အကုန် လိုချင်တယ်
Vol. 17 Ch. 168
ပြတင်းပေါက် အပြင်ဘက်တွင် နှင်းပွင့်များ ကျဆင်းနေပေ၏။
လေအေးများသည် အရိုးခိုက်မတက် အေးစက်နေသည်။
စားသောက်ဆိုင် ဒုတိယထပ်ရှိ ဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် ကျုံးချင်သည် သူ၏ လက်ဝါးကို အနည်းငယ် ဆန့်ထုတ်လိုက်ပြီး အေးစက်စက်လေများကို သူ၏လက်ချောင်းထိပ်ဖျားများကြား၌ ဖြတ်သန်းတိုက်ခတ်စေသည်။
ဤစားသောက်ဆိုင်တွင် လူတန်းစားပေါင်းစုံမှ လူများဖြင့် ပြည့်နှက်နေဆဲပင်။
လူအများထံမှ ဆွေးနွေးပြောဆိုသံများသည် အဆုံးမရှိ ထွက်ပေါ်နေပြီး ထိုအရာအားလုံးသည် ခြွင်းချက်မရှိ နန်ကုန်းမိသားစု အကြောင်းသာ ဖြစ်သည်။
ပထမတန်းစား မိသားစုသုံးစုသည် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီး နန်ကုန်းမိသားစုသည် တစ်ဦးတည်း လွှမ်းမိုးချုပ်ကိုင်နိုင်သော ခေတ်သစ်တစ်ခုကို စတင်ခဲ့ပြီ ဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤအပြောင်းအလဲ၏ လျှင်မြန်မှုနှင့် မမျှော်လင့်ထားသော ရလဒ်များသည် နာမည်မဲ့မြို့တော်မှ လူများကိုပင် အငိုက်မိသွားစေခဲ့သည်။
သို့သော် ကျုံးချင်သည် ထိုကိစ္စကို ဂရုမစိုက်ချေ။
စားပွဲပေါ်မှ ပူပြင်းသောဝိုင်အရက် အဆင်သင့်ဖြစ်ချိန်၌ သူသည် ပြတင်းပေါက်မှ လက်ကို ပြန်ရုတ်လိုက်ပြီး ခွက်ထဲသို့ ဝိုင်အရက်ငှဲ့လိုက်သည်။
နာမည်မဲ့မြို့တော်တွင် ဤမျှထိ ကြီးမားသော အပြောင်းအလဲကြီး ဖြစ်ပေါ်စေခဲ့သည့် အဓိက ပုဂ္ဂိုလ်သည် ဤပြတင်းပေါက်ဘေးတွင် ထိုင်နေလိမ့်မည်ဟု စားသောက်ဆိုင်ထဲရှိ မည်သူမျှ ထင်မှတ်ထားမိမည် မဟုတ်ပေ။
ဝိုင်အရက်သုံးခွက် သောက်ပြီးနောက်...
သူ၏ဗိုက်သည် ခုနစ်ဆယ် ရှစ်ဆယ် ရာခိုင်နှုန်းခန့် ပြည့်သွားပြီဖြစ်ရာ ကျုံးချင်သည် မတ်တတ်ထရပ်ပြီး ထွက်ခွာသွားခဲ့တော့သည်။
စားသောက်ဆိုင်မှ ထွက်ခွာပြီးနောက် ကျုံးချင်သည် နေ့စဉ်လုပ်ဆောင်နေကျ ပုံမှန်အတိုင်း တက်ရောက်စာရင်းသွင်းလိုက်၏။
"စနစ်... တက်ရောက်စာရင်းသွင်းမယ်..."
"ဂုဏ်ယူပါတယ် လက်ခံသူ... တက်ရောက်စာရင်းသွင်းမှုအတွက် ရုပ်သေး အဆင့်မြှင့်ကတ်တစ်ကတ်ကို ရရှိပါတယ်..."
"အို..."
ကျုံးချင်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။
ဤပစ္စည်းသည် အမှန်တကယ်ကို ပစ္စည်းကောင်းတစ်ခုပင်။ သူ ဟေးပိုင်ကို ထပ်မံ၍ အဆင့်မြှင့်တင်ပေးနိုင်ရန် အချိန်ကိုက် ဖြစ်နေသည်။
ထို့ကြောင့် စကားတစ်ခွန်းမျှ ထပ်မပြောဘဲ သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဟေးပိုင်ကို ကမ္ဘာငယ်လေးထဲသို့ တိုက်ရိုက်ခေါ်ဆောင်သွားလိုက်သည်။
ကမ္ဘာငယ်လေးထဲတွင် ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေသည်။ ကျင့်ကြံနည်းစနစ်များသည် တောင်ပုံယာပုံရှိနေပြီး ထက်ရှသော လက်နက်များ နေရာအနှံ့အပြားတွင် ရှိနေကာ ဒုက္ခပင်လယ်နှင့် တခြားသော အထွေထွေ ပစ္စည်းများလည်း ရှိနေပေ၏။
အချိန်အတိုင်းအတာ တစ်ခုထိ မဝင်ခဲ့ပြီးနောက် ကျုံးချင် အံ့သြသွားရသည့် အချက်မှာ ဤကမ္ဘာငယ်လေးသည် အနည်းငယ် ပို၍ကြီးမားလာပုံရခြင်းပင်။
သူ သေသေချာချာ စစ်ဆေးကြည့်ပြီးနောက် သူ အမြင်မမှားကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဤကမ္ဘာငယ်လေးသည် အမှန်တကယ်ကို ပို၍ကြီးမားလာခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ..."
