← Chapters

အခန်း (၉၆၇-၉၆၈)

Vol. 58 Ch. 967-968

အခန်း (၉၆၇-၉၆၈)

Vol. 58 Ch. 967-968

အပိုင်း (၉၆၇)

မင်းသမီးနင်လော့နှင့် ဝူကျောက်ကျုံးတို့၏ တပ်များ၏ နောက်တွင် နင်ချီ၏ အင်အားတစ်သိန်းရှိသော စစ်တပ်ရှိ၏။ ထိုစစ်တပ်က ရှမ့်လန်နှင့် လုံးဝတိုက်ခိုက်လိုစိတ် မရှိပေ။ သူတို့ မီတာအနည်းငယ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ရှမ့်လန်၏ အမြှောက်များဆီမှ သံမဏိမုန်တိုင်းဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ချက်ချင်းပဲ အူတိအူကြောင်ဖြင့် ဆွံ့အလျက် ရှိနေ၏။

ဤစစ်မြေပြင်က ကြီးမားကျယ်ပြန့်လွန်း၏။ စစ်တပ်၏ အလယ်မှ မြင့်မားသော စင်မြင့်တွင်ရပ်၍ တိုက်ပွဲ၏ အဖြစ်အပျက်ကို ကြည့်ရှုနိုင်သူမှလွဲ၍ သာမန်စစ်သည်များ၏ အမြင်အာရုံက အကန့်အသတ်ရှိသည်။

သူတို့က ရှေ့မှ မဲနက်နေသည့် လူခေါင်းများကိုသာ မြင်ရပြီး သတ်ဖြတ်ကွင်းအတွင်းသို့ အတိအကျ မမြင်နိုင်ကြချေ။ ထိုသို့မဟုတ်ပါက သူတို့က စောစောစီးစီး ပြိုလဲလောက်ပေပြီ။ ဒူးများပင် ခွေယိုင်၍ ပြေးရ လောက်၏။

ဤအချိန်တွင်တော့ နင်ချီ၏ အင်အားတစ်သိန်းတပ်က ရှမ့်လန်၏ အမြှောက်များဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရ၏။ သူတို့က ရှေ့တွင် ပြွတ်သိပ်လျက် ရှိနေသည့် အလောင်းပုံများကို မြင်လိုက်ရပြီး သူတို့၏ ရှေ့မှ စစ်တပ်ကြီး အသက်လုထွက်ပြေးနေသည်ကို မြင်လိုက်ရသည်။

စကားတစ်ခွန်းမှပင် မဆိုတော့ဘဲ သူတို့က မြောက်ဘက်နှင့် တောင်ဘက်သို့ တိုက်ရိုက် ထွက်ပြေးကြ၏။ အများစုက မြောက်ဘက်မြို့တော်ရှိရာ အရပ်သို့ ဦးတည်ပြေး၏။ ပြေးသွားနေရင်းနှင့် သူတို့က စိတ်လှုပ်ရှား နေ၏။ ‘အရှင်ရှမ့်လန်က ဒီလောက်တောင် စွမ်းအားကြီးတာလား။’

ဤတိုက်ပွဲက ပြတ်သားရှင်းလင်းလိမ့်မည် မဟုတ်ဟု ထင်ရ၏။ ထို့အပြင် ရှမ့်လန်၏ အမြှောက်တပ်များက ပစ်ခတ်မှုကို ခေတ္တမျှ ရပ်တန့်၏။ အမြှောက်များက အပူချိန်လွန်ကဲသွားသောကြောင့် မဟုတ်ဘဲ သူတို့၏ ဘက်တော်သား ဖြစ်လာနိုင်သည့် ဤလူစုကို မသတ်ဖြတ်လိုသောကြောင့်ပင်။

ခံတပ်မြို့ရိုးပေါ်တွင် ရှိနေသည့် ကျုံးရှစ်ရှစ်က ဤမြင်ကွင်းကို မြင်ချိန်မှာတော့ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ နင်ချီက သူ၏အမျိုးဖြစ်သလို ဝမ်းကွဲအစ်ကိုလည်း ဖြစ်၏။ သူမက စစ်မြေပြင်တွင် နင်ချီနှင့် မတွေ့ဆုံလိုသည်က အမှန်ပင်။ ကျူးမိသားစုက ကာလရှည်ကြာ နင်ချီအပေါ် သစ္စာစောင့်သိခဲ့ပြီး ထောက်ခံ အားပေးခဲ့သည်။

သို့သော်ငြား ယခုအချိန်တွင် နင်ချီက တကယ့်ကို မွန်းကြပ်လို့နေ၏။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း နေ့ရက်တိုင်းက သူ့အတွက် တကယ့်ကို မွန်းကြပ်ပြီး မသက်မသာ ဖြစ်စေ၏။ သူက လမ်းပျောက်နေသောကြောင့် ဝိညာဉ် ပျောက်ဆုံးနေသူ တစ်ယောက်ကဲ့သို့ပင်။

ယခုအချိန်တွင်တော့ သူက အစွမ်းကုန် ကြိုးစားပြီး ရှမ့်လန်ကို တိုက်ခိုက်မည်။ ကံတရားအတိုင်းသာ ဖြစ်ပါစေတော့ဟု ကြံရွယ်ထား၏။ သို့သော်ငြား စစ်တပ်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာက သူ ထင်မှတ်ထားသည်ထက် ပို၍ နိမ့်ကျနေ၏။ စစ်သည်များက သူ့ထက်ပင် ပိုမိုကာ စိတ်ရှုပ်ထွေးနေကြ၏။ ရှမ့်လန်၏ အမြှောက်များနှင့် ရင်ဆိုင်ရသည်နှင့် တပြိုင်နက် ထွက်ပြေးကြတော့၏။

စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီးနောက် သူသည်လည်း ထွက်ပြေးရ၏။ ထွက်ပြေးရခြင်းမှာ ရှမ့်လန်၏ အမြှောက် များက သူ့ကို ဒုက္ခပေးနိုင်သောကြောင့် မဟုတ်ပေ။ ဤအင်အားတစ်သိန်းတပ် ပျက်စီးသွားပြီ ဖြစ်သောကြောင့် တပ်များ ပြိုကွဲမသွားစေရန် နောက်မှလိုက်ကာ ပြန်လည်စုစည်းလိုသောကြောင့်ပင်။

ကျူးကျွင်းက ဤမြင်ကွင်းကို မြင်ချိန်မှာတော့ စိတ်ထဲတွင် သက်ပြင်းချမိ၏။ ‘လောကသားတွေရဲ့ စိတ်နှလုံးဟာ ကျန်းဆီမှာ ရှိနေတာ။ ကျိဆီမှာ မဟုတ်ဘူးပဲ။’

ကံကောင်းသည်က ဤတိုက်ပွဲအတွက် သူတို့က သာမန်စစ်သား တစ်သိန်းကိုသာ အားကိုးမထားခြင်းပင်။ ထိုစစ်သည်တို့ကို အစတေးခံများအဖြစ်သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

နင်ချီ၏ အင်အားတစ်သိန်းတပ် ထွက်ပြေးသွားပြီးနောက် စစ်မြေပြင်တွင် ကျန်ကျောင်း၏ အင်အား တစ်သိန်းတပ်၊ ယင်ယွမ်အဖွဲ့အစည်းနှင့် တုံ့ကျန်းဘုရားကျောင်းမှ အင်အား သုံးသောင်းခန့်သာ ကျန်တော့၏။

စစ်သည်များ ဆုတ်ခွာသွားခြင်းကြောင့် တိုက်ပွဲက ပြီးဆုံးမသွားဘဲ အထွတ်အထိပ်သို့ ထပ်မံရောက်ရှိလာ လေသည်။

အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းတစ်ခုက ပေါ်လာ၏။ မူလက ကျန်ကျောင်း၏ အင်အားတစ်သိန်းတပ်က ရှေ့ဆုံးမှ တိုက်စစ်ဆင်နေခြင်း ဖြစ်သော်လည်း ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေး စစ်သည်နှစ်သောင်းက အလွန်လျင်မြန်၏။

