ဝူရွှမ်မြို့၏ အုပ်စိုးသူ
Vol. 17 Ch. 167
ဤစကားတစ်ခွန်းတည်းက ကြွင်းကျန်နေသော ချန်မိသားစုဝင်များ၏ နောက်ဆုံး မျှော်လင့်ချက်ကို ငြိမ်းသတ်လိုက်သည်။
ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ နည်းလမ်းများသည် ပြတ်သားလွန်းပေ၏။
အစမှအဆုံးထိ ၁၅မိနစ်အောက်သာ ကြာမြင့်ခဲ့သည်။
ထိပ်သီးကျင့်ကြံသူများ အပါအဝင် ချန်မိသားစုမှ လူထောင်ပေါင်းများစွာအပြင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ဘိုးဘေးများနှင့် ချန်မိသားစု ခေါင်းဆောင်ပင်လျှင် အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရသည်။
သူတို့အနက် တစ်ယောက်မျှ အသက်ရှင်ရက် မကျန်တော့ချေ။
လူ မဆိုထားနှင့် ကိုယ်လက်အင်္ဂါပြည့်စုံသော အလောင်းတစ်လောင်းမျှပင် မကျန်ရစ်ခဲ့ပေ။
သူတို့သည် အမှုန်အမွှားများနှင့် သွေးမြူမှုန်များအဖြစ် ကြေမွသွားခြင်း သို့မဟုတ် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံလိုက်ရခြင်းတို့နှင့် ကြုံတွေ့လိုက်ရသည်။
ပတ်ဝန်းကျင်နေရာတဝိုက်သည် ငရဲနယ်မြေတစ်ခုနှင့် တူညီနေပေ၏။
ထူထပ်သိပ်သည်းသော သွေးညှီနံ့သည် မိုင်ပေါင်းများစွာအကွာထိ ပျံ့လွင့်နေသည်။
နံဘေးမှ ကြည့်ရှုနေသူ အားလုံး ကြောက်လန့်တကြား ဖြစ်နေကြကာ သူတို့အားလုံး လေအေးတစ်ချက်စီ ရှိုက်လိုက်ကြသည်။
"ဒီနန်ကုန်းမိသားစုက တကယ့်ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ..."
"ဒီလောက်ထိ ကြီးမားတဲ့ ချန်မိသားစုကြီးက ခုလိုမျိုး ပျောက်ကွယ်သွားပြီ..."
"အဲ့ဒါက လူတစ်ထောင်ကျော်နော်..."
"သူတို့ထဲမှာ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတွေတောင် ပါသေးတယ်..."
"ကြက်အကောင်တစ်ထောင်ကို သတ်တာတောင် ဒီလောက် မလွယ်ကူဘူး မဟုတ်လား..."
ဤှသည်မှာ ကြောက်စရာ ကောင်းလွန်းသည်။
မူလက လူတချို့သည် ဖရိုဖရဲဖြစ်မှုများကြားတွင် အခွင့်ကောင်းယူရန် ဆန္ဒရှိခဲ့ကြသော်လည်း ယခုအချိန်၌ သူတို့သည် ဝေးနိုင်သမျှ ဝေးဝေးသို့ ထွက်ပြေးရန်သာ ဆန္ဒရှိကြတော့သည်။
ရက်ရက်စက်စက် သတ်ဖြတ်ရသည်ကို အသားကျသွားပြီဖြစ်သော ထိုကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုက သူတို့ကိုလည်း ပေါင်းပင်များကဲ့သို့ ရှင်းလင်းပစ်လိုက်မည်ကို သူတို့ ကြောက်ရွံ့နေကြသည်။
ချန်မိသားစုဝင်များ အမြစ်ပြတ်သုတ်သင်ခြင်း ခံလိုက်ရပြီးနောက်...
နန်ကုန်းရှန်ထျန်းသည် ပြန်လည်တိုက်ခိုက်ရန် အမိန့်ထုတ်ပြန်လိုက်၏။
"နန်ကုန်းမိသားစုဝင် အားလုံး... ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြစမ်း... ငါတို့ ချန်မိသားစုကို သွားသိမ်းပိုက်မယ်..."
