အခန်း (၉၆၅-၉၆၆)
Vol. 58 Ch. 965-966
အပိုင်း (၉၆၅)
တကယ်တော့ ရှမ့်လန်က ကျုံးယောင်နှင့် ရင်ဆိုင်သည့်အချိန်တွင် တကယ့်ကို အရှက်ရမိ၏။ ထိုနေ့ညက ကျုံးရှစ်ရှစ်က ထူးဆန်းသည့် အော်သံကို ပြုလုပ်ခဲ့ပြီး သူမက သူ့အား သူမ၏ အပျိုစင်ဘဝကို စွန်းထင်းခဲ့သည့် အဖြူရောင် ဟုပင် အော်ဟစ်ခဲ့သည်။
တကယ်တော့ ရှမ့်လန်က ထိုအချိန်တုန်းက ကျုံးရှစ်ရှစ်ကို တကယ်တမ်း အပျိုရည် ပျက်စေခဲ့သည် မဟုတ်ပေ။ သို့ပေမည့် သူက မျက်နှာပြောင်တိုက်သည့်နေရာတွင် ဆရာကျသူ တစ်ယောက် ဖြစ်၏။ ဤကဲ့သို့သော အခြေအနေမျိုးကို ဖြစ်ပျက်ပြီးသည့်တိုင်အောင် သူက ကျုံးယောင်ကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်သေး၏။
သူ ရှက်နေရသည့် အကြောင်းအရင်းက ကျုံးယောင်၏ သဘောထားကြောင့်ပင်။ ကျုံးယောင်က ကျုံးရှစ်ရှစ်ကို သူ၏ ကျွန်ဖြစ်စေချင်သည့် သဘောထား အမြဲတမ်း ရှိနေ၏။ သို့သော်ငြား လက်ရှိ ရှမ့်လန်က မည်သူ့ကိုမှ လက်ထပ်လိုစိတ် မရှိသေးချေ။ ကြီးမားသည့် အကျိုးအမြတ် ရှိမှသာ စဉ်းစားမှာ ဖြစ်သည်။
.......................
နောက်တစ်ရက် အာရုဏ်တက်ချိန်မှာတော့ ထျန်းရွှဲ့အမဲလိုက်ကွင်း၏ အနောက်ဘက် နံရံက လုံးဝ ဗလာဟင်းလင်း ဖြစ်လို့နေပြီး လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်တွေ့ရ၏။ စစ်သည်တစ်ယောက်မှ ကာကွယ်မထားကြချေ။ အရှေ့ဘက် စစ်စခန်းတွင်တော့ ၁၅ မိုင်ရှိသည့် နံရံကို ကာကွယ်ဖို့ စစ်သည် ၁ သောင်းသာ ရှိ၏။
ကျန်ကျောင်း၊ ကျူးကျွင်းနှင့် အခြားသောသူများက အံ့သြသွားကြ၏။ ရှမ့်လန် ဘာလုပ်နေသနည်း။ ရူးများသွားလေသည်လား။ စုစုပေါင်း စစ်သည် ၂ သောင်းသာ ရှိနေသည်ကို အဘယ်ကြောင့် ၁ သောင်းပဲ ထွက်လာရသနည်း။ ကပ်ရောဂါကြောင့် လူတစ်သောင်းလောက် တကယ် သေသွားခဲ့လေသည်လား။
ကျန်ကျောင်းနှင့် ကျူးကျွင်းတို့က လုံးဝ မယုံကြချေ။ နင်ယီနှင့် ဝူကျောက်ကျုံးတို့တောင်မှ မယုံကြပေ။ သို့သော်ငြား ရှမ့်လန်က စစ်သည်တစ်သောင်းတည်းနှင့် လေးသိန်းနီးပါး ရှိသည့် တပ်တော်ကို ရင်ဆိုင်နေ လေသည်လား။ မည်မျှ ရူးသွပ်လိုက်သနည်း။
“ဒါဆိုရင် ကျုပ်တို့ အနောက်ဘက်စစ်စခန်းကို တိုက်ခိုက်သင့်လား။” ဝူကျောက်ကျုံးက မေးသည်။
ကျူးကျွင်းက ခေါင်းခါယမ်းကာ ပြောလိုက်၏။ “ရန်သူရဲ့ တပ်တော်က ကပ်ရောဂါကြောင့် အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်ဆိုတာ အတုအယောင် ဖြစ်လောက်တယ်။ ဒါပေမယ့် ကျုံးယောင်ရဲ့ စစ်သည် ၈ သောင်း ကူးစက်ခံထားရတာတော့ အမှန်ပဲ။ ဒါကြောင့် ရှမ့်လန်က အရှေ့နဲ့ အနောက် စခန်းကို လုံးဝ ခွဲခြားထားခဲ့တာပဲ။
ပြီးတော့ အရှေ့နဲ့ အနောက် စစ်စခန်းက သီးခြားစီပဲ။ ကျုပ်တို့ အနောက်ဘက်စစ်စခန်းကို တိုက်ခိုက်မယ် ဆိုရင် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်တို့ ရှမ့်လန်ရဲ့ အရှေ့ဘက်စစ်စခန်းကိုပဲ အဓိကထား တိုက်ခိုက်ကြမယ်။”
အလယ်ဗဟို၌ ရှိနေသော တပ်တော်ရှေ့ မြင့်မားသည့် စင်မြင့်က ရှမ့်လန်၏ စစ်စခန်းနှင့် ၄ မိုင်လောက်သာ ဝေး၏။ အမြင့်ကလည်း မီတာ ၃၀ နီးပါး ရှိသည်။
မြင့်မားတဲ့ စင်မြင့်ပေါ်မှာ ရပ်ပြီး ကျူးကျွင်းက မှန်ပြောင်းနှင့် ရှမ့်လန်၏ ခံစစ်နေရာ ချထားမှုများကို ရှင်းရှင်းလင်းလင်း ကြည့်ရှုနေ၏။
ရှမ့်လန်၏ ခံစစ်စည်းက တကယ့်ကို အားနည်းလွန်း၏။ သစ်သားနှင့် ပြုလုပ်ထားသည့် နံရံများက ၃ မီတာ အောက်သာ မြင့်၏။ ထို့အပြင် အထူးသဖြင့် ပါးလွှာပြီး ထိခိုက်မှုကို မည်သို့မှ ခံနိုင်ရည် မရှိချေ။ နံရံပေါ်တွင် စင်မြင့်တစ်ခု ရှိနေသော်လည်း မည်သည့် လက်နက်ကိုမှ မတင်နိုင်ချေ။ ရလဒ်အားဖြင့် ရှမ့်လန်က နံရံကို အပေါက်များ ဖောက်ပြီး အမြှောက်များကို မြေကြီးပေါ်တွင် ထားလိုက်ရသည်။
“ဒါက သမိုင်းမှာ ကွာခြားချက် အကြီးဆုံး တိုက်ပွဲ ဖြစ်လောက်တယ်။ ရှမ့်လန်ပဲ ဒီလို လုပ်ရဲတာ။”
ကျူးကျွင်းက ပြောသည်။ “လူတစ်သောင်းနဲ့ ၄ သိန်းကို တိုက်ခိုက်မယ်တဲ့လား။ တွေးကြည့်တာနဲ့တင် ကြက်သီးထနေပြီ။”
ဘေးတစ်ဖက်တွင် ရှိသည့် နင်ယီက လှောင်ပြောင်လိုက်၏။ “ရှမ့်လန်မှာ သတ္တိမရှိပါဘူး။ မဟုတ်ရင် သူ ဘာလို့ မြို့တော်ကို မတိုက်ခိုက်ရဲရတာလဲ။”
ကျူးကျွင်းက ပေါ့ပေါ့ပါးပါး ပြောသည်။ “သူ မလုပ်ရဲတာ မဟုတ်ဘူး။ မလုပ်ရက်တာပဲ။”
