အခန်း (၉၈၁-၉၈၂)
Vol. 58 Ch. 981-982
အပိုင်း (၉၈၁)
နင်ကျန်းက နန်းတွင်းဘိုးဘေးဘုရားကျောင်း၏ အကျဉ်းထောင်မှ ထွက်လာ၏။ ဤလူက တကယ်ကို ခေါင်းမာ၏။ မျက်လုံးများက ပြင်ပမှ အလင်းရောင်ကို မမြင်နိုင်ချေ။ အခြားသောသူများက မျက်လုံးကို မှိတ်ထားသော်လည်း သူက ပြူးကျယ်စွာ ဖွင့်ထား၏။ ရလဒ်အနေဖြင့် မျက်လုံး စူးသောကြောင့် မျက်ရည်များ ကျလာ၏။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်မွှေးများက ပေါင်းပင်ကဲ့သို့ ရှုပ်ပွနေ၏။ တစ်ကိုယ်လုံးက ပိန်လှီနေ၏။ သို့သော်ငြား သူက ဆံပင် မဖြူသေးချေ။ မီးခိုးရောင် သန်းရုံသာ ရှိ၏။
နင်ယီက မြင်းပေါ်တွင် ထိုင်ကာဖြင့် မဲ့ပြုံးပြုံးသည်။ “နင်ကျန်း... မင်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း စကားတစ်ခွန်းမှ မပြောဘဲ အဆုံးထိ တင်းခံထားတယ်။ ဘာလို့လဲဆိုတော့ ရှမ့်လန်ပေါ် မျှော်လင့်ချက်တွေ ရှိနေလို့ပဲ။ သူသေချာပေါက် ပြန်လာပြီး မင်းကို ကယ်မယ်လို့ ထင်နေတာပဲ။
ရလဒ်ကတော့ မင်း တစ်ဝက်မှန်တယ်။ သူတကယ် ပြန်လာခဲ့တယ်။ ဒါပေမဲ့ မနေ့က သူ့ရဲ့စစ်တပ်တစ်ခုလုံး မျိုးဖြုတ်ခံလိုက်ရတယ်။ မှော်ဆန်ပြီး စွမ်းအားကြီးတယ်လို့ ပြောတဲ့ သူ့ရဲ့စစ်သည် ၂ သောင်းက တစ်နာရီမပြည့်ခင်မှာပဲ မျိုးဖြုတ်ခံလိုက်ရတယ်။ ဒီလို ဧကရာဇ်တစ်ပါး ပြန်လာခြင်းဆိုတာက ဟာသကြီးပဲ။ ဒါပေမဲ့ သူက အမြဲတမ်း ဒီလို ဟိတ်ဟန်ထုတ်တတ်တာတော့ အမှန်ပဲ။”
နင်ကျန်း၏ မျက်နှာက သံပြားတစ်ချပ်ကဲ့သို့ ပြောင်းလဲခြင်း မရှိချေ။
နင်ယီက ရယ်မောကာ ပြော၏။ “နင်ကျန်း... မင်းဒီအချိန်ထိ လက်မလျှော့သေးဘူးလား။ ဟား... ဟား... ဟား... မင်းက ငါတွေ့ဖူးသမျှထဲမှာ အတုံးဆုံးနဲ့ အရယ်ရဆုံးသူပဲ။ တခြားသောသူတွေက အခေါင်းမမြင်ရရင် မျက်ရည်မကျဘူး။ မင်းကတော့ အခေါင်းမြင်ရင်တောင် မျက်ရည်ကျမယ့်ကောင် မဟုတ်ဘူး။ ကောင်းပြီလေ။ နန်းတော်ကို သွားကြစို့။ မကြာခင် မင်း ရှမ့်လန်ရဲ့ ခေါင်းပြတ်ကို မြင်ရတော့မှာပါ။ ဟား... ဟား... ဟား..”
နင်ကျန်းက သံခြေချင်းကို ဝတ်ဆင်ပြီး မျက်နှာသေကြီးဖြင့် နန်းတော်သို့ ဆက်လက်ကာ လျှောက်သည်။
နင်ယီက ပြောလိုက်၏။ “ပဉ္စမညီ... ရှမ့်လန်ရဲ့ခေါင်းပြတ်ကို မြင်ပြီးရင် မင်း ကွပ်မျက်ကွင်းကို တန်းသွားရလိမ့်မယ်။ ရှမ့်လန် သေသွားရင် မင်းတို့က တန်ဖိုး မရှိတော့ဘူး။ အဖေလို မင်းကို နင်ဟန်ကလည်း ကာကွယ်ပေးမှာမဟုတ်ဘူး။ မင်း ခေါင်းဖြတ်ခံရမှာ။ ငါ့ကို ပြောစရာ စကားတစ်ခုခု ရှိနေသေးလား။”
နင်ကျန်းက နင်ယီကို တစ်ချက်မှပင် မကြည့်ဘဲ ရှေ့သို့ ဆက်လက်ကာ လျှောက်သွားသည်။
နင်ယီက ဒေါသထွက်လေ၏။ ကြာပွတ်ကို ကောက်ယူပြီး နင်ကျန်း၏ ကျောကုန်းကို ရိုက်နှက်၏။
“ဖြောင်း... ဖြောင်း… “
“နင်ကျန်း... သေတော့မယ့်အချိန်ထိ ငါ့ကို အထင်သေးရဲတာလား။ ငါ့ကို အထင်သေးရဲတာလား။”
………..
ရွှဲ့ဘုရင်နင်ရှောင်က ယနေ့ အသစ်စက်စက် ဝတ်စုံကို ဝတ်ဆင်ထား၏။ သရဖူမှ ဘုရင်ဝတ်ရုံအထိ၊ ခါးမှ ဓားအထိ အကုန်အသစ်ကြီးပင်။ ဝတ်ဆင်ပြီးနောက် သူက နင်ယွမ်ရှန်း၏ နန်းဆောင်သို့ လျှောက်လာသည်။
နန်းတွင်းအပျိုတော် အနည်းငယ်က နင်ယွမ်ရှန်းကို ရေချိုးပေးပြီး အဝတ်အစားများ လဲပေး၏။ မင်းကြီးဟောင်း တစ်ပါး အနေဖြင့် နင်ယွမ်ရှန်းက ယနေ့ နန်းတွင်းညီလာခံကို တက်ရောက်ရမည်။ ၂ နှစ်ကျော်အတွင်း ဤသည်က နင်ယွမ်ရှန်းအတွက် ပထမဦးဆုံးအကြိမ် ဘုရင့်ဝတ်ရုံနှင့် သရဖူကို ဝတ်ဆင်ရခြင်းပင်။
“၈၁... ၈၂... ၈၃..”
