← Chapters

အခန်း (၉၇၇-၉၇၈)

Vol. 58 Ch. 977-978

အခန်း (၉၇၇-၉၇၈)

Vol. 58 Ch. 977-978

အပိုင်း (၉၇၇)

သွေးဝိညာဉ်စစ်သည်တစ်ဦး၏ အလောင်းကို ရှမ့်လန်၏ရှေ့တွင် ချ၏။ “သူတို့က ငါတို့နဲ့ သိသိသာသာ ကွာခြားနေတယ်။ ရှေးဟောင်းလူသားတွေရဲ့ လက္ခဏာရပ်တချို့ သူတို့မှာ ရှိနေတယ်။ ဒါပေမဲ့ အကုန်လုံး တော့ မဟုတ်ဘူး။ သူတို့ရဲ့ အရိုးတွေက အရမ်းသန်မာတယ်။ အမေဇုန်တွေထက်တောင် ပိုမာသေးတယ်။

သူတို့ရဲ့ ကြွက်သားသိပ်သည်းဆက အရမ်းကို မြင့်မားတယ်။ ဒါကြောင့် သူတို့မှာ အံ့မခန်း ပေါက်ကွဲအားတွေ ရှိတာပဲ။ သူတို့ရဲ့ အဆုတ်တွေက သာမန်လူတွေနဲ့ မတူဘူး။ ဒါကြောင့် သူတို့က ပိတ်လှောင်နေတဲ့ ပတ်ဝန်းကျင်မှာ အချိန်ကြာမြင့်စွာ နေနိုင်တယ်။ ဒီအချက်က အမေဇုန်တွေနဲ့ အရမ်းတူတယ်။

သူတို့ရဲ့ မျက်နှာသွင်ပြင်က နည်းနည်း ထူးဆန်းတယ်။ ဦးနှောက်တွေက ပိုပြီး ငေါထွက်နေတယ်။ ပိုပြီးတော့ ကြီးနေတယ်။ ဒါကြောင့် သူတို့မှာ အရမ်းအားကောင်းတဲ့ အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ထားတာပဲ။ တကယ်လို့ တုံ့ကျန်းဘုရားကျောင်းက ဘုန်းတော်ကြီးစစ်သည်တွေက သာမန်လူသားတွေဆိုရင် သွေးဝိညာဉ်တပ်ကတော့ သာမန်မဟုတ်ဘူး။”

ရှမ့်လန်က ရွှယ်ရင်နှင့် သားသတ်သမား ကျူးယောင်ကို လှမ်းကြည့်၏။ “ခင်ဗျားတို့နှစ်ယောက်က အဖေ့နောက်ကို အကြာကြီး လိုက်ခဲ့ကြတယ်။ ထူးချွန်တဲ့ ပါရမီရှင်ကျောင်းတော်ရဲ့ သိုင်းနည်းပြတွေတောင် ဖြစ်ခဲ့ကြသေးတယ်။ ဒါဆိုရင် ကျုပ်မေးမယ်။ အရှင်ကျန်းလီမှာ ကြီးမားတဲ့ သွေးမျိုးဆက် ပြောင်းလဲခြင်း စီမံကိန်း ဒါမှမဟုတ် အထူးစစ်တပ် တည်ဆောက်တဲ့ စီမံကိန်းမျိုး ရှိလား။”

ရွှယ်ရင်က ပြောသည်။ “ရှိတယ်။ ဒါပေမဲ့ သိပ်တော့ ရှင်းရှင်းလင်းလင်း မသိဘူး။ ဘာလို့လဲဆိုတော့ အရှင်ကျန်းလီ ကို သစ္စာဆိုပြီးတဲ့နောက်ပိုင်း ထောက်လှမ်းရေး အရာရှိတစ်ယောက်အနေနဲ့ အလုပ် လုပ်ခဲ့ရလို့။”

သားသတ်သမား ကျူးယောင်က ပြော၏။ “ဟုတ်တယ်။ အရှင်ကျန်းလီမှာ ကြီးမားတဲ့ သွေးမျိုးဆက် ပြောင်းလဲခြင်း စီမံကိန်း၊ အထူးစစ်တပ် စီမံကိန်းမျိုးတွေ ရှိတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုနဲ့ သွေးမျိုးဆက် စွမ်းအားတွေကို လွတ်မြောက်စေဖို့ ဖြည်းဖြည်းချင်း လုပ်ရလိမ့်မယ်လို့ မကြာခဏ ပြောတယ်။ အလောတကြီး လုပ်လို့ မရဘူး။ မဟုတ်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်တဲ့။ နှစ်တစ်ရာ စီမံကိန်း အဖြစ်တောင် ခွဲခြားပြီး နည်းနည်းချင်းစီ တွန်းပို့ရမယ် ပြောတယ်။”

ရှမ့်လန်က ပြောသည်။ “တစ်နည်းအားဖြင့်ပြောရရင် သူ့ရဲ့ သွေးမျိုးဆက် သုတေသနက အရမ်းကို ရှေ့ရောက်နေပြီ။ ဒါပေမဲ့ အကျိုးဆက်ကို စိုးရိမ်လို့ သူက တပြိုင်နက်တည်း ထုတ်မသုံးရဲပါဘူး။ သူက သွေးမျိုးဆက်အနည်းငယ်ကို သုံးပြီး လူသားတွေရဲ့ သွေးမျိုးဆက်တွေကို မြှင့်တင်ပေးချင်ခဲ့တယ်။ လျှို့ဝှက်စီမံကိန်းက သွေးမျိုးဆက် ပြောင်းလဲခြင်း စီမံကိန်းရဲ့ ပထမအဆင့်ဖြစ်လိမ့်မယ်။”

ကျုံးယောင်က ပြော၏။ “မှန်ပါတယ်။ တကယ်တော့ ကျုပ်မှာ အမြဲတမ်း မေးခွန်းတစ်ခု ရှိနေခဲ့တယ်။ သဘာဝလွန်အင်အားစုတွေက အင်အားကြီးတဲ့ လျှို့ဝှက်စစ်တပ်တွေ ရှိနေရဲ့သားနဲ့ တော်ဝင်ရန် အင်ပါယာ ဧကရာဇ်ရဲ့ အမိန့်ကို နာခံနေရတာလဲ။ တကယ်ဆိုရင် သူတို့က လောကကြီး တစ်ခုလုံးကို သိမ်းပိုက်နိုင်တာပဲ။

ဘာလို့ ဧကရာဇ်က လောကကို စည်းလုံးညီညွတ်အောင်လုပ်ဖို့ နိုင်ငံရေး နည်းလမ်းတွေကို သုံးနေရ သေးတာလဲ။ ဘာလို့ သူက လျှို့ဝှက်စစ်တပ်တွေကို စေလွှတ်ပြီး မနာခံတဲ့ နိုင်ငံတွေ အကုန်လုံးကို မဖျက်ဆီးရတာလဲ။”