သူတို့က ဓားမြှောင်တစ်ခု၏ ပုံစံတိုင်း ချီတက်နေပြီး လူနှစ်သောင်းက ဧရာမ ဓားမြှောင်ကြီး အလက် ၂၀ ကဲ့သို့ ဖြစ်သည်။ သူတို့က ကျန်ကျောင်း၏ အင်အားတစ်သိန်းတပ်ကို လျင်မြန်စွာ ထိုးဖောက် ဝင်ရောက်သွားခဲ့ကြသည်။

ကျန်ကျောင်း၏ အင်အားတစ်သိန်းတပ်က အဖြူရောင်သံချပ်ကာများကို ဝတ်ဆင်ထားပြီး ယင်ယွမ် အဖွဲ့အစည်း၏ သံမဏိသွေးစစ်သည်များက အနက်ရောင်သံချပ်ကာကို ဝတ်ဆင်၏။ သူတို့က တကယ့်ကို တောက်ပနေသည့် ဓားမြှောင်များကဲ့သို့ပင်။ သူတို့က လျင်မြန်ရုံသာမက စနစ်တကျလည်းရှိ၏။ လူနှစ်သောင်းက လူတစ်ယောက်ကဲ့သို့ပင်။ သူတို့ ဖွဲ့စည်းထားသည့် ဓားမြှောင်ပုံစံက လုံးဝ ပြိုကွဲသွားခြင်း မရှိပေ။

အစပိုင်းတွင် သူတို့က တစ်စက္ကန့်လျှင် ၁၀ မီတာနှုန်းဖြင့် လျင်မြန်စွာ ပြေး၏။ သို့သော်ငြား ကျန်ကျောင်း၏ တပ်ထဲသို့ ဝင်ရောက်ပြီးနောက် သူတို့၏အရှိန်က ချက်ချင်းလျော့ကျသွား၏။ အဘယ်ကြောင့်ဆိုသော် သူတို့က ကျန်ကျောင်း၏ တပ်ထဲတွင် ပုန်းအောင်းနေရမည် ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ကျန်ကျောင်း၏ အင်အားတစ်သိန်းတပ်က ထူးဆန်းနေပုံပေါ်၏။ သူတို့ ပြေးလွှားနေရင်း ယင်ယွမ်အဖွဲ့အစည်း ၏ သံမဏိသွေးတပ် စစ်သည်များကို ကြည့်မိကြ၏။

ကိုယ့်ကိုယ်ကိုယ် သူတစ်ပါးနှင့် နှိုင်းယှဉ်ရသည်က ဒေါသထွက်စရာကောင်းသည်ဟု သူတို့ ခံစားမိသည်။ ဤလောကကြီးထဲတွင် ဤမျှ အထက်တန်းကျသည့် စစ်တပ်မျိုး ရှိနေသည်လား။

ထိုသူတို့က ခိုင်ခံ့သည့် အဖြူရောင် သံမဏိချပ်ကာများကို ဝတ်ဆင်ထားပြီး ကျောတွင် အင်အားကောင်းလွန်းသည့် လေးနှင့်မြားဘူး ငါးဘူးကို လွယ်ထား၏။ ခါးတွင် ဓားကောက်များကို ချိတ်ဆွဲထားပြီး လက်ထဲတွင်လည်း မိုဓားရှည်များကို ကိုင်ဆောင်ထားကြသေးသည်။

သူတို့သယ်ဆောင်ထားသည့်ဝန်က မည်မျှလေးလံမည်နည်း။ တခြားသော စစ်သည်များသာဆိုပါက လမ်းပင် လျှောက်နိုင်လိမ့်မည် မဟုတ်သော်လည်း ထိုသူတို့က လျှပ်စီးကဲ့သို့ လျှပ်လျှပ်ထကာ ပြေးလွှားနေ၏။

မီတာ ၃၀၀ အတွင်းသို့ ရောက်သည်နှင့် ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးစစ်သည် နှစ်သောင်းက ပြေးရင်းလွှားရင်း မြားများကို ပစ်ခတ်ကြ၏။ မြို့ရိုးအောက်သို့ ရောက်သည်နှင့် ရန်သူကို အဆုံးသတ်ပေလိမ့်မည်။ သူတို့၏ လက်ထဲရှိ ဓားရှည်များက သစ်သားမြို့ရိုးများကို အပိုင်းပိုင်းဖြစ်အောင် လွယ်လွယ်ကူကူ ခုတ်ပိုင်းနိုင်သည်။

ကျန်ကျောင်းက ဤစစ်တပ်ကို မြင်ချိန်မှာတော့ စိတ်ထဲ၌ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သဘာဝလွန် အင်အားစုများမှ ထောက်ပံ့ပေးထားသည့် စစ်တပ် ထွက်ပေါ်လာသည့်အချိန်မှာတော့ သာမန်စစ်သည်များ၏ ခေတ်က ကုန်ဆုံးသွားခဲ့၏။ ရှမ့်လန်၏ နိဗ္ဗာနတပ်ပင်လျှင် ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ် လောက် အင်အားမကြီးပေ။

တပ်တော်၏အလယ် စင်မြင့်ပေါ်၌ ရှိနေသည့် ရှုတင်းယုက စိတ်သက်သာရသလို သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။

သူက ကျူးကျွင်းအား လှမ်းပြောသည်။ “အုပ်ချုပ်ရေးမှူးကျူး... ကြက်သတ်ဖို့ သားသတ်ဓားကို သုံးစရာ မလိုပါဘူး။ သခင်လေး ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်တပ် လှုပ်ရှားစရာ မလိုဘူး။ ကျုပ်ရဲ့ သံမဏိသွေးတပ် တစ်ခုတည်းနဲ့တင် ရှမ့်လန်ကို မျိုးဖြုတ်ဖို့ လုံလောက်တယ်။

ဒီနေ့ တိုက်ပွဲမှာ ကျုပ်ရဲ့ သံမဏိသွေးတပ်က ကျုပ်ရဲ့ အရှက်ရမှုကို အပြည့်အဝ လက်စားချေလိမ့်မယ်။ နုရှောင်မြို့ တိုက်ပွဲတုန်းက သံမဏိသွေးတပ် ပြိုလဲသွားခဲ့တာက ကျုပ်တို့ အင်အားနည်းပါးလို့ မဟုတ်ဘူး။ စေတီတောင်ရဲ့ အဆိပ်ပိုးမွှားတွေကြောင့်ပဲ။”

ရှုတင်းယု ဤမျှ ယုံကြည်နေခြင်းက အပြစ်ဟူ၍ မဆိုသာချေ။ သံမဏိသွေးတပ်က တကယ့်ကို စွမ်းအား ကြီးမား၏။ လက်ရှိအခြေအနေအရ သံမဏိသွေးတပ်၏ စွမ်းဆောင်ရည်ပြပွဲက မကြာခင် စတင်ပေတော့မည်။

မီတာ ၃၀၀ အတွင်းသို့ ဝင်ရောက်သည့် အချိန်၌ သံမဏိသွေးတပ်က ပြန်လည် တိုက်စစ်ဆင်နိုင်ပေလိမ့်မည်။ မြို့ရိုးသို့ ရောက်သည့်အချိန်တွင် သံမဏိသွေးတပ်က အနိုင်ယူပေလိမ့်မည်။

ရှုတင်းယုက ပြုံးကာ ပြော၏။ “ဆရာတော် ခွန်ကျန့်... ခင်ဗျားတို့ တုံ့ကျန်းဘုရားကျောင်းက စစ်သည်တော်တွေ လှုပ်ရှားစရာတောင် လိုမယ်မထင်ဘူး။ ခင်ဗျားတို့ရဲ့တပ်က ပိုပြီး အင်အားကြီးမားပါတယ်။ ရှမ့်လန်ကို ဒီလောက်ကြီး အထင်ကြီးနေစရာ မလိုဘူး။ သခင်လေး ကျူးဟုန်ရွှဲ့က စစ်မြေပြင်ကို မလာတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ သူက ရလဒ်ကို သိပြီးသား ဖြစ်နေတာကိုး။”