နင်ယွမ်ရှန်းက အရုပ်တစ်ခုကဲ့သို့ပင် အဝတ်အစားများကို ဝတ်ဆင်ပေးခြင်း ခံနေရသော်လည်း တတွတ်တွတ် ရေရွတ်နေဆဲပင်။
နင်ရှောင်က လက်ကို ဝှေ့ယမ်းပြ၏။ နန်းတွင်းအပျိုတော် အားလုံးက ထွက်ပြေးသွားကြ၏။ နင်ရှောင်ကို မြင်ချိန်တိုင်းတွင် သူတို့က သရဲတစ္ဆေကို မြင်ရသကဲ့သို့ပင်။
တချို့သော ကိစ္စများကို လူသိရှင်ကြား မထုတ်ပြန်သော်လည်း နင်ရှောင်၏ နန်းဆောင်အပြင်ဘက် ခြံဝင်းထဲတွင် အလောင်းများ ပြွတ်သိပ်နေပြီ ဖြစ်ကြောင်း နန်းတွင်းအပျိုတော်များက သိရှိကြ၏။
နင်ရှောင်က နင်ယွမ်ရှန်း၏ ရှေ့တွင် ထိုင်ချလိုက်သည်။ “ဟေ့... ဟေ့… အဖေ... ဟန်ဆောင်တာ ရပ်လိုက်တော့။ ဒီတစ်ခါ တကယ် ဟန်ဆောင်တာ ရပ်လိုက်တော့။ ရှမ့်လန် သေသွားပြီ။ ကျူးဟုန်ရွှဲ့က ရှမ့်လန်ကို ခေါင်းဖြတ်လိုက်ပြီ။ မကြာခင် နန်းတော်ထဲကို ရောက်လာတော့မယ်။”
“၈၅... ၈၆... ၈၇။”
နင်ယွမ်ရှန်းက ဘာမှမကြားသကဲ့သို့ပင် ရေရွတ်နေ၏။ သူ၏ မျက်လုံးများက အာရုံစူးစိုက်မှု ရှုပ်ထွေး နောက်ကျိလျက်ရှိပြီး အလင်းရောင်မရှိချေ။ အလွန်အမင်း ပိန်လှီနေသောကြောင့် ဘုရင့်ဝတ်ရုံက သူ့အတွက် အထူးတလည် ကြီးမားနေပုံပင်။ သရဖူကလည်း ခေါင်းပေါ်တွင် ယိမ်းထိုးနေ၏။ ကြိုးဖြင့် တင်းကျပ်စွာ ချည်ထားရ၏။ သို့မဟုတ်ပါက အချိန်မရွေး ပြုတ်ကျသွားနိုင်၏။ ရေတွက်နေစဉ်မှာပင် ပါးစပ်ထောင့်မှ တံတွေးများက အဆက်မပြတ် စီးကျ၏။
နင်ရှောင်က ပြောသည်။ “အဖေ... ကျုပ်အရင်တုန်းက နန်းတွင်းအပျိုတော် နည်းနည်းလောက် သတ်မိရုံပဲ မဟုတ်လား။ ဘာလို့ ကျုပ်ကို ဘုန်းကြီးဝတ်ဖို့ တုံ့ကျန်းဘုရားကျောင်းကို ပို့ရတာလဲ။ ကျုပ်တို့အားလုံးက အဖေ့ရဲ့သားတွေပါပဲ။ ဘာလို့ တခြားသူတွေက နန်းတော်ထဲ စည်းစိမ်ချမ်းသာ ခံစားနေရတဲ့အချိန်မှာ ကျုပ်က တုံ့ကျန်းဘုရားကျောင်းမှာ ဘုန်းကြီးလုပ်နေရတာလဲ။
ပြီးတော့ ကျုပ်ရဲ့အမေ... သူက လုံလောက်အောင် မလှလို့လား။ သူ့ကို ဘာလို့ ဘွဲ့ထူးဂုဏ်ထူးတွေ မပေးနိုင်ရတာလဲ။ သူက တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ တပည့်ဖြစ်နေလို့လား။ သူက မြေခွေးမ ဖြစ်နေလို့လား။
ဒါပေမဲ့ အဖေ... အဖေ သူ့ကို ခံစားခဲ့ပြီးပြီ။ ပြီးတော့မှ အအေးနန်းဆောင်ဆီကို ပို့လိုက်တာလား။ အဖေက အရမ်းကို ရက်စက်လွန်းနေတာ မဟုတ်ဘူးလား။ ဒါပေါ့... သားတစ်ယောက်က အမေ့အတွက် တိုက်ခိုက်နေတာမျိုး လုံးဝ မဟုတ်ဘူး။ တကယ်တော့ အဖေ သူ့ကို ကိုယ်လုပ်တော်ဘွဲ့ မပေးခဲ့တော့ ကျုပ်ရဲ့အဆင့်အတန်းက နိမ့်ကျခဲ့တာပေါ့။ ဘာလို့ ကျုပ်ကို ဒီလိုဆက်ဆံရတာလဲ။”
နင်ရှောင်က အေးစက်စက်ပြော၏။ “ပြောစမ်းပါ... ဘာကြောင့်လဲ။”
ပြီးနောက် နင်ရှောင်က နင်ယွမ်ရှန်း၏ နှာခေါင်းကို ညှစ်ပြီး ပါးစပ်ကို ပိုးစနှင့် ပိတ်၏။ ပြီးနောက် တင်းမာခက်ထန်စွာ အော်သည်။ “အရူးယောင် ဆောင်မနေနဲ့တော့။ ဆက်ပြီး ဟန်ဆောင်နေရင် ကျုပ် အဖေ့ကို အသက်ရှူကျပ်အောင် လုပ်ပစ်တော့မယ်။”
ပြီးနောက် နင်ယွမ်ရှန်း၏ တစ်ကိုယ်လုံးက တုန်ယင်လာခဲ့၏။ မျက်နှာများက နီရဲပြီး မျက်လုံးများက သွေးရောင်လွှမ်းလာ၏။ အချိန်မရွေး အသက်ရှူရပ်ကာ သေဆုံးသွားနိုင်၏။
“တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ကျုပ်... ကျုပ်မှားမှန်း သိပါပြီ။”
နင်ရှောင်က နင်ယွမ်ရှန်းကို လွှတ်ပေးလိုက်သည်။ “လာ... လာ... လာ... အဖေ့ရဲ့ သရဖူစောင်းနေတယ်။ မျက်နှာမှာလည်း သွားရည်တွေ ပေနေတယ်။”
နင်ယွမ်ရှန်းက အပြင်းအထန် ချောင်းဆိုးနေ၏။ ပြီးနောက် သူက ဆက်လက်ကာ ရေရွတ်၏။ သို့သော်ငြား ဘယ်နေရာသို့ ရောက်သွားပြီဖြစ်ကြောင်း မေ့သွားသောကြောင့် ကြောင်အမ်းအမ်း ဖြစ်လို့နေ၏။
နင်ရှောင်က ပြောသည်။ “အဖေ... ခဏနေရင် ရှမ့်လန်ရဲ့ ခေါင်းပြတ်ကို တွေ့ရတော့မယ်။ အဲဒီအချိန်ကျရင် အဖေ လက်လျှော့လိုက်ပါတော့။ ဘာလို့ ဒီလောက် ပင်ပန်းတဲ့ ဘဝမှာ အသက်ရှင်နေရမှာလဲ။ ခဏနေ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ။ ဒါ အဆိပ်ပဲ။ အဖေ ယူထား။ ရှမ့်လန်ရဲ့ ခေါင်းပြတ်ကို မြင်ပြီးရင် ကိုယ့်ဘာသာကိုယ် သောက်လိုက်။ ကြားလား။”
နင်ရှောင်က ပုလင်းငယ်တစ်လုံးကို နင်ယွမ်ရှန်း၏ အင်္ကျီလက်ကြားသို့ ထည့်ပေး၏။ သူ၏ ပိန်လှီနေသည့် မျက်နှာကို ပုတ်ကာ ပြော၏။ “ကောင်းကောင်း ဖွက်ထားအုံး။ ကြားလား။ ဒါနဲ့ အဖေက အရူး ဟန်ဆောင်ရတာ ကြိုက်တယ်မလား။ ခဏနေ နန်းတော်ထဲကို ရောက်ရင် မှူးမတ်တွေ အားလုံးရှေ့မှာ ဘောင်းဘီထဲ သေးပေါက်ချလိုက်ပါလား။ ဒါဆိုရင် အဖေ တကယ်ရူးနေတယ်လို့ ကျုပ် ယုံပေးမယ်။ လာကြ... မင်းကြီးဟောင်းကို ညီလာခံဆီ ခေါ်ခဲ့ကြ။”
…………
ရွှဲ့ပြည်နယ် နန်းတော်၏ ပင်မခန်းဆောင်တွင် ဤမျှ လူအများအပြား လာရောက်ခြင်းက ပထမဦးဆုံးအကြိမ် ဖြစ်၏။ လူထောင်ပေါင်းများစွာ ရှိနေ၏။ မြို့တော်ရှိ မှူးမတ်များနှင့် တော်ဝင်မျိုးနွယ် အားလုံးတို့က လာရောက်ကြပြီး ရှမ့်လန်၏ လက်ကျန်အင်အားစုဆိုသူ ရာပေါင်းများစွာတို့လည်း လာရောက်၏။ ပင်မ ခန်းမဆောင်တွင် နေရာမလောက်သောကြောင့် လူအများပြားတို့က ခန်းမဆောင်၏ အပြင်ဘက်ရင်ပြင်တွင် ရပ်နေကြ၏။ ဤသည်က မကြုံစဖူး နန်းတွင်းညီလာခံ ဖြစ်၏။ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံး အကြိမ်ပင်။
