← Chapters

သိုင်းပညာမျက်နှာပြင်

Vol. 1 Ch. 1

သိုင်းပညာမျက်နှာပြင်

Vol. 1 Ch. 1

ဖေးယွင်ပြည်နယ်။

ယွင်ဇယ်တောင်တန်း။

တောင်ခြေရင်းတစ်ခု၌ ရွှီနင်တစ်ယောက် တဖြည်းဖြည်း သတိပြန်ဝင်လာသည်။

ထိုခဏ၌ပင် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော မှတ်ဉာဏ်ပေါင်းများစွာတို့သည် သူ၏ဦးနှောက်အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာကြသည်။

ရွှီနင်သည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ဆိုးရွားပြင်းထန်လှသော ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရသည်။

အချိန်အတန်ကြာပြီးနောက် ထိုသူစိမ်းဆန်သော မှတ်ဉာဏ်များကို ရွှီနင်၏ဦးနှောက်က လက်ခံလိုက်နိုင်သည်နှင့်အမျှ ခေါင်းကိုက်ဝေဒနာသည်လည်း တဖြည်းဖြည်း သက်သာသွားတော့သည်။

“ငါ တကယ်ကြီး ကူးပြောင်းလာတာပဲ”

ရွှီနင်သည် ဤထူးဆန်းအံ့ဩဖွယ်ကောင်းသော အမှန်တရားကို လက်ခံလိုက်ရသည်။

.

သူသည် သိုင်းလောကတစ်ခုသို့ ရောက်ရှိလာခဲ့ပြီး ရွာသားကောင်လေးတစ်ဦး ဖြစ်လာခဲ့သည်။

ဤရွာသားကောင်လေး၏ အမည်မှာလည်း ရွှီနင်ပင် ဖြစ်သည်။ ယခင်က ဤကောင်လေးသည် ဆေးမြစ်ရှာဖွေရန် တောင်ပေါ်သို့ တက်လာခဲ့သည်။

ဝိညာဉ်ဆေးပင်တစ်ပင်ကို ခူးယူရန် ကြိုးစားရင်း အန္တရာယ်ကြီးစွာ စွန့်စားခဲ့သော်လည်း ခူးယူရန် ခက်ခဲလွန်းလှသဖြင့် ခြေချော်ကျကာ သေလုနီးပါး ဒဏ်ရာရရှိခဲ့သည်။ သူ၏ဝိညာဉ်လွင့်ပါးသွားပြီးနောက် လက်ရှိ “ရွှီနင်” က ဝင်ရောက်အစားထိုးလိုက်ခြင်း ဖြစ်သည်။

ဤခေတ်သည် ငြိမ်းချမ်းသောခေတ်ကာလ မဟုတ်ပေ။

ဂိုဏ်းအချင်းချင်း ပဋိပက္ခများ၊ ပြည်နယ်မြို့တိုက်ပွဲများ၊ မိသားစုအာဃာတများ၊ လမ်းမများပေါ်တွင် ဗိုလ်ကျစိုးမိုးနေသော ခိုးသားဓားပြများနှင့် ဖရိုဖရဲ သောင်းကျန်းနေကြသော မိစ္ဆာသားရဲများ ပြည့်နှက်နေသည်။ ဤခေတ်ကြီးထဲတွင် လူ့အသက်သည် မြေမှုန့်လောက်ပင် တန်ဖိုးမရှိကြပေ။

ယခုအခါတွင်မူ သူသည် သာမန်လူတစ်ယောက် ဖြစ်လာခဲ့ပြီး ဤခေတ်ကြီးထဲတွင် အသက်ရှင်သန်နိုင်ရေးအတွက် ကြိုးစားရုန်းကန်ရတော့မည် ဖြစ်သည်။

“ယုံတောင် မယုံနိုင်စရာဘဲ...”