ရွှယ်ရင်က ပြောသည်။ “အကြောင်းပြချက် နှစ်ခုရှိတယ်။ ပထမတစ်ခုကတော့ သဘာဝလွန် အင်အားစုတွေက အရှင်ကျန်းလီရဲ့ သုတေသန ရလဒ်တွေကို ရရှိထားလို့။ ဒါကြောင့် သူတို့က လျှို့ဝှက်စစ်တပ် အများအပြားကို ပြုစုပျိုးထောင်နိုင်ကြတာ။ မူလက သဘာဝလွန် အင်အားစုတွေရဲ့ သွေးမျိုးဆက် သုတေသနက သိုင်းပညာဘက် ကို ဦးတည်ခဲ့တာပဲ။

ဒုတိယအချက်ကတော့ တော်ဝင်ရန်အင်ပါယာနဲ့ သဘာဝလွန် အင်အားစု ခြောက်ခုရဲ့ ဆက်ဆံရေးက ကျွန်မတို့ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးတယ်။ သဘာဝလွန်အင်အားစုတွေက သူ့ကို ကြောက်ရွံ့ပုံ ရတယ်။ သဘာဝလွန်အင်အားစု ခြောက်ခုရဲ့ ကတိကဝတ်ကို သက်ရောက်စေနိုင်တဲ့ အရာတစ်ခုခုကို သူက ပိုင်ဆိုင်ထားသလိုမျိုးပေါ့။

ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်က အရှင်ရှမ့်လန် အမဲလိုက်ခံရတုန်းက ကျောက်စိမ်းဖြူမြို့တော်နဲ့ ရှန့်ကုန်း ဘုရားကျောင်း က အမိန့်တော် ရရှိခဲ့တယ်။ ဒါပေမဲ့ သူတို့က လှေငယ်နှစ်စင်းပဲ လွှတ်ခဲ့တယ်။ လူတစ်ယောက် မှ ပေါ်မလာခဲ့ဘူး။”

ကျုံးယောင်က ပြောသည်။ “အဲလို နားလည်လို့ ရမလား။ တော်ဝင်ရန် အင်ပါယာ ဧကရာဇ်က သဘာဝလွန် အင်အားစုတွေရဲ့ အထွတ်အထိပ် အုပ်စိုးသူ ဖြစ်ရုံတင်မကဘူး၊ သဘာဝလွန် အင်အားစုတွေရဲ့ ခေါင်းဆောင် လည်း ဖြစ်တယ်။ ဒါပေမဲ့ သူက သေမျိုးလောကနဲ့ သဘာဝလွန် အင်အားစုကို ခွဲခြားဖို့ ကြိုးစားနေတယ်၊ ပြီးတော့ သဘာဝလွန်အင်အားစုတွေကို စည်းကျော်ပြီး သေမျိုးလောကဆီ ကျူးကျော်မလာအောင် ဖိနှိပ်ဖို့လည်း ကြိုးစားနေတယ်ပေါ့။”

ဤအချက်က တကယ့်ကို ထင်ရှား၏။ နင်ယွမ်ရှန်းတောင်မှ ရှမ့်လန်ကို မထိရန် စေတီတောင်ကို သတိပေးခဲ့ဖူးသေး၏။ သူက စေတီတောင်၊ ကောင်းကင်ပင်လယ်နန်းဆောင်တို့နှင့် တန်းတူ စကားပြောနိုင် သကဲ့သို့ပင်။

ထိုအချိန်က လောကကြီးသည် စည်းမျဉ်းတစ်ခုအောက်တွင် လည်ပတ်နေသလို ရှိ၏။ သို့သော်ငြား ဤမျှခြေက အနည်းငယ် ပျက်စီးသွားခဲ့ပုံရ၏။ သဘာဝလွန်အင်အားစုများက သိုသိုသိပ်သိပ် နေရာမှ ပွင့်ပွင့်လင်းလင်း ပေါ်ထွက်လာကြ၏။ သူတို့က စည်းကျော်လာကြ၏။

“ကောလာဟလတွေအရ တော်ဝင်ရန်အင်ပါယာက သိုင်းပညာ မတတ်ဘူးဆို။”

ကျုံးယောင်က ပြောသည်။ “ဒါ အမှန်ပဲလား။”

အားလုံးက ရွှယ်ရင်ကို ကြည့်၏။ သူမက ယခင်က တော်ဝင်ရန် နန်းတွင်းမိသားစုနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့၏။ ရွှယ်ရင်က ပြောလိုက်၏။ “ကျွန်မ အသိဉာဏ် ရှိလာကတည်းက တော်ဝင်ရန် အင်ပါယာ ဧကရာဇ် သိုင်းပညာ သုံးတာ တစ်ခါမှ မမြင်ဖူးဘူး။ သူ သိုင်းပညာတတ်တယ်လို့ ဘယ်သူမှ‌ ပြောတာ မကြားဖူးဘူး။”

“ဒါဆိုရင် သူက သဘာဝလွန် အင်အားစု ခြောက်ခုကို ဘယ်လို ကွပ်ကဲ အုပ်ချုပ်နိုင်ခဲ့တာလဲ။”

ရွှယ်ရင်က ခေါင်းခါယမ်းလိုက်သည်။ “တကယ်လို့ ဒါကို သိရင် ဒီပဟေဠိရဲ့ ထက်ဝက်ကို ဖြေရှင်းပြီးသား ဖြစ်သွားမှာပေါ့။ အရှင်ကျန်းလီ ရုတ်တရက် နတ်ရွာစံရတဲ့ အကြောင်းရင်းကို ကျွန်မတို့ သိနိုင်မှာပေါ့။”

ကျန်းလီ ရုတ်တရက် နတ်ရွာစံရခြင်းက လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော ပဟေဠိကြီး ဖြစ်လေ၏။ သူက ဤမျှလောက် စွမ်းအားကြီး၏။ အဘယ်ကြောင့် ရုတ်တရက် သေသွားရသနည်း။ ဤလောကကြီးတွင် သူ့ကို မည်သူက သတ်နိုင်ခဲ့သနည်း။

ယခင်က ကျန်းလီ၏ စွမ်းအားကို မည်သူမှ ရှင်းရှင်းလင်းလင်း မသိခဲ့ကြ။ သို့သော်ငြား ယခု သူတို့ သိကြပြီ ဖြစ်၏။ ချောင်ယောင်းအာ၊ ကျုံးဟုန်ရွှဲ့၊ အဒေါ့ဖ်၊ ရင်ဝူမင်တို့ကို ကြည့်လျှင် သိ၏။ အတိုင်းအတာ တစ်ခုထိ သူတို့၏ စွမ်းအင်အရင်းအမြစ်က ကျန်းလီထံမှ လာခြင်းပင်။ ရင်ဝူမင်၏ စွမ်းအားကို လုံးဝ မသိသေးချေ။ သို့သော်ငြား အဒေါ့ဖ်၏ စွမ်းအားကို ကြည့်ရုံနှင့် ရှမ့်လန်က ကိုယ်တိုင် မှန်းဆနိုင်၏။ အဘယ်ကြောင့်ဆိုသော် အဒေါ့ဖ်က ကျန်းလီနောက်သို့ ဆယ်စုနှစ် အနည်းငယ်သာ လိုက်ပါခဲ့ခြင်းပင်။

……………….