ကျူးကျွင်းက ပြုံးရုံသာ ပြုံးပြီး ဘာမှမပြောချေ။ စစ်မြေပြင်တစ်ခုလုံး၏ စည်းချက်က နှေးကွေးသွားပုံပေါ်၏။ နင်ချီ၏ စစ်သည်တစ်သိန်းက တိုက်ပွဲ၌ အနှောင့်အယှက် မဖြစ်စေရန် အမြန်ထွက်ခွာသွားခဲ့ သလိုပင်။

ကျန်ကျောင်း၏ စစ်သည်တစ်သိန်းက ကစဉ့်ကလျား ဖြစ်မနေတော့ချေ။ ထိုအစား သူတို့က တပ်ဖွဲ့စည်းပုံကို စုစည်းကာဖြင့် စနစ်တကျ ချီတက်လာ၏။ အဘယ်ကြောင့်ဆိုသော် တာဝန်က ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

သူတို့ ရှမ့်လန်ကို တိုက်ခိုက်ရန် မလိုအပ်တော့ချေ။ သူတို့၏ တစ်ခုတည်းသော တာဝန်က ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်ကို ဖုံးကွယ်ထားပေးရန်သာ။

ရှမ့်လန်၏ အမြှောက်များက လုံးဝပစ်ခတ်မှု ရပ်တန့်သွား၏။ ရန်သူ့စစ်သည် တစ်သိန်း စနစ်တကျ နီးကပ်လာသည်ကို တိတ်တဆိတ် စောင့်ကြည့်နေ၏။

မီတာ ၂၀၀၀...

စင်မြင့်ပေါ်၌ အလံတလူလူ လွင့်ပျံလျှက် ရန်သူ၏ အကွာအဝေးကို လူတိုင်းအား အသိပေးနေသည်။

ရှမ့်လန်က ရန်သူ၏ စစ်သည်တစ်သိန်း သုံးသောင်းကို လှမ်းကြည့်၏။ ထိုသူတို့က တကယ့်ကို စတုရန်းကွက်ပုံ စနစ်တကျ ရှိ၏။ စောစောက ရူးသွပ်စွာ ဝင်ရောက်တိုက်ခိုက်သူများနှင့် လုံးဝခြားနား၏။

ကျုံးရှစ်ရှစ်က သူမ၏ ဓားကို ဆွဲထုတ်၏။ ဘေးရှိ အစ်ကိုဖြစ်သူကို လှမ်းကာ ကြည့်လိုက်သည်။

“ဒီတစ်ခါ တိုက်ခိုက်ဖို့ အလှည့်ရောက်ပြီ။ ရှမ့်လန်ရဲ့ အမြှောက်တွေက စွမ်းအားကြီးပေမဲ့ ယင်ယွမ်အဖွဲ့အစည်းနဲ့ တုံ့ကျန့် တပ်တော်ကိုတော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။”

“ဘုန်း... ဘုန်း...”

စစ်သည်တစ်သိန်းက စတုရန်းပုံစံ တစ်ဒါဇင်ကျော်ဖြင့် စနစ်တကျ ချီတက်လာ၏။

ရှမ့်လန်၏ ရှေ့ရှိ ဝိုင်နီခွက်က လှုပ်ခတ်လျက်ရှိသည်။

၁၉၀၀ မီတာ .....။ အလံကိုင် တပ်သားများက အလံကို ဝှေ့ယမ်း၏။

အမြှောက်တပ်သားများက သူတို့၏ရှေ့ရှိ အကွာအဝေးချိန်ခွင်ကို တွန်းရွှေ့၏။ သူတို့က ရန်သူ၏ ပုံသဏ္ဍာန် အပြည့်အစုံကို မမြင်ရဘဲ အမိန့်အတိုင်းသာ ပစ်ခတ်နိုင်သည်။

၁၈၀၀ မီတာ... ၁၇၀၀ မီတာ။ ဤအကွာအဝေးတွင် သူတို့က ပစ်ခတ်နိုင်ပြီ ဖြစ်၏။ ပြောင်းရစ်ပါ အမြှောက်များက ဤအကွာအဝေးကို လုံးဝ ထိမှန်အောင် ပစ်နိုင်၏။

သို့သော်ငြား ရှမ့်လန်က ဘာမှမပြောသေးချေ။ သူက ရန်သူကို ပိုမို နီးကပ်စေလို၏။ ထို့အပြင် ပြောင်းရစ်ပါ အမြှောက် ၁၀၀ လုံးကို အမြောက်ဆံဖြည့်ပြီးသားပင်။ သတ်မှတ်ထားသည့် အကွာအဝေးက မီတာ ၁၅၀၀ ဖြစ်၏။ အမြှောက်များက သတ်မှတ်အကွာအဝေးတစ်ခုကို ချိန်ညှိထားနိုင်သည်။

အကယ်၍ ပို၍ ဝေးဝေးပစ်ချင်လျှင် ယမ်းမှုန့်၏ ပမာဏကို တိုးရပေမည်။ အကယ်၍ ပို၍ နီးနီးပစ်ချင်လျှင် ယမ်းမှုန့်၏ ပမာဏကို လျှော့ချရပေမည်။

၁၆၀၀ မီတာ... ၁၅၀၀ မီတာ။ ရန်သူက တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်းသို့ တရားဝင် ဝင်ရောက်လာ၏။

ရှမ့်လန်က ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပဲ စင်မြင့်ပေါ်မှ အလံကိုင်သူ တစ်ဒါဇင်ကျော်က အရူးအမူး ကခုန်ကဲ့သို့ အလံများကို ဝှေ့ယမ်းကြ၏။ “အရှင့်အမိန့်တော်... ပစ်... ပစ်... ပစ်...။”

ပြီးနောက် တစ်ခါမှ ပစ်ခတ်ခြင်း မရှိသေးသည့် ပြောင်းရစ်ပါ အမြှောက် ၁၀၀ က စတင်ပစ်ခတ်တော့သည်။

“ဘုန်း... ဘုန်း... ရွှီ... ရွှီ...”

အမြှောက်ဆံ ၁၀၀ က မကြုံစဖူး အမြန်နှုန်းနှင့် လေကို ခွင်းကာ ထွက်သွား၏။ လေထုကို ဆုတ်ဖြဲပြီး နားကွဲမတတ် အသံများ ဆက်တိုက် ထွက်ပေါ်စေ၏။

ကောင်းကင်ယံတွင် မျဉ်းဖြောင့်တစ်ကြောင်း ဆွဲလိုက်သကဲ့သို့ပင်။ ထိုအရာက တကယ့်ကို လျှပ်စီးတမျှပင် မြန်ဆန်လှ၏။ ပြီးနောက် ဤအမြှောက်ဆံများက ရန်သူ့ခေါင်းပေါ်သို့ ပြုတ်ကျသည်။

ပြီးနောက် လောကတစ်ခုလုံး တုန်လှုပ်စေသည့် မြင်ကွင်းဖြစ်လာ၏။

“ဘုန်း... ဘုန်း...”

