မှောင်မိုက်မြို့၏ ကာကွယ်စောင့်ရှောက်သူ၊ တိ့ရွှမ် လူကြီးမင်းလား
Vol. 56 Ch. 742
မြေအောက်ကမ္ဘာတစ်ခုလုံးသည် ဤအခိုက်အတန့်တွင် အပြင်းအထန် လှုပ်ခါနေခဲ့သည်။
ဝုန်း !!
ထိတ်လန့်ဖွယ်ရာကောင်းသော အသံနှင့်အတူ ၊ ဧရာမ လက်သည်းကြီးနှစ်ချောင်းသည် မြေကြီးထဲမှ ထိုးဖောက်ထွက်လာခဲ့သည်။
ဧရာမလက်သည်းကြီးများသည် ဟိမဝန္တာတောင်တန်းများကဲ့သို့ပင် ကြီးမားပြီး ၊ သူ၏ လက်သည်းတိုင်းသည် မိုးမြေတစ်ခုလုံးကို ဆွဲဖြဲနိုင်သော အဆုံးစွန်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ထို့နောက်တွင် ဧရာမ လက်သည်းကြီးသည် ချောက်ကမ်းပါးကြီး၏ အစွန်းကို တစ်ချက်တည်းဖြင့် ဆွဲကိုင်ကာ ထိုအရာကို အားပြု၍ ရုန်းထလာခဲ့သည်။
ဤမျှကြောက်မက်ဖွယ်ရာ ကောင်းသော အင်အားအောက်တွင် ၊ မြေကြီးသည် လုံးဝ ပွင့်ထွက်သွားသည်။
မြေပြင်ပေါ်တွင် လှည့်လည်သွားလာနေသော သံမဏိစက်ရုပ်များနှင့် တလက်လက် တောက်ပနေသော သစ်ပင်များသည် အဝေးသို့ လွင့်စင်သွားကြသည်။
ဝုန်း !!
ထို့နောက် နိယာမစွမ်းအားများသည် မိုးကောင်းကင်သို့ ဆန်တက်သွားပြီး ဆူနာမီလှိုင်းသဖွယ် နေရာအနှံ့ လွင့်စဉ်ရိုက်ခတ်သွားသည်။
နိယာမစွမ်းအားများ၏ တိုက်ခတ်မှုအောက်တွင် ကွဲအက်ပျက်စီးနေသော မြေကြီးအပိုင်းအစများသည် ပေတစ်ရာထိ မြင့်မားသော ကုန်းမြင့်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
အဆက်မပြတ် ထိုးထွက်နေသော ကုန်းမြင့်များ၏ အလယ်ဗဟိုတွင် ဧရာမ မြေကျွံပေါက်ကြီးတစ်ခု ပွင့်သွားသကဲ့သို့ ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများသည် ၎င်းအတွင်းသို့ လှိမ့်ဝင်သွားသည်။
ထိတ်လန့်စရာကောင်းသော အသံနှင့်အတူ ၊
နတ်တောင်ကဲ့သို့ မြင့်မားသော သတ္တဝါကြီးတစ်ကောင်သည် ကွဲအက်ပျက်စီးနေသော မြေကြီးထဲမှ ထိုးထွက်လာသည်။
နဂါးဦးခေါင်းကဲ့သို့ ရွှေနက်ရောင်အဆင်းရှိပြီး ၊ ၎င်း၏ ဧရာမ သံကိုယ်ထည်ကြီးသည် လူသားတစ်ယောက်၏ ပုံသဏ္ဍာန်ကို ပြသခဲ့သည်။
ခေါင်းပေါ်တွင် ငရဲသားများကဲ့သို့ ဦးချိုနှစ်ချောင်း ရှိပြီး ၊ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားများဖြင့် ဖုံးလွှမ်းနေသည်။
အထူးသဖြင့် သံမဏိသားရဲကြီး၏ ရင်ဘတ်တွင် ထည့်သွင်းထားသော စွမ်းအင်ဗဟိုချက်သည် အကြမ်းဖက်ပြီး ဖျက်စီးနိုင်စွမ်းရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
၎င်းသည် ဤနေရာရှိ ဖျက်ဆီးနိုင်စွမ်း ရှိသော စွမ်းအားအားလုံး၏ အရင်းအမြစ် ဖြစ်ပုံရသည်။
မှောင်မိုက်မြို့အတွင်းရှိ သံမဏိစက်ရုပ်များသည် အကြမ်းဖက်စွမ်းအားများဖြင့် ပျက်စီးယိုယွင်းနေကြသည်မှာ ၎င်းနှင့် ခွဲမရအောင် ဆက်စပ်နေသည်။
စူးချန်ကဲမှာ အံ့အားသင့်ရန်ပင် အချိန်မရလိုက်ချေ။
ဘေးတစ်ဖက်ရှိ အားရှင်းသည် ကြောက်ရွံ့တုန်လှုပ်နေပြီး မယုံကြည်နိုင်သော လေသံဖြင့် ဆိုလိုက်သည်။
“ ဒါ.... တိ့ရွှမ် လူကြီးမင်းပဲ”
“တိ့ရွှမ် လူကြီးမင်းက စွမ်းအင်ဆုံးရှုံးပြီး အိပ်ပျော်သွားတာ ကြာပြီမဟုတ်လား..... “
“ဘယ်လိုလုပ်ပြီး ရုတ်တရက် နိုးထလာရတာလဲ....”
