ထန်ထျန်း နှင့် သခင်လေးယွီ
Vol. 23 Ch. 258
"ဝိုး... ထန်ထျန်းကတော့ ထန်ထျန်းပါပဲလား။ တိုက်ပွဲသူတော်စင်မျှော်စင်က လူတွေတင်မကဘူး၊ ကောင်းကင်စာရင်း အဆင့် (၁၁) သခင်လေးယွီကိုတောင် ပြောင်လှောင်ရဲသေးတယ်ဟ။"
"အရင်ကတော့ သူ့ကိုကြည့်ပြီး ငါ နည်းနည်း အမြင်ကတ်မိသား၊ ဒါပေမဲ့ အခုတော့ သူ့ကို လေးစားသွားပြီ။ ဒီလို သတ္တိမျိုး ရှိတာနဲ့တင် တကယ်ကို ချီးကျူးဖို့ ကောင်းနေပြီ။"
"ဒါပေမဲ့ သူ့မှာ ဒီလို မောက်မာနိုင်တဲ့ ခွန်အားရော ရှိရဲ့လားဆိုတာပဲ သိချင်တာ။"
"ငါကတော့ ရှိစေချင်တယ်၊ မဟုတ်ရင် နောက်ဆို ဘယ်မှာ ဒီလို ကြည့်လို့ကောင်းတဲ့ ဖျော်ဖြေရေးမျိုး ရှိတော့မှာလဲ"
တပည့်များကြားတွင် ဟိုးဟိုးကျော် သွားတော့သည်။
အရင်က မြေကြီးစာရင်းက ပါရမီရှင်တွေကို ရင်ဆိုင်တုန်းက သူ မောက်မာပြတာကို နားလည်ပေးနိုင်သေးသော်လည်း ယနေ့ ရင်ဆိုင်နေရသည်မှာ အင်အားကြီးလှသည့် တိုက်ပွဲသူတော်စင်မျှော်စင် ဖြစ်နေသည် မဟုတ်လား
ဒီလောက်အထိ တည်ငြိမ်နေနိုင်တာ သူ့မှာ ဘယ်လို နောက်ခံအင်အားတွေ ရှိနေလို့လဲ
ထန်ထျန်း၏ ရိသဲ့သဲ့ လုပ်ရပ်ကြောင့် ကျန်းကျဲ့၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။
ပိုင်တိမြို့က ထိုညက အခြေအနေမျိုး ပြန်ရောက်သွားသလိုပင်။
သို့သော် ယနေ့မှာတော့ မတူတော့ပေ၊ ဤနေရာမှာ ထျန်းဖူနန်းတော် ဖြစ်ပြီး သူ့အတွက်တော့ အိမ်ကွင်း ဖြစ်နေသည်။
"ထန်ထျန်း... မင်း တကယ်ပဲ သေလမ်းရှာနေတာပဲ"
"ငါ ဒီနေ့ မင်းရဲ့ ဟန်ဆောင်မှုတွေကို အကုန်ခွာချပစ်မယ်၊ မင်းရဲ့ မာန်မာနတွေကို ဖျက်ဆီးပစ်ပြီး လူတိုင်းရဲ့ လှောင်စရာ ဖြစ်အောင် လုပ်ပစ်မယ်"
ကျန်းကျဲ့က အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
ထန်ထျန်းက သူ့ရင်ဘတ်ကို သူ ပြန်ပုတ်ရင်း "အမလေး... ကြောက်လိုက်တာ၊ ငါ့ကို လန့်သေအောင် လုပ်နေတာလား။"
"ဒါဆိုရင်လည်း ဘာတွေ လေကြောရှည်နေတာလဲ၊ လာတိုက်လေ~"
