လူတစ်ဦးချင်းစီ၏ ဆန္ဒ ၊ အမှောင်ထု ရုတ်တရက် ထွက်ပေါ်လာခြင်း ( Part-1)
Vol. 56 Ch. 736
သို့သော် လင်းဟန်သည် လူအများ၏ ချီးကျူးမှုကို ဂရုမစိုက်ချေ။ သူသည် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ အခြားအရေးကြီးသော ကိစ္စတစ်ခုကြောင့်သာ ဖြစ်သည်။
သူသည် သူ၏ရင်ဘက်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော တာအိုစည်းချက်များကို ထုတ်လွှတ်နေသည့် ကြေးဝါအပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည် ။ ဤသည်မှာ ဟွရှင်းအပိုင်းအစပင် ဖြစ်သည်။
“ရှေးဟောင်းမှတ်တမ်းတွေအရ... နတ်ဘုရားလက်နက် အမတမျှော်စင်မှာ ဟွရှင်းမျိုးစေ့လို့ ခေါ်တဲ့ အထွဋ်အမြတ်ထားတဲ့ နတ်ပစ္စည်းတစ်ခု ရှိတယ် ...သူက နှလုံးသားမဲ့သူတစ်ဦးကို ပူပြင်းတောက်လောက်နေတဲ့ နှလုံးသားတစ်စုံကို ပေးစွမ်းနိုင်တယ်တဲ့”
လင်းဟန်သည် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
“ငါသာ သူ့ကိုရှာတွေ့ရင်... ငါ ရွှယ်အာကို နှိုးနိုင်မှာ သေချာတယ်...”
လင်းဟန်ပြောသည့် ရွှယ်အာသည် အမှန်တကယ်တွင် သူ၏ ညီမလေး လင်းရွှယ်သာ ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက စမ်းသပ်မှုတစ်ခုတွင် သူမသည် ကြီးမားသော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း သူမ၏ နှလုံးတစ်ခုလုံး ပျက်စီးသွားသောကြောင့် ပြန်လည် နိုးထလာနိုင်စွမ်း မရှိတော့ပေ။
ဤနှစ်ကာလတစ်လျှောက်လုံး သူသည် အမတနယ်မြေတစ်ခွင်သို့ သွားလာကာ နတ်ဆေးပင် အမျိုးမျိုးကို ရှာဖွေခဲ့သော်လည်း ၊ ညီမဖြစ်သူ၏ ပြင်းထန်သော ဒဏ်ရာကို ကုသနိုင်ခြင်း မရှိခဲ့ပေ။
ဒေဝလောက ပြန်လည်စတင်ရာခေတ်ကို ရောက်ရှိလာခဲ့ပြီး နတ်ဘုရားလက်နက် အမတမျှော်စင်၏ အမွေအနှစ်များ ထွက်ပေါ်လာချိန်တွင် တိုက်ဆိုင်စွာဖြင့် သူသည် ရှေးဟောင်းစာအုပ်တစ်အုပ်တွင် ရေးသားထားသော ဟွရှင်းမျိုးစေ့ မှတ်တမ်းကို ဖတ်လိုက်ရသည်။
“နှလုံးသားမဲ့သော အရာကို ပူပြင်းတောက်လောင်သည့် နှလုံးသားတစ်စုံ ပေးစွမ်းခြင်း “ ဟူသော ဤစကားသည် ယုတ္တိမရှိသော်လည်း ၊
သို့သော် မျှော်လင့်ချက်မဲ့နေသော ၊ လမ်းဆုံးရောက်ရှိနေသူအတွက် ဤယုတ္တိမရှိသော အရာသည် တစ်ခုတည်းသော မျှော်လင့်ချက်သာ ဖြစ်သည်။
“ ဟွရှင်း မျိုးစေ့က အရမ်းဆန်းကြယ်လွန်းတယ် ..ဒါမှမဟုတ် ဒါကို သိတဲ့လူတစ်ယောက်က ဟွရှင်းအပိုင်းအစကို ရှာဖွေနေတာလည်း ဖြစ်နိုင်တယ် ....”
“သူငယ်ချင်းဟောင်း၊ ဒီတစ်ခါတော့ ငါတို့ရဲ့ ဓားနှလုံးသားကို ဆန့်ကျင်ရတော့မယ်ထင်တယ်”
လင်းဟန်၏ မျက်လုံးများသည် ပြတ်သားလွန်းသည်။
“ ဟွရှင်း အပိုင်းအစ ၊ ငါ သေချာပေါက် ရှာတွေ့ရစေမယ်...”
“ရွှယ်အာက... ငါ့ကို စောင့်နေတုန်းပဲ...”