နင်ယီက ပြောလိုက်၏။ “ဦးရီးတော် ... ပထမဆုံး တိုက်ပွဲကို ဘယ်သူတိုက်မှာလဲ။ နင်ချီလား။”
ဤတိုက်ပွဲတွင် နင်ချီက စစ်သည်တစ်သိန်းကို ဦးဆောင်ထား၏။ သူက ရွှဲ့ပြည်နယ်ပိုင် တပ်တော်၏ တစ်ဦးတည်းသော ခေါင်းဆောင်ပင်။ ဤလူ၏ အတွေးများက တကယ့်ကို ရှုပ်ထွေးနေ၏။ သူက ရှမ့်လန်နှင့် လုံးဝ မတိုက်ခိုက်ချင်သော်လည်း ရှမ့်လန် သေချာပေါက် ရှုံးနိမ့်မည်ဟု ခံစားရသောကြောင့် ရှမ့်လန်ဆီ လက်နက်ချရန် တစ်ခါမှ မစဉ်းစားခဲ့ချေ။ နင်ယီ၏စကားများအရ နင်ချီ၏ စစ်သည်တစ်သိန်းကို စတေးခံအဖြစ် အရင်ဆုံး စွန့်လွှတ်ချင်သည့် သဘောပင်။
ကျူးကျွင်းက ခေါင်းခါယမ်းလိုက်သည်။
နင်လော့နှင့် ဝူကျောက်ကျုံးတို့ကို ပြောလိုက်၏။ “မင်းတို့နှစ်ယောက် တပ်တော်ကို ဦးဆောင်ပြီး ပထမဆုံး တိုက်ပွဲကို တိုက်ရင် ဘယ်လိုလဲ။”
“ကောင်းပြီ။” နင်လော့က ပြောလိုက်၏။ သူမက တိုက်ပွဲကို ငတ်မွတ်နေ၏။ သတ်ဖြတ်ခြင်းက ငတ်မွတ်မှုကို ပျောက်ကွယ်သွားစေလိမ့်မည်။ ထို့ကြောင့် စစ်မြေပြင်တွင် သူမက ဘယ်တော့မှ နောက်သို့ ဆုတ်မှာ မဟုတ်ချေ။ ဝူကျောက်ကျုံးနှင့် ရှမ့်လန်တို့၏ ကြားတွင် ရှိနေသည့် သေမင်းတမန်ရန်ငြိုးကလည်း သေသည်အထိ တိုက်ခိုက်မည့် အကြောင်းအရာ တစ်ခုပင် ဖြစ်သည်။
... ...
နေမင်းကြီးက ရုတ်တရက် ကောင်းကင်ပေါ်သို့ ခုန်တက်လာ၏။ နေရောင်ခြည်၏ အောက်တွင် မြေကြီးပေါ်ရှိ အရာအားလုံးကို ပို၍ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ၏။ တပ်တော်နှစ်ခုကြား ကွာခြားချက်က ပို၍ ကြီးမား၏။ တစ်ဖက်က မဲနက်ပြီး အဆုံးမဲ့ ဖြစ်နေ၏။ အခြားတစ်ဖက်မှာတော့ ရှမ့်လန်က ကျဲပါးပြီး ညှိုးနွမ်းနေ၏။ ပါးလွှာသည့် သစ်သားနံရံများက တစ်ချက်ရိုက်လျှင်တောင် ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
“ဒုန်း... ဒုန်း...”
တုန်လှုပ်ဖွယ်ရာ စစ်ဗုံသံများက ထွက်ပေါ်လာ၏။
စစ်ဦးစီးချုပ် နင်ယုက ရုတ်တရက် ဓားကို ဆွဲထုတ်၏။ ပြီးနောက် အော်ဟစ်လိုက်သည်။ “ခံတပ်ကို တိုက်မယ်... ခံတပ်ကို တိုက်ကြရအောင်။”
ကျောက်ခဲပစ်စက်၊ မြို့သိမ်းလက်နက် တစ်ခုမှ မလိုအပ်ချေ။ သူတို့ရှေ့တွင် ရှိနေသည်က ၃ မီတာအောက်သာ မြင့်သည့် သစ်သားခံတပ် နံရံပင်။ ထို့အပြင် လေဒဏ်မိုးဒဏ်ကို ဆယ်စုနှစ်ကြာ ခံထားရသောကြောင့် တကယ့်ကို အားနည်းလွန်းနေ၏။ ရှေ့သို့ ရောက်သည်နှင့် တွန်းလှဲလိုက်ရုံသာပင်။
“တိုက်ကြ။”
နင်လော့က ရုတ်တရက် ဓားကို ဆွဲထုတ်ပြီး ကျယ်လောင်စွာ အော်ဟစ်၏။ “ဖျက်ဆီးမယ်... အားလုံးကို ဖျက်ဆီးပစ်မယ်။ ဘယ်သူ့ကို ဖျက်ဆီးတယ်ဆိုတာ အရေးမကြီးဘူး။ ဖျက်ဆီးခြင်းနဲ့ သတ်ဖြတ်ခြင်းတွေ ရှိနေသရွေ့ အဆင်ပြေပြီ။ အထူးသဖြင့် ရှမ့်လန်ကို ဖျက်ဆီးရရင် ကျေနပ်ပြီ။”
ဝူကျောက်ကျုံးက ရုတ်တရက် ဓားကို ဆွဲထုတ်သည်။ “တပ်တော်... တိုက်ကြ... ရှမ့်လန်ရဲ့ လူတွေ အကုန်လုံးကို သတ်ကြ။”
ပြီးနောက် စစ်သည်တစ်သိန်း ရှိသည့် တပ်တော်ကြီးက ထျန်းရွှဲ့အမဲလိုက်ကွင်း၏ ခံတပ်နံရံဆီသို့ ဒီရေလှိုင်းကြီးကဲ့သို့ပင် တရှိန်ထိုး ပြေးဝင်သွားခဲ့၏။
ဖုန်မှုန့်များက ထကြွလာပြီး မြေကြီးက စတင် တုန်ခါလာ၏။ ကောင်းကင်မှ ကြည့်လိုက်မည်ဆိုပါက စစ်သည်တစ်သိန်း ရှိသော တပ်တော်ကြီးက အားနည်းသည့် ခံတပ်နံရံကြီးဆီသို့ စီးဆင်းလာသော မဲနက်သည့် ရေလှိုင်းကြီးနှင့် တူနေသည်။
နင်လော့နှင့် ဝူကျောက်ကျုံးတို့ နှစ်ယောက်လုံးက သိထား၏။ ရှမ့်လန်ဆီ၌ ၁ ကီလိုမီတာ အကွာအဝေးကနေ သံလုံးများ ပစ်ခတ်နိုင်စွမ်း ရှိသော အမြှောက်များ ရှိနေသည် ဆိုသည်ကိုပင်။ ထိုအရာ၏ စွမ်းအားက အံ့မခန်း ဖြစ်သော်လည်း သံလုံး ရာဂဏန်းလောက်က လူဘယ်နှစ်ယောက်ကို သတ်ဖြတ်နိုင်မည်နည်း။ တပ်တော်၏ ခံတပ်နံရံနှင့် ၄ ကီလိုမီတာလောက်သာ ဝေးတော့၏။ အများဆုံး ၅ မိနစ်အတွင်း ရောက်ရှိပေတော့မည်။ ဤအချိန်တွင် ရှမ့်လန်၏ အမြှောက်တွေက သံလုံး ဘယ်နှလုံးကို ပစ်ခတ်နိုင်မည်နည်း။
ရှမ့်လန်၏ နိဗ္ဗာန တပ်တော်က အံ့မခန်း မြားပစ်စွမ်းရည်ရှိသည် ဆိုသည်ကို သူတို့ သိကြ၏။ သို့သော်ငြား ဤနေရာက ခံတပ်မဟုတ်ဘဲ တစ်ချက်တွန်းလိုက်သည်နှင့် ပြိုလဲသွားမည့် ကျိုးပဲ့လွယ်သော သစ်သားနံရံမျိုးပင်။
ခံတပ်နံရံဆီ ရောက်သည်နှင့် ရှမ့်လန်၏ လူ ၁ သောင်း၊ ၂ သောင်းလောက်က လူ ၁ သိန်း၊ ၂ သိန်းလောက်ကို နိုင်နိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်ချေ။
... ... ...