သူ၏ လေသံမှာ ပေါ့ပျက်ပျက်နိုင်လှရာ ကျန်းကျဲ့၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်သည့် အသွင်ပင်။
ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်သည့် ထိုအမူအရာကြောင့် ဘေးပတ်ဝန်းကျင်မှ တပည့်များမှာ တဝါးဝါး ရယ်မောကုန်ကြသည်။
ထန်ထျန်းကို လူလှောင်စရာ မလုပ်နိုင်သေးခင်မှာပင် ကျန်းကျဲ့ကိုယ်တိုင်က လူရယ်စရာ ဖြစ်နေချေပြီ။
ကျန်းကျဲ့၏ မျက်နှာမှာ ရေလို အေးစက်တည်ငြိမ်နေသော်လည်း သူက မာန အလွန်ကြီးသူ ဖြစ်ရာ ဘေးမှ ရယ်သံများကို ကြားရသောအခါ ထန်ထျန်းကို ကြည့်သည့် သူ၏ အကြည့်မှာ အစိမ်းလိုက် ဝါးစားတော့မည့်အတိုင်းပင်။
"ခဏနေရင်လည်း မင်း ငါ့ရှေ့မှာ ဒီလို ဆက်ပြီး မောက်မာနိုင်ပါစေလို့ ငါ တကယ်ပဲ မျှော်လင့်မိပါတယ်"
ကျန်းကျဲ့က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ထို့နောက် သူက ဘေးသို့ အချက်ပြလိုက်သည်။
ခန့်ညားသည့် သခင်လေးတစ်ဦးက တိုက်ပွဲသူတော်စင်မျှော်စင် လူအုပ်ထဲမှ လျှောက်ထွက်လာသည်။
သူ၏ ရုပ်ရည်မှာ ကျောက်စိမ်းကဲ့သို့ ချောမောပြီး အသားအရေမှာ ဖြူစင်ကာ ရှေးဟောင်း သူဌေးသား သခင်လေးတစ်ဦး၏ ပုံစံမျိုးပင်။
သို့သော် လူအများကို အာရုံအဖမ်းစားနိုင်ဆုံးမှာ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အော်ရာ ပင် ဖြစ်သည်။
ထိုအော်ရာ က လူကို ကြောက်ရွံ့တုန်လှုပ်စေပြီး အလွယ်တကူ စော်ကား၍မရသော တည်ရှိမှုမျိုးမှန်း သိသာလှသည်။
ဤသူကား ယနေ့ ထန်ထျန်းကို လာရောက်စိန်ခေါ်သည့် သခင်လေးယွီ ပင် ဖြစ်သည်။
ဘေးတွင် ရှိနေသည့် သခင်လေးယွီကို ကြည့်ပြီး ကျန်းကျဲ့၏ ယုံကြည်ချက်များ ချက်ချင်း ပြန်တက်လာကာ ထန်ထျန်းကို စိန်ခေါ်သည့် လေသံဖြင့် မေးလိုက်သည်ယ "ထန်ထျန်း... ငါနဲ့ လောင်းကြေးတစ်ခု ထပ်မလား"
ထန်ထျန်းက မျက်ခုံးပင့်လိုက်ကာ "ဘာလောင်းကြေးလဲ"
ကျန်းကျဲ့က ပြုံးလျက် "ဒီတိုင်း တိုက်ခိုက်နေရတာက ပျင်းစရာကောင်းလွန်းတယ်။"
"ဒါကြောင့် ဆု ကြေးတစ်ခုခု ထည့်လိုက်ရအောင်လေ။"
