← Chapters

အခန်း (၉၆၉-၉၇၀)

Vol. 58 Ch. 969-970

အခန်း (၉၆၉-၉၇၀)

Vol. 58 Ch. 969-970

အပိုင်း (၉၆၉)

“ဘုန်း… ဘုန်း…”

လောကကို တုန်လှုပ်စေနိုင်သည့် နောက်ထပ် ပေါက်ကွဲမှုကြီးတစ်ခုက ဆရာတော် ခွန်ကျန့်ကို တိုက်ရိုက် လွင့်စင်သွားစေ၏။ သူက ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်၍ ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် မည်ကဲ့သို့ လိုက်ပါသွားရမည်ကို ကောင်းကောင်း နားလည်၏။

မကြာခင်မှာပဲ သူက တပ်ဖွဲ့၏ရှေ့သို့ ရောက်ရှိသွား၏။ သူက ခပ်ဝေးဝေးဆီသို့ လွင့်စင်သွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာ မရသလောက်နီးပါးပင်။ သူ၏သိုင်းပညာက တကယ်ကို အားကြီးသည်။

“ဆုတ်ကြ၊ ဆုတ်ကြ”

သူက ‘ဆုတ်’ ဟူ၍ ရေးသားထားသည့် သင်္ကန်းကို ခပ်မြင့်မြင့်မြှောက်ရင်း ပြေးနေသည်။ အကြိမ်ကြိမ် ဗုံးကြဲခံနေရ၏။ အကြိမ်ကြိမ်ပင် မြေပြင်ပေါ်ရှိအလောင်းများ၏ သင်္ကန်းကို ဆွဲဖြဲပြီး ထိုစာလုံးကို ဆက်ရေး၏။ သူက နောက်ဆုံးအသုတ် ဘုန်းကြီးစစ်သည်များကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားပြီးမှ စစ်မြေပြင်မှ ခေါ်ထုတ်သွားနိုင်ခဲ့၏။

“တုံ့ကျန်းဘုရားကျောင်းက ဒီတိုက်ပွဲမှာ အရှုံးပေးလိုက်ပြီ။ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ် က အရမ်းစွမ်းအားကြီးတယ် မဟုတ်လား။ ခင်ဗျားတို့ကို လွှတ်ပေးလိုက်မယ်။ ကျူးဟုန်ရွှဲ့... မင်းက ပြိုင်ဘက်ကင်းပြီး တပ်ပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့တယ် မဟုတ်လား။ ဒီတိုက်ပွဲမှာ တိုက်ခိုက်ဖို့ မင်းအတွက် နေရာပေးလိုက်မယ်။”

……………..

တုံ့ကျန်းဘုရားကျောင်းမှ ဆရာတော်ခွန်ကျန့်က လောကကြီးတစ်ခုလုံး တုန်လှုပ်စေနိုင်သည့် အမြှောက်မိုးကို အံတုပြီး မိမိ၏တပ်ကို ပြန်လည်ခေါ်ဆောင်သွားနိုင်ခဲ့၏။ သို့သော်ငြား ရှုတင်းယုကတော့ မစွမ်းဆောင်နိုင်ချေ။

သူ၏ဘေးရှိ ဒါဇင်ပေါင်းများစွာသော ကျွမ်းကျင်သူများက အသည်းအသန် အော်ဟစ်နေကြသည်။

“ဆုတ်ကြ၊ အနောက်ကို ဆုတ်ကြ၊ အနောက်ကို ဆုတ်ကြကွ။” သူတို့က စင်မြင့်ပေါ်မှ ဆုတ်ခွာရေးအလံကို ဝှေ့ယမ်းပြနေ၏။ သို့သော်ငြား အချည်းနှီးပင်။

နားကွဲလုမတတ်သော အမြှောက်ဆန်များ၏ ကြားထဲတွင် သံမဏိသွေးတပ် တစ်ခုလုံးက အကြားအာရုံ ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ စစ်မြေပြင်တွင် မီးခိုးများဖြင့် ဖုံးလွှမ်းနေပြီး သူတို့က စင်မြင့်ကို လုံးဝ မမြင်ရတော့ချေ။ ဤ သံမဏိသွေးတပ်ကြီးက တကယ်ကို ရဲရင့်နေဆဲ ဖြစ်ပြီး ဝမ်းနည်းဖွယ်ရာ ကောင်းလောက်အောင်ပင် အရှေ့သို့ တိုးဝင်ကြ၏၊ တွားသွားပြီး တက်ကြ၏။ သူတို့အားလုံးက ဗလာ သွေးမျိုးဆက်ပိုင်ရှင်များဖြစ်ပြီး နိဗ္ဗာနတပ်တော်ထက်ပင် ပို၍ကာ အစွမ်းထက်ကြ၏။

တိုက်ပွဲ၏ ဤအခြေအနေမှာတော့ ကျူးမိသားစု၏တပ်၊ ယင်ယွမ်အဖွဲ့အစည်း၏တပ်နှင့် တုံ့ကျန်း ဘုရားကျောင်း၏တပ် အားလုံးက ရှုံးနိမ့်ခဲ့၏။ ရှမ့်လန်က ကျူးကျွင်းနှင့် ရှုတင်းယုတို့၏တပ်ကို စင်မြင့်ကို လှမ်းကြည့်၏။ သူတို့က မီတာ ၂၀၀၀ ကျော် အကွာတွင် ရှိသည်။

“ဟား... ဟား... ဟား... ကျုပ် ခင်ဗျားတို့ကို အရင်မတိုက်ခဲ့တာ ခင်ဗျားတို့ကို မနိုင်ဘူးလို့ ထင်နေတာလား။”

ရှမ့်လန်က အမိန့်ပေးလိုက်၏။ “ပြောင်းရစ်ပါတဲ့ အမြှောက် ၅၀... ရန်သူရဲ့ အလယ်စင်မြင့်ကို ချိန်ကြ။”

တစ်မိနစ်ကြာပြီးနောက် ၁၂၂ မီလီမီတာ ဟောင်ဝစ်ဇာ ၅၀ က ချိန်ရွယ်ပြီး ဖြစ်သည်။

“ပစ်ကြ..” အမြှောက်ကျည် ၅၀ က လေထဲတွင် မျဉ်းကွေးတစ်ခု ဆွဲလျက် အဝေးသို့ ထွက်ခွာသွား၏။

ကျူးကျွင်းနှင့် ရှုတင်းယုက မလန့်ဘဲ မနေတော့ချေ။ ဤအသံက တစ်မျိုးကြီးပင်။ မော့ကြည့်လိုက်ချိန် မှာတော့ မဲနက်နေသည့် အစက်အပြောက် ၅၀ က သူတို့၏ခေါင်းပေါ်သို့ ပျံသန်းလာသည်ကို တွေ့ရသည်။

“သောက်ကျိုးနည်း... ဒီလောက်အဝေးကြီးကို ပစ်တာလား။”

နောက်ခဏအတွင်းမှာပဲ အမြှောက်ကျည် ၅၀ က ဧရာမစင်မြင့်ကြီးပေါ်သို့ ကျရောက်၏။ ကျူးကျွင်း၊ ရှုတင်းယု၊ နင်ယီနှင့် လူပေါင်းများစွာတို့က ဤစင်မြင့်ပေါ်တွင် ရှိနေကြ၏။ ကျူးမိသားစုနှင့် ယင်ယွမ်အဖွဲ့အစည်း၏ ကွပ်ကဲရေးစခန်းကလည်း ဤနေရာတွင်သာ ရှိ၏။

“ဘုန်း…. ဘုန်း…”

လောကကို တုန်လှုပ်စေနိုင်သည့် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်၏။ အလယ်စင်မြင့်က ဧရာမလူသန်ကြီး တစ်ယောက် ဆွဲဖြဲလိုက်သလိုပင် စုတ်ပြဲထွက်သွား၏။ မရေတွက်နိုင်သည့် အလောင်းများက နေရာအနှံ့သို့ လွင့်စင်သည်။

ရှမ့်လန်က ဤမြင်ကွင်းကို မြင်ချိန်မှာတော့ ပြုံးကာ ပြောလိုက်မိ၏။ “အင်း... နောက်ဆုံးပစ်ချက်က ပြီးပြည့်စုံတာပဲ။”

