← Chapters

အဖွဲ့လိုက် လေ့ကျင့်ခြင်း

Vol. 1 Ch. 6

အဖွဲ့လိုက် လေ့ကျင့်ခြင်း

Vol. 1 Ch. 6

ညရောက်ပြန်ပြီ။

ညစာကတော့ မနေ့ညက ကျန်နေသည့် သိုးသားဟင်းရည် ဖြစ်သည်။

ရွှီနင်က နေ့ခင်းဘက်တွင် ဘက်စုံသုံးဆေးပင်များ ခူးခဲ့သည့်အကြောင်း တစ်လုံးမှ မဟခဲ့ချေ။

ညစာ စားပြီးနောက်…

ရွှီလျန်က ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းလိုက်သည်။ ထောင်ယွင်ချွမ်းက ရွှီနင်ကို ပြောလာသည်။ “မနက်ဖြန်ကစပြီး မင်း တောင်ပေါ် ဆေးသွားမခူးနဲ့တော့”

“ဘာလို့လဲ”

ရွှီနင် နားမလည်နိုင် ဖြစ်သွားသည်။

ထောင်ယွင်ချွမ်းက “မင်း သိုင်းသင်တန်းတက်ရအောင် ငါ ရွာကို ငွေငါးပြား ပေးသွင်းလိုက်ပြီ” ဟု ဆိုသည်။

ရွှီနင် ရုတ်တရက် ကြောင်အသွားသည်။

‘သင်တန်း ဟုတ်လား’

သူ အနည်းငယ် မှင်သက်မိသွား၏။

သူသာ် လေပြင်းမုန်တိုင်းဓားသိုင်း၏ အလယ်အလတ်အဆင့်သို့ ရောက်နေပြီဖြစ်ရာ သင်တန်းတက်ရန် လိုအပ်နေသေးသလော။

ရွှီနင် ချက်ချင်း လက်မခံသည်ကို မြင်သောအခါ ထောင်ယွင်ချွမ်းက ငွေနှမြောနေသည်ဟု ထင်သွားလေသည်။ ထို့ကြောင့် “ပိုက်ဆံအတွက် စိတ်မပူနဲ့၊ ငါတို့မှာ စုငွေ ငွေပြားတစ်ရာလောက် ရှိပါသေးတယ်၊ ဒီအခွင့်အရေးကိုယူပြီး သိုင်းလေ့ကျင့်လိုက်ပါ”

“ရွှီနင်... သိုင်းပညာ လေ့ကျင့်ခြင်းကသာ ဘဝရဲ့ စစ်မှန်တဲ့ လမ်းကြောင်းဆိုတာ မင်း နားလည်ရမယ်”

ထောင်ယွင်ချွမ်းက ဆက်ပြောသည်။ “ငါ ငယ်ငယ်တုန်းက ဆေးခူးရင်း သားရဲနဲ့တိုးပြီး မသေဘဲ လွတ်လာပေမယ့် ဒုက္ခိတဖြစ်သွားခဲ့ရတယ်၊ သိုင်းမသင်နိုင်ခဲ့တော့ ဘဝမှာ ရှေ့မရောက်နိုင်တော့ဘူး၊ မင်းက ငယ်ပါသေးတယ်၊ လက်ရှိ အရည်အချင်းနဲ့ဆိုရင် ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူး”

“ကျွန်တော်...”

ရွှီနင်ကမူ ဒါကို အချိန်ဖြုန်းသည်ဟုသာ ခံစားမိသည်။

ရွှီနင် ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ယောက်ဖ... ကျွန်တော့် ဓားသိုင်းက တော်တော်လေး ကောင်းနေပါပြီ”

ထောင်ယွင်ချွမ်းက ခေါင်းခါရင်း ပြုံးလိုက်သည်။ “ငါ့ကို လာမလိမ်နဲ့၊ ပြီးခဲ့တဲ့လတုန်းကပဲ မင်းသိုင်းပညာ မတိုးတက်လို့ စိတ်ညစ်နေခဲ့တာမဟုတ်လား၊ အခုကျမှ ကောင်းပါတယ် လာလုပ်နေတယ်၊ ငါ့ကိုများ လွယ်လွယ်လေးနဲ့ ယုံမယ်ထင်နေလား”

