အခန်း (၉၇၃-၉၇၄)
Vol. 58 Ch. 973-974
အပိုင်း (၉၇၃)
တက္ကသိုလ်တက်စဉ်က အဆောင်တွင် သူဌေးသား သူငယ်ချင်း တစ်ယောက် ရှိနေသကဲ့သို့ပင်။ ကြက်သား အတူစား၊ ဘတ်စကက်ဘော အတူကစားသူများ ဖြစ်၏။ လူတန်းစား ကွာဟမှု ကြီးမားသည်ဟု မခံစားရဘဲ ညီအစ်ကိုဟုပင် ခေါ်ဝေါ်နိုင်၏။
သို့သော်ငြား ဘွဲ့ရပြီးနောက် ကုမ္ပဏီတစ်ခုတွင် အလုပ်လျှောက်၏။ အခက်အခဲပေါင်း များစွာကို ကြုံတွေ့ပြီးနောက် သင်က ဤကုမ္ပဏီ၏ သာမန်ဝန်ထမ်း ဖြစ်လာပြီး ထိုသူဌေးသားက ကုမ္ပဏီ၏ သခင်လေး ဖြစ်လာ၏။ ထိုသခင်လေးက အဆောက်အဦ၏ အမြင့်ဆုံးထပ်တွင် အလုပ်လုပ်ပြီး သီးသန့်ဓာတ်လှေကားပင် ရှိသည်။
ယခုပြန်တွေ့လျှင် တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့၏။ အကယ်၍ သင်လိမ္မာပါးနပ်လျှင် တစ်ဖက်လူကို ရင်းနှီးစွာ စကားပြောနိုင်မည်။ အကယ်၍ အနေအထိုင် မတတ်ဘဲ သူငယ်ချင်းအဖြစ် ရင်းရင်းနှီးနှီး ခေါ်ပြောရန် ကြိုးစားလျှင် မောက်မာသည့် ကျောပြင်ကိုသာ မြင်ရပေလိမ့်မည်။
နင်ရှောင်က သွေးဝိညာဉ်တပ်ကို ကြည့်၏။ သူတို့က တကယ့်ကို တောက်ပသည့် မီးလျှံများကဲ့သို့ပင်။ လူတိုင်း၏သံချပ်ကာက အနီရောင် ဖြစ်နေသော်လည်း တောက်ပသည့် အနီရောင်မျိုး မဟုတ်ချေ။ အနီရောင်နှင့် ရွှေရောင်အရိပ်များ သန်းနေသည့် မီးလျှံအရောင်ကဲ့သို့ ဖြစ်၏။ ဤစစ်တပ်က သေမျိုးလောကနှင့် သဟဇာတ မဖြစ်ပုံပင်။ သူတို့ ချီတက်သည့် အခါမျိုးတွင် ခန္ဓာကိုယ်က ငှက်မွှေးကဲ့သို့ ပေါ့ပါးနေ၏။ မြေကြီးကို နင်းလျှောက်ခြင်း မဟုတ်ဘဲ လေပေါ်တွင် ဝဲပျံနေသကဲ့သို့ပင်။
ရွှဲ့ဘုရင် နင်ရှောင်က မေး၏။ “ဆရာတူဦးလေး... ဘယ်လိုနေလဲ။”
ဆရာတော်ခွန်ကျန့်က ပြောသည်။ “ရှမ့်လန် သေချာပေါက် ရှုံးလိမ့်မယ်။ ဒါက ရှေးဟောင်းစွမ်းအင်တွေနဲ လက်နက် တပ်ဆင်ထားတဲ့ စစ်တပ်တစ်ခုပဲ။ တစ်နာရီ မပြည့်ခင် တိုက်ပွဲကို အဆုံးသတ်နိုင်လိမ့်မယ်။”
ရွှဲ့ဘုရင် နင်ရှောင်က ပြော၏။ “ဒါဆိုရင် ရွှဲ့ပြည်နယ်မှာ ကျုပ်တို့ တုံ့ကျန်းဘုရားကျောင်းအတွက် အခွင့်အရေး မရှိတော့ဘူး ဆိုတဲ့ သဘောလား။”
ဆရာတော်ခွန်ကျန့်က ပြောသည်။ “တုံ့ကျန်းဘုရားကျောင်းက နောက်ဆုံးမှ ပေါ်ထွက်လာခဲ့တဲ့ သဘာဝလွန် အင်အားစုပဲ။ ပေါ်ထွက်လာခဲ့တာ ဆယ်စုနှစ် အနည်းငယ်ပဲ ရှိသေးတယ်။”
နင်ရှောင်က ကျူးဟုန်ကျူးကို လှမ်းကြည့်၏။ ပြီးနောက် ကျူးကျွင်းကို ကြည့်၏။ မဲ့ပြုံးပြုံးလိုက်မိ၏။ “ဒီလူက သိပ်ပြီး မောက်မာလွန်းတယ်။ ဘယ်သူ့ကိုမှ တိုက်ပွဲကြည့်ခွင့် မပေးဘူး။ ကျူးမိသားစုကိုတောင် မပေးဘူး။”
.......
ကျူးဟုန်ရွှဲ့၏ စစ်တပ် ချီတက်သွားသည့် အချိန်တွင် တိတ်ဆိတ်လုနီးပါးပင်။ သူတို့က တမင်တကာ အရှိန်မြှင့်သည့် ခြေလှမ်းမျိုး မဟုတ်ချေ။ နှစ်နာရီအတွင်း သူတို့၏ စစ်တပ်က စစ်မြေပြင် အတွင်းသို့ ဝင်ရောက်သွားသည်။
ထိုအချိန်မှာတော့ မြင်းစီးသူရဲကောင်း တစ်ဦးက ဒုန်းစိုင်းပြေးလာ၏။ သူမက အမေဇုန်တပ်တော်၏ ခေါင်းဆောင်၊ မင်းသမီးဒိုဟာပင် ဖြစ်၏။
“ကောင်းကင်ပင်လယ်နန်းဆောင်က ကျူးဟုန်ရွှဲ့လား။”
“ဟုတ်တယ်။”
မင်းသမီးဒိုဟာက ပြော၏။ “အရှင်က ရှင်နဲ့ စစ်တပ်နှစ်ခုကြား ပြိုင်ပြီး တိုက်ခိုက်ချင်တယ်တဲ့။ အခက်အခဲတွေ ပြည့်နှက်နေတဲ့ တိုက်ပွဲတစ်ခုကို ဆင်နွှဲဖို့ ဖိတ်ခေါ်တယ်။”
စစ်တပ်နှစ်ခုကြား တိုက်ပွဲဆိုသည်က စစ်တပ်နှစ်ခုက လွင်ပြင်တစ်ခုတွင် မီတာထောင်ချီ ကွာဝေးလျက် တပ်စွဲရမည်။ သူတို့က စစ်ရေးပုံစံနှင့် သေသပ် ညီညာစွာ တန်းစီရမည်။ မည်သူကမှ မြို့ရိုးများ၊ တံတိုင်းများ၊ ကတုတ်ကျင်းများ သို့မဟုတ် တခြား အကာအကွယ်များကို အသုံးပြုခွင့် မရှိချေ။
ထို့အပြင် စစ်တပ်နှစ်ခု လုံးဝတန်းစီပြီးသည့်အထိ စောင့်ဆိုင်းရမည်။ ထို့အပြင် အမိန့်တစ်ခုတည်းနှင့် တိုက်ပွဲကို စတင်ရမှာ ဖြစ်၏။ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းမျိုး မရှိရပေ။ စစ်တပ်နှစ်ခုကြား လူကြီးလူကောင်း ဆန်ဆန် ထိပ်တိုက်ရင်ဆိုင်ရခြင်းပင်။ အနောက်တိုင်းလောကမှ တိုက်ပွဲနှင့် အနည်းငယ် တူညီသည်။
