ယင်ယန်စွမ်းအား အခြေခံပုံစံကို ထိန်းချုပ်နိုင်ခြင်း
Vol. 56 Ch. 731
ထိုစကားသံအဆုံးတွင် ၊
ကျိုးထျန်းမော့၏စိတ်ထဲတွင် ဤစကားများသည် သူ့မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သကဲ့သို့ ရှက်ရွံ့မှုနှင့် အမျက်ဒေါသတို့ကို ပြင်းပြစွာ ခံစားလိုက်ရသည်။
“ဒါက တကယ်ပဲ ဘယ်လိုစွမ်းအားမျိုးလဲ.... ငါ့ရဲ့ ပင်ကိုယ်မှော်အတတ်ကိုတောင် ဘယ်လိုလုပ်ပြီး ဖိနှိပ်နိုင်တာလဲ!?”
“ယင်ယန် လှည့်ပတ်ခြင်းက မိုးမြေရဲ့ အရင်းအမြစ်အကျိုးဆက်တွေနဲ့ လျော်ညီစွာ ပြောင်းလဲနေတာ.... ဒီကောင်ရဲ့ စွမ်းအားထက် နိမ့်ကျစရာ အကြောင်းမရှိဘူး!”
ထိုအချိန်တွင် စူးချန်ကဲ၏ အသံသည် တစ်ဖန် ထွက်ပေါ်လာ၏။
“မင်းရဲ့ ယင်ယန်မူလစွမ်းအားကို အသာတကြည် ထုတ်ပေးလိုက်၊ ဒါဆိုရင် ငါ မင်းကို နာကျင်မှုမရှိဘဲ သတ်ပေးမယ်”
ယင်ယန်စွမ်းအားနှင့် ပတ်သက်၍ ၊ စူးချန်ကဲသည်လည်း စိတ်လှုပ်ရှားနေခဲ့သည်။
အထူးသဖြင့် ခုနက ကျိုးထျန်းမော့ အသုံးပြုခဲ့သော ယင်ယန် ထိုက်ကျိစက်ဝန်းကြောင့်ဖြစ်၏။ ဤသည်မှာ အလွန်ပင် ပုံမှန်မဟုတ်သော မှော်အတတ်တစ်ခု ဖြစ်သည်။
အကယ်၍ သူသည် ယင်ယန်မူလစွမ်းအားမှတစ်ဆင့် ယင်ယန်မဟာလမ်းစဉ်ကို နားလည်သဘောပေါက်နိုင်ကာ နောက်ဆုံးတွင် ဤကဲ့သို့သော မှော်အတတ်ကို ပိုင်ဆိုင်နိုင်ခဲ့လျှင်ဖြင့် ၊ ဒုတိယအသက်တစ်ချောင်းကို ရရှိနိုင်တော့မည်ဟု ဆိုရပေမည်။
ကောင်းကင်ဘုံကို စိန်ခေါ်သည့် ရန်သူနှင့် ပြင်းထန်သောတိုက်ပွဲတစ်ခုကို ဆင်နွဲရသည့်အခါ သို့မဟုတ် သူသည် ဝိုင်းရံတိုက်ခိုက်ခံရပြီးနောက် အဆုံးတွင် ဒဏ်ရာအပြင်းအထန်ရကာ အမတစွမ်းအင်များ ကုန်ခန်းသွားသည့်အခါ၊
ဤယင်ယန် ထိုက်ကျိစက်ဝန်းတစ်ခုတည်းကို အသုံးပြုလိုက်ရုံဖြင့် ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာရုံသာမက အသေးစား စကြဝဠာတစ်ခုကို ဖောက်ခွဲနိုင်သည့် အင်အားမျိုးကိုပင် ရရှိလာနိုင်သည်။
စိတ်ကူးယဉ်ကြည့်ရုံမျှဖြင့်၊ ဤမှော်အတတ်သည် မည်မျှအံ့ဩဖွယ်ရာကောင်းသည်ကို သိနိုင်သည်။
သို့သော် ထိုစကားကို ကြားလိုက်ရသော ကျိုးထျန်းမော့၏ မျက်နှာအရောင်သည် ပို၍ မည်းမှောင်သွားသည်။
ယင်ယန်စွမ်းအား၊ ထိုစွမ်းအားသည် သူ ဂုဏ်ယူဝင့်ကြွားရဆုံး အရာဖြစ်သည်။