အရူးအမူး ပေါက်ကွဲမှုများနှင့်အတူ မီးပွင့်ပေါင်း ရာပေါင်းများစွာက ပွင့်ဖူးလာ၏။ နားကွဲလုမတတ် အသံကြီးက တကယ်ပဲ နားစည်များကို ပွင့်ထွက်သွားမတတ်ပင်။

ရန်သူ့တပ်ဖွဲ့၏ စတုရန်းပုံစံကွက်က တကယ့်ကို ခမ်းနားထည်ဝါ၏။ သို့သော်ငြား ယခု အရှင်လတ်လတ် ဆုတ်ဖြဲခြင်းကို ခံနေရ၏။ မရေတွက်နိုင်သည့် ရန်သူများက အမှုန့်မဖြစ်မီ ဘာဖြစ်သွားမှန်းပင် မသိလိုက်ရချေ။ အလောင်းကောင်များက အကောင်းပကတိပင် ရှာမတွေ့နိုင်တော့ပေ။ ဤသည်ကလည်း ကောင်းချီး မင်္ဂလာတစ်ခု ဖြစ်နေသေးသည်။

ပို၍ဆိုးဝါးသည်က တိုက်ရိုက် လွင့်စင်သွားသူများ ဖြစ်၏။ ပြတ်နေသည့် ခြေလက်များက နေရာအနှံ့သို့ လွင့်ပျံနေ၏။

မရေတွက်နိုင်သည့် ရန်သူများက ကောက်ရိုးရုပ်များ ကဲ့သို့ပင် လေထဲသို့ လွင့်စင်သွား၏။ သူတို့က သွေးအန်ကြ၏။ နံရိုးများ ကျိုးကြေကုန်ကြ၏။ ကိုယ်တွင်းအင်္ဂါများ စုတ်ပြဲကုန်ကြ၏။ မြေပြင်ပေါ်သို့ ပြန်ကျလာချိန်တွင် သေဆုံးကြပြီး ဖြစ်သည်။

ဤသည်က တကယ့်ကို သတ်ဖြတ်ပွဲကြီး တစ်ခုပင်။

အမြောက်ဆံတစ်ခု ပေါက်ကွဲသွားတိုင်း စတုရန်းမီတာ ၆၀၀ အတွင်းရှိ လူအားလုံးက သေဆုံးခြင်း သို့မဟုတ် ဒုက္ခိတများ ဖြစ်ကုန်၏။ ပထမအကျော့ ပစ်ခတ်မှုကပင် ထိခိုက်သေဆုံးသူ ၃၀၀၀ မှ ၄၀၀၀ အထိ ရှိ၏။

မီတာ ၁၅၀၀ အကွာအဝေးမှ ပစ်ခတ်ရန် ရှမ့်လန် အမိန့်ပေးလိုက်သည်ကို မြင်တည်းက တစ်ခုခု မှားယွင်းနေကြောင်း ကျူးကျွင်း ခံစားမိ၏။ သို့သော်ငြား သူတစ်ခါမှ မမြင်ဖူးသည့် မြင်ကွင်းကို မြင်ရ၏။ ဤအမြင့်မှနေ၍ သူက ရှင်းလင်းစွာ မြင်နိုင်၏။ မီးပွင့်ပေါင်း ရာကျော် ပေါက်ကွဲသွားသည်။

သူ၏ စစ်သည်ပေါင်း တစ်သိန်းကျော်တို့က ချက်ချင်းဖရိုဖရဲ ဖြစ်ကုန်၏။ လောကကြီးတစ်ခုလုံးတွင် ပေါက်ကွဲသံမှလွဲ၍ တခြား ဘာမှမရှိတော့သကဲ့သို့ပင်။ မီးတောက်များ ပျောက်ကွယ်ပြီးနောက် စစ်တပ်ကြီး တည်ရှိရာနေရာတွင် ကြီးမားလွန်းသည့် အပေါက်ကြီး ၁၀၀ကျော် နှင့် မရေတွက်နိုင်သည့် အပိုင်းပိုင်း ပြတ်နေသော အလောင်းများသာ ကျန်ရှိတော့၏။

ရှုတင်းယုက ဦးရေပြားများ ထုံကျင်သွား၏။ သူ၏ သံမဏိသွေးတပ်က သန်မာသော်လည်း ဤမျှပြင်းထန်လွန်းသည့် တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရည်မရှိချေ။

ရှမ့်လန်၏ အမြှောက်ထိမှန်ပြီးနောက် ကံကောင်းသွားသူများက တိုက်ရိုက် လွင့်စင်၏။ မြေကြီးပေါ် ပြန်ကျသည့်အချိန်တွင် သွေးအန်ပြီး အရိုးတစ်ချောင်း ကျိုးသွားရုံမျှသာ။ ကံဆိုးသူများကတော့ ခဲဆံများ မျက်လုံးနှင့် လည်ပင်းထဲသို့ တိုက်ရိုက်စိုက်ဝင်ပြီး ချက်ချင်းသေဆုံး၏။

ခဲဆံများ၏ စွမ်းအားက တကယ့်ကို တုန်လှုပ်စရာပင်။ ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားသည်နှင့် ချက်ချင်း လှီးဖြတ်သွားခဲ့၏။

လူတိုင်းက ကျူးကျွင်းကို လှည့်ကြည့်၏။ ဘာဆက်လုပ်သင့်သနည်း။

ကျူးကျွင်း၏ နှလုံးသားများက တုန်ယင်နေ၏။ ရှမ့်လန်၌ တကယ်ပဲ စွမ်းအားကြီးသည့် လျှို့ဝှက်လက်နက်များ ရှိလို့နေသည်။ ထိုအရာများ၏ ဖျက်ဆီးနိုင်စွမ်းက မီတာ ၁၅၀၀ အကွာအဝေးမှ ရန်သူကို သတ်ဖြတ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းလို့နေသည်။

အပိုင်း (၉၆၈)

ကျူးကျွင်းက ရှေးဟောင်းလက်နက်များအကြောင်းကို မသိနားမလည်သူ မဟုတ်ပေ။ ၂ ကီလိုမီတာ၊ ၃ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပြီး တိကျမှု အလွန်မြင့်မားသော ရှေးဟောင်းအထူး ဒူးလေးကြီးများ ရှိကြောင်း သူ သိ၏။ သို့သော်ငြား ဤဒူးလေးကြီးများက ကြီးမားပြီး ဒူးလေးတစ်ခုချင်းစီတိုင်းကလည်း တန်ဖိုးကြီး၏။ အရေးအကြီးဆုံးက ထိုအရာများ၏ ထိုးဖောက်နိုင်စွမ်းအားက အံ့မခန်းပင်။

“သတ်... သတ်... လူစုခွဲပြီး သတ်ကြ။” ကျူးကျွင်းက ကျယ်လောင်စွာ အမိန့်ပေး၏။ သူ၏အမိန့် မပါဘဲနှင့် ကျန်ကျောင်း၏ လူအင်အား တစ်သိန်းခန့်က လူစုကွဲနေပြီ ဖြစ်သလို ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေး တပ်ကလည်း ထိုနည်းလည်းကောင်းပင်။

စစ်မြေပြင်က ယခင်က အခြေအနေသို့ ပြန်ရောက်သွား၏။ စစ်သည်တစ်သိန်းက သားရဲများကဲ့သို့ပင် ပြေးလွှားလျက်ရှိ၏။ ရှမ့်လန်၏ ပစ်မစခန်းကို ဝင်ရောက်တိုက်ခိုက်ကြ၏။ ၉ စက္ကန့်သာ ကြာ၏။ ဤပစ်ခတ်နှုန်းက ခေတ်ပေါ်အမြှောက်များထက် ထက်ဝက်ခန့် နှေးသော်လည်း လုံလောက်သည်ထက် ပိုနေပြီ ဖြစ်၏။

ဒုတိယအကြော့၏ အမြှောက် ပစ်ခတ်မှုက စတင်လေပြီ။

“ဘုန်း... ဘုန်း။” အမြှောက်ဆန် ၁၀၀ က ရန်သူ့အပေါ်သို့ ထပ်မံကျရောက်၏။ အရူအမူး ထပ်မံ ပေါက်ကွဲပြန်သည်။ အလောင်းကောင်များက နေရာအနှံ့သို့ လွင့်ပျံပြီး အရိုးများ ကြေကုန်သည်။

“သတ်... သတ်...” ကျန်ကျောင်းက အသံအကျယ်ကြီးဖြင့် ဟိန်းဟောက်၏။

ကျူးမိသားစု၏ စစ်သည် တစ်သိန်းက ခေါင်းငုံ့ပြီး ရှေ့သို့ တိုးဝင်ကြ၏။ ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်က ကျူးမိသားစု စစ်တပ်ထဲတွင် ပုန်းအောင်းနေကြဆဲ ဖြစ်ပြီး သူတို့၏ ထိခိုက်သေဆုံးမှုကို လျော့ချရန် ကြိုးစား၏။ တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များက စစ်တပ်၏ နောက်တွင် ရှိနေသောကြောင့် သူတို့၏ ထိခိုက်သေဆုံးမှုက အနည်းဆုံးပင်။

“ဘုန်း... ဘုန်း...”

