စူးရွှမ် ရောက်ရှိလာခြင်း
Vol. 56 Ch. 738
မှောင်မိုက်နေသော အမှောင်ထုအတွင်းမှ ဖြူစင်သော အလင်းတန်းများ ဝင်းလက်တောက်ပသွားသည်။ အထူးသဖြင့် ဤအဆုံးမရှိသော အမှောင်ထုအတွင်း လွန်စွာ စူးရှတောက်ပနေသည်။
ထို့နောက် အရပ်ရှည်ရှည် ခန့်ညားချောမောသော ပုံရိပ်တစ်ခုသည် အမှောင်ထုထဲမှ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
ထိုအနှီပုံရိပ်၏ ပုံပန်းသဏ္ဍာန်သည် ပို၍ ရှင်းလာသည်နှင့်အမျှ။
လော့ရန်ယွီသည် အဆုံးတွင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုပုဂ္ဂိုလ်သည် သန့်ရှင်းစင်ကြယ်သော အဖြူထည်ကို ဆင်မြန်းထားပြီး ၊ အထူးသဖြင့် အချိန်ကာလ၏ နှင်းပွင့်များအလား ထင်မှတ်ရသော ငွေရောင်ဆံပင်များနှင့် တွဲဖက်ထားသည်မှာ သူ၏ ပင်ကိုယ်စရိုက်ကို ပို၍ ထူးကဲစေသည်။
သူ၏မျက်နှာပေါ်တွင် ကြယ်ပွင့်များအလား အလင်းမှုန်လေးများ ဖုံးအုပ်ထားသောကြောင့် သူ၏ မျက်နှာအသွင်အပြင်ကို အတိအကျ မြင်နိုင်စွမ်းမရှိသော်လည်း ၊ အပြင်ပန်းမှ ကြည့်ရုံဖြင့် ဤပုဂ္ဂိုလ်သည် အလွန် ချောမောလှပသော ယောက်ျားတစ်ဦးဖြစ်မည်မှာ သေချာသည်။
လူကို ပို၍ အံ့အားသင့်စေသည်မှာ အကန့်အသတ်မရှိသော ကြယ်ရောင်စဉ်တန်းများသည် သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဝန်းရံထားခြင်း ဖြစ်သည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ၊ အမတစွမ်းအင်များ ဖြစ်သည့် တစ်ဖန် ဓားစွမ်းအင်များလည်း ဖြစ်သည့် မှော်စွမ်းအားများ ထွက်ပေါ်လာပြီး ၊
သူ၏ ဘေးတဝိုက်တွင် စုဝေးနေသော အမှောင်ထုစွမ်းအားများကို ချက်ချင်းလက်ငင်း အရည်ပျော်ကျသွားစေသည်။
ထိုအမျိုးသားမှ လျှောက်လှမ်းလာသော လမ်းကြောင်းတစ်လျှောက်တွင် အမှောင်ထုများက ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး ၊
ယင်အစား နွေးထွေးပြီး သန့်ရှင်းစင်ကြယ်သော အဖြူရောင် နယ်ပယ်တစ်ခု ဖြစ်လာခဲ့သည်။
ရှစ်ထျန်းတိ့၏ နောက်တွင် ရှိသော အမှောင်ထုနယ်ပယ်နှင့် သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေပြီး ၊ အံ့သြဖွယ်ရာကောင်းသော အမြင်အာရုံကို ပေးစွမ်းနေခဲ့သည်။
“မင်း.... မင်းက ဒီမှာ ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ!?”
