အခန်း (၉၇၉-၉၈၀)
Vol. 58 Ch. 979-980
အပိုင်း (၉၇၉)
နေဝင်သွားခဲ့၏။ လူတွေ အသက်ကြီးလာလျှင် စိတ်ကူးယဉ်ဆန်တတ်၏။ ကျူးဟုန်ကျူးက ဘာကို စောင့်နေသနည်း။ တောင်ဘက်မှ သတင်းကို စောင့်နေသည်လား။ မဟုတ်ပေ။ နေဝင်သွားသည်အထိ သတင်း ရောက်မလာခြင်းကို စောင့်နေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ကျန်းလီက နေမင်းကို ကိုယ်စားပြု၏။ သူ၏သား ရှမ့်လန်က နတ်ဆိုးကြယ်နှင့် တူ၏။ အကယ်၍ ဤတိုက်ပွဲသာနိုင်လျှင် နေမင်းအသစ် ပေါ်လာပေလိမ့်မည်။ နေဝင်သွားခဲ့ပြီ။ ထိုအရာက နိမိတ်ကောင်းပင်။
“နေဝင်သွားပြီလား။” ကျူးဟုန်ကျူးက မေးသည်။
ကျူးကျွင်းက ခေါင်းညိတ်၏။ “ဝင်သွားပါပြီ။”
ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် အိမ်ပြန်ကြရအောင်။”
ပြီးနောက် ကျူးမိသားစုမှ စစ်သည် ရာပေါင်းများစွာတို့၏ ကာကွယ်မှုအောက်မှာပဲ ကျူးဟုန်ကျူးနှင့် ကျူးကျွင်းတို့က ရွှမ်ဝူတံခါးပေါက်မှ အိမ်ပြန်ကြ၏။
...............
အိမ်သို့ ပြန်ရောက်ပြီးနောက် ကျူးဟုန်ကျူးက သက်ပြင်းကို ချမိသည်။ “ဒီ ဇာတ်လမ်းက ပြီးသွားခဲ့ပြီ။ အရာအားလုံး က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားပြီ။”
ကျူးကျွင်းက ပြောလိုက်၏။ “ဒါဆိုရင် အဲဒီ အရူးကောင် နင်ရှောင်ကို အစားထိုးလို့ ရပြီလား။”
ကျူးဟုန်ကျူးက ပြောလိုက်သည်။ “လောလောဆယ်တော့ မလိုသေးဘူး။ သူက အရူးပဲ။ ရှမ့်လန် ပျက်စီးပြီးတဲ့နောက်မှာ သူက သေချာပေါက် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ ရူးသွပ်တဲ့ ကိစ္စတချို့ လုပ်လိမ့်မယ်။ အဲလိုဆိုရင် သူလုပ်ချင်တာ လုပ်ပလေ့စေ။ ငါတို့ရဲ့လက် ညစ်ပတ်မခံနဲ့တော့။”
ကျူးကျွင်းက ပြောလိုက်၏။ “အဖေ ... နင်ယွမ်ရှန်းက တကယ်ရူးနေတာလား၊ ဟန်ဆောင်နေ တာလား။”
ကျူးဟုန်ကျူးက ပြောလိုက်သည်။ “သူ ဟန်ဆောင်နေတာ။ ဒါပေမဲ့ မကြာခင် ဟန်ဆောင်တာ ရပ်သွားလိမ့်မယ်။ ရှမ့်လန် သေဆုံးသွားတာနဲ့ သူ့ရဲ့မျှော်လင့်ချက်တွေ အကုန်လုံး ငြိမ်းသတ်သွားလိမ့်မယ်။ သူ လုံးဝ လက်လျှော့လိုက်လိမ့်မယ်။ နင်ကျန်းလည်း လက်လျှော့လိမ့်မယ်။ ပျံ့ရှောင်း၊ ကျန်းချုံးနဲ့ တခြားလူတွေ အကုန်လုံးလည်း လက်လျှော့လိမ့်မယ်။”
ဤအချိန်မှာတော့ အပြင်ဘက်မှ ရင်းနှီးနေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ မှန်နက်ဌာနမှ သူလျှိုပင်။
“သခင်ကြီးကျူးဟုန်ကျူး... မိတ်ဆွေဟောင်းတစ်ယောက်က တွေ့ချင်နေပါတယ်။”
ကျူးဟုန်ကျူး၏ မျက်နှာထားက ပြောင်းလဲသွားပြီး သူက အသက်ရှူရန်ပင် ခက်ခဲသွား၏။
ခဏအကြာမှာတော့ မြို့စားဟောင်းကြီး ကျုံးယောင်က ကျူးဟုန်ကျူး၏ရှေ့တွင် ပေါ်လာ၏။ သူက ဦးညွှတ်ကာ ပြောသည်။ “ဝန်ကြီးချုပ်ကျူး... နေကောင်းရဲ့လား။”
ကျူးဟုန်ကျူးက တုန်ယင်သွား၏။ ကျူးကျွင်း၏ မျက်နှာကလည်း ဖြူဖတ်ဖြူလျော် ဖြစ်သွား၏။ သူက ပြုံးလိုက်၏။ “ဘာလဲ။ ရှမ့်လန် သေသွားပြီဆိုတော့ မြို့စားကြီးကျုံးက အခုမှ သခင်ပြောင်းချင်လို့လား။”
ကျုံးယောင်က ပြောသည်။ “ထျန်းရွှဲ့မြို့ရဲ့ အဆုံးအဖြတ် တိုက်ပွဲက ပြီးသွားပါပြီ။ သွေးဝိညာဉ်တပ် နှစ်သောင်းလုံး လုံးဝ မျိုးဖြုတ်ခံလိုက်ရတယ်။ အရှင်ရှမ့်လန်က ပြီးပြည့်စုံတဲ့ အောင်ပွဲကို ရရှိခဲ့ပါတယ်။ ကျူးကလန် ခြွင်းချက်မရှိ လက်နက်ချဖို့ အမိန့်တော် ထုတ်ပြန်လိုက်ပါတယ်။ မဟုတ်ရင် ရွှဲ့ပြည်နယ်က ကျူးကလန် တစ်ခုလုံးကို မျိုးဖြတ်ပစ်ပါမယ်တဲ့။”
“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။”
ကျူးကျွင်းက အော်ဟစ်လိုက်၏။ “ဒါ အရူးတစ်ယောက်က ယောင်ယမ်းပြီး ပြောနေတာပဲ။ သွေးဝိညာဉ် တပ်က ဒီလောက် အင်အားကောင်းတာ။ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။”
ကျုံးယောင်က ပြောလိုက်သည်။ “ဒါက သွေးဝိညာဉ်တပ်ရဲ့ အလံပါပဲ။ ဒါက ကျူးဟုန်ရွှဲ့ရဲ့ ဓားပါ။ ဓားရိုးပဲ ကျန်တော့တယ်။ ဒါပေမဲ့ သခင်ကြီးကျူး ဒါကို မှတ်မိမယ် ထင်ပါတယ်။”
ကျူးဟုန်ကျူးက စားပွဲပေါ်ရှိ သွေးဝိညာဉ်တပ်အလံကို ကြည့်၏။ ပြီးနောက် ကျူးဟုန်ရွှဲ့၏ ဓားရိုးကို ကြည့်၏။ သူ၏ တစ်ကိုယ်လုံးက စတင်ကာ တုန်ခါလာခဲ့၏။ ပါကင်ဆန်ရောဂါ ရနေသကဲ့သို့ပင်။ ပြီးနောက် သူ၏ အသက်ရှူနှုန်းများက ပိုမိုကာ မြန်ဆန်လာခဲ့၏။
“ဟူး... ဟူး…”
အဘယ်ကြောင့်ဆိုသော် အသက်ရှူရန် သူ၏ အင်အားအကုန်လုံးကို သုံးနေရသောကြောင့်ပင်။ ထိုမှသာ နာကျင်သည့် ခံစားချက်ကို ထုတ်ပယ်နိုင်ပေလိမ့်မည်။