ကျူးဝူပျံ့၏ သောင်းချီသည့်စစ်သည်များက အလယ်စင်မြင့်ကြီးကို စောင့်ကြည့်နေကြပြီး သပ်ရပ် ညီညာသည့် ဧရာမ စတုရန်းကွက်ကြီး တစ်ခုကဲ့သို့ပင် တပ်စွဲထားသည်။

ရှမ့်လန်၏ နောက်ဆုံးပစ်ချက် ရောက်ရှိလာချိန်မှာတော့ အသံကိုကြားရပြီး အရိပ်ကိုပင် မမြင်လိုက်ရချေ။

နောက်တစ်စက္ကန့်အတွင်း အမြှောက်ဆန်ပေါင်း ဒါဇင်ပေါင်းများစွာက ပြင်းထန်စွာ ပေါက်ကွဲ၏။ မီတာဆယ်ဂဏန်း မြင့်မားသည့် စင်မြင့်ကြီးက ရုတ်တရက် ဆွဲဖြဲခံလိုက်ရပြီး ပြိုကျ၏။ မရေတွက်နိုင်သည့် စစ်သည်များကို မြှုပ်နှံလိုက်၏။

ထိုမျှတင်မကသေးချေ။ အချို့သော ဗုံးများက ပြွတ်သိပ်နေသည့် တပ်ဖွဲ့အတွင်းသို့ ကျရောက်ပြီး ပေါက်ကွဲ၏။ ဂျုံရိတ်သကဲ့သို့ပင် မျက်စိတစ်မှိတ်အတွင်း စစ်တပ်ကြီးက အစုလိုက်အပြုံလိုက် ပျောက်ကွယ်သွားသည်။

ထိုနောက်ဆုံးပစ်ချက်က တကယ်ပင် ပြီးပြည့်စုံလွန်းလှ၏။ အမြှောက်ကျည် ၅၀ သာရှိသော်လည်း အမြှောက်ကျည် ရာကျော်တို့၏ သတ်ဖြတ်နိုင်စွမ်းကို ဖြစ်ပေါ်စေ၏။ မြင်ကွင်းတစ်ခုလုံးက သရဲတစ္ဆေများ၏ ညည်းညူသံ၊ ဝံပုလွေများ၏ အူသံများနှင့် ပြည့်နှက်နေ၏။

………..

ကျူးဝူပျံ့က ရုတ်တရက် ပြေးထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်သည်။ “ဦးရီးတော် ... ဦးရီးတော် ...”

စစ်သည်တော် ဒါဇင်ပေါင်းများစွာ ဖယ်ခွာသွားသည့်အချိန်မှာတော့ အတွင်း၌ ကျူးကျွင်း ပေါ်လာ၏။ ပေါက်ကွဲမှုဖြစ်ပွားသည့် အခိုက်အတန့်၌ စစ်သည်တော် ဒါဇင်ပေါင်းများစွာက သူတို့၏ခန္ဓာကိုယ်များဖြင့် ကျူးကျွင်းကို ကာကွယ်ပေးခဲ့ခြင်းပင်။

ကျူးကျွင်းက သူ၏ဦးထုပ်ကို ပြန်လည်တည့်မတ်ပြီး လူအုပ်ကြားမှ ထွက်လာ၏။

နင်ယုကလည်း ခက်ခဲစွာဖြင့် တွားသွားကာ ထွက်လာ၏။ လက်မောင်းတစ်ဖက်က ကျိုးသွားသကဲ့သို့ တွဲလောင်းကျ နေသည်။

နင်ယီက ကြောက်ရွံ့စွာဖြင့် ထွက်လာ၏။ သူ၏ ဦးခေါင်းထိပ်မှ သွေးများ ယိုစီးကျနေသော်လည်း သူက မအော်ဟစ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ဦးခေါင်းက မူးဝေထိုင်းမှိုင်းနေဆဲဖြစ်ပြီး နားများ အူနေသောကြောင့်ပင်။ ခဏအတွင်းမှာပဲ သူက ဘာမှမကြားရ၊ မခံစားရသလို ဖြစ်နေ၏။ သူက မြေပြင်ပေါ်တွင် လဲလျောင်းပြီး အဆက်မပြတ် အန်နေ၏။ “ဝေါ့... ဝေါ့...”

ရှုတင်းယုကလည်း အဆင်ပြေ၏။ ပထမအချက်အနေဖြင့် သူ၏သိုင်းပညာက မြင့်မားသောကြောင့်ဖြစ်ပြီး၊ ဒုတိယအချက်အနေဖြင့် သူ့၌ သူ့ကို ကာကွယ်ပေးမည့် စစ်သည်တော် ဒါဇင်ပေါင်းများစွာ ရှိသောကြောင့်ပင်။

အလယ်စင်မြင့်က ဖောက်ခွဲခံလိုက်ရပြီး အပျက်အစီးပုံကြီးသာ ကျန်ရစ်တော့၏။

ကျူးကျွင်းက ခြေလက်အစုံကို အသုံးပြုပြီး ပျက်စီးပုံ၏ အမြင့်ဆုံးနေရာသို့ တက်ရောက်ကာဖြင့် စစ်မြေပြင်တစ်ခုလုံး ကို စီးမိုးကြည့်ရှု၏။ ကျူးဝူပျံ့နှင့် ကျူးမိသားစုမှ စစ်သည်တော်များက သူ့ကို ကာကွယ်ရန် ပြေးတက်လာကြသည်။ “ဦးရီးတော် .. ရှမ့်လန်ရဲ့ အမြှောက်ဆံတွေကို သတိထားပါ။”

ကျူးကျွင်းက တည်ငြိမ်စွာပြော၏။ “ထပ်မလာတော့ဘူး။”

ပြီးနောက် သူက ရှေ့ရှိအရာများကို တိတ်ဆိတ်စွာ ကြည့်ရှုနေ၏။ ရှမ့်လန်၏ အမြှောက်ကျည်များက ပြင်းထန်သည့် ပေါက်ကွဲစေသော ပစ္စည်းများ ဖြစ်သောကြောင့် မီးခိုး သိပ်မထူထပ်ချေ။ ပို၍ အရေးကြီးသည်မှာ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် ဖုန်မှုန့်များက မိုင်ဆယ်ဂဏန်း ဝန်းကျင်ကို ဖုံးလွှမ်းသွားခြင်းပင်။

တဖြည်းဖြည်း ဖုန်မှုန့်များ ငြိမ်ကျပြီးနောက် ကျူးကျွင်းက အရာအားလုံးကို ရှင်းလင်းစွာ မြင်ရ၏။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် စောဏက သူသည် မြင့်မားသည့်နေရာတွင် ရပ်နေသော်လည်း ဘာတစ်ခုကိုမှ မမြင်ခဲ့ရပေ။ လောကကြီးတစ်ခုလုံးကို တုန်လှုပ်စေသည့် ပေါက်ကွဲသံများနှင့် မြေပြင်ပေါ်တွင် ပေါက်ကွဲနေသည့် မီးလုံးကြီးများကိုသာ မြင်ခဲ့ရသည်။

တိုက်ပွဲတစ်ခုလုံးက သုံးနာရီပင် မကြာခဲ့ချေ။ အထူးသဖြင့် ဒုတိယအပိုင်းက တစ်နာရီအောက်သာ ကြာမြင့်ခဲ့၏။ သို့သော်ငြား ရှမ့်လန်က အမြှောက်ကျည် သုံးသောင်းခွဲကျော်ကို ပစ်ခတ်ခဲ့ပြီးဖြစ်သည်။ စစ်မြေပြင်က အကျယ် ၅ ကီလိုမီတာ၊ အလျား ၂ ကီလိုမီတာ ရှိသော်လည်း တကယ်တမ်း တိုက်ပွဲဖြစ်ပွားရာ နေရာက မီတာ ၁၀၀ ဝန်းကျင်သာရှိ၏။

