အခန်း (၉၇၅-၉၇၆)
Vol. 58 Ch. 975-976
အပိုင်း (၉၇၅)
ကြောက်မက်ဖွယ်ရာကောင်းသည့် မြားမိုးများ၏ အောက်တွင်တော့ မည်သည့်စစ်တပ်ကမှ နောက်ဆုတ်ခြင်း ကို မရှိကြပေ။
ရှမ့်လန်စစ်တပ်က မလှုပ်မယှက် ရပ်နေပြီး အရူးအမူး ပစ်ခတ်၏။
သွေးဝိညာဉ်တပ်က ဆက်လက် ပြေးလွှားနေပြီး မြားများကို ပစ်ခတ်၏။ သူတို့၏ တပ်ဖွဲ့စည်းပုံက ကစဉ့်ကလျား မဖြစ်ချေ။ မရေတွက်နိုင်သည့် လူများက မြေပြင်ပေါ်သို့ လဲကျ သေဆုံးကြသော်လည်း မကြာမီ ဘေးပတ်ဝန်းကျင်ရှိ သွေးဝိညာဉ်စစ်သည်များက ချက်ချင်း နေရာ ဝင်ရောက်ဖြည့်တင်းရင်း မူလတပ်ဖွဲ့စည်းပုံ ကို ထိန်းသိမ်းထားကြသည်။
မကြာခင်မှာပဲ သွေးဝိညာဉ်တပ်က မီတာ ၁၅၀ အတွင်းသို့ ဝင်ရောက်လာ၏။ ဤအချိန်မှာတော့ ရှမ့်လန်၏ စစ်တပ်က သံမဏိသံချပ်ကာများကို ဝတ်ဆင်ထားသော်လည်း သွေးဝိညာဉ်တပ်၏ မြားမိုးကို တားဆီးနိုင်စွမ်း မရှိတော့ဘဲ ထိခိုက်သေဆုံးမှုများ စတင်ဖြစ်ပေါ်လာ၏။
စစ်သည် တစ်ယောက်ပြီး တစ်ယောက်က မြေပြင်ပေါ်သို့ လဲကျနေသောကြောင့် ရှမ့်လန်၏ နှလုံးသားများက နာကျင်နေရသည်။
“ရွှီ... ရွှီ...”
နှစ်ဖက်စလုံးက မြားမိုးကို အဆက်မပြတ် ရွာချ၏။ ရှမ့်လန်အမြှောက်တပ်၏ နောက်ဆုံးအကျော့ ပစ်ခတ်မှုပင်။
“ဘုန်း... ဘုန်း...”
သာမိုက်အမြှောက်ဆံ ၁၀၀ က ပြင်းထန်စွာ ပေါက်ကွဲ၏။ မျက်စိကျိန်းလုမတတ် မီးတောက်များက ထပ်မံ ထွက်ပေါ်လာ၏။ နှိုင်းယှဉ်မရလောက်အောင် ဝမ်းနည်းဖွယ်ရာကောင်းသည့် မြင်ကွင်းပင်။
အရူးအမူး ရွာသွန်းနေသည့် မြားမိုး၏အောက်တွင် နှစ်ဖက်စလုံးမှ စစ်တပ်များက ဆက်တိုက် လဲကျ၏။
ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်စစ်သည် အရေအတွက်က သေးငယ်သည်ထက် သေးငယ်လာ၏။ ရှမ့်လန်၏ ငရဲမီး မြားတစ်စင်းစီက အလွန်တန်ဖိုးရှိ၏။ စုစုပေါင်း သုံးသိန်းသာရှိသော်လည်း ဤအချိန်တွင် တန်ဖိုးမရှိသကဲ့သို့ ပစ်ထုတ်လျက် ရှိသည်။
စက္ကန့် ၅၀ သာ ကြာ၏။ ဤအရူးအမူး မြားမိုးပစ်ခတ်မှုက စက္ကန့် ၅၀ သာ ကြာမြင့်ခဲ့ပြီး ရှမ့်လန် ပြင်ဆင်ထားခဲ့သည့် ငရဲမီးမြား သုံးသိန်းလုံး ကုန်ဆုံးသွားခဲ့၏။
ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်တပ်က မီတာ ၅၀ အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“ပစ်...”
အမိန့်သံနှင့်အတူ စစ်သည်တစ်ထောင်တို့က သာမိုက်လက်ပစ်ဗုံးများဖြင့် လှမ်းကာ ပစ်ပေါက်ကြ၏။ ဤသည်က နောက်ဆုံးအခွင့်အရေးပင်။ သာမိုက်လက်ပစ်ဗုံးတစ်လုံးချင်းစီက ၁ ကီလိုဂရမ်ခန့်သာ ရှိပြီး သာမိုက် အမြှောက်ဆံ၏ ၂၀ ပုံ တစ်ပုံအောက်သာ ရှိ၏။
“ဘုန်း...” မီးပွင့်ထောင်ပေါင်းများစွာ ပေါက်ကွဲထွက်သည်။
“ပစ်...”
တပ်မှူးလန်ဖုန်း၏ အမိန့်နှင့်အတူ အမြှောက် ၅၀၀ တို့က နောက်အကြိမ် ပစ်ခတ်ပြန်၏။ ဤအချိန် မှာတော့ ပြောင်းရစ်ပါ အမြှောက် ၁၀၀ တို့ကို သံချပ်ကာဖောက်နိုင်သည့် အမြှောက်ဆံများအဖြစ် ပစ်ခတ်ပြီး ပြောင်းချော အမြှောက် ၄၀၀ ကို သီးသန့် ပစ်ခတ်၏။
“ရွှီ... ရွှီ...”
အမြှောက် ၅၀၀ ကို မုန်တိုင်းကဲ့သို့ပင် ပစ်ခတ်၏။ မီတာ ၅၀ အကွာအဝေးသာ ရှိသော်လည်း တကယ်ကို တိကျလွန်းလှချေ၏။ သွေးဝိညာဉ်တပ်၏ သံချပ်ကာက တကယ်ကို စွမ်းအားကြီးမားသော်လည်း ဤအကွာအဝေးတွင် သံချပ်ကာဖောက် အမြှောက်ဆံများကို လုံးဝ တားဆီးနိုင်ခြင်း မရှိချေ။
“ဘုန်း... ဘုန်း...”