အချိန်တော်ကြာ ပြီးသည့်နောက် “ဝေါ့…”
ကျူးဟုန်ကျူးက ရုတ်တရက် သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မြေပြင်ပေါ်သို့ လဲကျသွားသည်။
“အဖေ... အဖေ... အဖေ…”
ကျူးကျွင်းက ရှေ့သို့ အလျင်အမြန်တိုး၏။ ကျူးဟုန်ကျူးကို တွဲထူ၏။ သူက အစေခံများကို လှမ်းခေါ်ပြီး အကူအညီ တောင်းချင်သော်လည်း ဤမြင်ကွင်းကို မည်သူကိုမှ မမြင်စေချင်ပေ။
သူက ကျူးဟုန်ကျူး၏ ကျောနှင့် ရင်ဘတ်ကို အစွမ်းကုန် ပွတ်ပေးပြီး အတွင်းအားကို အသုံးပြုကာဖြင့် အသက်ရှူလမ်းကြောင်းကို ရှင်းအောင် ကူညီပေးလိုက်၏။
သို့သော်ငြား သူ၏ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲတော့မည့်အလား ခံစားနေရ၏။ ဘဝတစ်လျှောက်လုံး ဤမျှ ကြီးမားသည့် တုန်လှုပ်မှုကို တစ်ခါမှ မခံစားခဲ့ရဖူးချေ။ ကျူးကျွင်းက အရှုံးကို လက်မခံနိုင်ခြင်း မဟုတ်ချေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူက အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးသည်။
အထူးသဖြင့် နင်ယီနှင့် ကျင်းမင်းသားတို့၏ တိုက်ပွဲတွင် ရွှဲ့ပြည်နယ်ရှိ ကျူးမိသားစု၏ အနာဂတ်က ပျက်စီးလုနီးပါး ဖြစ်ခဲ့ဖူး၏။ သို့သော်ငြား ယခုတစ်ကြိမ်လောက် တုန်လှုပ်ဖွယ်ရာ မကောင်းချေ။
ဟုတ်ပေ၏။ ကောင်းကင်ပင်လယ်၏ သွေးဝိညာဉ်တပ်က ပြိုင်ဖက်ကင်းလုနီးပါးပင်။ အနောက်ပိုင်းလောကမှ စစ်သည် သန်းပေါင်းများစွာကို အလွယ်တကူ ရှင်းလင်းပစ်နိုင်၏။
အနောက်ပိုင်းဒေသမှ မဟာမိတ်များအကြောင်းကို သေချာမသိသော်လည်း တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များကတော့ အလွန်သန်မာ၏။ သို့သော်ငြား ထိုသူတို့က သွေးဝိညာဉ်တပ် ၏ လက်ချက်ဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
“သခင်ကြီးကျူး... လုံးဝ မယုံဘူးမလား။” ကျုံးယောင်က မေးမြန်းလိုက်၏။
ကျူးကျွင်းက မယုံသည်မှာ သေချာ၏။ သွေးဝိညာဉ်တပ်၏ အလံနှင့် ကျူးဟုန်ရွှဲ့၏ ဓားရိုးကို မြင်ရလျှင်ပင် သူ မယုံရဲချေ။
ကျုံးယောင်က ပြောလိုက်သည်။ “ဒီနေရာက စစ်မြေပြင်နဲ့ မိုင် ဆယ်ဂဏန်းလောက်ပဲ ဝေးတယ်။ ရှင်းရှင်းလင်းလင်း သွားကြည့်လို့ ရပါတယ်။ အရှင်ရှမ့်လန်က သွေးဝိညာဉ်စစ်သည်တွေရဲ့ အလောင်းကို ကောက်ယူဖို့ အမိန့်ပေးထားပါတယ်။ အခုသွားရင် ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။ ဒါပေမဲ့ သခင်ကြီးကျူးကျွင်း... တစ်ယောက်တည်းပဲ သွားကြည့်လို့ ရပါမယ်။ စစ်မြေပြင်တစ်ခုလုံးကို ပိတ်ဆို့ထား ပါတယ်။ မိုင် ၂၀ အတွင်း ဝင်လာတဲ့ ဘယ်သူ့ကိုမဆို မေးမြန်းမနေဘဲ အသတ်ခံရပါလိမ့်မယ်။”
ကျူးဟုန်ကျူးက သတိဝင်လာ၏။ သူက လက်ကို ဝှေ့ယမ်းကာ ပြော၏။ “ကျူးကျွင်း... မင်းသွားပြီး ရှင်းရှင်းလင်းလင်း ကြည့်ခဲ့စမ်း။”
“ကောင်းပါပြီ။”
ကျုံးယောင်က ပြောသည်။ “သခင်ကြီးကျူး... သတိထားပါအုံး။ ဘယ်သူ့ကိုမှ မသိစေနဲ့။ ဒီတိုက်ပွဲရဲ့ ရလဒ်ကို လျှို့ဝှက် ထားရပါမယ်။”
ခဏကြာမှာတော့ ကျူးကျွင်းက မြို့တော်မှ တိတ်တဆိတ် ထွက်ခွာသွား၏။ တောင်ဘက်စစ်မြေပြင်ဆီသို့ အပြေးသွား၏။ စစ်မြေပြင်က မြို့တော်နှင့် မိုင်ဆယ်ဂဏန်းလောက်သာ ဝေး၏။
နှစ်နာရီအတွင်း သူ ရောက်ရှိသွားသည်။ ပထမဦးဆုံး ကျူးကျွင်း မြင်ရသည်က သွေးဝိညာဉ်တပ်၏ အလံပင်။ သွေးဝိညာဉ် စစ်သည် ၅ ဦးတို့က မြားများကို တင်ထားပြီး အော်ဟစ်လိုက်သည်။
“ထွက်သွားစမ်း... မဟုတ်ရင် မေးမြန်းမနေဘဲ သတ်ဖြတ်ခံရမယ်။”
ကျူးကျွင်းက ဝမ်းသာသွား၏။ သွေးဝိညာဉ်တပ် နိုင်သွားသည် မဟုတ်ဘူးလား။ မဟုတ်လျှင် အဘယ်ကြောင့် စစ်မြေပြင်ကို ထိန်းချုပ်ထားမည်နည်း။ ကျုံးယောင်ပြောသည်က ဘာသဘောနည်း။ မှန်ပေ၏။ သူက လူအတစ်ယောက် မဟုတ်ချေ။ ဤအတွေးက သူ၏ခေါင်းထဲတွင် ထိုအတွေး ခဏတာ ဖြတ်သန်းသွားခဲ့၏။
“ကျုပ် ကျူးကျွင်းပါ... ကျူးကျွင်းပါ။” ကျူးကျွင်းက အော်ဟစ်လိုက်သည်။
သွေးဝိညာဉ်စစ်သည် ၅ ဦးက ရုတ်တရက် မြားများကို ပစ်လွှတ်၏။ ရင်သပ်ရှုမောဖွယ်ရာ ကောင်းသည့် မြင်ကွင်းတစ်ခု ပေါ်ပေါက် လာခဲ့၏။ မြား ၅ စင်းက တောက်ပသည့် အပြာရောင်အလင်းတန်းများဖြင့် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့ပြီး မီတာ ၁၀၀၀ ကျော် အကွာအဝေးကို တိုက်ရိုက်ပစ်ခတ်၏။ ရှေးဟောင်းလေးနှင့် မြားများက ညကောင်းကင်ယံမှာ ကြယ်ကြွေသကဲ့သို့ မီးတောက်လမ်းကြောင်းတစ်ခုကို ချန်ခဲ့၏။
“ဖောက်... ဖောက်... ဖောက်…” ခ