သို့သော်ငြား အမှန်တကယ် အဓိကကျသည့်နေရာက ၃ စတုရန်းကီလိုမီတာမျှသာပင်။ တစ်နည်းအားဖြင့် ၁ ကီလိုမီတာလျှင် ပျမ်းမျှအမြှောက်ကျည် ၁၂,၀၀၀ ခန့် ပစ်ခတ်ခဲ့ခြင်းပင်။ ပျမ်းမျှအားဖြင့် အမြှောက်ကျည် တစ်ခု၏ ဖျက်ဆီးနိုင်စွမ်းမှာ စတုရန်းမီတာ ၃၀၀ ခန့် ရှိရာ၊ အမြှောက်ကျည် ၁၂,၀၀၀ ဆိုလျှင် ၃.၆ သန်း စတုရန်းမီတာ ဖြစ်၏။ တစ်နည်းအားဖြင့် စတုရန်းမီတာတစ်ခုလျှင် ပျမ်းမျှ ၃ ကြိမ် ဗုံးကြဲခံရခြင်းပင်။ တကယ့်ကို ပက်ပက်စက်စက် ဗုံးကြဲခြင်းပင်။

ထို့ကြောင့် တစ်နာရီအောက်သာ ကြာမြင့်သည့်အချိန်တွင် ကျူးကျွင်းက ဘာမှမခံစားနိုင်ရလောက်အောင် ဖြစ်နေ၏။ သူ၏ ဝိညာဉ်တစ်ခုလုံးက ဆေးကြောခြင်းကို ခံရသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်နေ၏။ သူက ဤမျှ တုန်လှုပ်ဖွယ်ကောင်းသည့် မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။

စစ်တပ်၏ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ အစပိုင်းက ရှမ့်လန် ရိုးရှင်းသော အမြှောက်ဆံများကို အသုံးပြုခဲ့စဉ်က ရှင်းလင်းစွာ မြင်တွေ့နိုင်ခဲ့သော်လည်း နောက်ပိုင်း ဟောင်ဝစ်ဇာအမြှောက်များကို အသုံးပြုချိန်မှာတော့ လုံးဝမမြင်ရတော့ချေ။

စတုရန်းကီလိုမီတာ အနည်းငယ်အတွင်း နေရာအနှံ့အပြားက မီးတောက်များ ဖြစ်နေသည်သာ မြင်ရ၏။ တစ်ခါတစ်ရံ ပေါက်ကွဲမှုကြောင့် လွင့်စင်လာသည့် အလောင်းများနှင့် ပြတ်နေသည့် ခြေလက်အင်္ဂါများကိုသာ မြင်ရ၏။

ယခု ဖုန်မှုန့်နှင့် မီးခိုးများ ကွယ်ပျောက်သွားချိန်မှာတော့ သူက ရှင်းလင်းစွာ မြင်တွေ့လာခဲ့ရ၏။ တကယ်ကို ငရဲ... ဧကန်မုချ ငရဲစစ်စစ်ပင်။

စတုရန်းကီလိုမီတာ အနည်းငယ်ရှိသည့် မြေပြင်ပေါ်တွင် အလောင်းများ၊ သွေးများနှင့် ပြတ်နေသည့် ကိုယ်လက်အင်္ဂါများ ပြည့်နှက်နေ၏။ သူက စစ်မြေပြင်ပေါင်းများစွာကို မြင်ခဲ့ဖူးသော်လည်း ဤမျှဆိုးရွားသည့် မြင်ကွင်းမျိုးကိုတော့ မမြင်ခဲ့ဖူးချေ။

ကျူးကျွင်းက သူ၏အမြင်အာရုံတစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ဤသည်က တကယ်တော့ သူ၏အစီအစဉ်များနှင့် လွဲချော်နေခြင်း မဟုတ်ချေ။ ယင်ယွမ်အဖွဲ့အစည်းနှင့် တုံ့ကျန်းဘုရားကျောင်းမှ တပ်များအပါအဝင် ဤစစ်သည် သောင်းသိန်းချီတပ်များက အစတေးခံများသာဖြစ်ကြောင်း သူ၏ဖခင် ကျူးဟုန်ကျူး ပြောခဲ့ဖူး၏။ သူတို့အားလုံးက ရှမ့်လန်၏လက်နက်များ ကုန်ဆုံးသွားစေရန် အသုံးချခံရခြင်းပင်။

သို့သော်ငြား တကယ်တမ်း ဖြစ်ပျက်လာချိန်မှာတော့ လူတို့၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာမှပင် တုန်လှုပ်စေ၏။ ယင်ယွမ်အဖွဲ့အစည်းမှ ရှုတင်းယုကလည်း ပါလာ၏။ သံမဏိသွေးစစ်သည် တစ်သောင်းကျော်၏ အရှုံးကို လက်မခံလိုသောကြောင့် ယခုတစ်ကြိမ်တွင် နှစ်သောင်း စေလွှတ်ခဲ့ခြင်းပင်။

ယခုအချိန်မှာတော့ သံမဏိသွေးစစ်သည်နှစ်သောင်းလုံးက မြေပြင်ပေါ်တွင် လဲလျောင်းနေ၏။ သူတို့အားလုံး သေဆုံးသွားခြင်းတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အချို့သောလူများက ရှေ့သို့ တွားသွားနေသည်ကို မြင်ရသောကြောင့်ပင်။

ရှုတင်းယုက ပြော၏။ “လောကကြီးက ပြောင်းလဲသွားပြီ။”

ကျူးကျွင်းက ခေါင်းညိတ်ကာ ပြောသည်။ “ဟုတ်တယ်... လောကကြီးက ပြောင်းလဲသွားခဲ့ပြီ။”

ရှုတင်းယုက ဆွေးမြေ့စွာ ပြော၏။ “အုပ်ချုပ်ရေးမှူးကျူးကျွင်း... ဒါ ခင်ဗျားလိုချင်တဲ့ ရလဒ်လား။”

ကျူးကျွင်းက တိတ်ဆိတ်နေ၏။ သူက ခေါင်းညိတ်ချင်သော်လည်း ခေါင်းကိုသာ ခါယမ်းပြလိုက်၏။ ဤလောကကြီးက လျင်မြန်စွာ ပြောင်းလဲနေ၏။ အတိတ်ကဆိုရင် အင်အားသိန်းချီသည့် စစ်ပွဲတစ်ခု ပြီးဆုံးရန် လနှင့်ချီ ကြာမြင့်၏။ ချောင်နှင့် ရွှဲ့ပြည်နယ်တို့က နှစ်ဝက်ခန့်ကြာအောင် တိုက်ခိုက်ခဲ့၏။ ရွှဲ့ပြည်နယ်နှင့် ကျင်းမင်းသားတို့ရဲ့ စစ်ပွဲက လအနည်းငယ် ကြာမြင့်ခဲ့၏။ ဝူပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့၏ စစ်ပွဲက နှစ်နှစ်ခန့် ကြာမြင့်၏။ ယခု စစ်ပွဲက နေ့တစ်ဝက်အတွင်းမှာ ပြီးဆုံးသွားခဲ့သည်။

အရေးအကြီးဆုံးကိစ္စမှာ အင်အားသိန်းချီတဲ့ စစ်သည်တော်ကြီးတွေက ရှမ့်လန်၏ စစ်တပ်အနီးသို့ ကပ်ပင် မကပ်နိုင်ခဲ့ချေ။ နောက်ဆုံး မီတာ ၅၀ ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ချေ။ သာမန်စစ်သည်များ မကျော်ဖြတ်နိုင်သလို၊ ယင်ယွမ်အဖွဲ့အစည်းနှင့် တုံ့ကျန်းဘုရားကျောင်းက စစ်သည်တော်များလည်း မကျော်ဖြတ် နိုင်ခဲ့ချေ။

ကျူးကျွင်းက ၂ ကီလိုမီတာ အကွာတွင် ရှိနေသည့် ရှမ့်လန်ကို လှမ်းကြည့်ကာ ပြော၏။ “သွားကြရအောင်။”

ကျူးဝူပျံ့က လှမ်းမေးသည်။ “ရှမ့်လန်က ကျုပ်တို့ကို လွှတ်ပေးပါ့မလား။”

