ရှေးဟောင်းနယ်ပယ်တံခါးကို ဖွင့်ခြင်း
Vol. 92 Ch. 1274
“အက်ရှလွန်ကျင့်ကြံသူဖြစ်သည်နှင့်အားလျော်စွာ ... အသက်နှစ်သက် ချီးမြှင့်ခံရမည်”
ရှေးဟောင်းနယ်ပယ်တံခါး၏အပြင်တွင် ၊ ဧရာမလက်ချောင်းကြီး ပြန်ဆုတ်သွားပြီးနောက် .... ပြန့်ကြဲနေခဲ့သော အသားစများ သွေးအကျိအချွဲများသည် ရုတ်တရက် အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ပြန်လည်စုစည်းလာ၏။
၎င်းတို့ကား.... မန်ဟိုပြန်ဖြစ်လာလေပြီ။
သူ့ဝိညာဉ်သည် ယခုလေးတင် ပျက်စီးသွားခဲ့သော်လည်း ပြန်လည်အသက်ဝင်လာခဲ့၏။ မန်ဟို့မျက်လုံးများက ပွင့်လာပြီး ၎င်းတို့အထဲတွင် အချိန်စီးကြောင်း၏ အရိပ်အယောင်များအား မြင်ရနိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားခဲ့သော နေရာမှာ အချိန်စီးဆင်းမှု ကွဲပြားသော ရှေးဟောင်းနယ်ပယ်တံခါး၏အပြင်နားတွင် ဖြစ်ခဲ့၍ပင်။ ထိုအကြောင်းကြောင့် အသက်ပြန်သွင်းခံလိုက်ရသော မန်ဟို၏ခန္ဓာကိုယ်၌ အချိန်စီးကြောင်း၏အနှစ်သာရ ပါရှိလာလေသည်။
၎င်းသည် အနှစ်သာရတော့ မဟုတ်။ မျိုးစေ့တစ်စေ့.... အချိန်အနှစ်သာရ၏ မျိုးစေ့တစ်စေ့နှင့် ပိုတူသည်။
ရှေးခေတ်မှ ယနေ့ထိတိုင်အောင် အာကာသအနှစ်သာရနှင့် အချိန်အနှစ်သာရသည် ရှင်ခြင်းသေခြင်းအနှစ်သာရနည်းတူ ရရှိဖို့ လွန်စွာ ခဲယဉ်း၏။ ရယူနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ အင်မတန်မှ ကြုံရခဲသော ကံကြမ္မာကောင်းမှတစ်ဆင့်သာ ဖြစ်လိမ့်မည်။
ဤအခိုက်အတန့်တွင် မန်ဟိုကား အင်မတန်ကံထူးစွာဖြင့် ကြက်ကန်းဆန်အိုးတိုး၍ ... ခန္ဓာကိုယ်ထဲ၌ အချိန်အနှစ်သာရ၏မျိုးစေ့ကို ပိုင်ဆိုင်သွားလေပြီ။
သူ့မျက်လုံးများ ပွင့်လာသော အခိုက်အတန့်တွင် သူသည် အမှန်တရားကို သိလိုက်၏။ ပါရာဂွန်ပင်လယ်အိပ်မက်မှ သူ့ကို ပေးခဲ့သော အသက်နှစ်သက်ကြောင့် သူ၏ဝိညာဉ်မှာ မပျက်စီးသွားခြင်းမဟုတ်ဘဲ .... သူ့အပေါ်၌ ခတ်နှိပ်၍ သူ့ဝိညာဉ်ကို သုံးပိုင်းခွဲပေးခဲ့သော စည်းတံဆိပ်တစ်ခုကြောင့် မပျက်စီးခြင်းဖြစ်သည်။ ထိုအပိုင်းသုံးပိုင်းအနက် တစ်ပိုင်းစီသည် သူ၏ကျင့်ကြံအဆင့်နှင့် ပြိုင်တူ တိုးတက်လာ၏။ ထို့ကြောင့် သူသည် တကယ်မသေသွားခင် နှစ်ကြိမ် သေနိုင်လာခြင်း ဖြစ်ပေသည်။