ရွှီနင်သည် သူ၏ခန္ဓာကိုယ်နေရာအနှံ့အပြားမှ နာကျင်မှုကို ခံစားနေရသော်လည်း ကံကောင်းထောက်မစွာဖြင့် လှုပ်ရှားသွားလာ၍ ရနေသေးသည်။

သူသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ရှေ့ကိုက်အနည်းငယ်အကွာတွင် ယခင်ခန္ဓာကိုယ်ပိုင်ရှင် ခူးယူခဲ့သော ဝိညာဉ်ဆေးပင်ကို မြင်လိုက်ရသည်။

ဤကျောက်စိမ်းရောင် ဆေးပင်ကို ကျောက်စိမ်းမြက်ဟု ခေါ်လေသည်။ ၎င်းသည် အလွန်တန်ဖိုးရှိပြီး ပေါက်ဈေးအားဖြင့် ငွေစငါးရာကျော် တန်ကြေးရှိလေသည်။

သာမန်လယ်သမားတစ်ဦးအတွက်မူ ၎င်းသည် ကြီးမားလှသော ကြွယ်ဝချမ်းသာမှုပင် ဖြစ်သည်။

“ကျောက်စိမ်းမြက်...”

ရွှီနင်သည် ခေတ္တမျှ တွေဝေသွားပြီးနောက် ကျောက်စိမ်းမြက်ရှိရာသို့ လျှောက်သွားကာ ကုန်း၍ ကောက်ယူလိုက်သည်။

ဤကျောက်စိမ်းမြက်သည် ရင့်မှည့်သော အစိမ်းရောင်ရှိပြီး သင်းပျံ့သော ရနံ့လေးတစ်မျိုး ထွက်ပေါ်နေသည်။

အနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် ရွှီနင်၏ခန္ဓာကိုယ်မှ နာကျင်မှုများ သက်သာသွားသလို ခံစားလိုက်ရသည်။

ရွှီနင်က သေချာကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင် သူ၏မျက်စိရှေ့၌ အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက် လက်ခနဲ ဖြစ်သွားသည်။

အလင်းရောင်မျက်နှာပြင်တစ်ခု သူ၏မြင်ကွင်းထဲတွင် ပေါ်လာလေသည်။

—

စွမ်းအင်တွေ့ရှိပါသည် - ၆ ယူနစ်

စုပ်ယူမည်လား။

စုပ်ယူမည်/မစုပ်ယူပါ

—

—

အမည် - ရွှီနင်

သိုင်းပညာ - လေပြင်းမုန်တိုင်းဓားနည်းစနစ် (အစပျိုးအဆင့်)+

ရရှိနိုင်သော စွမ်းအင် - ၀ ယူနစ်

—

“ဘာကြီး...”

ရွှီနင် မယုံနိုင် ဖြစ်သွားသည်။

‘ဒါ ငါအရင်က ကစားခဲ့တဲ့ ဂိမ်းထဲက သိုင်းပညာမျက်နှာပြင် မဟုတ်လား။ ဘာလို့ ရုတ်တရက်ကြီး ဒီမှာ ပေါ်လာရတာလဲ’

ရွှီနင်သည် သူ၏မျက်လုံးများကို အားနှင့် ပွတ်သပ်ကြည့်လိုက်သည်။

သို့သော် ထိုမျက်နှာပြင်သည် ပျောက်ကွယ်မသွားပေ။ ၎င်းမှာ စိတ်ထင်ယောင်ထင်မှား ဖြစ်‌နေခြင်း မဟုတ်ပေ။

ရွှီနင် ရုတ်တရက် သဘောပေါက်သွားသည်။

“ဒါ ကူးပြောင်းလာတဲ့သူတွေ ရတတ်တဲ့ ရွှေလက်ချောင်းများလား...”