တတိယအကြော့၊ စတုတ္ထအကြော့၊ ပဉ္စမအကြော့။

ကျူးမိသားစု၏ စစ်တပ်က သာမန်စစ်တပ်သာ ဖြစ်၏။ သူတို့က သံမဏိဖြင့် ပြုလုပ်ထားခြင်း မဟုတ်ချေ။ ရှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကို ခံရပြီးနောက် သူတို့၏ ထိခိုက်သေဆုံးမှုက အံ့အားသင့်စရာ ကောင်းလောက်အောင် တစ်သောင်းအထိ ရောက်ရှိသွား၏။ စိတ်ဓာတ်များကလည်း အလုံးစုံ ပြိုလဲကျကုန်၏။

သာမန်တိုက်ပွဲသာ ဖြစ်ပါက သူတို့က ဤထက်ပိုသည့် ထိခိုက်သေဆုံးမှုကို ခံနိုင်ရည် ရှိသေး၏။ သို့သော်ငြား သူတို့ရှေ့မှ တိုက်ခိုက်နေသည့် တိုက်ပွဲက ကြောက်မက်ဖွယ်ရာ ကောင်း၏။ ရှမ့်လန်၏ လက်နက်များက မိုင်အနည်းငယ်အကွာမှ ပစ်ခတ်ခြင်းဖြစ်ပြီး ထိမှန်သည်နှင့် စစ်သည်များက အလောင်းပင်မကျန်ပဲ သေဆုံးသည်။

အကြမ်းတမ်းဆုံး စစ်သားများပင်လျှင် ခံနိုင်ရည် မရှိကြချေ။ ဤသည်က မည်ကဲ့သို့သော လက်နက်မျိုး ဖြစ်သနည်း။ ဤသည်က မိုးကြိုးပစ်ချခြင်းလက်နက်ကဲ့သို့ ဖြစ်ပြီး မိုးကြိုးနတ်ဘုရား၏ အမျက်ဒေါသ ကဲ့သို့ပင်။

ပေါက်ကွဲမှု မထိမှန်သည့် စစ်သည်များပင်လျှင် ကျယ်လောင်လွန်းသည့် ပေါက်ကွဲသံကြောင့် လိပ်ပြာ လွင့်မတတ် ကြောက်လန့်ကုန်၏။ သူတို့၏ နားများက အူနေပြီး မည်သည့်အသံကိုမှ မကြားရတော့ချေ။ လက်များကို ဆန့်ထုတ်ပြီး စမ်းသပ်ကြည့်လေရာ လက်များတွင်လည်း သွေးများ ဖုံးလွှမ်းနေ၏။

ဤအချိန်မှာတော့ ကျန်ကျောင်းက အစွမ်းကုန် အော်ဟစ်သည် ဆိုလျှင်တောင်မှ သူ၏လက်အောက်တွင် ရှိနေသည့် ကွပ်ကဲရေးတပ်များကို အစွမ်းကုန် ခိုင်းစေနိုင်ခြင်း မရှိတော့ချေ။ အသံကို မကြားရသောကြောင့်ပင်။

စစ်သည် ၈ သောင်းတို့က အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးကုန်၏။ မြောက်နှင့် တောင်ဘက်သို့ ထွက်ပြေးရုံ သာမက တချို့က နောက်လှည့်၍ပင် ပြေး၏။ သရဲတစ္ဆေများ၏ ညည်းညူသံများ၊ ဝံပုလွေများ၏ အူသံကဲ့သို့ပင် အသံပေါင်းများမြားစွာ ထွက်ပေါ်လျက် ရှိနေသည်။ အားလုံးက ဖရိုဖရဲ ကွဲသွားခဲ့သည်။

ကျန်ကျောင်း၏ တပ်များ ထွက်ပြေးသွားခဲ့ပြီးနောက် ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်နှင့် တုံ့ကျန်း ဘုရားကျောင်းမှ အထူးဘုန်းကြီးစစ်သည်များက အကာအကွယ်မဲ့သွား၏။ ရှမ့်လန်၏ အမြှောက်များ ရှေ့တွင် တိုက်ရိုက်ပေါ်ပေါက်လာ၏။ သို့သော်ငြား ဤနည်းအားဖြင့် ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်က အရှိန်ကို ထိန်းချုပ်စရာ မလိုတော့ဘဲ အမြန်ဆုံးနှုန်းဖြင့် ပြေးလွှားနိုင်၏။

“တက်ကြ...”

အမိန့်သံ အဆုံးမှာပဲ ကျန်ရှိနေသည့် သံမဏိသွေးတပ် တစ်သောင်းက ရုတ်တရက် လူစုဖြန့်ခွဲပြီး မြို့ရိုးဆီသို့ တိုက်ရိုက် တိုးဝင်၏။ သူတို့၏ကျောပေါ်တွင် ဝန်များစွာ ရှိသော်လည်း သူတို့၏ပြေးနှုန်းက ၁ စက္ကန့်လျှင် ၇ မီတာအထိ အံ့မခန်း ရောက်ရှိနေဆဲပင်။

သူတို့က တကယ်ကို နိဗ္ဗာန တပ်တော်ထက် သာလွန်၏။ အမြန်နှုန်းက အလွန်ပင် လျင်မြန်လွန်းလှပြီး တပ်ဖွဲ့စည်းပုံကလည်း တကယ်ကို ကျဲပါးသောကြောင့် ရှမ့်လန်အတွက် အားနည်းချက် ဖြစ်စေ၏။ အမြှောက် ၁၀၀ ဖြင့် ထိုသူတို့ကို အပြည့်အဝ ဖုံးလွှမ်းရန် ခက်ခဲသည်။

သို့သော်ငြား နောက်ထပ် ပစ်ခတ်မှုအလှည့်ကတော့ အမြှောက် ၁၀၀ မဟုတ်ဘဲ ၅၀၀ ဖြစ်လာ၏။ ပြောင်းချောအမြှောက် ၄၀၀ က ပစ်ခတ်ခြင်းပင်။

ပြောင်းချောအမြှောက်များက ဝေးဝေးမပစ်နိုင်သလို အမြှောက်ဆန်များ၏ ပျံသန်းနှုန်းက နှေးကွေးပြီး တိကျမှု မမြင့်မားပေ။ ယမ်းအားကလည်း မကြီးမားချေ။ သူတို့က ပြောင်းရစ်ပါ အမြှောက်များ၏ နောက်တွင် ပြတ်ကျန်ခဲ့၏။ သို့သော်ငြား ဤအချိန်တွင် လိုအပ်နေသည့် ပစ်ခတ်မှု ဖုံးလွှမ်းနိုင်စွမ်းပင်။

အမြှောက် ၅၀၀ ဆိုသည်က ၁၀ ကီလိုမီတာ ကျယ်ဝန်းသည့် စစ်မြေပြင်ကို ဗုံးကြဲသကဲ့သို့ ပစ်ခတ်ရန် လုံလောက်ပေ၏။

“ဘုန်း... ဘုန်း...” အမြှောက် ၅၀၀ က စတုရန်းမီတာ ၂ သိန်းအထိ အံ့မခန်း ဖုံးလွှမ်းထားသည်။