ဏအကြာမှာတော့ သနားစရာကောင်းသည့် အော်ဟစ်သံများ ထွက်ပေါ်လာ၏။ စစ်မြေပြင်ကို လာရောက် စုံစမ်းသော သူလျှိုအနည်းငယ်တို့က ပစ်သတ်ခံလိုက်ရသည်။
အဘယ်ကြောင့် ရှေးဟောင်းလေးနှင့် မြားများ ရှိနေရသနည်း။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်က စွမ်းအင် ထိန်းချုပ်ရေး ကိရိယာကို ပြန်လည်ပြုပြင်လိုက်ပြီ ဖြစ်သောကြောင့် ရှေးဟောင်းလေးနှင့် မြားများက ပြန်လည် အလုပ်လုပ်လို့ ရနေ၏။
သို့သော်ငြား ဤအရာက သွေးဝိညာဉ်တပ်၏ အောင်ပွဲနှင့် ပိုတူ၏။ တကယ်တမ်းမှာတော့ သွေးဝိညာဉ်စစ်သည်များက ရှမ့်လန်၏ တပ်သားများ ဖြစ်ပြီး သွေးဝိညာဉ်တပ် သံချပ်ကာများကို ဝတ်ဆင်ကာ ဟန်ဆောင်ထားခြင်းပင်။ သူတို့က လူသတ်ရန် ပြင်ဆင်ထားသည်။
“ကျူးကျွင်းလား... ကြွပါ။”
ကျူးကျွင်းကို စစ်မြေပြင်ထဲသို့ ဝင်ခွင့်ပြု၏။ နောက်ထပ် ၁၀ ကီလိုမီတာ သွားပြီးနောက် ကျူးကျွင်း၏ ခန္ဓာကိုယ်တစ်ခုလုံး က တောင့်တင်းသွား၏။ ခြေထောက်များက တုန်ယင်နေပြီး ရှေ့ဆက်ကာ မလျှောက်နိုင် တော့သလိုပင်။
အဘယ်ကြောင့်ဆိုသော် တောင်လိုပုံနေသည့် သွေးဝိညာဉ်တပ် သံချပ်ကာများနှင့် ပြည့်သိပ်နေသည့် သွေးဝိညာဉ်တပ် အလောင်းများကို မြင်လိုက်ရသောကြောင့်ပင်။ အားလုံးကို လှည်းပေါ်သို့ ပစ်တင်ထား၏။ ယခုအခါမှာတော့ သူ၏ နောက်ဆုံးမျှော်လင့်ချက်များ ပျက်စီးသွားပြီ ဖြစ်၏။ သွေးဝိညာဉ်တပ်က ရှုံးနိမ့်သွားရုံသာမကချေ။ လုံးဝ မျိုးဖြုတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
“သခင်ကြီးကျူးကျွင်း... ရောက်လာပြီလား။”
ကျုံးအီက လျှောက်လာကာ ပြောသည်။ “အရှင်ရှမ့်လန်ကို တွေ့ချင်လား။”
ကျူးကျွင်းက မတွေ့ချင်ပေ။ ရှမ့်လန်က ယုတ်မာသော လူတစ်ယောက် ဖြစ်၏။ နိုင်ပြီးသွားလျှင်တောင်မှ သူ့ကို နှိမ့်ချစေချင်သေး၏။ လုံးဝ မဖြစ်နိုင်ချေ။ ရှမ့်လန်က ခေါင်းမော့ရင်ကော့ပြီး ဂုဏ်ယူဝင့်ကြွားနေမှာ သေချာ၏။
သို့သော်ငြား အခု ကျူးကျွင်း၌ ရွေးချယ်စရာ မရှိတော့ချေ။ တွေ့ကို တွေ့ရပေတော့မည်။
……………
ထင်မှတ်ထားသည့်အတိုင်းပင် .... ကျူးကျွင်း၏ ခန့်မှန်းချက်က မှန်ကန်၏။ ပင်မစခန်းထဲသို့ ဝင်ရောက် လိုက်သည်နှင့် ရှမ့်လန်က ရွှေရောင်ဝတ်စုံနှင့် ရွှေရောင်သရဖူကို ဆောင်းထား၏။ ရင်သပ်ရှုမောဖွယ်ရာ ကောင်းသည့် မိန်းမလှလေးတစ်ယောက်က ခြေထောက်ပေါ်တွင် လှဲကာထိုင်နေကြောင်း မြင်ရ၏။
ကျူးကျွင်း ဝင်လာချိန်မှာတော့ သူက ပျင်းရိစွာ ကြည့်၏။ အပျော်အပါးမက်သည့် မင်းဆိုးမင်းညစ် တစ်ပါးကဲ့သို့ ဟန်ဆောင်နေစရာပင် မလိုချေ၊ မူလ သန္ဓေကိုက အဲအတိုင်းပင်။
“သခင်ကြီးကျူးကျွင်း... တွေ့ရတာ ဝမ်းသာပါတယ်။ မြစ်ရေက အရှေ့ဘက်ကို ၃ နှစ် စီးဆင်းပြီးရင် အနောက်ဘက်ကို ၃ နှစ် ပြန်စီးဆင်းတယ်။ ဒါကို ခင်ဗျား မထင်ထားဘူး မဟုတ်လား။”
ရှမ့်လန်က မဲ့ပြုံးပြုံးလိုက်၏။ “ကျုပ် သနားစရာကောင်းတဲ့ ပုံစံနဲ့ ထွက်ပြေးခဲ့ရတုန်းက ခင်ဗျားတို့ အားလုံး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြတယ်။ ဒီလိုနေ့ ရောက်လာမယ်လို့ မထင်ထားဘူး မဟုတ်လား။”
ကျူးကျွင်း၏ နှလုံးသားများက နာကျင်နေသော်လည်း ရှမ့်လန်ကို မဲ့ကာရွှဲ့ကာ မလုပ်ဘဲ မနေနိုင်ချေ။ ‘မင်းရဲ့ ယုတ်မာတဲ့ မျက်နှာကို ဒီထက်ပိုပြီး တည်တည်တန့်တန့် ထားလို့မရဘူးလား။’
အချိန်တော်ကြာပြီးနောက် ကျူးကျွင်းက တုန်ယင်နေသည့် အသံဖြင့် ပြော၏။ “ကျူးဟုန်ရွှဲ့ ဘယ်မှာလဲ။”
“သူ ထွက်သွားပြီ။”
ရှမ့်လန်က ပြောသည်။ “သူ ကောင်းကင်ပင်လယ်နန်းဆောင်ကို ပြန်သွားပြီ။”
ကျူးကျွင်းက မလန့်ဘဲ နေနိုင်တော့ချေ။ ကျူးဟုန်ရွှဲ့ အကြောင်းကို သူ အသိဆုံး ဖြစ်၏။ ဂုဏ်သိက္ခာနှင့် မာန်မာနကို အလေးထားသော လူတစ်ယောက်ဖြစ်သည်။ ထွက်ပြေးသွားစရာ အကြောင်းမရှိချေ။ ရှုံးနိမ့်သွားလျှင် အဖမ်းခံမည် သို့မဟုတ် သေဆုံးသွားမည်သာ ဖြစ်၏။
ရှမ့်လန်က ပြောသည်။ “သခင်ကြီး ကျူးကျွင်း... ကျူးဟုန်ရွှဲ့က ခင်ဗျားရဲ့ သားအရင်းကော ဟုတ်ရဲ့လား။”
ကျူးကျွင်း၏ မျက်နှာက ပြောင်းလဲသွား၏။ “ဒါပေါ့... ဒါပေါ့။ သူက ကျုပ်ရဲ့ သားပဲ။ ဘယ်သူမှ ငြင်းလို့မရဘူး။”
ရှမ့်လန်က ပြောလိုက်သည်။ “သူက အရူးကြီးနဲ့ အတူတူပဲ။ နှစ်ယောက်လုံးကို အဖေက ပြုစု ပျိုးထောင်ပေးခဲ့တာ။ ခင်ဗျား ကျူးကျွင်းက ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ သွေးမျိုးဆက်နဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ် မွေးထုတ်ပေးနိုင်မှာလဲ။”
