အလင်းမြို့နဲ့ မှောင်မိုက်မြို့
Vol. 56 Ch. 734
ထိုစကားကို ကြားလိုက်ရချိန်တွင် စူးချန်ကဲ၏ ခေါင်းထဲတွင် မေးခွန်းတစ်ခု ဖြစ်ပေါ်လာသည်။
“ဘယ်လို? မြေအောက်ထဲမှာလား”
ယင်းက စူးချန်ကဲကို ဇဝေဇဝါဖြစ်သွားစေသည်။
သို့သော် ဟွရှင်း ရှေးဟောင်းမြို့ကို တည်ဆောက်စဉ်ကတည်းက ၊ ၎င်းသည် တစ်ချိန်လုံး မြေအောက်ထဲမှာပင် ရှိနေခဲ့သည် မဟုတ်လော။
မြေအောက်ထဲမှာတောင် နောက်ထပ် တစ်နေရာရှိနေသေးသတဲ့လား !?
နားမလည်နိုင်ဖြစ်နေသော စူးချန်ကဲ၏ အမူအရာကို သတိထားမိသော အားရှင်းက ဆက်ရှင်းပြသည်။
“အချိန်အကြာကြီး အိပ်ပျော်လာတာ... အားရှင်းလည်း အသေးစိတ် မသိဘူး... အပေါ်ယံလောက်ပဲ သိတယ်”
“ မှတ်မိသလောက် ဟွရှင်း ရှေးဟောင်းမြို့ကို အပိုင်း နှစ်ပိုင်းခွဲထားတယ်...အဲ့တာကို အလင်းမြို့နဲ့ မှောင်မိုက်မြို့လို့ ခေါ်တယ်...”
“ အလင်းမြို့နဲ့ မှောင်မိုက်မြို့ ဟုတ်လား “
စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားပြီး ပြန်မေးခွန်းထုတ်လိုက်သည် ။
“အားရှင်း မင်းပြောသလိုသာဆို အခု ငါတို့ ရှိနေတာက အလင်းမြို့မှာလား”
“မြေအောက်ထဲက အမည်မသိတဲ့နေရာက မှောင်မိုက်မြို့လား “
ထိုစကားကို ကြားတော့ အားရှင်းသည် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“အလင်းမြို့တော်နဲ့ မှောင်မိုက်မြို့တော်ကို လူသားမြို့တော်နဲ့ သံမဏိမြို့တော်လို့လည်း ခေါ်သေးတယ် “
“ ပိုင်ရှင်ရဲ့ အမြင်မှာ ဟွရှင်း ရှေးဟောင်းမြို့တော်ဟာ သံမဏိစက်ရုပ်တွေနဲ့ လူသားကျင့်ကြံသူတွေ အတူတူ နေထိုင်နိုင်တဲ့ နေရာတစ်ခုပဲ “
“ အခု ငါတို့ရှိနေတဲ့ ဧရိယာက လူသား ကျင့်ကြံသူတွေအတွက် ဖြစ်ပြီး ....မြေအောက်ကမ္ဘာကတော့ သံမဏိစက်ရုပ်တွေ အတွက်ပဲ “
“ နောက်တစ်ခု ဒီလိုလည်း နားလည်နိုင်သေးတယ် ... ဟွရှင်းရှေးဟောင်းမြို့ကြီးက တကယ်တော့ လုံးဝိုင်းတဲ့ မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာခြမ်းနှစ်ခုလိုပဲ ဧရိယာနှစ်ခု ရှိတယ် “
ထိုစကားများကို ကြားပြီးနောက် စူးချန်ကဲသည် သက်ပြင်းချမိလိုက်သည်။
ကျောက်ဟွ အမတဧကရာဇ်မင်း၏ အတွေးအခေါ်များသည် ဤမျှ အဆင့်မြင့်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့သလို ၊ ယခုလိုနည်းပညာဖြင့် တည်ဆောက်ထားသော မြို့တစ်မြို့ကိုလည်း သူတစ်ခါမှ မမြင်ဖူးချေ။
လျို့ဝှက်ဆန်းကြယ်သော စက်ယန္တရားများဖြင့် ပေါင်းစပ်လိုက်ချိန်တွင် ဤနေရာသည် လုံးဝကွဲပြားသော အခြားကျင့်ကြံလောကတစ်ခုလိုပင်။
ခဏတာ ဆင်ခြင်သုံးသပ်ပြီးနောက် ၊ စူးချန်ကဲသည် ထပ်မံ မေးမြန်းလိုက်သည်။
“ဒါဆို အဲ့ဒီမြေအောက်ကမ္ဘာထဲကို ဘယ်လိုဝင်ရမလဲ”
အားရှင်း က ခေါင်းညိတ်ပြီး ဆက်ပြောသည်။
“ဒီအဆောင်ရဲ့ ဝင်ပေါက်ကို ဖွင့်နိုင်တဲ့ မှော်အက္ခရာအတားအဆီးတွေ ရှိမယ်ထင်တယ် ..အဲ့တာကို ချိုးဖျက်နိုင်တာနဲ့ ငါတို့ အထဲကို ဝင်နိုင်လိမ့်မယ်”
“မှော်အက္ခရာအတားအဆီး ?”