“ပြီးတော့.... ဘယ်လိုလုပ်ပြီး ဒီထူးဆန်းတဲ့ စွမ်းအားက သူ့ကို ဝါးမျိုထားတာလဲ”
“တိ့ရွှမ် လူကြီးမင်း?”
စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် ရှုပ်ထွေးသွားသော အမူအရာဖြင့် ရှိနေသည်။
အားရှင်းက ရှင်းပြလိုက်သည်။
“တိ့ရွှမ် လူကြီးမင်းက.... ကျောက်ဟွအရှင်ကိုယ်တိုင် ဖန်တီးခဲ့တာပဲ.....”
“တိ့ရွှမ် လူကြီးမင်းက အားရှင်းထက် စောတယ်.... စွမ်းအင်ကလည်း အားရှင်းထက် အများကြီး ပိုအားကောင်းတယ်.... သူက မှောင်မိုက်မြို့ရဲ့ ကာကွယ်စောင့်ရှောက်သူလည်း ဖြစ်တယ်.... မှောင်မိုက်မြို့ရဲ့ စည်းမျဉ်းကို ထိန်းသိမ်းဖို့ သူ့မှာ တာဝန်ရှိတယ်.....”
“ဒါပေမဲ့... တိ့ရွှမ် လူကြီးမင်းက အဲ့နှစ်တုန်းက တိုက်ပွဲကြီးအပြီးမှာ...စွမ်းအင်ဗဟိုချက် ပျက်စီးသွားပြီး အထဲက နိယာမစွမ်းအင်တွေ ကုန်ခန်းသွားကာ ထာဝရ အိပ်ပျော်သွားခဲ့တယ်..”
“ ယုတ္တိကျကျ ပြောရရင် ၊ သူက ဘယ်လိုမှ နိုးထလာနိုင်မှာ မဟုတ်ဘူး...ဒါပေမဲ့ ဘာကြောင့်လဲ.... အခု သူက နိုးထလာရုံတင်မကဘူး သူ့ဆီကနေ ထွက်လာတဲ့ ရောင်ဝါတွေကတောင် ဘာလို့ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းနေရတာလဲ”
..............
အလင်းမြို့၏ ခန်းမဆောင်ထဲတွင် ၊
စူးချန်ကဲ၏ နောက်သို့ လိုက်လာကြသော ထျန်းဟိုင်ဓားဂိုဏ်းမှ ပါရမီရှင်များသည် ခန်းမဆောင်ထဲရှိ အက်ကွဲကြောင်းကြီးကို မြင်တွေ့ခဲ့ရသည်။
သူတို့သည် ဝူကျီအောက်ထျန်း၏ တားဆီးမှုကို လျစ်လျူရှုကာ ထိုမြေအောက် အက်ကြောင်းကြီးမှတစ်ဆင့် မှောင်မိုက်မြို့ထဲသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်စဉ် ၊
အဆိုပါမြေအောက် အက်ကြောင်းကြီးထဲမှ ထိတ်လန့်ဖွယ်ရာကောင်းသော အသံကို ကြားခဲ့ရသည်။
ထိုအတွင်းမှ ပျံ့နှံ့လာသော ကြောက်ခမန်းလိလိ နိယာမစွမ်းအားများသည် ထျန်းဟိုင်ဓားဂိုဏ်းမှ ပါရမီရှင်များကို တုန်လှုပ်သွားစေပြီး ၊ ၎င်းတို့သည် ကြောက်ရွံ့ထိတ်လန့်သော အမူအရာများကို ပြသခဲ့သည်။
“ဒီစွမ်းအား..... ဒီစွမ်းအားက စစ်မှန်အမတနယ်ပယ်အဆင့်ရှိတဲ့သူထက် အများကြီး ကျော်လွန်နေတယ်.....”