ရွှီနင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်တည်ငြိမ်သွားအောင် အစွမ်းကုန် ကြိုးစားလိုက်သည်။

‘တကယ်လို့ ဒီသိုင်းပညာမျက်နှာပြင်ကသာ ဒီခေတ်ကြီးမှာ တကယ်အလုပ်ဖြစ်မယ်ဆိုရင် ငါက တခြားသူတွေထက် အများကြီး သာလွန်သွားနိုင်တယ်’

“စုပ်ယူမည်”

ရွှီနင်သည် စွမ်းအင်ကို စုပ်ယူရန် ရွေးချယ်လိုက်သည်။

“စွမ်းအင်စုပ်ယူနေသည်... စုပ်ယူခြင်း ပြီးမြောက်ပါသည်။”

—

အမည် - ရွှီနင်

သိုင်းပညာ - လေပြင်းမုန်တိုင်းဓားနည်းစနစ် (အစပျိုးအဆင့်)+

ရရှိနိုင်သော စွမ်းအင် - ၆ ယူနစ်

—

မျက်နှာပြင် ပြန်လည်လန်းဆန်းသွားပြီး ရရှိနိုင်သော စွမ်းအင်မှာ ၀ ယူနစ်မှ ၆ ယူနစ်သို့ ပြောင်းလဲသွားသည်။

ရွှီနင်၏လက်ထဲမှ ကျောက်စိမ်းမြက်မှာ ရုတ်တရက် အရောင်မှိန်ဖျော့သွားပြီး ညှိုးနွမ်းခြောက်သွေ့ကာ အဝါရောင်သို့ ပြောင်းလဲသွားလေသည်။

“ကျောက်စိမ်းမြက်ထဲက စွမ်းအင်တွေ စုပ်ယူခံလိုက်ရတာလား”

စွမ်းအင် ၆ ယူနစ် ရရှိပြီးနောက် ရွှီနင်သည် လေပြင်းမုန်တိုင်းဓားနည်းစနစ် ဘေးနားရှိ “+” လက္ခဏာပေါ်သို့ အာရုံစိုက်လိုက်သည်။

—

လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၃ ယူနစ် အသုံးပြုမည်လား။

လုပ်မည်/မလုပ်ပါ

—

“လုပ်မည်”

ရွှီနင်က သေချာပေါက် ရွေးချယ်လိုက်သည်။

ရွှီနင်သည် လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို ယခင် ဆရာတစ်ဦးထံမှ သင်ယူခဲ့ပြီး သုံးနှစ်နီးပါး လေ့ကျင့်ခဲ့သော်လည်း ပါရမီအကန့်အသတ်ရှိသောကြောင့် အစပျိုးအဆင့်၌သာ တန့်နေပြီး ဆက်လက်မတိုးတက်နိုင်ခဲ့ပေ။

သို့သော် ယခုအခါတွင် သူ၏လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို အဆင့်မြှင့်တင်ရန် အခွင့်အရေး ရရှိလာပြီဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် နောက်တစ်ခဏ၌ မျက်နှာပြင်မှာ နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။

—

အမည် - ရွှီနင်

သိုင်းပညာ - လေပြင်းမုန်တိုင်းဓားနည်းစနစ် (အခြေခံအဆင့်)+

ရရှိနိုင်သော စွမ်းအင် - ၃ ယူနစ်

—

သူ၏ လေပြင်းမုန်တိုင်းဓားနည်းစနစ် အဆင့်မှာ အစပျိုးအဆင့်မှ အခြေခံအဆင့်သို့ ပြောင်းလဲသွားပြီး ရရှိနိုင်သော စွမ်းအင်မှာ ၃ ယူနစ်သို့ လျော့ကျသွားသည်။

မျက်နှာပြင် ပြောင်းလဲသွားပြီးသည့်နောက် ရွှီနင်၏ လေပြင်းမုန်တိုင်းဓားနည်းစနစ်အပေါ် နားလည်သဘောပေါက်မှုသည် ရုတ်တရက် ပိုမိုနက်ရှိုင်းလာခဲ့သည်။