ကျူးကျွင်းက မဲ့ပြုံးပြုံးလိုက်၏။

“သူက ကျုပ်တို့ကို ဘာကိစ္စ ဖမ်းမှာလဲ။ အသုံးဝင်လို့လား။ သူ့အတွက် တကယ့် တိုက်ပွဲအစစ်အမှန်က စတောင်မစသေးဘူး။ အစကနေ အဆုံးထိ သူက ကျုပ်တို့ကို အလေးအနက်ထားပြီး ဆက်ဆံခဲ့တာ မဟုတ်ဘူး။ သူ့ရဲ့ ရန်သူအစစ်က ကောင်းကင်ပင်လယ်နန်းဆောင်က သွေးဝိညာဉ်တပ်ပဲ။ ဆုတ်ခွာကြ။” ကျူးကျွင်းက အမိန့်ပေးလိုက်သည်။

ကျူးဝူပျံ့က သောင်းချီသည့် စစ်သည်များကို ဦးဆောင်ပြီး ကျူးကျွင်းကို ခြံရံကာဖြင့် အနောက်ဘက်ရှိ နန်းမြို့တော်ဆီသို့ ဦးတည်ထွက်ခွာသွား၏။

ရှုတင်းယုက မကျေနပ်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် သံမဏိသွေးစစ်သည်များစွာ မသေဆုံးသေးကြောင်း သူသိရှိသောကြောင့်ပင်။ ထိုသူတို့က ဒဏ်ရာရပြီး သတိလစ်နေခြင်းသာ ဖြစ်၏။ သတိလစ်နေသော သံမဏိသွေးစစ်သည်များကို ပြန်လည်သယ်ဆောင်နိုင်ရန် စစ်သည်တော်များကို စေလွှတ်သည်။

သို့သော်ငြား... “ဘုန်း... ဘုန်း...”

ရှမ့်လန်၏ အမြှောက်များက ပစ်မှတ်တစ်ခုကို ရွေးချယ်လိုက်သကဲ့သို့ အမြှောက်ဆံများက တည့်တည့် ကျရောက်လာ၏။ လူဒါဇင်ပေါင်းများစွာကို လွင့်ထွက်သွားစေ၏။ ဤသည်က ရှုတင်းယုအား သတိပေးလိုက်ခြင်းပင်။

အကယ်၍ ထွက်သွားချင်လျှင် ချက်ချင်း ထွက်သွားရပေမည်။ အသက်ရှင်ကျန်ရစ်သည့် သံမဏိသွေးစစ်သည်များကို ပြန်လည်ခေါ်ဆောင်သွားရန် မမျှော်လင့်နှင့် ဆိုသည့်သဘောပင်။

ခဏအကြာမှာတော့ ကျူးကျွင်းနှင့် သောင်းချီသည့် စစ်သည်တော်များက ခြေရာလက်ရာမကျန် ဆုတ်ခွာသွားခဲ့ကြသည်။

...................

ကျုံးရှစ်ရှစ်က ထိုအရာအားလုံးကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရှုနေ၏။ “ပြီး... ပြီးသွားပြီလား။”

သူမက လက်ထဲရှိ ဓားကို ငုံ့ကြည့်၏။ ဘာတွေဖြစ်နေသနည်း။ သူမက တစ်ချက်တောင် မခုတ်လိုက် ရသေးချေ။ သို့ပေမည့် တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။ ရန်သူက သူတို့ဆီပင် မရောက်ရှိခဲ့ချေ။ ဤလောကကြီး ၏ စစ်ပွဲသည် မည်သည့်အချိန်က ဤကဲ့သို့ ပြောင်းလဲသွားရသနည်း။

သူမက ဘေးတစ်ဖက်ရှိ အစ်ကိုဖြစ်သူကို မကြည့်ဘဲ မနေနိုင်ချေ။ သူမ၏ အစ်ကိုကလည်း ဓားတစ်လက်ကို လက်ထဲတွင် ကိုင်ရင်း ကြောင်အအနှင့် ရပ်နေ၏။ ဓားကို ဆွဲထုတ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေ၏။

ကျုံးရှစ်ရှစ်က အနားသို့ လျှောက်သွားကာ မေးသည်။ “နောက်တစ်ချိန်တိုက်ပွဲတွေက ဒီလိုပုံစံမျိုးသာ ဖြစ်လာမယ် ဆိုရင် ကျွန်မတို့ သိုင်းပညာရှင်တွေက ဘာလုပ်စရာ ရှိသေးလဲ။”

ဆက်ခံသူကျုံးက ဘာတစ်ခုမှ မပြောချေ။ သူက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်၏။ သူ၏ ခံစားချက်များက ရှုပ်ထွေးနေ၏။ ကျုံးမိသားစုက ရွေးချယ်စရာ မရှိသောကြောင့် ရှမ့်လန်ထံ လက်နက်ချခဲ့ရခြင်းပင်။ သူတို့က ရန်သူ၏ ဖိအားပေးမှုကြောင့် ထောင်ချောက်ထဲသို့ ရောက်ရှိခဲ့၏။ သို့သော်ငြား လက်နက်ချပြီးသည့် တိုင်အောင် သူတို့၏ စိတ်နှလုံးက မှိုင်းညို့နေဆဲပင်။ သူတို့က အနာဂတ်အတွက် မည်သည့်မျှော်လင့်ချက်မှ မထားရဲချေ။

တော်ဝင်ရန်အင်ပါယာက စွမ်းအားကြီးမားလွန်း၏။ စွမ်းအားကြီးမားသည့် အရှင်ကျန်းလီပင် ရှုံးနိမ့်ခဲ့ရ၏။ ယခု ရှမ့်လန်၏စစ်တပ်က ကျန်းလီ၏စစ်တပ် တစ်ရာပုံတစ်ပုံမျှပင် မရှိသော်လည်း တော်ဝင်ရန်အင်ပါယာက လွန်ခဲ့သည့် နှစ် ၂၀ ကထက် ပိုမိုကာ စွမ်းအားကြီးမားလာခဲ့သည်။

ကျုံးမိသားစုက ရှမ့်လန်နှင့် တော်ဝင်ရန်အင်ပါယာတို့၏ စစ်ပွဲအပေါ် မည်သည့်စိတ်ကူးယဉ် မျှော်လင့်ချက်မှ မထားရဲပေ။ သူတို့လိုချင်သည့် တစ်ခုတည်းသောအရာက ရှမ့်လန်နှင့်အတူ သေဆုံးသွားရန်သာပင်။ ဤနည်းလမ်းက ကျုံးမိသားစု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရာရောက်၏။

ဤလောကကြီးထဲတွင် အာဏာနှင့် အသက်ရှင်ရပ်တည်မှုကို ရှာဖွေ၍ မရနိုင်တော့လျှင်တောင် ဘာမှမရှိဘဲ နေရသည်ထက် ဂုဏ်သိက္ခာကို ရှာဖွေခြင်းက ပို၍ ကောင်းမွန်၏။ သို့သော်ငြား စောစောတုန်းက ဖြစ်ခဲ့သည့် တိုက်ပွဲက ကျုံးမိသားစု နားလည်ထားသမျှ အသိပညာအားလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့၏။ လောကသစ် တစ်ခု၏ တံခါးပေါက်ကို ဖွင့်လှစ်လိုက်သကဲ့သို့ပင်။

အရှင်ရှမ့်လန်၏ဘက်တွင် မျှော်လင့်ချက် ရှိကောင်းရှိနိုင်၏။ သူက အံ့ဖွယ်ရာများကို ဖန်တီးသည့် နေရာတွင် အတော်ဆုံးပင်။ အကယ်၍ အရှင်ရှမ့်လန်၏ နောက်သို့ လိုက်ပါ,ပါက ကျုံးမိသားစု တစ်ခါမှ မလုပ်ဆောင် နိုင်ခဲ့သည့် အရာတစ်ခုခုကို ပြီးမြောက်အောင်မြင်အောင် ပြုလုပ်ကောင်း ပြုလုပ်နိုင်ပေလိမ့်မည်။

အပိုင်း (၉၇၀)

ထိုအချိန်တွင် ဆက်ခံသူကျုံးက ကျုံးရှစ်ရှစ်ကို တစ်ချက်ကြည့်၏။ အထူးသဖြင့် သူ့ညီမ၏ ချောမောလှပသည့် မျက်နှာကို ကြည့်၏။ “တို့ရဲ့ စစ်မြေပြင်က ဘယ်နေရာမှာလဲ ဆိုတာ မသိနိုင်ပေမဲ့ မင်းရဲ့ စစ်မြေပြင်က ဘယ်နေရာမှာလဲ ဆိုတာတော့ သိသင့်တယ်။”