“ဘုန်း... ဘုန်း...”
နင်လော့နှင့် ဝူကျောက်ကျုံးတို့၏ စစ်သည်တစ်သိန်း ရှိသော တပ်တော်ကြီးက တရှိန်ထိုး ပြေးဝင်နေ၏။ သူတို့က ထျန်းရွှဲ့အမဲလိုက်ကွင်း၏ ခံတပ်နံရံနှင့် ပိုမိုကာ နီးကပ်လာ၏။ သူတို့က ၁ ကီလိုမီတာ အတွင်းသို့ ရောက်ရှိလာကြ၏။
ကိုးရာမီတာ... ရှစ်ရာမီတာ...
ကျူးကျွင်းက ရင်ခုန်နေသည်။
ရှမ့်လန် အဘယ်ကြောင့် အမြှောက်မပစ်ရသနည်း။ သူ မှန်ပြောင်းနှင့် ကြည့်လိုက်တော့ ရှမ့်လန်ဆီ၌ အမြှောက်ရာဂဏန်းလောက် ရှိသည်ကို ရှင်းရှင်းလင်းလင်း မြင်ရ၏။ ပစ်ခတ်နိုင်သည့် အကွာအဝေးလည်း ရောက်နေသည်မှာ ရှင်းလင်း၏။ အဘယ်ကြောင့် မပစ်ရသနည်း။
ဤအချိန်က တိုက်ခိုက်ဖို့ အဖိုးတန်ဆုံး အချိန်ဆိုသည်ကို တကယ် မသိပေဘူးလား။ တပ်တော်၏ ခံတပ်နံရံဆီသို့ ရောက်သွားလျှင် အမြှောက်ပစ်ဖို့ နောက်ကျသွားပေလိမ့်မည်။
ကျူးကျွင်းက တစ်ခုခု မှားနေသည်ကို ချက်ချင်း ခံစားလိုက်ရ၏။ ထို့ကြောင့် ချက်ချင်းပဲ အမိန့်ပေးလိုက်၏။ “နင်ချီ... နင်ယီ... ခင်ဗျားတို့ရဲ့ စစ်သည်တစ်သိန်းကို ဦးဆောင်ပြီး တိုက်ခိုက်ကြတော့။”
လူတိုင်းက လန့်သွား၏။ ခံတပ်တစ်ခုကို ဝိုင်းရံတိုက်ခိုက်ခြင်းက ပုံမှန်အားဖြင့် တစ်ကြိမ်၌ တပ်တော် တစ်ခုကိုသာ ပြုလုပ်လေ့ရှိ၏။ အဘယ်ကြောင့် စစ်သည် ၂ သိန်းနီးပါး တပြိုင်နက်တည်း အရှေ့ဆီသို့ တက်သွား ခိုင်းရသနည်း။
ဟုတ်ပေ၏။ ဤစစ်မြေပြင်က ကြီးမားလွန်း၏။ ထျန်းရွှဲ့အမဲလိုက်ကွင်းက ဧက ၃ သောင်း ကျယ်ဝန်းပြီး စစ်သည် ၂ သိန်းဆံ့၏။
နင်ချီက ရုတ်တရက် လန့်သွား၏။ ပြီးမှ ခေါင်းကို ညိတ်လိုက်၏။ သူက ဓားကို ဆွဲထုတ်ကာ အော်ဟစ်လိုက်သည်။ “တပ်တော်... တိုက်ခိုက်ကြမယ်။”
နင်ယီက ဓားကို ဆွဲထုတ်လိုက်၏။ ပြီးနောက် ရူးသွပ်စွာ အော်ဟစ်လိုက်၏။ “တပ်တော်... တိုက်ကြ... ရှမ့်လန်ရဲ့ လူတွေ၊ သစ္စာဖောက်တွေ အကုန်လုံးကို သတ်ကြ။”
ပြီးနောက် နောက်ထပ် စစ်သည်တစ်သိန်းက အရှေ့ဆီသို့ ရူးသွပ်စွာ ရှေ့တက်သွားကြသည်။
ဤအခိုက်အတန့်မှာတော့ မြင်ကွင်းက အာဖရိက တောတိရစ္ဆာန်များ နေရာရွှေ့ပြောင်းနေသကဲ့သို့ပင်။ ဆယ်မိုင်ပတ်လည်နှင့် အကျယ် ၃၊ ၄ မိုင်အတွင်း ပြည့်ကျပ်နေသည့် တိုက်ခိုက်ရေး တပ်တော်များ ရှိနေ၏။
လူတိုင်းက တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားရ၏။ အဘယ်ကြောင့်ဆိုသော် ရှေ့ဆုံးရှိ တပ်တော်က ၅၀၀ မီတာ အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရှမ့်လန်က ပစ်ခတ် တိုက်ခိုက်ခြင်း မရှိသေးသောကြောင့်ပင်။ သူတို့က အမြှောက်များ၏ သတ်ကွင်းထဲသို့ လုံးဝ ရောက်ရှိနေ၏။ အဘယ်ကြောင့် မပစ်ရသနည်း။
“တိုက်... တိုက်ကြ...။”
စစ်သည် ၂ သိန်းက မြေပြင်တစ်ခုလုံးကို လွှမ်းမိုးထား၏။ မူလအရောင်ကိုပင် လုံးဝ မမြင်ရတော့ချေ။ မဲနက်နေသည့် ရေလှိုင်းကြီးနှင့် တူသော တပ်တော်ကြီးက ဆက်လက် နီးကပ်လာ၏။
၄၀၀ မီတာ...