ကျူးကျွင်းက ပြတ်သားစွာ ပြော၏။ “သက်သေမရှိဘဲ လျှောက်မပြောပါနဲ့။ အရှင်ရှမ့်လန်... ဒီလိုစကားမျိုး မပြောပါနဲ့။ ကျူးဟုန်ရွှဲ့က ကျုပ်ရဲ့ သားပါ။ ဒါပြောင်းလဲလို့ မရတဲ့ အမှန်တရားပါပဲ။”
ဤကိစ္စက ကျူးကျွင်းသာမက ရွှဲ့ပြည်နယ်၏ ကျူးမိသားစု တစ်ခုလုံးအတွက် အရေးကြီးသည့်ကိစ္စ ဖြစ်သည်။
ထျန်းရွှဲ့မြို့ အဆုံးအဖြတ် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင် နောက်ဆက်တွဲ အကျိုးဆက်က ကြောက်မက်ဖွယ်ရာ ကောင်း၏။ ကျူးမိသားစုအတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်၏။ သို့သော်ငြား လုံးဝမျှော်လင့်ချက် မဲ့နေခြင်း မဟုတ်ချေ။ ကောင်းကင်ပင်လယ်နန်းဆောင် ရှိနေသမျှ ကာလပတ်လုံး သွေးဝိညာဉ်တပ် နှစ်သောင်း ပျက်စီးသွားခြင်းက ကျူးမိသားစုအတွက် ကြီးမားသည့် ထိုးနှက်ချက် မဟုတ်ချေ။
ကောင်းကင်ပင်လယ်နန်းဆောင်တွင် ကျူးဟုန်ရွှဲ့၏ ရာထူး မပြောင်းလဲသရွေ့ ကျူးမိသားစု၌ မျှော်လင့်ချက် ရှိသေး၏။ သို့သော်ငြား သူ၏ ဝိသေသလက္ခဏာ ပေါ်ပေါက်သွားသည်နှင့် တပြိုင်နက် ကျုးဟုန်ရွှဲ့သည် ကျူးမိသားစု ကို လုံးဝ စွန့်ခွာသွားပေလိမ့်မည်။
ရှမ့်လန်က ပြုံးကာ ပြော၏။ “သခင်ကြီးကျူးကျွင်း သဘောပါပဲ။”
ရှမ့်လန်က ရင်သပ်ရှုမောဖွယ်ရာ ကောင်းသည့် မိန်းမလှလေး၏ ခြေထောက်ကို ဖမ်းဆုပ်လိုက်၏။ ပြီးနောက် သူမ၏ ခါးလေးကို အသာ ဖက်ထားသည်။
“သခင်ကြီးကျူးကျွင်း... ခင်ဗျားက ဉာဏ်ကောင်းတဲ့ လူပါ။ ကျုပ်ရဲ့ ရည်မှန်းချက်ကို သိမှာပေါ့။” ရှမ့်လန်က မေး၏။
စစ်မြေပြင်တစ်ခုလုံးကို ပိတ်ဆို့ရန် ရှမ့်လန်က သူ၏လူများကို သွေးဝိညာဉ်တပ်အသွင် ဟန်ဆောင်ခိုင်း ထားကြောင်း ကျူးကျွင်း သဘာဝကျကျသိသည်။
သွေးဝိညာဉ်တပ် အောင်ပွဲရသကဲ့သို့ နင်ရှောင်နှင့် တခြားသောသူများကို ထင်ယောင်ထင်မှား ဖြစ်စေရန် ပြုလုပ်ခြင်း မဟုတ်ပါလား။ ထိုအရာက နင်ယွမ်းရှန်း၊ နင်ကျန်းနှင့် တခြားသောသူများကို အကောင်းပကတိ ကယ်တင်နိုင်ရန် မဟုတ်ပါလား။
ရှမ့်လန်နိုင်သည့် သတင်းသာ ပျံ့နှံ့သွားလျှင် အရူးကောင် နင်ရှောင်က စိတ်ပျက်လက်ပျက်ဖြင့် မည်သည့်အရာကိုမဆို ပြုလုပ်လာနိုင်၏။ ဤစိတ်ဖောက်ပြန်နေသည့် အရူးကောင်က မည်သည့်အရာကိုမဆို ပြုလုပ်ရဲသည်။
အပိုင်း (၉၈၀)
“သခင်ကြီး ကျူးကျွင်း… ပူးပေါင်းမှာလား။” ရှမ့်လန်က မေး၏။
ကျူးကျွင်းက ခါးသီးစွာ ပြန်လည်ကာ ပြောသည်။ “ပူးပေါင်းပါ့မယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ပြဇာတ်ကပြဖို့အတွက် ကျုပ်နဲ့အတူ လိုက်မလား။”
ကျူးကျွင်းက ခါးသီးစွာဖြင့် ပြန်လည်ကာ ပြောမိသည်။ “လိုက်ပါ့မယ်။”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်မှာ နောက်ထပ် အကြောင်းအရာ တစ်ခု ရှိသေးတယ်။”
ကျူးကျွင်းက ပြောသည်။ “အရှင်ရှမ့်လန်... ဘယ်သူမဆို လက်နက်ချနိုင်ပေမဲ့ ကျူးမိသားစုကတော့ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး။ ကျုပ်တို့ကို ထောင်ချလို့ရတယ်။ ပြည်နှင်ဒဏ် ပေးလို့ရတယ်။ ဒါပေမဲ့ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး။”
ရှမ့်လန်က ပြောလိုက်၏။ “ကျူးနင်ဆိုတဲ့ ကောင်မလေး အိမ်ထောင်ကျပြီလား။”
ကျူးကျွင်း၏ မျက်နှာက ဖြူဖျော့ဖြူရော် ဖြစ်သွား၏။ ရှမ့်လန်ကဲ့သို့သော လူမျိုးကို သူ တကယ် နားမလည်နိုင်ပေ။ ဤမျှ ကြီးကျယ်သည့်လူတစ်ယောက်က ယခင်က ဖြစ်ခဲ့သည့် ကိစ္စလေးကို ဂရုစိုက်နေသည်က အံ့အားသင့်စရာပင်။ တကယ့်ကို သေးဖွဲသည့် ကိစ္စလေးတစ်ခုဖြင့် လက်စားချေ တတ်သည့် ရှမ့်လန်ဆိုသည်က ယခုထိ မပြောင်းလဲသေးချေ။
ရှမ့်လန်က ပြောသည်။ “ကျုပ်ရဲ့ ကျင်းမူကုန်းကလည်း အိမ်ထောင်မကျသေးဘူး။ သူတို့က တကယ်ကို နတ်ဖက်တဲ့ စုံတွဲတွေပဲလေ။”
ကျူးကျွင်းက ဦးညွှတ်ကာ ပြော၏။ “ခွင့်ပြုပါအုံး။”
ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “လမ်းခရီးဖြောင့်ဖြူးပါစေ သခင်ကြီးကျူး... ခင်ဗျားရဲ့ ဘေးကင်းလုံခြုံမှု အတွက် သွေးဝိညာဉ်စစ်သည် ရာဂဏန်းကို ခင်ဗျားနောက်ကို လိုက်ပါပို့ဆောင်ခိုင်းလိုက်မယ်။”
ကျူးကျွင်း စစ်မြေပြင်မှ ထွက်ခွာသွားချိန်မှာတော့ ရှမ့်လန်၏ စစ်တပ်က ပြဇာတ်ကပြနေဆဲပင်။ ရှေဟောင်းလေးနှင့် မြားများဖြင့် အရူးမူး ပစ်ခတ်နေဆဲ ဖြစ်၏။ လူအများအပြားက လာရောက်ကာ စုံစမ်းကြ၏။ နင်ရှောင်၏ လူများ၊ နင်ယီ၏ လူများ၊ ယင်ယွမ်အဖွဲ့အစည်းမှ လူများပင်။