အတားအဆီး မှော်အတတ်များနှင့် ပတ်သတ်၍ ၊ စူးချန်ကဲသည် သိပ်နားမလည်ပေ။ သူ့အနေဖြင့် တစ်စုံတစ်ခု အမှားအယွင်းပြုလုပ်မိပါက ၊ အချိန်ဖြုန်းတီးရာ ကျပေတော့မည်။
“ တခြားနည်းလမ်းရှိလား”
“ဟမ်...မရှိတာတော့ မဟုတ်ဘူး...အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးကတော့ မြေကြီးထဲကို တိုက်ရိုက် ဖောက်ထွင်းဝင်ရောက်ဖို့ပဲ...”
အားရှင်းက ဆိုလိုက်သည်။
“ဒါပေမဲ့ ဒီနန်းဆောင်ရဲ့ ကြမ်းပြင်ကို နှစ်ပေါင်း တစ်သိန်း သက်တမ်းရှိတဲ့ စိန်ကျောက်နဲ့ ပြုလုပ်ထားပြီး ပေတစ်ရာကျော်ထူတယ် “
“ပြီးတော့ မှော်အက္ခရာအတားအဆီးတွေလည်း ထည့်သွင်းထားတော့ ဖောက်ထွင်းဝင်ရောက်ဖို့က....”
အားရှင်း၏ စကားမဆုံးခင် ၊
ချွင်!
ကျယ်လောင်သော ဓားဟောက်သံတစ်ခုက မိုးမြေကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် ဘယ်အချိန်ကတည်းက စူးချန်ကဲ၏လက်ထဲတွင် ရောက်ရှိနေမှန်း မသိနိုင်သော်လည်း ၊ သူသည် ဓားကို အပေါ်သို့ ကိုင်မြှောက်ထားပြီး အေးစက်သော အလင်းရောင်ဖြင့် တလက်လက် တောက်ပနေသည်။
ဝူး!!
တုနှိုင်းမယှဉ်နိုင်အောင် ထက်မြက်သော ဓားဆန္ဒလှိုင်းတံပိုးများသည် မိုးနှင့်မြေကြား ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၏ ဆွဲငင်မှုအောက်တွင် ၊ ၎င်းတို့သည် ဝဲဂယက်တစ်ခုသဖွယ် ဓား၏ကိုယ်ထည်ပေါ်တွင် စုဝေးသွားသည်။
စွမ်းအားများ စုဆောင်းနေစဉ် တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် အားရှင်းကို လှမ်းပြောလိုက်သည်။
“အားရှင်း ဝေးဝေးနေ ...အကောင်းဆုံးကတော့ ဒီထဲကနေ ထွက်သွားတာပဲ “
ထိုမြင်ကွင်း မြင်လိုက်ရသော အားရှင်းသည် လူသားတစ်ဦးကဲ့သို့ အံ့အားသင့်ဖွယ်ရာ ကြောက်ရွံ့မှု အရိပ်အယောင်များကို ပြသခဲ့သည်။
ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ဆုပ်ကိုင်ထားသော စူးချန်ကဲသည် ဤအခိုက်အတန့်တွင် လုံးဝ ကွဲပြားသော လူတစ်ယောက်ကဲ့သို့ပင် ၊ သူ၏ ရောင်ဝါသည် ဓားအမတရှင်တစ်ပါးကဲ့သို့ လွန်စွာ အားကောင်းလာသည်။
အားရှင်းသည် တွန့်ဆုတ်ခြင်းမရှိ ပင်မခန်းမဆောင်ထဲမှ ချက်ချင်း ပြေးထွက်သွားလေတော့သည်။
……
တစ်ဖက်တွင်။
ထျန်းဟိုင်ဓားဂိုဏ်းမှ ဓားသမားများသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားကြသည်။
အထူးသဖြင့် ဓားစွမ်းအင်ကို ပိုမို အာရုံခံနိုင်စွမ်းရှိသော ယွင်ချင်းဟုန်သည် အံ့ဩစွာဖြင့် ရေရွတ်လိုက်သည်။
“ဟမ်...?ငါ ဘာလို့ အလွန်အားကောင်းတဲ့ ဓားစွမ်းအင်ကို ခံစားမိနေရတာလဲ...”