ရွှီနင်မှာ ပြောစရာစကား မရှိတော့ပေ။

“ရပါတယ် ရွှီနင်ရာ... တွေဝေမနေပါနဲ့၊ ငါ ပိုက်ဆံသွင်းပြီးသွားပြီ၊ မနက်ဖြန်သာ သွားလိုက်ပါ”

ထောင်ယွင်ချွမ်းက ရွှီနင် ငြင်းမည့်စကားကို နားထောင်လိုစိတ် မရှိတော့ချေ။ သူ မတ်တတ်ရပ်ကာ ရွှီနင်၏ ပခုံးကို ပုတ်လျက် “ကြိုးကြိုးစားစား လေ့ကျင့်နော်” ဟု မှာသည်။

ထို့နောက် ထောင်ယွင်ချွမ်းတစ်ယောက် ထော့နဲ့ထော့နဲ့ဖြင့် အခန်းထဲမှ ထွက်ခွာသွားလေသည်။

ထောင်ယွင်ချွမ်း၏ စိတ်ပိုင်းဖြတ်ထားပုံကို မြင်လိုက်ရသဖြင့် ရွှီနင်လည်း ယောက်ဖဖြစ်သူ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။

“ဒီလိုဆိုမှတော့လည်း သွားလေ့ကျင့်လိုက်ပါ့မယ်”

ထောင်ယွင်ချွမ်း၏ ဆန္ဒကို မလွန်ဆန်နိုင်မှန်း ရွှီနင် သိလိုက်သည်။

သို့သော် သူ အကြာကြီး တက်ရန် အစီအစဉ်မရှိပေ။ အုပ်စုလိုက် သင်တန်းကို အကြောင်းပြပြီး မိမိ အစွမ်းအစ တိုးတက်လာကြောင်း ပြသကာ ထောင်ယွင်ချွမ်း အသိအမှတ်ပြုလာအောင် လုပ်မည်။

ထိုအခါကျမှ အုပ်စုလိုက် မဟုတ်ဘဲ တစ်ကိုယ်တည်း လေ့ကျင့်မည်ဟု ခွင့်တောင်းတော့မည်။

…

နောက်တစ်နေ့ နံနက်စောစော…

မိုးမလင်းတလင်း အချိန်တွင် ကြက်ဖတွန်သံ ပေါ်ထွက်လာသည်။

ရွှီနင် စောစောထကာ ကိုယ်လက်သန့်စင်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

ယနေ့သည် ရွှီနင်၏ လေ့ကျင့်ရေးစခန်း နေ့ရက်များ တရားဝင် စတင်သည့်နေ့ ဖြစ်သည်။

လမ်းတစ်လျှောက်တွင် လူငယ်တစ်သိုက် လေ့ကျင့်ရေးကွင်းဘက်သို့ အလုအယက် သွားနေကြသည်ကို တွေ့လိုက်ရသည်။

ရွှီနင် ရောက်သွားသည့်အခါ ကွင်းပြင်၌ လူများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။

လူ ၂၀၀ ကျော်ခန့် ရှိမည်ဟု ရွှီနင် ခန့်မှန်းမိသည်။

လူ ၃၀ လျှင် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားပြီး မျိုးနွယ်စုမှ သက်ကြီးဝါကြီးများက ဦးစီးသင်ကြားပေးကြသည်။

သူ့နည်းပြမှာ ထောင်ယွင်မန် ဖြစ်ကြောင်း မနေ့ကတည်းက ထောင်ယွင်ချွမ်း ပြောပြထားသည်။

ရွှီနင် စုံစမ်းမေးမြန်းပြီးနောက် သူ့အဖွဲ့ကို ရှာတွေ့သွားသည်။

အဖွဲ့ခေါင်းဆောင် ထောင်ယွင်မန် မရောက်သေးသဖြင့် ရွှီနင်က အဖွဲ့သားများကို နှုတ်ဆက်လိုက်သည်။

သူက ပြင်ပလူ ဖြစ်သော်လည်း ထောင်မျိုးနွယ်ဝင် လူငယ်များက သူ့ကို ဖယ်ကြဉ်ထားခြင်း မရှိပေ။