ဤအကွာအဝေးတွင် ယင်ယွမ်အဖွဲ့အစည်း၏ အင်အားကြီးမားလှပါသည် ဆိုသော သံမဏိသွေးတပ်ပင် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ စင်မြင့်ထက်တွင် ရပ်နေသည့် ရှုတင်းယု က သွေးပွက်ပွက် အန်မိ၏။

သူ၏ သံမဏိသွေးတပ်က ပြိုင်ဘက်ကင်းရဲရင့်ပြီး ထိတ်လန့်ဖွယ်ရာ အမြှောက်များကြားတွင် အရူးအမူး ရှေ့သို့ တိုးဝင်နေ၏။ သူတို့၏ အမြန်နှုန်းက လုံလောက်အောင် မြန်ဆန်နေဆဲဖြစ်ပြီး မီတာ ၁၀၀ ကျော် အကွာအဝေးကို ဖြတ်ကျော်ရန်အတွက် ၄ မိနစ်သာ လိုအပ်သည်။

သို့သော်ငြား ဤ ၄ မိနစ်က ရှမ့်လန်၏ စစ်တပ်အတွက် အမြှောက် အချက်ရေ ၂၀ ပစ်ခတ်ရန်သာ လ လိုအပ်ပြီး လုံလောက်ပြီး အမြှောက်ဆံ သောင်းကျော်က မိုးရွာချ၏။

ဤသည်က သံလုံးအမြှောက်များဖြစ်ပြီး ပေါက်ကွဲတတ်သော အမြှောက်များဖြစ်၏။ စွမ်းအားကြီးမားသည့် အမြှောက်ဆံများက စတုရန်းမီတာ ၆၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိပြီး အားနည်းသည့် အမြှောက်ဆံများက စတုန်ရန်းမီတာ ၂၀၀ အထိ တိုက်ခိုက်နိုင်စွမ်းရှိသည်။

ရှုတင်းယုက သူ၏တပ်များ အထပ်ထပ် အခါခါ ဗုံးကြဲခံနေရသည်ကို လက်ပိုက်ကြည့်၏။ ပြီးနောက် ထပ်ကာတလဲလဲ ပြန်ထပြီး ရှေ့သို့တိုးဝင်နေသည်ကို မြင်ရ၏။ သူ၏ သံမဏိသွေးတပ်က တကယ့်ကို ရဲရင့်ပြီး လုံလောက်အောင် စွမ်းအားကြီးမားကြ၏။ အများစုက တစ်ကြိမ်ဗုံးကြဲခံရပြီး မသေဆုံးသေးချေ။ ကိုယ်တွင်း အင်္ဂါများ ထိခိုက်ထားကြသော်လည်း ပြန်ထပြီး ရှေ့သို့ တိုးဝင်ကြ၏။ အရိုးများ ကျိုးနေလျှင်ပင် ရှေ့သို့ ဆက်ပြီး တိုးဝင်၏။

၄ မိနစ်အတွင်း ကျော်ဖြတ်ရမည့် အကွာအဝေးက ၈ မိနစ်၊ ၁၀ မိနစ်၊ ၁၅ မိနစ် ဖြစ်လာ၏။ ထိုအချိန်မှာတော့ ရှမ့်လန်၏ အမြှောက်များက အရူးအမူး ပစ်ချနေဆဲပင်။ ပစ်ခတ်မှုနှုန်းက တဖြည်းဖြည်း နှေးကွေးလာ၏။ အထူးသဖြင့် ပြောင်းရစ်ပါ အမြှောက်ကြီးများပင်။

အဘယ်ကြောင့်ဆိုသော် အမြှောက်ဆံ ပစ်ခတ်မှုနှုန်းက မြန်ဆန်လွန်းသောကြောင့် အပူချိန်က တက်လာပြီး ပြောင်းဝများက ရဲလာ၏။ ဆက်တိုက် အအေးခံရန် လိုအပ်လာသည်။

ခေတ်ပေါ် အမြှောက်များက ယေဘူယျအားဖြင့် အချက်ရေ ၅၀၀ ခန့် ပစ်ခတ်ပြီး ရှမ့်လန်၏ အမြှောက်များ ကတော့ ထိုပမာဏနှင့် များစွာ ကွာဝေး၏။ အချက်ရေ ၂၀၀ ခန့် သက်တမ်းရှိလျှင်ပင် အလွန်ကောင်းမွန်နေပြီ ဖြစ်၏။

ဆန့်ကျင်ဘက်အားဖြင့် ပြောင်းချောအမြှောက်များကတော့ ပို၍ ကောင်းမွန်လာ၏။ အဘယ်ကြောင့်ဆိုသော် ပြောင်းဝက ထူထဲလွန်းလှပြီး ပစ်ခတ်မှုနှုန်းက နှေးကွေးသောကြောင့်ပင်။ ထိုသို့တိုင်အောင် ရှမ့်လန်၏ အမြှောက် ၅၀၀ က စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းရန် လုံလောက်နေဆဲပင်။

အမြှောက်ဆံပေါင်း တစ်သောင်းခွဲနှင့် နှစ်သောင်းတို့က စစ်မြေပြင်ပေါ်သို့ အရူးအမူးနှင့် မိုးကဲ့သို့ ရွာကျနေ၏။ ရှမ့်လန်က ခေတ်အမီဆုံးဖြစ်သော ဆလင်ဒါ ကတော့ပုံစံ အမြှောက်ဆံများကို များများစားစား မပြုလုပ်ခဲ့ချေ။ တစ်သောင်းအောက်သာ ရှိ၏။ သို့သော်ငြား စက်လုံးပုံစံ ရှေးဟောင်းအမြှောက်ဆံများကတော့ သောင်းနှင့်ချီ ရှိ၏။ ကျည်နှစ်မျိုးပေါင်းလိုက်လျှင် နာရီဝက်ခန့် ပစ်ခတ်ရန် လုံလောက်သည်။

ဝမ်းနည်းဖွယ်ရာ မြင်ကွင်းတစ်ခုက စစ်မြေပြင်တွင် ပေါ်လာ၏။ ယင်ယွမ်အဖွဲ့အစည်းမှ သံမဏိသွေးတပ်က ထပ်တလဲလဲ လဲကျနေပြီး ထပ်တလဲလဲ ပြန်ထကာဖြင့် ရှေ့သို့ တက်၏။ သူတို့ လဲကျသွားသည်နှင့်အမျှ ကျောပေါ်ရှိ လေးများက ပျောက်ကွယ်သွား၏။ မြားများက ပျောက်ကွယ်သွား၏။ လက်ထဲမှ ဓားများပင် ပျောက်ကွယ်သွား၏။ တဖြည်းဖြည်းချင်း ပြန်မထနိုင်တော့ချေ။

တချို့က သေဆုံးသွားပြီ ဖြစ်သော်လည်း တချို့က မသေသေးချေ။ ပြန်မထနိုင်ခြင်းပင်။ အရိုးကျိုးခြင်းက ဘာမှ မဟုတ်ပေ။ သွေးအန်ခြင်းကလည်း ဘာမှ မဟုတ်ပေ။ အဓိကအားဖြင့် ဦးနှောက်တုန်ခါမှုပင် ဖြစ်၏။

အမြှောက်ဖြင့် ဒါဇင်ပေါင်းများစွာ ပစ်ခတ်ခံရခြင်း၊ ကျည်သောင်းပေါင်းများစွာ ကျရောက်ခြင်းကြောင့် သံမဏိသွေးတပ် စစ်သည်တိုင်းက အကြိမ်ကြိမ် ဗုံးကြဲခံရပြီး ပေါက်ကွဲမှုလှိုင်းကြောင့် လွင့်စင်ကုန်ကြ၏။ ပြင်းထန်သည့် ဦးနှောက်တုန်ခါမှုကြောင့် သူတို့၏ ဟန်ချက်ထိန်းစနစ်က လုံးဝ ပျက်စီးသွားခဲ့၏။ မတ်တပ်ရပ်လိုက်သည်နှင့် ခေါင်းမူးလာပြီး အဆက်မပြတ် အန်၏။ မြောက်နှင့်တောင်ဘက်ကိုပင် ခွဲခြားနိုင်စွမ်း မရှိတော့ချေ။