မင်းကြီးဟောင်း နင်ယွမ်ရှန်းက အမြင့်ဆုံး ရာဇပလ္လင်ပေါ်တွင် ထိုင်နေ၏။ သူ၏ မျက်လုံးများက တည့်တည့် ကြည့်၏။ မရပ်မနားဖြင့် စကားလုံးများကို တတွတ်တွတ် ရွတ်နေ၏။ သွားရည်များကလည်း တတောက်တောက် ကျ၏။
ရွှဲ့ဘုရင်နင်ရှောင်က အောက်ဘက်ရှိ ရာဇပလ္လင်ပေါ်တွင် ထိုင်ပြီး စိုးရိမ် ပူပန်နေပုံရသည်။
အောက်ဘက်ရှိ ထောင်ပေါင်းများစွာသော မှူးမတ်များက အုပ်စုနှစ်ခု ကွဲနေ၏။ တချို့က ဝမ်းသာအားရ ဖြစ်ပြီး အောင်ပွဲခံ၏။ ရှမ့်လန် ရှုံးနိမ့်သွားခဲ့၏။ အခြေအနေက နောက်ဆုံးတော့ တည်ငြိမ်သွားခဲ့၏။ နောက်ဆုံးတွင် အပြောင်းအလဲ ရှိလာတော့မည် မဟုတ်ချေ။ လူတိုင်းက ကျူးမိသားစု၏ ဖိနပ်ကို လျက်ပြီး ချမ်းသာလာကြ၏။ ယခု ထိုသူတို့က အတားအဆီးမရှိ ကျူးမိသားစု၏ ဖိနပ်ကို ဆက်လက်ကာ လျက်နိုင်ပေပြီ။
တခြားသော အုပ်စုကတော့ မျက်နှာများ လေးနက်ပြီး မှိုင်းညှို့နေ၏။ သူတို့က ရူးသွပ်နေသည့် နင်ယွမ်ရှန်းကို နာကျင်စွာဖြင့် လှမ်းကြည့်၏။ ပြီးနောက် အပြင်ဘက် အကျဉ်းသားလှည်းပေါ်တွင် ရှိနေသော နင်ကျန်းကို ကြည့်ကာဖြင့် နှလုံးကွဲမတတ် ခံစားနေရ၏။
မှူးမတ်အများပြားတို့က နင်ယွမ်ရှန်းနှင့် ပဋိပက္ခများ ရှိသော်လည်း သူတို့က ဆယ်စုနှစ်ပေါင်းများစွာ သစ္စာစောင့်သိခဲ့၏။ ရွှဲ့ပြည်နယ်က ယခု အဘယ်သို့သော နိုင်ငံမျိုး ဖြစ်နေသနည်း။ နန်းတော်ထဲ၌ လူမရှိချေ။ သရဲတွေကြီးသာ ရှိနေသည်။
ထိုအချိန်မှာပဲ “ဝုန်း... ဖုန်း... ဖုန်း... ဖုန်း... ဖုန်း..”
ဆက်တိုက် ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာ၏။ မီးရှူးမီးပန်းများကဲ့သို့ပင်။ ပြီးနောက် ခြေသံများက ထွက်ပေါ်လာ၏။
“ရောက်လာခဲ့ပြီ။ သွေးဝိညာဉ်တပ်က ရောက်လာခဲ့ပြီ။”
ရွှဲ့ဘုရင်နင်ရှောင်က ခေါင်းမမော့ဘဲ မနေနိုင်ချေ။ မှူးမတ်အားလုံးက ခေါင်းလှည့်ပြီး နန်းတော်၏ တံခါးပေါက်ဆီသို့ ကြည့်၏။ သွေးဝိညာဉ်စစ်သည် ၃၀၀၀ က နန်းတော်ထဲသို့ စနစ်တကျ ချီတက် ဝင်ရောက်လာ၏။ သူတို့၏ မျက်နှာများကို မမြင်ရပေ။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ် တစ်ခုလုံးကို သံချပ်ကာဖြင့် ဖုံးအုပ်ထားသောကြောင့်ပင်။
ထို့အပြင် သွေးဝိညာဉ်တပ်၏ သံချပ်ကာက တကယ်ကို ထူးခြားပြီး မည်သူမှ တုပ၍ မရနိုင်ပေ။ သွေးဝိညာဉ်စစ်သည်များသာလျှင် ဤမျှ အရပ်ရှည်နိုင်ပြီး ထိုသူတို့သာလျှင် ဤကဲ့သို့သော တုန်လှုပ်ဖွယ် ကောင်းသည့် အရှိန်အဝါမျိုးဖြင့် လမ်းလျှောက်နိုင်သည်။
ကျူးဟုန်ရွှဲ့က မလာပေ။ ကျူးဟုန်ကျူးနှင့် ကျူးကျွင်းတို့ ဦးဆောင်လာ၏။ ခဏအကြာမှာပဲ သွေးဝိညာဉ် စစ်သည် ၃၀၀၀ က နန်းတော်၏ အပြင်ဘက်ရင်ပြင်သို့ ရောက်လာ၏။ ပြီးနောက် သူတို့ထဲမှ ၁၀၀၀ က ပင်မ ခန်းမဆောင်ထဲသို့ ဝင်ရောက်လာ၏။
သွေးဝိညာဉ်တပ် ဖြတ်သန်းသွားရာ နေရာတိုင်းရှိ မှူးမတ်အားလုံးက လမ်းဖယ်ပေးရ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၏ လူသတ်ငွေ့က ပြင်းထန်လွန်းသောကြောင့်ပင်။
ရွှဲ့ဘုရင်နင်ရှောင်က မတ်တပ်ရပ်ကာ ပြောလေ၏။ “ဝန်ကြီးချုပ်... ရောက်လာပြီလား။”
ချက်ချင်းပဲ ပင်မခန်းမဆောင်ထဲရှိ မှူးမတ်အားလုံးတို့က ဒူးထောက်ကာ ပြောသည်။ “ဝန်ကြီးချုပ်ကျူးကို ဂါရဝပြုပါတယ်။”
နန်းတွင်းအရာရှိနှင့် ဝန်ကြီးမှူးမတ်အားလုံးတို့က သပ်သပ်ရပ်ရပ်ဖြင့် ဒူးထောက်လိုက်ကြ၏။ ဤသည်က ကျူးဟုန်ကျူး အထွတ်အထိပ် အချိန်အခါသို့ ရောက်ရှိနေသကဲ့သို့ပင်။
ကျူးကလန် နန်းတွင်းကို လွှမ်းမိုးထားစဉ်ကပင် ဤကဲ့သို့ အခမ်းအနားမျိုး မရှိခဲ့ချေ။ သို့သော်ငြား ယခု ကျူးဟုန်ရွှဲ့၏ သွေးဝိညာဉ်တပ်က ရှမ့်လန်ကို အနိုင်ယူလိုက်ပြီ ဖြစ်၏။ ယခုမှစ၍ ကျူးကလန်က ကောင်းကင်ကို လက်တစ်ဖက်တည်းနှင့် ဖုံးအုပ်ထားနိုင်လေပြီ။ အကယ်၍ အနာဂတ် ဘုရင်နင်ရှောင်သာ အမိန့်နာခံမှု မရှိပါက ကျူးကလန်က ထိုသူကို ဖယ်ရှားပစ်နိုင်၏။ ဤတိုက်ပွဲများပြီးနောက် ကျူးဟုန်ကျူးက ရွှဲ့ပြည်နယ်၏ အုပ်စိုးသူ ဖြစ်လာပေလိမ့်မည်။
နင်ယီ ဒူးထောက်လိုက်ပုံက အထူးတလည် ဖြောင့်မတ်နေ၏။ သူက ကျူးဟုန်ကျူးကို မျက်လုံးပြူးကာ စိုက်ကြည့်နေ၏။ သူက အဘိုးထံမှ အာရုံစူးစိုက်မှုကို ရရှိရန် မျှော်လင့်နေ၏။
အတိတ်ကဆိုလျှင် ကျူးဟုန်ကျူးက ဤကဲ့သို့သော အခိုက်အတန့်မျိုးကို နှစ်သက်ပေးလိမ့်မည်။ သို့သော်ငြား ယခုတွင်တော့ အဆုံးမဲ့သည့် ခါးသီးမှုများသာ ရှိ၏။ လူတိုင်း၏ လေးစားမှုနှင့် မျက်နှာလိုမျက်နှာရ လုပ်မှုများက သူ့၏ ခန္ဓာကိုယ်ကို ကျာပွတ်နှင့် ရိုက်နှက်သကဲ့သို့ ခံစားရ၏။ ကျောကုန်းကို ဆူးဖြင့် ထိုးနေသကဲ့သို့ပင်။ သို့သော်ငြား ဤပြဇာတ်ကို ဆက်လက်ကာ ကပြရပေလိမ့်မည်။ ကောင်ဆိုးတစ်ကောင်၏ ဆိုးရွားသည့် အရသာခံလိုစိတ်ကို ဖြည့်စည်းပေးရလိမ့်မည်။