ယင်းက သူ၏ဝိညာဉ်အပေါ်တွင်သာမဟုတ်ဘဲ သူ့အသွေးအသားအပေါ်တွင်လည်း သက်ရောက်သည်။ မန်ဟို နားပင်နားမလည်နိုင်သော မှော်အတတ်တစ်မျိုး၊ ထူးခြားသောသဘာဝနိယာမတစ်မျိုးဟု ဆိုနိုင်ရာသည်။ ၎င်းကား ... ပါရာဂွန်တစ်ဦး၏ တန်ခိုးပင်။
မန်ဟို့မျက်လုံးများ ပွင့်လာသောအခိုက်အတန့်တွင် မှေးမှိန်ပြိုကွဲနေခဲ့သော ရှေးဟောင်းနယ်ပယ်တံခါးသည် ရုတ်တရက် တဖျပ်ဖျပ်လက်လာပြီး ပြန်စုစည်းလာ၏။ ပျောက်ကွယ်နေသော တိမ်များလည်း တဖွေးဖွေးလှုပ်လာပြီး ဆုတ်ခွာနေသော အရိပ်များက မယုံကြည်နိုင်စွာ ဟိန်းဟောက်လိုက်ကြသည်။
မရေမတွက်နိုင်သော မျက်နှာမဲ့လူများသည် တဟုန်ထိုး ချီတက်လာကြပြီး လက်ချောင်းကြီးက ဒေါသတကြီးဟိန်းဟောက်သံကြီးနှင့်အတူ မန်ဟို့ထံ ထပ်မံထိုးဝင်လာသည်။
သို့သော် မန်ဟိုက တစ်ခါသေထားပြီးပြီဖြစ်ရာ ဒုတိယအကြိမ် အသေခံမည်လော။ ပြန်လည်အသက်သွင်းခံရပြီးနောက် သူ့မျက်နှာထားက တင်းမာအေးစက်နေသည်။ ယခုလေးတင် သူ ကြုံတွေ့ခဲ့ရသော သေခြင်းတရားမှာ သူ ထပ်မံမခံစားချင်သော အရာဖြစ်၏။ မျက်နှာမဲ့လူများနှင့် ဧရာမလက်ချောင်းကြီး သူ့ဆီ ချဉ်းကပ်လာကြသည့်အချိန်မှာပင် သူ့နှုတ်ခမ်းက မထီမဲ့မြင်အပြုံးကို ဖော်ဆောင်လိုက်သည်။
သူသည် သူ့ဝိညာဉ်နှင့် အပြင်အားကိုယ်ကိုသာ ပြန်လည်ကုစားနိုင်ခဲ့ခြင်းမဟုတ်.... သူ၏ကျင့်ကြံခြင်းအခြေခံလည်း ပါဝင်၏။
သူ့ညာလက်က မြောက်တက်သွားပြီးနောက် ရှေးဟောင်းနယ်ပယ်တံခါးအား ပြင်းပြင်းထန်ထန် ထုချလိုက်သည်။ ထိုလက်သီးချက်တွင် လောကပါလတာအိုအင်မော်တယ်တစ်ဦး၏ ကျင့်ကြံခြင်းအခြေခံ၊ သူ၏သန်မာသော အပြင်အားကိုယ်၊ ပါရာဂွန်တံတားနှင့် သူ၏နတ်ဘုရားစွမ်းရည်အလုံးစုံမှ ပေါင်းစည်းစွမ်းအားတို့ ပါရှိသည်။ ထိုစွမ်းအားများ သူ့လက်ဝါးထက်တွင် စုစည်းလာသည့်အခါ သူသည် ရှေးဟောင်းနယ်ပယ်တံခါးအား တတိယအကြိမ် ထုနှက်လိုက်၏။
ဒုန်း
သူ့လက်နှင့် ထိသွားလျှင် တံခါးက ဒုန်းခနဲ မြည်ပြီး ဟလာသည်။
တံခါးဟနေစဉ် စူးရှသောအလင်းရောင်နှင့်အတူ ရှေးခေတ်မှ လာပုံရသော တီးတိုးစကားသံပြောသံများက မန်ဟို့နားထဲ ဝင်ရောက်လာပြီး ပတ်ဝန်းကျင်တွင်လည်း ပဲ့တင်ရိုက်ခတ်ရင်း ထွက်လာသည်။