ယွင်ချင်းဟုန်က အံ့အားသင့်စွာဖြင့် ဦးစွာ အော်ဟစ်လိုက်သည်။
“ဒီမြေအောက်ထဲမှာ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးတစ်ကောင် ပုန်းအောင်းနေတာလား !?”
“ သွားပြီ.....ဒေါသတကြီး ဟိန်းဟောက်သံကိုကြည့်ရင် သတ္တဝါကြီးတစ်ကောင် နိုးထလာပုံပဲ...အသံနဲ့တင် ဒီလောက်ထိ ကြောက်စရာကောင်းတာ...”
“သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့သာ ဆိုရင်၊ ဒီမြေအောက်ကမ္ဘာ တစ်ခုလုံးကို ဇောက်ထိုးလှန်ပစ်နိုင်တယ် မဟုတ်လား “
ထိုအရာကို တွေးမိပြီး ၊ ယွင်ချင်းဟုန်နှင့် ထျန်းဟိုင်ဓားဂိုဏ်းမှ ပါရမီရှင်များ၏ မျက်နှာအမူအရာတို့သည် တစ်ဖန် ပြောင်းလဲသွားခဲ့သည်။
မည်ကဲ့သို့သော ဖြစ်တည်မှုက အော်ဟစ်သံ တစ်ခုတည်းဖြင့် ဤမျှကြီးမားသော အင်အားကို ထုတ်လွှတ်နိုင်သနည်း ။
တစ်ချိန်တည်းမှာပင် ၊ ဘေးတစ်ဖက်ရှိ ဝူကျီအောက်ထျန်း ခမျာ ခါးသီးစွာဖြင့် ပြောရှာလေသည်။
“ ကျွန်တော်ပြောသားပဲ ၊ ကျွန်တော်တို့ စူးချန်ကဲနောက်ကို လိုက်လို့ မဖြစ်ပါဘူးဆို “
စူးချန်ကဲ၏ ခွန်အားသည် လွန်စွာ အားကောင်းသည်မှာ အမှန်ပင်ဖြစ်သော်လည်း ၊ သို့သော် ထိုသကောင့်သားသည် မည်သည့်အကြောင်းရင်းမျှ မရှိဘဲ အကျပ်အတည်းအမျိုးမျိုးနှင့် ကြုံတွေ့ရလေ့ရှိသည်။
စူးချန်ကဲသည် သူ၏ကြီးမားသော ခွန်အားဖြင့် အန္တရာယ်ကို ချောမွေ့စွာ ဖြေရှင်းနိုင်သည်။
သို့သော် သူတို့သည် စူးချန်ကဲ ကဲ့သို့သော ကြီးမားသော ခွန်အားမျိုး မရှိပေ။ တကယ်တန်း တိုက်ခိုက်ကြမည်ဆိုပါက ၊ သူတို့သာလျှင် ဧကန်မုချ သေရပေလိမ့်မည်။
……….
