← Chapters

အခန်း (၉၆၃-၉၆၄)

Vol. 58 Ch. 963-964

အခန်း (၉၆၃-၉၆၄)

Vol. 58 Ch. 963-964

အပိုင်း (၉၆၃)

စစ်သည် သောင်းပေါင်းများစွာတို့က မျက်မြင်ကြည့်ရှုလျက် ရှိ၏။ အရှေ့တိုင်း၏ ဧကရာဇ်ဖြစ်သော ရှမ့်လန်က အနိမ့်ဆုံးအဆင့် စစ်သည်တစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ကုသပေးနေပြီး မစင်ကိုပင် လေ့လာနေ၏။ ဤသည်က သူရဲကောင်းဆန်သည့် စကားတစ်ခွန်းမှ မပြောသော်လည်း လုပ်ရပ်က စကားလုံး ထောင်ပေါင်း များစွာထက် ပိုမိုကာ ကျယ်လောင်နေ၏။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ရှမ့်လန်က လူနာကို ဂရုစိုက် ကုသပေး၏။ ဟုတ်ပေ၏။ အာနိသင်က ချက်ချင်းပြမှာ မဟုတ်ချေ။

သို့သော်ငြား တစ်ကိုယ်လုံး တုန်ယင်နေသည့် စစ်သားက အံကိုကြိတ်လျက်ရှိ၏။ ထိုသို့မဟုတ်လျှင် သူက အော်ဟစ်ငိုယို နေမိပေလိမ့်မည်။ မျက်ရည်များကလည်း မထိန်းနိုင်ဘဲ စီးကျနေသည်။

ပြင်းထန်သည့် ရောဂါ ကူးစက်ခံရပြီးနောက် သူက စိတ်ပျက်အားငယ်၍ အထူးသဖြင့် ရောဂါဝေဒနာကြောင့် သူက ချက်ချင်း သေချင်စိတ် ပေါက်၏။ သူ၏ နှလုံးသားတွင် ကြောက်ရွံ့မှု၊ နာကျည်းမှု၊ အထီးကျန်ဆန်မှုများနှင့် ပြည့်နှက်နေခဲ့၏။

သို့သော်ငြား ယခု အရှေ့တိုင်း၏ မြင့်မြတ်သော ဧကရာဇ် ရှမ့်လန်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကုသပေးနေ၏။ ဤအရာက သူ့အား ဝေဒနာကိုပင် မေ့သွားစေပြီး သွေးများ ပေါက်ကွဲလုမတတ် ဆူပွက်နေ၏။ ဤသည်က အေးခဲနေသည့် လူတစ်ယောက်ကို ရေနွေးထဲ ထည့်လိုက်သကဲ့သို့ပင်။ အမှောင်ထုမှ လူတစ်ယောက်က တောက်ပသည့် နေရောင်ခြည်အောက်သို့ ရောက်ရှိသွားသကဲ့သို့ပင်။

ဤအချိန်မှာတော့ ထိုစစ်သည်၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိ၏။ “အကယ်၍ ကျုပ် ဝမ်အာတန်သာ အသက်ရှင်ခဲ့ရင် အရှင်ရှမ့်လန်အတွက် သေချာပေါက် အသေခံမယ်။ ဒီနေ့ကစပြီး အရှင်ရှမ့်လန်ရဲ့ ရန်သူတွေက ကျုပ်ရဲ့ မွေးရာပါ ရန်သူပဲ။”

နာရီဝက်ခန့် ကြာချိန်မှာတော့ ရှမ့်လန်၏ ကနဦး ကုသမှုက ပြီးဆုံးသွားသည်။ “အရာရှိနဲ့ စစ်သည်တွေ... ကျုပ်ရဲ့ စစ်ဘက်ဆိုင်ရာ သမားတော်တွေက ခင်ဗျားတို့ တစ်ယောက်ချင်းစီကို ကုသပေးလိမ့်မယ်။ နောက်တစ်ဆင့် အနေနဲ့ ကျုပ်တို့က သီးသန့်ခွဲထားမယ်။ ကပ်ရောဂါ ကာကွယ်ရေး စစ်ဆင်ရေးကို အပြည့်အဝ စတင်မယ်။

ကျုပ် ခင်ဗျားတို့ထဲက ဘယ်သူ့ကိုမှ စွန့်ပစ်မှာ မဟုတ်ဘူး။ ကျုပ် အကောင်းဆုံး ကြိုးစားပေးသွားမယ်။ ခင်ဗျားတို့ အမိန့်နာခံဖို့ ဆန္ဒရှိလား။ ခင်ဗျားတို့ရဲ့ စစ်တန်းလျားကို ပြန်ပြီး ခြေတစ်လှမ်းတောင် အပြင်မထွက်ဘဲ နေဖို့ ဆန္ဒရှိလား။”

ရှမ့်လန်က သူရဲကောင်းဆန်သည့် စကားလုံးများကို တစ်ခွန်းမှ မပြောဘဲ အလွန်တည်ငြိမ်သည့် လေသံဖြင့် မေး၏။ သူ၏အသံက မကျယ်လောင်သလို လူအများအပြားကလည်း သေချာပင် မကြားရချေ။ ခဏကြာချိန်မှာတော့ သူ၏ ရှေ့မှ လူသောင်းပေါင်းများစွာတို့က ဒူးထောက်လိုက်ကြ၏။

“အရှင်ရှမ့်လန်။ သက်တော်ရာကျော် ရှည်ပါစေ။”

“အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

နောက်ဆုံးမှာတော့ ထျန်းရွှဲ့အမဲလိုက်ကွင်းတစ်ခုလုံးရှိ လူရှစ်သောင်းလုံးက မြေကြီးပေါ်တွင် ဒူးထောက်ပြီး တညီတညွတ်တည်း အော်ဟစ်နေ၏။ သူတို့၏ အသံကို ကောင်းကင်အထိ တုန်ခါအောင် ကြားရသည်။

နောက်တစ်ဆင့်မှာတော့ ရှမ့်လန်က ထျန်းရွှဲ့အမဲလိုက်ကွင်း၏ စစ်စခန်းတစ်ခုလုံးကို အရှေ့စစ်စခန်းနှင့် အနောက်စစ်စခန်း ဟူ၍ နှစ်ပိုင်းခွဲ၏။ ပထမဦးဆုံး အရှေ့စစ်စခန်းကို သေချာစွာ ပိုးသတ်၏။ နေရာတိုင်းနီးပါးကို ထုံးဖြူခဲ့ပြီး ရေတွင်းအားလုံးကို ပိတ်ကာဖြင့် ရေတွင်းသစ်များ တူး၏။ ပိုးမွှား ကူးစက်နိုင်သည့် သံသယရှိဖွယ် အရာဝတ္ထုအားလုံးကို မီးရှို့ပစ်၏။

ပြီးနောက် သူ၏ တပ်တော် နှစ်သောင်းကျော်တို့က အရှေ့စစ်စခန်းတွင် တပ်စွဲ၏။ အကယ်၍ တခြားသူသာ ဖြစ်ပါက ကပ်ရောဂါရှိကြောင်း သိရှိပါက လုံးဝ ဝင်ရဲလိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ရှမ့်လန်က ငှက်ဖျား ရောဂါကို ကောင်းကောင်းသိသည်။ ပြီးနောက် စစ်ဘက်ကုသရေးအဖွဲ့က အနောက်ဘက် စစ်စခန်းတွင် ဘက်စုံ ကပ်ရောဂါ ကာကွယ်ရေး စစ်ဆင်ရေးကို လုပ်ဆောင်၏။ စစ်တန်းလျားတိုင်း ကို လုံးဝ သီးသန့်ခွဲထားခဲ့ပြီး မည်သူနှင့်မှ အဆက်အသွယ် မရှိစေပေ။