မျက်နှာမဲ့လူများက အလင်းရောင်၏ လွှမ်းခြုံခြင်းခံလိုက်ရပြီး ဆက်မတိုးနိုင်အောင် အတားခံလိုက်ရသဖြင့် ခံပြင်းပြင်း အော်နေကြလေသည်။ သူတို့သည် ရှေးဟောင်းနယ်ပယ်တံခါး ပွင့်လာသည်ကို စိုက်ကြည့်နေစဉ် အရည်ပျော်လာကြ၏။
ထိုအခိုက်အတန့်တွင် ရှေ့တက်တိုးလာသည်နှင့်အမျှ အလင်းရောင်ကြောင့် အရည်ပျော်နေ၍ စုတ်ပြတ်လာသည့်တိုင် လက်ချောင်းက ဖျက်စီးခြင်းစွမ်းအားနှင့်အတူ မန်ဟို့ထံ ဆက်လက်ပြေးဝင်လာသည်။ သို့သော် ၎င်း သူ့ကို မထိနိုင်ခင် မန်ဟိုသည် အေးစက်စက် နှာမှုတ်ပြီးနောက် တံခါးကြားထဲ လှမ်းလိုက်၏။
၎င်းက ခြေလှမ်းလေးတစ်လှမ်းသာ ဖြစ်ပေသည်။
သို့သော် မိုးနှင့်မြေပမာ ကွာခြား၏။ သူ ရှေးဟောင်းနယ်ပယ်တံခါးထဲ ရောက်သွားသည်နှင့် လက်ချောင်းက ရွေ့လျားလာနေသည်ကို ရပ်လိုက်သည်။ ၎င်းက မန်ဟို့အရှေ့ တစ်လက်မပင် မကွာသည့်နေရာလေး၌ ပျံဝဲနေလေသည်။
သို့သော် ထိုတစ်လက်မလေးသည် ကောင်းကင်နှင့်မြေကြီးလို ကွာခြား၍ ဖြတ်ကျော်နိုင်ဖို့ မဖြစ်နိုင်ပေ။
“ငါ့ကို သတ်ဖို့ ကြိုးစားတဲ့အတွက် တန်ရာတန်ကြေး မင်း ပေးရအောင် ငါ လုပ်မယ်” မန်ဟိုက အေးအေးဆေးဆေး ပြောသည်။ “ငါက အခုတော့ မင်းအတွက် ပြိုင်ဘက်မဟုတ်လောက်သေးပေမယ့် တစ်နေ့ကျ ပြိုင်ဘက် ဖြစ်လာလိမ့်မယ်။ ငါ မင်းကို တိမ်တွေထဲကနေ ဆွဲထုတ်ပြီး အသေဆိုးနဲ့သေရအောင် လုပ်ပေးမယ်” သူ၏အသံသည် တည်ငြိမ်အေးဆေးနေသည့်တိုင် သွေးအေးရက်စက်မှုအား ဖုံးကွယ်၍မရပေ။
“ရှေးဟောင်းနယ်ပယ်တံခါး ပွင့်စမ်း” သူက အင်္ကျီလက်စကို ခါရင်း ပြောသည်။ ရှေးဟောင်းနယ်ပယ်တံခါးထံမှ အဆုံးမဲ့အလင်းရောင်တို့ စတင်ဖြာထွက်လာသည်။ အလင်းတန်းများက တိမ်တိုက်များကို ဖြိုခွဲရင်း လွှဲရမ်းနေသော ဓားထက်ထက်များနှင့် တူလေသည်။ တိမ်တိုက်များအထဲ ထွက်ပြေးသွားခဲ့သည့် မျက်နှာမဲ့လူများမှာ တိမ်တိုက်များနှင့်အတူ ပျောက်ကွယ်သွားတတ်သော်လည်း ဓားအလင်းဖြင့် ထိုးစိုက်ခံလိုက်ရသည့်အခါ ခန္ဓာနှင့်စိတ်ဝိညာဉ်ပါ သေဆုံးကုန်ကြသည့်အလား အသံနက်ကြီးများဖြင့် အော်ကြလေသည်။ သူတို့အားလုံး ပြာကျသွားရန် သိပ်မကြာလိုက်ပေ။