"မိသားစုခေါင်းဆောင်ရဲ့ အမိန့်ကို နာခံပါတယ်..."
နန်ကုန်းမိသားစုဝင်များအားလုံး စိတ်လှုပ်ရှားနေကြသည်။
ယခင်က သူတို့၏ အင်အားသည် မကြီးမားခဲ့ဘဲ နေရာတိုင်းတွင် ပထမတန်းစား မိသားစုသုံးခု၏ ဖိနှိပ်ချုပ်ကိုင်မှုကို ခံခဲ့ရသည်။
သူတို့၏မိသားစုသည် အုပ်စိုးသူအရှင် အမွေအနှစ်ကို ရရှိပြီးသည့်တိုင် ပထမတန်းစား မိသားစုခေါင်းဆောင် သုံးဦးက သူတို့ကို လာရောက်၍ဖိအားပေးခဲ့ကြသည်။
ထိုအချိန်က သူတို့သည် အလွန်အမင်း နစ်နာခဲ့ရသည်ဟု ခံစားမိပေ၏။
သို့သော် ယခုအချိန်တွင်မူ အခြေအနေများအားလုံး ပြောင်းပြန်လှန်သွားပြီဟု ပြောနိုင်သည်။
ပထမတန်းစား မိသားစုခေါင်းဆောင် သုံးဦးသည် နာမည်မဲ့မြို့တော်ကို နှစ်ပေါင်းများစွာကြာအောင် ထိန်းချုပ်ထားခဲ့သည်။
ယနေ့သည် နန်ကုန်းမိသားစုမှ အရှင်သခင်ဖြစ်ရမည့် အလှည့်ပင်။
နန်ကုန်းမိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များသည် အတူတကွ ထွက်ခွာလာကြပြီး သူတို့၏ပစ်မှတ်ဖြစ်သော ချန်မိသားစုဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေပေ၏။
ချန်မိသားစုက နန်ကုန်းမိသားစုကို တိုက်ခိုက်ခြင်း၏ရလဒ်သည် အရပ်မျက်နှာအဘက်ဘက်သို့ လျှင်မြန်စွာ ပျံ့နှံ့သွားပြီး မြို့တစ်မြို့လုံးကို ချက်ချင်းထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
"ဘာပြောလိုက်တယ်... ချန်မိသားစု အမြစ်ပြတ်သုတ်သင်ခံလိုက်ရပြီးတော့ နန်ကုန်းမိသားစုက အနိုင်ရသွားတာလား..."
"မင်း နောက်နေတာလား... ဒုတိယတန်းစား မိသားစုတစ်စုက ပထမတန်းစား မိသားစုတစ်စုကို အမြစ်ပြတ်သုတ်သင်လိုက်တာလို့ ပြောချင်တာလား..."
"ဒါက ယုံကြည်ဖို့ အရမ်းခက်ခဲတယ်ဆိုတာ ငါ သိတယ်... ဒါပေမဲ့ အမှန်တရားကတော့ အဲ့ဒီလိုပဲ..."
ဤသတင်း စတင်ထွက်ပေါ်လာစဉ်က မည်သူမျှ မယုံကြည်ခဲ့ကြပေ။
သို့သော် ထိုကိစ္စဖြစ်ပွားချိန်၌ နံဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေသူ အရေအတွက်မှာ မနည်းလှချေ။
တစ်ယောက်ပြီးတစ်ယောက် သက်သေထွက်ဆိုလာကြသည်နှင့်အမျှ...
မည်မျှထိ ယုံကြည်ရခက်ပါစေ လူများအားလုံး ယုံကြည်လိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ လူတစ်ယောက်သည် လိမ်ကောင်းလိမ်နိုင်သော်လည်း လူများအားလုံး လိမ်ညာနေရန်မှာမူ မဖြစ်နိုင်ချေ။
ထို့နောက် နန်ကုန်းမိသားစုဝင်များ၏ ပုံရိပ်များသည် နာမည်မဲ့မြို့တော်ကို ဖြတ်ကျော်သွားကြသည်နှင့်အမျှ...