သံချပ်ကာဖောက် အမြောက်ဆံများက သံချပ်ကာကို တိုက်ရိုက်ဖောက်ထွင်းပြီး သွေးဝိညာဉ် စစ်သည်များ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲ၏။ သို့သော်ငြား သူတို့၏ သံချပ်ကာက သံချေးတက်နေသည့် သံလုံး အမြှောက်ကြီးများကိုတော့ တားဆီးနိုင်၏။ ဤမျှ နီးကပ်သည့် အကွာအဝေးတွင် မထွင်းဖောက်နိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ လျင်မြန်စွာ လှုပ်ရှားလာခဲ့သည့် သံလုံး၏ စွမ်းအင်ကတော့ အံ့မခန်းပင်။ သူတို့က သွေးဝိညာဉ်တပ်၏ သံချပ်ကာကို တိုက်ရိုက် ရိုက်ခွဲ၏။ လူတစ်ကိုယ်လုံးကို လွင့်စင်သွားစေ၏။ နံရိုးများ ကျိုးကြေပြီး သွေးများ အရူးအမူး ပန်းထွက်စေသည်။
“တက်...”
ရှေးဟောင်းလက်နက်များ ဆုံးရှုံးသွားလျှင်ပင် သွေးဝိညာဉ်တပ်က ပြိုင်ဘက်ကင်းနေဆဲပင်။ ရန်သူ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်နိုင်သရွေ့ သွေးဝိညာဉ်တပ် ပြန်လည် သတ်ဖြတ်ရမည့်အချိန် ကျရောက် လာပေလိမ့်မည်။
ဤသည်က သွေးဝိညာဉ်တပ်၏ ယုံကြည်မှုပင်။ သူတို့ အောင်မြင်ခဲ့၏။ နောက်ဆုံး ကျူးဟုန်ရွှဲ့က သွေးဝိညာဉ်တပ်ကို ဦးဆောင်ပြီး ရှမ့်လန်၏ တပ်ဖွဲ့ထဲသို့ ဝင်ရောက်လာသည်။ သူတို့က ဓားများကို ဆွဲထုတ်၏။
တစ်ချိန်တည်းမှာပဲ မင်းသမီးဒိုဟာက ဦးဆောင်သည့် အမေဇုန်စစ်သည် ထောင်ပေါင်းများစွာတို့က ဓားများကို ညီညာစွာ ဆွဲထုတ်၏။ ချောင်ယောင်းအာ ဦးဆောင်သော နိဗ္ဗာနတပ်က မိုဓားကို ဆွဲထုတ်၏။ ဟီလာခေါင်းဆောင်သည့် ဦးခေါင်းခွံတပ်ကလည်း ဓားများကို ဆွဲထုတ်သည်။
“သတ်ကြ...”
သွေးဝိညာဉ်တပ်တွင် လူရာဂဏန်းသာ ရှိတော့သော်လည်း သူတို့က ရှမ့်လန်၏ စစ်သည် တစ်သောင်းကျော်ရှိသည့် တပ်ဖွဲ့ထဲသို့ တိုက်ရိုက် တိုးဝင်၏။ သို့သော်ငြား သူတို့က ကြယ်တံခွန်တစ်ခု ကမ္ဘာမြေထဲသို့ ဝင်ရောက်လာသကဲ့သို့ပင် အလွန်ပြင်းထန်သည့် စွမ်းအားများကို ထုတ်ဖော်နေဆဲပင်။
ကျုံးယောင်က ရုတ်တရက် ဓားကြီးကို ဆွဲထုတ်၏။ ပြီးနောက် ဟိန်းဟောက်၏။ “အရှင့်အတွက် တိုက်ခိုက်ကြ။ သတ်....”
ပြီးနောက် သူက ကျုံးမိသားစု၏ ထိပ်တန်းစစ်သည် ရာဂဏန်းကို ဦးဆောင်ပြီး ပြေးထွက်သွားသည်။
ကျုံးရှစ်ရှစ်က ရှမ့်လန်ကို တစ်ချက်ကြည့်ပြီး ကျယ်လောင်စွာ ပြော၏။ “ကျွန်မလည်း သွားမယ်။”
ပြီးနောက် သူမက လှပသည့် ဓားကို ယူကာဖြင့် မြင်းကို စီးနင်းကာ ပြေးထွက်သည်။
မူလက ရှမ့်လန်ကို ကာကွယ်ပေးနေသည့် အရူးကြီးက ယခုအချိန်မှာတော့ လုံးဝ ဂဏာမငြိမ် ဖြစ်နေ၏။
“သွား... သွား...” ချက်ချင်းပဲ အရူးကြီးက ရွှေရောင်တုတ်တံကြီးကို ဝှေ့ယမ်းပြီး တင့်ကားတစ်စီးကဲ့သို့ပင် ပြေးထွက်သွားလေသည်။
.....................
ဤမီတာ ၂၀၀၀ အကွာအဝေးအတွက် သွေးဝိညာဉ်တပ်က လူ ၁၉၀၀၀ ကျော်ကို ပေးဆပ်ခဲ့ရ၏။ နောက်ဆုံး ရှမ့်လန်၏ ရှေ့မှောက်တွင် လူ ၁၀၀၀ အောက်သာ ကျန်ရှိတော့၏။ ရှမ့်လန်၏ စစ်တပ်က တစ်ယောက်ကို လူ ၂၀ နှုန်းနီးပါးဖြင့် တိုက်ခိုက်နေပြီး တစ်ဖက်သတ် သတ်ဖြတ်ပွဲ ဖြစ်သင့်၏။
သို့သော်ငြား မဟုတ်ချေ။ တိုက်ပွဲ၏ အခြေအနေက တကယ်ကို တင်းမာ၏။ ဤအချိန်မှာတော့ သွေးဝိညာဉ်တပ်က အံ့မခန်း တိုက်ခိုက်ရေးစွမ်းအင်ကို ထုတ်ဖော်၏။ ရှေးဟောင်း လက်နက်များ ဆုံးရှုံးသွားပြီးနောက် သွေးဝိညာဉ်တပ်က ပြိုင်ဘက်ကင်းနေဆဲပင်။ ရန်သူ့တပ်ဖွဲ့ထဲသို့ ဝင်ရောက်သည်နှင့် သတ်ဖြတ်ရန် သူတို့၏ အခိုက်အတန့် ရောက်ရှိလာသည်။
ဦးခေါင်းခွံတပ်က သူတို့၏ ပြိုင်ဘက်မဟုတ်ချေ။ နိဗ္ဗာနတပ် သို့မဟုတ် အမေဇုန်တပ်လည်း မဟုတ်ချေ။ တစ်ယောက်ကို ဆယ်ယောက်နှင့် တိုက်ခိုက်ရလျှင်ပင် သွေးဝိညာဉ်တပ်က အားနည်းချက် မရှိချေ။ သူတို့က များစွာ သန်မာ၏၊ လျင်မြန်၏၊ ရဲရင့်၏။ လူသတ်ရသည်က ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ် စားသောက်ရသကဲ့သို့ပင်။
ရှမ့်လန်၏ စစ်တပ်က သူတို့ကို သတ်ဖြတ်လိုလျှင် တကယ့်ကို ခက်ခဲနေ၏။ ကီလိုဂရမ် ရာကျော်လေးသော ဓားဖြင့် ခုတ်လျှင်ပင် ထိုသူတို့၏ သံချပ်ကာကို မဖောက်ထွင်းနိုင်ပေ။
ကံကောင်းသည်က ရှမ့်လန်၏ လက်ထဲတွင် ထိပ်တန်းကျွမ်းကျင်သူများ ရှိနေ၏။ အထူးသဖြင့် အမေဇုန်တပ်ပင်။ အရာရှိများစွာက ထိပ်တန်းကျွမ်းကျင်သူများဖြစ်ပြီး အမေဇုန်အမျိုးသမီးစစ်သည်တော် ရာကျော်တို့က ရှေ့ဆုံးသို့ ပြေးထွက် တိုက်ခိုက်၏။
“ဓားကို ဆွဲထုတ်...” သူတို့၏ ဓားအားလုံးက သံမဏိဖြင့် ပြုလုပ်ထားပြီး ငရဲမီးအရည်ကို စိမ်ထားသည်။
“သတ်...”
