သေခြင်းတရားကို ဖိတ်ခေါ်နေတယ်
Vol. 56 Ch. 733
“ပြီးတော့ မင်းပြောသလို စူးချန်ကဲရဲ့ ဓားလမ်းစဉ်က ပြိုင်ဘက်ကင်းတယ်ဆိုရင် “
“ဒါဆို အစ်ကိုကြီးက သူနဲ့ တစ်ပွဲလောက် ဆင်နွှဲချင်သေးတယ်”
ထိုသို့ပြောရင်း ယွန်ချင်းဟုန်သည် သူ့ခါးတွင် ချိတ်ထားသော ဓားကို ဆွဲထုတ်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြုံးရွှင်စွာ ဆိုလိုက်သည်။
“ငါက ငါးနှစ်သားကတည်းက ဓားရေးလေ့ကျင့်ခဲ့တာ...အသက် ၁၁ နှစ်မှာ ဂိုဏ်းကလူတိုင်းကို အောင်နိုင်ခဲ့ပြီး အသက် ၁၃ နှစ်မှာ ဓားတောင်ကို ဖြတ်ကျော်ခဲ့တယ်”
“ဒီအချိန်ထိ ငါ့ကို အံ့အားသင့်စေတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်မှ မတွေ့ဖူးသေးဘူး...ဓားလမ်းစဉ်အကြောင်း ပြောကြေးဆို ငါလည်း ပြောနိုင်တယ်”
ထိုစကားများထွက်လာသည်နှင့် ၊
ဝူကျီအောက်ထျန်းသည် တွေဝေသွားသည်။
ဒီစကားတွေကို သူ ဘာလို့ ဒီလောက်ထိ ရင်းနှီးနေပါလိမ့်?
တစ်ချိန်က စူးချန်ကဲ၏ လက်စာကို မြည်းစမ်း မစားဖူးခင်က မိမိကိုယ်တိုင်လည်း ဤစကားများကို ပြောခဲ့ဖူးသလိုပင်။
မိမိအိမ်က အစ်ကိုကြီးသည် ဟန်ဆောင်ဘုရင်ကြီး စူးချန်ကဲရှေ့တွင် ကြွားဝါစွာဖြင့် ဓားရေးပြိုင်ပွဲတစ်ခုကို ဆင်နွှဲချင်ဟန်ရှိသည်။
ဒီအတိုင်းသာဆို စူးချန်ကဲလက်ထဲ သွားပြီး အသေခံနေတာ မဟုတ်ဘူးလား?
“အစ်ကိုကြီး နားထောင်...”
ဝူကျီအောက်ထျန်းသည် ဆက်ပြီး တိုက်တွန်းရန် ဟန်ပြင်လိုက်သည်။သို့သော် ကျန်သူများက သူ့ကို အခွင့်အရေး မပေးခဲ့ပေ။
“ကဲပါ အများကြီးပြောနေလို့ အကျိုးမရှိဘူး...အထဲကို ဝင်ကြစို့”
“ငါတို့ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ၊ ဒီနန်းဆောင်က ရိုးရိုးတန်းတန်း မဟုတ်ဘူး ...ဟွရှင်းရှေးဟောင်းမြို့တော်ရဲ့ ဗဟိုဧရိယာပဲ “
ယွန်ချင်းဟုန်က ဆိုလိုက်သည်။
“အထဲမှာ အခွင့်အရေး ကြီးကြီးမားမားတွေ ဝှက်ထားနိုင်တယ်...သတိထားကြ... အခွင့်အရေးတိုင်းကို လက်မလွတ်မိစေနဲ့!”
“ဟုတ်ကဲ့ အစ်ကိုကြီး!”
“နားလည်ပါပြီ အစ်ကိုကြီး!”
မိမိ၏ အကြီးတန်း အစ်ကိုကြီးအစ်မကြီးများသည် ‘ သေတစ်လှည့် မွေးတစ်လှည့် ‘ ဆိုသော အမူအရာများဖြင့် ရှိနေကြသောကြောင့် ဝူကျီအောက်ထျန်းခမျာ စိတ်ထဲတွင် သက်ပြင်းချကာ ညည်းညူရှာလေသည်။
“မင်းတို့ရဲ့ ဒီလိုလုပ်ရပ်က သေခြင်းတရားကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲ!”