ဤသတင်းသည် လုံလုံးလျားလျား အတည်ပြုချက် ရရှိသွားခဲ့သည်။
ဤသည်မှာ နာမည်မဲ့မြို့တော် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း လူများအားလုံးကို နားလည်သဘောပေါက်သွားစေခဲ့သည်။
နာမည်မဲ့မြို့တော်ကို အချိန်ကြာမြင့်စွာ လွှမ်းမိုးချုပ်ကိုင်ထားခဲ့သော ချန်မိသားစု မရှိတော့ချေ။
သူတို့၏နေရာတွင် နန်ကုန်းမိသားစုသည် ကြယ်တစ်ပွင့်အလား ထွန်းတောက်လာခဲ့ပေ၏။
လီမိသားစု...
လီမိသားစုခေါင်းဆောင် လီယန်အန်းနှင့် လီမိသားစုဝင်များသည် ဤသတင်းကို ရရှိချိန်၌ လူများအားလုံး သစ်သားရုပ်ထုများအလား နေရာမှာပင် ကြက်သေသေသွားကြသည်။
"ချန်မိသားစုက လူအင်အား တစ်ထောင်ကျော်နဲ့ သွားတိုက်ခိုက်ခဲ့ပြီးတော့ အဆင့်မြင့်မိသားစုဝင်အားလုံးနဲ့ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင်ကြံသူ နှစ်ယောက် ပါတာတောင်... သူတို့အားလုံး တိုက်ပွဲမှာ သေဆုံးသွားကြတယ်..."
"နန်ကုန်းမိသားစုက အစကနေအဆုံးထိ လူတစ်ယောက်မှ မဆုံးရှုံးခဲ့ဘူး..."
လီယန်အန်းသည် သတင်းပေးပို့ချက်ကို ကြည့်ပြီးနောက် သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူ၏ရင်ဘတ်နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။ သူ၏စိတ်နှလုံးသားထဲတွင် လှိုင်းလုံးကြီးတစ်ခု မြင့်တက်လာသဖြင့် သူ မွန်းကြပ်လာသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါက အရမ်းကို ယုံကြည်ရခက်လွန်းတယ်..."
မဟာအကြီးအကဲ၏မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် မျက်လုံးအိမ်မှ ကျွတ်ထွက်လာလုနီးပါးပင်။
"အဲ့ဒီ ချန်မိသားစုမှာ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင်ကြံသူ နှစ်ယောက်တောင် ရှိနေတယ်..."
"အဲ့ဒီလောက် အင်အားမျိုး ရှိနေတာတောင် နန်ကုန်းမိသားစုရဲ့ မိသားစုဝင်တစ်ယောက်တောင် မထိခိုက်ဘဲနဲ့ အမြစ်ပြတ်သုတ်သင်တာကို ခံလိုက်ရတယ်..."
"ဒီနန်ကုန်းမိသားစုက ဘယ်လို ကံကောင်းခြင်းမျိုး ရှိနေတာလဲ မသိဘူး... ပထမက အုပ်စိုးသူအရှင် အမွေအနှစ်ကို သူတို့ ရခဲ့တယ်... အခုကျတော့ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ဝှက်ဖဲကြီး သူတို့မှာ ရှိနေပြန်ပြီ..."
"ကံကောင်းလို့ မိသားစုခေါင်းဆောင်က အမြော်အမြင် ကြီးမားပြီးတော့ ပါဝင်မပတ်သက်ခဲ့တာ... မဟုတ်ရင် ငါတို့ လီမိသားစုလည်း ချန်မိသားစုလို ကံကြမ္မာမျိုးနဲ့ ကြုံတွေ့ရနိုင်တယ်..."