သို့သော် ရွှီနင် မှတ်မိသလောက်ဆိုလျှင် ယခင် ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းမှာ ထောင်ရွာနှင့် ဘယ်တုန်းကမှ သဟဇာတ မဖြစ်ခဲ့ပေ။

ပိုင်ရှင်ဟောင်း၏ စိတ်ထဲတွင် သူသည် ဤနေရာမှ အဖွဲ့ဝင်တစ်ဦး မဟုတ်ဟုသာ ခံယူထားခဲ့သည်။

ကံကောင်းသည်မှာ ကူးပြောင်းလာသူ ရွှီနင်အဖို့ ထိုမျှလောက် ခံစားလွယ်ခြင်း မရှိတော့ပေ။

“ရွှီနင်”

ရုတ်တရက် သူ့နာမည် ခေါ်သံကို ကြားလိုက်ရသည်။

လှမ်းကြည့်လိုက်သော်…

“ကောယယ်”

ရွှီနင် ကောယယ်ကို မြင်လိုက်ရသည်။

“ရွှီနင်... မင်းလည်း လာတာလား”

ကောယယ် အံ့သြသွားသည်။

“ငါ့ယောက်ဖ စာရင်းသွင်းပေးလိုက်တာ”

ရွှီနင်က ပြန်ဖြေပြီးနောက် “မင်းလည်း သင်တန်းတက်တာ ငါ မသိပါလား” ဟု မေးလိုက်သည်။

“ငါက ရံဖန်ရံခါမှ လာတာပါ၊ တစ်လမှ ရက်ပိုင်းလောက်ပဲ၊ ဦးလေး အတင်းလွှတ်လို့သာ မဟုတ်ရင် ဆေးဆိုင်မှာပဲ နေချင်တာ”

ကောယယ်က ခေါင်းကုတ်ရင်း ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။

ဤခေတ်ကြီးတွင် သိုင်းပညာ ညံ့ဖျင်းခြင်းသည် ရည်မှန်းချက် မရှိသူဟု အထင်ခံရတတ်သဖြင့် ကောယယ်က သင်တန်းတက်နေကြောင်း ရွှီနင်ကို ထုတ်မပြောခဲ့ခြင်း ဖြစ်သည်။

ထိုစကားကို ကြားသော် ရွှီနင် ပြုံးမိလိုက်သည်။

အများစုက ပိုက်ဆံပေးထားရသဖြင့် နေ့တိုင်း လာချင်နေကြသော်လည်း ကောယယ်ကမူ အတင်းအဓမ္မ လွှတ်မှ ရောက်လာသူ ဖြစ်နေသည်။

ထို့အပြင် ထောင်ယွင်ကန်းက ဆေးကုန်သည် ဖြစ်၍ ငွေကြေးပြည့်စုံရာ တစ်လ ငွေငါးပြားလောက်က သူတို့အတွက် အပန်းမကြီးလှပေ။

“ဦးလေးမန် လာပြီဟေ့”

တစ်ယောက်က အော်ပြောလိုက်သည်။

ကြွက်သားအဖုဖုနှင့် အင်္ကျီကျပ်ကျပ် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် သစ်သားသေတ္တာကြီး နှစ်လုံးကို ထမ်းလျက် လျှောက်လာသည်။

သူကား ရွှီနင်တို့အဖွဲ့ ခေါင်းဆောင် ထောင်ယွင်မန် ပင်တည်း။

ထောင်ယွင်မန်သည် ထောင်ရွာတွင် အားအင်ကြီးမားသူဖြစ်ပြီး လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားကာ အတွင်းအား လေးဆင့်မြောက် နယ်ပယ်သို့ ရောက်ရှိနေသူ ဖြစ်သည်။ အနီးအနားရှိ ရွာများတွင်လည်း နာမည်ကြီးသည်။

ဘုန်း... ဘုန်း...