စစ်စခန်းရှိ နေရာတိုင်းကို ပိုးသတ်ခဲ့ပြီး ရေတွင်းသစ်များ တူးကာဖြင့် ရေအားလုံးကို ကျိုချက်စေ၏။ စစ်သည်များ၏ အဝတ်အစားအားလုံးကို ပြုတ်လျှော်ခဲ့ပြီး စစ်သည်အားလုံး တစ်နေ့လျှင် နှစ်ကြိမ် ရေနွေးဖြင့် ရေချိုးရ၏။ ရေအပူချိန် ၅၅ ဒီဂရီ စင်တီဂရိတ် ကျော်လွန်ရပေမည်။ တပ်တော်အထိုင်ချရာ နေရာတိုင်းတွင် ကြုံသလို ဆီးသွားခြင်း၊ ဝမ်းသွားခြင်းကို တင်းကျပ်စွာ တားမြစ်ထား၏။ အထူးအိမ်သာတွင်းများကို တူးခဲ့ပြီး လူနာများ၏ အန်ဖတ်နှင့် အညစ်အကြေးများကို လုံးဝ မြေမြှုပ်ပစ်၏။

သောက်ကျိုးနည်း... ထျန်းရွှဲ့မြို့၏ ပထမဦးဆုံး တိုက်ပွဲသည် ရန်သူနှင့် တိုက်ခိုက်ရခြင်း မဟုတ်ဘဲ ငှက်ဖျားပိုးနှင့် တိုက်ခိုက်နေရခြင်းပင်။ ရှမ့်လန်က အာတီမီဆီးယားနှင့် ဆင်ကိုးနားခရင် အများအပြားကို ယူဆောင် လာခဲ့သော်လည်း ဤမျှ လူအများကြီးအတွက် မလုံလောက်ချေ။

သူက အမေဇုန်တပ်ဖွဲ့ဝင်များကို နုရှောင့်မြို့သို့ ပြန်လွှတ်ပြီး ဆေးဝါးများကို ပြန်ယူခိုင်းရ၏။ မဟုတ်ပါက ဆေးဝါးများက မကြာခင် ကုန်သွားပေလိမ့်မည်။

................

ရှမ့်လန်၏ တပ်တော်က ထျန်းရွှဲ့အမဲလိုက်ကွင်းထဲတွင် တပ်စွဲပြီး သုံးရက်ကြာချိန်မှာတော့ ကျုံးမိသားစုဝင် တစ်ယောက်ပြီး တစ်ယောက် ဖျားနာလာကြ၏။ ကျုံးယောင်၊ ကျုံးအီနှင့် ကျုံးရှစ်ရှစ်တို့ပင်။ မိသားစုဝင် ထက်ဝက်ကျော် က ဖျားနာပြီး အဖျားတက်၏။ ချမ်းတုန်၏။

“ချမ်းတယ်။ ချမ်းတယ်။ ငါ သေတော့မယ်။ သေတော့မှာပဲ။”

ကျုံးရှစ်ရှစ်၏ ခန္ဓာကိုယ်က စောင်နှစ်ထပ် ခြုံထားသော်လည်း တုန်ယင်နေဆဲပင်။ အအေးဓာတ်က သူမ၏ အရိုးထဲမှ ထွက်လာပုံပင်။ သူမ၏ နှုတ်ခမ်းများက ဖြူဖျော့နေပြီး လက်သည်းများက ပြာနှမ်းကာဖြင့် သွားများကလည်း တဂတ်ဂတ် ရိုက်နေသည်။

ဤရောဂါက တကယ်ပင် လူတစ်ယောက်နှင့် တစ်ယောက် မတူညီကြချေ။ ကျုံးရှစ်ရှစ်၏ ရောဂါလက္ခဏာများက အခြားသူများထက် ပိုမိုကာ ပြင်းထန်၏။ သာမန်လူတစ်ယောက်က အများဆုံး ၁၅ မိနစ်ခန့်သာ ချမ်းတုန်တတ် သော်လည်း ကျုံးရှစ်ရှစ်က နာရီဝက်နီးပါး ကြာမြင့်၏။ နောက်ဆုံး သူမ၏မျက်နှာက သွေးမရှိသကဲ့သို့ ဖြူဖျော့နေပြီး နှုတ်ခမ်းများက ခရမ်းရောင်သမ်းလာ၏။

ကျုံးယောင်တွင် ရောဂါရှိသော်လည်း ဤမျှ မပြင်းထန်ပေ။ ကျုံးရှစ်ရှစ်၏ အသက်ရှူသံများက ပိုမိုကာ အားနည်းလာ၏။ သူမ၏ ရှင်သန်နိုင်စွမ်းကလည်း ညှိုးနွမ်းလာ၏။ ဤအရာက တကယ့်ကို ထူးဆန်း၏။ သို့သော်ငြား ဤငှက်ဖျားရောဂါက လူသေစေနိုင်သည့် အဆင့်တော့ မဟုတ်သေးချေ။ ချမ်းတုန်ခြင်းက ဒုတိယအဆင့်မှာပင် ရှိသေးသည်။

ထို့အပြင် ရှမ့်လန်က ငှက်ဖျားရောဂါ အစပိုင်းအဆင့်အတွက် အလွန်ထိရောက်သည့် ဆေးဖြစ်သော အာတီမီစီနင် ကို အသုံးပြုခဲ့ပြီးပြီဖြစ်၍ မကြာခင် ပြန်လည်သက်သာသင့်၏။ အဘယ်ကြောင့် အလုပ် မဖြစ်ရသနည်း။ အဘယ်ကြောင့် သူမက သေတော့မလို ဖြစ်နေရသနည်း။

“အရှင်... ကျုပ်ရဲ့သမီးကို ကယ်ပါအုံး။”

ကျုံးယောင်က ဒူးထောက်ကာ ဦးတိုက်၏။ “ဒီနေ့ကစပြီး သူက အရှင်မင်းကြီးရဲ့ ကျွန်ဖြစ်ပါစေ။”

ပြီးနောက် ရှမ့်လန်က နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း ကျုံးရှစ်ရှစ်၏ အခြေအနေ ပိုမိုဆိုးဝါး လာသည်ကို မတားဆီးနိုင်ခဲ့ပေ။ သူမ၏ ကိုယ်ပူခြင်းက ဆက်လက်ကြာမြင့်နေ၏။ ရှင်သန်နိုင်စွမ်းက ဆက်လက် အားနည်းနေ၏။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။

ရှမ့်လန်က သူမ၏ လက်ကောက်ဝတ်ကို ဓားနှင့်လှီးဖြတ်ကာဖြင့် သွေးတစ်ခွက်ခန့် ထုတ်ယူလိုက်၏။ အနုစိတ် မှန်ပြောင်းဖြင့် ကြည့်ရှုလိုက်ရာ ငှက်ဖျားကောင်အပြင် တခြားသက်ရှိအရာတစ်ခု ရှိနေသည်ကို မြင်ရ၏။ ထိုအရာက စေတီတောင်က ကပ်ပါးကောင်ပေလား။

ဤအချိန်ထိ ကျုံးရှစ်ရှစ်၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေခဲ့ပြီး ရောဂါပိုး ထကြွသည့်အချိန်မှ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကူပိုးကောင်က လှုံ့ဆော်လိုက်သည်လား။ သို့ပေမည့် အဘယ်သို့သော ကူပိုးကောင် ဖြစ်သနည်း။ စေတီတောင်မှ ကူပိုးကောင်က တကယ့်ကို ကြောက်စရာကောင်း၏။ ကြီးထွားမှု အဆင့်ဆင့် ရှိသေး၏။

ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် အန္တရာယ်မရှိနိုင်သော်လည်း တတိယအဆင့်သို့ ရောက်ချိန်မှာတော့ ချက်ချင်းပင် သေစေနိုင်ပြီး ကြောက်မက်ဖွယ်ရာ ရောဂါလက္ခဏာများကို ပြသနိုင်၏။ တစ်ယောက်ယောက်က ကျုံးရှစ်ရှစ်ကို အဆိပ်ခတ်ထားခဲ့သည်လား။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “ကျုံးယောင်... လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကျုံးရှစ်ရှစ်က ဘာဖြစ်ခဲ့လဲ။”

ကျုံးယောင်က ပြော၏။ “ရှစ်ရှစ်နဲ့ ကျူးဟုန်ပင်းတို့ စေ့စပ်ထားတာ ပျက်သွားပြီးတဲ့နောက်မှာ နင်ရှောင်က တစ်ခါတုန်းက ရှစ်ရှစ်ကို ကိုယ်လုပ်တော်အဖြစ် ယူချင်တယ်လို့ သွယ်ဝိုက်ပြောခဲ့ဖူးတယ်။ နောက်ဆုံးတော့ ကျုပ်က ငြင်းလိုက်တယ်။ ရှစ်ရှစ်ကလည်း ငြင်းလိုက်တယ်။ သူ့ရဲ့သဘောထားက အရမ်းဆိုးဝါးသွားခဲ့တယ်။”

ရှမ့်လန်က မေးမြန်းလိုက်သည်။ “နင်ရှောင်နဲ့ စေတီတောင်တို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ။”

ကျုံးယောင်က ပြော၏။ “သိပ်ပြီး မရင်းနှီးလောက်ပါဘူး။ ဒါပေမဲ့ ရွှဲ့ပြည်နယ်က ကောင်းကင်ပင်လယ် နန်းဆောင်ရဲ့ ပိုင်နက်ပဲ။ ဒါကြောင့် စေတီတောင်က နင်ရှောင်ကို မျက်နှာသာ ပေးလောက်တယ်။”

ရှမ့်လန်က ပြောသည်။ “ခင်ဗျားရဲ့ သမီးက ကူပိုးကောင် အဆိပ်သင့်နေတာပဲ။ တစ်ဖက်လူက သူ့ကို သတ်ချင်တာ မဟုတ်လောက်ဘူး။ ခြိမ်းခြောက်တာလောက် ဖြစ်လောက်တယ်။ ဒီတစ်ခေါက် ကပ်ရောဂါ ဖြစ်ပွားတော့ သူ့ရဲ့သွေးထဲမှာ ရှိနေတဲ့ ကူပိုးကောင်ကို လှုံ့ဆော်လိုက်သလို ဖြစ်တယ်။ ဒါကြောင့် သူက အမြဲတမ်း ချမ်းပြီး ရှင်သန်နိုင်တဲ့ အသက်ဓာတ်တွေ တဖြည်းဖြည်း ညှိုးနွမ်းလာခဲ့တာပဲ။”

ကျုံးယောင် ဘာမှမပြောနိုင်ခင်မှာပင် အမျိုးသမီးတစ်ဦးက အပြင်မှ ပြေးဝင်လာပြီး ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်၏။

“အရှင် ရှမ့်လန်... အရှင် မလုပ်နိုင်တာ မရှိဘူးဆိုတာ ကျွန်မသိပါတယ်။ ကျွန်မရဲ့သမီးကို ကယ်ပေးပါ။ သူက ကျွန်မရဲ့ အသည်းနှလုံးပါ။ သူ့ကို ကယ်ပေးမယ်ဆိုရင် သူက အရှင့် ရဲ့ တစ်သက်တာ ကျွန်ဖြစ်ပါလိမ့်မယ်။”

သူမက ကျုံးရှစ်ရှစ်၏ မိခင် ဖြစ်သည်။

ကျုံးယောင်က တုန်လှုပ်စွာ ပြောလိုက်၏။ “မိန်းမ.... မင်း ဘာလာလုပ်တာလဲ သွား သွား။”

ကျုံးမိသားစုထဲတွင် ကတော်ကျုံးမှလွဲ၍ လူတော်တော်များများက ငှက်ဖျားရောဂါကို ခံစားနေရ၏။ သူမက ကူးစက်ခံရနိုင်ခြေကို ဂရုမစိုက်ဘဲ လူနာဆောင်ထဲသို့ ပြေးဝင်လာခဲ့ခြင်းပင်။

ပြီးနောက် ကျုံးယောင်က ရှမ့်လန်၏ရှေ့တွင် ဒူးထောက်ပြီး နဖူးနှင့် မြေပြင်ကို ထိ၏။ ခဏအကြာမှတော့ ကျုံးယောင်၏ သားကလည်း ဝင်လာပြီး ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်၏။ ကျုံးမိသားစု တစ်ခုလုံးက ဒူးထောက်ပြီး ကျုံးရှစ်ရှစ်ကို ကယ်တင်ပေးပါရန် ရှမ့်လန်ကို တောင်းပန်ကြသည်။

“ကောင်းပြီ။ ကျုပ် ကြိုးစားကြည့်မယ်။ ဒါပေမဲ့ မအောင်မြင်ရင် ....။” ရှမ့်လန်က ရပ်ထားမိ၏။

ကျုံးယောင်က ပြောသည်။ “မအောင်မြင်ရင် ဒါက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပါပဲ။ အရှင့်ရဲ့ ကြင်နာမှုအတွက် ကျုပ် အရမ်းကို ကျေးဇူးတင်မိမှာပါ။”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ဒါဆိုရင် ခင်ဗျားတို့ အားလုံး ထွက်သွားပေးဖို့ ကျုပ် တောင်းဆိုရလိမ့်မယ်။

အဘယ်ကြောင့် လူတိုင်းကို ထွက်ခွာခိုင်းရသနည်း ဆိုသည်ကို ရှင်းမပြတော့ချေ။ အဘယ်ကြောင့်ဆိုသော် နောက်ဆက်တွဲ ဖြစ်လာမည့်အရာကို မည်သူမှ မမြင်စေချင်သောကြောင့်ပင်။

“ကောင်းပါပြီ။” ကျုံးယောင်က မိသားစုနှင့်အတူ ထွက်ခွာသွား၏။ ရှမ့်လန်က သူ့သမီးကို ဘာမှလုပ်မှာ မဟုတ်ပေ။ လုပ်လျှင်လည်း ကိစ္စမရှိချေ။ ရှမ့်လန်က ကျုံးရှစ်ရှစ်ကို ကယ်တင်နိုင်ပါက သူမက သူ၏ကျွန် ဖြစ်သွားမည်ဟု ပြောခဲ့ပြီးသားပင်။

...........................