ကျူးဟုန်ရွှဲ့က မျက်မှောင်ကုတ်လိုက်၏။ သူ တကယ်ပဲ စစ်တပ်နှစ်ခုကြား ယှဉ်ပြိုင်တိုက်ခိုက်မှုမျိုးကို မလုပ်ချင်ပေ။
‘ရှမ့်လန်... မင်း မြို့ရိုးပေါ်ကနေ ကာကွယ်စမ်း။ မင်းကြိုက်တဲ့ ကာကွယ်ရေး စည်းမျဉ်းကို တည်ဆောက်လိုက်။ ငါတို့ လုံးဝ ဂရုမစိုက်ဘူး။’
စစ်တပ်နှစ်ခုကြား တိုက်ပွဲပုံစံ စီစဉ်ရခြင်းက အချိန်ကုန်၏။ သူက တစ်နာရီအတွင်း တိုက်ပွဲကို အမြန် အဆုံးသတ်ရမည်။ ပြီးလျှင် စစ်တပ်ကို ဦးဆောင်၍ အနောက်ဘက်သို့ ထွက်ခွာသွားရမည်။ အဘယ်ကြောင့် အလုပ်ရှုပ်ခံမည်နည်း။
ရှမ့်လန်၏ စစ်တပ်က အားနည်းသော်လည်း ရှမ့်လန်က ကျန်းလီ၏သား ဖြစ်၏။ စစ်တပ်နှစ်ခုကြား ထိပ်တိုက် ရင်ဆိုင်ရန် တောင်းဆိုမှု ဆိုသည်က ဂုဏ်ယူဖွယ်ရာ ကောင်း၏။ ထိုအရာကို ငြင်းပယ်ရန် ခက်ခဲ၏။
“ကောင်းပြီ။ မြန်မြန်လုပ်။ ကျုပ် အလျင်လိုနေတယ်။” ကျူးဟုန်ရွှဲ့က ပြောသည်။
မင်းသမီးဒိုဟာက ပြော၏။ “အရှင့်ရဲ့စစ်တပ်က စုဝေးပြီး တန်းစီပြီးနေပါပြီ။ ရှေ့ဆယ့်ငါးမိုင် အကွာမှာပါ။”
ကျူးဟုန်ရွှဲ့က ပြောသည်။ “ကောင်းပြီ။ ကျုပ်နားလည်ပြီ။ ဒီတိုက်ပွဲကို လက်ခံတယ်။”
“ကဲ နှုတ်ဆက်ပါတယ်။” မင်းသမီးဒိုဟာက စစ်မြင်းကို စီးကာ ပြန်သွား၏။
ကျူးဟုန်ရွှဲ့က ကျယ်လောင်စွာ ပြောသည်။ “ဆက်ပြီး ချီတက်ကြ။”
..............
နာရီဝက် မပြည့်ခင်မှာပဲ ကျူးဟုန်ရွှဲ့က ရှမ့်လန်၏ စစ်တပ်ကို မြင်ရ၏။ သူတို့က စတုရန်းကွက်သဖွယ်ပင် သပ်ရပ်ညီညာစွာဖြင့် တန်းစီထား၏။ အမြှောက် ၅၀၀ က ကြီးမားသည့် တပ်ဖွဲ့တစ်ခုကဲ့သို့ ဖွဲ့စည်းထား၏။
အမေဇုန် စစ်သည် ၈၀၀၀၊ နိဗ္ဗာနစစ်သည် ၄၀၀၀ နှင့် ဦးခေါင်းခွံ စစ်သည် ၈၀၀၀ တို့က စတုရန်းပုံစံ တပ်ဖွဲ့ ၂၀ ဖြင့် ဖွဲ့စည်းသည်။
အသန်မာဆုံးသော သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာတို့က ရှမ့်လန်ကို ဝိုင်းရံကာကွယ် ပေးထား၏။ ဗဟိုစစ်တပ်ဟူ၍ မရှိချေ။ ဘယ်ဘက်စစ်တပ်၏ တပ်မှူးက ချောင်ယောင်းအာ၊ ညာဘက်စစ်တပ်၏ တပ်မှူးက မင်းသမီးဟီလာပင်။ အမြှောက်တပ်၏ တပ်မှူးက လန်ဖုန်းပင် ဖြစ်၏။
စစ်သည် ၂၀၀၀၀ သာ ရှိသော်လည်း မြေပြင်ပေါ်တွင် တန်းစီလိုက်ချိန်မှာတော့ မိုင်အနည်းငယ်ထိ ရှည်လျားနေ၏။ ရှမ့်လန် ရွေးချယ်ထားသည့် စစ်မြေပြင်က တကယ်ကို ကောင်းမွန်၏။ အလယ်တွင် မည်သည့် အတားအဆီးမျှ မရှိသော ပြန့်ပြူးသည့် လွင်ပြင်ပင်။
ကျူးဟုန်ရွှဲ့က ရှမ့်လန်၏ စစ်တပ်ကို လှမ်းကြည့်ရင်း လက်ဝှေ့ယမ်းသည်။ “တန်းစီကြ။”
သွေးဝိညာဉ်တပ်က ပုံမှန်မဟုတ်သည့် အမြန်နှုန်းမျိုးဖြင့် တန်းစီ၏။ သွေးဝိညာဉ်တပ်၏ တပ်ဖွဲ့ ဖွဲ့စည်းပုံက အနုပညာ တစ်ခုကဲ့သို့ပင်။ စစ်သည် ၂၀၀၀၀ တို့က လှုပ်ရှားစရာ မလိုချေ။
ခြေတစ်ချက်လှုပ်လိုက်သည်နှင့် မျက်လှည့်ပြလိုက်သလို တပ်ဖွဲ့စည်းပုံက ပြောင်းလဲသွား၏။ မိနစ် အနည်းငယ်အတွင်း သွေးဝိညာဉ်တပ် ၂၀၀၀၀ က တန်းစီခြင်း ပြီးဆုံးသွား၏။ ရှေးဟောင်းဒူးလေးကြီး ၅၀ က ရှေ့ဆုံးတွင် ရှိနေ၏။
စစ်သည် ၂၀၀၀၀ က စတုရန်းပုံစံ တပ်ဖွဲ့ ၂၀ အဖြစ် စီတန်းထား၏။ သွေးဝိညာဉ်စစ်သည် ၁၇၀၀၀ က အလွန်အားကောင်းသည့် ဒူးလေးများကို ကိုင်ဆောင်ထား၏။ သွေးဝိညာဉ်စစ်သည် ၃၀၀၀ က ရှေးဟောင်း လေးနှင့်မြားများကို ကိုင်ဆောင်၏။ သူတို့တစ်ဦးချင်းစီတိုင်းက အထူး သတ္တုစပ် သံချပ်ကာများကို ဝတ်ဆင် ထား၏။ ထိုအထဲမှ ၇၀၀ ကျော်တို့က ရှေးဟောင်းဓားများနှင့် ရှေးဟောင်းဖိနပ်များကို ကိုင်စွဲထားသည်။
ကျူးဟုန်ရွှဲ့က ရှေးဟောင်းဓားများနှင့် ရှေးဟောင်းဖိနပ်များ၏ စွမ်းအားကို ကျူးဟုန်ကျူးအား မပြသခဲ့ပေ။ ဤသည်က သွေးဝိညာဉ်တပ်၏ အထူးတပ်ဖွဲ့ဟု ယူဆနိုင်၏။ ထိုသူတို့ ရုတ်တရက် တိုက်ခိုက်လိုက်သည်နှင့် စစ်တပ်တစ်ခုလုံးကို ချက်ချင်း သတ်ဖြတ်ပစ်နိုင်၏။ မီတာ ၂၀၀၀ အကွာအဝေးကို တစ်မိနစ်အောက်သာ ကြာမြင့်အောင် ကျော်ဖြတ်ပြေးလွှားသွားနိုင်စွမ်း ရှိ၏။
.............