နောက်ကနေ လိုက်လာကြသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များသည်လည်း ကြောက်မက်ဖွယ်ရာကောင်းသော ဟိန်းဟောက်သံကို ကြားလိုက်ရပြီးနောက် ၊ ၎င်းတို့၏ မျက်နှာအမူအရာသည် အလွန် ကြည့်ရဆိုးနေခဲ့သည်။
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များသည် ထိုဟိန်းဟောက်သံကြောင့် ကြောက်ရွံ့ထိတ်လန့်သွားကြပြီး ၊ ထိပ်တန်း ပါရမီရှင်နှစ်ဦးကို တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်ကြသည်။
“အစ်...အစ်ကိုကြီး........ ရှေ့က အခြေအနေက သိပ်မကောင်းဘူး ... ဒီဟွရှင်းရှေးဟောင်းမြို့ထဲမှာ တစ်စုံတစ်ခု နိုးထလာသလိုပဲ”
“ခုနက ပေါက်ကွဲထွက်ပေါ်လာတဲ့ အင်အားကို ကြည့်ရင်၊ ကျွန်တော်တို့ ဆက်ပြီး နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားမယ်ဆိုရင် ကြီးမားတဲ့ အန္တရာယ်နဲ့ ကြုံရနိုင်တယ် “
“အစ်ကိုကြီး ကျိုးအတွက် လက်စားချေဖို့က အရေးကြီးတယ်... ဒါပေမဲ့ ကျွန်တော်တို့ အသက်ဆုံးရှုံးသွားရင် ဘယ်လိုလက်စားချေကြမလဲ...”
ပတ်ဝန်းကျင်ရှိ လူတိုင်း၏ ဆွေးနွေးသံများကို နားထောင်ရင်း ၊
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ထိပ်တန်းပါရမီရှင် နှစ်ဦး ဖြစ်သော ကျန်းယွီကျင်းနှင့် ချူးရှောင်တို့သည် လေးနက်သော အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အတွေးများကို ဖလှယ်နေသဟန် ရှိသည်။
“ဟွရှင်းရှေးဟောင်းမြို့မှာ ဒီလို ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်ပေါ်လာတာ”
ကျန်းယွီကျင်းက ဦးစွာ ပြောလိုက်သည်။
“ သေချာတယ် အထဲမှာ ကံကြမ္မာကို ဆန့်ကျင်နိုင်တဲ့ အခွင့်အလမ်းတစ်ခု ပေါ်ထွက်လာတာပဲ ဖြစ်ရမယ်”
“မှန်တယ်၊ အစောက အထဲကို ဝင်သွားတဲ့ ဓားသမားက တားမြစ်ချက်တစ်ခုခုကို ထိမိပြီး အိပ်ပျော်နေတဲ့ ရှေးဟောင်း သားရဲတစ်ကောင်ကို နှိုးဆော်လိုက်တာပဲ ဖြစ်ရမယ်”
ချူးရှောင်က ဆက်စပ်ပြောသည်။
“ဒီအမည်မသိတဲ့ ရှေးဟောင်းသားရဲကနေ ထွက်ပေါ်လာတဲ့ အင်အားက အတော်လေး ကြောက်စရာကောင်းပေမယ့် ဒါပေမဲ့ ငါတို့ အထဲကို မဝင်သရွေ့ ငါတို့ကို ထိခိုက်မှာ မဟုတ်ဘူး”
“ ပြီးတော့ ငါတို့ အပြင်ဘက်မှာ စောင့်နေမယ်..လှုပ်ရှားမှုတွေ ပြီးဆုံးသွားတဲ့အခါ ဒါမှမဟုတ် အဲ့ဓားသမားနဲ့ ရှေးဟောင်း သားရဲ အပြင်းအထန် တိုက်ခိုက်ပြီးတဲ့အခါမှသာ....”
“ ငါတို့ က အထဲကို ဝင်ပြီး အကျိုးအမြတ်ကို ကောက်သိမ်းရုံပဲ ....ဒါက မကောင်းဘူးလား”
ထိုစကားများ ထွက်လာချိန်တွင် ၊ မူလက အလွန် စိုးရိမ်ပူပန်နေခဲ့သော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်များမှာ စိတ်သက်သာရာ ရသွားကြသည်။
ဟုတ်သားပဲ!
အထဲကို မဝင်သရွေ့ ဘယ်လိုလုပ် သူတို့ကို ထိခိုက်မှာလဲ!
အခြေအနေမကောင်းရင် တန်းပြီးပြေးရုံပေါ့!
ထိုဓားသမားနှင့် အမည်မသိ ရှေးဟောင်းသားရဲတို့ အပြင်းအထန် တိုက်ခိုက်ပြီးမှသာ သူတို့သည် အကျိုးကျေးဇူးများကို အသာလေး ရိတ်သိမ်းပေတော့မည်။
……….