ယင်ယန်စွမ်းအား နိုးထလာကတည်းက သူသည် လမ်းတစ်လျှောက် အောင်ပွဲခံရင်း ရှေ့သို့ ချီတတ်လာခဲ့နိုင်သည်။
ဤစွမ်းအားဖြင့် သူသည် အကြွင်းမဲ့ပါရမီရှင်များဟု ကြွေးကြော်ခဲ့သူများကို အရေအတွက်မည်မျှ အနိုင်ပိုင်းခဲ့လေသနည်း။
ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့သူ တစ်ယောက်အနေဖြင့်၊ သူသည် ဤကဲ့သို့သော စွမ်းအားကို သူ့ဆန္ဒအလျောက် ထုတ်ပေးမည်လော။
“ငါ့ရဲ့ ယင်ယန်စွမ်းအားကို လိုချင်ရင်၊ အိမ်မက်...”
သို့သော် ကျိုးထျန်းမော့၏ စကားမဆုံးခင် ၊
စူးချန်ကဲမှ ဖန်တီးထားသော နေသုံးစင်းသည် ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိအားများကို ထုတ်လွှတ်လိုက်ပြီး ၊ ကျိုးထျန်းမော့ကို အပြည့်အဝ ဖုံးလွှမ်းသွားလေ၏။
အဆိုပါအင်အား၏ ဖိအားအောက်တွင်၊ ကျိုးထျန်းမော့၏ စိတ်ဝိညာဉ်သည် အေးခဲသွားသကဲ့သို့ သူ၏ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ တဆတ်ဆတ် တုန်ယင်လာခဲ့သည်။
သူ၏နောက်ဆုံးလက်ကျန် အင်အားကို အသုံးပြုကာ နတ်ဘုရားတစ်ပါးကဲ့သို့ လေထဲတွင် ပျံဝဲနေသော ဝတ်ရုံဖြူပုံရိပ် ကြည့်လိုက်သည်။ မူလကရှိနေခဲ့သော သူ၏ မျက်ဝန်းထဲက ဒေါသတို့သည် ဤအခိုက်အတန့်တွင် အားလုံးပြောင်းလဲသွားပြီး အံ့အားသင့်မှု နှင့် နက်ရှိုင်းသော ကြောက်ရွံ့မှုများဖြစ်ပေါ်လာခဲ့သည်။
ယခုအခိုက်အတန့်တွင် စူးချန်ကဲ၏ ရောင်ဝါသည် လုံးဝပြောင်းလဲသွားပြီး သူ့စိတ်ကူးထားသည်ထက် များစွာ အားကောင်းလာသည်။
သူ၏ဖြစ်တည်မှုသည် အလွန် သေးငယ်ကာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။
“မင်း မှားနေပြီ “
“ ငါမင်းရဲ့ သဘောတူညီမှုကို တောင်းခံနေတာ မဟုတ်ဘူး ဒီတိုင်း ကြေညာနေတာ”
ထိုစကားသံအဆုံးတွင် ၊
စူးချန်ကဲသည် သူ၏လက်ဝါးကို ဖြန့်ကာ ရှေ့သို့ ဖြေးဖြေးချင်း ဆန့်ထုတ်လိုက်သည်။
အမတနတ်ဘုရားနတ်ဆိုး စုပေါင်းစွမ်းအားသည် ချက်ချင်းပင် ကျိုးထျန်းမော့ကို ပိတ်လှောင်လိုက်သည်။
အေးစက်လွန်းသော ကြောက်ခမန်းလိလိ စွမ်းအားသည် သူ့ကို ချက်ချင်းပင် အေးခဲသွားစေပြီး ကျိုးထျန်းမော့ကို လုံးဝ မလှုပ်နိုင်အောင် ဖြစ်သွားစေသည်။
ဝုန်း !!
တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ ပင်ကိုယ်မှော်အတတ်ကို တစ်ဖန် အသက်သွင်းလိုက်သည်။
ဝါးမြိုခြင်းဆိုင်ရာ နိယာမတရားများသည် တွင်းနက်ကြီးကဲ့သို့ စုဝေးလာပြီး ကျိုးထျန်းမော့၏ ဦးခေါင်းထက်တွင် မျောလွင့်နေသည်။
၎င်း၏ သက်ဝင်လှုပ်ရှားမှုနှင့်အတူ ၊ ဤနေရာရှိ အရာအားလုံးသည် စုပ်ယူခံရတော့မည်။
“ လောကဝါးမြိုခြင်း!”
ထိုအခိုက်အတန့်တွင် ၊ မိုးမြေအတွင်းရှိ အရာအားလုံး၏ နိယာမတရားများသည် တွင်းနက်ကြီးထဲသို့ စုပ်ယူခံရတော့မည့်ပုံပေါ်သည်။
ကျိုးထျန်းမော့အား မျှော်လင့်ချက်ကင်းမဲ့စေခဲ့သည်မှာ အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား၏ ဖိနှိပ်မှုအောက်တွင် ၊ သူသည် တစ်ချက်လေးမှ ခုခံနိုင်စွမ်းမရှိခဲ့ပေ။
သူ့ခန္ဓာကိုယ်ထဲရှိ ယင်ယန်စွမ်းအင်များသည် အဆက်မပြတ် ကုန်ခမ်းနေပြီး ၊ သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် တစ်စတစ်စ ပျောက်ကွယ်နေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
“မင်းက တကယ်ပဲ.... ဘယ်သူလဲ....”
သေဆုံးခါနီးအချိန်တွင်၊ သူ့တွင် ယခင်က မုန်းတီးခြင်းနှင့် အမျက်ဒေါသများ မရှိတော့ဘဲ နားမလည်ခြင်း နှင့် သံသယများသာ ရှိနေ၏။
အမတနယ်မြေတွင် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားမျိုး မည်သို့ရှိနိုင်သနည်း။
ဤကဲ့သို့သော ပုဂ္ဂိုလ်ကို သူ အဘယ့်ကြောင့် မသိခဲ့ရလေသနည်း ။
စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စကားလုံးသုံးလုံးကိုသာ ထုတ်ပြောလိုက်သည်။
သို့သော် ဤစကားသုံးလုံးကို ကြားလိုက်ရချိန်တွင် ကျိုးထျန်းမော့၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး ၊ လောကရှိ ကြောက်စရာကောင်းသော အရာကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
“ လတ်စသတ်တော့ ...မင်းပဲ!”
“အမတနယ်မြေက လူတိုင်းက မင်းကို လျှော့တွက်ခဲ့ကြတာပဲ .... မင်းက တကယ်တော့... လူ့ဘီလူးပဲ...”
သူ၏စကားသံသည် ပိုပို၍ တိုးသွားပြီး စိတ်ဝိညာဉ်တစ်ခုလုံး စုပ်ယူခံလိုက်ရပုံပေါ်သည်။
ယင်ယန်သည် အမှန်တကယ်ပင် အားကောင်းပြီး လောကကြီး၏ မဟာလမ်းစဉ်ကို ဖော်ပြနိုင်သည်။
သို့သော်၊ အမတနတ်ဘုရားနတ်ဆိုး လမ်းစဉ်တို့၏ စုပေါင်းစွမ်းအားသည် ယင်ယန်ထက် ကျော်လွန်သော အထက်တန်း မဟာလမ်းစဉ်များ ဖြစ်ပေသည်။
ဤကဲ့သို့သော အင်အားမျိုးကို ရင်ဆိုင်ရချိန်၌ ယင်ယန်စွမ်းအားပင်လျှင် ၎င်းကို ဆန့်ကျင်နိုင်စွမ်း မရှိပေ။
……..