ထောင်ယွင်မန်က ပခုံးပေါ်မှ သစ်သားသေတ္တာကြီးများကို ချလိုက်သည်။

“ဓားယူပြီး တန်းစီကြ”

ထောင်ယွင်မန်က သူ့ရှေ့မှ လူငယ်များကို ကြည့်ကာ အော်ပြောလိုက်သည်။

ထောင်ယွင်မန်၏ အဖွဲ့သည် လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို လေ့ကျင့်ရသည်။

လူငယ်အားလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး အစီအရီ တန်းစီလိုက်ကြသည်။

ထို့နောက် သစ်သားသေတ္တာထဲမှ သံဓားများကို ယူကာ ပြန်တန်းစီကြသည်။

သံဓားများမှာ ထွေထွေထူးထူး မဟုတ်သော်လည်း အိမ်တိုင်းတွင် မရှိကြပေ။

ဥပမာ ရွှီနင်တို့အိမ်တွင် ပေါက်ဆိန်နှစ်လက်သာ ရှိသည်။

ထို့ကြောင့် လေ့ကျင့်ရေးအတွက် လိုအပ်သော ဓားများကို ရွာက စီစဉ်ပေးခြင်း ဖြစ်သည်။

အဖွဲ့သားများ ငြိမ်သက်စွာ ရပ်နေကြသည်။ ထောင်ယွင်မန်က လူရေတွက်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ကောင်းတယ်၊ ဒီတစ်ခေါက် လူစုံသားပဲ၊ မျက်နှာသစ်တွေတောင် ပါသေးတယ်”

ထောင်ယွင်မန်တစ်ယောက် ရွှီနင်ကို သတိထားမိသွားသည်။

“နာမည်စာရင်း ခေါ်မယ်”

ထောင်ယွင်မန်က သင်တန်းသားစာရင်းကို ထုတ်လိုက်သည်။

“ထောင်ချင်းရှု”

“ရှိ”

“ထောင်ကျစ်”

…

“ရွှီနင်”

နောက်ဆုံးတွင် ရွှီနင်၏ နာမည် ထွက်လာသည်။

“ရှိ”

ရွှီနင် ကျယ်လောင်စွာ ထူးလိုက်သည်။

“ကောင်းပြီ၊ သုံးယောက်ပဲ ပျက်တယ်၊ မဆိုးဘူး၊ ကဲ... လေ့ကျင့်ကြစို့”

ထောင်ယွင်မန်က ဟိန်းဟောက်လိုက်သည်။

“အားလုံး တက်တက်ကြွကြွ ရှိကြစမ်း”

ကွင်းပြင်ထဲတွင် အခြားအဖွဲ့များ ရှိသော်လည်း ထောင်ယွင်မန်၏ အသံမှာ အကျယ်ဆုံး ဖြစ်သည်။

“ပုံမှန် လေ့ကျင့်ခန်း အရင်လုပ်မယ်... စ”

လူငယ်အများအပြား လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို တစ်ပြိုင်နက်တည်း စတင်ကစားလိုက်ကြရာ ဓားလေတိုးသံများ ချက်ချင်း ထွက်ပေါ်လာသည်။

ထောင်ယွင်မန်သည် တစ်နေရာတည်းတွင် မရပ်ဘဲ ဖြည်းညှင်းစွာ လျှောက်သွားရင်း လူတိုင်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်။

“အားထည့်စမ်း”

လှုပ်ရှားမှု မမှန်သူ၊ အားမပါသူများကို ထောင်ယွင်မန်က ဆူပူကြိမ်းမောင်းသည်။

အထူးသဖြင့် အတော်လေး ညံ့ဖျင်းနေသူများဆိုလျှင် သတိပေးသည့်အနေဖြင့် ခြေထောက်နှင့်ပါ ကန်ကျောက်တတ်သည်။

ရံဖန်ရံခါတွင်လည်း ချီးကျူးတတ်သေးသည်။

“ထောင်ကျစ်... တိုးတက်လာတယ်၊ ဆက်ကြိုးစားထား”

ထောင်ယွင်မန်က မိန်းကလေးတစ်ဦးကို ချီးကျူးလိုက်ခြင်း ဖြစ်သည်။

ခန်းယွင်ခရိုင်ရှိ မည်သည့်ရွာတွင်မဆို သိုင်းလေ့ကျင့်သည့် အမျိုးသမီး အနည်းငယ် ရှိစမြဲပင်။