ကျူးကျွင်းက ကြောင်အသွား၏။ ဤအကွာအဝေးသို့ ရောက်နေလေပြီ။ ရှမ့်လန်က အဘယ်ကြောင့် မပစ်ရသနည်း။ ဘာတွေ တွေးနေသနည်း။ ဘာလုပ်ဖို့ ကြိုးစားနေသနည်း။
၃၅၀ မီတာ...
မြင့်မားသည့် စင်မြင့်ပေါ်မှနေ၍ ကြည့်လိုက်ရာ ပြည့်ကျပ်နေသည့် ရန်သူတပ်ဖွဲ့များကို မြင်ရသည်။ ကျုံးယောင်က တစ်ကိုယ်လုံး တုန်ယင်သွား၏။
‘အရှင်... မပစ်သေးဘူးလား။’ ထိုသို့ သူ တကယ် မေးချင်နေသည်။
ကျုံးရှစ်ရှစ်က သူမ၏ ခြေထောက်ကို အလိုလျောက် စုစည်းလိုက်မိ၏။ ဤအရာက သူ ကြုံတွေ့ဖူးမျှ အရူးသွပ်ဆုံးသော တိုက်ပွဲ ဖြစ်၏။ အပြင်မှ ရန်သူများက ဒီရေလှိုင်းကြီးကဲ့သို့ ဟိန်းထွက်ကာ ပြေးဝင်လာနေပြီး မျက်စိရှေ့သို့ ရောက်ရှိလာ၏။
ဤအတောအတွင်း ရှမ့်လန်၏ စစ်သည်တော် ၁ သောင်းက ဘာမှ မတုံ့ပြန်သလို တိတ်ဆိတ်လို့နေ၏။ သူမ၏ နှလုံးသားက ရင်ဘတ်ထဲက ခုန်ထွက်တော့မလိုပင်။
လူတိုင်းက အဝေးမှ ရှမ့်လန်ကို လှမ်းကြည့်နေ၏။ နောက်ဆုံး ရှမ့်လန်က သူ့၏ လက်ထဲရှိ အလံကို ဝှေ့ယမ်းလိုက်သည်။
တပ်မှူးဒါဇင်ပေါင်းများစွာတို့က တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။ “ပစ်ကြ...” ခဏအတွင်းမှာပဲ အမြှောက်ရာဂဏန်းလောက်က တပြိုင်နက်တည်း ပစ်ခတ်၏။
လောကပျက်လုမတတ် ပေါက်ကွဲသံကြီးက နားကွဲလုမတတ် ဖြစ်၏။ မြေပြင်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါသည်။
နံရံပေါ်မှ ကျုံးရှစ်ရှစ်က အလိုလျောက် နားကို အုပ်ထားလိုက်မိသော်လည်း ဂွမ်းစတွေ ထည့်ထားပြီးသား ဆိုသည်ကို ရုတ်တရက် သတိရမိ၏။
“ရွှီး... ရွှီး...” အမြှောက်ရာဂဏန်းလောက်က အမြောက်ဆံအတွဲလိုက်များကို ပစ်ခတ်ကြခြင်းပင်။
ထိုအရာက ရှမ့်လန်၏ ဆုံးဖြတ်ချက် ဖြစ်၏။ သူက ဖျက်ဆီးအား ပြင်းသည့် အမြောက်ဆံအတွဲလိုက်များကို တိုက်ရိုက် အသုံးပြုနေခြင်းပင်။ ပြောင်းချောအမြှောက် ရာဂဏန်းထဲမှ တစ်ချို့မှာ ၁၂ ပေါင်အမြှောက်များ ဖြစ်ပြီး ၃ ပုံ ၁ ပုံက ၁၈ ပေါင်အမြှောက်များ ဖြစ်သည်။
သို့သော်ငြား ၁၂ ပေါင်အမြှောက်ဖြစ်ဖြစ် ၁၈ ပေါင်အမြှောက်ဖြစ်ဖြစ် အားပြင်းသည့် ပေါက်ကွဲပစ္စည်းများကို အသုံးပြုထားသောကြောင့် ထိရောက်သည့် သတ်ကွင်း အကွာအဝေးက ကီလိုမီတာ ၅၀၀ အတွင်း ရှိရပေလိမ့်မည်။
ပထမဆုံး သတ်ဖြတ်မှု အရသာကို ရယူရန် ရှမ့်လန်က ၅၀၀ မီတာ အတွင်း မပစ်ခတ်သေးချေ။ ထိုအစား ၃၅၀ မီတာ အတွင်းသို့ ရောက်ရှိမှ ပစ်ခတ်ရန် ရွေးချယ်ခဲ့၏။ ဤအကွာအဝေးက အမြှောက် ၂ မျိုး အတွက် အလွန် အားကောင်းသည့် အကွာအဝေးမျိုးပင် ဖြစ်၏။ အမြောက်ဆံအတွဲလိုက်များက ရန်သူတစ်ယောက်ချင်းစီ၏ ခန္ဓာကိုယ်ကို လွယ်လွယ်ကူကူ ထိုးဖောက် သွားနိုင်၏။
ရှေ့ဆုံးမှ ပြေးဝင်တိုက်ခိုက်လာသည့် စစ်သည်တော်များက မျက်လုံးများ ဝေဝါးသွားသလို ခံစားရ၏။ သိပ်သည်းလျက် ရှိနေသည့် မိုးသက်မုန်တိုင်းကြီး ကျရောက်လာခဲ့သည်။ ခဏအတွင်းမှာပင် ငှက်ပျောဖက်များ အပေါ် မိုးရွာချလိုက်သလိုပင် မရေတွက်နိုင်သည့် သွေးစက်များက တည်နေရာအနှံ့ဆီသို့ ပျံ့လွင့်သွား၏။ ရူးသွပ်ဖွယ်ရာ သတ်ဖြတ်မှုကြီးပင်။
မီတာ ၃၀၀ ကျော် အကွာအဝေးမှ အမြောက်ဆံများက စစ်သည်တစ်ယောက်၏ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားပြီး ဒုတိယ စစ်သည်တစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်၏။ ခဏအတွင်းမှာပဲ စစ်သည်များက အစုလိုက်၊ အပြုံလိုက် လဲကျကုန်၏။
အပိုင်း (၉၆၆)
တပ်တော်၏ အလယ်ရှိ မြင့်မားသည့် စင်မြင့်ပေါ်တွင် ရပ်နေသော ကျူးကျွင်းက မှန်ပြောင်းဖြင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ၏။ အမြှောက်များ ပစ်ခတ်လိုက်သည်နှင့် မရေတွက်နိုင်သည့် သံမဏိ အပိုင်းအစများက မိုးရွာကျသကဲ့သို့ပင် ကျဆင်း၏။ ပြီးနောက် ကျောက်ဆောင်များကို ရိုက်ခတ်လိုက်သည့် လှိုင်းလုံးတွေကဲ့သို့ပင် သူ့၏ တပ်သားအားလုံးက အပိုင်းပိုင်းအစစ ဖြစ်ကုန်၏။ ဤလှိုင်း၌ လူမည်မျှ သေဆုံးသွားခဲ့သနည်း။ ၁ ထောင်ကျော်လား။ ‘ဒါ... ဒါက နည်းနည်း အံ့အားသင့်စရာ မကောင်းဘူးလား။’
