လူတစ်ဦးချင်းစီ၏ ဆန္ဒ ၊ အမှောင်ထု ရုတ်တရက် ထွက်ပေါ်လာခြင်း (Part-2)
Vol. 56 Ch. 736
သူမသည် ရှက်ရွံ့စွာဖြင့် လည်ချောင်းရှင်းလိုက်ပြီး အမိန့်ပေးလိုက်သည်။
“ငါတို့ ဒီနေရာကို သေချာလေ့လာပြီးပြီ ဆိုတော့ ချန်ကဲဆက်ခံသူ ရှိတဲ့နေရာကို သွားကြရအောင် “
စူးချန်ကဲမှ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်သည် အလွန် ပြင်းထန်သောကြောင့် နတ်ဘုရားလက်နက် အမတမျှော်စင်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
သူမ တစ်ယောက်တည်းသာမက အခြားသူများလည်း ထိုအရှိန်အဝါကို ခံစားမိကြသည်။
အခြားထိပ်တန်းအင်အားစုများမှ ပါရမီရှင်များသည်လည်း ဤမျှအားကောင်းသော အရှိန်အဝါကို ခံစားမိသည်နှင့် ၊ စူးချန်ကဲရှိရာ နေရာသို့ သွားရောက်၍ စူးစမ်းလေ့လာကြမည် ဖြစ်ပြီး တိုက်ပွဲဖြစ်လာမည်မှာ မလွဲဧကန်ပင်။
ယောင်ကွမ်အမတဂိုဏ်း၏ နတ်ဘုရားမတစ်ယောက် အနေဖြင့် သူမ၏ ချစ်ရသူကို ကူညီထောက်ပံ့ပေးရမည် မဟုတ်လော။
သို့သော် လော့ရန်ယွီသည် ယောင်ကွမ်အမတဂိုဏ်းမှ ပါရမီရှင်များကို ဦးဆောင်ကာ ထွက်ခွာရန် ဟန်ပြင်ဆင်လိုက်စဉ် ၊
ရုတ်တရက် မျှော်လင့်မထားသော အပြောင်းအလဲတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
ဝီ!!
အာကာသ ဟင်းလင်းပြင်သည် အနည်းငယ် ပျက်ယွင်းသွားပြီး ၊ အဆုံးမရှိသော အမှောင်ထုသည် ဒီရေအလား တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ၊ မိုးမြေတစ်ခုလုံးသည် တသိမ့်သိမ့် တုန်ခါလာခဲ့သည်။
တစ်ချိန်က ကြည်လင်စွာဖြင့် မြင်နေရသော မြင်ကွင်းများသည် မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် မှောင်မိုက်သွားသည်။
ယောင်ကွမ်အမတဂိုဏ်းမှ လူတိုင်း အဆုံးမရှိ မှောင်မိုက်သော ကမ္ဘာထဲသို့ ဆွဲခေါ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
မိုးမြေတစ်ခွင်လုံး မှောင်မိုက်နေပြီး အလင်းရောင်ဟူ၍ တစက်မှ မရှိချေ။ အမှောင်ထုသည် ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားသလိုပင်။
လေထုထဲတွင် အနက်ရှိုင်းဆုံး မြေအောက်ငရဲမှ စိမ့်ထွက်လာသော အအေးဓာတ်များ ပါဝင်နေသကဲ့သို့ မကောင်းသော နိမိတ် ၊ သေခြင်းတရား၏ အငွေ့အသက်များက လွှမ်းမိုးထားသည်။
ဤမျှကြောက်စရာကောင်းသော အမှောင်ထု အငွေ့အသက်များသည် လူတိုင်းကို အသက်ရှုကြပ်စေသည်။
“ဘာ...ဘာတွေဖြစ်နေတာလဲ”
ရုတ်တရက် ဖြစ်ပေါ်လာသော ထူးဆန်းသော မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြသည်။
လော့ရန်ယွီသည်လည်း ယောင်ကွမ်အမတဂိုဏ်းမှ အခြားကျင့်ကြံသူများနည်းတူ ထိတ်လန့်တုန်လှုပ်နေသည်။
“ဟားး.....မင်းက အဲ့ကောင် စူးချန်ကဲနဲ့ ဆက်နွယ်နေမယ်လို့ ငါ လုံးဝ ထင်မထားဘူး”
အမှောင်ထုထဲမှ အေးစက်သော အသံတစ်သံသည် ရုတ်တရက်ပင် ထွက်ပေါ်လာခဲ့သည်။
ဟူး!!