လေပြင်းမုန်တိုင်းဓားနည်းစနစ်၏ နည်းလမ်းများနှင့်ပတ်သက်၍ ထူးဆန်းစွာ ရင်းနှီးကျွမ်းဝင်နေသည်ဟု သူခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာ နေ့စဉ်ရက်ဆက် လေ့ကျင့်ခဲ့ဖူးသကဲ့သို့၊ မိမိလက်ဖဝါးကို မိမိပြန်ကြည့်နေရသကဲ့သို့ အရာရာကို သိမြင်နေမိသည်။

ရွှီနင်သည် လက်ကိုမြှောက်၍ ဟန်ရေးပြလိုက်သည်။ သူ၏လက်ထဲတွင် ဓားမရှိသော်လည်း ဓားကိုင်ဆောင်ထားသည်မှာ ကြာပြီဖြစ်သကဲ့သို့ ခံစားလိုက်ရသည်။

သူ၏စိတ်နှလုံးမှာ ရုတ်တရက် စိတ်ဝင်စားမှုတို့ဖြင့် တက်ကြွလာသည်။

ရွှီနင်သည် တောင်တက်ရာတွင် အသုံးပြုလေ့ရှိပြီး မိမိကိုယ်ကို ကာကွယ်ရန် ဆောင်ထားသော ပုဆိန်ငယ်ကို ကောက်ယူလိုက်သည်။ ဒဏ်ရာများ၏ နာကျင်မှု သက်သာသွားသည်ကို သတိပြုမိလိုက်ပြီး သူ၏စိတ်ထဲရှိ အသိပညာအသစ်များကို အသုံးပြုကာ လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို စတင်ထုတ်ဖော်လိုက်သည်။

ချက်ချင်းပင် ဓားချက်က လေထုထဲတွင် တရွှီရွှီမြည်သွားလေသည်။

သိုင်းကွက် ထုတ်ဖော်ပြီးနောက် ရွှီနင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည်။

“ဒီသိုင်းပညာမျက်နှာပြင်က ဂိမ်းထဲက ဟာကွက် တစ်ခုလိုပဲ။ လေပြင်းမုန်တိုင်းဓားနည်းစနစ်က သာမန်စွမ်းရည်တစ်ခုဆိုပေမဲ့ ချက်ချင်းဆိုသလို ငါ့ရဲ့ဓားသိုင်းပညာကို တိုးတက်သွားစေတာပဲ။ ငါသိထားတဲ့ သာမန်သိုင်းပညာရှင်တွေဆိုရင် ပြင်ပသိုင်းကွက်တစ်ခုကို လေ့ကျင့်ဖို့ နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူရမှာ။ ဒါပေမဲ့ ငါက တစ်စက္ကန့်ပဲ ကြာလိုက်တယ်...”

ရုတ်တရက် ရွှီနင်သည် ဤသိုင်းလောကကြီးကို စိတ်ဝင်စားကာ မျှော်လင့်လာမိသည်။

သိုင်းပညာမျက်နှာပြင်သာ ရှိနေရင် သူသည် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်စွမ်း ရှိသည်။

ရွှီနင်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး လေပြင်းမုန်တိုင်းဓားနည်းစနစ် ဘေးနားရှိ “+” လက္ခဏာပေါ်သို့ နောက်တစ်ကြိမ် အာရုံစိုက်လိုက်သည်။

သူ ထပ်မံ၍ အဆင့်မြှင့်တင်ချင်နေသည်။

—

လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၆ ယူနစ် အသုံးပြုမည်လား။

လုပ်မည်/မလုပ်ပါ

—

“စွမ်းအင် ၆ ယူနစ်တောင်လား”

ရွှီနင် မျက်နှာပျက်သွားသည်။

လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို အစပြုအဆင့်မှ အခြေခံအဆင့်သို့ မြှင့်တင်ရန် စွမ်းအင် ၃ ယူနစ်သာ ကုန်ကျခဲ့သော်လည်း အခြေခံအဆင့်မှ အလယ်အလတ်အဆင့်သို့ မြှင့်တင်ရန်အတွက်မူ လိုအပ်သောစွမ်းအင်မှာ နှစ်ဆတက်သွားခဲ့သည်။ သူတွင် စွမ်းအင် ၃ ယူနစ်သာ ကျန်ရှိတော့သဖြင့် လုံလောက်မှု မရှိသည်မှာ ထင်ရှားလှသည်။