ကျုံးမိသားစုဝင် အားလုံး ထွက်ခွာပြီးနောက် ရှမ့်လန်က ဆေးတစ်ခွက်ကို ဖော်စပ်ကာ ကျုံးရှစ်ရှစ်ကို တိုက်၏။

“ရှမ့်လန်... ကျွန်မ သေတော့မှာလား။” ကျုံးရှစ်ရှစ်က တုန်ယင်နေသည့် လေသံဖြင့် မေးသည်။

ရှမ့်လန်က မဖြေပေ။ ဆေးတစ်ခွက် သူမအား တိုက်ပြီး မကြာခင် ကျုံးရှစ်ရှစ်က မေ့လဲသွား၏။ ရှမ့်လန်က သူ၏သွေး တစ်မီလီမီတာကို ထုတ်ယူပြီး ကျုံးရှစ်ရှစ်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်၏။ ကျုံးရှစ်ရှစ်၏ ခန္ဓာကိုယ်ထဲတွင် အဘယ်သို့သော ကူပိုးကောင်မျိုး ရှိနေသနည်း ဆိုသည်ကို မသိသော်လည်း စေတီတောင်မှ ကူပိုးကောင် ဖြစ်နေ၍ ရှမ့်လန်၏ သွေးက သေချာပေါက် သတ်ပစ်နိုင်ပေ၏။

သေချာသည်က ရှမ့်လန်၏သွေး ကျုံးရှစ်ရှစ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူမ၏ သွေးထဲရှိ ကူပိုးကောင်ကို လှုံ့ဆော်သုတ်သင်ပေးမည်။ အာနိသင်က ချက်ချင်းပြ၏။ သူမ၏ နူးညံ့သည့် ခန္ဓာကိုယ်က အပူချိန် တဖြည်းဖြည်း ပြန်လည်ရရှိလာကာဖြင့် မူလက ဖြူဖျော့၍ သွေးမရှိသည့် မျက်နှာထားက တဖြည်းဖြည်းဖြင့် နီရဲလာပေမည်။

သို့ပေမည့် ဤအရာက မဟုတ်သေးချေ။ သူမ၏ ခန္ဓာကိုယ်က ပိုမိုကာ နီရဲလာခဲ့ပြီး လုံးဝ ကျွမ်းလောင်တော့မည့် အခြေအနေမျိုး ပေါ်လာ၏။ နောက်ဆုံးမှာတော့ သူမ၏ တစ်ကိုယ်လုံးက အနီရောင် အဖြစ်သို့ ပြောင်းလဲသွား၏။ ရှမ့်လန်က သူမကို မေ့ဆေးတိုက်ထား၏။ သူမက နာရီနှင့်ချီ အိပ်ပျော်နေသော်လည်း ရုတ်တရက် မျက်လုံးပွင့်လာ၏။

“အား”

ပြီးနောက် သူမ၏ ခန္ဓာကိုယ်က ပေါက်ကွဲတော့မလို ခံစားရပြီး အလွန်အမင်း နာကျင်နေ၏။ ကတော်ကျိုးက အပြင်ဘက်မှ ပြေးဝင်လာတော့မလိုလုပ်သော်လည်း ကျုံးယောင်က တားထားသည်။

“ဘုန်း... ဘုန်း...”

မခံမရပ်နိုင်အောင် နာကျင်နေသည့် ကျုံးရှစ်ရှစ်က သူမ၏ လက်သီးများဖြင့် ထုနှက်လျက် ရှိနေရာ ခိုင်ခံ့သည့် သစ်သားကုတင်ကပင် ချက်ချင်း ကျိုးပဲ့သွား၏။

သူမ၏ သွေးကို ကျုံးရှစ်ရှစ်၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်ချိန်တွင် အဘယ်ကြောင့် ဤမျှကြီးမားသည့် တုံ့ပြန်မှုမျိုးကို ဖြစ်ရသနည်း ဆိုသည်ကို ရှမ့်လန် နားမလည်နိုင်ချေ။ ကျုံးရှစ်ရှစ်၏ ခန္ဓာကိုယ်က ထူးခြားနေ၍ပင်လား။ သို့မဟုတ် သူ၏ သွေးကြောင့်လား။

သို့သော်ငြား သူမ၏ အသက်အန္တရာယ်က မရှိချေ။ အော်ဟစ်သံများက ကြေကွဲဖွယ်ရာ ကောင်းသော်လည်း အနည်းငယ်တော့ အင်အားပြည့်ဝနေ၏။ သို့သော်ငြား ကျုံးရှစ်ရှစ်၏ နောက်ထပ်စကားလုံးများက ရှမ့်လန်ကို မြေကြီးထဲသို့ တိုးဝင်ချင်လောက်အောင် နေရာခက်ခဲစေ၏။

“ရှမ့်လန်... ရှင်က အဲဒီ အဖြူရောင်ပဲ။ ရှင်က ကျွန်မရဲ့အပျိုစင်ဘဝကို စွန်းထင်းစေခဲ့တဲ့ အဲဒီ အဖြူရောင်ပဲ။ ရှင် .... ခွေးတိရစ္ဆာန်။”

.............

နောက်ရက် အနည်းငယ် အတွင်းမှာပဲ ထျန်းရွှဲ့အမဲလိုက်ကွင်းထဲရှိ မရေတွက်နိုင်သည့် စစ်သည်များက နေ့စဉ် ဖျားနာလာကြ၏။ ကုသမှုကို ခံယူသော်လည်း သူတို့က မြန်မြန်တော့ ပြန်မကောင်းကြသေးချေ။ လူရှစ်ထောင်၊ တစ်သောင်း၊ နှစ်သောင်း၊ လေးသောင်း။ စစ်သည်များက ပိုမို များပြားစွာဖြင့် ဖျားနာလာကြသည်။

သမားတော်တစ်ယောက် အနေဖြင့် ကပ်ရောဂါကို မကြာခင် ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း ရှမ့်လန်က မြင်တွေ့နေရ၏။ ဆေးဝါးများကို အချိန်မှီ ပေးနိုင်ခဲ့သောကြောင့် လူအများစု၏ အသက်ကို ကယ်တင်နိုင်ပေ လိမ့်မည်။ သို့သော်ငြား ပြင်ပလူများအတွက် ထျန်းရွှဲ့အမဲလိုက်ကွင်း တစ်ခုလုံးက ငရဲခန်းအဖြစ်သို့ ပြောင်းလဲနေ သကဲ့သို့ပင်။

ပြီးနောက် ရှမ့်လန်က အမဲလိုက်ကွင်း တစ်ခုလုံးကို လုံးဝ ပိတ်ဆို့လိုက်ပြီး သုံးမိုင်ပတ်လည်အတွင်းရှိ လူတိုင်းကို ရှင်းလင်း၏။ သူလျှိုများ အနားမကပ်နိုင်မည်မှာ သေချာ၏။

သို့သော်ငြား အနီးအနားရှိ တောင်ထိပ်မှ မှန်ပြောင်းဖြင့် စောင့်ကြည့်နေသူများ ရှိနေဆဲပင်။ ပြီးနောက် သူတို့က နန်းတော်သို့ သတင်းအချက်အလက်များ ဆက်တိုက် ပေးနေသည်။

“အရှင်မင်းကြီး... သတင်းကောင်းပါပဲ။ ပြည်သူ့ရဲ့နှလုံးသားအတွက် ရှမ့်လန်က ထောင်ချောက်ထဲကို တကယ်ဝင် သွားပါပြီ။ လူအင်အား ၈ သောင်းရှိတဲ့ တပ်တော်ရဲ့ လက်နက်ချမှုကို လက်ခံလိုက်ပါတယ်။ အခု စစ်စခန်းထဲမှာ ငှက်ဖျားရောဂါက ဖြစ်နေပါပြီ။”

“လူသောင်းပေါင်းများစွာက လဲကျကုန်ပါပြီ။ အဲဒီနေရာက တကယ့်ကို ငရဲပြည်ကြီးလို ဖြစ်နေပါပြီ။ အခုဆိုရင် ထျန်းရွှဲ့အမဲလိုက်ကွင်းမှာ နေ့တိုင်း လူအများအပြား သေဆုံးနေပါတယ်။ ထမ်းထုတ်လာတဲ့ အလောင်းတွေက ပြည့်ကျပ်နေတာပဲ။ အလောင်းတွေကို နေ့တိုင်း မီးရှို့နေပါတယ်။ အနံ့ဆိုးတွေကလည်း လွှမ်းမိုးနေပါတယ်။”

အပိုင်း (၉၆၄)

ဘုရင်မင်းမြတ် နင်ရှောင်က မေး၏။ “ရှမ့်လန်ရဲ့ တပ်တော်ရော ကူးစက်ခံရလား။”