“ထကြ... ထကြ။”
ကျူးဟုန်ကျူးက လက်ကို ဝှေ့ယမ်းလိုက်၏။ “အရှင်မင်းကြီးရဲ့ ရှေ့မှောက်မှာ ဘယ်လိုလုပ် ကျုပ်ကို ဒီလို ဒူးထောက်လို့ ဖြစ်မှာလဲ။ မဖြစ်သင့်တာ။”
ထိုအချိန်မှာတော့ နန်းတွင်းအရာရှိ အားလုံးတို့က မတ်တပ် ထရပ်၏။ ပြီးနောက် နင်ရှောင်က ရာဇပလ္လင်မှ ဆင်းလာပြီး ကျူးဟုန်ကျူးကို တွဲထူသည်။ “ဝန်ကြီးချုပ်... ထိုင်ကြပါ။”
ထိုအချိန်မှာတော့ ကျူးဟုန်ကျူးကို တွဲထူပေးနေသော တခြားတစ်ယောက် ရှိနေကြောင်း သူတွေ့လိုက်ရ၏။ နင်ယီ ဖြစ်၏။ နင်ရှောင်၏ နှလုံးသားက အေးစက်သွား၏။
‘နင်ယီ... ဒီအချိန်ထိ စိတ်ကူးယဉ်နေတုန်းပဲလား။ မင်းရဲ့ ဂုဏ်သတင်းက အရမ်းကို ဆိုးရွားနေပြီ။ လက်တစ်ဖက်ကလည်း ပြတ်နေပြီ။ ရွှဲ့ဘုရင် ဖြစ်ဖို့ အိပ်မက် မက်နေတုန်းလား။’
ထိုကဲ့သို့ပင် လူနှစ်ယောက်က ကျူးဟုန်ကျူးကို ခန်းမဆောင်ရှိ ကုလားထိုင်ပေါ်သို့ ထိုင်စေရန် ကူညီပေး၏။ ရယ်စရာကောင်းလှချေ၏။ ထိုသူတို့၏ ဖခင် နင်ယွမ်ရှန်းက ကုလားထိုင်ပေါ်တွင် ခွေခွေလေး ထိုင်ပြီး သွားရည်ကျနေ၏။ ထိုသူတို့က ဂရုမစိုက်ဘဲ ကျူးဟုန်ကျူးကို သားသမီးဝတ္တရားကျေပွန်ကြောင်း ပြသရန် အပြေးအလွှား ဂရုစိုက်ပြနေသည်။
လွန်ခဲ့သည့် ၂ နှစ်အတွင်း နန်းတွင်းညီလာခံများတွင် ဝန်ကြီးချုပ်ကျူးဟုန်ကျူးအတွက် အမြဲတမ်း နေရာတစ်ခု ရှိ၏။ ထိုအရာက ခန်းမဆောင်၏ ထိပ်ဆုံး၌ ရှိသော်လည်း လှေကားထစ်အောက်ဖက်၌သာလျှင်။ ယခု မျက်နှာလိုမျက်နှာရ လုပ်ရန်အတွက် နင်ရှောင်က ကျူးဟုန်ကျူး၏ နေရာကို လှေကားထစ်အပေါ်သို့ ရွှေ့၏။ သူ၏ ရာဇပလ္လင်နှင့် ပိုရင်နီးကပ်သွား၏။
ကျူးဟုန်ကျူး ထိုင်လိုက်ပြီးနောက် နင်ရှောင်က အပြင်ဘက်သို့ မကြည့်ဘဲ မနေနိုင်ချေ။ သူ၏ လူယုံ မိန်းမစိုးနန် ဘယ်ရောက်သွားသနည်း။ စောဏက သူက ထိုသူကို ကျူးအိမ်တော်သို့ စေလွှတ်ပြီး ကျူးဟုန်ကျူးကို နန်းတော်ထဲသို့ ကိုယ်တိုင် ကြိုဆိုခိုင်းခဲ့၏။ ယခု ကျူးဟုန်ကျူး ရောက်ရှိလာခဲ့၏။ သို့ပေမည့် တစ်ဖက်လူက ပျောက်နေသည်။
မိန်းမစိုးနန် ဆိုသူက မည်သူဖြစ်သနည်း။ ထိုသူက နင်ရှောင်၏ လူယုံ ဖြစ်ရုံသာမက အိပ်ဖော်အိပ်ဖက်လည်း ဖြစ်၏။ အနည်းဆုံးတော့ ဤနန်းတော်ကြီးထဲတွင် သူနှင့် နင်ရှောင်တို့၏ ဆက်ဆံရေးက မိဖုရားထက်ပင် ပို၍ နီးကပ်၏။ ထို့ကြောင့် မိန်းမစိုးနန်က ကြောက်ရွံ့ခြင်းကင်းပြီး ကျင့်ဝတ်စည်းကမ်းများကို ဂရုမစိုက်ခြင်းပင်။ သူက သူ့ကို သူ နင်ရှောင်၏ အချစ်တော်ဟု သတ်မှတ်ထား၏။
တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ အရာအားလုံးကို အမွေဆက်ခံပြီးသည့်နောက် သူတို့၏ ဆက်ဆံရေးများက ရှုပ်ထွေးလာခဲ့၏။ နင်ရှောင်က ဆယ်ကျော်သက် အရွယ်တည်းက ကျား၊မ မရွေး ဆက်ဆံ တတ်သူပင်။ မိန်းမစိုးနန်နှင့် နင်ရှောင်တို့က အချိန်များစွာ အတူတူ ကုန်ဆုံးခဲ့ပြီး သူတို့၏ ဆက်ဆံရေးက သာမန် လင်မယားထက်ပင် သာလွန်လုနီးပါး ဖြစ်သည်။
သို့သော်ငြား ယခုအချိန်မှာတော့ နင်ရှောင်က ရင်းနှီးသည့် အချစ်တော်ကို ခဏ ဘေးဖယ်ထားလိုက်၏။ ရာဇပုလ္လင်ပေါ် ပြန်တက်ပြီး သူက ရိုသေစွာပြော၏။ “ဝန်ကြီးချုပ်... စလိုက်ကြမလား။”
ကျူးဟုန်ကျူးက ထိုင်ခုံမှာထိုင်ရင်း ဦးညွှတ်ကာ ပြောသည်။ “အရာအားလုံးက အရှင့် အမိန့်တော် အတိုင်းပါပဲ။”
နင်ရှောင်က ဦးညွှတ်ပြီး ထိုင်ချ၏။ ရှင်းလင်းပြတ်သားသည့် အသံဖြင့် ပြော၏။ “မှူးမတ်အပေါင်းတို့... ဒီနေ့နန်းတွင်းညီလာခံမှာ ရှင်းလင်းတဲ့ အမိန့်တော်မျိုး မရှိပေမဲ့ ဘာဖြစ်ခဲ့လဲဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက သူပုန်တစ်ယောက်က ပင်လယ်ဓားပြ သောင်းဂဏန်းလောက်ကို ဦးဆောင်ပြီး ဧကရာဇ်တစ်ပါး ပြန်လာခြင်း ဆိုလား၊ ဘာလား ကြွေးကြော်ခဲ့တယ်။”
အောက်ဘက်ရှိ ထောင်ပေါင်းများစွာသော မှူးမတ်များက တိတ်ဆိတ်လို့နေသည်။
နင်ရှောင်က ဆက်ပြောလိုက်၏။ “အနန္တတန်ခိုးရှင် အင်ပါယာမင်းမြတ်က ဒီလူပြက်ကို ဂရုမစိုက်ခဲ့ဘူး။ ဒါက ရွှဲ့ပြည်နယ်အပေါ်မှာ ထားတဲ့ သူ့ရဲ့ ယုံကြည်မှုကို ပြသခဲ့တာပဲ။ ဒါက ကျုပ်တို့ရဲ့ အမြင့်ဆုံး ဂုဏ်ယူစရာပါပဲ။ ဒါကြောင့် သူပုန်ရှမ့်လန်ကို ခြေမှုန်းမဲ့ ဂုဏ်ယူဖွယ်ရာ တာဝန်က ကျုပ်ဆီကို ရောက်လာခဲ့တယ်။ အင်ပါယာက ကျုပ်တို့ကို ဘယ်လောက်တောင် ယုံကြည်လိုက်လဲ။”
ထိုသို့ပြောပြီးသည့်နောက် နင်ရှောင်က လက်အုပ်ချီ၏။ တော်ဝင်ရန်မြို့တော်ဘက်သို့ ဦးညွှတ်၏။ အောက်ဘက်ရှိ ထောင်ပေါင်းများစွာသော မှူးမတ်များက နင်ရှောင်ကို မဟုတ်ဘဲ တော်ဝင်ရန် မြို့တော်ဘက်သို့ ဦးတည်ပြီး သပ်သပ်ရပ်ရပ် ဒူးထောက်ကြသည်။
“လွန်ခဲ့တဲ့အချိန်တုန်းက ထျန်းရွှဲ့မြို့မှာ အဆုံးအဖြတ်တိုက်ပွဲ ရှိခဲ့တယ်။ အဲဒီ သူပုန်ရှမ့်လန်က ရွှဲ့ပြည်နယ်ရဲ့ အာဏာကို ဖြုတ်ချဖို့ ကြိုးစားခဲ့တယ်။ ရလဒ်က ဘာဖြစ်လဲ။ မနေ့က တိုက်ပွဲစပြီး တစ်နာရီတောင် မကြာခင်မှာပဲ သူ့ရဲ့ စစ်တပ်တစ်ခုလုံးက မျိုးဖြုတ်ခံလိုက်ရတယ်။ ကျုပ်ရဲ့ ရွှဲ့ပြည်နယ်က ပြီးပြည့်စုံတဲ့ အောင်ပွဲကို ရရှိခဲ့တယ်။”
…………….