“ကျုပ်တို့ဘက်က ထိခိုက် ၊ သေဆုံးမှု ဘယ်လောက်တောင် ရှိလဲ။” ရှမ့်လန်က မေးလိုက်၏။

“၆၀၀၀”

ဒိုဟာ ပြောလိုက်သည့် ဂဏန်းကြောင့် ရှမ့်လန်က နှလုံးသားတစ်ခုလုံးပင် တုန်ယင်သွားခဲ့မိသည်။

“များလိုက်တာ။”

“သွေးဝိညာဉ်တပ်ရဲ့ မြားတွေက အရမ်းကို ပြင်းထန်လွန်းတယ်။ သံချပ်ကာတွေ ဝတ်ထားတာတောင်မှ မီတာ ၁၅၀ ကျော်ရင် ကာကွယ်လို့ မရတော့ဘူး။”

မင်းသမီးဟီလာက ပြော၏။ “ဒါပေမဲ့ သတင်းကောင်းတွေလည်း ရှိတယ်။ ထိခိုက်မှု ခြောက်ထောင်မှာ အများစုက ဒဏ်ရာပဲ ရတာ၊ သေတာ မဟုတ်ဘူး။ လူအများကြီးကို ကယ်တင်လို့ ရပါသေးတယ်။”

ရှမ့်လန်က သွေးဝိညာဉ်တပ်၏ သံချပ်ကာကို ကောက်ယူ၏။ ပါးလွှာသော အလွှာလေးတစ်ခုသာ ဖြစ်သော်လည်း ဖျက်ဆီး၍ မရလောက်အောင်ပင်။ ယုံနိုင်စရာ မရှိချေ။ ထိုအရာက ကောင်းကင်ပင်လယ် နန်းဆောင် ပိုင်ခြင်းလား။ အရှင်ကျန်းလီ ပိုင်ဆိုင်ခဲ့သည်လား။

သို့သော်ငြား ယခု ဤသံချပ်ကာများက ရှမ့်လန် ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်၏။ သူ၏စစ်တပ်က စစ်မြေပြင်အနှံ့ကို လိုက်လံကောက်ယူနေပြီး တောင်လို့ပုံလို့နေ၏။ သံချပ်ကာ အများစုက ပျက်စီးသွားခဲ့သော်လည်း ကျင်းချန်ကျွန်းသို့ သယ်ဆောင်ပြီးနောက် ပြန်လည်ပြုပြင်နိုင်၏။ ဤသံချပ်ကာများကို ဝတ်ဆင်ပြီးနောက် ရှမ့်လန်၏ စစ်သည်များက ပြီးပြည့်စုံသည့် အကာအကွယ်ကို ရရှိပေလိမ့်မည်။

သားသတ်သမား ကျူးယောင်က ပြော၏။ “အရှင်... ကျုပ် သတိပေးရမယ့် ကိစ္စတစ်ခု ရှိတယ်။ အရှင်ကျန်းလီ သက်ရှိထင်ရှား ရှိစဉ်က ဝေါဟာရတစ်ခု ပြောလေ့ရှိတယ်။ ဒါကတော့ ‘စွမ်းအင်သံချပ်ကာ’ တဲ့။”

ရှမ့်လန် “.......”

ပြီးနောက် သူက အမိန့်ပေးလိုက်သည်။ “သံချပ်ကာ အကုန်လုံးကို ကောက်ယူ။ သွေးဝိညာဉ်တပ် အလောင်းတွေကိုတော့ တစ်လောင်းမှ မကျန်စေနဲ့။ ပြန်သယ်ခဲ့ကြ။ လေ့လာရမယ်။ တွေ့ရှိချက်အသစ်တွေ၊ အကျိုးအမြတ်တွေ ရကောင်းရလိမ့်မယ်။”

“အမိန့်တော်အတိုင်းပါပဲ။”

ပြီးနောက် ထောင်ပေါင်းများစွာသော ဦးခေါင်းခွံစစ်သည်များက အလောင်းများကို စတင်ကောက်ယူကြ၏။

…………………

“အဆင်ပြေရဲ့လား။” ရှမ့်လန်က မေးသည်။

ချောင်ယောင်းအာက ဖြေလိုက်၏။ “အဆင်မပြေဘူး။”

ရှမ့်လန်က လန့်ဖြန့်သွားသည်။ “ဒဏ်ရာရသွားတာလား။”

ချောင်ယောင်းအာက ပြော၏။ “ကျွန်မ မတိုက်ခိုက်ရတာ ကြာပြီ။ ဒီတိုက်ပွဲမှာ ကျွန်မရဲ့ ခွန်အား အကုန်လုံးကို သုံးလိုက်ရတယ်။ အားမွေးဖို့ အချိန်လိုလိမ့်မယ်။”

ရှမ့်လန်က မေးသည်။ “ကျူးဟုန်ရွှဲ့နဲ့ ယှဉ်မယ်ဆိုရင် မင်းက ဘယ်လောက် သန်မာလဲ။”

“ခုနစ်ရာခိုင်နှုန်း။” ချောင်ယောင်းအာက ပြော၏။

ဤအဖြေကြောင့် ရှမ့်လန်က ကြောင်အသွားခဲ့မိ၏။ အဘယ်ကြောင့် ဤမျှ တိတိကျကျ ပြောနိုင်ရသနည်း။

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆိုရင် ကျူးဟုန်ရွှဲ့က ကျူးယောင်ရဲ့ သားလား။ ဒါမှမဟုတ်။”

ချောင်ယောင်းအာက ပြော၏။ “သူက ကျူးယောင်ရဲ့ သားမဖြစ်နိုင်ဘူး။ သူ့ရဲ့စွမ်းအင်က အတွင်းအားကနေ လာတာ မဟုတ်ဘူး။ သွေးမျိုးဆက်ကနေ လာတာ။ တကယ်လို့ သူက အတွင်းအားကိုပဲ အားကိုးမယ်ဆိုရင် ကျွန်မနဲ့ နာရီပေါင်းများစွာ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူလည်း ကျွန်မလိုပဲ။ ကျွန်မတို့ နှစ်ယောက်လုံးကို မွေးစားဖခင်က ပြုစုပျိုးထောင်ခဲ့တာပဲ။”

သူမ ပြောလိုသည့် ‘မွေးစားဖခင်’ ဆိုသည်က ကျန်းလီကို ဆိုလိုခြင်း ဖြစ်ကြောင်း ထင်ရှား၏။ ဤအဖြေကို ရပြီးနောက်မှာတော့ ရှမ့်လန်က သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ကျူးဟုန်ရွှဲ့၏ ဝိသေသလက္ခဏာနှင့် ပတ်သက်၍ သူ့တွင် ခန့်မှန်းချက် နှစ်ခုရှိသည်။

အစပိုင်းတွင် ကျူးဟုန်ရွှဲ့က ကျူးကျွင်း၏ သားဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့၏။ သို့သော်ငြား ကျူးကျွင်း၏ သားသမီးများထဲတွင် မည်သူမှ ဤကဲ့သို့ သန်မာသည့် သွေးမျိုးဆက်ကို မပိုင်ဆိုင်ပေ။ ဆက်လက်စဉ်းစားကြည့်မည်ဆိုလျှင် ကျူးဟုန်ရွှဲ့၏ စွမ်းဆောင်ရည်က လွန်စွာ အားကောင်း လာသောကြောင့် ကျူးယောင် မွေးထုတ်ပေးနိုင်သည့် ပုံစံမျိုးလည်း မဟုတ်ချေ။