မိန်းမစိုးနန်က ပြောသည်။ “ရှမ့်လန်ရဲ့တပ်တော်ဆီက အလောင်းတွေ ထမ်းထုတ်လာတာ မတွေ့ရပါဘူး။ ဒါပေမဲ့ ရှမ့်လန်ရဲ့ အရှေ့ဘက် စစ်စခန်းထဲမှာ သီးသန့်စစ်စခန်းတစ်ခု စတင်ဆောက်လုပ်ထားတာကို မြင်ရတယ်။ အရှေ့ဘက်စစ်စခန်းရဲ့ မြို့ရိုးပေါ်က အစောင့်တွေ ကျဲပါတယ်။ ဒါကြောင့် ရှမ့်လန်ရဲ့ တပ်တော်ကလည်း ကပ်ရောဂါ အကြီးအကျယ် ဖြစ်ပွားနေလောက်ပါပြီ။”

နင်ယီက ပြော၏။ “အရှင်ရဲ့ အစီအစဉ်က တကယ်ကို ပြိုင်ဘက်ကင်းပဲ။ ရှမ့်လန်ရဲ့ တပ်တော်က တိုက်ပွဲတောင် မစရသေးဘဲ ကပ်ဘေးကြီးကို ခံစားနေရပြီ။ အရှင်မင်းကြီး.... အရှင်မင်းကြီးရဲ့ ဒီလုပ်ဆောင်မှုက သူတို့ဆေးနဲ့ သူတို့ကို ပြန်ကျွေးလိုက်တာပဲ။”

နင်ရှောင်က ဘာမှမပြောသော်လည်း မျက်လုံးများက ဂုဏ်ယူပြီး ရက်စက်သည့် အလင်းတန်းများ ထွက်ပေါ် နေ၏။ သူ၏ အဆိပ်ပြင်းလွန်းသည့် မဟာဗျူဟာက တကယ့်ကို အလုပ်ဖြစ်ခဲ့၏။ စေတီတောင်မှ အဆိပ်ပိုးကောင်တွေက တကယ်ပဲ အစွမ်းထက်၏။ သူ့ကို စိတ်မပျက်စေခဲ့ပေ။

..........

ရှမ့်လန်၏ တပ်တော်က ထျန်းရွှဲ့အမဲလိုက်ကွင်းသို့ ဝင်ရောက်ခဲ့သည်မှာ ၂၅ ရက်ရှိပြီဖြစ်၏။ ဤနေရာတွင် တိတ်ဆိတ် ငြိမ်သက်နေပုံပင်။ ထမ်းထုတ်လာသည့် အလောင်းများက နည်းပါးသွားခဲ့ပြီ။ မီးရှို့သော အလောင်းများ ကလည်း နည်းပါးလာ၏။ အားလုံး သေဆုံးကုန်ခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်၏။

နင်ရှောင်၏သူလျှိုက ရှမ့်လန်၏ တပ်တော်ထဲတွင် ထိခိုက်သေဆုံးမှု မည်မျှရှိသနည်း ဆိုသည်ကို မခန့်မှန်းနိုင်ပေ။ သို့သော်ငြား မြို့ရိုးပေါ်ရှိ အစောင့်များ အလွန်နည်းပါးနေပြီဖြစ်ကြောင်းကို သိရ၏။ လူတစ်သောင်းအောက်သာ ကျန်ရှိတော့သည်။

ထို့အပြင် စစ်စခန်းတစ်ခုလုံး၏ အပေါ်တွင် ကျီးကန်းအများအပြားက ပျံဝဲနေ၏။ ယင်ကောင်များစွာ ရှိနေပြီး နေ့တိုင်း သူတို့က ဝမ်းနည်းဖွယ်ရာ အော်မြည်သံများကို ကြားနေရသည်။ တိုက်ပွဲက မစတင်သေး သော်လည်း ရှမ့်လန်၏ တပ်တော်က ကပ်ဘေးကြီးတစ်ခုကို ခံစားနေရပုံပင်။ မကြာခင် ကပ်ရောဂါကြောင့် ပျက်သုဉ်း ပေတော့မည်။

.........................

စစ်စခန်း၏ အတွင်းမှာတော့ ပြန်လည်သက်သာလာခဲ့ပြီဖြစ်သော ကျုံးယောင်က ပြော၏။ “အရှင်... နင်ရှောင်က သူ့ရဲ့တပ်ဖွဲ့တွေကို မလွှတ်သေးဘူး။”

ဟီလာက ပြောသည်။ “သူ ကျွန်မတို့ရဲ့ လှည့်ကွက်ကို တွေ့သွားတာလား။”

ရှမ့်လန်က ပြော၏။ “မဟုတ်ဘူး။ သူက လောဘကြီးတယ်။ ကပ်ရောဂါက အားလုံးကို သတ်ပစ်တဲ့အထိ လိုချင်နေတာ။”

ဟီလာက ပြောသည်။ “ဒါဆိုရင် ဘာလုပ်သင့်လဲ။ အမြဲတမ်း စောင့်နေလို့ မဖြစ်ဘူး။ သူနဲ့ ကျူးမိသားစုရဲ့ စစ်သည်သိန်းပေါင်းများစွာတို့က ငါတို့ကိုတိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါတို့က မြို့တော်ကို ဒီအတိုင်း တိုက်ခိုက် ပြီး ထျန်းရွှဲ့မြို့ တစ်ခုလုံးကို ပျက်စီးသွားအောင် ဖောက်ခွဲပစ်လို့ မရဘူး။”

ရှမ့်လန်က ပြော၏။ “ပြဇာတ် တစ်ခုကို ချက်ချင်း ကပြရမယ်။ တပ်တော်ကို စုစည်းပြီး ဆုတ်ခွာ ထွက်ပြေးတော့မယ့် ပုံစံ လုပ်လိုက်တော့။”

“ကောင်းပါပြီ။”

........

နန်းတော်၏ အတွင်းမှာတော့ မိန်းမစိုးနန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ရှမ့်လန် ထွက်ပြေးချင်နေပါတယ်။ သူ့ရဲ့အသက်ရှင်ကျန်ရစ်တဲ့ တပ်တော်က စုစည်းနေပါတယ်။ သူ ထွက်ပြေး ချင်နေပါပြီ။”

ဘုရင်မင်းမြတ် နင်ရှောင်က ပြော၏။ “ထျန်းရွှဲ့အမဲလိုက်ကွင်းကို တိုက်ခိုက်ပြီး ရှမ့်လန်ရဲ့ တပ်တော်ကို သုတ်သင်ရှင်းလင်းဖို့ တပ်တော်ကို အမိန့်ပေးလိုက်တော့။ ဒါက ရှမ့်လန်ကို ဖျက်ဆီးဖို့ပဲ။ ရွဲ့ပြည်နယ်က ကျူးမိသားစုပိုင် မဟုတ်ဘူး။ ရွှဲ့ပြည်နယ်က ငါ့ရဲ့ ရွှဲ့ပြည်နယ်။ ကျူးမိသားစုရဲ့ ရွှဲ့ပြည်နယ် မဟုတ်ဘူးဆိုတာ လူတိုင်းကို မြင်စေချင်တယ်။

ကျူးမိသားစု ဖြစ်တော့ ဘာဖြစ်လဲ။ ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်တပ်တော် ဖြစ်တော့ရော ဘာဖြစ်လဲ။ သူတို့က ငါ့ရဲ့ အစီအစဉ်တွေကို အနိုင်ယူ နိုင်မှာလား။ ရှမ့်လန်က ကပ်ရောဂါကို သုံးပြီး ငါတို့ရဲ့ တုံ့ကျန်းဘုရားကျောင်း ငှက်ပျောက်မြို့ကို သတ်ဖြတ်ခဲ့တုန်းက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ တွေးခဲ့ရဲ့လား။