အံ့အားသင့်မှုမှ ပြန်လည် သတိကပ်လာသော ရှစ်ထျန်းတိ့သည် အလိုအလျောက် အော်ဟစ်လိုက်သည်။
ဤပုံရိပ်ကို သူ အလွန်ရင်းနှီးသည်။
သူ့ အမှောင်မူလရင်းမြစ်ကမ္ဘာ၏ ကြီးမားသော အစီအစဉ်ကို ဖျက်ဆီးခဲ့သူ၊ တစ်ချိန်က အမတဧကရာဇ်မင်း ဆယ်ဦးကို ဦးဆောင်ကာ အမှောင်မူလရင်းမြစ် ကမ္ဘာထဲသို့ ဝင်ရောက်ခဲ့သူ။
အဆုံးတွင် သူ၏အမှောင်မူလရင်းမြစ် ကမ္ဘာက တိုက်ခိုက်မှုကို ချေမှုန်းပစ်ခဲ့ပြီး သူ့ကို စိတ်ဒဏ်ရာရစေခဲ့သည့် ရန်သူကြီး --- ကျန့်ထျန်း အမတဧကရာဇ်မင်း၊ စူးရွှမ်။
သို့သော် မိမိသည် စူးရွှမ်ဆိုသည့် ဤသကောင့်သားမှာ အမတနယ်မြေရှိ အထက်လောကသို့ တတ်လှမ်းသွားပြီ ဖြစ်ကြောင်း ကြားသိထားသည်။
သို့ပါလျက် သူသည် ဤနေရာတွင် အဘယ့်ကြောင့် ထွက်ပေါ်လာရသနည်း။
ရှစ်ထျန်းတိ့ကို ပို၍ ရှုပ်ထွေးစေသည်မှာ တဖက်လူသည်လည်း မိမိကဲ့သို့ပင် စစ်မှန်အမတနယ်ပယ်အဆင့်တွင် ရှိနေသည်။
သို့သော် စူးရွှမ်၏ပုံပန်းသဏ္ဍာန်သည် အရင်အတိုင်း ရှိနေခြင်းပင်။
ထို့ကြောင့် တဖက်လူသည် ပြန်လည်မွေးဖွားကာ ကျင့်ကြံနေခြင်း မဖြစ်နိုင်ပေ။
သို့သော် ရှစ်ထျန်းတိ့၏ ထိတ်လန့်ကြောက်ရွံ့မှုနှင့် နှိုင်းယှဉ်ပါက ၊ စူးရွှမ်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခြင်းမရှိဘဲ သူ့ကို လုံးဝဂရုမစိုက်ဟန်ဖြင့် ရှိနေသည်။
ရှစ်ထျန်းတိ့ကဲ့သို့သော ခိုးကြောင်ခိုးဝှက် ကြံစည်တတ်သူများသည် သူ အလွန်မုန်တီးသော လူစားများပင် ဖြစ်သည်။
မည်သည့်အပိုစကားမှ မပြောဘဲ စူးရွှမ်သည် သူ၏ကျောနောက်တွင် သယ်ပိုးထားသော ကျန့်ထျန်းဓားကို ဆွဲထုတ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ရှစ်ထျန်းတိ့သည် ပို၍ ထိတ်လန့်သွားပြီး ဝိညာဉ်ပျက်မတတ် ဖြစ်သွားခဲ့သည်။
မူလက သူသည် အချိန်အနည်းငယ် ဆွဲဆန့်ရန် ကြံရွယ်ထားခဲ့သည်။
သို့သော် စူးရွှမ်ဆိုသော ဤသကောင့်သားသည် စကားသုံးလေးခွန်းလောက်ဖြင့် ချက်ချင်းလှုပ်ရှားလာမည်ဟု ထင်မှတ်မထားခဲ့ပေ။
သူ ထိတ်လန့်နေစဉ်တွင် ၊ သူ့နောက်တွင် ရှိနေသော လော့ရန်ယွီကို သတိပြုမိလိုက်သည်။
“စူး...စူးရွှမ်”
“ရပ်လိုက်စမ်း!”
ရှစ်ထျန်းတိ့သည် လော့ရန်ယွီကို ညွှန်ပြကာ ခြိမ်းခြောက်လိုက်သည်။
“ဒီမိန်းကလေးက မင်းရဲ့ သား စူးချန်ကဲရဲ့ ကောင်မလေးပဲ ... အနာဂတ်မှာ မင်းရဲ့ ချွေးမဖြစ်လာမှာ “
“မင်း ငါ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ် ဒါပေမဲ့ မင်းရဲ့ဓားက မင်းရဲ့ ချွေးမကိုပါ ထိခိုက်သွားမှာကို မကြောက်ဘူးလား!?”