မီးကဲ့သို့ လှပသည့် ကျုံးရှစ်ရှစ်က မြင်းတစ်ကောင်ကို စီးနင်းထား၏။ သူမက အနီရောင် သံချပ်ကာကို ဝတ်ဆင်ထားခဲ့ပြီး ဓားတစ်လက်ကို ကိုင်စွဲကာဖြင့် ရှမ့်လန်၏ဘေးတွင် ရပ်နေသည်။
အရူးကြီး၊ လီချင်းချိုး၊ တခြားသိုင်းပညာရှင် ဒါဇင်ပေါင်းများစွာနှင့် ကျုံးကလန်၏ အသန်မာဆုံးသော ကျွမ်းကျင်သူများက ရှမ့်လန်၏ ဘေးတွင် ရှိ၏။
“ရှမ့်လန်... ငါတော့ ကျူးဟုန်ရွှဲ့ကို နိုင်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်မ က အသုံးဝင်နိုင်သေးတယ်။”
ကျုံးရှစ်ရှစ်က ပြော၏။ “ငါတို့ ကျူးကလန်ရဲ့ စစ်သည်တော်တွေက အမြှောက်နောက်မှာ ပုန်းပြီး ငြိမ်ငြိမ်သက်သက်နဲ့ နေထိုင်နေရတာထက် စစ်မြေပြင်မှာ သေရတာ ပိုပြီး နှစ်သက်တယ်။ ကျွန်မ ရှင့်ကို မကျေနပ်ပေမဲ့ ကျွန်မအဖေက ရှင့်အတွက် တိုက်ခိုက်ပေးချင်တယ်ဆိုတော့ ကျွန်မလည်း တိုက်ခိုက် ပေးရမယ်။”
ကျူးကလန်၏ ဆက်ခံသူက ဖခင်ဖြစ်သူကို လှမ်းကြည့်၏။ သူ၏ အဓိပ္ပာယ်က အလွန်ရှင်းလင်းသည်။ ‘အဖေ... ညီမလေးကို အရှင်ရှမ့်လန်ဆီကနေ ခေါ်ထုတ်သွားပါ။ အရှင်ရှမ့်လန်နောက်ကို ထည့်ပေးလိုက်ဖို့ လက်လျှော့လိုက်ပါတော့လား။ မဟုတ်ရင် ဒီပါးစပ်ကြောင့် ကျုပ်တို့ကလန် ဒုက္ခရောက်လိမ့်မယ်။’
ရှမ့်လန်က မကြားချင်ယောင် ဆောင်နေ၏။
ကျုံးရှစ်ရှစ်က တီးတိုးပြောသည်။ “ရှမ့်လန်... သေချင်ယောင် ဆောင်မနေနဲ့။ ကျွန်မ မကြာခင် တိုက်ပွဲမှာ သေချင်သေလိမ့်မယ်။ အမှန်တိုင်း ပြောစမ်းပါ။ ရှင်က ဟိုအဖြူရောင်လား။ ကျွန်မရဲ့ စင်ကြယ်မှုကို ညစ်ညမ်းစေခဲ့တဲ့ အဖြူရောင်ဆိုတာ ရှင်လား။”
ကျုံးယောင်က ဦးရေပြားများ ထုံကျင်သွားခဲ့၏။ သားဖြစ်သူ၏ စကားကို သူ အနည်းငယ် သဘောတူမိ၏။ သူသမီး၏ ပါးစပ်က တကယ်ပင် မိသားစုတစ်ခုလုံးကို ဒုက္ခပေးနိုင်၏။
အဘယ်ကြောင့် ဤအတိုင်း လွှတ်မထားရသနည်း။ အရှင်ရှမ့်လန်မှလွဲ၍ သူ မည်သူ့ကို လက်ထပ်နိုင်မည်နည်း။ ရှမ့်လန်က သူမ၏ စင်ကြယ်မှုကို ညစ်ညမ်းစေသည်ဟု အမြဲပြောနေမှတော့ ဤတစ်သက် မည်သူနှင့်မှ လက်ထပ်နိုင်တော့မည် မဟုတ်ချေ။ မည်သူက သူမကို ယူမည်နည်း။
ရှမ့်လန်က ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်တပ် ၂၀၀၀၀ ကို ကြည့်၏။ သူ၏ ဦးရေပြားများက ထုံကျင်လို့နေ၏။ ကံကောင်းသည်က လုံလောက်သည့် လျှို့ဝှက်လက်နက်များကို ပြင်ဆင်ထားခဲ့ခြင်းပင်။ ထို့သို့မဟုတ်ဘဲ ပုံမှန်အတိုင်း တိုက်ခိုက်မည်ဆိုပါက ကောင်းကင်ပင်လယ်နန်းဆောင်၏ သွေးဝိညာဉ်တပ်က နာရီဝက်အတွင်း သူ၏တပ်ဖွဲ့ ၂၀၀၀၀ ကို မျိုးဖြုတ်သွားနိုင်၏။ တစ်ယောက်မှ ကျန်လိမ့်မည် မဟုတ်ချေ။
ရန်သူကိုင်ဆောင်ထားခဲ့သည့် ရှေးဟောင်းလက်နက်များက တကယ့်ကို အစွမ်းအစ ကြီးမားလွန်း၏။ အဆုံးအဖြတ် တိုက်ပွဲကို တိုက်ခိုက်ပြီးနောက် ရှမ့်လန်က နောက်တစ်ဆင့်ကို ချက်ချင်း ဆောင်ရွက်ရမည်။ သူ၏စစ်တပ်ကို အလျင်အမြန်ဖြင့် အဆင့်မြှင့်တင်ရမည်။
ကျူးဟုန်ရွှဲ့က ရှမ့်လန်ကို တစ်ချက်ကြည့်၏။ ပြီးနောက် ချောင်ယောင်းအာကို အလိုအလျောက် ကြည့်မိ၏။
“တစ်နာရီအတွင်း တိုက်ပွဲကို အဆုံးသတ်ပြီး အနောက်ပိုင်းဒေသကို ပြန်မယ်။ တရားဝင် လုပ်ငန်းစဉ်တွေကို မနှောင့်နှေးစေနဲ့။” ကျူးဟုန်ရွှဲ့က အမိန့်ပေးသည်။
“အမိန့်တိုင်းပါပဲ။” သွေးဝိညာဉ်တပ်မှာ တပ်မှူးတချို့က ပြန်ပြော၏။
“ရှမ့်လန်... မင်းရဲ့ စစ်တပ်တွေ အဆင်သင့် ဖြစ်ပြီလား။” သွေးဝိညာဉ်တပ်မှ တပ်မှူးတစ်ယောက်က အော်ဟစ်လိုက်သည်။
မင်းသမီးဒိုဟာက ပြောလိုက်၏။ “အဆင်သင့်ပါပဲ။”
“ကောင်းကင်ပင်လယ်နန်းဆောင်က စစ်သည်တွေ အဆင်သင့် ဖြစ်ပြီလား။”
“အဆင်သင့်ပါပဲ။”
“တိုက်ခိုက်ဖို့ အဆင်သင့်ပဲလား။”
“အဆင်သင့်ပါပဲ။”
ကောင်းကင်ပင်လယ်နန်းဆောင်မှ စစ်သည်များက အော်ဟစ်၏။ သူတို့က ညာဘက်လက်ကို မြှောက်၏။ ချက်ချင်းပဲ သွေးဝိညာဉ်တပ်၏ ဧရာမဒူလေးကြီး ၅၀ က ပစ်ခတ်လိုက်ကြ၏။ မီတာ ၂၀၀၀ အကွာအဝေးက လွယ်ကူပြီး ရှေးဟောင်းဒူးလေးများက တကယ့်ကို တိကျ၏။ ရှမ့်လန်၏ အမြှောက်ရာကျော်ကို မျက်စိတမှိတ် အတွင်း သေချာပေါက် ဖျက်ဆီးပစ်နိုင်၏။
“အဆင်သင့်ပဲ။” ရှမ့်လန်၏ အမြှောက်တပ်သား ၃၀၀၀ တို့က သူတို့၏ ညာဘက်လက်များကို မြှောက်လိုက်ကြသည်။
............