“အစ်ကိုကြီး၊ ခင်ဗျားလည်း ခံစားရတာလား”
ထျန်းဟိုင်းဓားဂိုဏ်းမှ တပည့်တစ်ဦးက ညည်းညူလိုက်သည် ။
“အရင်က တိတ်ဆိတ်ငြိမ်သက်နေခဲ့တဲ့ အာကာသက ရုတ်တရက် အပြောင်းအလဲဖြစ်သွားသလိုပဲ...ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်ကိုတောင် အနည်းငယ် တုန်လှုပ်သွားစေတယ်”
“ ကြည့်ရတာ အတွင်းပိုင်းကျတဲ့နေရာတစ်ခုကနေ လာသလိုပဲ... ဓားလမ်းစဉ် ရတနာတစ်ခုခုကို တူးဖော်တွေ့ရှိခဲ့တာများ ဖြစ်နေမလား”
“……..”
အကြီးတန်း အစ်ကိုအစ်မများ၏ ဆွေးနွေးမှုကို နားထောင်ရင်း ၊
ဝူကျီအောက်ထျန်းသည် ခါးသီးသော အမူအရာဖြင့် ရှိနေသည်။
စူးချန်ကဲသည် ဤနေရာတွင် ရှိနေနိုင်သည်ဟု သူ၏ ယူဆချက်သာ မှန်ခဲ့လျှင်ဖြင့် ၊ အထဲတွင် စူးချန်ကဲရှိနေမည်မှာ ဧကန်မလွဲပင်။
“ ဟူး... စူးချန်ကဲနဲ့ မတွေ့ရတာ နှမြောစရာပဲ...”
ဝူကျီအောက်ထျန်းသည် သက်ပြင်းချကာ ညည်းညူလိုက်သည်။
“ဒါပေမဲ့ စူးချန်ကဲနဲ့ ရင်ဆိုင်ရတာက ငါ့ကို စိတ်မသက်မသာဖြစ်စေတယ်...”
“ဒါပေမဲ့လည်း အဆင်ပြေပါတယ်၊ စူးချန်ကဲသာ ဒီကောင်တွေကို ကောင်းကောင်းကြီး သင်ခန်းစာပေးနိုင်ဖို့ ငါ မျှော်လင့်တယ်!”
“ငါ့ဆီကနေ ကုံလမ်းစဉ်ကို မသင်ယူခြင်းက...သေခြင်းတရားကိုပဲ ရင်ဆိုင်ရမယ်ဆိုတာ ဒီကောင်တွေကို သိသွားစေချင်တယ်!”
…………
ထိုအချိန်တွင် ပင်မခန်းမဆောင်ထဲ၌ အကန့်အသတ်မရှိသော ဓားစွမ်းအင်များသည် လုံးဝ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။
ဓားစွမ်းအင် သမုဒ္ဒရာကြီးတစ်ခုက တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ကမ္ဘာကြီးတစ်ခုကို ဝန်းရံထားသကဲ့သို့ မိုးမြေတစ်ခွင်လုံး တုန်လှုပ်မြည်ဟည်းနေသည်။
စူးချန်ကဲသည် တင်းတင်းကျပ်ကျပ် မှိတ်ထားသော သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး စကားတစ်ခွန်း ရေရွတ်လိုက်သည်။
“ ဓားတစ်ချက်မှ ဗလာအဖြစ်သို့!”
ဝှစ်!!