……………

တုံ့ကျန်းဘုရားကျောင်းမှ အထူးဘုန်းကြီးစစ်သည်များကတော့ အဘယ်သို့ ဖြစ်မည်နည်း။ အစပိုင်းက သူတို့က အထင်ကြီးဖွယ်ရာ ကောင်း၏။ လက်ထဲရှိ ဓားရှည်ကြီးများက လျှပ်စစ်ပန်ကာကဲ့သို့ပင် အရူးအမူး လှည့်ပတ်နိုင်ပြီး မည်သည့်အမြှောက်ဆံ၊ မြားနှင့် ဗုံးစများကိုမဆို ပယ်ချနိုင်စွမ်း ရှိသည်။

သူတို့တစ်ဦးချင်းစီတိုင်းက သိုင်းပညာရှင်များ ဖြစ်၏။ သူတို့က ယင်ယွမ်အဖွဲ့အစည်းမှ သံမဏိသွေးတပ်နှင့် မတူချေ။ သူတို့က သိုင်းစစ်တပ်တွင် ပါဝင်သည့်သူများဖြစ်သည်။ သို့သော်ငြား သူတို့ရင်ဆိုင်နေရသည်က ကျည်ဆံများနှင့် မြားများမဟုတ်ဘဲ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် တုန်လှုပ်ဖွယ်ရာလှိုင်းများပင်။ ဤလူစုက တကယ့်ကို သန်မာ၏။ ရုတ်တရက် လွင့်စင်သွားလျှင်တောင် လက်ထဲရှိ ဓားရှည်ကြီးများကို အရူးအမူး လှည့်ပတ်နေဆဲဖြစ်ပြီး မရေတွက်နိုင်သည့် ဗုံးစများကို ကာကွယ်တားဆီးနိုင်ဆဲပင်။

သို့သော်ငြား အမြှောက်ဆံပေါက်ကွဲသည့် အချိန်မျိုးတွင် ဗုံးစက ဦးတည်ချက် တစ်ဖက်တည်းသို့ ရောက်ရှိသည် မဟုတ်ဘဲ ၃၆၀ ဒီဂရီ လှည့်ပတ်ကာ ပြုတ်ကျခြင်းပင်။ တုံ့ကျန်းဘုရားကျောင်းမှ အထူး ဘုန်းကြီး စစ်သည်များက အရှေ့ကို တားဆီးနိုင်သော်လည်း အနောက်၊ ဘယ်နှင့် ညာဘက်ကို တားဆီးနိုင်စွမ်း ရှိပါမည်လား။

အတိုင်းအတာ တစ်ခုထိ သူတို့၏ ကာကွယ်ရေးက ယင်ယွမ်အဖွဲ့အစည်းမှ သံမဏိသွေးတပ်လောက် မကောင်းပေ။ သူတို့၌ သံချပ်ကာ မရှိချေ။ ဝတ်ဆင်၍ မရသည် မဟုတ်သော်လည်း တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးများ ဖြစ်သောကြောင့် သံချပ်ကာ ဝတ်ဆင်ရန် မသင့်တော်ပေ။ ထို့ကြောင့် သူတို့အားလုံးက သင်္ကန်းများကိုသာ ဝတ်ဆင်ထား၏။ အများဆုံးအနေဖြင့် အတွင်း၌ သံကွင်းဆက်င်္ကျီ တစ်ထပ်ကို ဝတ်ဆင်ထားသော်လည်း တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားခြင်း မရှိချေ။

ကောင်းကင်ပင်လယ်နန်းဆောင်၏ သွေးဝိညာဉ်တပ်နှင့် မတူပေ။ သွေးဝိညာဉ်တပ်က တစ်ကိုယ်လုံးကို ထွင်းဖောက်၍ မရသော လျှို့ဝှက်သတ္တုစပ် သံချပ်ကာဖြင့် ဖုံးလွှမ်းထားပြီး မျက်လုံးကိုပင် ကြည်လင်သည့် သလင်းကျောက်များဖြင့် ကာကွယ်ထားသေး၏။

ဤဘုန်းတော်ကြီး စစ်သည်များသည် သိုင်းပညာတွင် တကယ့်ကို ထူးချွန်လွန်သော်လည်း ဗုံးစများကို ဖယ်ရှားရန်အတွက်တော့ အတွင်းအားကို အသုံးပြုနိုင်သည့် အဆင့်မရောက်သေးပေ။ ထို့ကြောင့် သံချပ်ကာ မပါဘဲနှင့် သူတို့က အဖြစ်ဆိုးများနှင့် ကြုံခဲ့ရသည်။

မကြာခဏ ဆိုသလို မမျှော်လင့်ထားသော မြင်ကွင်းများကို သူတို့မြင်တွေ့ရတတ်၏။ တစ်ဖက်တွင် သူတို့က အလွန်စွမ်းအားကြီးပြီး ကီလိုဂရမ် ၁၀၀၀ ဖိအားကိုပင် ထုတ်ဖော် အသုံးပြုနိုင်သည်။ မလှမ်းမကမ်းတွင် ဗုံးကွဲလျှင်တောင်မှ မြေကြီးပေါ်တွင် ပေါက်နေသည့် ထင်းရှူးပင်ကဲ့သို့ သူတို့က လုံးဝ လှုပ်ရှားမည် မဟုတ်ချေ။

သို့သော်ငြား ဗုံးစတစ်ခုက ပျံသန်းလာပြီး သူတို့၏ လည်ပင်းကို တိုက်ရိုက် ပိုင်းဖြတ်သွားခြင်းဖြင့် မြေကြီးပေါ်သို့ လဲကျ သေဆုံးနိုင်၏။ သို့ဖြင့် အတွင်းအားကို အသုံးပြုသည့် မည်သည့်သိုင်းပညာရှင်က မဆို အားနည်းချက် ရှိ၏။ အတွင်းအားကုန်ခမ်းသွားသည်နှင့် တပြိုင်နက် အဖြစ်ဆိုး ကြုံရခြင်းပင်။

ထို့ကြောင့် ယင်ယွမ်အဖွဲ့အစည်းမှ ရှုတင်းယု၏ နှလုံးသားများက သွေးအန်တကဲ့သို့ပင် ခံစားနေရပြီး တုံ့ကျန်းဘုရားကျောင်းမှ ဆရာတော်ခွန်ကျန့်၏ နှလုံးသားများကလည်း သွေးထွက်နေ၏။

အရေးပါသည့် အကွာအဝေးတစ်ခုသို့ ရောက်ရှိပြီးနောက် သူ၏ အထူးဘုန်းကြီးစစ်သည် တစ်သောင်းက အမြောက်အများ စတင်သေဆုံးလာကြ၏။ မသေဆုံးခင်အချိန်အထိ သူတို့က သန်မာပြီး စွမ်းအားကြီးသည့် သိုင်းပညာ အား ပြသနေဆဲပင်။ လက်ထဲရှိ ဓားရှည်ကြီးများကလည်း တောက်ပနေဆဲ ဖြစ်သည်။

အကယ်၍ စစ်မြေပြင်တွင် ရန်သူနှင့် ရင်ဆိုင်ရပါက သူတို့နှင့် ယှဉ်ပြိုင်နိုင်သည့် လူဟူ၍ မရှိကြောင်း အာမခံနိုင်၏။ ဓားရှည်ကြီး တစ်သောင်းဖြင့် ဖွဲ့စည်းထားသည့် လျှပ်စစ်ပန်ကာ တပ်ကြီးက သတ်ဖြတ်ရေး တပ်ခွဲတစ်ခုသာ ဖြစ်ပြီး မည်သည့်ရန်သူကိုမဆို အပိုင်းပိုင်း အစစ ချေမှုန်းနိုင်၏။ သို့သော်ငြား သူတို့၏ ရှေ့တွင် ရန်သူမရှိချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ရန်သူ့ထံသို့ လုံးဝ မရောက်ရှိနိုင်သောကြောင့်ပင်။