“မလုပ်ပါ”

ရွှီနင် အနည်းငယ် စိတ်မကောင်းဖြစ်သွားသော်လည်း သိပ်တော့ စိတ်ပျက်မသွားပေ။

သူ့တွင် သိုင်းပညာမျက်နှာပြင် ရှိနေသရွေ့ အနာဂတ်တွင် ဝိညာဉ်ဆေးပင်များ သို့မဟုတ် အခြားသော စွမ်းအင်အရင်းအမြစ်များကို ရှာဖွေပြီး သိုင်းပညာ တိုးတက်အောင် လုပ်ဆောင်ရန် အခွင့်အရေးများစွာ ရှိနေဦးမည် ဖြစ်သည်။

“အိမ်ပြန်ချိန်တန်ပြီ...”

ရွှီနင် ကောင်းကင်ကို မော့ကြည့်လိုက်ရာ နေဝင်စပြုနေပြီ ဖြစ်သည်။

သူသည် ထိုင်ချလိုက်ပြီး ကျောပိုးခြင်းတောင်းထဲမှ ပြုတ်ကျနေသော ဆေးဖက်ဝင်အပင်များကို ကောက်ယူလိုက်သည်။

ဤဆေးပင်များသည် ယခင်က ခူးယူထားသော သာမန်ဆေးပင်များသာ ဖြစ်သည်။ အရည်အသွေးက သာမန်သာရှိပြီး တန်ဖိုးမကြီးပေ။

ရွှီနင်သည် စွမ်းအင်စုပ်ယူ၍ ရ၊ မရ သိရှိစေရန် သူ၏လက်ထဲရှိ သာမန်ဆေးပင်ကို ဖျစ်ညှစ်ကြည့်လိုက်သည်။

သို့သော် ကံမကောင်းစွာဖြင့် သာမန်အရည်အသွေးရှိသော ဆေးပင်များက သူ့ကို မည်သည့်စွမ်းအင်မှ ပေးစွမ်းနိုင်ခြင်း မရှိပေ။

ဆေးပင်များကို သိမ်းဆည်းပြီးနောက် ရွှီနင်သည် ပုဆိန်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ယခင်လမ်းကြောင်းကို ပြန်လည်မှတ်မိအောင် ကြိုးစားလိုက်သည်။

ရွှီနင်၏ လက်ရှိနေရာမှာ ယွင်ဇယ်တောင်တန်း၏ အစပ်တွင် ဖြစ်သည်။ ထိုနေရာ၌ သားရဲတိရစ္ဆာန်များ ကျင်လည်ကျက်စားလေ့ ရှိသောကြောင့် အချိန်တိုင်း သတိထားနေရမည် ဖြစ်သည်။

ကံကောင်းစွာဖြင့် အပြန်ခရီးတွင် ရွှီနင်သည် မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရပေ။ နာရီဝက်ခန့် ကြာပြီးနောက် သူ၏ရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ဤသည်မှာ ရွှီနင် နေထိုင်ရာ ထောင်ရွာပင် ဖြစ်သည်။