ရှမ့်လန်၏ သွေးဝိညာဉ်တပ် အတုက ထိုသူတို့ အားလုံးကို မသတ်ခဲ့ပေ။ တစ်ယောက်နှစ်ယောက်ကို ထွက်ခွာခွင့်ပေး၏။ သတင်းစကားကို သူတို့၏ သခင်များထံ ပြန်လည်ကာ ပေးပို့စေ၏။
ဉာဉ့်နက်ပိုင်းမှာတော့ ကျူးကျွင်းက ဝန်ကြီးချုပ်အိမ်တော်သို့ ပြန်ရောက်၏။ သွေးဝိညာဉ်စစ်သည် ရာဂဏန်းတို့ ကလည်း ကျူးမိသားစု၏ အိမ်တော်ထဲသို့ ဝင်ရောက်လာ၏။ အကယ်၍ ကျူးမိသားစုသာ စကားနားမထောင်ပါက လွယ်ကူစွာ မျိုးဖြုတ်ပစ်နိုင်သည်။
“အဖေ…” ကျူးကျွင်းက တုန်ယင်စွာ ခေါ်လိုက်၏။ ဘာမှ ပြောနေစရာ မလိုအပ်တော့ချေ။
ကျူးဟုန်ကျူးက လက်ဝှေ့ယမ်းပြ၏။ လွန်ခဲ့သည့် နာရီအနည်းငယ်အတွင်း သူက တည်ငြိမ်သွားခဲ့ပြီ ဖြစ်၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ရလဒ်ကို သူက တဖြည်းဖြည်း လက်ခံလာနိုင်ခဲ့၏။ သူ၏ လက်များက တုန်ယင်နေသော်လည်း လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး ငုံ့သောက်၏။
ကောင်းကင်ဘုံက သူ့အပေါ် တကယ်ကို ရက်စက်လွန်းသည်ဟု ခံစားမိ၏။ အသက် ၈၀ ကျော်နေလေပြီ။ အဘယ်ကြောင့် ဤကဲ့သို့ ကြီးမားသည့် ထိုးနှက်ချက်ကြီး နှစ်ခုကို ဆက်တိုက်ခံစားရသနည်း။
အချိန်တော်ကြာပြီးနောက် ကျူးဟုန်ကျူးက လှမ်းကာ ပြောသည်။ “မြို့စားကြီးကျုံး... ဒီရေဆိုတာ တကယ်ပဲ အရှေ့ဘက်ကို သုံးနှစ် ၊ အနောက်ဘက်ကို သုံးနှစ် စီးဆင်းတတ်တယ်။ အခု ဖုန်းရွှေကတော့ ခင်ဗျားတို့ ကျုံးမိသားစုကို ရောက်ခဲ့ပြီပဲ။”
ကျုံးယောင်က ပြော၏။ “ဝန်ကြီးချုပ်ကျူးက နောက်နေပါပြီ။ အနာဂတ်က ရှည်လျားပါသေးတယ်။ ထျန်းရွှဲ့မြို့ အဆုံးအဖြတ်တိုက်ပွဲက အရမ်းကြီးကျယ်ခမ်းနားပေမဲ့ အရှင်ရှမ့်လန်အတွက်တော့ ဒါက အစပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်ကျူး ကျုပ်ကို ပျော်လားလို့ မေးရင်း ကျုပ်က သေချာပေါက် ပျော်တာပေါ့။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို နှလုံးသားထဲမှာ တကယ်ရော ပျော်သလားလို့ မေးရင်တော့ မပျော်ပါဘူး။ ကျုပ်တို့ ကျုံးမိသားစုက အရှင်ရှမ့်လန် နောက်ကို လိုက်ရုံပဲ ရှိခဲ့တာပါ။ ရှေ့မှာ ကောင်းကင်ဘုံပဲ ရှိရှိ၊ ငရဲဘုံပဲ ရှိရှိ ကျုပ်တို့က လိုက်ရတော့မှာပါ။”
ဤစကားများက ကျုံးယောင်၏ ရင်ထဲမှ စကားများ ဖြစ်သလို၊ ကျူးဟုန်ကျူး၏ ရင်ထဲမှ စကားများလည်း ဖြစ်၏။ ကျူးကလန်က ရှမ့်လန်ကို လက်နက်ချ၍ မရချေ။ ရှမ့်လန်ကလည်း ထိုအရာကို ကောင်းကောင်းကြီး သိသောကြောင့် လက်နက်ချဖို့ ဘယ်တော့မှ မတိုက်တွန်းခဲ့ပေ။ ကောင်းကင်ပင်လယ် နန်းဆောင်၏ အင်အားကို မပျက်စီးသေးသောကြောင့် ကျူးကလန်က အဘယ်သို့ လက်နက်ချမည်နည်း။
ကျုံးယောင်က ပြောသည်။ “မနက်ဖြန် အခြေအနေက ဝန်ကြီးချုပ်ကျူးအပေါ်မှာ မူတည်ပါတယ်။ အရှင်မင်းကြီး နင်ယွမ်ရှန်း၊ မိဖုရားကြီးပျံ့၊ အရှင်မင်းကြီးနင်ကျန်းနဲ့ တခြားသူတွေအားလုံး ဘေးကင်းလုံခြုံရပါမယ်။ ပြီးတော့ နင်ရှောင်၊ နင်ယီ၊ နင်လော့၊ ရှုတင်းယုနဲ့ တခြားသူတွေ အားလုံးကို ဖမ်းဆီးရပါမယ်။ ဒီအတွက် ဝန်ကြီးချုပ်ကျူးရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါတယ်။”
ကျူးဟုန်ကျူးက တုန်ယင်စွာ ပြော၏။ “တကယ်လို့ ကျုပ်က ရှမ့်လန်နဲ့ ပူးပေါင်းလိုက်ရင် ကျူးမိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ အစဉ်အလာ အားလုံး ဆုံးရှုံးသွားလိမ့်မယ်။”
ကျုံးယောင်က ပြောလိုက်သည်။ “ဒါက အရှင်ရှမ့်လန်ရဲ့ စီမံကိန်းဆိုတာ ခင်ဗျားမသိလို့ပါ။ ခင်ဗျားလည်း သားကောင် ဖြစ်သွားတာပါ။ ပြီးတော့ ဂုဏ်သိက္ခာနဲ့ အစဉ်အလာ ဆုံးရှုံးတာက မိသားစုတစ်ခုလုံး မျိုးဖြုတ်ခံရတာထက်တော့ ပိုကောင်းတယ် မဟုတ်လား။”
သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း မိုးကြိုးပစ်သကဲ့သို့ပင် အသံက တင်းမာ၏။
ရှမ့်လန်က မိသားစုတစ်ခုလုံးကို သတ်မည်ဟု ပြောလျှင် သေချာပေါက် သတ်မှာပင်။ ကျုံးယောင်က ဆက်ပြောသည်။ “အခု ကျူးမိသားစု ထွက်ပြေးရင်တောင် အရမ်းနောက်ကျသွားပြီလို့ ထင်တယ်။”
ကျူးဟုန်ကျူးက တုန်ယင်စွာ ပြော၏။ “ကျုပ်ဘာလုပ်ရမလဲ ဆိုတာ သိပါပြီ။”
ကျုံးယောင်က ပြောသည်။ “ဒါဆိုရင် မနက်ဖြန် ပြဇာတ်ကခုံ ကနိုင်ဖို့ ဝန်ကြီးချုပ်ကျူးနဲ့ ဆွေးနွေးစရာ အသေးစိတ် အချက်အလက်တချို့ ရှိပါတယ်။ သခင်ကြီးကျူးကျွင်း... ခင်ဗျား ပြင်ဆင်မှုတချို့ လုပ်ဖို့ လိုတယ်။ နင်ရှောင်က မကြာခင် လူလွှတ်လိမ့်မယ်လို့ ကျုပ်ယုံတယ်။”
……….