ရှမ့်လန်က တကယ့်ကို ရယ်စရာကောင်းတယ်။ ပြည်သူ့ရဲ့နှလုံးသားအတွက် သူက သူ့ရဲ့တပ်တော်ကိုတောင် အနစ်နာခံခဲ့တယ်။ ဒီလိုလူက ဘုရင်လို့ ခေါ်ဖို့ ထိုက်တန်ရဲ့လား။ ဘာကို မေတ္တာတရားလဲ။ ဘာကို ဘုရင်လဲ။ ဘယ်လောက် မိုက်မဲပြီး ရယ်စရာကောင်းလိုက်လဲ။ တပ်တော်ကို တောင်ဘက် ဦးတည်ဖို့ အမိန့်ပေးလိုက်တော့။”

ဘုရင်နင်ရှောင်၏ အမိန့်အတိုင်းပင် စစ်သည်သိန်းပေါင်းများစွာတို့ ပါဝင်သည့် တပ်တော်ကြီးက တောင်ဘက်သို့ ဦးတည်၏။ ရှမ့်လန်၏ ထျန်းရွှဲ့မြို့အမဲလိုက်ကွင်းဆီသို့ ချီတက်နေကြ၏။ ထျန်းရွှဲ့မြို့၏ ကံကြမ္မာအတွက် တကယ့် အဆုံးအဖြတ် တိုက်ပွဲကြီးက တရားဝင် စတင်ပြီဖြစ်သည်။

“ဒီမြင်ကွင်းက ခမ်းနားထည်ဝါပြီ စာဖွဲ့လောက်စရာ ကိစ္စရပ်မျိုး ဖြစ်လာသင့်တာပဲ။”

ကျူးဟုန်ကျူးက ပြော၏။ “ဒါပေမဲ့ ကံဆိုးစွာနဲ့ ပျက်စီးသွားခဲ့ရပြီ။”

သူက မြင့်မားသည့် နေရာတစ်ခုတွင် ရပ်ပြီး နဂါးတစ်ကောင်ကဲ့သို့ ချီတက်နေသည့် စစ်သည်သိန်းပေါင်းများစွာကို ကြည့်ရှုနေ၏။ သူတို့က မိုင်ပေါင်းများစွာ ရှည်လျားပြီး ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ပေးထားသကဲ့သို့ပင်။

“အဖေ... ရှမ့်လန် ထောင်ချောက်ထဲကို ကျရောက်ပြီး သူ့ရဲ့တပ်သားတွေ ရောဂါကူးစက်ခံရတယ်ဆိုတဲ့ ကိစ္စကို ဘယ်လိုမြင်လဲ။” ကျူးကျင်းက မေးသည်။

ကျူးဟုန်ကျူးက ဖြေ၏။ “ရှမ့်လန်ကို ကိုက်တွယ်ဖို့ အသုံးပြုနိုင်တဲ့အရာက နှစ်ခုပဲရှိတယ်။ ပေါ်ပေါ်တင်တင် လုပ်ဆောင်နိုင်တဲ့ မဟာဗျူဟာ နဲ့ အင်အားပဲ။ သူ့ကို လှည့်ကွက်သုံးမယ် ဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။ သူက လှည့်ကွက်တွေရဲ့ ဘိုးအေကွ။”

ကျူးကျင်းက ပြောသည်။ “နင်ရှောင်ရဲ့လုပ်ရပ်က စည်းကျော်သွားခဲ့ပြီ။ သူက ဘုရင်တစ်ပါး ဖြစ်ဖို့ မထိုက်တန်ဘူး။”

ကျူးဟုန်ကျူးက ပြော၏။ “နင်ယွမ်ရှန်းမှာ ဟိုဟာဒီဟာ ရှိကောင်းရှိနိုင်ပေမယ့် သူက ဘုရင်တစ်ပါးပဲ။ နင်ကျန်းအကြောင်း ကို ပြောနေစရာမလိုဘူး။ သူက ဘုရင်ဖြစ်တာ ၅ မိနစ်တောင် မပြည့်ခဲ့ပေမယ့် အမြဲတမ်း ဘုရင်တစ်ပါး ဖြစ်ခဲ့တယ်။ သူက ဘုရင်ကောင်းပါပဲ။ နင်ချီတောင် ဘုရင်ဖြစ်တာ ၁၅ မိနစ်မပြည့်ခဲ့ဘူး။ သူက ခိုင်မာပြတ်သားပြီး အရှုံးမပေးတတ်တဲ့ ဘုရင်ကောင်းတစ်ပါး ဖြစ်နေဆဲပဲ။ နင်ရှောင်ကတော့ စိတ်ထားမမှန်တဲ့ အရူး တစ်ယောက်ပဲ။ ဒါပေမဲ့ သူ့လိုလူမျိုးကလည်း ဘုရင်တစ်ပါး ဖြစ်နိုင်တယ်။ အရူးဘုရင် ဆိုတာကလည်း ဘုရင်ပဲလေ။”

ကျူးကျွင်းက ကြောင်အလျက်ရှိ၏။ သူ့အဖေစကား၏ အဓိပ္ပာယ်ကို သူက ဝိုးတဝါး နားလည်၏။ ပညာရှိသော ဘုရင်က ဘုရင်တစ်ပါး ဖြစ်သကဲ့သို့ ဦးနှောက်မရှိသည့် ဘုရင်ကလည်း ဘုရင်တစ်ပါးပင်။ ဘုရင်တစ်ပါးအတွက် အရေးကြီးဆုံးအရာက အုပ်ချုပ်သူတစ်ဦး ဖြစ်သည်ဟု အသိအမှတ်ပြုမှုပင် ဖြစ်သည်။

တချို့သူများက မည်မျှအာဏာ ရှိစေကာမူ သူတို့၏ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် လက်အောက်ငယ်သား ဖြစ်တာ မြင်ကြ၏။ တချို့လူများကတော့ မည်မျှအင်အား နည်းပါးသည် ဖြစ်စေကာမူ ကိုယ့်ကိုယ်ကို သခင်များအဖြစ် မြင်ကြ၏။

ကျူးကျင်းက ပြောသည်။ “အဖေ.. ဒီတစ်ခါ ရှမ့်လန်ကို တိုက်ခိုက်ဖို့ သွားနေတဲ့ စစ်သည် ၂ သိန်းကျော် ရှိတယ်။”

ကျူးဟုန်ကျူးက ပြော၏။ “အဲဒီတော့ ဘာဖြစ်လဲ။ လူရှိနေသရွေ့ တပ်တော်က ရှိနေမှာပဲ။ လူတွေအများကြီး ရှိနေတာပဲ။ လူအနည်းငယ်လောက် သေသွားတာ ဘာဖြစ်လဲ။”

ကျူးဟုန်ရွှဲ့က မြို့တံခါးထက်တွင် ရပ်ပြီး မြေပြင်ပေါ်ရှိအရာအားလုံးကို ပုရွက်ဆိတ်ကဲ့သို့ ကြည့်နေ၏။ ဤသည်က သူ့အပြစ် မဟုတ်ချေ။ သူက ကောင်းကင်ပင်လယ် နန်းဆောင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့၏။ ရွှဲ့ပြည်နယ်သို့ ပြန်လာခြင်းက ၁၉ရာစု နှောင်းပိုင်းတွင် ဥရောပမှ ချင်မင်းဆက်ဆီသို့ ပြန်လာသကဲ့သို့ပင် ခံစားရသည်။