ရွှီနင်သည် ထောင်ရွာတွင် မွေးဖွားကြီးပြင်းခဲ့သူ မဟုတ်ဘဲ သူနှင့် သူ၏အစ်မဖြစ်သူ ရွှီလျန်တို့သည် လွန်ခဲ့သော နှစ်အနည်းငယ်ကမှ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ရွှီနင်နှင့် အစ်မဖြစ်သူ ရွှီလျန်တို့သည် ယခင်က မိမိတို့၏ရွာတွင် နေထိုင်ခဲ့ကြသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က မြင်းစီးဓားပြအဖွဲ့တစ်ဖွဲ့၏ ဝင်ရောက်စီးနင်းခြင်းကို ခံခဲ့ရသည်။ ရွာပျက်စီးသွားခဲ့ပြီး ဆွေမျိုးများနှင့် အိမ်နီးချင်းများ သတ်ဖြတ်ခံခဲ့ရသည်။ ရွှီလျန်သည် သူမ၏ မောင်ငယ် ရွှီနင်ကို ခေါ်ဆောင်ကာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ထိုအချိန်မှစ၍ သူတို့မောင်နှမနှစ်ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

သူတို့နှစ်ဦးသည် လမ်းဘေးတွင် လှည့်လည်သွားလာရင်း အသက်ရှင်ရပ်တည်ရန် ကြိုးစားခဲ့ကြပြီး နောက်ဆုံးတွင် ထောင်ရွာမှ လက်ခံခဲ့သည်။

အစ်မဖြစ်သူ ရွှီလျန်သည် ထောင်ယွမ်ချွမ်နှင့် လက်ထပ်ခဲ့သည်။

ထို့ကြောင့် ရွှီနင်သည်လည်း ထောင်ရွာမှ ရွာသားတစ်ဦး ဖြစ်လာခဲ့သည်။

နေလုံးကြီးမှာ တဖြည်းဖြည်း ဝင်စပြုနေပြီဖြစ်ပြီး အဝေးမှ လှမ်းကြည့်လိုက်လျှင် ရွာ၏ပုံသဏ္ဌာန်မှာ မှိန်ဖျော့နေသည်။

ထောင်ရွာကို ကျောက်တုံးတံတိုင်းဖြင့် ဝန်းရံထားသည်။ တံတိုင်းပေါ်တွင် လက်နက်များကိုင်ဆောင်ထားသော ရွာသားများက ဟိုဟိုဒီဒီ လှည့်လည်ကင်းလှည့်နေကြသည်။

တစ်ချက်ကြည့်လိုက်လျှင် မြို့ငယ်လေးတစ်ခု၏ ဝင်ပေါက်နှင့် တူလေသည်။

ထောင်ရွာသည် လူဦးရေ ၃၀၀၀ ကျော်ရှိသော ရွာကြီးတစ်ရွာဖြစ်သည်။ ၎င်းသည် ခန်းယွင်ခရိုင်တွင် ကြွယ်ဝချမ်းသာပြီး ဩဇာအာဏာကြီးမားသည်။

ထောင်ရွာအဝင်ဝတွင် ရွှီနင်၏ ခြေလှမ်းများ တွန့်ဆုတ်နေသည်။

သူသည် ကူးပြောင်းလာသူတစ်ဦး ဖြစ်သည့်အတွက် ဤမိသားစုသစ်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းနေထိုင်ရန် အတားအဆီးများ ရှိနေသည်။

သို့သော် ခေတ္တမျှ တွေဝေနေပြီးနောက် ရွှီနင်သည် ခြေလှမ်းတစ်လှမ်း တိုးလိုက်သည်။

ဤသည်မှာ သူ အနှေးနှင့်အမြန် ရင်ဆိုင်ရမည့် ကိစ္စပင်ဖြစ်သည်။

ရွှီနင် ရွာထဲသို့ ဝင်လာခဲ့သည်။

ထောင်ရွာသည် ကြီးမားပြီး လူဦးရေ ထူထပ်သည်။

သို့သော် သူသည် ပြင်ပမှ ရောက်လာသူတစ်ဦး ဖြစ်သောကြောင့် ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ ဤနေရာနှင့် မည်သည့်အခါမျှ အသားမကျခဲ့ပေ။

“ဒီနေရာပဲလား...”