သွေးဝိညာဉ်တပ်မှ စစ်သည် သုံးထောင်လုံးက သူတို့၏ ရှေးဟောင်းဒူးလေးများကို တင်လိုက်ကြ၏။ မီတာ ၂၀၀၀ အကွာအဝေးက ဝေးကွာလွန်းလှချေ၏။ အိပ်မက်ဆိုးကျောက်တုံး၏ စွမ်းအင်များကို ကုန်ခမ်းစေခဲ့ပြီး မြေဆွဲအားကို တွန်းလှန်ရန် ကောင်းကင်ယံသို့ ပစ်ခတ်ကြရ၏။ ဤသည်က သူတို့၏ တိကျမှုကို လျော့ကျစေခဲ့သော်လည်း ရှမ့်လန်၏ စစ်တပ်ကို ထိမှန်အောင် ပစ်ခတ်နိုင်ဆဲပင်။ တိုက်ပွဲကို အလျင်အမြန် ဆုံးသတ်နိုင်ရန် ကျူးဟုန်ရွှဲ့က ဘာမဆိုလုပ်မည်ပင်။
တပ်မှူးလန်ဖုန်းက လက်ကို မြင့်မားစွာ မြှောက်လိုက်၏။ ပြီးနောက် အော်ဟစ်လိုက်၏။ “အသင့်ပြင်။”
ချက်ချင်းပဲ ၁၂၂ မီလီမီတာ အမြှောက် ၁၀၀ က ပစ်မှတ်ကို ချိန်ရွယ်၏။ မီတာ ၂၀၀၀ အကွာအဝေးက သူတို့အတွက်တော့ တကယ်ကို လွယ်ကူလွန်းသည့် အရာတစ်ခုပင်။
“ပစ်... ပစ်…”
စစ်သည်နှစ်ဖက်လုံးက တစ်ချိန်တည်းမှာပဲ အမိန့်ပေး၍ ပစ်ခတ်၏။ ဤသည်က လူကြီးလူကောင်းဆန်မှု များဖြင့် ပြည့်နှက်နေသည့် နှစ်ဖက်ယှဉ်ပြိုင် တိုက်ခိုက်ပွဲတစ်ခု ဖြစ်သည်။
ချက်ချင်းပဲ ခမ်းနားထည်ဝါသည့် မြင်ကွင်းတစ်ခု ပေါ်လာ၏။ သွေးဝိညာဉ်တပ်၏ ရှေးဟောင်းဒူးလေး ၅၀ ကျော်တို့က ဧရာမမြားတံ ၅၀ ကို ပစ်ခတ်၏။ လေထုကို ဖြတ်သန်းသွားစဉ်မှာပင် အပြာရောင် မီးတောက်များက တည်နေရာလမ်းကြောင်းတွင် ကျန်ရစ်ခဲ့၏။
ရှေးဟောင်းမြား ၃၀၀၀ တို့က လေထဲတွင် ပြီးပြည့်စုံသည့် မျဉ်းကွေးတစ်ခုအဖြစ် ဖြတ်သန်းရောက်ရှိလာခဲ့ပြီး ရှမ့်လန်၏ စစ်တပ်အပေါ်သို့ ရွာသွန်းဖြိုး ကျသည်။
ရှေးဟောင်းလက်နက်များကို ကာကွယ်ရန် မဖြစ်နိုင်သလောက်ပင်။ ထိမှန်ခံရသည်နှင့် ကြီးမားသည့် ထိခိုက် သေဆုံးမှုများ ဖြစ်ပေါ်စေမည်။ ကျူးဟုန်ရွှဲ့က တိုက်ပွဲကို တစ်နာရီအတွင်း အဆုံးသတ်မည်ဟု ပြောခဲ့ပြီး ထိုအရာက လျှော့ကာ တွက်ချက်ထားခဲ့သည့် ခန့်မှန်းချက်ပင်။
“ရွှီ... ရွှီ...”
တစ်ချိန်တည်းမှာပဲ ရှမ့်လန်၏ အမြှောက် ၁၀၀ က ပစ်ခတ်၏။ ၉၇ လုံးကျော်က သာမန်အမြှောက်ဆံများ ဖြစ်ပြီး သုံးလုံးက ရှမ့်လန်၏ ဝှက်ဖဲဖြစ်သော အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးများ ဖြစ်၏။
ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်တပ်တွင် ရှေးဦးစွမ်းအင်ထိန်းချုပ်ရေး ကိရိယာနှစ်ခု ရှိနေသည်ကို ရှမ့်လန်က ထင်ရှားစွာ မြင်၏။ ထိုအရာများက ရှမ့်လန်၏ စက်များထက် များစွာသေးငယ်ပြီး ၅ ကီလိုမီတာ အချင်းဝက်အတွင်းရှိ စစ်မြေပြင်ကို ဖြာထွက်လွှမ်းမိုးထားနိုင်စွမ်း ရှိသည်။
ပျံသန်းလာသည့် အမြှောက်ဆံများကို ကျူးဟုန်ရွှဲ့က အထင်သေးစွာဖြင့် ကြည့်နေ၏။ တစ်နာရီတောင် ကြာချင်မှ ကြာပေလိမ့်မည်။ တိုက်ပွဲကို အဆုံးသတ်နိုင်ရန် နာရီဝက်ဆိုလျှင် လုံလောက်၏။ ရှမ့်လန်၏ စစ်တပ်က မည်သည့်အံ့အားသင့်စရာမှ ယူဆောင်မလာခဲ့ချေ။ သွေးဝိညာဉ်တပ်၏ တိုက်ပွဲက တစ်ဖက်သတ် သတ်ဖြတ်ပွဲသာ ဖြစ်နေပေလိမ့်မည်။
သို့သော်ငြား နောက်တစ်စက္ကန့်အတွင်းမှာတော့ “ဘုန်း... ဘုန်း...”
ရှမ့်လန်၏ စစ်တပ်မှ ပစ်ခတ်လိုက်သည့် အမြှောက်ဆံ ၁၀၀ လုံးက လေထုထဲတွင် ပေါက်ကွဲသွား၏။ ပြီးနောက် ထွက်ပေါ်လာသည်က မီးတောက်များ မဟုတ်ဘဲ ထူးဆန်းသည့် အပြာရောင် အလင်းတန်း သုံးခု ဖြစ်၏။ ပြီးနောက် ထူးဆန်းသည့် မြင်ကွင်းများ ပေါ်ပေါက်လာသည်။
“ဘုန်း... ဘုန်း...”