ဧရာမလက်ချောင်းကြီးက တဆတ်ဆတ် တုန်နေပြီး တိမ်တိုက်များထံမှ အလျှော့မပေးလိုသောအော်သံကြီး ထွက်လာသည်။ ထို့နောက် လက်ချောင်းသည် နောက်ဆုတ်သွားရင်း တိမ်များအတွင်း၌ ပျောက်ကွယ်သွား၏။ ထိုအခိုက်အတန့်တွင် မန်ဟိုက မျက်လုံးများ အေးစက်စွာ တောက်ပနေလျက်... တံခါး၏အပြင် ထွက်လာသည်။
ဖြစ်ပျက်နေသောအရာကို စောင့်ကြည့်နေသူများသာ ရှိလျှင် ကိုယ့်မျက်စိကိုယ် မယုံနိုင်ဖြစ်ပြီး သူ၏အပြုအမူအား ရဲတင်းလွန်းသည်ဟု မြင်ကြလိမ့်မည်။ တခြားသူတစ်ယောက်သာ သူ့နေရာတွင်ဆိုလျှင် တံခါးထဲ ဆက်လျှောက်သွားပြီး ရှေးဟောင်းနယ်ပယ်သို့ တက်ရောက်ကြလိမ့်မည်။
သို့သော် မန်ဟိုကား တံခါးတစ်ချပ်လုံးကို ဖွင့်ရန် ရည်ရွယ်ထားသယောင်ပင်။ ဧရာမလက်ချောင်းကြီး၏ပိုင်ရှင်ပင် ဤကဲ့သို့လူတစ်ယောက်ကို ကြုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မန်ဟိုသည် အမှတ်သည်းခြေကြီးသော လူစားမျိုးဖြစ်၏။ သူသည် လူများကို ရန်သွားမစတတ်သော်လည်း သူ့ကို ရန်လာစလျှင် အလွယ်တကူ အလွှတ်မပေးတတ်ပေ။ အထူးသဖြင့် ဤလူက သူ့အသက်တစ်ချောင်းကို ယူသွားခဲ့သည်ကို ထည့်တွက်လျှင်ပင်။ မန်ဟို့အတွက် သူတို့နှစ်ယောက်အကြား၌ တစ်မိုးအောက်တည်း၌ အတူမနေနိုင်လောက်အောင် ကြီးမားသောရန်ကြွေး ရှိလာခဲ့ပြီဖြစ်သည်။
သူ တံခါးအပြင်သို့ ထွက်လိုက်သည်နှင့် ကြေးမုံသည် စစ်လက်နက်အဖြစ် လျင်မြန်စွာ ပြောင်းလဲရင်း ပေါ်လာ၏။ ဤသည်မှာ သူ၏မှော်ပစ္စည်းများအထဲ အစွမ်းအထက်ဆုံးလက်နက် ဖြစ်ပေသည်။ သူ၏လောကပါလတာအိုအင်မော်တယ် ကျင့်ကြံခြင်းအခြေခံက စွမ်းအားအပြည့်ဖြင့် တဝုန်းဝုန်း လှုပ်ရှားနေသည်။
သူ၏အပြင်အားကိုယ်ရှိ ကြွက်သားမျှင်တစ်မျှင်တိုင်း၊ သွေးစက်တစ်စက်တိုင်းသည် ကြောက်ခမန်းလိလိ ခွန်အားကို ထုတ်လွှတ်နေ၏။
သူ့ကိုယ်ထဲရှိ ပါရာဂွန်တံတားက သူ့အား မိုးနှင့်မြေနှင့်ဆက်သွယ်ပေးထားပြီး အပြင်၌လည်း တံတား၏ပုံရိပ်သည် ကြယ်တာရာကောင်းကင်ကို မှေးမှိန်တုန်ခါ၍ မီးတောက်မီးလျှံများဖြင့် ပြည့်နှက်နေစေလျက် ပေါ်လာခဲ့လေပြီ။ ထို့နောက် မန်ဟို၏ခြေထောက်များက ထူးဆန်းသောခြေလှမ်းခြေကွက်အတိုင်း လှုပ်ရှားလာ၏။ သူကား အချိန်ကိုဖြတ်လျှောက်ရင်း ဆုတ်ခွာနေသော လက်ချောင်းဆီ ဦးတည်ပြီးနောက် သူ၏စစ်လက်နက်ဖြင့် ပိုင်းချလိုက်သည်။
ဘုန်းးးးးးးးးးးးးးးးးး