ရွှီနင်သည် သူ၏မှတ်ဉာဏ်ထဲရှိ လမ်းကြောင်းအတိုင်း လျှောက်လာခဲ့ရာ သာမန်ခြံဝင်းလေးတစ်ခုသို့ ရောက်ရှိလာသည်။

ခြံဝင်းတံခါးကို ပိတ်ထားကာ ခြံဝင်းအတွင်းမှ ထင်းခွဲသံများ ထွက်ပေါ်နေသည်။

ရွှီနင် ခဏမျှ ရပ်တန့်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။

သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦးသည် ပုဆိန်ကို ကိုင်ကာ ထင်းတုံးတစ်တုံးကို ခွဲနေသည်ကို တွေ့လိုက်ရသည်။

သူ့ရဲ့လှုပ်ရှားမှုတွေဟာ တောင့်တင်းပြီး ဟန်ချက်ညီမှုမရှိပေ။

“ရွှီနင် ပြန်ရောက်လာပြီလား”

တံခါးဖွင့်သံ ကြားလိုက်ရသဖြင့် ထိုသန်မာသောအမျိုးသားက မော့ကြည့်လိုက်ရာ ရွှီနင်ကို မြင်လိုက်ရပြီး ပြုံးပြလိုက်သည်။

သူသည် ပုဆိန်ကို ချထားလိုက်ပြီး လျှောက်လာသည်။ “ပစ္စည်းတွေ အစ်ကို့ကို ပေး၊ မင်း သွားနားလိုက်တော့”

ထိုသန်မာသော အမျိုးသားသည် ခြေထောက် ထော့နဲ့ထော့နဲ့နှင့် လမ်းလျှောက်လာနေသည်။ လက်သာမက ခြေထောက်တွင်လည်း ပြဿနာရှိနေသည်မှာ သိသာသည်။

ရွှီနင်သည် ဤအမျိုးသားမှာ သူ၏ယောက်ဖဖြစ်သူ ထောင်ယွမ်ချွမ်ဖြစ်ကြောင်း မှတ်မိလိုက်သည်။

သူသည် ငယ်စဉ်က ဒဏ်ရာရခဲ့ဖူးသောကြောင့် လှုပ်ရှားသွားလာရာတွင် အဆင်မပြေ ဖြစ်နေခြင်းဖြစ်သည်။

“ဟေ... ရွှီနင်၊ မင်း ချော်လဲပြီး ဒဏ်ရာရလာတာလား”

အနားသို့ ရောက်လာပြီးနောက် ထောင်ယွမ်ချွမ်သည် ရွှီနင်၏ အဝတ်အစားများ နေရာအနှံ့ စုတ်ပြဲနေပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း ပွန်းပဲ့ဒဏ်ရာအချို့ ရှိနေသည်ကို သတိပြုမိသွားသည်။

“ဆေးပင်ခူးရင်း မတော်တဆ ချော်လဲသွားလို့ပါ”

ထောင်ယွမ်ချွမ်၏ စိုးရိမ်ပူပန်မှုကို မြင်ရသောအခါ ရွှီနင် အနည်းငယ် နေရခက်သွားသည်။

“အဆင်ရောပြေရဲ့လား”

ထောင်ယွမ်ချွမ်က မေးလိုက်သည်။

“ကျွန်တော် အဆင်ပြေပါတယ်”

ရွှီနင်က လက်ကာပြလိုက်သည်။

အမှန်တကယ်တွင် သူ နေလို့ကောင်းနေသည်။

“တော်သေးတာပေါ့၊ တော်သေးတာပေါ့...”

ထောင်ယွမ်ချွမ် စိတ်အေးသွားပုံရသည်။

“ရွှီနင် ဒဏ်ရာရလာတာလား”

ပိတ်သားဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး အခန်းထဲမှ ထွက်လာသည်။ သူမ၏လေသံတွင် စိုးရိမ်ပူပန်မှုများ ပါဝင်နေသည်။

ဤအမျိုးသမီးငယ်မှာ ရွှီနင်၏အစ်မ ရွှီလျန်ပင် ဖြစ်သည်။

All Chapters