← Chapters

စစ်မှန်အမတနဲ့ အမတဧကရာဇ်ကြား ခုန်ပျံကျော်လွှားနေတဲ့ သတ္တဝါဆန်းကြီး

Vol. 56 Ch. 739

စစ်မှန်အမတနဲ့ အမတဧကရာဇ်ကြား ခုန်ပျံကျော်လွှားနေတဲ့ သတ္တဝါဆန်းကြီး

Vol. 56 Ch. 739

ဤဓားရေးအကွက်မှာမူ ၊ စူးရွှမ်သည် ကနဦးအမွေအနှစ်များမှ နားလည်သဘောပေါက်ခဲ့သော ဓားလမ်းစဉ် အမွေအနှစ်တစ်ခု ဖြစ်သည်။

ဘုန်း !!!

အမှောင်ထုကမ္ဘာကြီးထဲတွင် မိုးမြေကို လှုပ်ခါစေနိုင်သော ဓားဟောက်သံများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ဓားဟောက်သံများ၏ လွှမ်းမိုးမှုအောက်တွင် ၊ ဤနေရာရှိ ကမ္ဘာကြီးသည် အချိန်နှင့်အမျှ လုံးဝ အေးခဲသွားပုံရသည်။

ဓားစွမ်းအင် လှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားပြီး အမှောင်ထု လှိုင်းတံပိုးများနှင့် ပြင်းထန်စွာ တိုက်မိကြရာ ၊ ပေါက်ကွဲမှု မှ ထွက်ပေါ်လာသော အလင်းမိုးများသည် နေရာအနှံ့ ပြန့်ကျဲသွားလေ၏။

ဓားအလင်းသည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားပြီး ၊ မူလက ရှိနေခဲ့သော အမှောင်ထုကမ္ဘာကြီးကို ဇောက်ထိုးလှန်လိုက်သကဲ့သို့ စူးရှတောက်ပသော နေ့ဘက်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

ကြောင်အမ်းနေဆဲဖြစ်သော လော့ရန်ယွီသည် အဆုံးမရှိသော ဓားစွမ်းအင်များနှင့် ဖွဲ့စည်းထားသော ဓားစွမ်းအင်မိုးပြာနဂါးတစ်ကောင်ကို မြင်လိုက်ရသည်။

စူးရွှမ်မှ ဤဓားချက်ကို ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်မှာပင် ရှစ်ထျန်းတိ့သည် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးကို အသက်သွင်းလိုက်ပြီး ၊ ရိုက်ခတ်လှုပ်ရှားနေသော အမှောင်ထုကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲကာ သူ့ရှေ့တွင် တားဆီးထားခဲ့သည်။

သူ့အနေဖြင့် ဤဓားတစ်ချက်ကို တားဆီးနိုင်စွမ်း မရှိသော်လည်း ၊ သူ ထွက်ပြေးပြီး နောက်ဆုတ်ရန်အတွက် အချိန်လုံလောက်သည်။

သို့သော် ဤတစ်ကြိမ်တွင် ရှစ်ထျန်းတိ့၏ တွက်ချက်မှုမှာ မှားယွင်းသွားခဲ့သည်။ စူးရွှမ်၏ တိုက်ခိုက်မှုသည် ရှစ်ထျန်းတိ့ကို သတ်ရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ တခြားရည်ရွယ်ချက်တစ်ခု ရှိနေခဲ့သည်။

ဝေါင်းး!!

ဓားစွမ်းအင် မိုးပြာနဂါးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

သူ၏ ကျယ်လောင်သော ပါးစပ်ကြီးကို ဟထားပြီး ၊ နဂါးကိုယ်ထည်သည် ဤကမ္ဘာရှိ ဓားစွမ်းအင်မိုးကြိုးများကို ဆွဲငင်လျက် ရှစ်ထျန်းတိ့၏ ဦးခေါင်းအထက်တွင် မျောလွင့်နေသော မဟာလမ်းစဉ် နတ်ဆိုးပုလင်းဆီသို့ ဦးတည်ကာ ပြေးဝင်သွားသည်။

“ သွားပြီ !?”

ဤမြင်ကွင်းကို မြင်လိုက်ရသော ရှစ်ထျန်းတိ့၏ မျက်နှာအရောင်သည် ချက်ချင်း ပြောင်းလဲသွားပြီး ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။

“စူးရွှမ်! ခွေးမသား ဓားလမ်းကြောင်းကို ပြောင်းလိုက်တယ်ပေါ့လေ “

“မင်းက ဒီကောင်မလေးကို ထိခိုက်သွားမှာ မကြောက်ဘူးလား!?”