ထန်ထျန်းက မေးစေ့ကို ပွတ်သပ်ရင်း ဒီကောင် ဘာတွေ ကြံစည်နေသလဲဟု စဉ်းစားနေမိသည်။
သို့သော် တစ်ဖက်လူက ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲချင်နေမှတော့ နားထောင်ပေးလိုက်ရုံပေါ့။
"ကောင်းပြီ... ပြောလေ။"
ထန်ထျန်းက ပြော လိုက်သည်။
ကျန်းကျဲ့က ပြုံးလျက် ပြောသည်။ "ငါကလေ... ကိုယ်လိုချင်တဲ့အရာကို မရရအောင် ယူတတ်တဲ့သူမျိုး။"
"အကယ်၍ ငါတို့ဘက်က ဒီနေ့ အနိုင်ရခဲ့ရင်... မင်း အဲ့ဒီနေ့က ပိုင်တိမြို့မှာ ငါတောင်းဆိုခဲ့တဲ့ အချက်ကို လိုက်နာရမယ်။"
ထန်ထျန်းက မျက်မှောင်ကြုတ်လိုက်ကာ "မင်း ဆိုလိုတာက ကုရှောင်းရွှယ် လား"
ကျန်းကျဲ့က ခေါင်းငြိမ့်ပြကာ ယုတ်မာသော အပြုံးဖြင့် "ဟုတ်တယ်... သူပဲ။"
"သူနဲ့ မင်းက ဆက်ဆံရေး အရမ်းနီးစပ်တာကို ငါသိပါတယ်၊ မင်းလည်း သူ့ကို လက်မလွှတ်နိုင်ဘူးပေါ့။"
"ဒါပေမဲ့ စိတ်ချပါ၊ အကယ်၍ သူသာ တိုက်ပွဲသူတော်စင်မျှော်စင်ကို ရောက်လာခဲ့ရင် ငါ သူ့ကို အကောင်းဆုံး စောင့်ရှောက်ပေးမှာပါ"
ကျန်းကျဲ့၏ ပုံစံကို ကြည့်ပြီး ထန်ထျန်းက မျက်လုံးကို အနည်းငယ် ကျဉ်း လိုက်သည်။
အကယ်၍ အကြောင်းစုံကို မသိသောသူသာဆိုလျှင် ကျန်းကျဲ့၏ ဤကမ်းလှမ်းမှုကို လူကောင်းတစ်ဦး၏ စေတနာဟု ထင်မှတ်သွားနိုင်သည်။
အမှန်စင်စစ် တိုက်ပွဲသူတော်စင်မျှော်စင်ဆိုသည်မှာ ထျန်းဖူနန်းတော်အတွင်း နာမည်ကျော်ကြားသည့် အင်အားစုကြီး ဖြစ်ရာ လူအများအပြားမှာ ဝင်ခွင့်ရရန် နည်းလမ်းရှာမရ ဖြစ်နေကြခြင်း မဟုတ်လား။
သို့သော် ထန်ထျန်းကတော့ ကောင်းကောင်းသိသည်။ ဤကောင်မှာ အငြိုးအတေး အလွန်ကြီးသူ ဖြစ်သည်။
အကယ်၍ ရှောင်းရွှယ်သာ တိုက်ပွဲသူတော်စင်မျှော်စင်ထဲ ရောက်သွားခဲ့လျှင် သူမ ဘယ်လို ဆက်ဆံခံရမည်ကို သူ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
ကျန်းကျဲ့က ရှောင်းရွှယ်ကို အသုံးချပြီး သူ့ကို နှိပ်စက်မည်မှာ သေချာသည်။
ထို့ကြောင့် ဤလောင်းကြေးမှာ အလွန်ပင် ယုတ်မာကောက်ကျစ်လှသည်။
ဒါပေမဲ့...