ရုတ်တရက် ခုတ်ပိုင်းလိုက်သည်နှင့် ဓားတစ်လက်လုံး မီးတောက်များ ကျွမ်းလောင်လာပြီး ၃၀၀၀ ဒီဂရီ စင်တီဂရိတ်ကျော်သည့် အပူချိန်ကို ထုတ်လွှတ်၏။ ထိုအရာက သွေးဝိညာဉ်တပ်၏ သံချပ်ကာကို လွယ်ကူစွာ ဖြတ်တောက်ပြီး ခန္ဓာကိုယ်များကို ထက်ပိုင်းပြတ်စေ၏။
ကံကောင်းသည်က စစ်မြေပြင်တွင် ကြမ်းတမ်းလွန်းသည့် လူနှစ်ဦး ရှိနေသေး၏။ အရူးကြီးနှင့် ချောင်ယောင်းအာတို့ပင်။ အရှေ့ဘက်လောကတွင် အရူးကြီးက စစ်မြေပြင်၏ သူရဲကောင်းဖြစ်ပြီး ယခု စစ်မြေပြင်တွင်လည်း သူရဲကောင်း ဖြစ်နေဆဲပင်။
ဟီလာက တကယ့်ကို သန်မာ၏။ ဒိုဟာကလည်း ထိုနည်းလည်းကောင်းပင်။ သို့သော်ငြား စစ်မြေပြင်တွင် သူတို့က အရူးကြီးလောက် မသန်မာကြချေ။ အရူးကြီး လက်ထဲရှိ ရွှေရောင်တုတ်တံကြီးက ကီလိုဂရမ် ၁၀၀၀ အထိ ရှိ၏။ ဤရွှေရောင်တုတ်တံကြီးကို ဝှေ့ယမ်းပြီးနောက် ရန်သူ၏ကြားထဲသို့ တိုးဝင်ကာ တင့်ကားတစ်စီး ကဲ့သို့ အရာအားလုံးကို ကြိတ်ချေနေသည်။
သွေးဝိညာဉ်တပ်၏ သံချပ်ကာပင်လျှင် အရူးကြီး၏ ရွှေရောင်တုတ်တံကို ခံနိုင်ရည်မရှိချေ။ တိုက်ရိုက် ရိုက်ခွဲခံရပြီး အတွင်းမှ ဦးနှောက်များပင် ပေါက်ကွဲထွက်၏။ အရူးကြီးက သွေးလမ်းကြောင်း တစ်ခုကို ဖောက်ကာ တိုက်ခိုက်သွား၏။
ရုတ်တရက် ကျူးဟုန်ရွှဲ့၏ ရှေ့မှောက်သို့ ရောက်ရှိလေ၏။ သူက ရပ်တန့်ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လျစ်လျူရှူလိုက်၏။ သူ၏ မျက်လုံးထဲတွင် ကျူးဟုန်ရွှဲ့ တစ်ယောက်သာ ရှိတော့သည်။
ကျူးဟုန်ရွှဲ့က ဖြည်းညင်းစွာ ပြော၏။ “မင်းက သာမန်လူတွေ ပြောနေတဲ့ အနာဂတ်လောကရဲ့ နံပါတ်တစ် ဆိုတဲ့ကောင်လား။”
“ငါက အရူးကြီးပဲ။”
“တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ကျူးဟုန်ရွှဲ့။”
ပြီးနောက် အမြှောက်ကျည်ဆံ တစ်ခုကဲ့သို့ပင် အရူးကြီးက ကျူးဟုန်ရွှဲ့ထံသို့ ပြေးဝင်၏။ လက်ထဲက တုတ်ကြီးနှင့် ကျူးဟုန်ရွှဲ့၏ ခေါင်းကို ရိုက်ချသည်။
“ဘိုင်း...” ကျယ်လောင်သည့် အသံတစ်ချက်နှင့်အတူ မီးပွားများ လွင့်ပျံသွား၏။ အရူးကြီး၏ ခန္ဓာကိုယ်က မီတာ ဒါဇင်ပေါင်းများစွာ အဝေးသို့ လွင့်စင်၏။
ကျူးဟုန်ရွှဲ့က နေရာတွင် တည်ငြိမ်စွာဖြင့် မတ်တတ်ရပ်နေ၏။ ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “မင်းက သန်မာပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက လုံလောက်အောင် မသန်မာသေးဘူး။”
အရူးကြီးက ရုတ်တရက် မတ်တတ်ရပ်၏။ မိုးချိန်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်ကာဖြင့် ကျူးဟုန်ရွှဲ့ဆီသို့ ထပ်မံ ပြေးဝင်၏။ သူ၏အရှိန်က ပိုမိုကာ မြန်ဆန်၏။ မျက်စိတစ်မှိတ်အတွင်း အမြန်ရထားတစ်စင်းကဲ့သို့ပင် ရှေ့သို့ ရောက်၏။
“ဘိုင်း။”
နောက်ထပ် မိုးချိန်းသံကဲ့သို့သော ဟိန်းဟောက်သံနှင့်အတူ အရူးကြီး၏ ရွှေရောင်တုတ်တံက ကျူးဟုန်ရွှဲ့ထံ ထပ်မံကျရောက်သည်။
သို့သော်ငြား အရူးကြီး၏ ခန္ဓာကိုယ်က ထပ်မံလွင့်စင်သွားပြန်၏။ ဤတစ်ကြိမ်မှာတော့ ပို၍ ဝေးဝေးသို့ လွင့်စင်၏။
အရူးကြီးက ထပ်မံကာ မတ်တတ်ရပ်၏။ ကျူးဟုန်ရွှဲ့ထံသို့ ပြေးဝင်သွားပြန်၏။ သူက ထပ်မံလွင့်စင်သွားပြန်သည်။
သုံးကြိမ်... လေးကြိမ်... ငါးကြိမ်... ဆယ်ကြိမ်... အရူးကြီးက အကြိမ်ကြိမ် လွင့်စင်၏။ နောက်ဆုံး မြေပြင်ပေါ်သို့ ကျရောက်ချိန်မှာတော့ သွေးတစ်လုတ် အန်၏။ နံရိုးများစွာ ကျိုးသွား၏။
ကျူးဟုန်ရွှဲ့က မလှုပ်မယှက်နှင့် နေရာတွင် ရပ်နေဆဲပင်။
“မင်းက သန်မာတယ်။ ဒါပေမဲ့ လုံလောက်အောင် မသန်မာသေးဘူး။”
အရူးကြီးက အော်ဟစ်၏။ ထပ်မံပြေးဝင်သော်လည်း ရထားကြီးနှင့်တူသည့် သူ၏ ခန္ဓာကိုယ်အား နုနယ်သည့် လက်တစ်ဖက်က တားဆီးလိုက်၏။ ချောင်ယောင်းအာက အရူးကြီးကို ကြည့်ကာ ပြောလိုက်သည်။ “ငါပဲ လုပ်လိုက်မယ်။”
“ကောင်းပြီ။” အရူးကြီးက ခေါင်းညိတ်၏။ မြေကြီးပေါ် ထိုင်ချကာ အမောဖြေနေ၏။ သူက သွေးအနည်းငယ်ကို ထပ်ကာ အန်၏။
..............