အပိုင်း (၉၈၂)
ရာပေါင်းများစွာသော မှူးမတ်များက ထပ်မံကာ ဒူးထောက်လိုက်၏။ “ဂုဏ်ယူပါတယ် အရှင်။”
နင်ရှောင်က ပြောသည်။ “ဒီလို ကြီးမားတဲ့ အောင်ပွဲက ဘာကို သက်သေပြနေတာလဲ၊ ဘာကို သက်သေပြ နေတာလဲ၊ နင်ချီ... ဘယ်လို ထင်လဲ။”
နင်ချီက ပြော၏။ “တော်ဝင်ရန် အင်ပါယာက ပြိုင်ဘက်ကင်းတာပါ။”
“ဟုတ်တယ်။ တော်ဝင်ရန် အင်ပါယာက ပြိုင်ဘက်ကင်းတယ်။”
နင်ရှောင်က ရှင်းလင်းပြတ်သားသည့် အသံဖြင့် ပြောသည်။ “ဒါတွေ အားလုံးက အင်ပါယာရဲ့ ကျေးဇူးကြောင့်ပဲ။ အင်ပါယာ စောင့်ရှောက်နေသရွေ့ ရွှဲ့ပြည်နယ်ရဲ့ စစ်တပ်က ပြိုင်ဘက်ကင်းနေမှာပဲ။ ဒီတိုက်ပွဲမှာ ရှမ့်လန်က လူပြက်တစ်ယောက် ဖြစ်ကြောင်း ထပ်မံပြသလိုက်သလိုပဲ။”
“အင်ပါယာနဲ့ ယှဉ်ဖို့ မပြောနဲ့။ ကျုပ်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ဖို့တောင် မလိုဘူး။ ဒါကြောင့် ခင်ဗျားတို့ထဲကတချို့က ရှမ့်လန်ရဲ့ အဆင့်အတန်းကို မျက်စိမှိတ် ယုံပြီး မြှင့်တင်မပေးသင့်ဘူး။ လောကကြီးကို ပုန်ကန်တယ်ဆိုတာ သူ့ရဲ့ အရှက်မရှိတဲ့ အကြောင်းပြချက်ပဲ။
တချို့လူတွေက ပြောကြတယ် .... ရွှဲ့ပြည်နယ်ရဲ့ ပြည်သူတွေအားလုံးက ရှမ့်လန်ရဲ့ လက်ထဲမှာ ရှိတယ်တဲ့။ တချို့က ပြောကြတယ် .... ရှမ့်လန်ရဲ့ စစ်တပ် ထျန်းရွှဲ့မြို့ကို လာတုန်းက ရှမ့်လန်နိုင်ပါစေလို့ လူတွေ အော်ဟစ်အားပေးကြတယ်တဲ့။ ဒါတွေအားလုံးက အရှက်မရှိတဲ့၊ အဓိပ္ပာယ်မရှိတဲ့ ကောလာဟလတွေပဲ။
ကျုပ်ရဲ့ ရွှဲ့ပြည်နယ်မှာ တကယ့်ကို နည်းပါးတဲ့ သူပုန်တချို့ကလွဲရင် အရာရှိနဲ့ ပြည်သူအားလုံးက ရှမ့်လန် ပုန်ကန်တဲ့ လုပ်ရပ်ကို မဆိုင်းမတွ ရှုတ်ချခဲ့ကြတယ်။ သူ့ကို အရှက်မရှိတဲ့ သစ္စာဖောက်တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြတယ်။
အင်ပါယာအပေါ်ထားတဲ့ ကျုပ်တို့ရွှဲ့ပြည်နယ်ရဲ့ သစ္စာတရားကို ကောင်းကင်နဲ့ မြေကြီးက သက်သေပြုပြီးပြီ။ အခု ဒီလူပျက်လို ဇာတ်လမ်းက နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ။ ရှမ့်လန်ရဲ့ ပုန်ကန်မှုက ရွှဲ့ပြည်နယ်မှာ စတင်ခဲ့တာမို့ ရွှဲ့ပြည်နယ်မှာပဲ အဆုံးသတ်မယ်။ ကျုပ်တို့ နောက်ဆုံးတော့ အင်ပါယာကို အဖြေပေးနိုင်ခဲ့ပြီ။”
ပြီးနောက် နင်ရှောင်က ရာဇပလ္လင်ပေါ်မှာ မတ်တပ်ရပ်၏။ တော်ဝင်ရန် မြို့တော်ဘက်သို့ ဒူးထောက်၏။ ပြီးနောက် ဦးတိုက်ကာ ပြောသည်။ “အင်ပါယာ... ကျုပ်တို့အင်ပါယာကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။ ကျုပ် ရှမ့်လန်ရဲ့ သူပုန်တပ်ကို မျိုးဖြုတ်သတ်ဖြတ်လိုက်ပါပြီ။ တော်ဝင်ရန်အင်ပါယာ အသက်ရှည်ပါစေ။”
သူ ဒူးထောက်လိုက်ချိန်မှာတော့ ကျူးဟုန်ကျူးကလည်း ထိုင်ခုံမှ ထကာ ဒူးထောက်၏။ အရာရှိ အားလုံးတို့က မတ်တပ်ရပ်ခါစသာ ရှိသေးသော်လည်း ထပ်မံကာ ဒူးထောက်၏။ သူတို့က ဦးတိုက်ကာ အော်ဟစ်၏။
“အင်ပါယာ အသက်ရှည်ပါစေ။”
“အင်ပါယာ အသက်ရှည်ပါစေ။”
အခမ်းအနား ပြီးဆုံးပြီးနောက် နင်ရှောင်က မတ်တပ်ရပ်၏။ ပြီးနောက် ရာဇပလ္လင်ပေါ်သို့ ပြန်တက်၏။ ပြီးနောက် အသာထိုင်ကာဖြင့် ဖြည်းညင်းစွာ ပြောသည်။ “ဒါပေါ့၊ အခုထိ အမှားကို မသိမြင်ဘဲ ရှမ့်လန်ကို သစ္စာစောင့်သိနေတဲ့ သစ္စာဖောက် အနည်းငယ် ရှိနေသေးတယ်။ အင်ပါယာရဲ့ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာကို ခင်ဗျားတို့ ဘယ်နားသွားထားမှာလဲ။”
“နင်ကျန်း...”