ထို့နောက်၊ ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရားတို့ဖြင့် ပြည့်နှက်နေသော အမှောင်ထုအတွင်းမှ ကြက်သွေးရောင် မီးတောက်တစ်ခုသည် တဟုန်းဟုန်းထကာ လောင်ကျွမ်းလာခဲ့သည်။
“ငါသာ မင်းကို အမှောင်ထုအဖြစ် ပြောင်းလဲလိုက်ရင် ...ဟိုကောင် စူးချန်ကဲ ဘယ်လောက်တောင် ရင်နာလိုက်မလဲ ဟားဟားဟား...”
ရက်စက်ကြမ်းကြုတ်သော အပြုံး တစ်ခုနှင့်အတူ ၊ တဟုန်းဟုန်း တောက်လောက်နေသော ကြက်သွေးရောင် မီးတောက်များသည် သူ့အလိုအလျောက် စုဝေးသွားပြီး လေအေးတစ်ချက် တိုက်ခတ်သွားသည်။
အဆုံးမရှိသော အမှောင်ထုထဲ၌ ၊ ထူးဆန်းသော ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
…..
ကြက်သွေးရောင် မီးတောက်များ ဆက်လက် သိပ်သည်းလာသည်နှင့်အမျှ။
ရှေ့ထွက်လာသော ထိုအနှီပုံရိပ်ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
သူသည် နက်မှောင်သော နဂါးဝတ်လုံကို ဝတ်ဆင်ထားကာ အေးစက်ပြီး ခက်ထန်သော အမူအရာနှင့်အတူ နှုတ်ခမ်းထောင့်ရှိ လှောင်ပြောင်သော အပြုံးက လူကို ထူးဆန်းသော ဆိုးယုတ်မှုကို ပေးစွမ်းနေသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုအနှီ အမျိုးသားသည် တစ်ကိုယ်လုံး အနက်ရောင် အလင်းများဖြင့် တောက်ပနေပြီး ၊ သိပ်သည်းသော အမှောင်ထုစွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲမှ ဖြာထွက်နေခြင်းပင် ဖြစ်သည်။
သူ၏ ခြေလှမ်းတိုင်းတွင် ၊ အမှောင်ထု လှိုင်းတံပိုးများက သူ၏ ခြေဖဝါးအောက်တွင် တိုးဝှေ့ကာ ထွက်ပေါ်လာတတ်သည်။
အငြိုးအတေး ဝိညာဉ်များ၊ မကောင်းဆိုးဝါးတစ္ဆေများဖြင့် ရောထွေးဖွဲ့စည်းထားသော အမှောင်ထုပန်းများသည် သူ၏ ခြေဖဝါးအောက်တွင် အလွှာလိုက် အထပ်လိုက် ပွင့်လန်းလာကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ယောင်ကွမ်အမတဂိုဏ်းမှ လူတိုင်း စိတ်နှလုံးသားများ အလွန်အမင်း တုန်လှုပ်သွားပြီး ဦးနှောက်ထဲတွင် ရှုပ်ထွေးနေကာ ၊ အကန့်အသတ်မရှိသော ကြောက်ရွံ့မှုအောက်တွင် ခြေလက်များသည် ရေခဲတုံးပမာ အေးစက်နေခဲ့သည်။
လော့ရန်ယွီသည် မျက်လုံးအကာကို စည်း နှောင်ထားသဖြင့် ရှေ့တွင်ရှိသော ထူးဆန်းသည့်မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းမရှိသော်လည်း ၊ သို့သော် သူမ၏ အာရုံခံစားမှုမှ တဆင့် လက်ရှိအခြေအနေသည် အလွန်ဆိုးရွားကြောင်း အကြမ်းဖျင်း သိရှိနိုင်သည်။
သူမ၏ စိတ်ထဲက ကြောက်ရွံ့မှုကို အတင်းဖိနှိပ်လိုက်ရင်း အေးစက်သောလေသံဖြင့် မေးမြန်းလိုက်သည်။
“ရှင်က ဘယ်သူလဲ.. ဘယ်လိုလုပ်ပြီး ချန်ကဲကို သိတာလဲ”
ထိုသို့ပြောရင်း ၊ လော့ရန်ယွီသည် သူမ၏ခါးတွင် ချိတ်ဆွဲထားသော ဓားပေါ်သို့ လက်တင်လိုက်သည်။ သူမသည် ပြန်လည်တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားသည်မှာ ထင်ရှားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ၊ သူမသည် အသက်စွန့်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။
ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသော ဤထူးဆန်းသော လူသည် လော့ရန်ယွီအား အလွန် ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေခဲ့ပြီး ၊ ဤလောကတွင် မရှိသင့်သော လူတစ်ယောက် ရှိနေသကဲ့သို့ပင်။
အကယ်၍ သူမသည် တဖက်လူ၏လက်ထဲတွင် ရှုံးနိမ့်သွားမည်ဆိုပါက ၊ စူးချန်ကဲကို ခြိမ်းခြောက်ရန် အသုံးချခံရမည်ထက် သူမကိုယ်သူမ အဆုံးစီရင်ရန် ဆန္ဒရှိသည်။
ရှစ်ထျန်းတိ့သည် လော့ရန်ယွီ၏ မေးခွန်းကို တုံ့ပြန်လိုစိတ်မရှိပုံရသည်။
“စူးချန်ကဲ ဆိုတဲ့ ဒီကောင် မျက်လုံးကတော့ သိပ်ကောင်းတာပဲ”
သူ၏ နက်မှောင်ပြီး အေးစက်သော မျက်လုံးများဖြင့် လော့ရန်ယွီကို ခေါင်းမှခြေအဆုံး ကြည့်ရှုနေသည်မှာ လော့ရန်ယွီကို တစ်ကိုယ်လုံး တုန်လှုပ်သွားစေသည်။
“ ခုလို ချောမောလှပပြီး ယှဉ်နိုင်စရာမရှိတဲ့ အရည်အချင်းနဲ့ ပေါင်းစပ်လိုက်ရင် တကယ်ကို အထင်ကြီးစရာပဲ “
“ရပ်လိုက်စမ်း ! သူခိုးကောင် ငါတို့နတ်ဘုရားမကို ချဉ်းကပ်ဖို့ မစဉ်းစားနဲ့ !”
ပြန်လည်သတိကပ်လာကြသော ယောင်ကွမ်အမတဂိုဏ်းမှ ကျင့်ကြံသူများသည် လော့ရန်ယွီကို သူတို့၏ နောက်တွင်ထားကာ ဝိုင်းရံကာကွယ်ခဲ့ကြသည်။
ဝီ !!
သူမတို့၏ အမတလက်နက်များကို ဆင့်ခေါ်လိုက်ကြပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦးကို ရင်ဆိုင်နေသကဲ့သို့ ရှစ်ထျန်းတိ့ရှိရာဘက်သို့ ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။
လက်ရှိအခြေအနေသည် အလွန်ဆိုးရွားသည်။ သူမတို့သည် ဤထူးဆန်းသော ကမ္ဘာထဲသို့ ရှင်းပြရန်မဖြစ်နိုင်သော နည်းလမ်းဖြင့် ဆွဲခေါ်ခံလိုက်ရသည်။
ထို့အပြင် လူကို မျှော်လင့်ချက်ကင်းမဲ့စေသည်မှာ ဤထူးဆန်းသော အမှောင်ထုကမ္ဘာရှိ အမှောင်ထုစွမ်းအင်သည် သူမတို့၏ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို စုပ်ယူနေသည်ဟု ခံစားနေရခြင်းပင် ။
ဤထူးဆန်းသော အမှောင်ထုကမ္ဘာထဲတွင် သူမတို့သည် အင်အားအပြည့် ထုတ်သုံးလျှင်ပင် ၊ မူလအစွမ်း၏ ၆၀%အထိသာ အသုံးပြုနိုင်သည်။
“အမှိုက်တွေ၊ ငါ မင်းတို့ကို စိတ်မဝင်စားဘူး... ငါ့ရှေ့ကနေ ဖယ်စမ်း!”
ထိုမြင်ကွင်းကြောင့် ရှစ်ထျန်းတိ့သည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝုန်း ~~ဝုန်း~~ဝုန်း!!
မျက်စိတမှိတ်အတွင်းမှာပင် ၊ ရာနှင့်ချီသော အမှောင်ထု ဆူးနွယ်ပင်များသည် မြေကြီးထဲမှ အပေါ်သို့ ထိုးထွက်လာခဲ့သည်။
ကွပ်မျက်တော့မည့်အလား ထိုးဖောက်ထွက်လာသော ဆူးနွယ်များသည် လော့ရန်ယွီကို ကာကွယ်ပေးထားသော ယောင်ကွမ်အမတဂိုဏ်းမှ ကျင့်ကြံသူများဆီသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားသည်။
“ အတင့်ရဲလိုက်တာ!”
ယောင်ကွမ်အမတဂိုဏ်းမှ ကျင့်ကြံသူများသည် နောက်မဆုတ်ဘဲ သူမတို့၏လက်ထဲက စစ်မှန် အမတလက်နက်များကို တိုက်ရိုက် အသက်သွင်းလိုက်ကြသည်။