မှန်ပေ၏။ ကောင်းကင်ပင်လယ်နန်းဆောင်၏ သွေးမျိုးဆက် ပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်၏။ ဤကဏ္ဍတွင် ကောင်းကင်ပင်လယ်နန်းဆောင်က အလွန်ကျွမ်းကျင်၏။ အသက်ဇီဝ သုတေသနဌာနပင် ရှိ၏။ သို့သော်ငြား ထိုကဲ့သို့သော အခွင့်အရေး ရှိလျှင် အဘယ်သို့ ကျူးဟုန်ရွှဲ့ အလှည့် ရောက်လာမည်နည်း။ ပိုမိုအဆင့်မြင့်သည့်လူများက ထိုစွမ်းအင်ကို ရယူသွားပေလမ့်မည်။

ရှမ့်လန်က တွေးမိ၏။

ယခု သူ လုံးလုံး နားလည်သွား၏။ ကျူးဟုန်ရွှဲ့နှင့် နင်ဟန်တို့က သူတို့၏ ကြီးမားသည့် စွမ်းအား ၊ ကြီးမားသည့် သွေးမျိုးဆက်များကြောင့် ကောင်းကင်ပင်လယ်နန်းဆောင်၏ တန်ဖိုးထားခြင်းကို ခံရခြင်းပင်။ ပြီးနောက် ဤစွမ်းအားကြီးမားသည့် သွေးမျိုးဆက်က ကျန်းလီဆီမှ လာရောက်ခြင်းပင်။

“အင်း... မင်းပင်ပန်းသွားပြီ။”

ရှမ့်လန်က ညင်သာစွာ ပြောလေ၏။ “အခု နေလို့မကောင်းဘူးလား။”

ချောင်ယောင်းအာက ခေါင်းခါလိုက်သည်။ “နေလို့မကောင်းတာ မဟုတ်ပါဘူး။”

ရှမ့်လန်က မေး၏။ “ဒါဆိုရင် ခန္ဓာကိုယ်က နာနေတာလား။”

ချောင်ယောင်းအာက ဖြေသည်။ “လုံးဝ မနာပါဘူး။”

ရှမ့်လန်က ပြော၏။ “မင်းမနာဘူး၊ နေလို့လည်းကောင်းတယ်ဆိုရင်တော့ ငါ မင်းနဲ့ အိပ်ချင်တယ်။”

“ဟမ်…”

ချောင်ယောင်းအာက မျက်လုံးကိုလှန်ကာ ရှမ့်လန်ကို ကြည့်၏။ နောက်နေသည်လား။ သူမက နာရီပေါင်းများစွာ တိုက်ခိုက်ထား၍ မောပြီးသေလုနီးပါး ဖြစ်နေ၏။ တစ်ဖက်လူက သူမနှင့် အိပ်ချင်သည်ဟု ပြောနေလေသည်။

“ကောင်းပြီ။”

ချောင်ယောင်းအာက ပြောလိုက်၏။ “ဒါပေမဲ့ ဒီတစ်ခါ ကိုယ့်ဘာသာကိုယ် လုပ်ရမယ်။ ကျွန်မမှာ ဘာအားမှ မကျန်တော့ဘူး။”

နာရီဝက် ကြာပြီးနောက် ……

ချောင်ယောင်းအာက ရှေ့သို့တိုးပြီး ရှမ့်လန်ကို နမ်း၏။ ဤသည်က သူမအတွက် ပထမဦးဆုံး စတင်ကာ နမ်းရှိုက်ခြင်း ဖြစ်သည်။

“ရှမ့်လန်... တကယ်လို့ ရှင် အမြဲတမ်း ဒီလို အားနည်းပြီး သိုင်းပညာ မရှိရင် ကောင်းမှာပဲ။” ချောင်ယောင်းအာက ပြော၏။

ရှမ့်လန်က မေးသည်။ “ဘာဖြစ်လို့လဲ။”

ချောင်ယောင်းအာက ပြောလိုက်၏။ “တော်ဝင်ရန်အင်ပါယာ အရှင်မင်းမြတ်က သူ့မှာ သိုင်းပညာမရှိဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူက လောကရဲ့အုပ်စိုးသူနဲ့ သဘာဝလွန်အင်အားစုတွေရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့တယ်။”

ရှမ့်လန်က ပြောသည်။ “ဒါက ဘယ်လို ယုတ္တိဗေဒလဲ။ တကယ်လို့ ငါ့မှာသာ သိုင်းပညာရှိရင် မင်းကို အနိုင်မကျင့်နိုင်အောင် ပြောနေတာမလား။”

ချောင်ယောင်းအာက ပြော၏။ “ဒါက ဘယ်လို ယုတ္တိဗေဒလဲ။ အဓိပ္ပာယ်မရှိဘူး။”

ချောင်ယောင်းအာက ပြောလိုက်သည်။ “လောကကြီးက ပြီးပြည့်စုံတဲ့ အရာမရှိဘူးလို့ ထင်တယ်။ တကယ်လို့ ရှင့်မှာ အထွတ်အထိပ် ဉာဏ်ပညာရှိရင် အထွတ်အထိပ် သိုင်းပညာမရှိတာ အကောင်းဆုံးပဲ။ တကယ်လို့ အထွတ်အထိပ် သိုင်းပညာရှိရင် အထွတ်အထိပ် ကံတရားမရှိတာ အကောင်းဆုံးပဲ။ အရမ်းပြီးပြည့်စုံနေရင် ကောင်းကင်ဘုံရဲ့ မနာလိုမှုကို ခံရနိုင်တယ်။”

ရှမ့်လန်က တိတ်ဆိတ်သွား၏။ ပြီးနောက် ချောင်ယောင်းအာ၏ နှုတ်ခမ်းကို နမ်း၏။ ဤလောကကြီး ထဲတွင် တချို့လူများက ဦးနှောက်မရှိချေ။ တချို့လူများကတော့ ဦးနှောက်မသုံးချင်ချေ။ ချောင်ယောင်းအာက ဉာဏ်ကောင်း၏။ သို့သော်ငြား အကုန်လုံးကို နားလည်နိုင်လျှင်တောင်မှ ဦးနှောက်သုံးရသည်ကို မကြိုက်ချေ။

သူမက ကျန်းလီနှင့် မီဒူဆာဘုရင်မအကြောင်းကို တွေးမိ၏။ နှစ်ယောက်လုံးက ပျောက်ကွယ်သွားခဲ့ကြ၏။ ထို့အပြင် သူမ၏ ယောက်ျား ရှမ့်လန်က အရာအားလုံး ပြီးပြည့်စုံနေမည့်အစား မသန်မစွမ်း ဖြစ်နေလျှင် ပိုကောင်းမည်။ ထိုမှသာ အသက်ရှည်ရှည် နေနိုင်လိမ့်မည်ဟု သူမ ထင်၏။

ရှမ့်လန်က ပြောသည်။ “ငါတို့ နောက်ထပ် ကလေးတစ်ယောက် ထပ်ယူအုံးမလား။”

ချောင်ယောင်းအာက ခွန်းတုံ့ပြန်၏။ “ရှင် တတ်နိုင်သေးလို့လား။”

“ဟား ဟား ဟား။” ရှမ့်လန်က ရယ်မောလိုက်မိသည်။

………………..