အခြားတစ်ဘက်တွင်။
စူးချန်ကဲရှိရာသို့ သွားနေသော ထျန်းယွီလော့ရုံသည် ရုတ်တရက် ရပ်တန့်သွား၏။
သူမသွားလိုသော လမ်းကြောင်းကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေမိသည်။
“ကျိုးထျန်းမော့ရဲ့ ဝိညာဉ်အမှတ်အသား... ပျောက်ကွယ်သွားပြီလား!?”
သာလွန်အင်အားစု (၁၈) ဖွဲ့မှ ထိပ်တန်းပါရမီရှင်များအနေဖြင့်၊ သူတို့သည် နတ်ဘုရားလက်နက် အမတမျှော်စင်အတွင်းသို့ ဝင်ရောက်စူးစမ်းရှာဖွေစဉ် သူတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်ပိုင် ဝိညာဉ်အမှတ်အသားများကို ချန်ထားခဲ့ကြသည်။
အကယ်၍ တစ်စုံတစ်ခုအပြောင်းအလဲများ ဖြစ်ပေါ်လာပါက၊ ပထမဆုံးသိရှိနိုင်ရန် ဖြစ်သည်။
“အမ်.... ကျိုးထျန်းမော့ ဒီကောင် ဘယ်လိုလူမျိုးနဲ့ ရင်ဆိုင်နေရတာလဲ...”
“ဒီလိုနဲ့ သေဆုံးသွားပြီလား!?”
ထျန်းယွီလော့ရုံ၏ စိတ်ထဲတွင်း မုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။
အကယ်၍ သူမသည် ကျိုးထျန်းမော့ကို သတ်သောသူကို မည်သည့်ပြင်ဆင်မှုမျှမရှိဘဲ ရှာဖွေမည်ဆိုပါက ၊ ဧကန်မုချ သေဆုံးရမည်ဟူသော ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။
“ကျိုးထျန်းမော့ကို သတ်နိုင်တဲ့ လူ မရှိတာတော့ မဟုတ်ဘူး”
“ ရွှေကျီးကန်းနတ်ဘုရားမင်းဆက်က မင်းသား ၊ ပြီးတော့ ယောင်ကွမ်အမတဂိုဏ်းက နတ်ဘုရားမ...ကွေးယွမ်အမတဂိုဏ်းက ဆက်ခံသူလည်း ရောက်လာတယ်လို့ကြားတယ်...အမတဂိုဏ်းတစ်ခုခုရဲ့ ဆက်ခံသူတစ်ဦးလည်း ဖြစ်နိုင်တာပဲ”
ထိုသို့ပြောပြီးနောက်၊ ထျန်းယွီလော့ရုံသည် သူမ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြန်သည်။
ဤပုဂ္ဂိုလ်များထဲမှ မည်သူမဆို ထူးချွန်ထက်မြက်သော ပါရမီရှင်များပင် ဖြစ်သည်။
အကယ်၍ သူမသည် ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်ကို စုပ်ယူနိုင်ခဲ့မည်ဆိုပါက ၊ သူမ၏ မရဏကောင်းကင်အဆိပ်ခန္ဓာသည် ချက်ချင်းပင် ပြီးပြည့်စုံသော အခြေအနေထိ ဖြစ်သွားမည်ဟု ယုံကြည်ထားသည်။
“ ဒီလိုအရသာရှိတဲ့ သားကောင်ကို လက်လွတ်ဆုံးရှုံးရရင်၊ အတော်လေး နှမျောစရာကြီးပဲ”
စိတ်ထဲတွင် ထိုသို့စဉ်းစားပြီးသည့်နောက်၊ ထျန်းယွီလော့ရုံသည် သူမ၏ရောင်ဝါကို လျှော့ချကာ ပုံဖျက်ခဲ့ပြီး ၊ ဦးစွာ ကျိုးထျန်းမော့ကို သတ်ခဲ့သူ၏ အချက်အလက်များကို အရင်စုံစမ်းပြီးမှ နောက်မှ လက်တွေ့လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
……..