စူးရွှမ်ရဲ့ ရည်ရွယ်ချက်ကို သူ မသိဘဲနေမလား?

သူ၏ ဦးခေါင်းထက်တွင် မျောလွင့်နေသော ဤနတ်ဆိုးပုလင်းသည် သူ၏ မွေးရာပါ အမတလက်နက်၏ ပုံပွားတစ်ခုသာ ဖြစ်ပေသည်။

ယင်း၌ မဟာလမ်းစဉ် နတ်ဆိုးပုလင်း၏ အနှစ်သာရနှင့် စွမ်းအားများ ပါဝင်နေသည်။

စူးရွှမ်၏ ဓားချက်မှာလည်း ဤမျှမရိုးရှင်းချေ။ ၎င်းတွင် အာကာသဆိုင်ရာ တာအိုစည်းချက်များ ပါဝင်နေခဲ့သည်။

သူသည် မဟာလမ်းစဉ် နတ်ဆိုးပုလင်း၏ ပုံပွားမှတဆင့် အချိန်မြစ်ကို တိုက်ရိုက်ဖြတ်ကျော်ကာ သူ၏ ကျန့်ထျန်းဓားဖြင့် ပုံစံအစစ်အမှန်ကို တိုက်ခိုက်ရန် ကြံရွယ်ထားခဲ့သည်။

ဤဓားတစ်ချက်၏ အင်အားသည် မဟာလမ်းစဉ် နတ်ဆိုးပုလင်းအပေါ် တွင် အလွန်ကြီးမားသော သက်ရောက်မှု မဖြစ်စေနိုင်သော်လည်း ၊ အကယ်၍ စူးရွှမ်ဆိုသော လူယုတ်မာသည် မိမိ၏ မွေးရာပါ အမတလက်နက်ပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့မည်ဆိုပါက ၊

ရှစ်ထျန်းတိ့အနေဖြင့် ထိုအရာသည် ကြောက်မက်ဖွယ်ရာကောင်းသော အချိန်ကိုက်ဗုံးတစ်ခု ဖြစ်လာနိုင်သည်။

သို့သော် တားဆီးရန်ကြိုးစားခဲ့သော်လည်း ၊ နောက်ကျသွားခဲ့ပြီပင်။

ရွှမ်း !!

ဓားအလင်းသည် ဒီရေအလား ဝင်းလက်တောက်ပသွားသည် ။

စူးရွှမ်၏ ထိန်းချုပ်မှုအောက်တွင် ၊ ဓားစွမ်းအင်သည် လော့ရန်ယွီအပေါ်တွင် အနည်းငယ်မျှပင် သက်ရောက်မှု မရှိခဲ့ချေ။

ထိုဓားတစ်ချက်သည် အာကာသဟင်းလင်းပြင်ကို ဖြိုခွဲလျက် အချိန်မြစ်ကို တိုက်ရိုက် ဖြတ်ကျော်ကာ အမှောင်ထုအာကာသအတွင်း၌ ပုန်းကွယ်နေသော မူလနတ်ဆိုးပုလင်းကို တိုက်ရိုက် ထိမှန်သွားခဲ့လျှင်ဖြင့် ၊

“ အိမ်မက်မက်နေလိုက်!”

ရှစ်ထျန်းတိ့သည် ဟစ်ကြွေးလိုက်ပြီး ၊ သူ၏မျက်လုံးများသည် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချမှတ်လိုက်သကဲ့သို့ ဝင်းလက်သွားသည်။

မည်သည့်တွန့်ဆုတ်မှုမှမရှိဘဲ အနက်ရောင်မီးလျှံများသည် သူ၏ခန္ဓာကိုယ် ဘေးပတ်ပတ်လည်တွင် ဝုန်းခနဲ တောက်လောင်လာပြီး ၊ သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးသည် အမှောင်ထု နတ်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် အာကာသဟင်းလင်းပြင်ကို ဆွဲဖြဲကာ မိမိ၏ လက်ရှိစိတ်ဝိညာဉ်ကို တိုက်ခိုက်မှုတစ်ခုအဖြစ် အသုံးချ၍ စူးရွှမ်၏ ဓားချက်ကို သွားရောက် တားဆီးခဲ့သည်။

ဝုန်း !!