ရွှဲ့ပြည်နယ်ဘုရင် နင်ရှောင်က အော်ဟစ်လိုက်၏။ “ဒီကိုတက်ခဲ့။”
နင်ကျန်းက သံခြေချင်းများကို ဝတ်ဆင်ကာ ပင်မခန်းမဆောင်ထဲသို့ လျှောက်ဝင်လာခဲ့၏။ သူက လုံးဝ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လမ်းလျှောက်လာသည်။
နင်ရှောင်က ပြော၏။ “အခြေအနေက ဒီအထိ ရောက်လာခဲ့ပြီ။ မင်းရဲ့ အပြစ်ကို သိလား။”
နင်ကျန်းက ပြောသည်။ “ကျုပ်မှာ အပြစ်မရှိဘူး။”
နင်ရှောင်က ဖြည်းညင်းစွာ ပြော၏။ “မင်းက သူပုန်ဖြစ်ပေမဲ့ ငါ့ရဲ့ ညီလေး ဖြစ်နေသေးတယ်။ မင်းရဲ့ မသိနားမလည်မှုကို ထောက်ထားပြီး ငါ အင်ပါယာဆီ အသနားခံပေးနိုင်တယ်။ မင်းက အရာရှိအားလုံးရဲ့ ရှေ့မှာ ရှမ့်လန်က သူပုန်၊ လောကသားတွေ အားလုံးရှေ့မှာ သူ့ကို အပြစ်ပေးသင့်တယ်လို့ ပြောလိုက်ရုံနဲ့ ငါ မင်းကို လွှတ်ပေးမယ်။ ဒါပေမဲ့ မင်း ရှမ့်လန်ပေါ် ဆက်ပြီး သစ္စာစောင့်သိနေမယ်ဆိုရင်တော့ မင်းရဲ့ အပြစ်က ခွင့်လွှတ်လို့ မရတော့ဘူး။ ဒီနေ့ ပြည်သူတွေကို နှစ်သိမ့်နိုင်ဖို့အတွက် ငါ မင်းကို လူသိရှင်ကြား ခေါင်းဖြတ်မယ်။”
နင်ကျန်းက ရိုးရှင်းစွာ ပြောသည်။ “ရှမ့်လန်က ကျုပ်ရဲ့ သခင်ပဲ။ ဒါ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။ ကျုပ် ... နင်ကျန်းက ကျန်းမိသားစုကို အသိအမှတ်ပြုတယ်၊ ကျိမိသားစုကို အသိအမှတ်မပြုဘူး။”
“ရိုင်းစိုင်းလိုက်တာ၊ ပါးစပ်ပိတ်ထားစမ်း။”
နင်ရှောင်က တင်းမာခက်ထန်စွာ ပြော၏။ “အရာရှိအားလုံးရဲ့ ရှေ့မှာ ဒီလို မနာခံတဲ့ စကားမျိုးကို ပြောရဲတယ်ပေါ့။ နင်ကလန်ရဲ့ ဘိုးဘေးတွေကို မင်း ဘယ်လို မျက်နှာပြမှာလဲ။ နင်ကျန်းက သူပုန်ပဲ။ အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ ချက်ချင်း ခေါင်းဖြတ်မယ်။”
ပြီးနောက် နင်ရှောင်က အော်ဟစ်လိုက်သည်။ “ပျံ့ရှောင်း...”
သံခြေချင်း ခတ်ထားသည့် ပျံ့ရှောင်းက ခန်းမဆောင်ထဲသို့ ဝင်လာ၏။ သူက သိပ်မပိန်ချေ၊ သို့သော်ငြား သူ၏ သိုင်းပညာက အလွန်ကို မြင့်မားသောကြောင့် ခြေကြော၊လက်ကြောများကို ဖြတ်တောက်ထား၏။
“ပျံ့ရှောင်း... ခင်ဗျားရဲ့ အပြစ်ကို သိလား။” နင်ရှောင်က မေးသည်။
ပျံ့ရှောင်းက နင်ရှောင်ကို အထင်သေးစွာဖြင့် လှမ်းကြည့်၏၊ ဘာတစ်ခုမှ မဆိုချေ။
နင်ရှောင်က မဲ့ပြုံး ပြုံးလိုက်၏။ “ပျံ့ရှောင်း... ခင်ဗျားရဲ မိသားစုမှာ လူတစ်ထောင်လောက် ရှိတယ်။ သူတို့တွေက ဘယ်လောက်ပဲ အပြစ်ကင်းစင်လဲ။ ကောင်းကင်ဘုံမှာ သက်ရှိတွေကို တန်ဖိုးထားတဲ့ မွန်မြတ်မှုမျိုးတွေ ရှိသေးတယ်။ ကျုပ်က သတ်ဖြတ်ပွဲကို မလုပ်သေးဘူး။ ဒါကြောင့် ရှမ့်လန်က သူပုန်၊ လောကသားအားလုံး သူ့ကို အပြစ်ပေးသင့်တယ်လို့ ခင်ဗျား ဝန်ခံလိုက်ရုံနဲ့ ပျံ့မိသားစု တစ်ခုလုံးမှာ ခင်ဗျားကိုပဲ သတ်မယ်။ တခြားသူတွေကို မထိခိုက်စေရဘူး။ ဘယ်လိုလဲ။”
ပျံ့ရှောင်းက တံတွေး ထွေးလိုက်သည်။ “ထွီ...”
နင်ရှောင်၏ မျက်နှာပေါ်ရှိ ကြွက်သားများက လှုပ်ခါသွား၏။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။ “ပျံ့ကလန်က သူပုန်ရှမ့်လန်နောက်ကို လိုက်တဲ့ အပြစ်ရှိတယ်။ ကလန်တစ်ခုလုံး ကွပ်မျက်ရမယ်။ ကျန်းချုံး...”