သူတို့စေလွှတ်လိုက်သည့် သူလျှိုရာကျော်ထဲမှ အများစုမှာ သွေးဝိညာဉ်တပ်၏ ရှေးဟောင်းမြားများဖြင့် သတ်ဖြတ်ခံရကြောင်း နန်းတော်ထဲတွင် ရှိနေသည့် နင်ရှောင်က သတင်းရရှိ၏။ ထို့ကြောင့် ရလဒ်က သေချာသွားပြီ ဖြစ်၏။ သွေးဝိညာဉ်တပ် အနိုင်ရရှိပြီး ရှမ့်လန်၏ စစ်တပ်က မျိုးဖြုတ်သတ်ဖြတ်ခံလိုက်ရ၏။
တုံ့ကျန်းဘုရားကျောင်းမှ ဆရာတော်ခွန်ကျန့်က သက်ပြင်းချကာ ပြောသည်။ “ရွှဲ့ပြည်နယ်မှာ ငါတို့ တုံ့ကျန်း ဘုရားကျောင်းရဲ့ အာဏာက ဒီနေရာမှာပဲ အဆုံးသတ်သွားပြီ။ နင်ရှောင်... မင်း ကျူးအိမ်တော်ကို သွားသင့်တယ်။”
ရွှဲ့ဘုရင် နင်ရှောင်၏ မျက်နှာပေါ်ရှိ ကြွက်သားများက လှုပ်သွား၏။ သူက နင်ယီကို မကြည့်ဘဲ မနေနိုင်တော့ချေ။
“မင်း ကျူးဟုန်ကျူးကို အဘိုးလို့ ခေါ်တုန်းက ဘယ်လို ခံစားရလဲ။”
နင်ယီက ပြောသည်။ “ဘယ်လိုခံစားရမှာလဲ။ လိုက်လျောရတော့မှာပေါ့။ အရှင်မင်းကြီး... ဒါက သတင်းကောင်းပါပဲ။ ရှမ့်လန်က ကျုပ်တို့ရဲ့ အကြီးမားဆုံးရန်သူပဲ။ သူ သေသွားပြီဆိုတော့ ကျုပ်တို့ ပျော်သင့်တာပေါ့။”
“ပျော်တယ်။ ငါတို့ ပျော်သင့်တယ်။” နင်ရှောင်က ပြော၏။
ဆရာတော်ခွန်ကျန့်က ပြောသည်။ “အခု ကျူးမိသားစုကို သွားပြီး မင်းရဲ့ နှိမ့်ချတဲ့ သဘောထားကို ပြသတော့။”
ရွှဲ့ဘုရင် နင်ရှောင်က ပြောလိုက်၏။ “သူတို့က ကျုပ်ကို နန်းချရဲမှာ မလို့လား။”
ဤသို့ပြောလိုက်တော့ နင်ယီက စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။ အကယ်၍ ကျူးမိသားစုက နင်ရှောင်ကို နန်းချလိုက်လျှင် သူ့၌ မျှော်လင့်ချက် ရှိလာမည်လား။ သူက ရွှဲ့ပြည်နယ်၏ အလိမ္မာဆုံး မင်းသားပင်။
ဆရာတော် ခွန်ကျန့်က ပြောသည်။ “တကယ်လို့ မင်းက သူ ထိန်းချုပ်လို့ မရဘူးလို့ ခံစားမိအောင် လုပ်မယ် ဆိုရင် ပြောရခက်လိမ့်မယ်။ မိုးမလင်းခင် ကျူးဟုန်ကျူးဆီကို သွားပြီး မင်းရဲ့နှိမ့်ချမှုကို ပြသလိုက်။ မိုးလင်းရင် အရမ်းနောက်ကျသွားမယ်။”
………………….
မနက် ၃ နာရီခန့်မှာပဲ ရွှဲ့ဘုရင် နင်ရှောင်က ကျူးဟုန်ကျူးကို လာရောက်တွေ့ဆုံ၏။ “နင်ရှောင်က အဘိုးကို ဂါရဝပြုပါတယ်။”
နင်ရှောင်က ရိုသေစွာ ဦးညွှတ်၏။ ကျူးဟုန်ကျူး၏ မျက်လုံးများက အိပ်ချင်မူးတူး ဖြစ်နေ၏။ သူက ကြင်နာစွာ ပြောသည်။ “အရှင်မင်းကြီး... ကိစ္စရှိရင် လူလွှတ်ပြီး အကြောင်းကြားလိုက်ပါလား။ ဒီအဘိုးကြီးက ချက်ချင်း နန်းတော်ထဲကို ဝင်ပြီး အခစားဝင်မှာပေါ့။ ဘုရင်တစ်ပါးက လက်အောက်ငယ်သားကို ဘယ်လိုကြောင့် လာတွေ့ရတာလဲ။”
နင်ရှောင်က ပြော၏။ “မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ဘုရင်တစ်ပါးက လက်အောက်ငယ်သားကို လာတွေ့တာ မဟုတ်ပါဘူး။ မြေးက အဘိုးကို လာတွေ့တာပါ။”
ကျူးဟုန်ကျူးက ပြောလိုက်သည်။ “အဲလိုနှလုံးသား ရှိပေမဲ့ ဘုရင်နဲ့ လက်အောက်ငယ်သားကြားမှာ ကျင့်ဝတ်စည်းကမ်းကို စောင့်ထိန်းရပါမယ်။ နောက်ဆိုရင် အရှင်မင်းကြီး အဲလိုမလုပ်ပါနဲ့။”
ပြီးနောက် သူတို့နှစ်ဦးက အချိန်တော်ကြာ ရင်းနှီးစွာ နှုတ်ဆက်စကား ပြော၏။ ရွှဲ့ဘုရင် နင်ရှောင်က မည်သို့မှ မနေနိုင်ဘဲ ပြောလိုက်မိ၏။ “သွေးဝိညာဉ်တပ် နိုင်သွားပြီလို့ ကျုပ် သိထားပါတယ်။ ရှမ့်လန် ဘာဖြစ်သွားပြီလဲ မသိဘူး။”
ကျူးဟုန်ကျူးက ပြောသည်။ “မနက်ဖြန် သွေးဝိညာဉ်တပ်က ထျန်းရွှဲ့မြို့ တိုက်ပွဲကို အဆုံးသတ်ပြီး နန်းတော်ထဲ ဝင်လာလိမ့်မယ်။ သူတို့က အရှင်ရှမ့်လန်ရဲ့ ခေါင်းကို တရားဝင် ဆက်သပါလိမ့်မယ်။ ဒီကိစ္စက ရွှဲ့ပြည်နယ်မှာ စတင်ခဲ့တာမလို့ ရွှဲ့ပြည်နယ်မှာပဲ အဆုံးသတ်ရပါလိမ့်မယ်။”
သူ ထိုသို့ပြောလိုက်တော့ နင်ရှောင်က ချက်ချင်း စိတ်လှုပ်ရှားသွားမိ၏။ သို့သော်ငြား အနည်းငယ် စိတ်ပျက် နေမိသည်။ ရှမ့်လန် သေဆုံးသွားခဲ့လေသည်လား။ ခေါင်းဖြတ်ခံလိုက်ရခြင်းလား။ နှမျောစရာ ကောင်းလှချေသည်။ မူလတုန်းက နင်ရှောင်က ရှမ့်လန်ကို မသေ သေအောင် နှိပ်စက်ချင်ခဲ့၏။