သွေးဝိညာဉ်တပ်၏ တပ်ဖွဲ့အတွင်းရှိ ရှေးဦးစွမ်းအင် ထိန်းချုပ်ရေး ကိရိယာနှစ်ခုမှ ထူးဆန်းသည့် အသံများ ထွက်ပေါ်လာပြီး လျှပ်စီးမီးပွားများ ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်၏။ စက္ကန့်ဝက်မပြည့်မီ အချိန်အတွင်း သွေးဝိညာဉ်တပ်၏ ရှေးဦးစွမ်းအင် ထိန်းချုပ်ရေး ကိရိယာနှစ်ခုလုံးက လုံးဝရပ်တန့်သွား၏။
ပြီးနောက် ပို၍အံ့အားသင့်စရာ ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ လေထုထဲတွင် ပျံသန်းနေသည့် ရှေးဟောင်းဧရာမ ဒူးလေးမြားတံ ၅၀ နှင့် ရှေးဟောင်းမြား ၃၀၀၀ တို့က ဖင်နောက်မှ မီးတောက်များ ငြိမ်း၏။ ပြီးနောက် သူတို့က ကောင်းကင်ယံပေါ်မှ ရုတ်တရက် ပြုတ်ကျလာ၏။ မရေတွက်နိုင်သည့် ကြယ်များက ကောင်းကင်ပေါ်မှ ကြွေကျလာသကဲ့သို့ပင်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျူးဟုန်ရွှဲ့က လုံးဝ ကြောင်အသွားခဲ့၏။ သူက တုံ့ပြန်နိုင်စွမ်း အားလုံး ဆုံးရှုံးသွားခဲ့၏။ သူတစ်ယောက်တည်းသာ မဟုတ်ချေ။ ကောင်းကင်ပင်လယ်နန်းဆောင်၊ သွေးဝိညာဉ်တပ်မှ တခြားသော တပ်မှူးများကလည်း ရှေးဟောင်းမြားများအားလုံး ပြုတ်ကျသွားသည်ကို ကြည့်ရင်း လုံးဝ ကြောင်အသွားခဲ့သည်။
အပိုင်း (၉၇၄)
“သောက်ကျိုးနည်း... ဘာတွေ ဖြစ်ကုန်တာလဲ။” သွေးဝိညာဉ်တပ်က တကယ်ကို မင်သက်နေခဲ့၏။
ယခင်တိုက်ပွဲ အားလုံးတွင် သူတို့က ကစားပွဲတစ်ခုကဲ့သို့ ဖြစ်ခဲ့၏။ သူတို့ ပျံ့ရှောင်း၏ စစ်တပ်၊ ကျင်းမင်းသား၏ စစ်တပ် သို့မဟုတ် တော်ဝင်ကပ်ဘေးဘုရားကျောင်းနှင့် အနောက်ပိုင်းဒေသ မဟာမိတ်စစ်တပ်များကို တိုက်ခိုက်သည့် ဖြစ်စဉ်သည် သာမန်တိုက်ပွဲတစ်ခုနှင့် မတူညီခဲ့ချေ။
ခေတ်သစ် ဝေါဟာရဖြင့် ပြောရမည်ဆိုလျှင် ကွန်ပျူတာဂိမ်း ကစားနေရသကဲ့သို့ ခံစားရ၏။ မှန်ပေ၏။ ဤလောကတွင် ကွန်ပျူတာဂိမ်းများ မရှိသော်လည်း သွေးဝိညာဉ်တပ်က ရန်သူကို ခြေမှုန်းသည့် အခါမျိုးတွင် ကွန်ပျူတာကစားသမား တစ်ဦးက NPC ကို သတ်ဖြတ်နေသကဲ့သို့ ခံစားရသည်။
လူသားအားလုံး၏ အသက်များက သူတို့၏ မျက်လုံးထဲတွင် ကိန်းဂဏန်းမျှသာပင်။ သူတို့က အလွန် မောက်မာကြ၏။ ရန်သူ မည်သူဖြစ်သည်ကိုပင် မသိချင်ကြချေ။ အဘယ်ကြောင့်ဆိုသော် အဓိပ္ပာယ် မရှိသောကြောင့်ပင်။
မည်သည့်ရန်သူမဆို သူတို့အတွက် နိမ့်ကျသည့် မျိုးနွယ်စု သတ္တဝါသာ ဖြစ်၏။ ရှေးဟောင်းယဉ်ကျေးမှု၏ စွမ်းအင်ရှေ့မှောက်တွင် မည်သည့်စစ်တပ်မဆို အသုံးမဝင်ပေ။ သို့သော်ငြား ယခု ရှမ့်လန်က သူတို့၏ တိုက်ခိုက်ရေး ကိရိယာကို တိုက်ရိုက် ရပ်တန့်စေခဲ့၏။
“ဘယ်လို... ဘယ်လိုဖြစ်နိုင်မှာလဲ။”
ဤသည်က ရှေးဟောင်းစွမ်းအင် ထိန်းချုပ်ရေး ကိရိယာဖြစ်၏။ မည်မျှ ပြောင်မြောက်လိုက်သနည်း။ မည်မျှ နက်နဲလိုက်သနည်း။ ရှမ့်လန်က မည်သို့သိရှိပြီး တစ်ချက်တည်းနှင့် မည်ကဲ့သို့ ရပ်တန့်အောင် ပြုလုပ် ခဲ့သနည်း။ ဤအရာက သူ၏လောကအမြင်ကို လုံးဝ ဇောက်ထိုးမိုးမျှော် ဖြစ်စေသည်။
ဤခံစားချက်က မျောက်ဝံတစ်ကောင် စကားပြောနေသည်ကို လူ တစ်ယောက် ရုတ်တရက် မြင်လိုက်ရသကဲ့သို့ပင်။ သို့သော်ငြား သူ၏ တုန်လှုပ်မှုက ကြာကြာမခံလိုက်ချေ။
အဘယ်ကြောင့်ဆိုသော် နောက်တစ်ခဏမှာပင် “ရွှီ... ရွှီ...”
ရှမ့်လန်၏ အမြှောက်တပ်များက မီတာ ၂၀၀၀ အကွာအဝေးသို့ ဖြတ်ကျော်ရန် ၄ စက္ကန့်သာ ကြာမြင့်၏။
သာမိုက်အမြှောက်ကြီး ၉၀ က သွေးဝိညာဉ်တပ်၏ တပ်ဖွဲ့ဆီသို့ ပြင်းထန်စွာ ကျရောက်၏။ ဤအချိန်မှာတော့ သွေးဝိညာဉ်တပ်က ငြိမ်သက်နေဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့က စမ်းသပ်မှုများကို ပြုလုပ်ထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။ ရှမ့်လန်၏ အမြှောက်များက သူတို့ကို လုံးဝထိခိုက်မှု မရှိစေနိုင်ပေ။ ထို့ကြောင့် အမြှောက်ဆံများ ကျလာသည်ကို ကြည့်လျက်နှင့် သွေးဝိညာဉ်စစ်သည် ၂၀၀၀ တို့က မလှုပ်မယှက် ရပ်နေ၏။
စွမ်းအင်ထိန်းချုပ်ရေး ကိရိယာ ရပ်တန့်သွားလျှင်ပင် သွေးဝိညာဉ်တပ်၏ စွမ်းအင်နှင့် သာလွန်မှုကို သူတို့က ပြသရပေလိမ့်မည်။ ရှမ့်လန်၏ အမြှောက်များက သူတို့ကို လုံးဝထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ပေ။
“ဘုန်း... ဘုန်း... ဘုန်း...”