ချောင်ယောင်းအာက ကျူးဟုန်ရွှဲ့ထံသို့ ဖြည်းညင်းစွာ လျှောက်သွား၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက သူမက ရှမ့်လန် တွေ့ဆုံခဲ့သမျှထဲတွင် အသန်မာဆုံးလူ မဟုတ်ခဲ့ချေ။ ထို့နောက် ဟယ်လင်နှင့် အမေဇုန် ဘုရင်မ ကဲ့သို့ သန်မာသူများကို ရှမ့်လန် တွေ့ဆုံခဲ့သည်။
သို့သော်ငြား ယခု ချောင်ယောင်းအာက သူ၏ဘေး၌ အသန်မာဆုံးလူ ဖြစ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ဤနှစ်များတွင် ချောင်ယောင်းအာ၏ တိုက်ခိုက်ရေး စွမ်းရည်က အံ့မခန်း တိုးတက်လာသောကြောင့်ပင်။
“နေကောင်းလား... “
“နေကောင်းရဲ့လား... ဒီနှစ်တွေအတွင်း အများကြီး ပိုပြီး သန်မာလာခဲ့တာပဲ။”
“အင်း... မင်းရောပဲ။”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက တိုက်ပွဲမှာ ကျွန်မ ရှုံးခဲ့တယ်။” ချောင်ယောင်းအာ ပြော၏။
ကျူးဟုန်ရွှဲ့က ပြောလိုက်သည်။ “အဲဒီတိုက်ပွဲက အဆုံးအဖြတ် မဟုတ်ပါဘူး။”
ချောင်ယောင်းအာက ပြောလိုက်၏။ “ရှုံးတာက ရှုံးတာပါပဲ။ ငြင်းစရာ အကြောင်းပြချက် မရှိပါဘူး။”
“ကောင်းပြီ။”
ချောင်ယောင်းအာက လက်ထဲရှိ ဓားကို ကြည့်၏။ ဤဓားက ငရဲမီးစိမ်ထားသည့် သံမဏိဓား ဖြစ်၏။ သူမက လွှင့်ပစ်လိုက်၏။ ဤလက်နက်က အရမ်းကို စွမ်းအားကြီးသောကြောင့် မတရားဟု ခံစားရ၏။ သူမ၏ ကိုယ်ပိုင် သူရဲကောင်းဓားကို ဆွဲထုတ်၏။
“နေအုံး။” ကျူးဟုန်ရွှဲ့က ပြော၏။ ပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဖျက်ဆီး၍ မရနိုင်သည့် သံချပ်ကာကို ချွတ်၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက မတရားသလို ခံစားရသောကြောင့်ပင်။
ဤအချိန်မှာတော့ သူက နှင်းကဲ့သို့ ဖြူဖွေးနေသည့် ဝတ်ရုံကို ဝတ်ဆင်ထားပြီး တကယ့်ကို တောင်တန်းတစ်ခုကဲ့သို့ အေးစက်၏။ သူ၏ အဝတ်အစားများက နှင်းထက်ပင် ပို၍ ဖြူဖွေး၏။ တချို့လူများ က သူ့ကို အချောဆုံးအမျိုးသားဟု ခေါ်ဆိုခြင်းက အကြောင်းမဲ့ မဟုတ်ချေ။
သူက လက်ထဲရှိ ဓားကို လွှင့်ပစ်ပြီး ထက်ရှသည့် ဓားတစ်လက်ကို ဖြည်းညင်းစွာ ဆွဲထုတ်၏။ လူတိုင်း၏ အကြည့်က ချောင်ယောင်းအာနှင့် ကျူးဟုန်ရွှဲ့တို့အပေါ် စုပြုံရောက်ရှိနေ၏။
ယခင်က လီချင်းချိုးက ရှမ့်လန်၏ ဘေးနားတွင် အသန်မာဆုံးလူ တစ်ယောက်ဖြစ်၏။ သို့သော်ငြား ယခုအချိန်မှာတော့ လီချင်းချိုးက သတ်ပြင်းချရုံသာ တတ်နိုင်၏။ လောကကြီးက ပြောင်းလဲသွားခဲ့လေပြီ။ သူ၏ခေတ်က ကုန်သွားခဲ့ပြီ။ သူတို့ မတိုက်ခိုက်ဖူးသော်လည်း သူက ကျူးဟုန်ရွှဲ့၏ ပြိုင်ဘက် မဟုတ်ကြောင်း သိ၏။ သူ ဖြစ်စေ၊ ရွှယ်ရင်ဖြစ်စေ၊ မင်းသမီးဒိုဟာဖြစ်စေ မည်သူမှ ကျူးဟုန်ရွှဲ့၏ ပြိုင်ဘက် မဟုတ်ချေ။
“ကဲ... ဖိတ်ခေါ်ပါတယ်။”
“စကြရအောင်။”
အပိုင်း (၉၇၆)
ချောင်ယောင်းအာနှင့် ကျူးဟုန်ရွှဲ့တို့က ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်၏။
“ဘုန်း... ဘုန်း... ဘုန်း...”