ထိုအကြောင်းကို ပြောလိုက်ချိန်၌ မဟာအကြီးအကဲ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
လက်ရှိနေရာတွင် ရှိနေသော လူများအားလုံးအနက် တစ်ယောက်မကျန် သူတို့၏စိတ်နှလုံးသားထဲတွင် လှိုင်းထန်နေသော ခံစားမှုကို ခံစားနေကြရသည်။
မူလက သူတို့ထံတွင် မကျေနပ်ချက်များများ ရှိခဲ့ကြပြီး မိသားစုခေါင်းဆောင်က ဝမ်မိသားစု၏ လုပ်ရပ်များအပေါ် အခြေခံပြီး အတွေးလွန်ကာ ကောက်ချက်ချခဲ့သည်ဟု သူတို့ ထင်မှတ်ခဲ့ကြ၏။ ထို့ကြောင့် အုပ်စိုးသူအရှင် အမွေအနှစ်ကို ယှဉ်ပြိုင်မည့် အခွင့်အရေးကို ချန်မိသားစုက အလကားသက်သက် စွန့်လွှတ်လိုက်သည်ဟု သူတို့ ခံစားခဲ့ကြရသည်။
ယခု ကြည့်ရသလောက် လီယန်အန်းဟူသော ဤမိသားစုခေါင်းဆောင်သည် အလွန်အမြော်အမြင် ကြီးမားခဲ့ခြင်းပင်။
သူတို့ထံ၌ ကြောက်ရွံ့မှု အနည်းငယ် ကျန်ရှိနေကာ သူတို့အားလုံး လက်ရှိအခြေအနေအတွက် စိုးရိမ်မကင်း ဖြစ်နေကြသည်။
"မိသားစုခေါင်းဆောင်... ကျွန်တော်တို့ နောက်တစ်ဆင့် ဘာလုပ်ကြမလဲ..."
သူတို့၏ မူလအစီအစဉ်တွင် ချန်မိသားစုက အခြေအနေကို ဦးစွာအတည်ပြုပြီးသည်အထိ စောင့်ဆိုင်းရန်နှင့် လီမိသားစုက အခြေအနေကိုကြည့်၍ အုပ်စိုးသူအရှင် အမွေအနှစ် အတွက် ယှဉ်ပြိုင်ရန်ပင်။
သို့သော် ယခုကြည့်ရသလောက် ဤ အုပ်စိုးသူအရှင်အမွေအနှစ်သည် လီမိသားစုကို တပ်မက်ခွင့်ပေးမည့်ပုံ မဟုတ်ချေ။
နန်ကုန်းမိသားစု၏ထွန်းတောက်လာမှုကို တားဆီး၍ မရနိုင်ကြောင်း သူတို့ ကြိုတင်၍ တွေးမြင်နိုင်သည်။
နာမည်မဲ့မြို့တော်၏ အာဏာဖွဲ့စည်းပုံသည် လျင်မြန်စွာဖြင့် အသစ်ပြန်လည်ဖွဲ့စည်းနေလေပြီ။
ဤမုန်တိုင်းအတွင်း လီမိသားစုသည် သူတို့ကိုယ်သူတို့ မည်သို့ နေရာချထားသင့်သနည်း။
ဤသည်မှာ လီမိသားစု လက်ရှိ ရင်ဆိုင်နေရသည့် အရေးကြီးဆုံး ပြဿနာပင်။
လီယန်အန်းက လီမိသားစုဘိုးဘေး လီဝူရွှမ်ကို ကြည့်လိုက်သည်။
"ဘိုးဘေး... အကြံပြုချက် တစ်ခုခုရှိလား..."