ဒီကောင်က တကယ်ပဲ သူ နိုင်လိမ့်မယ်လို့ ထင်နေတာလား
"ဒါဆို... ခင်ဗျား ရှုံးသွားရင်ရော"
ထန်ထျန်းက ခပ်အေးအေးပင် မေးလိုက်သည်။
ကျန်းကျဲ့က ရုတ်တရက် အော်ဟစ်ရယ်မောလိုက်ကာ လက်ကို ဝှေ့ယမ်းပြီး "ငါ ရှုံးသွားရင်တော့ မင်း ကြိုက်တာတောင်း။"
"အင်မော်တယ်လက်နက်၊ အင်မော်တယ်ကျင့်စဉ်၊ ဒါမှမဟုတ် ရှန့်ထန်း တာအိုကျောက်စိမ်း တွေကို ငါ အကုန် ပေးနိုင်တယ်။"
"မင်းရဲ့ တကယ့် အရည်အချင်းနဲ့ ငါတို့ရဲ့ သခင်လေးယွီကို အနိုင်ယူနိုင်မယ်ဆိုရင်ပေါ့"
သူက အတော်လေး ပါးနပ်သည်။ ထန်ထျန်းအနေနဲ့ တိုက်ပွဲအတွင်း လှည့်ကွက်တစ်ခုခု သုံးမှာကို စိုးရိမ်သဖြင့် ဤစကားများဖြင့် ကြိုတင် ပိတ်ဆို့ထားခြင်း ဖြစ်သည်။
သို့သော် ကျန်းကျဲ့က စကားများလွန်းသဖြင့် သခင်လေးယွီပင် မျက်မှောင်ကြုတ်သွားသည်။
"အရှင် ကျန်း... ကျွန်တော် ရှုံးမှာ မဟုတ်ပါဘူး။"
"မြန်မြန် စလိုက်ကြရအောင်၊ ပြီးရင် ကျွန်တော့်မှာ တခြားကိစ္စတွေ ရှိသေးတယ်"
သခင်လေးယွီက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
ကျန်းကျဲ့ကလည်း အလျင်အမြန်ပင် သဘောတူလိုက်သည်။
ထို့နောက်တွင် သခင်လေးယွီက လူအုပ်ထဲမှ ထွက်လာကာ ထန်ထျန်းနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
နှစ်ဦးသား အကြည့်ချင်းဆုံရာတွင် ထန်ထျန်းက တစ်ဖက်လူ၏ မျက်လုံးထဲမှ အထင်အမြင်သေးမှုများကို သိသိသာသာ မြင်တွေ့လိုက်ရသည်။
"ငါကတော့ တကယ်တော့ လက်မပါချင်ပါဘူး။"
"မင်းကို တိုက်ခိုက်ရတာက ငါ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေသလို ဖြစ်နေလို့ပဲ။"
"ဒါပေမဲ့ ငါ သူ့ကို ကျေးဇူးကြွေးတစ်ခု တင်ဖူးတယ်။"
"ဒါကြောင့် မင်းရဲ့ ကံဆိုးမှုပဲလို့ပဲ မှတ်လိုက်ပါ"
သခင်လေးယွီက ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
ဤစကားများက ဝိုင်းကြည့်နေသည့် လူအုပ်ကြီးကို ရှင်းပြနေသလိုပင်၊ ထန်ထျန်းကိုတော့ လုံးဝ အရေးမလုပ်သည့် ပုံစံမျိုး ဖြစ်သည်။
ထန်ထျန်းကလည်း ဂရုမစိုက်ဘဲ ပြုံးလိုက်ကာ "ဒါဆို ခင်ဗျားရဲ့ အဲ့ဒီ ကျေးဇူးကြွေးအတွက် ပေးဆပ်ရမယ့် တန်ဖိုးက နည်းနည်းတော့ ကြီးသွားလိမ့်မယ်။"
"ငါ 'စ' လို့ အော်ပေးဖို့ လိုမလား"
သခင်လေးယွီက လက်ကို နောက်ပစ်လျက် ရပ်နေသည်။
"မလိုပါဘူး၊ မင်းမှာ ဘာအရည်အချင်း ရှိသလဲ ဆိုတာကို တိုက်ရိုက်သာ ထုတ်သုံးလိုက်ပါ"
ထန်ထျန်း ခဏမျှ တိတ်ဆိတ်သွားသည်။ တစ်ဖက်လူကို ချက်ချင်း တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်ချင်စိတ် ပေါ်လာသည်။