ပေါက်ကွဲသံက သိပ်ပြီး မကျယ်လောင်ပေ။ မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာခြင်းလည်း မရှိပေ။ သို့သော်ငြား ထိုအရာက အလွန်ကို တောက်ပလွန်းလှ၏။ နေမင်းထက်ပင် ပို၍ စူးရှကာ တောက်ပသည်။
သာမိုက် အမြှောက်ဆံ ၉၀ က ပြင်းထန်စွာ ပေါက်ကွဲ၏။ လောကတစ်ခုလုံးက ချက်ချင်း လင်းထိန်သွားသကဲ့သို့ပင်။ ဤကြောက်မက်ဖွယ်ရာ ကောင်းသည့် တောက်ပမှုက လူများကို တိုက်ရိုက် မကြည့်ရဲစေလောက်အောင်ပင်။
အပူချိန် ၂၀၀၀ ဒီဂရီ စင်တီဂရိတ် ကျော်သော မီးတောက်များက ပေါက်ကွဲထွက်ပေါ်လာ၏။ သာမိုက် လက်ပစ်ဗုံး တစ်လုံးက ၁ ကီလိုဂရမ်ခန့် ရှိပြီး ကားတစ်စီးကိုပင် ဖျက်ဆီးနိုင်၏။ ရှမ့်လန် ပစ်ခတ်လိုက်သည့် သာမိုက် အမြှောက်ဆံများက အံ့မခန်း ၂၅ ကီလိုဂရမ်ထိ ရှိ၏။ ဤသည်က မည်ကဲ့သို့သော စွမ်းအင်မျိုး ဖြစ်မည်နည်း။
“ရပ်။”
သွေးဝိညာဉ်တပ် စစ်သည် ၂၀၀၀၀ သံမှိုဆွဲထားသည့် ထင်းရှူးပင်များကဲ့သို့ပင် မလှုပ်မယှက် ရပ်နေ၏။ တစ်ချိန်တည်းမှာပဲ သူတို့က ဝင်ရောက်လာသည့် တုန်ခါမှုလှိုင်းများကို တွန်းလှန်ရန် ကြီးမားသည့် စွမ်းအင်မျိုးကို ထုတ်လွှတ်လိုက်၏။ သို့သော်ငြား တုန်ခါမှုလှိုင်းများ မရှိဘဲ တုန်လှုပ်ဖွယ်ရာကောင်းသည့် မီးတောက်များသာ ပေါ်လာ၏။
စမ်းသပ်မှုများထဲတွင် ရှမ့်လန် ရှင်းလင်းစွာ တွေ့မြင်ရသည်က သာမိုက်အမြှောက်ဆံ ၁ ကီလိုဂရမ်က ၅၀ မီလီမီတာ သံမဏိပြားကို ဖောက်ထွင်း လောင်ကျွမ်းစေနိုင်၏။ တစ်ဖက်တွင်မူ သွေးဝိညာဉ်တပ်၏ သံချပ်ကာက များစွာပါးလွှာ၏။ ထိုအရာက အလွန်ခိုင်ခံ့သည့် လျှို့ဝှက်သတ္တုစပ်ကို အသုံးပြုထားသော်လည်း ၁ မီလီမီတာသာ ထူသည်။
ဤသတ္တုစပ်၏ ခံနိုင်ရည်မှုက သံမဏိထက် များစွာသာလွန်သော်လည်း ကံဆိုးစွာဖြင့် ထိုအရာ၏ အရည်ပျော်မှတ်က ၂၀၀၀ ဒီဂရီ စင်တီဂရိတ်ထက်ပင် ကျော်၏။ အရည်ပျော်နေသည့် သာမိုက် မီးတောက်များ က သွေးဝိညာဉ်တပ်၏ သံချပ်ကာအပေါ်သို့ ကျဆင်းလာချိန်မှာတော့ သံချပ်ကာများကို ချက်ချင်းပဲ လောင်ကျွမ်း ဖောက်ထွင်းသွား၏။
“အား…”
ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် သာမိုက်မီးတောက်က သံချပ်ကာကို ဖောက်ထွင်းထိုးဖောက်ပြီးနောက် ထိုသူတို့၏ ခန္ဓာကိုယ်များကိုပါ လောင်ကျွမ်းသည်။
သွေးဝိညာဉ်စစ်သည်တိုင်းက အလွန်ကြီးမား အားကောင်းလွန်းသော်လည်း သူတို့က အသွေးနှင့်အသားနှင့် တည်ဆောက်ထားကြသူများ ဖြစ်၏။ ၂၀၀၀ ဒီဂရီ စင်တီဂရိတ် ကျော်သည့် အပူချိန်ကို ခံနိုင်ရည် မရှိကြချေ။
မှန်ပေ၏။ သူတို့၏ ခွန်အားကြောင့် မီးလောင်သေဆုံးချိန်တွင် အကြီးအကျယ် ငိုကြွေး အော်ဟစ်ခြင်း မရှိချေ။ ကျယ်လောင်သည့် အော်ဟစ်သံကြီးတစ်ခုကိုသာ ထုတ်ဖော်ပြီး ရုတ်တရက် မြေပေါ်သို့ လဲကျသွား၏။
“ဘိုင်း... ဘိုင်း...”
“ဘုန်း... ဘုန်း...”
မီးပွင့်ဒါဇင်ပေါင်းများစွာ ပေါက်ကွဲပြီးနောက် သွေးဝိညာဉ်တပ် ၂၀၀၀ ၏ စတုရန်းပုံစံ တပ်ဖွဲ့ ဒါဇင်ပေါင်းများစွာတို့၏ စစ်ပွဲအခင်းအျကင်းက ဟာလာဟင်းလင်း ဖြစ်ကုန်၏။ သာမိုက်မီးတောက်ဖြင့် ဖောက်ခွဲခြင်းခံရသည့် သွေးဝိညာဉ်စစ်သည် အားလုံးတို့၏ သံချပ်ကာပေါ်တွင် အပေါက်များစွာ ဖြစ်ပေါ်နေ၏။ အရည်ပျော်နေသည့် သံရည်များက အဆက်မပြတ် စီးကျသည်။
သူတို့၏ ခန္ဓာကိုယ်များက သာမိုက်မီးတောက်နှင့် ထိမှန်ခံရသည်နှင့် တိုက်ရိုက် မီးကျွမ်း၏။ ဖြိုဖျက်၍ မရနိုင်သည့် သွေးဝိညာဉ်တပ်၏သံချပ်ကာက လုံးဝ အဆုံးသတ်သွားခဲ့၏။ ပြိုင်ဖက်ကင်း သွေးဝိညာဉ် စစ်သည် ရာပေါင်းများစွာတို့က တိုက်ရိုက် မီးလောင်သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာ ရရှိကုန်၏။
သွေးဝိညာဉ်တပ်က တကယ်ပင် စွမ်းအားကြီးမားကြောင်း သံသယဖြစ်ဖွယ် မရှိချေ။ စက္ကန့် ဒါဇင်အနည်းငယ် ကြာပြီးနောက် သာမိုက်လောင်ကျွမ်းမှု အားလုံး ပြီးဆုံး၏။ သံချပ်ကာများက မီးလောင်နေဆဲ ဖြစ်သော်လည်း သူတို့၏ တပ်ဖွဲ့ ဖွဲ့စည်းပုံက ပြန်လည် ဖွဲ့စည်းပြီးဖြစ်သည်။
ကျူးဟုန်ရွှဲ့နှင့် မရေတွက်နိုင်သည့် သွေးဝိညာဉ်စစ်သည်များ၏ လောကအပေါ်ထားရှိသည့် အမြင်များမှာ လုံးဝကို ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်၏။ ဤလောကကြီးက ဘာတွေ ဖြစ်နေသနည်း။ ရှမ့်လန်က သာမန်လူသား တစ်ယောက်သာ ဖြစ်၏။ သွေးဝိညာဉ်တပ်၏ သံချပ်ကာကို ဖောက်ထွင်းနိုင်သည့် လက်နက်မျိုး အဘယ်သို့ ရှိရသနည်း။