လီဝူရွှမ်သည် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး သူ၏မျက်နှာပေါ်တွင် လောကဓံအနိမ့်အမြင့်ကို တွေ့ကြုံဖူးသော အရိပ်အယောင်များ ပေါ်လွင်နေသည်။
မကြာသေးမီက သေဆုံးသွားသော ချန်မိသားစု ဘိုးဘေးသည် သူနှင့် မျိုးဆက်တစ်ခုတည်းပင်။
သူတို့၏ရပ်တည်ချက်များ မတူညီကြသော်လည်း ချန်မိသားစုဘိုးဘေးများ သေဆုံးသွားကြောင်း သိလိုက်ရခြင်းက သူ့ကို ထူးဆန်းသော လွမ်းဆွေးမှု ခံစားချက်ကို ခံစားရစေသည်။
အချိန်တခဏမျှ စဉ်းစားပြီးနောက် သူက ပြောဆိုလိုက်သည်။
"လီမိသားစုကို ငါက မင်းဆီ အပ်နှင်းထားပြီးပြီ ဆိုတော့... မင်း ချမှတ်တဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမဆို ငါ ခြွင်းချက်မရှိ ထောက်ခံပေးမယ်..."
"အချက်တစ်ချက်ပဲ ရှိတယ်... နန်ကုန်းမိသားစုနဲ့ ရန်သူ မဖြစ်စေနဲ့..."
ထိုစကားများကို ကြားလိုက်သည်နှင့် လီယန်အန်း၏စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိသွားခဲ့သည်။
"အားလုံးပဲ... နန်ကုန်းမိသားစုရဲ့ အင်အားနဲ့ဆိုရင် သူတို့က နောက်ထပ် ကြီးမားတဲ့ လှုပ်ရှားမှုတစ်ခုကို သေချာပေါက် လုပ်ဆောင်လာလိမ့်မယ်..."
"သူတို့က အစကရှိခဲ့တဲ့ ပထမတန်းစား မိသားစုသုံးစုနေရာကို အစားထိုးပြီး နာမည်မဲ့မြို့တော်ရဲ့ အုပ်စိုးသူအသစ်တွေ ဖြစ်လာနိုင်တယ်..."
"ငါ အဆိုပြုချင်တာကတော့... ငါတို့ လီမိသားစု တစ်စုလုံး နန်ကုန်းမိသားစုနဲ့ ပူးပေါင်းလိုက်ကြရအောင်..."
"ဘယ်သူတွေက သဘောတူပြီး ဘယ်သူတွေက ကန့်ကွက်ချင်လဲ..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူများအားလုံး ချက်ချင်းတိုင်ပင်ဆွေးနွေးကာ ငြင်းခုံကြတော့သည်။
ဤဆုံးဖြတ်ချက်သည် သူတို့အတွက် အလွန်ခက်ခဲစေပေ၏။
မည်သို့ပင်ဆိုစေကာမူ လီမိသားစုသည် ယခင်က နာမည်မဲ့မြို့တော်၏ အဓိကအာဏာရှင်သုံးဦးအနက်မှ တစ်ဦး ဖြစ်ခဲ့သည်။
သူတို့သည် အမြင့်ဆုံးတွင် ရှိနေခဲ့ပြီး မည်သူ့ကိုမျှ ဂရုစိုက်ရန် မလိုချေ။
သို့သော် ယခု၌မူ သူတို့သည် ရုတ်တရက်ကြီး သူတစ်ပါး၏လက်အောက်ခံ ဖြစ်လာရမည်ကို သူတို့၏စိတ်အတွင်း၌ လက်ခံရန် အနည်းငယ် ခက်ခဲနေသည်။
သို့သော် သူတို့၏စိတ်ကို တည်ငြိမ်အောင် ထားပြီး စဉ်းစားကြည့်လိုက်ချိန်၌...