တကယ်ပဲ ဘာကိုမှ မမြင်နိုင်အောင်လောက် လျင်မြန်လှ၏။ မိုးချိန်းသံများ၊ ဟိန်းဟောက်သံများကိုသာ ကြားရပြီး လက်နက်ချင်း ထိတွေ့တိုင်း အမြှောက်ကြီးများ ပေါက်ကွဲသကဲ့သို့ ဖြစ်နေ၏။ မြေကြီးပေါ်တွင် ကြီးမားသည့် တွင်းကြီးတစ်ခု ပေါ်ပေါက်လာပြီး ဖုန်မှုန့်များက နေရာအနှံ့သို့ လွင့်ပျံသည်။
၃ စက္ကန့် ကြာပြီးနောက် မြေပြင်ပေါ်တွင် မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားပြီး မီတာ အနည်းငယ် နက်သည့် မြောင်းကြီးတစ်ခု ပေါ်လာ၏။ ထိုအရာကို သူတို့နှစ်ယောက် တိုက်ခိုက်ခြင်းက ဖြစ်ပေါ်လာခြင်းပင်။ ပြီးနောက် မြောင်းကိုပင် သေချာမမြင်ရတော့ချေ။
သူတို့နှစ်ဦးက အလွန်တရာ အားကောင်းလွန်းလှသောကြောင့် တစ်ယောက်နှင့် တစ်ယောက် မြေကြီးထဲသို့ မီတာ ဆယ်ဂဏန်းထိ ထိုးနှက်ဝင်ရောက် တိုက်ခိုက်လျက် ရှိနေ၏။ ဘာကိုမှ မမြင်ရတော့ဘဲ မြေကြီးထဲမှ မသဲမကွဲ ပေါက်ကွဲသံများသာ ဆက်တိုက် ထွက်ပေါ်နေ၏။
ပြီးနောက် “ဝုန်း…”
သူတို့၏ ရှေ့မှ မြေပြင်က ပြိုကျပြီး ကြီးမားသည့် တွင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
“ဘုန်း... ဘုန်း...”
ပုံရိပ်နှစ်ခုက ကောင်းကင်ယံသို့ မီတာ ၁၀ ဂဏန်းကျော်ထိ ပျံတက်လာခဲ့၏။ ပြီးနောက် သူတို့နှစ်ဦး၏ လက်နက်များက ပြင်းထန်စွာ ထိတွေ့ကြပြန်၏။ ထိတွေ့လိုက်တိုင်း တကယ်ပင် နားကွဲလုမတတ် ဖြစ်ပြီး လွင့်စင်လာခဲ့သည့် မီးပွားများက တစ်ပေနီးပါးခန့် ရှိ၏။
ထိတွေ့လိုက်တိုင်း သူတို့နှစ်ဦးက စွန်များကဲ့သို့ လွင့်စင်၏။ ထို့ကြောင့် သူတို့နှစ်ဦးက တိုက်ခိုက်ရင်း ပို၍ ဝေးကွာသွားခဲ့၏။ နောက်ဆုံး ကောင်းကင်ယံထက်၌ အမဲစက်ကြီး နှစ်စက် ဖြစ်သွားကြသည်။ ဤထိပ်တန်း ကျွမ်းကျင်သူ နှစ်ဦး၏ တိုက်ပွဲက သိုင်းကွက်တစ်ခုတည်းဖြင့် အဆုံးအဖြတ် ပေါ်လာလိမ့်မည်ဟု ရှမ့်လန်က ထင်ထားသော်လည်း ထိုသို့ ဖြစ်မလာခဲ့ချေ။
သူတို့နှစ်ဦးက အချိန်တော်ကြာ တိုက်ခိုက်ခဲ့ကြ၏။ ရှမ့်လန်က မေးချင်သောကြောင့် ဘေးလူများကို ဝေ့ဝဲကြည့်သည်။ ချောင်ယောင်းအာနှင့် ကျူးဟုန်ရွှဲ့တို့ ဘယ်ရောက်သွားသနည်း။
“မကြည့်နဲ့။ ကျွန်မလည်း မသိဘူး။”
ကျုံးရှစ်ရှစ်က ပြော၏။ “ရှမ့်လန်... ရှင် ချောင်ယောင်းအာနဲ့ အိပ်ခဲ့တာလား။”
ဤကဲ့သို့သော ခြေအနေမျိုးတွင် အဘယ်ကြောင့် ဤမေးခွန်းကို မေးရသနည်း။
“ရှင်က တကယ်ပဲ သူနဲ့ မတန်ဘူး။” ကျုံးရှစ်ရှစ်က ပြောလိုက်သည်။
“တန်မတန်တော့ မသိဘူး။ ဒါပေမဲ့ သူနဲ့အိပ်ခဲ့တာ တစ်ကြိမ်မဟုတ်ဘူး။ ၁၀ ကြိမ်မကဘူး။ အကြိမ် ၁၀၀ တောင် မကတော့ဘူး။”
ကျုံးရှစ်ရှစ်က သူမ၏ငန်းကဲ့သို့ လည်ပင်းကို ဆန့်ထုတ်လိုက်သော်လည်း ချောင်ယောင်းအာကို မမြင်ရသေးချေ။
“သူတို့ ပြန်လာပါ့မလား။” ကျုံးရှစ်ရှစ်က မေး၏။
ရှမ့်လန်က သူမကို လျစ်လျူရှုထားသည်။
“သူက... ကျွန်မရဲ့ စံပြပုဂ္ဂိုလ်ပဲ။ ကျွန်မ သူ့လို ဖြစ်ရမယ်လို့ ကျိန်ဆိုတယ်။” ကျုံးရှစ်ရှစ်က ပြောလိုက်၏။
မည်သူမှ သူမကို ဂရုမစိုက်ကြချေ။ ကျုံးရှစ်ရှစ်က အချိန်တော်ကြာ စောင့်ဆိုင်းပြီးနောက် ချောင်ယောင်းအာနှင့် ကျူးဟုန်ရွှဲ့ ပြန်မလာသေးသည်ကို တွေ့ရသောကြောင့် ရှမ့်လန်ဘက်သို့ လှည့်ကာ မေးသည်။
“ရှမ့်လန်... ကျွန်မကို အမှန်အတိုင်း ပြောစမ်းပါ။ ရှင်က အဖြူရောင်လား။ ကျွန်မရဲ့ စင်ကြယ်မှုကို ညစ်ညမ်းစေခဲ့တဲ့ အဖြူရောင်ဆိုတာ ရှင်လား။”
ကျုံးယောင်က စစ်မြင်းကိုစီးပြီး အရှေ့သို့ တိုး၏။ စကားတစ်ခွန်းမှ မပြောဘဲ ကျုံးရှစ်ရှစ်၏ မြင်းကြိုးကို ဆွဲလိုက်လေ၏။
“အရှင်... ခွင့်လွှတ်ပေးပါ။” ကျုံးယောင်က ပြော၏။