အမည်မသိ အချိန်မြစ်ထဲ၌ ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အချိန်မရွေး ပြိုကျပျက်စီးနိုင်သကဲ့သို့ အချိန်မြစ်တစ်စင်းလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

ရှစ်ထျန်းတိ့သည် စူးရွှမ်မှ ထုတ်လွှတ်လိုက်သော ဤဓားတစ်ချက်ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သော်လည်း ၊ သူ၏ လက်ရှိခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်သည် ဓားစွမ်းအင်၏ ထိုးနှက်တိုက်ခိုက်မှုကို ခံလိုက်ရသည်။

ကွဲအက်သံ....

သူ၏အသွင်ပုံရိပ်သည် တဖြည်းဖြည်း ပျက်စီးကွဲအက်လာပြီး အလင်းမှုန်များအဖြစ်သို့ ကွဲထွက်ကာ ပျောက်ကွယ်သွားလေတော့သည်။

မိမိ၏ ဓားစွမ်းအင်မှာ တားဆီးခံလိုက်ရမှန်း သိရှိသွားသော စူးရွှမ်သည် မျက်ခုံးတဖက်ကို အနည်းငယ် ပင့်တင်လိုက်သည်။

သူ၏ နှုတ်ခမ်းများသည် ပျော်စရာကောင်းသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

“ ဒီကောင် သူ့ရဲ့ရုပ်သေးကို စွန့်လွှတ်ပြီး သူ့ရဲ့ မူလရင်းမြစ် ဝိညာဉ်စွမ်းအား တစိတ်တပိုင်းနဲ့ ငါ့ဓားချက်ကို တားဆီးသွားမယ်လို့ ထင်မထားဘူး “

“ငါသာ မမှားဘူးဆိုရင် ဒီကောင့်မှာ အရန်အစီအစဉ်တစ်ခု ရှိနိုင်တယ်... ဒီကောင် လက်စားချေဖို့ ပြန်လာလိမ့်မယ် ထင်တယ်”

မိုးကုတ်စက်ဝိုင်း တစ်နေရာကို စိုက်ကြည့်ရင်း စူးရွှမ်သည် အေးစက်စွာ ပြောလိုက်သည်။

“စိတ်ချ ငါမင်းကို စောင့်နေမယ်”

ရှစ်ထျန်းတိ့၏ ရန်သူဟောင်းအဖြစ် ၊ သူသည် တဖက်လူ၏ အကျင့်စရိုက်ကို ကောင်းကောင်းကြီး သိရှိထားသည်။

ထိုကဲ့သို့ ပြတ်သားစွာ ဆုံးဖြတ်ချက်ချခဲ့ခြင်းသည် တစ်နည်းအားဖြင့် သူ့တွင် အရန်အစီအစဉ်များ ရှိသည်ဟု ဆိုလိုသည်။

ဤသကောင့်သား ရှစ်ထျန်းတိ့သည် အကွက်များစွာကို ကြိုတင်စီစဉ်ထားတတ်သူအဖြစ် နာမည်ကြီးပေသည်။

………..

တစ်ချိန်တည်းမှာပင်။

အမှောင်မူလရင်းမြစ် ကမ္ဘာ။

အမှောင်ထု အမတခန်းမဆောင်၏ ပလ္လင်ပေါ်၌။

ရှစ်ထျန်းတိ့၏ မူလခန္ဓာကိုယ်သည် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်သည်။

သူ၏ ချောက်နက်အလား နက်ရှိုင်းသော မျက်ဝန်းတစ်စုံ၌ ပူပြင်းတောက်လောင်နေသော

အမျက်ဒေါသများကို မြင်တွေ့နေရသည်။

“သေနာကောင် ! သေနာကောင် ! ဒီသကောင့်သား စူးရွှမ်က ဘယ်လိုလုပ်ပြီး နတ်ဘုရားလက်နက် အမတမျှော်စင်ထဲ ရောက်နေရတာလဲ”

ရှစ်ထျန်းတိ့သည် စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်ဆဲဆိုလိုက်သည် ။

“သူက အမတနယ်မြေရဲ့ အထက်လောကကို တတ်လှမ်းသွားပြီ မဟုတ်လား!?”

“ဘယ်လိုလုပ်ပြီး အမတနယ်မြေမှာ ရှိနေသေးတာလဲ”

“နောက်ပြီး ဘယ်လိုလုပ်ပြီး ငါလိုပဲ အမတနယ်မြေကို သွားလာနိုင်ရတာလဲ!?”