စူးချန်ကဲသည် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားကို ကိုင်မြှောက်ကာ ခုတ်ချလိုက်သည်။
ဓားစွမ်းအင်များသည် နဂါးငွေ့တန်းတစ်ခုသဖွယ် ကောင်းကင်မှ ကျဆင်းလာပြီး မိုးမြေတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။
ဤဓားလွှဲချက်တွင် အသန့်စင်ဆုံး ဗလာနိတ္ထိစွမ်းအားများ ပါဝင်သည်။ အဆိုပါ စွမ်းအားများ၏ လွှမ်းခြုံမှုအောက်တွင် လမ်းစဉ်အားလုံးနှင့် နိယာမတရား အားလုံးတို့သည် ဗလာအဖြစ်သို့ ပျောက်ကွယ်သွားတော့မည့်အတိုင်း ထင်မှတ်ရသည်။
မှော်အက္ခရာ အတားအဆီးများပင် မဆိုနှင့် ၊ ဤနေရာရှိ အရာအားလုံးသည် ဗလာအဖြစ်သို့ ပြောင်းလဲသွားတော့မည့်ဟန် ရှိသည်။
ဘုန်း !
အဆုံးမရှိသော ဓားအလင်းများသည် မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအင်လှိုင်းတံပိုးများသည် သူ့ကိုဗဟိုပြုလျက် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားပြီး ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ အရာအားလုံးကို ဖောက်ခွဲဖျက်ဆီးပစ်လေသည်။
ဓားစွမ်းအင်များသည် တရှိန်ထိုး ဖြာထွက်လာကာ တောက်ပသော အလင်းမိုးများအဖြစ် နေရာအနှံ့ ပြန့်ကျဲသွားစေသည်။
ဝုန်း!!
အကန့်အသတ်မရှိသော ဓားစွမ်းအင်များသည် မိုးကောင်းကင်ဆီသို့ အရှိန်အဟုန် ပြင်းစွာ ထိုးတက်သွားသည်။
ခန်းမဆောင်၏ အပေါ်ပိုင်းတစ်ခုလုံးကို ဖောက်ခွဲ ဖျက်ဆီးလိုက်သကဲ့သို့ အလွန်လေးလံသော ခေါင်မိုးတစ်ခုလုံးကို စုတ်ပြဲသွားစေသည်။
အထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူတိုင်း ခြေလှမ်းများ တုံ့ဆိုင်းသွားကြသည်။
အပေါ်သို့ မော့ကြည့်လိုက်ရာ ၊ ခမ်းနားထည်ဝါစွာ တောက်ပနေသော ဓားအလင်းတန်းကြီးသည် ကောင်းကင်သို့ ဆန်တတ်ကာ မိုင်ထောင်ပေါင်းများစွာအထိ အလင်းများ ဖြန့်ကျတ်ထားသည်ကို မြင်လိုက်ရသည်။
ဤအချိန်တွင် နတ်ဘုရားလက်နက် အမတမျှော်စင် တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားပုံရသည်။
ထိတ်လန့်ဖွယ်ရာ ကောင်းသော ဓားဟောက်သံမှလွဲ၍ ကျန်တာမရှိပေ။ ကျင့်ကြံမှုအားနည်းသော တပည့်များမှာ စိတ်နှလုံးသားပင် တုန်လှုပ်ကာ ခန္ဓာကိုယ်တစ်ခုလုံး တဆက်ဆက် တုန်ယင်လျက် ရှိသည်။
ဤကဲ့သို့သော ဓားစွမ်းအင်ကို သူတို့ တစ်ခါမျှ မကြုံဖူးပေ။ ဓားအမတရှင်မှ ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်မည်ဟု ဆိုပါက ၊ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
“ဘုရားရေ—!?”
ထိုမြင်ကွင်းကို အနီးကပ်မြင်တွေ့ခဲ့ရသော ထျန်းဟိုင်ဓားဂိုဏ်းမှ တပည့်များမှာ အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
ဤအရာသည် သူတို့၏ ဘဝတစ်လျှောက် မြင်ဖူးသမျှထဲတွင် အတောက်ပဆုံး၊ အထက်မြက်ဆုံးနှင့် မယုံနိုင်စရာအကောင်းဆုံး ဓားစွမ်းအင်ပင် ဖြစ်သည်။
သူတို့ခံစားခဲ့ရသော ဤထိတ်လန့်မှုကို မည်သည့်စကားလုံးဖြင့် ဖော်ပြရမည်ကိုပင် မသိတော့ချေ။