေချာ ကြည့်လိုက်ရာ မှင်တက်သွားမိသည်။
သူ ခုနက တွေ့ခဲ့သည့် လော့ရှီး အမှန်ပင်။
ထို့ပြင် ဤပုံကို ဘယ်သူဆွဲထားမှန်း မသိသော်လည်း ကြည့်ရသည်မှာ ဝမ်းနည်းနေရုံတင်မကဘဲ လောကကြီးကို စိတ်ကုန်နေသည့် ပုံစံမျိုးပင် ပေါက်နေသည်။
"ဟုတ်တယ်၊ သူပဲ။"
"မင်းဆီမှာ သူ့ပုံက ဘယ်လိုလုပ် ရှိနေတာလဲ"
လီဟုန်က ပြန်ဖြေသည်။ "ကျွန်တော်နဲ့ လန်ယွီတို့က ထျန်းဖူနန်းတော်ရဲ့ အချက်အလက်တွေကို စုဆောင်းနေတာ သခင်လေး သိတဲ့အတိုင်းပါပဲ။"
"ကျွန်တော်တို့က အရေးကြီးတဲ့ အချက်အလက်တွေကနေ စတင်ခဲ့တာပါ။"
"ဥပမာ ထျန်းဖူနန်းတော်ရဲ့ သမိုင်း၊ အဖြစ်အပျက်ကြီးတွေ၊ ဖွဲ့စည်းပုံနဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေရဲ့ သတင်းတွေပေါ့။"
"အဲ့ဒီထဲမှာ ကောင်းကင်စာရင်း နဲ့ မြေကြီးစာရင်း က ပါရမီရှင်တွေရဲ့ သတင်းလည်း ပါပါတယ်"
"ဘာလို့လဲဆိုတော့ သူတို့ထဲက ဘယ်သူမဆို သခင်လေး ကို အချိန်မရွေး လာရောက် စိန်ခေါ်နိုင်လို့ပါပဲ"
ထန်ထျန်း ခေါင်းငြိမ့်လိုက်သည်၊ ဤသို့ လုပ်ခြင်းမှာ အမှန်ပင် လိုအပ်လှသည်။
ထျန်းဖူနန်းတော်၏ အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးလှရာ အရေးကြီးသည့် ကိစ္စများကို ကြိုတင် သိထားရန် လိုသည်။
သို့သော် ထန်ထျန်းကိုယ်တိုင်ကတော့ ဤကိစ္စများအတွက် သူ၏ ကျင့်ကြံခြင်း အချိန်များကို အဆုံးရှုံးမခံနိုင်ပေ။
ဤနေရာတွင် လက်အောက်ငယ်သား ရှိခြင်း၏ အကျိုးကျေးဇူးက ပေါ်လွင်လာသည်။
လီဟုန်တို့က ထန်ထျန်းအတွက် မလိုအပ်သော အသေးအဖွဲ ကိစ္စများကို ဖြေရှင်းပေးနိုင်ကြသည်။
"ဒါဆို ဒီ လော့ရှီး ဆိုတဲ့သူက ကောင်းကင်စာရင်းဝင် ပါရမီရှင် ဖြစ်မှာပေါ့ ဟုတ်လား"
ထန်ထျန်းက ပြုံးလျက် မေးလိုက်သည်။
လီဟုန် ခေါင်းငြိမ့်ပြသော်လည်း သူ၏ မျက်နှာမှာ အနည်းငယ် ထူးဆန်းနေကာ လေသံကို နှိမ့်ပြီး ပြောလိုက်သည်။ "သူက ကောင်းကင်စာရင်းဝင် ပါရမီရှင် တင် မကပါဘူး၊ နန်းတော်ထဲမှာ နာမည် အရမ်းကြီးတဲ့သူပါ။"
"ဘာလို့လဲဆိုတော့..."