သူက မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် အလောင်းရာပေါင်းများစွာကို ကြည့်၏။ အနောက်ပိုင်းဒေသ၏ မဟာမိတ် စစ်တပ်သိန်းပေါင်းများစွာကို ရင်ဆိုင်စဉ်ကပင် ဤမျှ အဖြစ်ဆိုးများ မကြုံခဲ့ချေ။ ရှေးဟောင်း ထိန်းချုပ်ရေး စွမ်းအင်ဗဟိုချက် ရပ်တန့်နေဆဲဖြစ်ပြီး ရှေးဟောင်းလက်နက်အားလုံးက အလုပ် မလုပ်တော့ပေ။ သို့သော်ငြား ရှေးဟောင်းလက်နက်များ မရှိလျှင်ပင် သွေးဝိညာဉ်တပ်က ပြိုင်ဖက်ကင်း နေဆဲပင်။
ကျူးဟုန်ရွှဲ့က ရုတ်တရက် ဓားကို ဆွဲထုတ်ကာ အော်ဟစ်လိုက်သည်။ “တက်... သွေးဝိညာဉ်တပ်က ပြိုင်ဖက်ကင်းတယ်။”
ပြီးနောက် သွေးဝိညာဉ်တပ်သား အားလုံးက လျင်မြန်စွာ ချီတက်၏။ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခုက ထပ်မံပေါ်ပေါက်လာ၏။ တိုက်စစ်ဆင်နေသည့် အချိန်တွင်ပင် ဤစစ်တပ်က ညီညာသည့် ပုံစံနှင့် ရွေ့လျားနိုင်ဆဲပင်။ ယခင်က စတုရန်းပုံစံ တပ်ဖွဲ့စည်းပုံဖြစ်ပြီး ယခုလည်း ထိုအတိုင်းပင်။
ရှမ့်လန်၏ သာမိုက်အမြှောက်များနှင့် ရင်ဆိုင်ရချိန်တွင် သူတို့က လူစုခွဲပြီး ပြေးသင့်သော်လည်း သူတို့၏ မာန်မာနက မူလသတ်မှတ်ထားသည့် တပ်ဖွဲ့စည်းပုံကို ထိန်းသိမ်းစေ၏။
ယခု စွမ်းအင်ထိန်းချုပ်ရေး ကိရိယာများ ရပ်တန့်သွားခဲ့ပြီ ဖြစ်သောကြောင့် သူတို့၏ အရှိန်က အနည်းငယ် နှေးကွေးသွားခဲ့၏။ ထိုသို့ဆိုလျှင်တောင်မှ တစ်စက္ကန့်လျှင် ၁၅ မီတာနှုန်းတော့ ထိန်းသိမ်းကာ သွားနိုင်နေဆဲပင်။
သွေးဝိညာဉ်စစ်သည် တစ်ဦးချင်းစီက ကီလိုဂရမ် ရာပေါင်းလေးသော ဝန်ကို သယ်ဆောင်ထားရသောကြောင့် ဤအရှိန်က အံ့မခန်းပင်။ တစ်စက္ကန့်လျှင် ၁၅ မီတာဖြစ်ပြီး ၂ ကီလိုမီတာ အကွာအဝေးအတွက် အများဆုံး စက္ကန့် ၇၀ လုံလောက်၏။ ထို့ကြောင့် ရှမ့်လန်က အများဆုံး အမြှောက် ပစ်ခတ်ချိန် အ ရေအတွက် ၁၀ ကြိမ်သာ ပစ်ခတ်ချိန် ရှိသည်။
“မြန်မြန်... မြန်မြန်။” တန်မှူးလန်ဖုန်း၏ အမြှောက်တပ်က လုံးဝ မြန်ဆန်၏။ သူတို့၏ အမြန်နှုန်းက အကန့်အသတ်သို့ ရောက်ရှိနေသည်။ ခုနှစ်စက္ကန့် ကြာပြီးသည့်နောက် ဒုတိယအကြိမ် အမြှောက်ပစ်ခတ်မှုကို စတင်၏။
“ဘုန်း… ဘုန်း…”
စက္ကန့်အနည်းငယ် ကြာပြီးသည့်နောက် သာမိုက် အမြှောက်ဆံ တစ်ရာက ပြေးလွှားနေသည့် သွေးဝိညာဉ် တပ်ဖွဲ့ထဲသို့ ထပ်မံကျရောက်၏။ နောက်တစ်ကြိမ် နေမင်းထက်ပို၍ တောက်ပသည့် မြင်ကွင်းကို ထပ်မံ မြင်တွေ့ရသည်။
မျက်စိတစ်မှိတ်အတွင်း သွေးဝိညာဉ်တပ်တစ်ခုလုံးကို မီးလောင်ကျွမ်း၏။ သွေးဝိညာဉ်စစ်သည် ထောင်ပေါင်းများစွာတို့၏ သံချပ်ကာများစွာက မီးလောင်ပေါက်ပြဲသွားခဲ့ပြီး သာမိုက်မီးတောက်များက သူတို့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ မီးသွေးတုံးဖြစ်သည်အထိ တိုက်ရိုက်ကျွမ်းလောင်စေခဲ့၏။
သွေးဝိညာဉ်စစ်သည် ရာပေါင်းများစွာက မြေပြင်ပေါ် လဲကျသွားခဲ့ပြီး ကျန်သည့်လူရာပေါင်းများစွာက ခန္ဓာကိုယ အစိတ်အပိုင်းများ မီးသွေးတုံး ဖြစ်နေလျှင်ပင် အရူးအမူး ဆက်လက်ကာ ပြေးဝင်လာကြ၏။ ဤအချိန်မှာတော့ အော်ဟစ်သံများ မရှိချေ။ မီးလောင်မသေဆုံးသရွေ့ သူတို့က ဆက်လက် တိုက်ခိုက်ရ ပေမည်။
“မြန်မြန်… မြန်မြန်… အမြှောက်တွေရဲ့ ပစ်ချိန်ကို ဂရုမစိုက်နဲ့။ ဘာအန္တရာယ်မှ ဂရုမစိုက်နဲ့။ ပစ်... ပစ်...”
တတိယအကျော့၊ စတုတ္ထအကျော့၊ ပဉ္စမအကျော့ အမြှောက် ပစ်ခတ်မှုများကို ဆက်တိုက် ပြုလုပ်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် သာမိုက်အမြှောက်များက သွေးဝိညာဉ်တပ်သားတို့၏ အသက်များကို အရူးအမူး ရိတ်သိမ်းနေ၏။
ကျုံးရှစ်ရှစ်က သူမ၏ ရှေ့တွင် ရှိနေသည့် မြင်ကွင်းကို ကြည့်ရင်း ဦးရေပြားများ ထုံကျင်လျက် ရှိနေ၏။ သူမ၏ ဘေးတွင်ရှိနေသည့် ဤလူချောလေးက ဤမျှထိ စွမ်းအားကြီးမားသည်လား။ သွေးဝိညာဉ်တပ်က အံ့မခန်း ကြောက်စရာကောင်းပြီး စွမ်းအားကြီးမား၏။ သို့သော်ငြား ရှမ့်လန်၏ လက်ချက်ဖြင့် သတ်ဖြတ်ခံ နေရလေသည်။
သွေးဝိညာဉ်တပ်သားများသည် ရှမ့်လန်၏ အထူးအမြှောက်များ ဤမျှ စွမ်းအားကြီးမားသည်ကို ရှင်းရှင်းလင်းလင်း သိရှိသည့်တောင်မှ သတ်မှတ်ထားသည့် စတုရန်းပုံစံကို လူစုမခွဲဘဲ တိုးဝင်နေတုန်းပင်။ ထိုမျှ မကသေးချေ။ သာမိုက်အမြှောက်များ ပေါက်ကွဲ၍ လူအနည်းငယ် သေဆုံးသွားသည်နှင့် နောက်ခဏတွင် ဘေးမှ သွေးဝိညာဉ်စစ်သည်များက ဟာကွက်ကို ချက်ချင်း ဝင်ရောက်ဖြည့်စီး၏။ တပ်ဖွဲ့စည်းပုံ စတုရန်းပုံစံကို အမြဲမပျက်စီးအောင် ထိန်းသိမ်းထား၏။ ဤမာန်မာနနှင့် ဂုဏ်သိက္ခာက ရိုးရှင်းစွာပင် ရူးသွပ်မှုတစ်ခု ဖြစ်၏။
............................