“ရပါတယ်... ကိစ္စမရှိပါဘူး။” ရှမ့်လန်က ပြောလိုက်သည်။
ကျုံးရှစ်ရှစ်က ဖခင်ဖြစ်သူဘက်သို့ လှည့်ကာ ပြောလိုက်၏။ “ဘာလို့လဲ... သူက သမီးရဲ့ စင်ကြယ်မှုကို ညစ်ညမ်းစေပြီးမှ ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ။ ကျွန်မတို့ ကျုံးမိသားစုက သူ့ကို သစ္စာစောင့်သိပေမဲ့ သူက အုပ်စိုးသူ တစ်ယောက်အနေနဲ့ အကျိုးအကြောင်း ဆီလျော်ရမယ်လေ။”
ကျုံးယောင်က တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “အရှင်... ကျေးဇူးပြုပြီး ကျုပ်ကို အပြစ်ပေးပါ။”
ရှမ့်လန်က ပြောလိုက်၏။ “ဘာမှ မဖြစ်ပါဘူး။ ရပါတယ်။”
မင်းသမီးဒိုဟာနှင့် ဟီလာတို့က ရှမ့်လန်ကို မကြည့်ဘဲ မနေနိုင်တော့ချေ။ ရှမ့်လန် ပြန်ကြည့်လိုက်မိသည်။ “ဘာကြည့်တာလဲ။ လူယုတ်မာကို တစ်ခါမှ မမြင်ဖူးဘူးလား။”
ခဏကြာမှ ရှမ့်လန်က မေး၏။ “သူတို့ ဘယ်မှာ တိုက်နေတာလဲ။ ဘယ်လောက်ကြာကြာ တိုက်နေမှာလဲ။”
မင်းသမီးဒိုဟာက ခေါင်းခါယမ်းလိုက်သည်။ “မသိဘူး။”
ပြီးနောက် သူမက ဟီလာကို ကြည့်ကာ ပြော၏။ “အရင်တုန်းက ချောင်ယောင်းအာကို အပြစ်လုပ် ခဲ့ဖူးသေးလား။”
ဟီလာက ခေါင်းကို ခါယမ်းလိုက်သည်။ “ရှင်တော့ မလုပ်ဖူးလောက်ပါဘူး။ ဒါပေမဲ့ ကျွန်မကတော့ သူ့အကြောင်း မကောင်းပြောဖူးတယ်။ ဒါပေမဲ့ ကိစ္စမရှိဘူး။ သူ ကျွန်မကို သတ်မှာ မဟုတ်ပါဘူး။ သူက ကျွန်မရဲ့ ယောင်းမပဲ။”
“သူတို့ ပြန်လာပြီ။” မင်းသမီးဒိုဟာက ပြော၏။
ထင်မှတ်ထားသည့်အတိုင်းပင် ချောင်ယောင်းအာနှင့် ကျူးဟုန်ရွှဲ့တို့ ပြန်ရောက်လာ၏။ နေဝင်ချိန်သို့ ရောက်နေပြီ ဖြစ်သောကြောင့် သူတို့နှစ်ဦးက ဆယ်မိုင်ကျော် အကွာတွင် ရှိနေ၏။ နေရောင်ခြည်က သူတို့နှစ်ဦးပေါ်သို့ ကျရောက်နေသည်။
ကျူးဟုန်ရွှဲ့က စစ်မြေပြင်ဆီသို့ ပြန်လှည့်ကြည့်၏။ သွေးဝိညာဉ်စစ်သည် ၂၀၀၀၀ လုံးက လုံးဝ မျိုးဖြုတ် ခံလိုက်ရပြီး သူတစ်ယောက်တည်းသာ ကျန်ရစ်တော့၏။ ပြိုင်ဘက်ကင်း သွေးဝိညာဉ်တပ်က လုံးဝ မျိုးဖြုတ် ခံလိုက်ရ၏။
သူ ဤတိုက်ပွဲ၌ ရှုံးနိမ့်ခဲ့၏။ စစ်တပ်ချင်း တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်သာမက သူနှင့် ချောင်ယောင်းအာတို့၏ တိုက်ပွဲတွင်လည်း ရှုံးနိမ့်ခဲ့သည်။
“ကျုပ်ရှုံးတယ်။”
ကျူးဟုန်ရွှဲ့က လက်ထဲမှ ဓားကို လွှတ်ချလိုက်၏။ မြေပြင်ပေါ်သို့ မကျမီမှာပင် ထိုဓားက အပိုင်းပိုင်း အစစ ကြေမွသွား၏။ “အင်း... ကျုပ်ကို သတ်လိုက်ပါ။”
ကျူးဟုန်ရွှဲ့က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။
ချောင်ယောင်းအာက ကျူးဟုန်ရွှဲ့ကို အချိန်တော်ကြာ စိုက်ကြည့်၏။ ပြီးနောက် ပြောလိုက်၏။ “ကျွန်မက ရှင့်ထက် နည်းနည်းလေးပဲ ပိုသာတာ။ ဒါပေမဲ့ ရှင်ထွက်ပြေးချင်တယ်ဆိုရင် ကျွန်မ ရှင့်ကို တားလို့မရဘူး။ ဒီနေရာမှာ ဘယ်သူမှလည်း ရှင့်ကို တားလို့မရနိုင်ဘူး။”
ကျူးဟုန်ရွှဲ့က ပြောသည်။ “နိုင်တဲ့လူက ရှင်မယ်။ ရှုံးတဲ့လူက သေရမယ်။ ဘာကိစ္စ ပြေးရမှာလဲ။”
ချောင်ယောင်းအာက ပြောလိုက်၏။ “ကျွန်မ မေးစရာ မေးခွန်းနည်းနည်း ရှိတယ်။ ကျွန်မ မေးချင်တာ မဟုတ်ဘူး။ ရှမ့်လန် ကိုယ်စား မေးတာ။”
ကျူးဟုန်ရွှဲ့က ပြောသည်။ “ကောင်းပြီလေ။”
ချောင်ယောင်းအာက မေးလိုက်၏။ “သွေးဝိညာဉ်တပ်ကို ဦးဆောင်ပြီး ရှင် လူ ဘယ်နှစ်ယောက်လောက် သတ်ခဲ့ပြီးပြီလဲ။”
ကျူးဟုန်ရွှဲ့က ပြောသည်။ “မသိဘူး။ များလွန်းလို့ ရေတောင် မရေတွက်နိုင်ဘူး။”
ချောင်ယောင်းအာက မေးလိုက်၏။ “ဘယ်လို ခံစားရလဲ။”
ကျူးဟုန်ရွှဲ့က ဖြေသည်။ “ဘာမှ မခံစားရဘူး။ ငယ်ငယ်တုန်းက ပုရွက်ဆိတ်တွေကို ရေနွေးပူနဲ့ လောင်းသတ်ရသလိုပဲ။ လုံးဝ ဘာမှမခံစားရဘူး။”