"သူ့ရဲ့ နေရာက ကောင်းကင်စာရင်းရဲ့ ထိပ်ဆုံး (နံပါတ်တစ်) မှာ ဖြစ် နေလို့ပါပဲ။"
"ပြီးတော့ ဘယ်သူမှ ငြင်းလို့မရတဲ့ အနေအထားမျိုးနဲ့ပါ"
ထန်ထျန်း မှင်တက်သွားမိသည်။
လော့ရှီးက သန်မာလိမ့်မည်ဟု သူ ခန့်မှန်းခဲ့သော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
ကောင်းကင်စာရင်းရဲ့ နံပါတ်တစ်
ဒါကြောင့်လည်း သူမကို မသိဘူးဟု ပြောလိုက်စဉ်က သူမ၏ အမူအရာက အံ့သြသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထို့ပြင် သူမက "ငါ သူတို့ကို တားပေးမယ်" ဟု ရဲရဲဝံ့ဝံ့ ပြောနိုင်ခြင်းမှာလည်း အမှန်တကယ်ပင် ခွန်အားရှိသောကြောင့် ဖြစ်သည်။
"သခင်လေး လော့ရှီးနဲ့ တွေ့ခဲ့တာလား"
လီဟုန်က မေးလိုက်သည်။
ထန်ထျန်း ခေါင်းငြိမ့်ပြကာ တောင်ထိပ်တွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလိုက်သည်။
လီဟုန် ကြားပြီးနောက် အကြိမ်ကြိမ် အံ့သြနေမိတော့သည်။
"သတင်းအချက်အလက်တွေက တကယ်ပဲ အမှားအယွင်း ရှိနေတာပဲ။"
"တခြားလူတွေ ပြောတာကတော့ လော့ရှီးက အပြင်သိပ်မထွက် တဲ့အပြင် စိတ်နေစိတ်ထားကလည်း အလွန် ထူးဆန်းတယ်၊ လူတိုင်းက သူမကို ဝေးဝေးက ရှောင်ကြတယ်လို့ ဆိုကြတယ်။"
"ဒါပေမဲ့ သခင်လေး ကို ဆက်ဆံတဲ့ပုံစံကတော့ အလွန်ပဲ ကြင်နာ တတ်တဲ့သူ ဖြစ်နေတာပဲ"
ထန်ထျန်းလည်း ပြုံးလိုက်မိသည်။
လော့ရှီး၏ အဆင့်အတန်းက မြင့်မားလွန်းလှရာ သူမကို တကယ်တမ်း ထိတွေ့ဖူးသူမှာ နည်းပါးလှသဖြင့် ဤကဲ့သို့ သတင်းအမှားများ ထွက်ပေါ်နေခြင်းမှာ သဘာဝကျပါသည်။
"သူ့ရဲ့ ခွန်အားက ဘယ်လောက်လောက် ရှိမလဲ"
ထန်ထျန်းက မေးလိုက်သည်။
လီဟုန် ခေါင်းခါပြကာ "ဘယ်သူမှ မသိပါဘူး။"
"သူ လူအများရှေ့မှာ ပထမဆုံး စတင် ပေါ်ထွက်လာတာနဲ့ ကောင်းကင်စာရင်းရဲ့ ထိပ်ဆုံးကို တိုက်ရိုက် ရောက်သွားတာပဲ။"
"မကျေနပ်လို့ သူ့ကို လာစိန်ခေါ်တဲ့သူတိုင်း ခြွင်းချက်မရှိ ရှုံးနိမ့်သွားကြတယ်။"
"ပြီးတော့ အရှက်တကွဲ အကျိုးနည်း ရှုံးခဲ့ကြတာ။"
"တချို့က ပြောကြတာတော့ သူမမှာ တာဝန်တစ်ခု ပါလာတယ်တဲ့၊ အဲ့ဒါက တခြားလူတွေကို ကောင်းကင်စာရင်းရဲ့ အပေါ်ကို မတက်နိုင်အောင် တားဆီးဖို့ပဲတဲ့"
ထန်ထျန်း မျက်ခုံးပင့်လိုက်ကာ "ကောင်းကင်စာရင်းရဲ့ အထက်မှာ ပိုသန်မာတဲ့သူတွေ ရှိသေးတာလား"
လီဟုန်က ခေါင်းငြိမ့်ပြသည်။ "ရှိတာပေါ့၊ ဒါပေမဲ့ အဲ့ဒီအကြောင်းနဲ့ ပတ်သက်တဲ့ သတင်းတွေက အရမ်း နည်းပါတယ်။"
"ကျွန်တော် ရောက်နိုင်တဲ့ အဆင့်က နိမ့်နေသေးလို့လည်း ဖြစ်နိုင်ပါတယ်။"
"ဒါပေမဲ့ သေချာတာတစ်ခုကတော့ လော့ရှီးဟာ ကောင်းကင်စာရင်းရဲ့ ဒုတိယလူနဲ့တောင်မှ မယှဉ်နိုင်လောက်အောင် ကွာဟချက် ကြီးမားနေတာပါပဲ"
ထန်ထျန်း တိတ်ဆိတ်သွားသည်။
ထျန်းဖူနန်းတော်ဆိုသည်မှာ အမှန်တကယ်ပင် အစွမ်းထက်သူများ ပုန်းအောင်းနေသည့် နေရာပါလား။
သူကရော ဘယ်အချိန်ကျမှ အဲ့ဒီအဆင့်အတန်းကို ထိတွေ့နိုင်မလဲဆိုတာ မသိနိုင်ပေ။