အပိုင်း (၉၇၈)

“ကျုံးရှစ်ရှစ်... မင်း ဘာဖြစ်နေတာလဲ။ မင်း ဘာလိုချင်နေတာလဲ။ မင်းရဲ့အဖေက မင်းကို မရိုက်ရက်ဘူး ဆိုတော့ ငါ တကယ်မရိုက်ရက်ဘူး ထင်နေတာလား။”

ကတော်ကျုံးက ဒေါသတကြီးဖြင့် ပြော၏။ “မင်း ကျုံးမိသားစုကို ဖျက်ဆီးချင်နေတာလား။”

ကျုံးရှစ်ရှစ်က ဒေါသတကြီးနှင့် အော်လိုက်သည်။ “ကျွန်မ ဘာမှားလို့လဲ။ ကျွန်မ အမှန်တိုင်း ပြောတာလေ၊ အမှန်တိုင်း ပြောလို့ မရဘူးလား။”

ကတော်ကျုံးက ပြော၏။ “ဘယ်သူက မင်းကို အမှန်အတိုင်း ပြောခိုင်းနေလို့လဲ။ ဘာတွေ လျှောက်ပြောနေတာလဲ။ အဖြူရောင်က မင်းရဲ့စင်ကြယ်မှုကို ညစ်နွမ်းစေတယ်။ အရှင်ရှမ့်လန်က နင့်ရဲ့ စင်ကြယ်မှုကို ညစ်ညမ်းစေတယ်ပေါ့။”

ကျုံးရှစ်ရှစ်က ပြောသည်။ “အဲဒီလူ လုပ်ရဲမှတော့ ဘာလို့ ကျွန်မက မပြောရဲရမှာလဲ။ သူက ဝန်မခံရဲတဲ့ ကောင်စုတ်ပဲ။”

နောက်ထပ် စကားတစ်ခွန်းမှ မဆိုရသေးချေ။ ကတော်ကျုံးက ရှေ့ကိုတိုးလာပြီး ကျုံးရှစ်ရှစ်ကို ကုလားထိုင်ပေါ်သို့ ဖိချ၏။ ပေတံတစ်ချောင်းကို ကောက်ယူပြီး သူမ၏ တင်ပါးကို ဒါဇင်နှင့်ချီကာ ရိုက်နှက်လေတော့၏။

ကျုံးရှစ်ရှစ်က အတင်းရုန်းကန်သော်လည်း မိခင်ဖြစ်သူ၏ လက်များကြားမှ မလွတ်မြောက်နိုင်ချေ။ သူမ၏ တင်ပါးများက နီရဲရောင်ရမ်းနေ၏။ မည်သို့မျှ မနေနိုင်တော့ချေ။

“ရှင်တို့ ကျုံးမိသားစုက လူတွေက အရှက်မရှိဘူး။ ချမ်းသာဖို့အတွက် သမီးကို ရောင်းစားမှ ဖြစ်မှာလား။ ရှင်တို့ ကျုံးမိသားစုက ကိုယ့်အရည်အချင်းကို အားမကိုးနိုင်ဘူးလား။ အရင်တုန်းက ကျွန်မကို တော်ဝင်ရန်အင်ပါယာ မင်းသား ဝူရဲ့သားနဲ့ ပေးစားချင်တယ်။ အခုကျတော့ အဲဒီ ရှမ့်လန်ဆိုတဲ့ ကောင်စုတ်ရဲ့ ကုတင်ပေါ်ကို ပို့ဖို့ မစောင့်နိုင်အောင် ဖြစ်နေပြီ။”

သူမက ပိုမိုကာ ပြောလေလေ ကတော်ကျုံးက ပို၍ ပြင်းထန်စွာ ရိုက်လေပင်။ ကျုံးယောင်က ကတော်ကျုံးနှင့် ကိစ္စတစ်ခု ဆွေးနွေးရန် ဝင်လာချင်သော်လည်း ဇနီးသည်ဖြစ်သူက သမီးကို ရိုက်နှက်နေကြောင်း အသံကို အဝေးမှာတည်းက ကြားရ၏။ သူ၏ နှလုံးသားများက နာကျင်နေသည်။

“မိန်းမရေ... တော်ပါတော့။”

“ထွက်သွားစမ်း။” ကတော်ကျုံးက အော်ဟစ်လိုက်၏။

ပြီးနောက် ကျုံးယောင်က ထွက်ခွာသွားခဲ့၏။ ရိုက်နှက်ပြီးသည့်နောက် ကတော်ကျုံးက အော်သည်။ “ကျုံးရှစ်ရှစ်... မင်းဘာမှားလဲ သိလား။”

“ဘာမှ မမှားဘူး။”

ကျုံးရှစ်ရှစ်က ပြော၏။ “အမှန်အတိုင်း ပြောလို့ မရဘူးလား။ သူက ကောင်စုတ်ပဲ။ ကျွန်မကို ညစ်ညမ်းစေတဲ့ ကောင်စုတ်ပဲ။”

ကတော်ကျုံးက ပြောသည်။ “ဒါဆိုရင်တောင် အရှင်ရှမ့်လန်ရဲ့ ရှေ့မှာ မပြောသင့်ဘူး။ သူ့ကွယ်ရာမှာ ပြောသင့်တယ်။ လူတွေအများကြီးကို တိုးတိုးတိတ်တိတ် ပြောပြပြီး အရှင်ရှမ့်လန်က မင်းကို တစ်ချိန်က မျက်နှာသာပေးခဲ့ဖူးတယ် ဆိုတဲ့အကြောင်း အားလုံးကို သိစေသင့်တယ်။”

“ဟမ်…” ကျုံးရှစ်ရှစ်က ကြောင်အသွား၏။ သူမ၏ မိခင်ကို မယုံကြည်နိုင်သလို ကြည့်၏။ သူမက နာကျင်မှုများကိုပင် မေ့သွားခဲ့၏။ ဤကိစ္စက ဤမျှအထိ ရှုပ်ထွေးနေသည်လား။

...............

ကျုံးယောင်က ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်ကာ ဦးတိုက်၏။ “ခွင့်လွှတ်ပါ အရှင်… ကျုပ် ဘယ်လို ကိုင်တွယ်ရမှန်း မသိတဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ။ ကျေးဇူးပြုပြီး.....”