မိမိ၏ အကြီးတန်း အစ်ကိုအစ်မများသည် စူးချန်ကဲထံမှ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံလိုက်ရမှသာလျှင် သူတို့၏ အတွေးများသည် အရမ်းနုနယ်သေးကြောင်း နားလည်သဘောပေါက်ပေတော့မည်။
ဤအချက်နှင့် ပတ်သတ်၍ ဝူကျီအောက်ထျန်းမှ မှာကြားခဲ့သည်မှာ---
“ငယ်ရွယ်စဉ်မှာ ကုံလမ်းစဉ်ရဲ့ တန်ဖိုးကို မသိကြဘဲ မာန်မာနထောင်လွှားမှုကို ရတနာတစ်ပါးလို့ အထင်မှားနေကြတယ်”
စူးချန်ကဲရှေ့တွင် ဟန်ဆောင်ခြင်းသည် ဧကန်မုချ အရှက်ကွဲမည်တည်း။
………
ဝူကျီအောက်ထျန်းတို့ ထွက်ခွာသွားပြီးနောက်။
ရာပေါင်းများစွာသော လူအုပ်ကြီးသည် အခင်းဖြစ်ပွားရာနေရာသို့ အလျင်စလို အပြေးအလွှား ရောက်ရှိလာကြသည်။
သူတို့သည် တစ်ပုံစံတည်းရှိသော ဂိုဏ်းဝတ်စုံများကို ဝတ်ဆင်ထားသည်။ ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များဖြစ်ကြောင်း ထင်ရှားပေသည်။
“အစ်ကိုကြီး!”
သူတို့သည် အပျက်အစီးများကြား လဲလျောင်းနေသော ကျိုးထျန်းမော့ကို မြင်လိုက်ရပြီး ၊ ခေါင်းဆောင်ဖြစ်သော ထိပ်တန်းပါရမီရှင် နှစ်ဦး၏ မျက်နှာအရောင်သည် အလွန် ကြည့်ရဆိုးသွားသည်။
“ငါတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက လူကို သတ်ရဲတယ် ! သေချင်နေတာပဲ!”
သူတို့သည် ယခုမှ ဤနေရာသို့ ရောက်ရှိလာရခြင်းမှာ သူတို့ရှိနေခဲ့သော နေရာသည် ဤနေရာနှင့် အလွန် ကွာဝေးသောကြောင့် ဖြစ်သည်။
ကျိုးထျန်းမော့ကို သင့်တော်စွာ မြှုပ်နှံပြီးနောက်၊ ခေါင်းဆောင်ဖြစ်သူ ထိပ်တန်းပါရမီရှင်တစ်ဦးက ယခင်က ကျိုးထျန်းမော့ကို သစ္စာဖောက်ကာ ထွက်ပြေးသွားခဲ့သော တပည့်များကို မေးမြန်းလိုက်သည်။
“မင်းတို့ ပြောတာတွေ က တကယ်လား”
“ ဝတ်ရုံဖြူ အမျိုးသားတဲ့လား... ဂိုဏ်းချုပ် ထုတ်ပြန်ထားတဲ့ အားရှင်းဆိုတဲ့ သံမဏိသားရဲနဲ့ အတူရှိနေတယ်ပေါ့ “
“ကျန်းအစ်ကိုကြီး၊ ကျွန်တော်တို့ အသက်နဲ့ရင်းပြီး အာမခံတယ် ! ဒါက တကယ်ပါ!”
သစ္စာဖောက်တပည့်များက ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြကြသည်။
ကျိုးထျန်းမော့၏ သေဆုံးမှုသည် သူတို့နှင့် ဆက်စပ်မှု မရှိသည်ဟု မဆိုနိုင်ချေ။
အကယ်၍ သူတို့သာ ကျိုးထျန်းမော့နှင့်အတူ ပူးပေါင်းကာ တိုက်ခိုက်ခဲ့မည်ဆိုပါက ၊ ကျိုးထျန်းမော့သည် ဤမျှ လျှင်မြန်စွာ သေဆုံးလိမ့်မည် မဟုတ်ချေ။
ထိုစကားကို ကြားလိုက်ရသော ထိပ်တန်းပါရမီရှင်နှစ်ယောက်၏ မျက်လုံးများသည် အရောင်တောက်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက်တွင် သူတို့သည် ထျန်းချန်လမ်းစဉ်ဂိုဏ်းရှိ တပည့်အများအပြားကို အော်ဟစ်ကာ ဆိုလိုက်သည်။
“ ညီအစ်ကိုတို့၊ ဒီကောင်က ငါတို့ရဲ့ ညီနောင်ကျိုး ကို သတ်ခဲ့ရုံတင်မကဘူး ဂိုဏ်းချုပ်ကိုယ်တိုင် အမိန့်ထုတ်ပြီး ဖမ်းဆီးခိုင်းထားတဲ့သူလည်း ဖြစ်တယ်!”