ထိုစကားများ ထွက်လာချိန်တွင်၊
စူးရွှမ်သည် မျက်မှောက်ကြုတ်သွားသည်။
အမှန်အားဖြင့် သူသည် အပြင်းထန်ဆုံး ဓားရေးကွက်ဖြင့် လှုပ်ရှားရန် အသင့်ပြင်ဆင်ထားခဲ့သည်။
ရှစ်ထျန်းတိ့၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရင်း တစ်ချိန်တည်းမှာပင် သူ ဝင်ရောက်လာသည့် လမ်းကြောင်းမှတစ်ဆင့် ၊
သူ၏ဓားစွမ်းအင်ဖြင့် အချိန်နှင့်နေရာကို ဖြတ်သန်းကာ ရှစ်ထျန်းတိ့၏ မူလခန္ဓာကိုယ်ကို တိုက်ခိုက်မည် ဖြစ်သည်။
သို့သော် ဤထိုးနှက်တိုက်ခိုက်မှုသည် အလွန်အားကြီးသည်။
လော့ရန်ယွီသည် သူ၏ ဓားစွမ်းအင် သက်ရောက်မှုကြောင့် ထိခိုက်မည်သာမက နတ်ဘုရားလက်နက် အမတမျှော်စင်၏ နယ်မြေတစ်ဝက်သည်လည်း အမှုန့်အဖြစ် ချေမှုန်းခံလိုက်ရမည် ဖြစ်သည်။
ထိုအတိုင်းသာဆိုလျှင်ဖြင့် နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ဆောင်ရွက်ရန် စီစဉ်ထားသည့် သူ၏ အစီအစဉ်မှာလည်း လုံးဝ ပျက်ပြယ်သွားမည် ဖြစ်သည်။
တဖက်တွင်မူ ၊ ဤအပြန်အလှန် စကားပြောဆိုမှုကို ကြားလိုက်ရသော လော့ရန်ယွီမှာ အာရုံပျံ့လွင့်ရာမှ ပြန်လည် သတိကပ်လာခဲ့သည်။
“စူးရွှမ်.....?”
“ ချွေးမ....?”
လော့ရန်ယွီ၏ စိတ်ထဲတွင် အလွန်တုန်လှုပ်သွားပြီး အလွန်အမင်း အံ့အားသင့်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်မိလိုက်သည်။
“သူက ချန်ကဲရဲ့ အဖေ....”
“အမတနယ်မြေရဲ့ ဒဏ္ဍာရီ၊ ကျန့်ထျန်း အမတဧကရာဇ်မင်း...”
ယခင်က ယွင်ရွှမ်းရုံသည် ယောင်ကွမ်အမတဂိုဏ်းသို့ လာရောက်ခဲ့စဉ်က ၊ စူးချန်ကဲ၏ ဖခင်အကြောင်းကိုလည်း ပြောပြခဲ့ဖူးသည်။
စူးချန်ကဲ၏ ဖခင်သည်လည်း သူမနှင့် တွေ့ဆုံလိုကြောင်း အထူးတလည် ပြောပြခဲ့ဖူးသည်။
သို့သော် ယခုလို အခြေအနေမျိုးနှင့် တွေ့ဆုံရလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
သို့သော် တစ်ဖက်တွင် ရှိနေသော ရှစ်ထျန်းတိ့သည် ဤအကြောင်းအရာများကို လုံးဝ ဂရုမစိုက်ပုံရသည်။
မိမိ၏ စကားများကို ကြားပြီးနောက် ၊ တဖက်လူ၏ လှုပ်ရှားမှုသည် သိသိသာသာ နှေးကွေးသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် ၊
သူ၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သကဲ့သို့ ၊ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။
“ဒါ အခွင့်ကောင်းပဲ”
ချက်ချင်းဆိုသလို ၊ သူသည် သူ၏ ဦးခေါင်းထက်တွင် မျောလွင့်နေသော မဟာလမ်းစဉ် နတ်ဆိုးပုလင်းကို အသက်သွင်းလိုက်သည်။
ဝုန်း !!