မန်ဟိုသည် ကြယ်တာရာကောင်းကင်ကို တုန်ခါနေစေသော စွမ်းအားတန်ခိုးတို့ဖြင့် နတ်စစ်သည်တော်ကြီးတစ်ပါးအလားပင်။ တိမ်တိုက်များ ပျောက်ကွယ်နေခြင်းကြောင့် မန်ဟို၏လက်ရှိအသွင်အပြင်ကား အောက်ရှိ မှန်သားပြင်ကြီးပေါ်တွင် ပေါ်လာရာ မန်မျိုးနွယ်ကျင့်ကြံသူအားလုံး မြင်လိုက်ကြရ၏။ သူတို့မှာ မန်ဟိုနှင့် သူ့အနောက်ရှိ ခမ်းနားထည်ဝါသော ရှေးဟောင်းတံခါးတော်မြတ်ကိုပါ မြင်လိုက်ရသဖြင့် စိတ်နှလုံးတုန်လှုပ်သွားတော့သည်။
အကာအကွယ်၏အပြင်ရှိ တခြားဂိုဏ်းများမှ ကျူးကျော်ကျင့်ကြံသူများလည်း မြင်လိုက်ရ၍ မျက်လုံးပြူးကုန်ကြသည်။
သူတို့၏အမြင်တွင် ရှေးဟောင်းတံခါးမှ ဖြာထွက်နေသော အလင်းရောင်က မန်ဟို့အရိပ်ကို ခြုံထည်ပမာ လွှားနေ၏။ သူ၏စစ်လက်နက် မြောက်တက်သွားပြီး ဧရာမလက်ချောင်းကြီးအား ရက်ရက်စက်စက် ပိုင်းချလိုက်သည်ကို လူတိုင်းလူတိုင်း မြင်လိုက်ကြရသည်။
မယုံနိုင်လောက်အောင် ကြီးမားသောစွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာသဖြင့် အလင်းတန်းများသည် အရာအားလုံးအား ပြင်းပြင်းထန်ထန် တုန်ခါနေစေရင်း ကြယ်တာရာကောင်းကင်တစ်လျှောက် လင်းလက်ဖြာထွက်သွား၏။ ထို့နောက် လက်ချောင်းမှာ .... ဆုတ်ခွာနေသော်လည်း အလင်း၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသေးလေသည်။
“ပြတ်စမ်း” မန်ဟိုက ဟစ်ကြွေးသည်။ လက်ချောင်း၏ထိပ်ဖျားမှာ ဝုန်းခနဲ ပြတ်ကျသွားတော့သည်။
ပြတ်ထွက်လာသော အစိတ်အပိုင်းသည် သုံးမီတာခန့်သာ ရှည်၏။ ဧရာမလက်ချောင်းကြီးနှင့် ယှဉ်လျှင် မပြောပလောက်ပေ။ သို့သော် ၎င်းက လက်ချောင်းတစ်ချောင်းလုံး၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသေး၏။ အဖြတ်ခံလိုက်ရသောနေရာမှာ အပြာရောင်သွေးများ စီးကျလာသည်။ ကြောက်မက်ဖွယ် အမျက်ဒေါသနျင့် ပြင်းထန်သောနာကျင်မှုတို့ ပြည့်နေသည့် စူးစူးဝါးဝါး အော်သံအကျယ်ကြီးအား ပျောက်ကွယ်နေသော တိမ်တိုက်များအတွင်းမှ ကြားလိုက်ရ၏။ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိလာခဲ့သော ထိုဖြစ်တည်မှုအတွက် ဤသည်မှာ .... ပထမဆုံးအကြိမ် ဒဏ်ရာရခြင်းဖြစ်လေသည်။