“ဒီတစ်ကြိမ်မှာ လူတိုင်း အစွမ်းကုန် ကြိုးစားပေးစေချင်တယ် ...၊ တစ်ခုက သေဆုံးသွားတဲ့ ညီနောင်ကျိုးအတွက် နောက်တစ်ခုက ဂိုဏ်းရဲ့ အရေးပါတဲ့ တာဝန်အတွက်!”
“ငါတို့ ဘာကိုပဲ ပေးဆပ်ရပေးဆပ်ရ ...သူ့ကို ရအောင် ဖမ်းဆီးရမယ် .. လူတိုင်း ယုံကြည်ချက် ရှိရဲ့လား!?”
“ ဒီလူဆိုးကောင်ကို သတ်ပစ်မယ် ! ညီနောင် ကျိုး အတွက်! ဂိုဏ်းအတွက်!”
“ ဒီလူဆိုးကောင်ကို သတ်ပစ်မယ် ! ညီနောင် ကျိုး အတွက်! ဂိုဏ်းအတွက်!”
“………”
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များ၏ မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
စူးချန်ကဲကို မမြင်တွေ့ဖူးသော်လည်း၊ စူးချန်ကဲအပေါ် ထားရှိသည့် သူတို့၏ သတ်ဖြတ်လိုစိတ်သည် အထွဋ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ကျိုးထျန်းမော့သည် ထျန်းချန်လမ်းစဉ်ဂိုဏ်းတွင် ဩဇာလွှမ်းမိုးမှုရှိပြီး ၊ ဤတစ်ခေါက် နတ်ဘုရားလက်နက် အမတမျှော်စင်သို့ လာရောက်သူများထဲတွင် သူ့ကို ထောက်ခံသူများ မနည်းမနော ပါဝင်သည်။
ယခုလို အသတ်ခံလိုက်ရခြင်းသည် ထောက်ခံသူများကို အလွန် ဒေါသထွက်စေခဲ့ပြီး၊ ၎င်းတို့သည် စူးချန်ကဲ၏ခေါင်းကို ဖြတ်ကာ သူတို့၏ အစ်ကိုကြီးအတွက် လက်စားချေမည်ဟု ကျိန်ဆိုခဲ့ကြသည်။
လူတိုင်း၏ စိတ်ဓာတ်ကို မြှင့်တင်ပြီးနောက် ၊ ထိပ်တန်း ပါရမီရှင်နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ထို့နောက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ကောင်းပြီ၊ ငါတို့ အခုပဲ နန်းဆောင်ထဲကို ဝင်ပြီး အဲ့ကောင်ကို ဖမ်းဆီးကြမယ်!”