ကျူးဟုန်ရွှဲ့က တိုက်ရိုက် ခေါင်းဖြတ်ပစ်လိမ့်မည်ဟု သူ မထင်ခဲ့ချေ။ သို့ပေမည့် ဤအရာက ကောင်းသည့် ကိစ္စပင်။ ရှမ့်လန်ကို ကိုယ်တိုင် မသတ်နိုင်လျှင်တောင်မှ သေသွားသည့် ခေါင်းပြတ်ကို မြင်ရသည်က စိတ်ကျေနပ်စရာကောင်းသည် မဟုတ်ပါလား။
“သခင်လေး ကျူးဟုန်ရွှဲ့ကကော။” နင်ရှောင်က မေး၏။
“ထွက်သွားပြီ။”
ကျူးဟုန်ကျူးက ပြောသည်။ “မနက်ဖြန် သွေးဝိညာဉ်စစ်သည် သုံးထောင်က ရှမ့်လန်ရဲ့ ခေါင်းကို ဆက်သဖို့ နန်းတော်ထဲ ဝင်လာလိမ့်မယ်။ ဒါကြောင့် အရှင်မင်းကြီးက လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ထားပါ။”
နင်ရှောင်က ရယ်မောလိုက်၏။ “ဒါပေါ့။ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ရမှာပေါ့။ မှူးမတ်အရာရှိတွေ အားလုံး၊ တော်ဝင်မျိုးနွယ်တွေအားလုံး ရှိရမယ်။ ဒီခမ်းနားတဲ့ အခိုက်အတန့်ကို သက်သေပြုဖို့ သူတို့ လာကိုလာရမယ်။ ပြီးတော့ ကျုပ်ရဲ့ အဖေလည်း ရှိနေရမယ်။ သူက ရှမ့်လန်ကို အရမ်းသတိရနေတာ။ ဘာပဲဖြစ်ဖြစ် သူ အနည်းဆုံးတော့ ခေါင်းပြတ်ကို မြင်ခွင့်ရသင့်တယ်။ ပြီးတော့ ရှမ့်လန်ရဲ့ သစ္စာဖောက် ခေါင်းဆောင် တွေအားလုံး ဒီအခိုက်အတန့်ကို သက်သေပြုဖို့ လာရမယ်။ အခုကစပြီး သူတို့ လက်လျှော့လိုက်လို့ ရပြီ။”
ကျူးဟုန်ကျူးက ပြုံးနေသော်လည်း စကားမပြောချေ။ ဒဏ်ရာပေါ် ဆားသိပ်သည့် စကားလုံးမျိုးကို သူ ဘယ်တော့မှ ပြောလိမ့်မည် မဟုတ်ချေ။
နင်ရှောင်က ပြောသည်။ “ဪ... ဟုတ်သားပဲ။ အဘိုး... မြေး မဆုံးဖြတ်တတ်တဲ့ ကိစ္စတစ်ခု ရှိသေးတယ်။”
ကျူးဟုန်ကျူးက ပြောလိုက်၏။ “အရှင်မင်းကြီး... ဒီလိုစကားမပြောပါနဲ့။ အရှင်မင်းကြီးက ရွှဲ့ဘုရင်ပါ။ ရွှဲ့ပြည်နယ်မှာ ရှိတဲ့ အရာအားလုံးက အရှင်မင်းကြီးရဲ့ ဆန္ဒအတိုင်း ဆုံးဖြတ်ရပါမယ်။”
ရွှဲ့ဘုရင် နင်ရှောင်က ပြောလိုက်သည်။ “ရှမ့်လန် သေဆုံးသွားခဲ့ပြီဆိုတော့ သူ့ရဲ့ အကြွင်းအကျန်တွေကို ဆက်ထားနေစရာ မလိုတော့ဘူး။ မဟုတ်ရင် ရွှဲ့ပြည်နယ် ပြည်သူတွေရဲ့ ဥစ္စာဓနကို ဖြုန်းတီးရာ ရောက်မှာပေါ့။ သူတို့ကို ကျွေးမွေးထားရတာ ဆန်ကုန်ပါတယ်။”
ကျူးဟုန်ကျူးက ပြောလိုက်၏။ “ဒီအဘိုးကြီးလည်း ဒီလိုစဉ်းစားမိပါတယ်။ အရာအားလုံးက အရှင်မင်းကြီး ဆုံးဖြတ်ပါ။”
ရွှဲ့ဘုရင် နင်ရှောင်က ပြောသည်။ “မြေး နားလည်ပါပြီ။”
……
နောက်တစ်နေ့ မြို့တော်တစ်ခုလုံးက တကယ်ပင် လေးလံတင်းမာလျက် ရှိနေ၏။ ကောင်းကင်က ကြည်လင် ကျယ်ပြောနေသော်လည်း မိုးတိမ်များက ဖိချနေသကဲ့သို့ပင်။ ရွှဲ့ဘုရင်က ယနေ့ နန်းတွင်းညီလာခံ ကျင်းပမည် ဖြစ်ကြောင်း အမိန့်ထုတ်ပြန်၏။ မည်သည့် အရာရှိမှ ပျက်ကွက်ခွင့် မရှိချေ။ အမိန့်တော်တွင် ဘာကိစ္စလဲ ဆိုသည်က မပါရှိသော်လည်း လူတိုင်းက ခန့်မှန်းနိုင်၏။
နင်ချီက စစ်ဝတ်စုံကို ဝတ်ဆင်ပြီး အိမ်မှ ထွက်လာ၏။ သူ၏ မျက်နှာက သံမဏိကဲ့သို့ မာကျောပြီး မည်သည့် ခံစားချက်မှ မရှိချေ။ သူ၏ မိခင် မိဖုရားကြီးကျုံးကလည်း ဆူညံခြင်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် လုံးဝ သတိလစ် မေ့မြောသွားသောကြောင့်ပင်။
အပေါ်ယံတွင် သတင်းမရှိသေးသော်လည်း သွေးဝိညာဉ်တပ်က ကြီးမားသည့် အောင်ပွဲကို ရရှိခဲ့ပြီဖြစ်ကြောင်း လူတိုင်းသိ၏။ ရှမ့်လန်၏ စစ်တပ်က လုံးဝ မျိုးဖြုတ်သတ်ဖြတ်ခံလိုက်ရပြီ။ ၁ နာရီ မပြည့်ခင်မှာပဲ တိုက်ပွဲက ပြီးဆုံးသွားသည်။
“ယောက်ျား… ကျွန်မက ကျုံးမိသားစုရဲ့ သမီးပါ။ ဘာလို့ ကျွန်မကို မကွာရှင်းရတာလဲ။ မဟုတ်ရင် ကျွန်မ ဆေးသောက်ပြီး သတ်သေလိုက်မယ်။” နင်ချီ၏ မိန်းမက ဝမ်းနည်းပက်လက် ပြော၏။
နင်ချီက မူလတုန်းက ကျူးနင်ကို တရားဝင်ဇနီးအဖြစ် လက်ထပ်ရန် ရည်ရွယ်ခဲ့သော်လည်း ဤလက်ထပ်ပွဲက မပြီးပြတ်ဘဲ ကျန်ရစ်ခဲ့၏။ ထို့ကြောင့် ကျုံးမိသားစု၏သမီးတစ်ယောက်က သူ၏ တရားဝင်ဇနီး ဖြစ်လာခဲ့သည်။ နင်ချီက လက်ကို ဆန့်တန်းပြီး သူ့မိန်းမ၏ မျက်နှာကို ပွတ်သပ်၏။ သူက ဘာမှမပြောချေ။ အဘယ်ကြောင့် ဆိုသော် အခြေအနေက ဤအဆင့်ထိ ရောက်လာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ သောကြောင့်ပင်။