နင်လော့နှင့် ဝူကျောက်ကျုံးတို့က ကြောင်အသွား၏။ ပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်ကြ၏။ “ဆက်ပြီး တိုက်ခိုက်ကြ။”
ထို့နောက် မရေတွက်နိုင်သည့် စစ်သည်များက နောက်တစ်ခေါက် ချီတက်လာကြပြီး ရူးသွပ်စွာဖြင့် ဆက်လက် တိုက်ခိုက်ကြပြန်၏။ ရှမ့်လန်၏ အမြောက်ဆံများက အံ့မခန်း ဖြစ်သော်လည်း ပထမအကြိမ် ဗုံးကျဲမှုက လူတစ်ထောင်လောက် ကိုသာ သတ်နိုင်၏။ စစ်သည် ၂ သိန်းကျော် ရှိသည့် တပ်တော်အတွက် ထိုအရာက မပြောပလောက်သည့် အရေအတွက်ပင် ဖြစ်သည်။
“တိုက်ကြ... တိုက်ကြ...။”
နံရံရှေ့သို့ ရောက်သည်နှင့် အောင်ပွဲခံနိုင်ပေမည်။ သို့သော်ငြား ၁၀ စက္ကန့်လောက် ကြာချိန်မှာတော့
“ဘုန်း... ဘုန်း...။” ရှမ့်လန်၏ အမြှောက်ရာဂဏန်းလောက်က နောက်တစ်ကြိမ် ပစ်ခတ်လာပြန်၏။
“ရွှီး... ရွှီး...။”
နောက်တစ်ကြိမ် သံမဏိမိုးက ပြင်းထန်စွာ ပက်ဖျန်း၏။ နောက်ထပ် ရူးသွပ်ဖွယ်ရာ သတ်ဖြတ်ပွဲ တစ်ခုပင်။ ဤအချိန်မှာတော့ အကွာအဝေးက တကယ့်ကို နီးကပ်လာ၏။ လူ ၂ ထောင်နီးပါးကို သတ်ဖြတ်ပစ်သည်။
ထို့အပြင် ရှမ့်လန်၏ အမြှောက်များက ပစ်ခတ်မှုနှုန်း မြန်လွန်း၏။ အရည်အသွေးမြင့်သည့် သံမဏိနှင့် ပြုလုပ်ထားသောကြောင့် ပေါက်ကွဲသွားမှာ စိုးရိမ်စရာ မလိုအပ်သလို အအေးခံဖို့လည်း မလိုအပ်ချေ။
ယမ်းမှုန့်ကို ပတ်ထားသည့် ဆီစိမ်ဝတ်များကလည်း လုံးဝ ကျွမ်းလောင်သွားခဲ့သောကြောင့် ပြောင်းကို သန့်ရှင်းပေးစရာ မလိုပေ။ ပစ်ခတ်ပြီးနောက် ပြောင်းအတွင်းပိုင်းကို အမြန်ဆုံး သုတ်ကြ၏။ ယမ်းမှုန့်ထည့်၏။ အမြောက်ဆံကို ထည့်၏။ လုပ်ငန်းစဉ် တစ်ခုလုံးက ရေစီးကြောင်းတစ်ခုကဲ့သို့ပင် ချောမွေ့လျက် ရှိနေ၏။ ပို၍ပင် မြန်ဆန်နေသေး၏။ ထို့ကြောင့် ရှမ့်လန်၏ အမြှောက်ရာဂဏန်းလောက်ဆီမှ ပစ်ခတ်မှုနှုန်းက နှေးမသွားဘဲ ပိုမိုကာ မြန်ဆန်လာ၏။
“ဘုန်း... ဘုန်း...။”
လောကပျက်လုမတတ် ပေါက်ကွဲသံကြီးက ဆက်တိုက် ထွက်ပေါ်နေ၏။ သံမဏိလှိုင်းများက မိုးရွာချသကဲ့သို့ပင် ကျဆင်းနေ၏။ အသက်များကို ရူးသွပ်စွာ ရိတ်သိမ်းနေ၏။ ကျူးမိသားစုမှ လေ့ကျင့်ပေးထားသည့် တပ်တော်က သေချာပေါက် ရဲရင့်သည်ဟု သတ်မှတ်နိုင်၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် သတ္ထုမုန်တိုင်းထဲသို့ ရူးသွပ်စွာ ပြေးဝင်နေကြသည်။
အကွာအဝေးက ပိုမိုကာ နီးကပ်လာ၏။
၂၀၀... ၃၀၀... ၂၀၀... ၁၀၀... ၅၀... သို့သော်ငြား ရှေ့သို့ ၁၀ မီတာ တိုးဖို့တောင်မှ တကယ့်ကို ခက်ခဲလာသည်။
ပို၍ စိတ်ပျက်စရာ ကောင်းသည်က နံရံပေါ်ရှိ စစ်သည်တစ်သောင်းက မြားများကို စတင် ပစ်ခတ်လာခြင်းပင်။ အားလုံးက ၂ ပိသာခွဲ အထူးလေးများ ဖြစ်ပြီး မီတာ ၁၀၀ အတွင်း တကယ့်ကို သေစေနိုင်စွမ်း ရှိသလို တိကျမှုကလည်း ကြောက်မက်ဖွယ်ရာ ကောင်းအောင် မြင့်မား၏။
၅၀ မီတာက ရန်သူ၏ အကန့်အသတ် ဖြစ်၏။ သူတို့က တစ်လက်မတောင် ရှေ့ဆက်မတိုးနိုင်တော့ချေ။ ဤအကွာအဝေးတွင် ရန်သူအားလုံးက အလောင်းများ ဖြစ်ကုန်သည်။
သတ်ဖြတ်ပွဲ၊ လုံးဝ အစွမ်းကုန် သတ်ဖြတ်ပွဲပင်။
ဤအကွာအဝေးတွင် အမြှောက်များ၏ ခဲဆံများက ၅၀ မီတာကျော် ထိုးဖောက်နိုင်စွမ်း ရှိ၏။ အမြောက်ဆံတစ်ခုက လူလေး၊ ငါးယောက်တို့၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွား၏။ ဤတည်နေရာအတွင်း မရေတွက်နိုင်သည့် အလောင်းများက တောင်လို ပုံလာ၏။ အမြှောက်များက ခဲဆံများကို မိုးအဖြစ်ရွာချသည်။ အခြားတစ်ဖက်၌ မြားများက မိုးရွာချ၏။ နံရံရှေ့ရှိ မီတာ ဒါဇင်ပေါင်းများစွာက လုံးဝ သေမင်းတမန် ဇုန်ကြီး တစ်ခုကဲ့သို့ ဖြစ်လို့နေ၏။
... ..................