ချောင်ယောင်းအာက မေးပြန်၏။ “ရှင့်ကိုရှင် ကန့်သတ်ခံထားရတယ်လို့ ခံစားရလား။”
ကျူးဟုန်ရွှဲ့က ခေါင်းခါယမ်းလိုက်သည်။ “မခံစားရဘူး။ ချောင်ယောင်းအာ... ခင်ဗျားက ဒီလောက် စွမ်းအားကြီးတာ။ သာမန်လူသားတွေအပေါ် သံယောဇဉ် ရှိနေတုန်းပဲလား။ ဪ... ဟုတ်သားပဲ။ ခင်ဗျားမှာ ခံစားချက် ရှိနေတာပဲ။ မဟုတ်ရင် ခင်ဗျား လူတွေအများကြီးကို ကယ်ခဲ့မှာ မဟုတ်ဘူး။”
ချောင်ယောင်းအာက ပြော၏။ “ရှင့်ရဲ့ အပြစ်တွေက ကြီးမားလွန်းတယ်။ ကျွန်မ ရှင့်ကို သတ်လိုက်ရင်တောင် အဲဒီအပြစ်တွေကို ဖယ်ရှားပစ်လို့ ရမှာမဟုတ်ဘူး။”
ကျူးဟုန်ရွှဲ့က ပြောသည်။ “အမှန်ပဲ”
ချောင်ယောင်းအာက မေးလိုက်၏။ “ရှမ့်လန်ကို ရှင်ဘယ်လိုမြင်လဲ။”
ကျူးဟုန်ရွှဲ့က ခဏမျှ စဉ်းစား၏။ ပြီးနောက် ဖြေလိုက်၏။ “အရင်တုန်းကတော့ မစဉ်းစားခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ပြန်စဉ်းစားရတော့မယ်။”
ချောင်ယောင်းအာက မေးသည်။ “ရင်ဝူမင်ကိုရော... ရှင်ဘယ်လိုမြင်လဲ။”
ကျူးဟုန်ရွှဲ့က ပြော၏။ “သူက ဂုဏ်သိက္ခာဆိုတာ နည်းနည်းမှ မရှိတဲ့ အရှက်တရားကင်းမဲ့တဲ့ ကောင်ပဲ။”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ရှင်ဘာလို့ ဒီလောက် သန်မာနေရတာလဲ ဆိုတာကို တွေးဖူးလား။”
ကျူးဟုန်ရွှဲ့က ပြော၏။ “ကောင်းကင်ပင်လယ် နန်းဆောင်ကြောင့်ပေါ့။”
ချောင်ယောင်းအာက ပြောလိုက်သည်။ “ဒါဆိုရင် မင်းသမီးနင်ဟန်ကရော ဘာလို့ ဒီလောက် သန်မာ နေရတာလဲ။ ကျွန်မ ရှင့်ကို တစ်ခုပြောပြမယ်။ နင်ဟန် မမွေးခင်တုန်းက နင်ယွမ်ရှန်းက နင်ဟန်ကို အရှင်မင်းကြီး ကျန်းလီဆီကို ခေါ်သွားတယ်။ ရှမ့်လန်နဲ့ စေ့စပ်ပေးခဲ့ဖူးတယ်။ အရှင်မင်းကြီးကျန်းလီက ဒီမိန်းကလေး မဆိုးဘူး။ သူ့ရဲ့ ချွေးမ ဖြစ်လာနိုင်တယ်လို့ ပြောပြီး နင်ဟန်ကို တန်ဖိုးထားတဲ့ အရာတစ်ခု ပေးခဲ့တယ်။
ပြီးတော့ ရင်ဝူမင် ရှိသေးတယ်။ စေတီတောင်ရဲ့ မျက်နှာသာပေးမှုကိုရဖို့ သူက ဘာအရည်အချင်း ရှိလို့လဲ။ သူက ချန်နိုင်ငံသစ်ရဲ့ အိမ်ရှေ့စံ ဖြစ်နေလို့လား။ သူက အရှင်မင်းကြီးကျန်းလီရဲ့ မွေးစားသား ဖြစ်နေလို့ အရှင်မင်းကြီးကျန်းလီရဲ့ မျက်နှာသာပေးမှုကို ရရှိထားလို့ပဲ။ နောက်ထပ် ကျွန်မ ရှင့်ကို မေးချင်တာက ရှင် ဘာလို့ ဒီလောက် သန်မာနေရတာလဲ။”
ကျူးဟုန်ရွှဲ့၏ မျက်နှာပေါ်ရှိ ကြွက်သားများက လှုပ်ခါသွား၏။
ချောင်ယောင်းအာက ဆက်ပြောသည်။ “ကျွန်မကရော ဘာလို့ ဒီလောက် သန်မာနေရတာလဲ။ အရူးကြီးကရော ဘာလို့ ဒီလောက် သန်မာနေရတာလဲ။ ရှင်ရော ဘာကိစ္စ ဒီလောက် သန်မာနေရတာလဲ။”
ကျူးဟုန်ရွှဲ့၏ မျက်ဝန်းများက စတင်ကာ တုန်ခါလာ၏။ သူက ဤမေးခွန်းကို နက်နက်နဲနဲ တွေးတောရန် ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ဖူးချေ။
ချောင်ယောင်းအာက ပြော၏။ “နင်ဟန်က ရွှဲ့ပြည်နယ်ရဲ့ မင်းသမီး တစ်ပါးသာသာပဲ။ အပေါ်ယံက ကြည့်မယ် ဆိုရင် ရှင်က ကျူးကျွင်းရဲ့ သားပဲ။ ကျိုးရှီရဲ့ တပည့် ဖြစ်လာဖို့ ရှင့်မှာ ဘာအခွင့်အရေး ရှိလဲ။ စေတီတောင်ရဲ့ သခင်လေးဖြစ်လာဖို့ ရင်ဝူမင်မှာ ဘာအခွင့်အရေးရှိလဲ။”
ကျူးဟုန်ရွှဲ့က မျက်ခွံများ စတင်ကာ တုန်ခါလာ၏။ သူ့ရဲ့ အသက်ရှူနှုန်းများကပင် ပိုမြန်လာသည်။
ချောင်ယောင်းအာက ပြောလိုက်၏။ “ရင်ဝူမင်က ဒီအရာတွေ အားလုံးကို ကောင်းကောင်း သိထားတယ်။ နင်ဟန်ကလည်း သူ့ရဲ့ မှတ်ဉာဏ်တွေကို ပြန်ရနေတာ ကြာပြီ။ သူတို့ နှစ်ယောက်လုံးမှာ ဂုဏ်သိက္ခာဆိုတာ လုံးဝ မရှိကြလို့သာ။