သူသည် နှစ်ပေါင်းများစွာ တိမ်တိုက်ထဲ၌ နေထိုင်ခဲ့ပြီး ရှေးဟောင်းနယ်ပယ်သို့ တက်လှမ်းဖို့ ကြိုးစားခဲ့သော လောကပါလတာအိုအင်မော်တယ်များကို နှိပ်စက်ခဲ့၏။ နောက်ဆုံးတော့ ယနေ့ သူ ဒဏ်ရာရခဲ့လေပြီ။
“မင်းတော့ သေပြီသာမှတ်” ရှေးဆန်ဆန်အသံတစ်သံက ကြိမ်းဝါးသည်။ "အခုကစပြီး ငါ မင်းကို ကျိန်တယ်..... မင်း ရှေးဟောင်းနယ်ပယ်မီးအိမ်တွေကို ငြှိမ်းရမယ့် အချိန်ကျရင် ငါ ပြန်လာပြီး မင်းကို သတ်မယ်” ထို့နောက် လက်ချောင်းနှင့် တိမ်များသည် အစအနမကျန် ပျောက်ကွယ်သွားတော့၏။
ရှေးဟောင်းနယ်ပယ်တံခါးသာ မျက်စိကျိန်းစဖွယ်အလင်းရောင်များကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ရင်း ကြယ်တာရာကောင်းကင်တွင် ကျန်ခဲ့လေသည်။ ရုတ်တရက် လူတိုင်းသည် မန်ဟို့ကို တအံ့တဩ မော့ကြည့်နေကြသဖြင့် အောက်ရှိ တိုက်ပွဲမှာ ရပ်နေ၏။
မန်ဟိုက မျက်နှာဖြူဖပ်ဖြူလျော်နှင့် စစ်လက်နက်ကို သိမ်းလိုက်သည်။ စောစောက သူ့အပြုအမူများက အန္တရာယ်များခဲ့သော်လည်း ယင်းက မန်ဟိုသာ ဖြစ်ပေ၏။ အခြေအနေကို အခွင့်အကောင်းမယူခြင်းသည် ဆုံးရှုံးခြင်းနှင့် အတူတူပင်။ သူသာ ပြန်တိုက်ခိုက်ဖို့ အခွင့်ကောင်းမယူခဲ့လျှင် မန်ဟိုမဟုတ်ပေ။
မန်ဟိုသည် သုံးမီတာအရှည်လက်ချောင်းပြတ်ကို ကြည့်ပြီး မျက်လုံးများ တောက်ပလာသည်။ ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲ၌ ကျိန်စာအမျိုးအစားတာအိုမှော်သိုင်းကွက်များစွာ ဖြတ်ပြေးသွား၏။ သူက ဖမ်းဆုပ်သည့်လက်ဟန်လုပ်လိုက်ရာ လက်ချောင်းအသားသည် သူ့သိုလှောင်အိတ်ထဲ ဝင်သွား၏။
ထို့နောက် သူက ရှေးဟောင်းနယ်ပယ်တံခါးကို ပြန်မျက်နှာမူကာ ရှေ့လျှောက်သွားသည်။ သူ တံခါးထဲ ရောက်လာလျှင် တံခါးသည် ပြင်းပြင်းထန်ထန် တုန်ရီလာပြီး အလင်းများစွာ တောက်ပဖြာထွက်လာသည်။ ရှေးဆန်သောအသံများ ကြယ်တာရာကောင်းကင်တွင် ပဲ့တင်ထပ်နေစဉ် မန်ဟိုက အလင်းထုထဲ ဝင်ရောက်သွား၏။ သူ၏အင်အားမဲ့နေသော ကျင့်ကြံခြင်းအခြေခံသည် ပြန်သက်သာလာပြီးနောက် အဆင့်စတက်နေသဖြင့် ... ထစ်ချုန်းသံများအား ကြားလိုက်ရသည်။
ဤသည်မှာ အင်မော်တယ်နယ်ပယ်မှ ရှေးဟောင်းနယ်ပယ်သို့ တက်လှမ်းခြင်း မည်ပေသည်။
သူက မျက်လုံးပိတ်လျက် သူ့ကိုယ်အတွင်းမှ ဖြာထွက်လာသော ရှေးကျမှု၏အထိအတွေ့၊ ရှေးဟောင်းနယ်ပယ်၏ တမူထူးခြားသော အခိုးအငွေ့များအား ထုတ်လွှတ်နေသည့် အရှိန်အဝါကို ခံစားလိုက်ရသည်။