“ငါ... ငါ...” ကျုံးရှစ်ရှစ်က ထကာ ဆဲဆိုချင်စိတ်ပင် ပေါက်နေ၏။ သူမက ချမ်းသာသည့် မိသားစုမှ သမီးတစ်ယောက် ဖြစ်သော်လည်း တစ်ခါတစ်ရံ မိဘများ မကြားလျှင် ဆဲဆိုတတ်၏။ သို့သော်ငြား ဘေးနားတွင် လူအများကြီး ရှိနေသောကြောင့် သူမ၏ စကားလုံးများကို မျိုချလိုက်ရသည်။
သူမ၏ ဓားကောက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး ရူးသွပ်ဖွယ်ရာ သတ်ဖြတ်ပွဲကို ဝင်ရောက် သတ်ဖြတ်ရန် ပြင်ဆင်ပြီးသားပင်။ သူတို့ ကျုံးမိသားစုက အရှက်မကွဲချင်ပေ။ ထို့ကြောင့် သတ္တိရှိကြောင်း ပြသရမည်။ အထူးသဖြင့် ရှမ့်လန်၏ ရှေ့၌ပင်။
“အမှိုက်ကောင်... အဖြူရောင်ကောင်... အလေအလွင့်ကောင်... လူယုတ်မာ... နှာဗူးကောင်...”
သူမဆီသို့ တစ်ချိန်တည်း ပြေးဝင်လာခဲ့သည့် ရန်သူစစ်သည် သိန်းပေါင်းများစွာကို ကြည့်ရင်း ထိုအရာက မျှော်လင်ချက်မဲ့သည့် တိုက်ပွဲတစ်ခုဟု ခံစားမိ၏။
သို့သော်ငြား တိုက်ပွဲက ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ စစ်သည်သိန်းပေါင်းများစွာက အနားတောင် မကပ်နိုင်ကြချေ။ သူမ၏ဓားကောက်ကို တစ်ချက် ဝှေ့ယမ်းစရာပင် မလိုဘဲ ရန်သူပေါင်းများစွာတို့က လဲကျ သေဆုံးနေသည်။
ထို့အပြင် ရှမ့်လန်၏ တပ်တော်က အလွန် သန်မာ၏။ အရပ်ရှည်သည့် အမျိုးသမီးတပ်ဖွဲ့က တစ်စက္ကန့်လျှင် မြားတစ်စင်း ပစ်နိုင်၏။ သန်မာလွန်းသောကြောင့် လူတွေ၏ ဆံပင်များကိုပင် ထောင်ထသွားစေ၏။
တိုက်ပွဲစတင်ပြီး အချိန်တိုအတွင်းမှာပဲ မြားပေါင်း တစ်သန်းကျော်ကို ပစ်ခတ်ပြီးဖြစ်၏။ အမြှောက်များက ဘယ်နှစ်ကြိမ် ပစ်ခတ်ပြီးပြီမှန်းပင် မသိနိုင်တော့ပေ။ တကယ့်ကို များပြားသည့် ပမာဏပင် ဖြစ်ရမည်။
... ...
အလယ်ဗဟိုရှိ မြင့်မားသည့် ကွပ်ကဲရေးစင်မြင့်ထက်မှာတော့ ကျူးကျွင်းက မှန်ပြောင်းဖြင့် အရာအားလုံးကို မြင်တွေ့နေရ၏။ ဦးရေပြားတစ်ခုလုံးကလည်း ထုံကျင်နေသလို ခံစားရပြီး သူ၏ ခန္ဓာကိုယ်ရှိ အမွေးအမျှင်များက ထောင်ထနေ၏။ ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သည့် တိုက်ပွဲမျိုးကို သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
၁၀ ကီလိုမီတာကျော် ကျယ်ဝန်းသည့် ဧရိယာက အမြောက်မှ ခဲဆံများနှင့် လုံးဝ ဖုံးလွှမ်းနေပြီး ပုန်းကွယ်ရာဟူ၍ မရှိချေ။ ခဲဆံ မရောက်သည့် နေရာ၌ အလွန်များပြားသည့် မြားမိုးများက ကျရောက်၏။
ဤအရာက အဘယ်သို့သော စစ်မြေပြင် ဖြစ်မည်နည်း။ ဤအရာက သားသတ်ရုံ တစ်ခုပင်။
“ဒီလို ဖြစ်မှန်း ငါသိတယ်။ ဒီလို ဖြစ်မှန်း ငါသိတယ်။”
ကျူးကျွင်းက တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။ ရှမ့်လန်ကို သူ ကောင်းကောင်း သိရှိပြီး ဖြစ်၏။ ရှမ့်လန်က မပြင်ဆင်ဘဲ တိုက်ပွဲဝင်မှာ မဟုတ်ချေ။ သို့ပေမည့် တကယ်တမ်း ဖြစ်လာချိန်မှာတော့ မျက်လုံးများ ပြူးထွက်လုမတတ်ပင် အံ့အားသင့်မိ၏။ ရှမ့်လန်၏ တပ်တော်က ရူးသွပ်နေသည့် အခြေအနေထဲသို့ ရောက်ရှိနေပြီး မြားပစ်ခတ်နှုန်းကလည်း ပိုမို၍ မြင့်လာ၏။
“ဘုန်း... ဘုန်း...။”
အံ့မခန်း ကျယ်လောင်သည့် အသံများက မရပ်မနား ထွက်ပေါ်လာသည်။
“စစ်သေနာပတိချုပ်... တိုက်ပွဲက ပြိုလဲတော့မယ်။ တပ်တော်က ဒီလောက် ကြီးမားတဲ့ ဆုံးရှုံးမှုကို မခံနိုင်တော့ဘူး။ ပြိုလဲတော့မယ်။”
တကယ်တော့ ကျူးမိသားစု၏ တပ်တော်က ရဲရင့်သည့် လူများသာ ဖြစ်၏။ အခြားသော စစ်သည်များ ဆိုပါက ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးနှင့် ကြုံရပါက တကယ်တမ်း ပြိုလဲသွားပေလိမ့်မည်။ သို့ပေမည့် ဤလူများကတော့ တောင့်ခံခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်တွင်တော့ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိလာ၏။
ကျူးကျွင်းက အံကိုကြိတ်ကာ ပြောသည်။
“ရက်အနည်းငယ်နဲ့ ညအနည်းငယ် တိုက်ခိုက်ရမယ်တောင် ထင်ခဲ့တာ။ ဒါပေမယ့် နှစ်နာရီတောင် မပြည့်ခင် ပြိုလဲသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
ပြီးနောက် သူက ရုတ်တရက် အမိန့်ပေး၏။ “ကျန်ကျောင်း... ခင်ဗျားရဲ့ စစ်သည်တစ်သိန်းရှိတဲ့ တပ်တော်နဲ့ အရှေ့ကို တက်သွားတော့။”