ကျွန်မ ရှင့်ကို မေးချင်တယ်။ ရှင်ကရော ဒီအကြောင်းတွေကို လုံးဝ မသိတာလား။ ကျန်းလီ ပြိုလဲသွားရင် တစ်လောကလုံး ဗိုက်ဝမယ်တဲ့။ ဒီစကားက လက်တွေ့မှာ အမှန်တရား ဖြစ်လုနီးပါးပဲ။ ဒါဆို ကျွန်မ ရှင့်ကို မေးချင်တယ်။ ရှင့်မှာ ဂုဏ်သိက္ခာဆိုတာ ရှိလား။”
ကျူးဟုန်ရွှဲ့ဆီမှာ ဂုဏ်သိက္ခာ ရှိသည်မှာ သေချာသည်။ သို့မဟုတ်ပါက သူက လွန်ခဲ့သည့် ကာလကြာတည်းက ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပေလောက်ပြီ။
ချောင်ယောင်းအာက ဆက်ပြောသည်။ “အရင်တုန်းက ကျူကလန်က ကျန်းလီရဲ့ အထူးသွေးမျိုးဆက်ဖြစ်တဲ့ ကျိုးရိချမ်ကို မွေးစားခဲ့တယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဒါက နာကျည်းမှုပဲ။ နောက်ဆုံးတော့ ကျိုးကလန်က မျိုးဖြုတ်သတ်ဖြတ်ခံရတယ်။
အဆုံးကျတော့ ကောင်းကင်ပင်လယ်နန်းဆောင်က ထွက်လာခဲ့ပြီး စကားနည်းနည်း ပြောလိုက်တာနဲ့ ကျိုးကလန်ရဲ့ အပြစ်တွေအားလုံးက ပျောက်ကွယ်သွားတယ်။ ပြီးတော့ လောကကြီးမှာရှိတဲ့ ကလန်အများစု က အရှင်ကျန်းလီရဲ့ အထူးသွေးမျိုးဆက်တွေကို အသုံးပြုခွင့် ရခဲ့တယ်။
ရှမ့်လန်ရဲ့ ဝိသေသေ ပေါ်ပေါက်လာတဲ့အချိန်ကျ တော်ဝင်ရန်အင်ပါယာက အရှင်ကျန်းလီရဲ့ အထူး သွေးမျိုးဆက်ကို ထပ်ပြီး ပိတ်ပင်လိုက်ပြန်တယ်။”
ကျူးဟုန်ရွှဲ့က လက်ဝါးနှစ်ဖက်ကို ဖြန့်ရင်း သူ၏လက်ကို ပြန်ကြည့်လေသည်။ သူက သွေးမည်မျှ ပေကျံနေသည်ကို ကြည့်ခြင်းမဟုတ်ဘဲ သူ၏ကိုယ်ပိုင် သွေးမျိုးဆက်ကို ကြည့်နေခြင်း ဖြစ်သည်။
ချောင်ယောင်းအာက ပြောလိုက်၏။ “ရှင့်ရဲ့ အပြစ်တွေက ကြီးမားလွန်းတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်ရုံနဲ့ မဖြစ်နိုင်ဘူး။ ပြန်သွားပြီးတော့ ကျွန်မရဲ့ စကားလေးကို စဉ်းစားကြည့်ပါ။ ရှင့်ရဲ့ဇာစ်မြစ်က ဘာလဲဆိုတာ စဉ်းစား။ ရှင့်ရဲ့ အရင်းအမြစ်ကို ရှာဖွေပါ။ ရှင်က ကျူးကလန်ရဲ့ တကယ်သွေးရင်းသားရင်း မဟုတ်ဘူး။ ကျူးကျွင်းက ရှင့်လို စွမ်းအားကြီးမားတဲ့ သားတစ်ယောက်ကို ဘယ်လိုလုပ် မွေးဖွားပေးနိုင်မှာလဲ။ တကယ်တော့ ရှင် ဒီအရာအားလုံးကို နားလည်သွားပြီဆိုရင် ရှင့်ရဲ့ ပြစ်မှုတွေကို ဘယ်လိုဖယ်ရှား ရမလဲဆိုတာ စဉ်းစားပါ။
ရှမ့်လန်က အရင်တုန်းက ရှင့်ကို သင်းကွပ်ပစ်မယ်။ ပြီးတော့ ရှင့်ရဲ့ သွေးကြောတွေကို ဖျက်ဆီးမယ်။ ရှင့်ရဲ့ ဦးနှောက်ကို ဖျက်ဆီးပြီး ဝက်တစ်ကောင်လို နေ့တိုင်း မွေးထားချင်ခဲ့တယ်။ ဒါပေမဲ့ ရှင့်ရဲ့ အပြစ်တွေက ကြီးမားလွန်းသလို ရှင့်မှာ ဂုဏ်သိက္ခာတွေလည်း ရှိနေသေးတယ်။ ဒါကြောင့် နှုတ်ဆက်ပါတယ်။”
ထိုသို့ပြောပြီးနောက် ချောင်ယောင်းအာက ရှမ့်လန်ထံသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
ကျူးဟုန်ရွှဲ့က သွေးဝိညာဉ်စစ်သည်များ၏ အလောင်းကိုကြည့်၏။ ရှမ့်လန်ကို ကြည့်သည်။ ပြီးနောက် သူက လက်ချောင်းဖြင့် မိမိ၏သွေးကြောကို အနည်းငယ် ဖြတ်တောက်လိုက်သည်။ စီးကျလာသည့် သွေးများကို ငူငူငိုင်ငိုင်နှင့် စိုက်ကြည့်နေ၏။
ပြီးနောက် သူက တောင်ဘက်သို့ ဦးတည် လျှောက်လှမ်းသွားသည်။ လီပေါင်းဆယ်ဂဏန်းခန့် လျှောက်ပြီးသည့်အချိန်မှာတော့ ရုတ်တရက် ကောင်းကင်ထက်မှ အော်မြည်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသည့် လင်းယုန်ကြီးတစ်ကောင် ဆင်းသက်လာသည်။
“ရှုံးသွားပြီလား။”
ကျူးဟုန်ရွှဲ့က ခေါင်းညိတ်၏။
“သိပြီ။ သွားကြစို့။” လင်းယုန်ပေါ်မှ လူက လက်ဝှေ့ယမ်းသည်။
ကျူးဟုန်ရွှဲ့က လင်းယုန်၏ကျောပေါ်သို့ တက်သည်။ ဧရာမလင်းယုန်ကြီးက အတောင်ပံကို ဖြန့်ကားကာ တောင်ဘက်သို့ ပျံသန်းသွားလေတော့၏။
................