ရှမ့်လန်က ဘာကိစ္စမှန်း သိသော်လည်း မသိသလိုပင် မေးသည်။ “ဘာကိစ္စများလဲ။”

ကျုံးယောင်က ပြောသည်။ “အရှင်က ရွှယ်ကလန်ကို မျိုးဖြုတ်ပစ်မယ်လို့ ပြောဖူးပါတယ်။ ရွှယ်လီက ကျုပ်ရဲ့ ချွေးမ ဖြစ်နေတော့။”

ရှမ့်လန်က မေးလိုက်၏။ “ခင်ဗျား ဘယ်လိုထင်လဲ။”

ကျုံးယောင်က ပြောသည်။ “ဒါပေါ့... ကျုပ်က အရှင့်ရဲ့အမိန့်မှန်သမျှကို နာခံရမှာပါ။ ကျုပ် သူ့ကို အရင် ကွာရှင်းခိုင်းလိုက်ပါ့မယ်။ ပြီးရင် အပြစ်ပေးဖို့ အရှင့်ဆီကို အပ်ပါမယ်။ ဒါပေမဲ့ သူက ကျုံးကလန်ထဲကို ရောက်လာပြီးတည်းက ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ကျုပ်အတွက် မြေးယောက်ျားလေး တစ်ယောက်နဲ့ မြေးမိန်းကလေး နှစ်ယောက်ကို မွေးပေးခဲ့ပါတယ်။ ဒါကြောင့် ကျုပ် ဒီလို မလုပ်ရက်ဘူး ဖြစ်နေပါတယ်။”

ရွှယ်လီဆိုသည့် မိန်းကလေးက တစ်ချိန်က ရှမ့်လန်နှင့် အငြိုးအတေး ရှိခဲ့ဖူး၏။ သူမက ကျင်းမူကုန်းနှင့် စေ့စပ်ထားသော်လည်း ကျုံးယောင်၏ ဒုတိယသားကို ချစ်ကြိုက်သွား၏။ ထို့ကြောင့် စေ့စပ်ပွဲကို ဖျက်သိမ်းရန် ရွှမ်ဝူအိမ်တော်သို့ ရောက်ရှိလာခဲ့၏။

မှန်ပေ၏။ သူမက ဂုဏ်ဒြပ်နှင့် စည်းစိမ်ကို မက်မော၍ မဟုတ်ပေ။ သူမက မြင့်မြတ်သည့် မိသားစုမှ မွေးဖွားလာသူ ဖြစ်၏။ သူမနှင့် ကျုံးယောင်၏ ဒုတိယသားတို့က ငယ်ချစ်များ ဖြစ်ကြ၏။ သူမက မြို့တော်၏ စည်းကားမှုကို နှစ်သက်သောကြောင့် ရွှယ်ကလန်နှင့် အတူမနေဘဲ ကတော်ကျုံးနှင့် အချိန်ကြာကြာ နေထိုင်ခဲ့၏။ ထို့အပြင် ရှမ့်လန်က သူမကို အပြစ်ပေးခဲ့ပြီး သေချင်လောက်အောင် ခံစားစေခဲ့ပြီးဖြစ်သည်။

ဤလောကကြီးထဲတွင် ဆိုးသည့်သူ အများကြီး ရှိ၏။ ရွှယ်ကလန်မှ လူတိုင်းနီးပါးက ဆိုးသွမ်းကြသော်လည်း ရွှယ်လီက ဧကန်မုချ တုံးအသူပင်။ မှန်ပေ၏။ သူမက လုံလောက်အောင် လှပနေသရွေ့ သူမ၏ တုံးအမှုက ကျုံးယောင်၏ ဒုတိယသား မျက်လုံးထဲတွင် ချစ်စရာ ကောင်းနေပေလိမ့်မည်။

ရှမ့်လန်က ပြော၏။ “သူက ကျုံးကလန်ထဲကို လက်ထပ်ဝင်ရောက်ပြီးပြီဆိုတော့ ရွှယ်ကလန်က မဟုတ်တော့ပါဘူး။”

ကျုံးယောင်က ဦးတိုက်ကာ ပြောသည်။ “အရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။”

ရှမ့်လန်က ပြော၏။ “အခု ထျန်းရွှဲ့မြို့ အဆုံးအဖြတ် တိုက်ပွဲ ပြီးပြီမလား။”

ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သေချာ၏။ သွေးဝိညာဉ်တပ်က လုံးဝ မျိုးဖြုတ်ခံလိုက်ရသည်။ ဤကံကြမ္မာ အဆုံးအဖြတ် တိုက်ပွဲကြီးက ပြီးဆုံးကြောင်း ပြသနေသည်။

ရှမ့်လန်က ပြော၏။ “ဒါဆိုရင် နောက်တစ်ဆင့် နိုင်ငံရေးလမ်းစဉ်ကို သွားသင့်ပြီ။ ဒီအောင်ပွဲကို ကြေညာဖို့ မြို့တော်ကို သွားမယ့် အရေးကြီးတဲ့ ဝန်ကြီးတစ်ပါးကို ကျုပ် လိုအပ်တယ်။”

“ဒါ ဝန်ကြီးတစ်ယောက်အတွက် အမြင့်ဆုံး ဂုဏ်ယူစရာပါပဲ။” ကျုံးယောင်က ပြောသည်။

ရှမ့်လန်က ပြောလိုက်၏။ “ကျူးကလန်နဲ့ နင်ရှောင်ကို သွားပြောလိုက်။ ခြွင်းချက်မရှိ လက်နက်ချဖို့နဲ့ ကျုပ်ကြောင့် ပါဝင်ပတ်သက်ခဲ့ရတဲ့ သူအားလုံးကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်။ ရွှဲ့ဘုရင်နှစ်ပါး၊ ပျံ့ရှောင်း၊ ကျန်းချုံးနဲ့ တခြားသူတွေ အားလုံး ပါမယ်။ တကယ်လို့ သူတို့ သဘောမတူရင် မြို့တော်မှာရှိတဲ့ ကျူးမိသားစုဝင် တစ်ယောက်မကျန်ကို ကျုပ် မျိုးဖြုတ်ပစ်မယ်။”

ကျုံးယောင်က ဦးတိုက်ကာ ပြောသည်။ “အမိန့်တော်အတိုင်းပါပဲ။”

.................

သတင်းမလာသည်က သတင်းကောင်းပင်။ ကျူးဟုန်ရွှဲ့က မည်သူ့ကိုမှ တိုက်ပွဲကြည့်ခွင့် မပြုခဲ့သောကြောင့် လီပေါင်း ဆယ်ဂဏန်းလောက်သာ ဝေးသော်လည်း စစ်မြေပြင်၌ ဘာတွေ ဖြစ်နေသည်ကို မည်သူမှ မသိပေ။ တချို့လူများက တိတ်တဆိတ် လူလွတ်ပြီး စုံစမ်းခိုင်း၍ရသည်ဟု ပြောကောင်း ပြောကြပေလိမ့်မည်။

သို့သော်ငြား သွေးဝိညာဉ်တပ်၏ လီ ၂၀ အတွင်းသို့ ဝင်ရောက်လာသူ မည်သူမဆို သတ်ဖြတ်ခံရမည်ဟု ကျူးဟုန်ရွှဲ့က ပြောခဲ့၏။ မည်သူမှ ဤစကားကို လျစ်လျူမရှုရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ကျူးဟုန်ရွှဲ့က လူ့အသက်ကို မြက်ပင်ကဲ့သို့ သဘောထားသောကြောင့်ပင်။ သူ သတ်မည်ဟု ပြောလျှင် သေချာပေါက် သတ်ပေလိမ့်မည်။