ထိုသို့ပြောရင်း ၊ လင်းဟန်သည် သူ့ခါးတွင် ချိတ်ဆွဲထားသော ဓားကို ဆုပ်ကိုင်လိုက်သည်။
အမည်မသိ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဓားလက်ကိုင်ပေါ်တွင် ‘ လူသားကမ္ဘာ ‘ ဟူသော ရှေးဟောင်းစာလုံးနှစ်လုံး ထွင်းထုထားသည်။
ဤစာလုံးနှစ်လုံးကို မြင်လိုက်သည်နှင့် လူကို ဖော်ပြ၍မရသော ခံစားချက်တစ်ခုကို ဖြစ်ပေါ်စေသည်။
သို့သော် လင်းဟန်သည် ထိုဓားကို ဆုပ်ကိုင်လိုက်သည်နှင့် ၊
ချွင် —
အေးစက်သော ဓားအော်သံသည် လေပြင်းတိုက်ခတ်သံကဲ့သို့ အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားသည်။
လေထုအပူချိန်သည် သိသိသာသာ ကျဆင်းသွားပြီး ၊ ဓားစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဆီးနှင်းပွင့်များသည် အထက်ကောင်းကင်မှ ကျဆင်းလာခဲ့သည်။
ယခင်က မှောင်မိုက်နေသော ပတ်ဝန်းကျင်သည် ဓားစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဖြူစင်တောက်ပသည့် ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ဤအဖြူရောင်ဆီးနှင်းများကြားတွင် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသာလျှင် ရပ်နေလေ၏။
ဤအခိုက်အတန့်တွင်၊ သူ၏ယခင်က နူးညံ့သိမ်မွေ့ပြီး ဖော်ရွေသော အမူအရာသည် လုံးဝ ပျောက်ကွယ်သွားပြီး ရေခဲတမျှ အေးစက်သော အငွေ့အသက် တစ်ခုက အစားထိုး ဝင်ရောက်လာခဲ့သည်။
“ငါ့နှလုံးသားဟာ ရေခဲလို၊ ငါ့ဓားဟာ ဆီးနှင်းခဲလို ၊ ငါ့ နဲ့ ငါ့ဓားဟာ လောကကို သတ်ဖြတ်မယ်...”
စကားအနည်းငယ် တီးတိုးပြောဆိုပြီးနောက်။
လင်းဟန်သည် နတ်အလင်း သက်တံတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး စူးချန်ကဲရှိရာ ဦးတည်ရာသို့ ပျံသန်းသွားခဲ့သည်။
ဓားကျင့်ကြံသူတစ်ယောက်၏ အာရုံခံစားမှုအရ ၊ ထိုကဲ့သို့သော ဓားစွမ်းအင်ကို ထုတ်လွှတ်နိုင်သူ မည်သူမဆို ဟွရှင်း အပိုင်းအစများ ရှိနေမည်ဟု ခံစားမိသည်။
အကယ်၍ ရှာတွေ့နိုင်ခဲ့မည်ဆိုပါက ၊ သူသည် ၎င်းထံမှ ဟွရှင်း အပိုင်းအစများကို ရကောင်းရနိုင်ပေလိမ့်မည်။
…….
တစ်ချိန်တည်းမှာပင်။
နတ်ဘုရားလက်နက် အမတမျှော်စင် ၊ ဧရိယာ(၁၂)ရှိ အပျက်အစီးများပေါ်တွင်။
ရွှေနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ၊ တစ်ကိုယ်လုံး ကောင်းကင်မီးလျှံများဖြင့် ဝန်းရံတောက်ပနေသည့် ချောမောသောအမျိုးသား တစ်ဦးသည် ဓားစွမ်းအင် ပျောက်ကွယ်သွားသည့် ဦးတည်ရာဘက်ကို စိုက်ကြည့်ရင်း၊
သူ၏ နှုတ်ခမ်းများသည် အပြုံးတစ်ခု အဖြစ် ကွေးညွှတ်သွားသည်။
“ ဒီလောက်ထိ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ ဓားစွမ်းအင်ကို ထုတ်လွှတ်နိုင်တာ ..အင်အားစုကြီးတစ်ခုရဲ့ ဆက်ခံသူ ဖြစ်မှာ သေချာတယ်”
သူသည် ရွှေကျီးကန်းနတ်ဘုရားမင်းဆက်၏ မင်းသား ကျီချောင်ကဲသာပင်။
နတ်မီးလျှံများဖြင့် တောက်ပနေသော သူ၏ မျက်လုံးများတွင် ပြတ်သားသော အရိပ်အမြွက်တစ်ခု လှစ်ဟသွားသည်။
“ သေချာပေါက် အကြောင်းရင်းတစ်ခု ရှိရမယ်... ဒီလောက်ထိ ကြောက်ဖို့ကောင်းတဲ့ ဓားစွမ်းအင်...အဲ့လူ တစ်ခုခုကို ရှာတွေ့သွားတာ ဖြစ်ရမယ်”
“ ပြီးတော့ အဲ့ဒီဓားစွမ်းအင်ထဲမှာ မှော်အက္ခရာအတားအဆီးအချို့ ရှိနေတယ် “
သူ၏အတွေ့အကြုံအရ ထိုကဲ့သို့သော မှော်အက္ခရာအတားအဆီးများသည် ရှေးဟောင်း စည်းတံဆိပ်တစ်ခုခု နှင့် ဆက်စပ်နေသည်။ တစ်နည်းအားဖြင့် ၊ ယင်း၌ လျို့ဝှက်ထားသော အခွင့်အလမ်းတစ်ခု သေချာပေါက် ရှိပေလိမ့်မည်။
ထိုသို့ အတွေးများနေစဉ်မှာပင် ၊
ဝှစ်!