“ဟမ့်... ရှင် တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ။” ကျုံးရှစ်ရှစ်က ထကာ ပြောသည်။

အစ်ကိုဖြစ်သူ ဘာကို ဆိုလိုကြောင်း သူမ သဘာဝကျကျ နားလည်၏။ ထို့ကြောင့် မဲ့ပြုံး ပြုံးကာ ပြောလိုက်၏။

“ရှင်တို့ ယောက်ျားတွေက သိပ်ပြီး အသုံးမကျတာပဲ။ မိန်းမတွေကို ရောင်းစားဖို့လောက်ပဲ မျှော်လင့်နေကြတာ။” ပြီးနောက် သူမက ရှေ့သို့ တိုးသွား၏။ အစ်ကိုဖြစ်သူ၏ ဒူးခေါင်းကို ခပ်ပြင်းပြင်း ကန်ထည့်လိုက်၏။

“အား...” ဆက်ခံသူကျုံးက နာကျင်လွန်းသောကြောင့် သတိလစ် မေ့မျောလုမတတ်ပင် ဖြစ်နေ၏။ သို့သော်ငြား ဘာမှမတတ်နိုင်ပေ။ ကျုံးရှစ်ရှစ်က ကျုံးမိသားစု၏ အသည်းနှလုံးဖြစ်၏။ ငယ်စဉ်တည်းက သူမက စိတ်ရှိတိုင်း အစ်ကိုများကို ရိုက်နှက်လေ့ရှိ၏။ ဆက်ခံသူကျုံးလည်း ခြွင်းချက် မရှိချေ။

“ညီမလေး... မင်း ငါ့ကို ဒီလိုကန်ချင်တာ ကန်လို့ရပေမယ့် ဟိုလူ့ကိုတော့ သွားမကန်မိစေနဲ့။ ဟိုလူ့ရဲ့ ခန္ဓာကိုယ်က အားနည်းပြီး ကျိုးပဲ့လွယ်တယ်။ အဲလိုသာ ကန်လိုက်ရင် ကျိုးသွားလိမ့်မယ်။ ဒါဆိုရင် ကျုံးမိသားစု ဒုက္ခရောက်ပြီပဲ။”

................

ရှမ့်လန်က အမိန့်ပေးလိုက်သည်။ “သုံ့ပန်းတွေကို ဖမ်းကြ။ အထူးသဖြင့် ယင်ယွမ်အဖွဲ့အစည်းရဲ့ သံမဏိ သွေးတပ်သားတွေကို ဖမ်းကြ။ မသေတဲ့လူတွေအကုန်လုံးကို ဖမ်း။ တကယ်လို့ ပြန်ပြီးတိုက်ခိုက်ဖို့ ကြိုးစားရင် ဆေးတိုက်ပြီး လှုပ်မရအောင် လုပ်ထားလိုက်။”

“အမိန့်တိုင်းပါပဲ။” အမေဇုန်အမျိုးသမီး စစ်သည် ၂၀၀၀ က ခံတပ်မြို့ရိုးမှ ထွက်ခွာပြီး စစ်မြေပြင်တွင် အသက်ရှင် ကျန်ရစ်သူများကို စတင်ရှာဖွေ၏။

ဟီလာက မေးသည်။ “မောင်လေး... မင်း ယင်ယွမ်အဖွဲ့အစည်းရဲ့ သံမဏိသွေးတပ်ကို အညံ့ခံ ခိုင်းချင်တာလား။”

ရှမ့်လန်က ခေါင်းညိတ်၏။ ဤလူများက ယင်ယွမ်အဖွဲ့အစည်း၏ လေ့ကျင့်မှုကြောင့် တကယ့်ကို သွေးဆာပြီး ရက်စက်ကြမ်းကြုတ်သူများ ဖြစ်သော်လည်း သူတို့က ဗလာသွေး မျိုးဆက်ပိုင်ရှင်များပင်။ သူတို့၏ ဇစ်မြစ်က တူတူပင် ဖြစ်၏။

စောစောတုန်းက တိုက်ပွဲကို ကြည့်ရှုရမည်ဆိုလျှင် ရှမ့်လန်၏ အမြှောက်များနှင့် ရင်ဆိုင်သည့် အချိန်၌ တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များက အနည်းငယ် နောက်တွန့်သွားခဲ့၏။ သို့သော်ငြား ဤသံမဏိသွေး စစ်သည်များက ကြောက်ရွံ့ခြင်း ကင်းမဲ့နေဆဲပင်။

သူတို့က အကြိမ်ကြိမ်အခါခါ လွင့်စင်သွားသော်လည်း အကြိမ်ကြိမ်အခါခါ ပြန်ထပြီး ရှေ့သို့ တိုးဝင်၏။ အရိုးများ ကျိုးကြေပြီး သွေးအန်နေလျှင်တောင်မှ ရှမ့်လန်၏ ရှေ့မှောက်သို့ ရောက်အောင် တွားသွားလာခဲ့၏။ တကယ့်ကို ရဲရင့်သော ထိပ်တန်းအဆင့် စစ်တပ်ပင်။

ကျုံးယောင်က ပြောသည်။ “ဂုဏ်ယူပါတယ်အရှင်... ထျန်းရွှဲ့မြို့ရဲ့နောက်ဆုံးတိုက်ပွဲက ထက်ဝက် ပြီးမြောက် သွားခဲ့ပါပြီ။ ကျန်တဲ့ ထက်ဝက်ကိုသာ အောင်မြင်ရင် ရွှဲ့ပြည်နယ်ကို ပြန်လည်သိမ်းပိုက်နိုင်ပါပြီ။”

“ထက်ဝက်လား။” သတ်ဖြတ်လိုက်သည့် ရန်သူ့အရေအတွက်ကို ကြည့်လျှင် ၉၅ ရာခိုင်နှုန်းကျော်ပင် ဖြစ်၏။ သို့သော်ငြား ပြီးမြောက်မှု အတိုင်းအတာကို ကြည့်လျှင် အများဆုံး ၃၀ ရာခိုင်နှုန်းသာ ရှိသေး၏။ ကောင်းကင်ပင်လယ်နန်းဆောင်၏ ကျန်ရှိနေသည့် သွေးဝိညာဉ်တပ်သား ၂၀၀၀၀ က အရေးကြီးဆုံးပင်။ ဤစစ်တပ်က မွန်းကြပ်ဖွယ်ရာ ကောင်းလောက်အောင် စွမ်းအားကြီး၏။

သူတို့က ပျံ့ရှောင်း၊ ကျင်းမင်းသားနှင့် တော်ဝင်ကပ်ဘေးဘုရားကျောင်း၊ အနောက်ပိုင်းဒေသမှ နိုင်ငံများ၏ မဟာမိတ်တပ် သန်းပေါင်းများစွာကိုပင် လွယ်ကူစွာ အနိုင်ယူခဲ့၏။ ထို့အပြင် အပြတ်အသတ် အနိုင်ယူ နိုင်ခဲ့ခြင်းပင်။

ထျန်းရွှဲ့မြို့၏ နောက်ဆုံးတိုက်ပွဲတွင် ရှမ့်လန်က ပြင်ဆင်မှုပေါင်းများစွာကို ပြုလုပ်ခဲ့သော်လည်း အားလုံးနီးပါး က သွေးဝိညာဉ်တပ်အတွက် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

ထိုလူ ၂၀၀၀၀ ကို အနိုင်ယူနိုင်မှသာလျှင် စစ်မှန်သည့် အောင်ပွဲဟု ဆိုနိုင်ပေလိမ့်မည်။ သို့မဟုတ်ပါက ယခင် ကြိုးပမ်းအားထုတ်ထားသမျှ အရာအားလုံးက အချည်းနှီးအဖြစ်သို့ ပြောင်းလဲသွားမှာ ဖြစ်၏။ သို့သော်ငြား ဤအချက်က ရှမ့်လန်အား အောင်ပွဲခံခြင်းကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

..............