ထျန်းရွှဲ့ကာကွယ်ရေး တပ်မှူးကျန်ကျောင်းက အော်ဟစ်လိုက်သည်။ “ကောင်းပါပြီ...။”
ပြီးနောက် သူက ရုတ်တရက် ဓားကို ဆွဲထုတ်ကာ အော်ဟစ်၏။ “တိုက်ကြ...။”
နောက်ထပ် စစ်သည်တစ်သိန်းရှိသည့် တပ်တော်ကြီးက ရှမ့်လန်၏ အားနည်းနေသည့် ခံတပ်နေရာဆီသို့ ရူးသွပ်စွာ ဝင်ရောက်လာပြန်၏။ သို့သော်ငြား ကျူးကျွင်းသိသည်က ဤစစ်သည်သိန်းပေါင်းများစွာက ရှမ့်လန်၏ ခဲယမ်းမီးကျောက်များ ကုန်ဆုံးသွားစေရန် စတေးပစ်ရမည့် အမြှောက်စာများသာ ဖြစ်၏။ ဤလောကကြီး၏ သာမန်တပ်တော်က ခေတ်နောက်ကျသွားခဲ့လေသည်။
ကျူးကျွင်းက ယင်ယွမ်အဖွဲ့အစည်း၏ ရှုတင်းယုကို ကြည့်ကာ ပြော၏။ “သခင်လေးရှု... ခင်ဗျားရဲ့ သံမဏိသွေး တပ်တော်က ရှမ့်လန်ရဲ့ လက်နက်တွေကို ခံနိုင်ရည် ရှိပါ့မလား။”
ရှုတင်းယုက ပြောသည်။ “ထိခိုက်သေဆုံးမှုတွေ ရှိမယ်။ ဒါပေမယ့် ကျုပ်တို့ ခံနိုင်ရည် ရှိပါတယ်။”
ကျူးကျွင်းက ပြောလိုက်၏။ “ကျုပ်ရဲ့တပ်တော်က ခင်ဗျားအတွက် ရှမ့်လန်ရဲ့ အမြောက်ဆံတွေကို ဖြုန်းပေးလိမ့်မယ်။ ခင်ဗျား စပြီး လှုပ်ရှားလို့ ရပြီ။”
ရှုတင်းယုက ရှမ့်လန်ရှိရာဆီသို့ လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “ ရှမ့်လန်... ဒါက အမြည်းသဘောပဲ။ တကယ့်တိုက်ပွဲက မကြာခင် လာတော့မှာပဲ။ မင်းရဲ့ နိဗ္ဗာနတပ်တော်က ငါ့ရဲ့ သံမဏိသွေးတပ်တော်လောက် မကောင်းဘူးဆိုတာ မင်းသိစေရမယ်။ မင်းရဲ့ အမေဇုန်တပ်တော်က အကောင်းဆုံး ဆိုရင်တောင် ငါ့ရဲ့ သံမဏိသွေးတပ်တော်နဲ့ တန်းတူလောက် ရှိမှာပဲ။”
ပြီးနောက် ရှုတင်းယုက အော်ဟစ်သည်။ “သံမဏိသွေးတပ်တော်... တိုက်ခိုက်မယ်။”
ခဏအတွင်းမှာပဲ ယင်ယွမ်အဖွဲ့အစည်း၏ စစ်သည် ၂ သောင်းရှိသည့် သံမဏိသွေးတပ်တော်က လျှပ်စီးလက် သကဲ့သို့ပင် ပြေးထွက်သွား၏။ သူတို့က ကျားသစ်များကဲ့သို့ပင် လျင်မြန်၏။
ကျူးကျွင်းက တုံ့ကျန်းဘုရားကျောင်းမှ ဆရာတော်ခွန်ကျန့်ကို လှမ်းကာ ပြောသည်။ “ဆရာတော်... ဆရာတော်ကော ခံနိုင်ရည် ရှိပါ့မလား။”
ဆရာတော်ခွန်ကျန့်က ပြော၏။ “ပြဿနာမရှိဘူး။ ရှမ့်လန်ရဲ့ လက်နက်တွေက ထက်မြက်တယ် ဆိုပေမဲ့ ကျုပ်တို့ တုံ့ကျန်းဘုရားကျောင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ တိုက်ကြ။”
အမိန့်အတိုင်းပဲ တုံ့ကျန်းဘုရားကျောင်းမှ အထူးတပ်တော်က စတင်၍ တိုက်ခိုက်ကြသည်။
ယင်ယွမ်အဖွဲ့အစည်းမှ ရှုတင်းယုက ကြွားလုံးထုတ်နေခြင်းပေလား။ သူ၏ သံမဏိသွေးတပ်က ရှမ့်လန်၏ အမြှောက်များကို တားဆီးနိုင်ပါ့မည်လား။ သူ ကြွားလုံးထုတ်နေခြင်း မဟုတ်ချေ။ တကယ်ပင် တားဆီးနိုင်စွမ်း ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သံမဏိသွေးတပ်မှ စစ်သည်တိုင်းက တကယ့်ကို ခိုင်မာလွန်းသည့် သံမဏိ သံချပ်ကာများကို ဝတ်ဆင်ထားသောကြောင့်ပင်။
သို့သော်ငြား ကောင်းကင်ပင်လယ်နန်းဆောင်၏ သံချပ်ကာများနှင့် နှိုင်းယှဉ်လျှင်တော့ များစွာကွာခြားနေ သေးသည်။ သံမဏိသွေးတပ်၏ သံချပ်ကာများက ရှမ့်လန်၏ ပထမနိဗ္ဗာနတပ်တော်မှ သံချပ်ကာများနှင့် တူညီလုနီးပါးပင်။ သူတို့က သံမဏိစစ်စစ် သံချပ်ကာများ ဖြစ်ပြီး အလေးချိန်အားဖြင့် ကီလိုဂရမ် ၈၀ ထက်မပိုချေ။ ဤသည်က တကယ့်ကို စွမ်းအားကြီးမားလွန်းပြီး မြားများစွာကို တားဆီးရန် လုံလောက်၏။
ကောင်းကင်ပင်လယ်နန်းဆောင်၏ သံချပ်ကာများက လုံးဝမျှော်လင့်ချက် ကင်းမဲ့ဖွယ်ရာပင်။ သူတို့က လုံးဝ ထွင်းဖောက်၍ မရနိုင်ခဲ့ချေ။ လျှို့ဝှက်သတ္ထုစပ်ကို အသုံးပြုထားသောကြောင့် ကီလိုဂရမ် ၁၈၀ လေးသည့် ဓားဖြင့် ခုတ်ပိုင်းလျှင်တောင် ပျက်စီးလိမ့်မည် မဟုတ်ပေ။
အမှန်စင်စစ်တွင်တော့ ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ် ဝတ်ဆင်ထားသော သံချပ်ကာများက ရှမ့်လန်၏ အမြှောက်ဒဏ်ကို အနီးကပ် အကွာအဝေး၌ မခံနိုင်သော်လည်း မီတာဆယ်ဂဏန်း အကွာအဝေးမှ ဆိုလျှင်တော့ တားဆီးနိုင်စွမ်းရှိ၏။ ထို့အပြင် သူတို့က တစ်စက္ကန့်လျှင် ၁၀ မီတာကျော် ပြေးနိုင်သည်အထိ လျင်မြန်လွန်းလှသည်။