သို့သော် ထျန်းဖူနန်းတော်၏ ထိပ်တန်းပါရမီရှင်တစ်ယောက်နှင့် တွေ့ဆုံရခဲသည်ဖြစ်ရာ တစ်ဖက်လူ၏ အရည်အချင်းက ဘယ်လောက်ရှိသလဲဆိုသည်ကို သူ ကြည့်ချင်သေးသည်။
ခဏ တိတ်ဆိတ်သွားပြီးနောက် ထန်ထျန်းက အရင် စတင် တိုက်ခိုက်လိုက်သည်။
သူက အခြားနည်းလမ်းများကို မသုံးဘဲ လီဖေးကို နှိမ်နင်းခဲ့စဉ်က သုံးခဲ့သည့် မြေကြီးဆွဲငင်အား ကိုသာ အသုံးပြုလိုက်သည်။
သို့သော် ယခုတစ်ခေါက်တွင်တော့ စစချင်းမှာတင် ဆွဲငင်အားအဆပေါင်း တစ်သိန်း ဖြင့် စတင်လိုက်သည်
ကြီးမားလှသော ဖိအားအောက်တွင် ဟင်းလင်းပြင်မှာပင် တွန့်လိမ်သွားပြီး လူတိုင်း ထိတ်လန့်သွားကြသည်။
"ဝိုး... ငါသာဆိုရင်တော့ ချက်ချင်းပဲ စက္ကူတစ်ချပ်လို ပြားသွားမှာ သေချာတယ်"
တစ်ယောက်က အော်ဟစ်မိသွားသည်။
သို့သော် သခင်လေးယွီကို ကြည့်လိုက်သောအခါ သူက မည်သည့် သက်ရောက်မှုမျှ မရှိသည့်ပုံစံဖြင့် လက်ကို နောက်ပစ်ကာ တည်တည်ငြိမ်ငြိမ် ရှိနေသည်ကို တွေ့လိုက်ရသည်။
သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မမြင်ရသော အတားအဆီးတစ်ခု ရှိနေသကဲ့သို့ မြေဆွဲငင်အား'အားလုံးကို အပြင်ဘက်တွင်ပင် ပိတ်ဆို့ထားလေသည်။
"မင်းရဲ့ အရည်အချင်းက ဒီလောက်ပဲဆိုရင်တော့... ဒီတိုက်ပွဲက ပြီးဆုံးသွားပြီလို့ပဲ သတ်မှတ်လိုက်တော့"
သခင်လေးယွီက ခပ်အေးအေးပင် ပြောလိုက်သည်။
ထန်ထျန်း ဘာမှပြန်မပြောဘဲ ဆွဲငင်အားကို နောက်ထပ် နှစ်ဆ တိုးမြှင့်ကာ သခင်လေးယွီပေါ်သို့ ဖိနှိပ်လိုက်သည်။
သို့သော် ကံမကောင်းစွာဖြင့် မည်သည့် ထူးခြားမှုမျှ ရှိမလာပေ။
သခင်လေးယွီ၏ မျက်ဝန်းထဲတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ပေါ်လာကာ သက်ပြင်းအသာချလိုက်သည်။
"ကြည့်ရတာ... မင်းအကြောင်း သတင်းတွေက ချဲ့ကားပြောထားကြတာပဲ။"
"ဒါဆိုရင်တော့... အဆုံးသတ်လိုက်ကြရအောင်"
ပြောပြီးနောက် သူက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားတစ်ခုမှာ ချက်ချင်းပင် ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံတွင် အပြာရောင် နဂါးကြီးတစ်ကောင် ဖြစ်ပေါ်လာကာ ထန်ထျန်းဆီသို့ ဟိန်းဟောက်လျက် ပြေးဝင်သွားတော့သည်။
ထိုအရှိန်အဝါမှာ အစောပိုင်းက ဖန်တာ့ကျီ ၏ အစွမ်းကုန် တိုက်ကွက်ထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမို အင်အားကြီးမားလှပေသည်
ထန်ထျန်းအနေနဲ့ရော... ဤတိုက်ကွက်ကို ခုခံနိုင်ပါ့မလား