သွေးဝိညာဉ်တပ် တောင်ဘက်ပိုင်းတို့ ထွက်သွားတည်းက ကျူးဟုန်ကျူးနှင့် ကျူးကျွင်းတို့က ရွှမ်ဝူ တံခါးပေါက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။ ထင်မှတ်ထားသည့်အတိုင်း စက္ကန့်အနည်းငယ် အကြာမှာပဲ တောင်ဘက်ပိုင်းဆီမှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ ဤအသံက ရှမ့်လန်၏ အမြှောက် ပစ်ခတ်သံ ဖြစ်၏။

သို့သော်ငြား မိနစ် အနည်းငယ် ကြာပြီးနောက် ဟိန်းဟောက်သံ၊ အော်ဟစ်သံများက ရပ်တန့်သွား၏။ ကျူးကျွင်းက အလွန်ပင် ဝမ်းသာသွားသော်လည်း ထိုအရာမှာ သဘာဝကျသည်ဟု ခံစားမိ၏။ အဘယ်ကြောင့်ဆိုသော် သွေးဝိညာဉ်တပ်က အလွန် လျင်မြန်လွန်း၏။ ရှမ့်လန်က ၁၅ မိနစ်ထက် ပိုပြီး အမြှောက်ကို ပစ်ခတ်နိုင်မည် မဟုတ်ချေ။ သွေးဝိညာဉ်တပ်က ၁၅ မိနစ်အတွင်း အမြှောက်တပ်ကို ခြေမှုန်း ပစ်ပေလိမ့်မည်။ ပြီးနောက် စစ်မြေပြင်မှ မည်သည့်သတင်းမှ မကြားရတော့ချေ။

“အဖေ... အိပ်ပြန်ကြရအောင်။ အားလုံး ပြီးသွားပြီ။”

ကျူးကျွင်းက ပြောသည်။ “ဟုန်ရွှဲ့က တိုက်ပွဲကို တစ်နာရီအတွင်း ပြီးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ တစ်နာရီတောင် မကြာဘူး။ နာရီဝက်အတွင်း ပြီးသွားပြီ။ သတင်းမလာတာ သတင်းကောင်းပဲ။ ရှမ့်လန်ရဲ့ စစ်တပ် လုံးဝ မျိုးဖြုတ်ခံ လိုက်ရပြီ။ ဟုန်ရွှဲ့က သွေးဝိညာဉ်တပ်နဲ့ အတူ ထွက်ခွာသွားပြီ။ သူ အနောက်ဘက်ကို ထွက်သွားပြီပဲ။”

ကျူးဟုန်ကျူးက မလှုပ်မယှက် ထိုင်နေလေရှိ၏။

“အဖေ...” ကျူးကျွင်းက ခေါ်သည်။

“စောင့်အုံး... ခဏစောင့်အုံး။” ကျူးဟုန်ကျူးက ပြော၏။

ကျူးကျွင်းက ပြောသည်။ “သွေးဝိညာဉ်တပ် လှုပ်ရှားပြီဆိုရင် ပြဿနာရဲ့အရင်းအမြစ်ကို သေချာပေါက် ဖြေရှင်းပစ်မှာပဲ။ ဒါကြောင့် ရှမ့်လန်ဆီက ဘယ်စစ်ပြေးမှ မြို့တော်ကို လာမှာမဟုတ်ဘူး။ အားလုံး ပြီးသွားပြီ။ သွေးဝိညာဉ်တပ်က ဘယ်သူ့ကိုမှ အသက်ရှင်လျက် ပြန်လွှတ်မှာ မဟုတ်ဘူး။ သူတို့ ထွက်သွားကြပြီ။”

ကျူးဟုန်ကျူးက ပြော၏။ “စောင့်ကြတာပေါ့။”

ကျူးကျွင်းက ပြောသည်။ “စစ်မြေပြင်ကို စစ်ဆေးဖို့ လူလွှတ်လိုက်ရမလား။”

ကျူးဟုန်ကျူးက ခေါင်းခါယမ်းလိုက်၏။ “မလုပ်နဲ့။”

ကျူးကျွင်းက ပြောသည်။ “ဘာလို့လဲ။ ကျူးဟုန်ရွှဲ့က ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ်ကို ဦးဆောင်နေပေမယ့် သူက ကျုပ်ရဲ့ သားပါပဲ။ စစ်မြေပြင်ကို စစ်ဆေးဖို့ လူလွှတ်လိုက်ရင် သူ တကယ် သတ်ပစ်မယ်လို့ အဖေ ထင်နေတာလား။”

ကျူးဟုန်ကျူးက ပြော၏။ “ဘယ်သူ့ကိုမှ မလွှတ်နဲ့။ နိမိတ်မကောင်း ဖြစ်နေမယ်။”

………….

ရွှဲ့ဘုရင် နင်ရှောင်က အလွန်ရှုပ်ထွေးသည့် ခံစားချက်ထဲသို့ ကျရောက်နေ၏။ တစ်ဖက်၌ ရှမ့်လန် သေဆုံးရန် မျှော်လင့်နေသော်လည်း အခြားတစ်ဖက်တွင် ကျူးဟုန်ရွှဲ့၏ ပြီးပြည့်စုံသည့် အောင်ပွဲကို လက်မခံလိုပေ။

အဘယ်ကြောင့်ဆိုသော် ဤအရာက ယခုမှစ၍ ကျူးကလန် သူ့ကို လုံးဝ ဖိနှိပ်တော့မည် ဆိုလိုခြင်း ဖြစ်သောကြောင့်ပင်။ ရှမ့်လန်နှင့် ကျူးဟုန်ရွှဲ့တို့၏ စစ်တပ်များ နှစ်ဖက်စလုံး ပျက်စီး သေဆုံးသွားလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“မဖြစ်နိုင်ဘူး။” တုံကျန်းဘုရားကျောင်းမှ ဆရာတော်ခွန်ကျန့်က ပြောသည်။

“လုံးဝ မဖြစ်နိုင်ဘူး။”

ယင်ယွမ်အဖွဲ့အစည်းမှ ရှုတင်းယုကလည်း ထိုအမြင်ကို လက်ခံထား၏။ ပြီးနောက် တောင်ဘက် စစ်မြေပြင်မှ အမြှောက်သံများကို သူတို့ ကြားလိုက်ရ၏။ သို့သော်ငြား ၁၅ မိနစ်အောက်သာ ကြာပြီး ပြီးဆုံးသွားခဲ့၏။ “ဒီလောက်မြန်တာလား။”

နင်ယီက လန့်သွားသည်။

ဆရာတော် ခွန်းကျန့်က ပြော၏။ “ရှမ့်လန်ကတော့ သွားပြီ။”

ရှုတင်းယုကလည်း တပြိုင်နက်တည်း ပြောမိသည်။ “ရှမ့်လန် သွားပြီ။”

သူတို့၏အမြင်အရ အမြှောက်များက ရှမ့်လန်၏ အစွမ်းထက်ဆုံးသော လက်နက်ဖြစ်၏။ အကယ်၍ ရှမ့်လန်သာ အသာစီးရနေပါက အမြှောက်သံက အကြာကြီး မြည်နေပေလိမ့်မည်။ သို့သော်ငြား ယခု မိနစ်အနည်းငယ်အတွင်း သွေးဝိညာဉ်တပ်က ရှမ့်လန်၏ စစ်တပ်ထဲသို့ ဝင်ရောက်ပြီး သတ်ဖြတ်ပွဲကို စတင်လိုက်ပြီ ဖြစ်ကြောင်း သက်သေပြနေ၏။