ကျန်းချုံးက ခန်းမဆောင်ထဲသို့ ဝင်လာသည်။
နင်ရှောင်က ပြောလိုက်၏။ “ကျုပ် ထပ်မပြောတော့ဘူး။ ခင်ဗျားရဲ့ အပြစ်ကို သိလား။”
ကျန်းချုံးက နင်ရှောင်ကို လျစ်လျူရှုထား၏။ ကျူးဟုန်ကျူးကို ကြည့်လိုက်၏။ ပြီးနောက် သူက ပြောသည်။ “ဝန်ကြီးချုပ်ကျူး... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျုပ် ခင်ဗျားကို နိုင်ငံဝန်ထမ်းကောင်းတွေရဲ့ စံပြပုဂ္ဂိုလ်လို့ ထင်ခဲ့ဖူးတယ်။ ခင်ဗျားကို ကျုပ်ဘဝရဲ့ ပန်းတိုင်လို့တောင် သတ်မှတ်ခဲ့ဖူးတယ်။ အခု ပြန်စဉ်းစားကြည့်လိုက်တော့ ဒီကိစ္စက ရှက်စရာပဲ။”
ကျူးဟုန်ကျူးက ဘာမှ မကြားရသကဲ့သို့ပင် ဟန်ဆောင်နေ၏။
“ပါးစပ်ပိတ်ထားစမ်း။ သေခါနီးတောင် မာနကြီးနေတုန်းပဲလား။”
နင်ရှောင်က အေးစက်စက် ပြောသည်။ “အမိန့်တော်... ကျန်းချုံးရဲ့ မျိုးနွယ် တစ်ခုလုံးက သူပုန်နောက်ကို လိုက်တဲ့အတွက် အပြစ်ရှိတယ်။ ကလန်တစ်ခုလုံးကို ကွပ်မျက်ရမယ်။ ကျန်းချုံးကို အပိုင်းတစ်ထောင် လှီးဖြတ်ပြီး ကွပ်မျက်ရမယ်။”
နောက်ဆုံး သူက နင်ချီကို ကြည့်ကာ ဖြည်းညင်းစွာ ပြော၏။ “မြို့စားကြီးချီ.... အပြစ်ကို သိရဲ့လား။”
နင်ချီက ဦးညွှတ်ကာ ပြောသည်။ “ဒီအရာရှိက အသုံးမကျပါဘူး။”
“အသုံးမကျဘူး ဟုတ်လား။”
နင်ရှောင်က မဲ့ပြုံး ပြုံး၏။ “မင်း ဘယ်လောက် အသုံးမကျလဲ ငါ ကြားချင်တယ်။”
နင်ချီက ပြောသည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက တိုက်ပွဲမှာ ကျုပ်ရဲ့ စစ်သည်တစ်သိန်း တပ်ကြီးတစ်ခုလုံးက ပြိုကွဲသွားပါတယ်။ စစ်သူကြီး အသုံးမကျရင် စစ်သည်တွေ သေပါတယ်။”
နင်ရှောင်က မေး၏။ “ဒါဆိုရင် မင်းက ရှမ့်လန်ကို သစ္စာမစောင့်သိဘူးပေါ့။”
နင်ချီက ပြောသည်။ “ဒီအရာရှိက မရဲပါဘူး။”
နင်ရှောင်က နင်ချီကို ကြည့်၏။ သူ၏အမြင်အရ နင်ချီ၏ အသက်နှင့် သေခြင်းက သူ၏လက်ထဲတွင် ရှိနေ၏။ သူ အပြစ်ရှိသည်ဟု ပြောလျှင် အပြစ်ရှိမည်။ သူ နင်ချီကို မသတ်ချင်ပေ။ ဘာပဲပြောပြော ဤလူက ကျူးကလန်ကို ပြန်လည်တိုက်ခိုက်ရာတွင် အသုံးဝင်ကောင်း ဝင်နိုင်သေး၏။
“နင်ချီ... မင်းရဲ့ သစ္စာတရားကို ငါ ယုံတယ်။”
ရွှဲ့ဘုရင် နင်ရှောင်က ပြောသည်။ “နင်ကျန်းရဲ့ အဆင့်အတန်းက ထူးခြားတယ်။ ဘာပဲပြောပြော သူက နင်ကလန်ရဲ့ တရားဝင် မိသားစုပဲ။ တခြားသူတွေ သူ့ကို သတ်ပိုင်ခွင့် မရှိဘူး။ ဒီတာဝန်ကို မင်းကို ပေးရင် ဘယ်လိုလဲ။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က တိုက်ပွဲမှာ မင်း ကောင်းကောင်း မတိုက်ခိုက်ခဲ့ဘူး။ ဒါကြောင့် မင်းရဲ့ ခံစားချက်ကို လောကကြီးတစ်ခုလုံး သိအောင် ပြသဖို့ လိုတယ်။ မဟုတ်ရင် လူတွေက မင်း ရှမ့်လန်ရဲ့ ပုန်ကန်မှုကို စာနာ ထောက်ထားနေတယ်လို့ ပြောကြလိမ့်မယ်။”
ဤစကား၏ အဓိပ္ပာယ်က ရှင်းလင်း၏။ အကယ်၍ နင်ချီက နင်ကျန်း၏ ခေါင်းကို ကိုယ်တိုင် ဖြတ်လျှင် အပြစ်ကင်း၏။ မသတ်လျှင် ရှမ့်လန်ကို သစ္စာစောင့်သိခြင်းပင်။
နင်ချီ နှလုံးသားတစ်ခုလုံးက နာကျင်နေ၏။ နင်ချီက နင်ကျန်းကို ကြည့်၏၊ ပြီးနောက် ကျူးဟုန်ကျူးကို ကြည့်၏။ နောက်ဆုံးမှာတော့ သူက အရပ်ရှည်ပြီး ဖြောင့်မတ်သည့် သွေးဝိညာဉ်တပ်သားကို ကြည့်၏။ သွေးဝိညာဉ်တပ်သားက အလွန်ပင် မောက်မာ၏။ ခပ်တည်တည်နှင့် ရပ်လျက်ရှိသည်။
လွန်ခဲ့သည့် နှစ်နှစ်ကျော်က နင်ချီက နင်ယွမ်ရှန်းနှင့် နင်ကျန်းကို မသတ်ချင်ခဲ့ပေ။ ထို့ကြောင့် သူက ရာဇပလ္လင်ကို စွန့်လွှတ်ပြီး နင်ရှောင်ကို နန်းတက်ခွင့်ပေးခဲ့၏။ နင်ချီက နင်ယွမ်ရှန်းကို ထပ်ကြည့်၏။
‘အဖေ... နေဝင်ပြီးရင် ပြန်ထွက်လာနိုင်တယ်လို့ အဖေ ပြောခဲ့တယ်။ ဒါပေမဲ့ အခု နေမင်းက ဘယ်မှာလဲ။ ဘယ်မှာလဲ။’
နင်ချီက ယခင်က အလွန်ဉာဏ်ကောင်း၏၊ ရက်စက်၏၊ ပြတ်သား၏။ အံ့မခန်း နိုင်ငံရေးစွမ်းရည်နှင့် နည်းလမ်းများကို ပြသခဲ့၏။ လွန်ခဲ့သည့် နှစ်နှစ်ကျော်က ဆိုလျှင် ဤအရာအားလုံး၏ ဟာကွက်များကို သူ မြင်တွေ့ကောင်း မြင်တွေ့နိုင်၏။ သို့သော်ငြား ယခု သူ လမ်းပျောက်နေပြီ ဖြစ်၏။ လုံးဝ လည်း စိတ်ရှုပ်ထွေးလို့လည်း နေ၏။ သူ၏ မျက်လုံးများက ထက်မြက်ခြင်း မရှိတော့ချေ။ သူ ဆုပ်ကိုင်ထားနိုင်သည့် တစ်ခုတည်းသော အရာက သူ၏နှလုံးသားထဲတွင် ရှိနေသည့် အောက်ဆုံး စည်းမျဉ်းသာလျှင် ဖြစ်တော့သည်။ ထိုအရာကိုတော့ သူ ထိန်းသိမ်းရမည်။
ရုတ်တရက် နင်ချီက သက်ပြင်းချကာ ပြော၏။ “အရှင်မင်းကြီးက ကျုပ်ကို နင်ကျန်းကို သတ်စေချင်တယ်။ ဒါပေမဲ့ ကျုပ် မလုပ်နိုင်ပါဘူး။”
နင်ရှောင်က အေးစက်စက် ပြောသည်။ “မင်း မလုပ်နိုင်ဘူး ဟုတ်လား။”
နင်ချီက ခေါင်းငုံ့ကာ ပြော၏။ “ကျုပ် မလုပ်နိုင်ပါဘူး။”
ရွှဲ့ဘုရင်နင်ရှောင်က ပြောသည်။ “အမိန့်တော် ရေးဆွဲလိုက်။ နင်ချီရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ အားလုံးကို ရုပ်သိမ်းပြီး နန်းတွင်းဘိုးဘေးဘုရားကျောင်းမှာ အပြစ်ခံယူဖို့ စောင်ဆိုင်းစေ။”
ပြီးနောက် သူက ဖြည်းညင်းစွာ ပြော၏။ “နင်ကျန်းရဲ့ ဝိသေသတွေက ထူးခြားတယ်ဆိုပေမဲ့ သူ့ရဲ့အပြစ်က ခွင့်လွှတ်လို့ မရဘူး။ ဘယ်သူ ကွပ်မျက်မလဲ။ ငါကိုယ်တိုင် လုပ်ရလောက်အောင်လည်း သူက မြင့်မြတ်နေတာ မဟုတ်ဘူးထင်တယ်။”