စခန်းအတွင်း၌ ရှမ့်လန်က အောင်ပွဲခံ ပွဲငယ်ကလေးကို ကျင်းပ၏။ မည်သူကမှ ချီးကျူးစကားများ မပြောဆိုဘဲ နားလည်မှုရှိစွာဖြင့် စကားစမြည် တချို့ကိုသာ ပြောဆိုနေ၏။ အထူးသဖြင့် တပ်မှူးလန်ဖုန်းက ကျန်းမိသားစု၏ အမာခံပရိသတ်တစ်ဦး ဖြစ်သောကြောင့် ကျုံးယောင်နှင့် ကျုံးအီကို သူ၏ ဘက်တော်သားများ ဖြစ်လာဖို့ ဆွဲဆောင်ရန် မစောင့်နိုင်ပေ။

ရှမ့်လန်က စည်းကမ်းမရှိဘဲ လုပ်ချင်ရာလုပ်သူဖြစ်ပြီး အရှေ့ဘက်ခြမ်း၏ အင်ပါယာ ဖြစ်လိုသော ဆန္ဒ မရှိကြောင်း တပ်မှူးလန်ဖုန်းက မြင်တွေ့ရ၏။ ဟီလာ၊ ဒိုဟာ၊ ရွှယ်ရင်နှင့် တခြားသောသူများကိုတော့ ကံတရားအတိုင်းသာ သူ လွှတ်ထားရ၏။ ရှစ်ချင်းချင်းနှင့် တခြားသော အမျိုးသမီးများက အရှင့်ကို ရှမ့်လန် ဟူသာ ခေါ်ဆိုကြ၏။

တစ်စုံတစ်ယောက်က ရှမ့်လန်ကို နာမည်တပ်ခေါ်တိုင်း တပ်မှူးလန်ဖုန်း၏ နားထင်ကြောများက ထောင်ထလျက် ရှိ၏။ ထိုသူတို့က ဘာလုပ်နေကြသနည်း။ အဘယ်ကြောင့် ကျင့်ဝတ်စည်းကမ်းကို နားမလည်ကြသနည်း။ လူတိုင်း၏ တွေးခေါ်ပုံကို သူ တကယ် ပြုပြင်ပေးချင်သည်။

သူတို့ရင်ဆိုင်နေရသည်က အရှေ့ဘက်ခြမ်း၏ လူသားဧကရာဇ်ပင်။ ရှမ့်လန်ဆိုသည့် ယခင်က ခွေးလေး မဟုတ်ပေ။ ယခင်လို လူယုတ်မာတစ်ယောက် မဟုတ်ချေ။ အလှအပကို ကြိုက်နှစ်သက်သည့် ယခင်လို ကလေး မဟုတ်ပေ။

အရှေ့ဘက်လောကကို ပြန်ရောက်ပြီးနောက် တပ်မှူးလန်ဖုန်းက အဖွဲ့အစည်းများကို ဖွဲ့စည်းရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး ကျင်းရှိယန်နှင့် ကျင်းကျိုးတို့ကို သူ၏ ဘက်တော်သားများဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့၏။ ပြီးနောက် သူက အရှင်မင်းကြီး နင်ကျန်း၊ ကျန်းချုံး၊ ပျံ့ရှောင်းနှင့်တွေ့ရန်၊ အထူးသဖြင့် ကျင်းမင်းသားနှင့် တွေ့ရန် အဆုံးမဲ့သည့် ဆန္ဒများ ပြည့်နှက်နေ၏။

ယခု ရာစုနှစ်နှင့်ချီ သက်တမ်းရှိသည့် တော်ဝင်မျိုးနွယ်များအနေဖြင့် ကျုံးမိသားစုက တပ်မှူးလန်ဖုန်း၏ ပစ်မှတ် ဖြစ်လာခဲ့သည်။

ကျုံးယောင်နှင့် သူတို့နှစ်ဦးက တကယ့်ကို အဆင်ပြေ၏။ ကျုံးယောင်က ကျုံးကလန်ကို ခွဲထုတ်ရန်ပင် စီစဉ်နေ၏။ တစ်ခုက ကျုံးယောင်ပိုင်ဆိုင်ပြီး တခြားတစ်ခုကို ကျုံးအီ ပိုင်ဆိုင်ရန်ပင်။ ကျုံးအီ၏ မျိုးဆက်က ရွှဲ့ပြည်နယ်၏ လက်အောက်ခံအဖြစ် ဆက်လက်တည်ရှိမှာဖြစ်ပြီး ရွဲ့ဘုရင်အပေါ် သစ္စာစောင့်သိမည်။

ကျုံးယောင်၏ မျိုးဆက်ကတော့ ရွှဲ့ပြည်နယ်၏ လက်အောက်ခံ ဖြစ်နေဦးမှာ ဖြစ်သော်လည်း သူ၏ သားက တော်ဝင်ချန်၏ လက်အောက်ခံ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် သက်သေပြရန် ကျုံးရှစ်ရှစ်၏ တာဝန်ဖြစ်လာ၏။

သနားစရာ အကောင်းဆုံးက ကျုံးယောင်ပင်။ သူသည် မကြာသေခင်နှစ်က မီးလျှံမြို့တော်ကို မျက်နှာလို မျက်နှာရ လုပ်ချင်သောကြောင့် ကျုံးရှစ်ရှစ်ကို တော်ဝင်ရန်အင်ပါယာမှ ဝူမင်းသား၏ သားနှင့် လက်ထပ်ပေးရန် ကြံရွယ်ခဲ့သေး၏။ ဤလမ်းကြောင်းပျက်စီးသွားခဲ့ပြီးနောက် တခြားသော ရွှေရောင်လမ်းမ တစ်ခုက သူတို့၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။

ကျုံးရှစ်ရှစ်က ပို၍ပင် သနားစရာကောင်း၏။ သူမက မူလတုန်းက ကြွယ်ဝချမ်းသာသည့် သခင်မလေး တစ်ယောက်ဖြစ်၏။ သူမက ကျပ်ထုတ်နေသည့် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ပြီး လမ်းမထက်တွင် ဟိတ်ဟန်ထုတ်ကာ လျှောက်သွားလေ့ရှိ၏။

ယခု သူမက လှပသည့် ဝတ်စုံများကို အတင်းအကျပ်ဝတ်ရန် ခိုင်းစေခံရပြီး ရှမ့်လန်အတွက် ဝိုင်ပင် ငှဲ့ပေးနေရ၏။ သူမက ကျားမတစ်ကောင်နှင့် တူသော်လည်း လိမ်မာယဉ်ကျေးသည့် သခင်မလေး တစ်ယောက် ကဲ့သို့ ပြုမူရန် အတင်းအကျပ် ခိုင်းစေခံရ၏။ တကယ်ပင် အိမ်ကြီးအိမ်ကောင်းမှ သူဌေးသမီးပျိုလေး တစ်ယောက်အား အတင်းအဓမ္မ ပြည့်တန်ဆာ လုပ်ခိုင်းနေသကဲ့သို့ပင်။

ရှမ့်လန်က အလယ်ဗဟိုရှိ အမြင့်ဆုံးထိုင်ခုံတွင် ထိုင်ပြီး အရေးပါသော အရာရှိတပ်မှူးများနှင့် စကားစမြည် ပြောဆိုသံများကို နားထောင်၏။ သူက စကားသိပ်မပြောချေ။ ဘေးတစ်ဖက်မှ မွှေးပျံ့သည့် ရနံ့တစ်ခု လွင့်ပျံလာ၏။ ကျုံးရှစ်ရှစ်က သူ၏ ဘေးတွင် ထိုင်နေ၏။ ရှမ့်လန် ဝိုင်သောက်ပြီးသည်နှင့် သူမက ချက်ချင်း ဝိုင်ဖြည့်၏။ ရှမ့်လန်အတွက် အသားတစ်တုံးချင်းစီး လှီးဖြတ်ပေး၏။

ကျုံးရှစ်ရှစ်၏ နှလုံးသားက မီးဟုန်းဟုန်း တောက်လောင်နေသော်လည်း သူမ၏ လုပ်ဆောင်မှုများကတော့ တကယ့်ကို စေ့စပ်သေချာ၏။ ဤဘဝတွင် တခြားသောသူများကသာ သူမကို ပြုစုခဲ့ရ၏။ နန်းတော်သို့ သွားသည့်အခါတွင်ပင် မိဖုရားကြီးကျုံးက သစ်သီးများကို ကိုယ်တိုင်လှီးဖြတ်ပေးပြီး သူမပါးစပ်ထဲသို့ ခွံ့ကျွေးသည်။