ဆရာတော်ခွန်ကျန့်က သက်ပြင်းချကာ ပြောသည်။ “အခုကစပြီး ရွှဲ့ပြည်နယ်က ကျူးမိသားစုရဲ့ နယ်မြေဖြစ်သွားပြီ။ ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ ဩဇာလွှမ်းမိုးမှုနယ်မြေ ဖြစ်သွားပြီ။ ငါတို့ တုံ့ကျန်းဘုရားကျောင်း ထိလို့မရတော့ဘူး။ ယင်ယွမ်အဖွဲ့အစည်းကလည်း ပါဝင်ပတ်သက်ခွင့်ရနိုင်ပေမဲ့ သူတို့ရဲ့ စစ်တပ်က ရွှဲ့ပြည်နယ်ထဲကို ဝင်လို့မရတော့ဘူး။”

ရှုတင်းယုက ပြော၏။ “သွေးဝိညာဉ်တပ်က တကယ်ပဲ အဲလောက်ကြီး စွမ်းအားကြီးတာလား။ ရှမ့်လန်က ဒီလောက် အင်အားကြီးတာတောင်မှ ၁၅ မိနစ်ပဲခံပြီး ပျက်စီးသွားရတယ်ပေါ့။”

နင်ရှောင်၏ မျက်နှာပေါ်ရှိ ကြွက်သားများက လှုပ်ခါနေ၏။ ယခုမှစ၍ သူက ကျူးဟုန်ကျူး၏ ရှေ့မှောက်တွင် ခါးကိုညွှတ်ကာဖြင့် အဘိုးဟု ရိုသေစွာ ခေါ်ဆိုရတော့မည်လား။ သူ အဘယ်သို့ ကျေနပ်နိုင်မည်နည်း။

သို့ပေမည့် အဆုံးမှာတော့ ထိုအရာက သတင်းကောင်းပင်။ အနည်းဆုံးတော့ ရှမ့်လန်က သေဆုံးသွားခဲ့သည်။

“ရှမ့်လန် သွားပြီ။ နင်ကျန်းနဲ့ ကျန်ရစ်တဲ့ ရှမ့်လန်ရဲ့လူတွေ အကုန်လုံး အသုံးမဝင်တော့ဘူး။”

နင်ရှောင်က ပြောလိုက်၏။ “သူတို့ကို အကုန်လုံး သတ်ပစ်လို့ ရမလား။”

ရှုတင်းယုက ပြောလိုက်သည်။ “ရှမ့်လန်က သွားပြီ။ ဒီလူတွေက တန်ဖိုးမရှိတော့ဘူး။ သူတို့ သေလို့ရပြီ။”

ပြီးနောက် တုံ့ကျန်းဘုရားကျောင်းနှင့် ယင်ယွမ်အဖွဲ့အစည်းမှ လူတို့က စုံစမ်းရန် သူလျှိုအချို့ကို စစ်မြေပြင်သို့ စေလွှတ်၏။ သို့ပေမည့် တစ်ယောက်မှ ပြန်မလာနိုင်ခဲ့ချေ။

ရှုတင်းယုက အေးစက်စွာ ရယ်မော၏။ “ကျူးဟုန်ရွှဲ့က တကယ်ကို ရက်စက်တာပဲ။ သူ သတ်မယ်လို့ ပြောရင် တကယ်သတ်တယ်။ အခုလို ရလဒ် ထွက်ပေါ်လာပြီဆိုတော့ အံ့အားသင့်စရာတော့ မရှိတော့ပါဘူး။”

.......

နေဝင်သွားခဲ့ပြီ ဖြစ်၏။ နန်းမြို့တော်၏ မြို့ရိုးပေါ်မှာတော့ ကျူးဟုန်ကျူးက တိတ်တဆိတ် ထိုင်လျက်ရှိ၏။ မိုးကုတ်စက်ဝိုင်းထဲမှ နေဝင်ချိန်ကို ကြည့်ရှုနေဆဲပင်။

ကျူးကျွင်းက ပြော၏။ “အဖေ ပြန်ကြရအောင်။”

ကျူးဟုန်ကျူးက ခေါင်းခါယမ်းလိုက်သည်။

ကျူးကျွင်းက ပြော၏။ “အဖေ တိုက်ပွဲပြီးသွားတာ ကြာပြီ။ သွေးဝိညာဉ်တပ်ကလည်း အဝေးကြီးကို ရောက်နေလောက်ပြီ။ ဒီမတိုင်ခင် စစ်မြေပြင်ကို စုံစမ်းဖို့ သူလျှိုတွေ အများကြီးလွှတ်ပေမဲ့ ဘယ်သူမှ ပြန်မလာခဲ့ဘူး။ စစ်မြေပြင်ရဲ့ ၂၀ မိုင်အတွင်း ဝင်တဲ့သူ ဘယ်သူမဆို အမေးအမြန်း မရှိဘဲ အသတ်ခံရမယ်လို့ ဟုန်ယွဲ့က ပြောထားတယ်လေ။”

ကျူးဟုန်ကျူးက မြို့ရိုးပေါ်သို့ကြည့်၏။ သာမန်လူများ ပြွတ်သိပ်နေသည်ကို မြင်ရ၏။ အားလုံးက တောင်ဘက်ဆီသို့ မျှော်ကြည့်နေသည်။

သာမန်ပြည်သူ အားလုံးတို့က ရလဒ်ကို စောင့်မျှော်နေ၏။ သူတို့က မျှော်လင့်ချက်များဖြင့် ပြည့်နှက် နေသော်လည်း ကြောက်ရွံ့မှုများကိုလည်း ခံစားနေမိ၏။ မည်သူကမှ အသံမထွက်သော်လည်း လူတိုင်းက ‘ရှမ့်လန် နိုင်ပါစေ’ ဟု ဆုတောင်းနေကြ၏။

သို့သော်ငြား တောင်ဘက်မှ သတင်းမလာသေးချေ။ မြို့တော်ရှိ ပြည်သူလူထုများ၏ နှလုံးသားများက လေးလံနေ၏။ အရှင်ရှမ့်လန် ရှုံးနိမ့်သွားပြီလား။ နေရောင်ခြည်က ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလား။ လောကကြီးက မျှော်လင့်ချက် ကင်းမဲ့သွားပြီလား။ မျှော်လင့်ချက် ကင်းမဲ့ခြင်းကို သူတို့ မကြောက်ချေ။ အကြောက်ရဆုံးက မျှော်လင့်ချက်ထားပြီးမှ မျှော်လင့်ချက် ကင်းမဲ့သွားခြင်းပင်။ ကောင်းကင်ဘုံမှ ငရဲသို့ ပြုတ်ကျခြင်းက ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် နင်ယွမ်ရှန်း၏ စကားလုံးများက ကျူးဟုန်ကျူး၏ ခေါင်းထဲတွင် ပဲ့တင်ထပ်လာ ၏။

All Chapters