စက္ကန့် ၅၀ ကြာပြီးနောက် သွေးဝိညာဉ်တပ်က ရှမ့်လန်နှင့် မီတာ ၄၀၀ သာ ကွာဝေးတော့၏။ ရှမ့်လန်၏ ပြောင်းရစ်ပါ အမြှောက် ၁၀၀ က ၈ ကြိမ် ပစ်ခတ်ခဲ့ပြီး သာမိုက်အမြှောက်ကြီး ၈၀၀ ကို သုံးစွဲကာ သွေးဝိညာဉ် စစ်သည် ၆၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်။
အကွာအဝေး ၃၅၀ မီတာ..
ထိုအချိန်မှာတော့ စစ်တပ်နှစ်ခုက တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင် တွေ့ဆုံးရမည့် အခြေအနေသို့ ရောက်ရှိလာ၏။ ရှေးဟောင်းစွမ်းအင်ထိန်းချုပ်ရေး ကိရိယာက ရပ်တန့်နေသောကြောင့် ရှေးဟောင်းလေးနှင့် မြားများကို သာမန်လေးနှင့် မြားများကဲ့သို့ပင် အသုံးပြုနိုင်၏။
“ပစ်...”
သွေးဝိညာဉ်တပ်၏ တပ်မှုးက အမိန့်ပေး၏။ သွေးဝိညာဉ်စစ်သည် ၁၀၀၀ ကျော်တို့က လေးများကို ဆွဲကာ ပစ်ခတ်သည်။
“ပစ်...” မင်းသမီးဒိုဟာ၏ အမိန့်အတိုင်း အမေဇုန် စစ်သည် ၈၀၀၀ နှင့် နိဗ္ဗာနစစ်သည် ၄၀၀၀ တို့က မြားများကို ပစ်ခတ်၏။
နှစ်ဖက်စလုံးက မြားမိုးများ ရွာသွန်းလာ၏။ မြင်ကွင်းက တစ်ဖန် ခမ်းနားစွာ ဖြစ်ပေါ်လာ၏။ ထိုအချိန်မှာတော့ စစ်တပ်နှစ်ခုကြား ကွာဟချက်က ပေါ်လာသည်။
သာမန်လေးနှင့် မြားများကို အသုံးပြုလျှင်ပင် သွေးဝိညာဉ်တပ်က ပို၍ ဝေးဝေး၊ ပို၍ တိတိကျကျနှင့် ပို၍ မြန်ဆန်စွာ ပစ်ခတ်နိုင်၏။
စစ်တပ်နှစ်ခုလုံးက မြားများကို လျင်မြန်စွာ ပစ်ခတ်တိုက်ခိုက်၏။ ရှမ့်လန်၏ စစ်တပ်က ၁၀ စက္ကန့်လျှင် မြား ၈ စင်း ပစ်နိုင်ပြီး၊ သွေးဝိညာဉ်တပ်က ၁၀ စက္ကန့်လျှင် ၁၂ စင်းထိ အံ့မခန်း ပစ်ခတ်နိုင်၏။ သူတို့၏ ပစ်ခတ်မှုနှုန်းက ရှမ့်လန်၏ စစ်တပ်ထက် ၅၀ ရာခိုင်နှုန်း ပိုမြန်ပြီး တိကျမှုကလည်း မြင့်မားသည်။
ဤအချိန်မှာတော့ အဆင့်မြင့် သတ်ဖြတ်ပွဲက စတင်၏။ သွေးဝိညာဉ်တပ်၏ လေးများက ပိုမိုသန်မာပြီး ပစ်ခတ်မှု အားအင်ကလည်း ပိုမိုအားကောင်း၏။ သူတို့၏ မြားများက တကယ်ကို အံ့မခန်း မာကျောမှုနှင့် ထက်ရှမှု ပါရှိ၏။ သို့သော်ငြား မီတာ ၃၅၀ ကွာဝေးနေသေး၏။ ဤအကွာအဝေးတွင် ရှမ့်လန်၏တို့ စစ်သည်များ၏ သံချပ်ကာက သာမန် သံမဏိသံချပ်ကာသာ ဖြစ်သော်လည်း ဖောက်ထွင်းရန် ခက်ခဲ၏။
ရှမ့်လန်၏ စစ်တပ်က ငရဲမီးမြားများကို အသုံးပြုကြသည်။
“ရွှီ... ရွှီ...”
မထိလျှင် ကိစ္စမရှိသော်လည်း ထိမှန်သည်နှင့် ငရဲမီးအရည်များ စိမ့်ဝင်ထားသည့် မြားခေါင်းက သံချပ်ကာကို ထိမှန်ပြီး ပြင်းထန်စွာ ပေါက်ကွဲ၏။ သာမိုက်ထက်ပင် ပိုမိုပြင်းထန်သည့် ၃၀၀၀ ဒီဂရီ စင်တီဂရိတ် ကျော်သည့် အပူချိန်ကို ထုတ်လွှတ်၏။
ထိုအရာက သွေးဝိညာဉ်တပ်၏ သံချပ်ကာကို လျင်မြန်စွာ ထိုးဖောက်ပြီး ထိုသူတို့၏ ခန္ဓာကိုယ်များကို လျင်မြန်စွာ ထွင်းဖောက်စေ၏။ အတိုင်းအဆမဲ့ အင်အားကြီးမားသည့် သွေးဝိညာဉ်တပ်တော်က မြေပြင်ပေါ်သို့ အစုလိုက်၊ အပြုံလိုက် လဲကျသည်။
သတ်ဖြတ်ပွဲက ယခုမှ စတင်ရုံသာ ရှိသေး၏။ သွေးဝိညာဉ် စစ်သည်တိုင်းက တန်ဖိုးကြီးများပြီး အားအင်ကြီးမား၏။ ယခင် စစ်မြေပြင်များတွင် သူတို့၏ ထိခိုက် ကျရှုံးမှုက မပြောပလောက်အောင် နည်းပါးခဲ့၏။ ယခု သာမိုက်အမြှောက်နှင့် ရင်ဆိုင်ရချိန်မှာတော့ သူတို့က အကြီးမားဆုံး ထိခိုက်သေဆုံးမှုဖြင့် ခံစားနေရ၏။
ကျူးဟုန်ရွှဲ့ကလည်း သွေးစက်စက်ယိုနေ၏။ ရှမ့်လန်စစ်တပ်၏ မြားများက သာမိုက်အမြှောက်များထက် ပို၍ သေစေနိုင်လောက်မည်ဟု သူက ထင်မှတ်မထားခဲ့ချေ။
“ကောင်းကင်ဘုံ... ဒီလောကကြီးက ဘာတွေ ဖြစ်နေတာလဲ။ ရှမ့်လန်က ဘာလဲ။”
သို့သော်ငြား ယခုအချိန်၌ စဉ်းစားရန် သူ့၌ အချိန်မရှိချေ။
“တက်”
ရှမ့်လန်စစ်တပ်၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်နှင့်တပြိုင်နက် သွေးဝိညာဉ်တပ်က သတ်ဖြတ်ပွဲကို စတင်ရန် အလှည့်ရောက်လာပေလိမ့်မည်။
သို့သော်ငြား နောက်ထပ် မြင်ကွင်းက သူ့ကို ပိုမိုကာ တုန်လှုပ်စေ၏။ စစ်တပ်နှစ်ခုလုံးက မြားများကို အရူးအမူး ပစ်ခတ်နေကြပြီး မရေတွက်နိုင်သည့် မြားများက လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာဖြင့် လေထဲတွင် ကြက်ခြေခတ် ဖြတ်သန်းသွားလာနေ၏။ ဤသည်က ဧကန်မုချ ရဲရင့်သူများအတွက်တော့ ကစားပွဲတစ်ခုပင်။