သူ၏ရှေ့တွင် ရှိနေသည့် အရာအားလုံးက ခေတ်နောက်ကျပြီး နိမ့်ကျနေသလိုပင်။ ထို့ကြောင့် သူက တခြားသော သူများကို အထင်သေးခြင်းပင်။ ထို့အပြင် သူက လူအများအပြားကို သတ်ဖြတ်ခဲ့၏။ သဲကန္တာရ လူရိုင်းမျိုးနွယ်မှ လူသိန်းပေါင်းများစွာနှင့် အနောက်ဘက်ဒေသမှ လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့၏။ ထို့ကြောင့် သူ၏ မျက်လုံးထဲတွင် သေမျိုးလောကမှ လူသားများက ပုရွက်ဆိတ်နှင့် မခြားနားပေ။ သူတို့က ကိန်းဂဏန်းများသာ ဖြစ်၏။

သူက ဤပြဇာတ်ကို အမြန်ဆုံး အဆုံးသတ်ချင်ရုံသာ ရှိ၏။ သူက သွေးဝိညာဉ် တပ်တော်ကို ဦးဆောင်ပြီး အနောက်ဘက် လောကမှ နိုင်ငံ အသီးသီးကို ဖျက်ဆီးကာ မိုင်တစ်သောင်း သဲကန္တာရထဲသို့ ဝင်လိုသည်။

“ရှမ့်လန်... မင်း ကောင်းကောင်း တိုက်ခိုက်နိုင်မယ်လို့ ငါ မျှော်လင့်တယ်။ ငါ မလှုပ်ရှားခင် မင်းရဲ့ တပ်တော် တစ်ခုလုံးက အပြတ်ရှင်း မခံရစေနဲ့။”

..........................

ထျန်းရွှဲ့အမဲလိုက်ကွင်းက မြို့တော်နှင့် မိုင်ဒါဇင် အနည်းငယ်သာ ကွာဝေး၏။ ရက်အနည်းငယ်နှင့် ညများစွာ ကုန်လွန်ပြီးနောက် နင်ရှောင်နှင့် ကျူးမိသားစု၏ စစ်သည်သိန်းပေါင်းများစွာတို့က နောက်ဆုံး ရောက်ရှိလာ၏။ အမဲလိုက်ကွင်းကို လုံး၀ ဝန်းရံလိုက်၏။

အခြားသော နည်းလမ်းလည်း မရှိချေ။ စစ်သည်များက များပြားလွန်း၏။ မိုင်ပေါင်းဒါဇင်ချီ ချီတက်ခြင်းက မခက်ခဲသော်လည်း တိုက်ပွဲပုံစံသို့ ဝင်ရောက်ရန် အချိန်များစွာ ယူရပေမည်။ ဤစစ်သည်သိန်းပေါင်း များစွာထဲတွင် နာမည်ကြီး ပုဂ္ဂိုလ်များလည်း ပါဝင်နေသည်။

နယ်စားမင်း နင်ချီ၊ မင်းသမီးနင်လော့၊ ထျန်းရွှဲ့ကာကွယ်ရေး တပ်မှူး ကျန်ကျောင်း၊ ထျန်းရွှဲ့ ရေတပ်ဗိုလ်ကြီး ကျူးဝူပျံ့ ( ကျူးလင်း၏ သား)... ဤစစ်သည်သိန်းပေါင်းများစွာတို့၏ စစ်သေနာပတိက မည်သူ ဖြစ်သနည်း။ ထိုသူကတော့ ရွှဲ့ပြည်နယ်၏ အတိုင်ပင်ခံ ဦးရီးတော် နင်ယုပင် ဖြစ်၏။ သူက ရွှဲ့ပြည်နယ်၏ ယခင်ဝန်ကြီးချုပ်လည်း ဖြစ်၏။ သူက နင်ယွမ်ရှန်း၏ ဦးလေးလည်းတော်စပ်၏။

တော်ဝင်ဦးရီးတော် သုံးယောက်က နင်ချီ၊ နင်ကန်နှင့် နင်ယု တို့ပင်။ ပထမနှစ်ယောက်က နင်ယွမ်ရှန်းနှင့် နင်ကျန်း ကို ထောက်ခံသောကြောင့် ထောင်ချခံထားရ၏။ နင်ယု တစ်ယောက်တည်းသာ ကျန်၏။ သူက ကျူးမျိုးနွယ်စု နှင့် အမြဲတမ်း တစ်သားတည်း ရှိ၏။ ဟုတ်ပေ၏။ သူက ကျူးမျိုးနွယ်စုအပေါ် သစ္စာရှိ၍ မဟုတ်ဘဲ ပိုမို အာဏာရှိသူကို မှီခိုခြင်းပင်။

ရှမ့်လန်၏ ကိစ္စဖြစ်ပွားပြီးနောက် ရွှဲ့ပြည်နယ်၏ အတွင်းဝန်ရုံးနှင့် အတိုင်ပင်ခံရုံးတို့က လုံးဝနီးပါး အမြစ်ဖြုတ်ခြင်း ခံရ၏။ တိုတောင်းလှသည့် အချိန်အတွင်း အတိုင်ပင်ခံဆိုသည့် တည်နေရာကို ရှာဖွေရန် ကိုက်ညီသည့် လူကို မတွေ့ခဲ့ချေ။ နင်ယု၏ အဆင့်အတန်းက မြင့်မားပြီး အတွေ့အကြုံလည်း ရှိ၏။ ထို့ကြောင့် ထိုရာထူးကို ရရှိခဲ့ခြင်းပင်။ မှန်ပေ၏။ နင်ယုက အချိန်များစုတွင် စကားမပြောချေ။ အမှန်တကယ် ကွပ်ကဲနေသူက ကျူးမိသားစု ဖြစ်သောကြောင့်ပင်။

ရွှဲ့ဘုရင် နင်ရှောင်၏ လူယုံတော် မိန်းမစိုးနန်က ပြော၏။ “ဒီတိုက်ပွဲက တကယ်တော့ ကစားပွဲ တစ်ခုပါပဲ။ အရှင်မင်းကြီးရဲ့ ဉာဏ်ပညာက ပြိုင်ဘက်ကင်းတယ်။ ရှမ့်လန်ရဲ့ တပ်တော်က လှည့်ကွက်မိပြီး ပြင်းထန်တဲ့ ရောဂါ ကူးစက်ခံထားရတယ်။ စစ်သည်နှစ်သောင်းက တစ်ဝက်တောင် မကျန်တော့ဘူး။ ကျုပ်တို့ရဲ့ စစ်သည် ၄ သိန်းနဲ့ ရှမ့်လန်ရဲ့ စစ်သည် ၁ သောင်းကို တိုက်ခိုက်တာ ထမင်းစား ရေသောက်လို လွယ်ကူပါတယ်။”

ထိုစကားကို မည်သူကမှ အဖက်လုပ်ကာ ပြန်မပြောချေ။ မိန်းမစိုးနန်က ပြော၏။ “ချီနယ်စားမင်း... ခင်ဗျား ဘယ်လို ထင်လဲ။”

နင်ချီက မျက်မှောင်ကြုတ်သည်။ ‘ခင်ဗျားက မိန်းမစိုး တစ်ယောက်ပဲ။ ခင်ဗျားက ကျုပ်ကို တိုက်ရိုက် စကားမေးဖို့ အတွက် ဘာအခွင့်အရေး ရှိလို့လဲ။’

သို့သော်ငြား မိန်းမစိုးနန်က ငှက်ပျောက်မြို့သား တစ်ဦး ဖြစ်၏။ လွန်ခဲ့သည့် ၂ နှစ်မှ သူက နင်ရှောင်နောက်သို့ လိုက်ပြီး နန်းတော်ထဲသို့ ဝင်ရောက်ကာ မိန်းမစိုး ဖြစ်လာ၏။ ထို့ကြောင့် သူက စည်းမျဉ်းများကို မလိုက်နာပေ။ ထို့အပြင် သူက ဘုရင်မင်းမြတ်၏ သံတမန်ဟု သတ်မှတ်နိုင်၏။ သူ မေးနေသည်က ကျုံးမိသားစုက ရှမ့်လန်ဆီ လက်နက်ချမှာလား။ နင်ချီတွင် တခြား အကြံဉာဏ် ရှိနေသေးလားဟု ဆိုလိုခြင်းပင်။