နန်ကုန်းမိသားစုက လှုပ်ရှားပြီးဖြစ်သည်။
သူတို့၏ နောက်ထပ် ရည်မှန်းချက်သည် နာမည်မဲ့မြို့တော် တစ်ခုလုံးကို လွှမ်းမိုးရန်သာ ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့ အခြေအနေမျိုးတွင် သူတို့၏လီမိသားစုက ဝင်မပါဘဲနေရန် ကြိုးစားခြင်းသည် လက်တွေ့မကျချေ။
သူတို့၏ရှေ့တွင် လမ်းကြောင်း သုံးခုသာ ရှိပုံရသည်။
ဤသည်မှာ ခုခံခြင်း အညံ့ခံခြင်း သို့မဟုတ် နာမည်မဲ့မြို့တော်မှ ထွက်ခွာသွားခြင်းပင်။
ခုခံခြင်းသည် သေလမ်းသာ ဖြစ်ကြောင်း ဝမ်မိသားစုနှင့် ချန်မိသားစုတို့က သက်သေပြပြီး ဖြစ်ပေ၏။
လီမိသားစုသည် နာမည်မဲ့မြို့တော်တွင် နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားခဲ့သဖြင့် မိသားစုစီးပွားရေးကို စွန့်လွှတ်လိုက်ရပါက မိသားစုတစ်စုလုံး၏ ဩဇာအာဏာနှင့် အင်အားကို အဆင့်များစွာ နောက်ပြန်ဆုတ်သွားစေမည်မှာ သံသယဖြစ်ဖွယ် မလိုပေ။
သေရေးရှင်ရေးကိစ္စ သို့မဟုတ် အမြစ်ပြတ်သုတ်သင်ခံရမည့် ဘေးဒုက္ခနှင့် မရင်ဆိုင်ရသရွေ့ မည်သူမျှ မိဘဘိုးဘေးပိုင် ပစ္စည်းများကို စွန့်လွှတ်ရန် ဆန္ဒရှိကြမည် မဟုတ်ချေ။
ကြွင်းကျန်သည်ကမူ...
သူတို့ ရွေးချယ်ရန် အညံ့ခံခြင်း လမ်းကြောင်းတစ်ခုသာ ကျန်ရှိတော့ပုံရသည်။
မျှော်လင့်ထားသည့်အတိုင်းပင် နောက်ပိုင်းကာလတွင် နာမည်မဲ့မြို့တော် တစ်မြို့လုံးသည် မြေပြင်တပြင်လုံးကို တုန်ခါစေသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။
ချန်မိသားစု၏ အဆင့်မြင့်မိသားစုဝင်များအားလုံး သေဆုံးသွားသဖြင့် နန်ကုန်းမိသားစုသည် နေ့ဝက်ပင်မကြာသော အချိန်အတွင်း၌ ချန်မိသားစု၏အမွေအနှစ်များအားလုံးကို လွှဲပြောင်းရယူပြီး ချန်မိသားစု၏အခြေခံအုတ်မြစ်တစ်ခုလုံးကို သိမ်းပိုက်လိုက်၏။
နောက်တစ်နေ့တွင်...
လီမိသားစုသည် နန်ကုန်းမိသားစုနှင့် တရားဝင် ပူးပေါင်းလိုက်ကြောင်း ကြေညာခဲ့ပြီး နန်ကုန်းမိသားစု၏လက်အောက်ခံ ဖြစ်လာခဲ့သည်။
သုံးရက် မပြည့်မီတွင် ဝမ်မိသားစု ခေါင်းဆောင် ဝမ်တုန်းသည် နန်ကုန်းမိသားစုသို့ လာရောက်ပြီး တောင်းပန်ခဲ့သည်။
သူ နန်ကုန်းမိသားစုမှ ပြန်ထွက်လာချိန်တွင် ဝမ်မိသားစုသည်လည်း နန်ကုန်းမိသားစု၏ လက်အောက်ခံ ဖြစ်လာခဲ့လေပြီ။
ထို့ကြောင့်...
နန်ကုန်းမိသားစုသည် နာမည်မဲ့မြို့တော်၏ အာဏာရှင်အသစ် ဖြစ်လာခဲ့သည်။
ထို့နောက် နန်ကုန်းမိသားစုအတွက် သီးသန့်ဖြစ်သော ခေတ်တစ်ခေတ်ကို စတင်စေခဲ့သည်။
ထို့ပြင် ဤအရာအားလုံး ဖြစ်ပေါ်လာရသည့် အကြောင်းရင်းအမှာ နန်ကုန်းမိသားစုသည် ကျုံးချင်နှင့် အပေးအယူတစ်ခု လုပ်ခဲ့သောကြောင့်ပင်။