ရုတ်တရက် မရေမတွက်နိုင်သော သက်တံအလင်းများသည် ဓားစွမ်းအင် ပျောက်ကွယ်သွားသည့် ထိုနေရာဆီသို့ ဦးတည်နေကြသည်ကို မြင်လိုက်ရသည်။
“အရှင့်သား ၊ထျန်းယွမ်နတ်ဘုရားမင်းဆက်က လူတွေနဲ့တူတယ်!”
ရွှေကျီးနတ်ဘုရားမင်းဆက်မှ ပါရမီရှင်တစ်ယောက်က အော်ပြောလိုက်သည်။
ကျီချောင်ကဲသည် အနည်းငယ် အံ့အားသင့်သွားပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။
ယွမ်ချန်းဟုန်သည် ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ ထိပ်တန်းပါရမီရှင်များကို ဦးဆောင်ကာ ထိုဦးတည်ရာဘက်သို့ သွားရောက်နေသည်ကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒီကောင်လည်း တစ်ခုခုကို ခန့်မှန်းမိပုံရတယ်... ဝေစုရဖို့ ကြံနေတယ်ပေါ့လေ “
“ဒီလိုလည်း ကောင်းတာပဲ ၊ ဒီလောက်လူတွေအများကြီး ပါဝင်လာကြပြီဆိုတော့ ငါ ကျီချောင်ကဲကိုလည်း ချန်ထားလို့ ဘယ်ဖြစ်မလဲ “
ထို့အပြင် အခွင့်အလမ်းများကို ကိုယ်တိုင် ရှာဖွေခြင်းထက် တခြားတစ်ယောက်ဆီက လုယူခြင်းက ပို၍ မြန်ပေမည်။
အမတနယ်မြေတစ်ခွင်သို့ သွားလာ၍ အတွေ့အကြုံယူခြင်းသည် မျိုးဆက်သစ်များကြားတွင် ရုန်းကန်ရသော ကိစ္စတစ်ခု ဖြစ်ပြီး၊ လုံလောက်သော ခွန်အားမရှိပါက ၊ အခွင့်အရေးရယူနိုင်ရန် အခွင့်အလမ်း မရှိချေ။
“ ကြည့်ရတာ ယောင်ကွမ်အမတဂိုဏ်းနဲ့ ကွေးယွမ်အမတဂိုဏ်းက ပါရမီရှင်တွေလည်း အဲ့ကိုသွားကြမှာ သေချာတယ်”
“ထိပ်တန်းအင်အားစုရဲ့ အမွေဆက်ခံသူတွေ တွေ့ဆုံကြမယ့်ပွဲပဲ “
“ ပျင်းစရာကောင်းတဲ့ ခရီးစဉ်က အခု အတော်လေး စိတ်ဝင်စားစရာကောင်းလာပြီပဲ”
…..
အခြားနေရာသို့ ရောက်ရှိနေသော လော့ရန်ယွီသည်လည်း စူးချန်ကဲမှ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်ကို သတိပြုမိခဲ့သည်။
ထိုဦးတည်ရာ နေရာဘက်ကို စိုက်ကြည့်ရင်း ၊ လော့ရန်ယွီ၏ နှလုံးသားမှာ လှုပ်ခတ်သွားသည်။
“ သေချာတယ်...ဒါ ချန်ကဲရဲ့ အရှိန်အဝါပဲ...”
ဘာကြောင့်မှန်းမသိနိုင်သော်လည်း ၊ ထိုနာမည်ကို ထုတ်ပြောရုံဖြင့် သူမကို နွေးထွေးစေကာ စိတ်ကို အေးချမ်းစေသည်။
စူးချန်ကဲ ရှိနေရုံဖြင့် ၊ ဤကမ္ဘာပေါ်ရှိ အကျပ်အတည်းတိုင်းသည် လွယ်လင့်တကူ ပြေလည်သွားသလိုပင်။
သူ၏ သန်မာမှုသည် သူမအား စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်သည်။
တစ်ချိန်တည်းမှာပင် ၊ ယောင်ကွမ်အမတဂိုဏ်းမှ ကျင့်ကြံသူအများအပြားသည် အလိုအလျောက် ပြုံးနေသော မိမိတို့ နတ်ဘုရားမ၏ ဆွဲဆောင်မှုရှိသော အပြုံးကို မြင်လိုက်ရသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အပြုံးများ ဖလှယ်လိုက်ကြသည်။
ချစ်ရသူ၏ အရှိန်အဝါကို ခံစားမိရုံဖြင့် ကျေနပ်ဝမ်းသာသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ဤသည်မှာ အချစ်တွင် နစ်မြောနေသော မိန်းကလေးတစ်ယောက်၏ ပုံစံသာပင်။
နောက်လိုက်တပည့်များ၏ အကြည့်များကို ခံစားမိပုံရသော လော့ရန်ယွီ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့သည်။