သူမက ဘဝတစ်လျှောက်လုံး မည်သူ့ကိုမှ ပြုစုခဲ့ခြင်း မရှိသော်လည်း ယခု ရှမ့်လန်ကဲ့သို့သော ကလူ၏မြူ၏ကောင်ကို ပြုစုနေရ၏။ သူမက ပေါက်ကွဲလုနီးပါး ဖြစ်နေ၏။ သူမကို ပို၍ ဒေါသထွက် စေသည်က ရှမ့်လန်က သူမကို အလွန်ယဉ်ကျေးစွာ ဆက်ဆံနေခြင်းပင်။ ဘာသဘောနည်း။

“ရှင်က လူယုတ်မာ မဟုတ်လား။ ရှင်က လူဆိုး မဟုတ်လား။ ရှင် ရှမ့်လန်က အမျိုးသမီးတွေကို အောက်ခြေကနေ အပေါ်ထိ အလယ်ကနေ ဘေးဘက်အထိ ကြည့်တတ်တာ မဟုတ်လား။ အခုကျမှ လူကြီးလူကောင်းလိုမျိုး ဘာလို့ဟန်ဆောင်နေရတာလဲ။ ကျွန်မကို စားတော့ ဝါးတော့မလို မကြည့်တော့ ဘူးလား။”

“အရှင်မ... သွေးမျိုးဆက်ဆိုတာ တကယ့်ကို ဆန်းကြယ်တဲ့ အရာပါပဲ။ အရှင်မမှာ အနောက်တိုင်း မျက်နှာမျိုး ရှိပေမဲ့ အရှင်မမှာ အရှင်ကျန့်လီရဲ့ သွေးမျိုးဆက်တွေ ရှိနေတာကို ကျုပ် တစ်ချက်ကြည့်ရုံနဲ့ သိနိုင်တယ်။”

ကျုံးယောင်က ပြော၏။ “ကျုပ်တို့ သုတေသန ပြုထားပြီးပြီ။ အရှင့်ရဲ့ မျက်ဝန်းတွေက လူသန်းတစ်ထောင်မှာ တစ်ယောက်လောက်သာ ရှိတတ်တဲ့ မျက်ဝန်းတွေမျိုးပါပဲ။”

ဟီလာက ကြောင်အသွား၏။ မြှောက်ပြီးပြောနေသည်လား။ သို့ပေမည့် ကျုံးယောင်၏ စကားကို ကြားသည့် အချိန်မှာတော့ ဟီလာက ထကာပြောသည်။

“သခင်ကြီး ကျုံးယောင်… ရှင်ရဲ့အမြင်အာရုံက တကယ့်ကို အံ့မခန်းပဲ။ အရှေ့ဘက်လောကကို ပြန်ရောက်ပြီးတဲ့နောက် ကျွန်မနဲ့ကျွန်မရဲ့မောင်လေးမှာ ထူးခြားတဲ့ မျက်ဝန်းတွေ ရှိတာကို သတိထားမိတဲ့ ပထမဦးဆုံးလူက ရှင်ပဲ။”

ပြီးနောက် သူမက ရှမ့်လန်၏ ဘေးနားသို့သွားပြီး သူမနှင့် ရှမ့်လန်၏ မျက်လုံးများကို တခြားသောသူများ သေချာမြင်ရန် မျက်လုံးကို ပြူးကျယ်ပြ၏။ သူတို့၏ မျက်လုံးများက သာမန်လူသားများနှင့် လွန်စွာ ကွာခြား လေ၏။ ပို၍ နက်ရှိုင်းသည့် ဖွဲ့စည်းပုံရှိပြီး သာမန်အတိုင်းအတာနှင့် မတူကြပေ။ တိရစ္ဆာန်တချို့၏ မျက်လုံးများ နှင့် တူပြီး လူသားမျက်လုံးများထက် ပို၍ တောက်ပကာ လျှို့ဝှက်ဆန်းကြယ်၏။

ကျုံးရှစ်ရှစ်က သေချာကြည့်ရှုပြီး အာမေဋိတ်သံဖြင့် ပြောသည်။ “တကယ့်ကို မတူဘူး။ အရှင် ရှမ့်လန်ရဲ့ မျက်လုံးတွေက ဘာလို့ ဒီလောက်တောင် ကွဲပြားနေတာလဲလို့ ထင်နေတာ။ လူမျက်လုံးနဲ့ မတူဘူးပဲ။”

“ဟမ်… လူမျက်လုံးနဲ့ မတူဘူးဆိုတာ ဘာသဘောလဲ။ ရှင် စကားပြောတတ်ရဲ့လား။”

“အဟွတ်… အဟွတ်” ကျုံးယောင်က သမီးဖြစ်သူ၏စကားကို ရပ်တန့်ရန် ကူရာမဲ့စွာဖြင့် ချောင်းဟန့်လိုက်မိ၏။

ကျုံးရှစ်ရှစ်က ကျင်းမူလန်နှင့် ပဋိပက္ခ ရှိရုံသာမက နင်ယန်နှင့်လည်း ပဋိပက္ခရှိ၏။ ထို့အပြင် အရှင်ရှမ့်လန်၏ ဘေးတစ်ဖက်တွင် မြေခွေးမလေး ကျန်းချွင်းဟွာ ရှိသေး၏။ အလှအပနှင့် ဉာဏ်နီဉာဏ်နက်မှလွဲ၍ သူ၏ သမီးတွင် တခြားဘာမှ မရှိတော့သလောက်ပင်။

မင်းသမီး ဒိုဟာက ပြောသည်။ “အရှင်... ကျွန်မတို့နဲ့ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ် တိုက်ပွဲက ဘယ်တော့ စဖြစ်မလဲ။ ဒီအမဲလိုက်ကွင်းပြင်မှာ ဆက်ဖြစ်မှာလား။”

ရှမ့်လန်က ခေါင်းခါယမ်းပြလိုက်၏။ “ဖြစ်နိုင်မယ်မထင်ဘူး။ ကျုပ်နဲ့ကျူးဟုန်ရွဲ့တို့ရဲ့ တိုက်ပွဲက အနောက်တိုင်း မိသားစုတွေရဲ့ တိုက်ခိုက်ပွဲနဲ့ ပိုတူလိမ့်မယ်။”

မင်းသမီးဒိုဟာက ပြောသည်။ “ဒါကတော့ အကောင်းဆုံးပါပဲ။”

ပြီးနောက် မင်းသမီးဒိုဟာက စကားတစ်ခွန်း ပြောချင်သော်လည်း ရပ်တန့်လိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ပြောစရာရှိတာ ပြောပါ။”

မင်းသမီးဒိုဟာက ပြော၏။ “အရှင်... အမေဇုန်တပ်တော်က အရှင့်ကို သစ္စာဆိုပြီးတည်းက ကဏ္ဍပေါင်းစုံမှာ အရှင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရခဲ့တယ်။ အကြီးမားဆုံး ဆုံးရှုံးမှုက မီးနတ်ဘုရားရဲ့ ငရဲမီး တိုက်ခိုက်မှုကြောင့် ဖြစ်ခဲ့တယ်။ အဲဒီတုန်းက အရှင်က ကျွန်မတို့ကို ကယ်တင်ဖို့ အသက်ကိုပါ စွန့်စားလုနီးပါး ပြုလုပ်ခဲ့တယ်။ အဲဒီအတွက် ကျွန်မတို့က အတိုင်းအဆမရှိအောင် ကျေးဇူးတင်ပါတယ်။

ဒါပေမဲ့ ကျွန်မတို့က စစ်သည်တော်တွေပါ။ တိုက်ခိုက်ဖို့ လိုအပ်တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ လေ့ကျင့်မှုတွေ က တကယ့်တိုက်ပွဲကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် အရှင် ကျွန်မတို့ကို သိပ်ပြီး ကာကွယ်ပေး နေစရာ မလိုပါဘူး။ ကျွန်မတို့က စစ်မြေပြင်မှာ သေရင်သေ ၊ မသေရင် စစ်မြေပြင်မှာပဲ အသွင်ပြောင်းလဲ တိုးတက်ချင် ပါတယ်။”