အထူးဘုန်းကြီးစစ်သည် ထက်ဝက်ကျော် သေဆုံးသွားချိန်မှာတော့ သူတို့က ရှမ့်လန်၏ စခန်းနှင့် မီတာ ၆၀၀ အကွာတွင် ရှိနေ၏။ ထို့အပြင် နောက်ဆုံး မီတာ ၆၀၀ ကို သူတို့ တွားသွား၍ သွားရလုနီးပါး ဖြစ်နေ၏။

အမြှောက်ဆံများက အလွန်သိပ်သည်းစွာ ကျဆင်းလာသောကြောင့် စွမ်းအားကြီးသည့် ဘုန်းကြီးစစ်သည် များ၏ ဦးနှောက်က တုန်ခါနေခဲ့သည်။

ဆရာတော် ခွန်ကျန့်က ထိုမြင်ကွင်းကို ရင်နာနာနှင့် ကြည့်နေရ၏။

“အုပ်ချုပ်ရေးမှူး ကျူးကျွင်း... ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ် မရောက်သေးဘူးလား။”

ကျူးကျွင်းက ပြုံးလိုက်သည်။ “သွေးဝိညာဉ်တပ်က တခြားသူတွေနဲ့ တွဲပြီး မတိုက်ချင်ဘူး။”

ကျူးမိသားစုက ရှမ့်လန်ကို အသုံးပြုပြီး တုံ့ကျန်းဘုရားကျောင်းဆီမှ ဘုန်းကြီးစစ်သည်အားလုံးကို သတ်ဖြတ်လိုကြောင်း ခွန်ကျန့် နားလည်သွားမိ၏။ သူတို့၏ မျက်လုံးထဲတွင် ရွှဲ့ပြည်နယ်က ကျူးမိသားစု၏ ရွှဲ့ပြည်နယ်၊ ကောင်းကင်ပင်လယ်နန်းဆောင်၏ ရွှဲ့ပြည်နယ်သာဖြစ်ပြီး တခြားသောသူများ လာရောက် ထိပါးခြင်းကို ခွင့်မပြုနိုင်ချေ။

ဆရာတော်ခွန်ကျန့်က ထကာ ဆဲဆိုလုနီးပါး ဖြစ်သွား၏။ သို့သော်ငြား သူက အသက် ၇၀ ကျော်နေပြီ ဖြစ်ပြီး အရာအားလုံးကို မြင်ဖူးပြီးဖြစ်၏။ ရန်သူကို အသုံးပြုပြီး မဟာမိတ်ကို သတ်ဖြတ်ခြင်း ဆိုသည်က ဘာမှ မဟုတ်ပေ။

“ရွှီ... ရွှီ…”

နောက်ထပ် နားကွဲလုမတတ် အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး အမြှောက်ဆံ ရာပေါင်းများစွာတို့က ထပ်မံ ကျဆင်းလာ၏။

“ဘုန်း... ဘုန်း…”

လောကကို တုန်လှုပ်စေနိုင်သည့် နောက်ထပ် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်၏။ ဆရာတော် ခွန်ကျန့်က မျှော်လင့်ချက်မဲ့စွာဖြင့် သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်လိုက်၏။ ကောင်းကင်နှင့်အပြည့် ဖြစ်တည်နေသည့် အမြှောက်ဆံများကို လှမ်းကြည့်၏။ ငရဲခန်းစစ်မြေပြင် တစ်ခုကဲ့သို့ပင်။

ကောင်းကင်ကို မော့ကြည့်ရင်း တုန်လှုပ်စွာ ရေရွတ်နေမိသည်။

“အရှင်ကျန်းလီ… ဒါ အရှင့်ရဲ့ ကောင်းကင် ပြစ်ဒဏ်လား။ ဟိုးတုန်းက တုံ့ကျန်းဘုရားကျောင်းက အရှင့်ကို သစ္စာဖောက်ခဲ့လို့ အရှင့်ရဲ့သားကို အသုံးပြုပြီး ကျုပ်တို့ကို သတ်ဖြတ်နေတာလား။ ဝဋ်ဆိုတာ လည်တတ်တယ် ဆိုတာ တကယ်လား။”

သူ၏ရှေ့မှမြင်ကွင်းက တကယ့်ကို ကောင်းကင်ဘုံ၏ အမျက်ဒေါသကဲ့သို့ပင်။ မူလက ရှမ့်လန်၏ ဧကရာဇ် တစ်ပါး ပြန်လာခြင်းဆိုသည်က ဟာသတစ်ခုဟု ဆရာတော် ခွန်ကျန့်က ထင်မှတ်ခဲ့၏။ တပ်ဖွဲ့နှစ်သောင်းကို ခေါ်ဆောင်လာပြီး ထျန်းရွှဲ့မြို့သို့ လာခြင်းက ဟာသတစ်ခု ဖြစ်ပုံပေါ်၏။

သို့သော်ငြား ယခုအချိန်မှာတော့ သူက တကယ်ကို ကြည်ညိုလေးစားစိတ်များ ဖြစ်လာ၏။ ပေါက်ကွဲမှုများ ပြည့်နှက်နေသည့် ကောင်းကင်ယံထက်တွင် ရှမ့်လန် ယူဆောင်လာခဲ့သည့် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါများ ကို သူက မှေးမှိန်စွာ မြင်တွေ့နေရ၏။ ထိုလွှမ်းမိုးနိုင်စွမ်းဆိုသည်က စိတ်နေစိတ်ထား တစ်ခုတည်း မဟုတ်ဘဲ စွမ်းအား၊ လောကကြီးတစ်ခုလုံး တုန်လှုပ်စေနိုင်သည့် စွမ်းအားပင် ဖြစ်သည်။

“ဆုတ်ကြတော့… နောက်ကို ဆုတ်ကြတော့။”

ဆရာတော် ခွန်ကျန့်က အော်ဟစ်လိုက်၏။ “တုံ့ကျန်းကျောင်းတော် ဘုန်းကြီးစစ်သည်တွေ အားလုံး နောက်ကို ဆုတ်ကြ။”

သူ၏ သိုင်းပညာမှာ အလွန်အားကောင်းပြီး လွန်ခဲ့သည့် အနှစ် ၃၀ တည်းက မဟာပညာရှင်အဆင့်သို့ ရောက်ရှိနေသောကြောင့် သူ၏အသံက မိုးခြိမ်းသံကဲ့သို့ပင် စစ်မြေပြင်တစ်ခုလုံးကို ပျံ့နှံ့သွားစေသည်။

သို့သော်ငြား အသက်ရှင်ကျန်ရစ်သည့် ဘုန်းကြီးစစ်သည်များက နာကျင်စွာဖြင့် ရှေ့သို့ ဆက်လက် တိုးဝင်နေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က ဘာမှမကြားရသောကြောင့်ပင်။ သူတို့၏ အကြားအာရုံက ဆုံးရှုံးသွားခဲ့ပြီဖြစ်၏။

ဆရာတော် ခွန်ကျန့်က အလံစင်မြင့်ပေါ်မှ ရုတ်တရက် ခုန်ဆင်း၏။ မရေတွက်နိုင်သည့် အမြှောက်ဆံများ ကြားမှ သူ၏ ဘုန်းကြီးစစ်သည်များထံသို့ ပြေးဝင်၏။ သူ၏ မီးခိုးရောင်သင်္ကန်းကို ဆွဲဖြဲလိုက်ပြီး သွေးနှင့် စာလုံးကြီး နှစ်လုံးကို ရေး၏။ ပြီးနောက် မြင့်မားစွာ ကိုင်မြှောက်ကာ စစ်မြေပြင်ထဲသို့ ပြေးဝင်သွားခဲ့သည်။

“ဆုတ်ကြ၊ နောက်ကို ဆုတ်ကြ။”

All Chapters