ရွှီနင်တို့အဖွဲ့တွင်လည်း သိုင်းလေ့ကျင့်သူ အမျိုးသမီး နှစ်ဦးသုံးဦး ပါဝင်သည်။

သူတို့အားလုံးက မိသားစု နောက်ခံကောင်းသူများ ဖြစ်ကြသည်။ မိဘဆွေမျိုးများမှာ ထောင်ရွာရှိ ထင်ရှားသောပုဂ္ဂိုလ်များ ဖြစ်ကြပြီး ဘဝတွင် ငွေကြေး အခက်အခဲများစွာမရှိပေ။

ထောင်ရွာတွင် အမျိုးသမီးများ သိုင်းသင်နိုင်သော်လည်း မဖြစ်မနေ မဟုတ်ပေ။

ပထမအချက်မှာ လေပြင်းမုန်တိုင်းဓားနည်းစနစ်ကဲ့သို့ ပြင်ပသိုင်းများတွင် အမျိုးသမီးများသည် အမျိုးသားများနှင့် ယှဉ်လျှင် ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ အားနည်းချက် ရှိသည်။

ဒုတိယအချက်မှာ သိုင်းတတ်သည့် အမျိုးသမီးများသည် ရွာကာကွယ်ရေးနှင့် တိုက်ခိုက်ရေးတို့တွင် ပါဝင်ခဲသည်။ အစောင့်တာဝန်နှင့် အမဲလိုက်ခြင်းကဲ့သို့ အန္တရာယ်များသော အလုပ်များကို အမျိုးသားများကသာ အဓိက လုပ်ဆောင်ကြသည်။

ထောင်ယွင်မန်၏ ချီးကျူးခြင်း ခံရသဖြင့် ထောင်ကျစ် ဆိုသော မိန်းကလေးမှာ ပြုံးသွားပြီး ဓားကို ပို၍ အားထည့် ကစားလေသည်။

ထောင်ယွင်မန် ဆက်လက် လျှောက်လှမ်းသွားရင်း ကောယယ်ရှေ့သို့ ရောက်လာသည်။

ကောယယ်မှာ သိသိသာသာကို တုန်လှုပ်နေသည်။

“ကောယယ်... မင်း ဘာတွေ လေ့ကျင့်နေတာလဲ”

ထောင်ယွင်မန်က ရုတ်တရက် ဒေါသသံဖြင့် မေးလိုက်သည်။

ကောယယ်မှာ နဂိုကတည်းကပင် အကြောက်အလန့် ကြီးသူဖြစ်ရာ လှုပ်ရှားမှုများက သူများထက် ပို၍ တောင့်တင်းနေသည်။

“ပျင်းလိုက် ပျော့ညံ့လိုက်တာ၊ ဦးလေးဆိုင်ကို ကူနေရတာကို အကြောင်းပြချက် လုပ်နေတယ်၊ ဇွဲမရှိ လုံ့လမရှိနဲ့၊ အားတဲ့အချိန်လည်း လေ့ကျင့်တာ မဟုတ်ဘူး၊ ဓားသိုင်း အခြေခံတောင် မပိုင်သေးဘူး၊ မင်းကို ငါ ဘာပြောရမလဲ”

ထောင်ယွင်မန်က ကောယယ်၏ ခြေသလုံးကို လှမ်းကန်လိုက်သည်။

ကောယယ် ယိုင်နဲ့သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။

သို့သော် ထောင်ယွင်မန်၏ ဒေါသကို ရင်ဆိုင်နေရသဖြင့် တစ်ခွန်းမျှ ပြန်မပြောရဲရှာပေ။

“အစ်ကိုယွင်ကန်းက မင်းလိုကောင်ကို ဘယ်လို သည်းခံနေလဲ မသိဘူး”

ထောင်ယွင်မန်က မဲ့ရွဲ့ပြောဆိုသည်။

ထောင်ယွင်မန်က ကောယယ်ဆီမှ အကြည့်လွှဲလိုက်သည်။

ပါရမီက သာမန်၊ တိုက်ခိုက်လိုစိတ်ကလည်း မရှိသော ကောယယ်အပေါ် သူ လုံးဝ စိတ်ပျက်သွားပြီ ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးသည် စစ်မှန်သော သိုင်းပညာရှင် ဖြစ်လာနိုင်မည် မဟုတ်ပေ။

ထို့နောက် ထောင်ယွင်မန်သည် ကောယယ်ထံမှ ရွှီနင်ထံသို့ အကြည့်ပြောင်းလိုက်လေသည်။

All Chapters