ရှမ့်လန်က ခွက်ကိုမြှောက်ကာဖြင့် ဒိုဟာကို ဂုဏ်ပြုသည်။

ကျုံးရှစ်ရှစ်က ပြော၏။ “ကောင်းလိုက်တဲ့ စကား။ ဒီနေ့တိုက်ပွဲက တော်တော်လေး တုန်လှုပ်စရာ ကောင်းတယ်။ လုံးဝတစ်ဖက်သတ် သတ်ဖြတ်ပွဲပဲ။ ဒါပေမဲ့ ကျွန်မ တွေးမိနေတယ်။ နောက်ဆိုရင် စစ်မြေပြင်မှာ ကျွန်မတို့ သိုင်းပညာရှင်တွေအတွက် နေရာ မရှိတော့ဘူးလား။ ကျွန်မတို့က လုံးဝ ခေတ်ကုန်သွားပြီလား။ ဒီလိုခံစားချက်မျိုးက ကျွန်မရဲ့ရင်ဝကို ဆောင့်ကန်လိုက်သလိုပဲ။”

ဤတစ်ကြိမ်မှာတော့ ကျုံးယောင်က ခွက်ကို စားပွဲပေါ်သို့တင်ပြီး သမီးဖြစ်သူကို စိုက်ကြည့်သည်။

ကျုံးရှစ်ရှစ်က ကြောင်အသွားခဲ့၏။ စကားမှားသွားပြန်ပြီလား။ သူမက ကိုယ့်ကိုယ်ကိုပင် မေးနေမိ၏။

ရှမ့်လန်က ပြောလိုက်သည်။ “မင်းသမီးဒိုဟာ... နောက်ထပ်တိုက်ပွဲက တကယ့်ကို ကြီးမားတဲ့ စမ်းသပ်မှုပဲ။”

သွေးဝိညာဉ်တပ်နှင့ တိုက်ပွဲက ထျန်းရွှဲ့မြို့၏ နောက်ဆုံးအဆုံးအဖြတ် တိုက်ပွဲဖြစ်၏။

.................

မြို့တော်ရှိ လူများ၏ ခံစားချက်က ရုန့်ရင်းဆန်ခတ် ဖြစ်နေ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က စစ်သည်သိန်းပေါင်းများစွာက ရှမ့်လန်ကို တိုက်ခိုက်ရန် တောင်ဘက်သို့ ချီတက်သွားသည်။

မြို့တော်ရှိ လူအများစု က ကျရှုံးတော့မည်ဟု တွေးထင်ခဲ့၏။ ရှမ့်လန်၏ စစ်တပ်က စစ်သည်နှစ်သောင်းသာရှိ၏။ မည်သို့ပင်ဆိုစေကာမူ စစ်သည်လေးသိန်းနှင့် ငါးသိန်းရှိသည့် စစ်တပ်ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ပြီးနောက် သူတို့က အချိန်ကို ခန့်မှန်းပြီး တိုက်ပွဲစတင်မည့် သတင်းကို စောင့်မျှော်နေ၏။ မြို့တော်က ထျန်းရွှဲ့အမဲလိုက်ကွင်းပြင် နှင့် မဝေးလှပေ။ ကီလိုမီတာ အနည်းငယ်သာ ကွာဝေး၏။ တိုက်ပွဲ စတင်ချိန်တွင် သူတို့က ကြားနိုင်သေး၏။ ထို့ကြောင့် မြို့တော်ရှိလူများက တောင်ဘက်မှသတင်းကို နားစွင့်ထား၏။ နောက်ဆုံးမှာတော့ သူတို့ နားစွင့်စရာ မလိုပေ။

“ဘုန်း... ဘုန်း...”

နားကွဲလောက်စရာ အသံကြီးများကို ကြားခဲ့ရ၏။ ဤအရာက ဘာအသံနည်း။ မိုးချိန်းသံများလား။ သို့သော်ငြား ကောင်းကင်တွင် တိမ်တိုက်တစ်ခုမှ မရှိချေ။ ဤအရာက စစ်မြေပြင်မှ လာသည့် အသံများလား။

မကြာခင် မြို့တော်ရှိလူများက စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် မြင်ကွင်းကို မြင်ရ၏။ စစ်သည်ပေါင်းများစွာ ပြန်ပြေးလာ၏။ အစပိုင်းတွင် ရာဂဏန်းလောက်သာ ဖြစ်သော်လည်း ပြီးနောက် ထောင်ဂဏန်း၊ နောက်ဆုံး လူတစ်သိန်းလောက်ပင် ပြန်ပြေးလာ၏။

ဘာတွေဖြစ်ကုန်သနည်း။ တိုက်ပွဲက ယခုမှ စခြင်းပင်။ အဘယ်ကြောင့် ပြေးလာရသနည်း။ ရှမ့်လန် နိုင်သွားသည်လား။ မဖြစ်နိုင်ပေ။ ထွက်ပြေးလာခဲ့သည့် စစ်တပ်က ရှမ့်လန်၏ စစ်တပ်ဖြစ်မည်ဟု မည်သူမှ မပြောကြပေ။ သူတို့က စစ်သည်နှစ်သောင်းသာရှိပြီး ထွက်ပြေးလာသူများက တစ်သိန်းကျော်ရှိနေသည်။

နောက်ဆုံး ကျူးကျွင်းက သောင်းချီသည့် စစ်သည်များကို ဦးဆောင်ပြီး မြို့တော်သို့ ပြန်ရောက် လာချိန်မှာတော့ ရှမ့်လန် တိုက်ခိုက်ပွဲကို အနိုင်ယူသွားခဲ့ပြီဖြစ်ကြောင်း လူတိုင်းသိရှိလိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် ကျူးကျွင်း၏ စစ်တပ်က ဒဏ်ရာရစစ်သည် ထောင်ပေါင်းများစွာကို သယ်ဆောင်လာ သောကြောင့်ပင်။ ထိုအထဲတွင် အများစုက သွေးများဖြင့် ဖုံးလွှမ်းနေပြီး စိတ်ပျက်အားငယ်နေပုံလည်း ပေါ်၏။ ရှုံးနိမ့်ခြင်းက ပုံမှန်အသွင်အပြင်ကဲ့သို့ပင်။

ရုတ်တရက် မြို့တော်ရှိလူများက စိတ်လှုပ်ရှားသွား၏။ သူတို့က မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေ၏။ ရှမ့်လန်၌ စစ်သည်နှစ်သောင်းသာ ရှိ၏။ တစ်ရက်မပြည့်ခင်မှာပင် လူပေါင်းလေးသိန်းကျော်ကို အနိုင်ယူခဲ့သည်။ မည်သို့ ပြုလုပ်လိုက်သနည်း။ ယုံနိုင်စရာပင် မရှိချေ။

ရှမ့်လန်သည် ယခင် သမက်တော်ဘဝတုန်းက အံ့ဖွယ်ရာများကို ဖန်တီးခဲ့ဖူး၏။ ရွဲ့ဘုရင်၏ အချစ်တော် ဖြစ်ခဲ့စဉ်ကလည်း အံ့ဖွယ်ရာများကို ထပ်မံ ဖန်တီးခဲ့ပြန်၏။ ယခု အင်ပါယာ ဧကရာဇ်ဟု ခေါ်ခံရသည့် အချိန်တွင်လည်း အံ့ဖွယ်ရာများကို ဖန်တီးနေဆဲပင်။ ဤအရာက တကယ့်ကို ဆန်းကြယ်လွန်းသည်။

သို့သော်ငြား မြို့တော်ရှိလူများက စိတ်ထဲ၌သာ တိတ်တဆိတ် စိတ်လှုပ်ရှားရဲကြ၏။ အသံထွက်၍ မဟစ်ကြွေးရဲချေ။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲမပြီးဆုံးသေးကြောင်း လူတိုင်းက သိရှိနေသောကြောင့်ပင်။ အစွမ်းထက်ဆုံးသော ကောင်းကင်ပင်လယ်နန်းဆောင်၏ သွေးဝိညာဉ်တပ်က မဖြန့်ကျက်ရသေးပေ။

..................

All Chapters