ထိုအချိန်တွင် အမှောင်ထုစွမ်းအားများ စုဝေးလာပြီး ၊ လော့ရန်ယွီ၏ ဦးခေါင်းထက်တွင် အရာအားလုံးကို ဝါးမြိုရန်ဟန်ပြင်နေသော အမှောင်ထု ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းသော စုပ်ယူစွမ်းအားသည် လော့ရန်ယွီကို လုံးဝ ဝါးမြိုရန် ကြံရွယ်နေဟန်ရှိသည်။
တစ်ချိန်က အမတနယ်မြေတစ်ခွင်သို့ လှည့်လည်သွားလာခဲ့ဖူးသော ပါးနပ်သော မြေခွေးအိုကြီး အဖြစ် ၊ လက်ရှိအခြေအနေအတွက် လော့ရန်ယွီကို ဖမ်းဆီးနိုင်မှသာ သူသည် အခွင့်ကောင်းကို ဆုပ်ကိုင်နိုင်မည်ကို သိထားသည်။
သို့သော် သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် ၊
စူးရွှမ်၏ နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု လှစ်ဟသွားသည်။သူ၏ အကြံအစည်သည် အောင်မြင်သွားသည့်ပုံစံမျိုးဖြင့် ချက်ချင်းပင် သူ့ကျောပေါ်တွင် သယ်ပိုးထားသော ကျန့်ထျန်းဓားကို ဆွဲထုတ်လိုက်သည်။
“မင်းကို ငါစောင့်နေတာ ကြာပြီ “
ထိုသို့ ပြောပြီးသည်နှင့်——
ချွင်!!
စူးရွှမ်သည် ကျန့်ထျန်းဓားကို ဆွဲထုတ်ပြီးသည်နှင့် ခုတ်ပိုင်းချလိုက်သည်။ ငွေရောင်အလင်းတန်းတစ်ခုသည် အေးစက်စွာဖြင့် လျှပ်တပြက် တောက်ပသွားသည်။
ဓားသွားသည် နဂါးငွေ့တန်းပမာ တောက်ပနေပြီး ဓားကိုယ်ထည်ပေါ်တွင် မရေမတွက်နိုင်သော အမတလမ်းစဉ် အမှတ်အသားများဖြင့် အလှဆင်ယင်ထားကာ ၊ ၎င်းတို့သည် လျို့ဝှက်ဆန်းကြယ်သော ဓားစွမ်းအင်များကို ထုတ်လွှတ်ပေးနေခဲ့သည်။
ကျန့်ထျန်းဓားကို ကိုင်ဆောင်ထားသော စူးရွှမ်၏ ရောင်ဝါသည် ဤအခိုက်အတန့်တွင် လုံးဝပြောင်းလဲသွားခဲ့ချေပြီ။
သူ၏ အဝတ်အစားသည် လေတိုက်ခတ်ခြင်း မရှိဘဲ အလိုအလျောက် လှုပ်ရှားနေပြီး ၊ အဆုံးမရှိသော ဓားစွမ်းအင်များသည် ကျန့်ထျန်းဓားဆီသို့ အဆက်မပြတ် စုဝေးလာကြသည်။
သူ၏ လှုပ်ရှားမှုသည် အလွန်လှပပြီး ၊ ထို့နောက် တွန့်ဆုတ်ခြင်းမရှိ လျင်မြန်ပြီး ပြတ်သားသော ဓားချက်ဖြင့် ခုတ်ပိုင်းချလိုက်သည်။
“ မရဏဆီးနှင်း ဖျက်ဆီးခြင်း!”