အကယ်၍ အမြှောက်များ၏ သတ်ကွင်းအကွာအဝေးသို့ ဝင်ရောက်သွားလျှင် စက္ကန့်ပိုင်းအတွင်း မြို့ရိုးဆီသို့ ရောက်ရှိသွားပေလိမ့်မည်။ များသောအားဖြင့် တိုက်ခိုက်မှု လှိုင်းတစ်ခုစာလောက်သာ သူတို့ ထိမှန်ခံရနိုင်သည်။
တုံ့ကျန်းဘုရားကျောင်းမှ အထူးဘုန်းကြီးစစ်သည်များက ထွင်းဖောက်၍ မရနိုင်သည့် သံချပ်ကာများကို ဝတ်ဆင်ထားခြင်း မရှိချေ။ မုန်တိုင်းသဖွယ် ကျရောက်လာမည့် အမြှောက်ဆံများကို သူတို့က တားဆီးနိုင်ပါမည်လား။
သူတို့အတွက် ပို၍ပင် လွယ်ကူ၏။ သူတို့၏ လက်နက်များက ၁ ဒသမ ၈ မီတာ ရှည်သော ဓားရှည်ကြီးများပင်။ သူတို့၏ ထူးခြားသည့် တိုက်ကွက်များက ချောင်ယောင်းအာ၏ လျှပ်စစ်ပန်ကာနှင့် ဆင်တူ၏။ သူတို့၏ လက်များကို ယှက်ပြီး ၁ ဒသမ ၈ မီတာ ရှည်သော ဓားများကို တစ်စက္ကန့်လျှင် ၁၀ ကြိမ်ကျော်နှုန်းဖြင့် အံ့မခန်း လှည့်ပတ်စေ၏။
ဤသည်က လူသားတို့၏ အမြန်နှုန်း ကန့်သတ်ချက်ကို ကျော်လွန်နေသည်။ သူတို့က ဓားများကို လှည့်ပတ်နိုင်ရန် အတွင်းအားကို အသုံးပြုနေကြခြင်းဖြစ်ပြီး တကယ့်ကို လျှပ်စစ်ပန်ကာကဲ့သို့ အမြန်နှုန်းရှိသည်။
ထိုမျှတင်မကသေးဘဲ ဤဘုန်းကြီးစစ်သည်များ၏ ဓားများက အထူးပြုလုပ် ဖန်တီးထားခြင်းပင်။ အမြန်နှုန်းဖြင့် လှည့်ပတ်လိုက်သည်နှင့် တပြိုင်နက် ပြင်းထန်သည့် လျှပ်စစ်သံလိုက် ဗဟိုကွာအားတစ်ခုကို ထုတ်လုပ်နိုင်၏။ မည်သည့်မြားမဆို အနားသို့ မကပ်နိုင်ခင် လွင့်စင်သွားရပေလိမ့်မည်။
ရှမ့်လန်၏ အမြှောက်ဆံများလည်း ခြွင်းချက် မရှိချေ။ ထို့ကြောင့် သိပ်သည်းသော သံမဏိကျည်ဆန်များနှင့် မြားမိုးများက သူတို့ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။
ဤသည်က သဘာဝလွန် အင်အားစုများ၏ လျှို့ဝှက်တပ်တော်ဖြစ်၏။ သာမန်စစ်တပ်များနှင့် နှိုင်းယှဉ်လျှင် အရည်အသွေးအရ ကွာခြားလွန်းသောကြောင့် တစ်တန်းတည်းထားကာ ပြောဆိုရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် ရှုတင်းယု၏ သုံးသပ်ချက်က မှန်ကန်၏။ ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်က ပထမ နိဗ္ဗာနတပ်တော်ထက် သာလွန်၏။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က အမေဇုန်တပ်တော်နှင့် တူညီလုနီးပါး ရှိနိုင်ပြီး အနည်းငယ်မျှသာ အားနည်းကောင်း အားနည်းနိုင်သည်။
တုံ့ကျန်းဘုရားကျောင်းမှ အထူးဘုန်းကြီး စစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းရည်က အမေဇုန်တပ်တော် ထက်တောင် သာလွန်နေသေး၏။
................
“ဘုန်း... ဘုန်း...”
ရှမ့်လန်၏ ပြောင်းချောအမြှောက် ရာပေါင်းများစွာတို့က အရူးအမူး ပစ်ခတ်လျက် ရှိနေပြီး ရက်ရက်စက်စက် သတ်ဖြတ်နေဆဲပင်။ မြို့ရိုးမှ မီတာ ၅၀ အကွာတွင် အလောင်းများက တံတိုင်းသဖွယ် ပုံနေလေသည်။
မည်သို့ပင်ဆိုစေကာမူ ကျူးမိသားစု၏ စစ်တပ်က ကြောက်ရွံ့ခြင်းကင်းသည်တော့ မဟုတ်ချေ။ သူတို့က မျက်စိရှေ့မှောက်မှ သတ်ဖြတ်ကွင်းကြောင့် အလွန်တရာ ထိတ်လန့်လို့လာ၏။ သူတို့၏ တက်ကြွသည့် ထိုးစစ်အရှိန်က တဖြည်းဖြည်း ရပ်တန့်သွား၏။ သူတို့၏ ခန္ဓာကိုယ်က သံမဏိဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ သွေးနှင့်သားနှင့် တည်ဆောက်ထားခြင်းဖြစ်သည်။ သံမဏိမုန်တိုင်းကြောင့် ဖြစ်ပေါ်လာခဲ့သည့် သေမင်းတမန် နယ်မြေကို သူတို့ တကယ်ပင် ဖြတ်ကျော်နိုင်စွမ်း မရှိကြပေ။
မင်းသမီးနင်လော့နှင့် ဝူကျောက်ကျုံးတို့က မည်သို့ တင်းကျပ်စွာ အုပ်ချုပ်စေကာမူ စစ်သည်များကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ သူတို့၏ တပ်က မရေတွက်နိုင်သည့် ထိခိုက်သေဆုံးမှုများနှင့် ရင်ဆိုင်နေရပြီး ကျန်သည့်လူများကလည်း အရေအတွက် မများတော့ပေ။
မျက်စိရှေ့မှောက်မှ သည်းထန်စွာ ရွာသွန်းနေသည့် ကျည်ဆန်မိုး၊ မြားမိုးများကို ကြည့်ရင်း သူတို့၏ စိတ်ထဲမှ ကြောက်လန့်မှုကို တွန်းလှန်နိုင်တော့မည် မဟုတ်ပေ။ သူတို့က ဘေးဘက်ဆီသို့ လူစုကွဲကာဖြင့် မြောက်ဘက်နှင့် တောင်ဘက်သို့ အသက်လုကာ ထွက်ပြေးကြတော့၏။