မင်းသမီးနင်လော့က ရှေ့သို့ ထွက်လာသည်။ “ကျွန်မ လုပ်ပါ့မယ်။”
နင်ယီ၏ မျက်နှာပေါ်ရှိ ကြွက်သားများက လှုပ်ခါသွားသော်လည်း သူက ဘာမှမပြောချေ။
နင်လော့က ထပ်မံကာ မေး၏။ “မိန်းမသားတစ်ယောက်အနေနဲ့ ကိုယ့်မိသားစုထဲက သစ္စာဖောက်ကို ကွပ်မျက်လို့ မရဘူးလား။”
နင်ရှောင်က ပြောသည်။ “ကောင်းပြီလေ... ဒါဆိုရင် မင်းသမီးနင်လော့က နင်ကျန်းကို ကိုယ်တိုင် ကွပ်မျက်လိမ့်မယ်။”
ဤအချိန်မှာတော့ ကျူးဟုန်ကျူးက ညှင်သာစွာ ချောင်းဟန့်လိုက်၏။ ရွှဲ့ဘုရင်နင်ရှောင်က ကျူးဟုန်ကျူးကို ကြည့်၏။ ဝန်ကြီးချုပ် ကျန်းမာရေး ဂရုစိုက်ပါဟု မပြောရဲချေ။ ကျူးဟုန်ကျူး၏ ကျန်းမာရေး ညံ့ဖျင်းမှုကို လှောင်ပြောင်ရာ ရောက်နေမည် မဟုတ်ပါလား။ သို့သော်ငြား ကျူးဟုန်ကျူး၏ အဓိပ္ပာယ်ကို သူသိ၏။ ရှမ့်လန်ကိစ္စကို ပြန်သွားစေချင်ခြင်းပင်။
နင်ရှောင်က ကျယ်လောင်စွာ ပြော၏။ “အရာရှိမင်းတို့... ထျန်းရွှဲ့မြို့ အဆုံးအဖြတ်တိုက်ပွဲမှာ ရွှဲ့ပြည်နယ်က ရှမ့်လန်ရဲ့ သူပုန်တပ်ကို သတ်ဖြတ်ရုံတင် မကဘူး။ ရှမ့်လန်ကိုလည်း ခေါင်းဖြတ်နိုင်ခဲ့တယ်။ အခုကစပြီး ရွှဲ့ပြည်နယ်က အေးချမ်းပြီ။ ဒါတွေအားလုံးက အင်ပါယာရဲ့ မေတ္တာဂရုဏာကြောင့်ပါပဲ။ အင်ပါယာ အသက်ရှည်ပါစေ။”
နင်ရှောင်က တော်ဝင်ရန်မြို့တော်ဘက်သို့ ထပ်မံကာ ဦးတိုက်ပြန်၏။
ကျူးဟုန်ကျူးကလည်း ထပ်မံကာ ဒူးထောက်ရပြန်သည်။
အရာရှိများကလည်း ဦးတိုက်ပြန်၏။ “အင်ပါယာ အသက်ရှည်ပါစေ။”
နင်ရှောင်က မတ်တပ်ထရပ်၏။ ပြီးနောက် ပြန်မထိုင်တော့ချေ။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “တစ်ယောက်လောက်... ရှမ့်လန်ရဲ့ ခေါင်းကို ယူလာခဲ့။”
ကျန်ရှိနေသည့် လူထောင်ပေါင်းများစွာတို့က ရုတ်တရက် စိတ်လှုပ်ရှားသွားမိ၏။ ယနေ့ နန်းတွင်းညီလာခံက နောက်ဆုံးအဆင့် အထွတ်အထိပ်သို့ရောက်လာခဲ့ပြီဖြစ်သည်။ လူတိုင်းက လည်ပင်းကို ဆန့်ထုတ်လိုက်၏။ ရှမ့်လန်က နောက်ဆုံး၌ သေဆုံးသွားခဲ့ပြီ ဖြစ်၏။
တကယ်ကို မလွယ်ကူခဲ့ချေ။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရှမ့်လန်က အံ့ဖွယ်ရာများစွာကို ဖန်တီးပြီး လူတိုင်း၏နားလည်မှုကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့၏။ ယခု သေဆုံးသွားပြီ ဆိုချိန်မှာတော့ ခေတ်တစ်ခေတ် ကုန်ဆုံးသွားခဲ့ပြီဟု ဆိုလိုခြင်းပင်။ ရှိနေသည့် လူအများအပြားတို့က နောက်ဆုံးတွင် စိတ်ဒုံးဒုံး ချနိုင်ကြပြီ ဖြစ်သည်။
စစ်သည်တော်တစ်ဦးက လက်ထဲရှိ သေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ ပြေးဝင်လာ၏။ သူက လက်ကို ကောင်းကင်ယံဆီသို့ မြင့်မားစွာ မြှောက်၏။
နင်ရှောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ကျုပ် ရှမ့်လန်ကို တစ်ခါမှ မမြင်ခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ သူ့ခေါင်းကို မြင်ရတော့မယ်။ ပထမဦးဆုံးအကြိမ် တွေ့ရတာ လူသေဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး။ နင်ကျန်း၊ ပျံ့ရှောင်း၊ ကျန်းချုံး၊ ဒါ ခင်ဗျားတို့ သစ္စာဆိုခဲ့တဲ့ အရှင်သခင်ပဲ။ သူ့ရဲ့ ခေါင်းက သေတ္တာထဲကို ရောက်နေပြီဆိုတော့ ခင်ဗျားတို့ အားလုံး လုံးဝ လက်လျှော့လိုက်သင့်ပြီ။”
နင်ရှောင် ထိုသို့ပြောလိုက်ချိန်မှာတော့ နင်ယွမ်ရှန်းကို ကြည့်၏။ ယခုအချိန်ထိ နင်ယွမ်ရှန်း၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး သွားရည်ကျနေဆဲပင်။ သူက ထိုင်ခုံပေါ်တွင် စောင်းငဲ့ကာ ထိုင်နေ၏။
“အဖေ... တကယ်ရူးနေတာလား။ ရူးချင်ယောင် ဆောင်နေတာလား။ ဒါပေမဲ့ ရူးနေတာပဲ ဖြစ်စေ၊ ရူးချင်ယောင် ဆောင်နေတာပဲ ဖြစ်စေ၊ ရှမ့်လန်ရဲ့ ခေါင်းကို မြင်ပြီးသွားရင် အဖေ့ရဲ့ မျှော်လင့်ချက်တွေ အားလုံး ဆုံးရှုံးသွားသင့်ပြီ။ အဖေ... ဒီလူပြက်တစ်ယောက်ပေါ်မှာ မျှော်လင့်ချက်တွေ ပုံအောထားခဲ့တယ်။ ဒါက အဓိပ္ပာယ်မရှိဘူး။ ရယ်စရာကောင်းလိုက်တာ။
နင်ယွမ်ရှန်း... ခင်ဗျားက ဒီဘဝမှာ ဟာသတစ်ခုပဲ။ ပြီးပြည့်စုံတဲ့ ဟာသတစ်ခုပဲ။ ခင်ဗျားတို့ အားလုံး မျက်လုံးကို ဖွင့်ပြီးတော့သာ ကြည့်ထားလိုက်ကြ။ ခင်ဗျားတို့အားလုံးရဲ့ မျှော်လင့်ချက်နဲ့ အံ့ဖွယ်ရာလို့ ထင်နေတဲ့ ရှမ့်လန်က သေသွားခဲ့ပြီ။”
မှန်ပေ၏။ နင်ရှောင်က ဤစကားများကို စိတ်ထဲမှာသာ ပြောနေခြင်းဖြစ်သည်။
“သေတ္တာဖွင့်ပြီး အားလုံး ရှင်းရှင်းလင်းလင်း မြင်အောင် ပြလိုက်။ ဒါက သစ္စာဖောက် ရှမ့်လန်ရဲ့ ခေါင်းပဲ။” နင်ရှောင်က အော်ဟစ်၏။
“ကောင်းပါပြီ။” စစ်သည်တော် တစ်ယောက်က ပြန်ဖြေ၏။ ပြီးနောက် သူက သေတ္တာကို ဖြည်းညင်းစွာ ဖွင့်ပြီး အတွင်းမှ ဦးခေါင်းကို ပြလိုက်သည်။
နင်ရှောင်က အလိုလျောက် ဒူးထောက်ပြီး တော်ဝင်ရန်အင်ပါယာက ပြိုင်ဘက်ကင်းကြောင်း၊ အင်ပါယာ၏ ဘုန်းတန်ခိုးက လောကကို တုန်လှုပ်စေကြောင်း တော်ဝင်ရန်မြို့တော်ဘက်သို့ လှည့်ကာ အော်ဟစ်ရန်ပြင်၏။
သို့ပေမည့် နောက်တစ်စက္ကန့်အတွင်းမှာပဲ သေတ္တာထဲမှ ဦးခေါင်းကို မြင်လိုက်ရသည်။ သူ လုံးဝ ကြောင်အမ်းသွားခဲ့၏။ ထိုခေါင်းက ရှမ့်လန်၏ခေါင်း မဟုတ်ချေ။ ထိုအရာက သူ၏ ချစ်သူ၊ သူ၏ အရင်းနှီးဆုံးသောသူ မိန်းမစိုးနန်ပင်။