တစ်ချိန်တည်းမှာပင်။
တိ့ရွှမ်မှ ထုတ်လွှတ်လိုက်သော ထိတ်လန့်ဖွယ်ရာ ဟိန်းဟောက်သံသည် ကြောက်မက်ဖွယ်ရာ ကောင်းသော ဖိအားများကို ဆောင်ကျဉ်းလျက် နတ်ဘုရားလက်နက် အမတမျှော်စင်ရှိ ထောင့်တိုင်းသို့ တစ်ဖန် ပျံ့နှံ့သွားသည်။
ယင်းက အတွင်းသို့ ဝင်ရောက်စူးစမ်းလေ့လာနေသော ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
အထူးသဖြင့် ဟွရှင်းရှေးဟောင်းမြို့ထဲတွင် စူးစမ်းလေ့လာနေသော ကျင့်ကြံသူများနှင့် ဟွရှင်းရှေးဟောင်းမြို့သို့ လာရောက်နေကြသော ကျင့်ကြံသူများမှာ အသံထွက်လာရာဘက်သို့ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။
“ဟမ်.... ဟွရှင်းရှေးဟောင်းမြို့ရဲ့ အတွင်းပိုင်းမှာ ဘာတွေ ဖြစ်နေတာလဲ!?”
“ စောနက ရုတ်တရက် ပေါ်လာတာကို ဓားစွမ်းအင်ကို ခဏထားလိုက်ဦး...အခုလည်း ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ ကြမ်းကြုတ်တဲ့ သားရဲအသံ ထွက်ပေါ်လာရတာလဲ.....!?”
“ အသံလားရာကို ကြည့်ရတာ.. ဟွရှင်းရှေးဟောင်းမြို့ရဲ့ မြေအောက်ပိုင်းမှာ ရှိနေသလိုပဲ...မဟုတ်မှလွဲရော ဟွရှင်းရှေးဟောင်းမြို့ရဲ့ မြေအောက်ပိုင်းမှာ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု နိုးထလာတာများလား”
“ မဖြစ်ဘူး... ဒီမှာ ဆက်နေလို့ မဖြစ်ဘူး၊ မြန်မြန်ဆန်ဆန် ထွက်ခွာရမယ်”
“ကံကြမ္မာထက် အသက်က ပိုအရေးကြီးတယ်”
“ တုံးအတဲ့လူတွေ! ထူးချွန်တဲ့ ပါရမီရှင်တွေ အများအပြား အဲ့ကိုသွားနေကြတာ ငါ တွေ့ခဲ့တယ် ..သူတို့လည်း ခုဆို အဲ့သားရဲနဲ့ ထိပ်တိုက်တွေ့နေလောက်ပြီ!”
“သူတို့တွေ အဲ့သားရဲကို သတ်ပြီးတဲ့အချိန်ကြမှ ငါတို့က တိုက်ရိုက် ဝင်ရောက်ပြီး အကျိုးကျေးဇူး ယူလိုက်ရုံပဲ...ဒါက မကောင်းဘူးလား”
“ ဟားဟား! ဆိုရိုးစကားအတိုင်း ကံကောင်းခြင်းက ရဲရင့်သူကိုပဲ မျက်နှာသာပေးတာမို့... အားလုံး ကျုပ် အရင်သွားလိုက်ဦးမယ်!”
“………”
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်များကဲ့သို့ပင် ၊ ထိုသို့ကြံရွယ်ထားသော ကျင့်ကြံသူများလည်း ရှိသေး၏။
မည်သို့ပင်ဖြစ်စေ မုန်တိုင်းကြီးလေ၊ ငါးဈေး ပိုကြီးလေ ဖြစ်သည်။
အရေးကြီးဆုံးမှာ အစောပိုင်းက ပြင်းထန်သော ဓားစွမ်းအင်ကို ထုတ်ဖော်ပြသခဲ့သော လူ့ဘီလူးဓားသမားသည် ထိုနေရာတွင် ရှိနေသေး၏။
ထိုသူရှိနေသရွေ့ ကောင်းကင်ကြီး ပြိုကျလာရင်တောင် သူတို့ကို ထိမှန်လိမ့်မည် မဟုတ်ချေ။