ထိုစကားသံအပြီးတွင် ၊ လူအုပ်စုကြီးသည် နန်းဆောင်ထဲသို့ အလုံးအရင်း ဝင်ရောက်သွားခဲ့သည်။
သို့သော် ထိုလူအုပ်စုထဲတွင် ၊
အမျိုးသမီးတစ်ယောက်သည် အေးစက်စွာ ပြုံးရယ်လိုက်သည်။
ထိုအမျိုးသမီးသည် သာမန်ပုံပန်းသဏ္ဌာန်ရှိပြီး ၊ လူအုပ်ကြီးထဲတွင် ရောနှောစွာဖြင့် ရှိနေသည်။
ဤသည်မှာ ရုပ်ဖျက်ထားသော ထျန်းယွီလော့ရုံ သာပင် ။
သူမသည် ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ၊ နှစ်ပေါင်းများစွာ ထိပ်ဆုံးတွင် ရှိနေသောကြောင့် အခြားထိပ်တန်းပါရမီရှင် သုံးယောက်၏ မနာလိုဝန်တိုခြင်းကို ခံရသည်မှာ ဧကန်မလွဲပင်။
ဂိုဏ်းတွင်း လျှို့ဝှက်သော မသင့်မြတ်မှုများ ရှိသဖြင့် သူမသည် ဤကဲ့သို့ ပုံဖျက်ထားခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ မိမိ၏ အစီအစဉ်ကို ပြီးပြည့်စုံစွာ အောင်မြင်နိုင်ရန်အတွက် ရန်သူကို လှည့်စားရုံသာမက မိမိ၏ ဘက်တော်သားများကိုလည်း လှည့်စားရပေလိမ့်မည်။
“ဟားး... ကျန်းယွီကျင်း နဲ့ ချူးရှောင် ဆိုတဲ့ ဒီနှစ်ကောင် တကယ်ကို လိမ္မာပါးနပ်တဲ့ အစီအစဉ်ကို ဆွဲထားတာပဲ”
“ဒီထဲမှာ တစ်ဝက်ကျော်က ကျိုးထျန်းမော့ရဲ့ ထောက်ခံသူတွေပဲ ဒီနှစ်ကောင်က ကျိုးထျန်းမော့အတွက် လက်စားချေသလိုလိုနဲ့ ဒီကောင်တွေကို အသုံးချဖို့ ရည်ရွယ်ထားတာပဲ~”
“ ကြီးမြတ်တဲ့ပုံစံနဲ့ ပြောနေပေမယ့် တကယ်တမ်းကြ ဆုလာဘ်အဖြစ် ကမ်းလှမ်းထားတဲ့ မဟာလမ်းစဉ် အုတ်မြစ်ကို ရချင်နေတာပဲ မဟုတ်လား”
ထျန်းယွီလော့ရုံသည် စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။
“စိတ်မကောင်းဘူး၊ အဲ့ပစ္စည်းက ငါ့အပိုင်ပဲ ... နင်တို့လုပ်သမျှအားလုံးက ငါ့အတွက်ပဲ ဖြစ်မှာပဲ~~”
တစ်ချိန်တည်းမှာပင် ၊ ထျန်းယွီလော့ရုံသည် အလွန် ပျော်ရွှင်နေပုံရသည်။
“ ငါ မင်းကို နှစ်သက်လွန်းလို့ အရမ်း စားချင်နေပြီ ~”
သို့သော် သူတို့ မသိခဲ့ကြသည်မှာ ဤလုပ်ရပ်များသည် သွားရောက် အသေခံခြင်းသာ ဖြစ်သည်။
ဂိုဏ်းတိုင်းတွင် ဝူကျီအောက်ထျန်းကဲ့သို့ ရှင်သန်ရပ်တည်ရေးလမ်းစဉ် (ကုံလမ်းစဉ်)၏ ဘုရင်ဖြစ်လာရန် စိတ်ပိုင်းဖြတ်ထားသော အမျိုးသား ဟူ၍ မရှိချေ။
……..
တစ်ချိန်တည်းမှာပင်။
စူးချန်ကဲသည် အားရှင်းကို ခေါ်ကာ ဗဟိုခန်းမဆောင်ထဲသို့ ရောက်ရှိလာခဲ့သည်။
ကျင့်ကြံသူများစွာ၏ ရှာဖွေဖျက်ဆီးခံထားရသော အမှိုက်သရိုက်များဖြင့် ပြည့်နှက်နေသော ခန်းမကြီးကို ကြည့်ရင်း စူးချန်ကဲသည် မျက်မှောင်ကြုတ်လိုက်မိသည်။
“အားရှင်း... မင်း ဟွရှင်းအပိုင်းအစက ဒီမှာရှိတယ်ဆိုတာ သေချာလား”
“ ဒီပုံစံကိုကြည့်ရတာ အရင်ကတည်းက တစ်စုံတစ်ယောက်က ယူသွားပြီးလောက်ပြီ.. မင်းရဲ့ ခံစားနိုင်စွမ်းက မှားနေတာဖြစ်မယ်”
“မဟုတ်ဘူး... အားရှင်း ဟွရှင်းအပိုင်းအစကနေ ဖြာထွက်လာတဲ့ ရောင်ဝါကို ခံစားနိုင်တယ်...”
“ဒါက ဒီခန်းမထဲမှာ မရှိဘူး”
အားရှင်းသည် သူ၏ ခြေထောက်ဖြင့် မြေပြင်ကို ဖြေးဖြေးချင်း တို့ထိကာ ဆက်ပြောလိုက်သည်။
“မြေအောက်ထဲမှာပဲ “