မန်မျိုးနွယ်စုဘက်ရော၊ ကျူးကျော်ဂိုဏ်းများဘက်ပါ တိတ်ဆိတ်နေသည်။ ဧရာမမိုးမခသစ်ရွက်များအပေါ်က လူများပင်လျှင် မန်ဟို့ကို စောင့်ကြည့်နေကြ၏။
သူတို့သည် ကြောက်မက်ဖွယ်ရှေးဟောင်းပြစ်ဒဏ်ကို မျက်စိဖြင့် တပ်အပ်မြင်တွေ့ခဲ့ရပြီး ၎င်းကို အောင်မြင်စွာ ကျော်လွှားနိုင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် သူတို့အရှေ့တွင် ရပ်နေသော လူကား ကျော်လွှားနိုင်ခဲ့လေပြီ။
ကောင်လေးက တိတ်ဆိတ်စွာ ရပ်နေသည်။ သူသည် အနှစ်သာရ ၅ ခု တာအိုဥသျှောင်ဖြစ်သည့်တိုင် ထိုကဲ့သို့ပြစ်ဒဏ်တစ်ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိပေ။
“လောကပါလတာအိုအင်မော်တယ်....” ကောင်လေးက တွေဝေနေသောမျက်ဝန်းများဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ပြီးရင် သူက ရှေးဟောင်းနယ်ပယ်ကို အမှန်တကယ် ဝင်ရောက်သွားလိမ့်မယ်။ ရှေးဟောင်းနယ်ပယ်တံခါးရဲ့ အလင်းရောင်ကို စုပ်ယူပြီး ... သူ့ဝိညာဉ်မီးအိမ်တွေကို ဖန်တီးလိမ့်မယ်
“သူ ဝိညာဉ်မီးအိမ် ဘယ်နှလုံးရလိမ့်မလဲ မသိဘူး.... သမိုင်းတစ်လျှောက်လုံး အများဆုံးက ၂၉ လုံးပဲ။ ဖန်တီးသူကတော့ စတုတ္ထတောင်ပင်လယ်က ခိတိဂဗ္ဗအပြင်တခြားမဟုတ်ဘူး။ ဝိညာဉ်မီးအိမ်များများ ဖန်ဆင်းလေလေ၊ အစွမ်းပိုထက်လာလေလေ ဆိုပေမယ့် အန္တရာယ်လည်း ပိုများလာတယ်
“ဒါပေမဲ့ ကျင့်ကြံသူတွေအနေနဲ့ သေရမှာကို ကြောက်နေရင် အစကတည်းက ဘာလို့ကျင့်ကြံနေတော့မလဲ။ ဒီလူရဲ့စရိုက်ကို ထည့်တွက်ရင် သေချာပေါက် ဝိညာဉ်မီးအိမ်အများကြီး ဖွင့်နိုင်လိမ့််မယ်....” ကောင်လေးသည် မျက်လုံးများ တောက်ပနေလျက် လက်ကို မြှောက်ပြီးနောက် မန်မျိုးနွယ်စုထံ လက်ညှိုးထိုးလိုက်၏။
“အမိန့်တော် နာခံ။ မန်မျိုးနွယ်တစ်ယောက်မှမကျန်အောင် သုတ်သင်ပစ်ကြ။ ဒီလူရဲ့အတွေးတွေကို နှောင့်ယှက်ကြ။ သူ့စိတ် နောက်ကျိနေရင် ဝိညာဉ်မီးအိမ်တွေကို မီးထွန်းရတဲ့အခါ ဘယ်တော့မှ အထွတ်အထိပ်ကို ရောက်ရှိတော့မှာ မဟုတ်ဘူး။ ဒီနည်းလမ်းနဲ့ သူ့တက်လမ်းကို ဖျက်စီးရမယ်။ ဝိညာဉ်အရေအတွက် နည်းအောင် လုပ်ပြီး သူ တာအိုအဆင့်တက်ရင် ပိုအားနည်းအောင် လုပ်ကြစို့”