တစ်ချိန်တည်းမှာပင်။
ကျိုးထျန်းမော့၏ ယင်ယန်စွမ်းအားကို စုပ်ယူပြီးနောက်၊ စူးချန်ကဲသည် ကျိုးထျန်းမော့၏ ဝိညာဉ်ကို အပြီးအပိုင် ဖျက်ဆီးပစ်လိုက်သည်။ မြက်ပင်နုတ်ပါက အမြစ်ပါနုတ်ရပေမည်။
အမှန်အတိုင်းဆိုရလျှင်ဖြင့် ၊ ကျိုးထျန်းမော့ ပိုင်ဆိုင်သော ယင်ယန်စွမ်းအားသည် အတော်လေး အားကောင်းပေသည်။
သူ့တွင် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားနှင့် အလုံးစုံသောလမ်းစဉ်တို့၏ ဗလာနိတ္ထိမျက်လုံးတော် အစရှိသော စည်းမျဉ်းများကို ချိုးဖျက်နိုင်သည့် ကိုယ်ထည်များ မရှိခဲ့လျှင်ဖြင့် သူသည် ကျိုးထျန်းမော့ကို သတ်နိုင်မည် မဟုတ်ပေ။
စူးချန်ကဲသည် သူ့ခန္ဓာကိုယ်အတွင်းရှိ အင်အားကို လှုံ့ဆော်ကာ စုပ်ယူထားသော ယင်ယန်စွမ်းအားကို လှည့်ပတ်ရန် ကြိုးစားကြည့်လိုက်သည်။
ဝီ !!
ရုတ်တရက်၊ သူ၏လက်ဖဝါးတွင် လျို့ဝှက်ဆန်းကြယ်သော ယင်ယန်ထိုက်ကျိပုံစံတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လုယက်ရရှိခဲ့သောကြောင့် စူးချန်ကဲသည် ၎င်း၏ အခြေခံပုံစံကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။
“အိုင်း... ငါလည်း ကျိုးထျန်းမော့လို ယင်ယန်နိယာမတရားကို တိုက်ရိုက် ထိန်းချုပ်နိုင်မယ်လို့ ထင်ထားခဲ့တာ”
“ နှမြောစရာပဲ.. သူ့ရဲ့ပုံစံအနည်းငယ်ကိုသာ ထိန်းချုပ်နိုင်ခဲ့တာပဲ”
အကယ်၍ ဤစကားများကို သေဆုံးသွားပြီ ဖြစ်သော ကျိုးထျန်းမော့သာ ကြားနိုင်ခဲ့လျှင်ဖြင့် ဒေါသထွက်ကာ ပြန်လည် ထလာနိုင်သည်။
သူ့မှာတော့ ဆယ်နှစ်နီးပါးကြာအောင် အချိန်ယူပြီးမှ ယင်ယန်စွမ်းအားရဲ့ အခြေခံပုံစံကို ထိန်းချုပ်နိုင်ခဲ့တာလေ !!
ထို့အပြင် ယင်ယန်မျက်လုံး နိုးကြားလာခြင်းကြောင့်သာ ဖြစ်ပြီး ၊ သို့မဟုတ်ပါက သူသည် နှစ်ပေါင်းမည်မျှ အချိန်ယူရမည်ကို မသိနိုင်ပေ။
သို့သော် စူးချန်ကဲသည် ယင်ယန်မျက်လုံးမရှိဘဲ သူ့ခန္ဓာကိုယ်မှ ယင်ယန်မူလစွမ်းအားကို လုယက်ရရှိခဲ့ရုံဖြင့် ယင်ယန်စွမ်းအား၏ အခြေခံပုံစံကို ထိန်းချုပ်နိုင်ခဲ့သည်။
ဤကဲ့သို့သော ဉာဏ်ရည်ဉာဏ်သွေးနှင့် နားလည်သဘောပေါက်နိုင်စွမ်းသည် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းပေသည်။