သူသည် အမတနယ်မြေထဲသို့ ဝင်ရောက်သွားလာနိုင်ခြင်းမှာ မိမိ၏ ပင်ကိုယ် အမှောင်ထုစွမ်းအားကြောင့်သာ ဖြစ်သည်။

အမတနယ်မြေတစ်ခုလုံးတွင် သူတစ်ဦးတည်းသာ ဤကဲ့သို့သော အမှောင်ထုစွမ်းအားရှိပြီး ၊ အခြားသူများကို ဖျက်ဆီးကာ မိမိ၏ အမှောင်ထုရုပ်သေးများအဖြစ် ပြောင်းလဲနိုင်သည်။

စူးရွှမ်တွင် ထိုကဲ့သို့သော စွမ်းရည်မရှိချေ။ သို့သော် သကောင့်သားသည် သူ၏ ကျင့်ကြံမှုကို မည်သို့ ထိန်းချုပ်နိုင်ခဲ့သနည်း။

နေစမ်းပါဦး ! အမတဧကရာဇ်မင်း အဖြစ် ကောင်းကောင်းမွန်မွန် ရှိနေရင်းက ဘယ်လိုလုပ်ပြီး စစ်မှန်အမတ ဖြစ်သွားတာတုန်း!?

ရှစ်ထျန်းတိ့ကို ပို၍ ထိတ်လန့်တုန်လှုပ်စေခဲ့သည်မှာ ၊

စူးရွှမ် ထုတ်လွှတ်လိုက်သော ထိုဓားတစ်ချက်သည် စစ်မှန်အမတ နယ်ပယ်အဆင့်ရှိသူတစ်ဦးမှ ပြုလုပ်နိုင်သောအရာ မဟုတ်ချေ။

မည်သည့်ဓားတစ်ချက်က အာကာသကို ဆုတ်ဖြဲကာ အချိန်မြစ်ကြီးကို ဖြတ်ကျော်နိုင်သနည်း။

ထိုအရာကို အမတဧကရာဇ်မင်းများသာ လုပ်ဆောင်နိုင်သည်။

“ ဒီကောင်စူးရွှမ် တကယ့်ကို သတ္တဝါဆန်းကြီးပဲ !”

“စစ်မှန်အမတနဲ့ အမတဧကရာဇ်ကြားမှာ ခုန်ပျံကျော်လွှားနေတာ ဒါမျိုး တစ်ခါမှတောင် မကြားဖူးဘူး!”

စိတ်ကြိုက် ဒေါသပေါက်ကွဲပြီးနောက် ၊

ရှစ်ထျန်းတိ့ တစ်ယောက် အနည်းငယ် စိတ်သက်သာရာရလာခဲ့သည်။

ဤတစ်ကြိမ်တွင် သူ၏ မူလရင်းမြစ် ဝိညာဉ်စွမ်းအားဖြင့် စူးရွှမ်၏တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။

သို့မဟုတ်ပါက မိမိ၏ အဖိုးတန်လက်နက်လေးပေါ်တွင် စူးရွှမ်၏ အမှတ်အသားပြုခံလိုက်ရပါက ၊ ထိုအချိန်တွင် တကယ့်ကို အဆုံးသတ်သွားနိုင်သည်။

“ဒါပေမဲ့..... ‌တော်သေးတယ် ငါ နောက်ထပ် အရန်အစီအစဉ်တစ်ခု ချန်ထားခဲ့လို့သာပေါ့”

“နတ်ဘုရားလက်နက် အမတမျှော်စင်ထဲကို ဝင်တုန်းက ငါ့စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်တစ်ခု ဖြစ်လာတယ် ... တစ်စုံတစ်ယောက်က ငါ့နောက်ကို လိုက်နေသလို ခံစားခဲ့ရတယ်”

“ အန္တရာယ်ကင်းအောင် နတ်ဘုရားလက်နက် အမတမျှော်စင်မှာ ငါ့ရဲ့ အမှောင်ထုရုပ်သေး တစ်ခုကို ချန်ထားခဲ့တယ်....”

“စူးရွှမ်ဆိုတဲ့ကောင်.. ငါ ဒီအကွက်ကို ချန်ထားခဲ့တယ်ဆိုတာ သိမှာမဟုတ်ဘူး”

All Chapters