နင်ချီက ထိုကိစ္စကို သိရချိန်မှာတော့ အကြီးအကျယ် ဒေါသထွက်၏။ နင်ရှောင်က ယုတ်မာပြီး စည်းမရှိချေ။ ရှမ့်လန်၏ တပ်တော် ရောဂါကူးစက်ခံရပြီး ရှမ့်လန်အား ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေရန် ကျုံးမိသားစု တစ်ခုလုံးနှင့် စစ်သည် ရှစ်သောင်းကို စတေးခဲ့၏။ ဤကဲ့သို့သောလူမျိုးက အဘယ်ကြောင့် ဘုရင်တစ်ပါး ဖြစ်လာရသနည်း။ လုံးဝကို အရူးဘုရင်ပင်။

မိန်းမစိုးနန်၏ မေးခွန်းကို ကြားရချိန်မှာတော့ နင်ချီက တိုက်ရိုက်ပင် ပြန်ပြော၏။ “အစွမ်းကုန် တိုက်ခိုက်ရမယ့် တိုက်ပွဲတစ်ခုပါပဲ။”

“ကောင်းပြီ။ ကောင်းပြီ။”

မိန်းမစိုးနန်က ပြောသည်။ “အရှင်မင်းကြီးက ပြောတယ်။ ရှမ့်လန်ရဲ့ တပ်တော်က ရောဂါကူးစက်ခံထားရပြီး အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်။ သူတို့က တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး။ ဒါပေမဲ့ ခြင်္သေ့နဲ့ ကျားတောင်မှ ယုန်ကို ဖမ်းတဲ့အချိန်မှာ အစွမ်းကုန် အားထုတ် ကြိုးစားကြတယ်။ ဒီတိုက်ပွဲက ရွှဲ့ပြည်နယ်နဲ့ ပုန်ကန်သူ ရှမ့်လန်ကြားက မဖြေရှင်းနိုင်တဲ့ရန်ငြိုးကို ကိုယ်စားပြုနေရုံတင် မကဘူး။ တော်ဝင်ရန် အင်ပါယာကိုလည်း ကိုယ်စားပြုတယ်။ ကျုပ်တို့ ဒီတိုက်ပွဲနဲ့ အပြတ်ရှင်းရလိမ့်မယ်။”

ရှိနေသည့် တပ်မှူးများက ဘာမှ ပြန်မပြောချေ။

နင်ယီနှင့် နင်လော့တို့ကသာ ဦးညွှတ်ကာ ပြော၏။ “အရှင်မင်းကြီးရဲ့ အမိန့်တော် အတိုင်းပါပဲ။”

………….

ရှမ့်လန်က ခံတပ်မြို့ရိုးပေါ်တွင် ရပ်ပြီး အပြင်ဘက်တွင် ရှိနေသည့် ပြည့်ကြပ်ညှပ်နေသော တပ်တော်ကြီးကို လှမ်းကာ ကြည့်ရှု၏။ ဤသည်က တကယ့်ကို ခန့်ညားထည်ဝါလွန်းသည့် တပ်တော်ကြီး ဖြစ်၏။ လူသားတပ်တော်အနေဖြင့်ကြည့်လျှင် ဤသည်က ရှမ့်လန် မြင်ဖူးသမျှထဲတွင် ရန်သူအများဆုံး ဖြစ်နိုင်သည်။

စစ်သည် လေးသိန်းနီးပါး ရှိသည့် တပ်တော်ကြီးက မိုင်ဒါဇင်ပေါင်းများစွာ ရှည်လျားပြီး ဧက သုံးသောင်း ရှိသော ထျန်းရွှဲ့အမဲလိုက်ကွင်းကို ဝိုင်းရံထား၏။

“အရှင်... ကျုပ်တို့ အနောက်ဘက်စစ်စခန်းကို ကာကွယ်မှာ မဟုတ်ဘူးလား။”

ကျုံးယောင်က မေးသည်။ “အရှင်... အရှင့်ရဲ့ ကုသမှုအောက်မှာ ကျုပ်တို့ရဲ့ စစ်သည် ၈ သောင်းက အသက်ရှင် ကျန်ရစ် ခဲ့ပါတယ်။ သူတို့ အရမ်းအားနည်းနေသေးတယ် ဆိုပေမဲ့ တိုက်ခိုက်လိုစိတ် မရှိတာတော့ မဟုတ်ပါဘူး။”

ရှမ့်လန်က ခေါင်းကို ခါယမ်းကာ ပြော၏။ “လူတိုင်းရဲ့ အမြင်မှာ အနောက်ဘက်စစ်စခန်းက သေမင်းတမန် နယ်မြေပဲ။ နေရာတိုင်းမှာ အလောင်းတွေ ရှိနေတယ်။ ခင်ဗျားတို့ ကာကွယ်ရင် ရန်သူက တိုက်ခိုက်လိမ့်မယ်။ ခင်ဗျားတို့ မကာကွယ်ရင် ရန်သူက တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။”

ထျန်းရွှဲ့အမဲလိုက်ကွင်းက တကယ်ပဲ ကြီးမားလွန်း၏။ စတုရန်းကီလိုမီတာ ၂၀ နီးပါး ရှိ၏။ မြို့ရိုးတွေ မရှိဘဲ သစ်သားနှင့် လုပ်ထားသည့် နံရံများသာ ရှိ၏။ တကယ့်ကို အားနည်းလွန်း၏။ ထို့အပြင် နံရံက မိုင် ၃၀ ကျော် ရှည်လျားသည်။

ရှမ့်လန်က စစ်သည် ၂ သောင်းပဲ ရှိသော်လည်း မိုင် ၃၀ ရှည်သည့် နံရံကို ကာကွယ်ရပေမည်။ ဆိုလိုသည်က တစ်မီတာတွင် လူတစ်ယောက်သာ ထားနိုင်၏။

ရှမ့်လန် အသက်ကယ်ခဲ့သည့် ကျေးဇူးကြောင့် ကျုံးယောင်၏ လက်အောက်ရှိ စစ်သည်ပေါင်း ၈ သောင်းက သူ့အတွက် အသေခံဖို့ အဆင်သင့်ရှိနေသည်။

သို့သော်ငြား အများစုက ရောဂါကနေ ပြန်လည်ကောင်းမွန်ကာစဖြစ်ပြီး အလွန်အမင်း အားနည်းနေတုန်းပင်။ ထို့အပြင် ရောဂါက ကူးစက်တတ်သောကြောင့် ရှမ့်လန်၏ တပ်တော်နှင့် သီးခြားခွဲထားရတုန်းပင်။ ထို့ကြောင့် တိုက်ပွဲ၌ ကျုံးယောင်၏ စစ်သည် ၈ သောင်းက ဘာမှ မလုပ်နိုင်ချေ။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ထိုသူတို့က ရှမ့်လန်အတွက် တကယ်ပဲ ဝန်ထုပ်ဝန်ပိုး ဖြစ်စေ၏။

ကျုံးယောင်က ပြောသည်။ “ဒါဆိုရင် ကျုပ်တို့ ကျုံးမိသားစု မျိုးဆက်ကိုတော့ အရှင့်အတွက် တိုက်ခိုက်ခွင့် ပြုပါ။ ကျုပ်တောင်မှ အရှင့်ရဲ့ ဘေးမှာ စစ်သည်တစ်ယောက် ဖြစ်ချင်ပါတယ်။”

ရှမ့်လန်က ပြော၏။ “ဒါဆိုရင် ခင်ဗျားကို ဒုက္ခပေးရတော့မယ်။”

All Chapters