သူက နင်ရှောင် အရေးယူရမည်ကို မကြောက်ချေ။ တော်ဝင်ရန်အင်ပါယာ အရေးယူမည်ကိုသာ ကြောက်ခြင်း ဖြစ်၏။ ကျုံးကလန်က အရေးကြီးသော အခြေအနေမျိုးတွင် ရှမ့်လန်ထံ လက်နက်ချခဲ့၏။ နင်ချီ၏ စစ်တပ်ပင်လျှင် ရှမ့်လန်နှင့် ရင်ဆိုင်ရသည့်အခါက ထွက်ပြေးခဲ့၏။ ထို့ကြောင့် တော်ဝင်ရန်အင်ပါယာ စာရင်းရှင်းလိုပါက သူ၏ မိန်းမ အသတ်ခံရရုံသာမက သူ့မိသားစုတစ်ခုလုံးလည်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
“ကံတရားပဲ ထားလိုက်ကြရအောင်။”
နင်ချီက ပြုံးလိုက်၏။ “ငါ အစွမ်းကုန် တိုက်ခိုက်ပါ့မယ်။ ဒါပေမဲ့ မင်းအတွက် ထွက်ပေါက်တစ်ခု ရအောင် မတိုက်ခိုက်ပေးနိုင်ရင် ငါ့ကို အသုံးမကျဘူးလို့တော့ အပြစ် မတင်ပါနဲ့။”
ပြီးနောက် နင်ချီက စစ်မြင်းကို စီးကာဖြင့် နန်းတော်သို့ ထွက်ခွာသွားသည်။
ယနေ့က ရာသီဥတု သာယာ၏။ နေမထွက်သေးသော်လည်း ကောင်းကင်တွင် တိမ်တိုက်တစ်ခုမှ မရှိချေ။ ပုံမှန်တိုင်း နေထွက်လာမှာ ထင်ရှား၏။ သို့သော်ငြား နင်ချီ၏ စိတ်ထဲတွင်တော့ အတွေးတစ်ခုတည်းသာ ရှိ၏။ ယနေ့မှစ၍ သူအတွက် နေရောင်ခြည် ဆိုသည်မှာ ရှိတော့မည် မဟုတ်ချေ။
...............
ရေနက်တပ်ဖွဲ့၏ အကျဉ်းထောင်တံခါးများက ဖြည်းညင်းစွာ ပွင့်လာ၏။ အကျဉ်းသား လှည်းများက တစ်စီးပြီးတစ်စီး ထွက်လာ၏။ လှည်းတိုင်းတွင် ရာဇဝတ်သား တစ်ဦး ပါရှိ၏။ ပျံ့ရှောင်း၊ ကျန်းချုံးနှင့် သူ၏ သားနှစ်ယောက်၊ လီစွမ်း၊ လီအန်း၊ နင်ကန်၊ နင်ချီနှင့် အခြားသောသူများ။ အကျဉ်းသား လှည်းပေါင်း ရာကျော် ရှိ၏။ အားလုံးက ရှမ့်လန်၏ လက်ကျန် အင်အားစု ခေါင်းဆောင်များပင်။
ရေနက်အကျဉ်းထောင်မှ ထွက်လာခဲ့ပြီးနောက် ကျန်းချုံးက မျက်လုံးများကို အလျင်အမြန် မှိတ်၏။
နေမထွက်သေးသော်လည်း အလင်းရောင်က လွန်စွာ တောက်ပ၏။ သူတို့အားလုံးက လွန်ခဲ့သည့် ၂ နှစ်အတွင်း မှောင်မိုက်သည့် အကျဉ်းထောင်ထဲတွင်သာ ပိတ်လှောင်ခံထားရ၏။ သူတို့က အလင်း၏ တောက်ပမှုကို ခံနိုင်ရည် မရှိကြချေ။
ထို့အပြင် ကျန်းချုံး၊ ပျံ့ရှောင်း၊ နင်ကန်၊ နင်ချီနှင့် အခြားသောသူအားလုံးက ပထမဦးဆုံး အကြိမ်အဖြစ် အချင်းချင်း ပြန်လည် တွေ့ကြခြင်းပင်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ပိန်လှီနေ၏။ ဆံပင်များက ဖြူဖွေးနေပြီး ထင်းခြောက်ကဲ့သို့ ခြောက်သွေ့နေ၏။
မင်းသမီး နင်လော့က ဤလူများကို နန်းတော်သို့ ဖမ်းခေါ်လာ၏။ သူမက မျက်နှာဖုံးကို တပ်ဆင်ထားဆဲပင်။ သူမက ကျန်းချုံးအနီးသို့ လျှောက်လာကာ ပြောသည်။
“အုပ်ချုပ်ရေးမှူးကျန်း... ရှင် ရှမ့်လန်ကို အရမ်း သတိရနေတာ ကျွန်မ သိတယ်။ ရှင်သူ့ကို မကြာခင် တွေ့ရပါလိမ့်မယ်... ဒါပေမဲ့ ခေါင်းပြတ်ကိုပဲ တွေ့ရမှာပါ။”
ကျန်းချုံး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့၏။ သို့သော်ငြား စကားမပြောပေ။
နင်လော့က ပြောလိုက်၏။ “ဒါပေါ့... စိတ်မပူပါနဲ့။ ဘာလို့လဲဆိုတော့ ရှင် သူ့ကို သေမင်းနိုင်ငံထိ လိုက်ပို့ရမှာ မလို့ပဲ။ နန်းတွင်းညီလာခံ ပြီးသွားရင် ရှင်တို့ကို ကွပ်မျက်ကွင်းဆီ တန်းပို့မှာ။ ရှင်တို့အကုန်လုံး ခေါင်းဖြတ်ခံရမယ်။ ရှမ့်လန်နဲ့ အတူ မြှုပ်နှံခံရမယ်။”
ကျန်းချုံးက မျက်ရည်များ စီးကျလာသည်။
နင်လော့က ပြော၏။ “စိတ်မကောင်းပါဘူး။ နောက်ဆုံး ထမင်းစားချိန် မရှိတော့ဘူး။ ပြီးတော့ ရှင့်သမီး ကျန်းချွင်းဟွာ က အခု နုရှောင့်မြို့မှာ ရောက်နေတယ်။ သူ ရှင်နဲ့မကြာခင် တွေ့မှာပါ။ ဒါပေါ့။ သူ ဆောင်ကြာမြိုင်ကို အပို့မခံရဘူးဆိုရင်ပေါ့။”
“သွားကြစို့... သူတို့ကို နန်းတော်ထဲ ခေါ်သွားကြ။ ကွပ်မျက်ကွင်းက အာဏာပါးကွက်သားတွေအားလုံးကို အဆင်သင့် ပြင်ခိုင်း။ ဒီနေ့ လူတွေအများကြီးကို သတ်ရမှာ။ ဓားတွေ သွေးထားကြ။”
………….