ကမ္ဘာငယ်လေးက သူ့အလိုလို ပြောင်းလဲတိုးတက်ပြီး ကြီးထွားလာနိုင်တာများလား...
ဤသည်က မဖြစ်နိုင်ချေ။
သူ ကမ္ဘာငယ်လေးကို ရရှိထားသည်မှာ ကြာပြီဖြစ်သော်လည်း ယခင်က မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ပေ။ မကြာသေးမီကမှ ထိုအရာ စတင်၍ကြီးထွားလာခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ကမ္ဘာငယ်လေးသည် သူ့အလိုလို ပြောင်းလဲတိုးတက်ပြီး ကြီးထွားလာခြင်း မဟုတ်ဘဲ အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ကျယ်ပြန့်လာခြင်း ဖြစ်ပေမည်။
ကျုံးချင် အချိန်တခဏမျှ စဉ်းစားကြည့်သော်လည်း ကမ္ဘာငယ်လေး ကြီးထွားလာရသည့် အကြောင်းအရင်းကို အမှန်တကယ် ရှာမတွေ့ပေ။
သို့သော် ဤအရာသည် ကောင်းမွန်သော ကိစ္စတစ်ခုပင်။
ထိုကြောင့် သူ နားမလည်လျှင် ဦးနှောက်ခြောက်ခံပြီး စဉ်းစားနေရန် မလိုချေ။
"ဟေးပိုင်..."
သူ၏အကြည့်သည် ဟေးပိုင်ထံသို့ ကျရောက်သွားသည်။
"သခင်... ဘာများ အမိန့်ပေးချင်လို့လဲ.."
ဟေးပိုင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ မတ်တတ်ထရပ်လိုက်သည်။
ကျုံးချင်သည် ရုပ်သေးအဆင့်မြှင့်ကတ်ကို ဟေးပိုင်၏နဖူးပေါ်တွင် တင်လိုက်၏။
ရုပ်သေးအဆင့်မြှင့်ကတ်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်နှင့် ဟေးပိုင်၏ အရှိန်အဝါ လျှင်မြန်စွာ အားကောင်းလာသည်။
မကြာမီမှာပင် သူသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်မှနေ၍ ယင်သုံးပါးနယ်ပယ်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်သွားတော့သည်။
ဤအဆင့်တက်ခြင်းသည် အလွန်လျှင်မြန်ပြီး တစ်ညတည်းနှင့် အောင်မြင်မှု ရရှိသွားသည့်အလားပင်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် စနစ်မှ ထုတ်ပေးသော ပစ္စည်းများသည် ကောင်းကင်ဘုံကို အာခံနိုင်သော အကျိုးသက်ရောက်မှုများ ရှိကြောင်း တွေ့မြင်နိုင်သည်။
ရုပ်သေးအဆင့်မြှင့်ကတ်၏ ဟေးပိုင်အပေါ် သက်ရောက်မှုသည် မည်သည့် ကောင်းကင်နှင့်မြေပြင် ရတနာထက်မဆို ပို၍အစွမ်းထက်သည်။
ဟေးပိုင်၏ကျင့်ကြံခြင်းသည် ယင်သုံးပါးနယ်ပယ်တွင် လုံးဝတည်ငြိမ်သွားချိန်၌...
သူသည် ဦးညွှတ်အရိုအသေပြုပြီး ဒူးထောက်ကာ ပြောဆိုသည်။
"သခင်... ဟေးပိုင်က သခင့်ဆီကနေ ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည် နည်းနည်းလောက် တောင်းခံလို့ ရမလား..."
ဤအချက်က ကျုံးချင်ကို အတော်လေး အံ့အားသင့်သွားစေသည်။
ဟေးပိုင်သည် သူ့ထံမှ တစ်စုံတစ်ခု တောင်းဆိုသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်ပင်။
ဤကောင်၏ဉာဏ်ရည်မှာ ပို၍မြင့်မားလာသကဲ့သို့ သူ ခံစားလိုက်ရသည်။
သေချာသည်မှာ ဤအရာသည် ကောင်းသော ကိစ္စတစ်ခုပင်။ စနစ်က လက်ဆောင်ပေးထားသော ပစ္စည်းတစ်ခု အနေဖြင့် ဟေးပိုင်၏ သူ့အပေါ်သစ္စာရှိမှုသည် သံသယဖြစ်ရန် မလိုပေ။
တစ်ဖက်လူသည် ဆန်းကြယ်စွမ်းရည်များကို ကျင့်ကြံနိုင်ခြင်း ရှိမရှိဆိုသည်ကိုလည်း သူ သိချင်နေမိသည်။
ထိုအကြောင်းကို တွေးတောရင်း ကျုံးချင်က လက်ဝှေ့ယမ်းလိုက်ရာ ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်စာအုပ်တစ်ပုံက သူ၏ရှေ့သို့ ရောက်ရှိလာသည်။
"ဘယ်ဟာ လိုချင်လဲ..."
"သခင်... ကျွန်တော်... အကုန်လုံး ယူလို့ ရမလား..."
ဟေးပိုင်သည် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
အိုး ဘုရားရေ... တစ်ဖက်လူသည် သူ့ကို သင်ခန်းစာ ပေးလိုက်သည့်အလားပင်။ ကလေးများကသာ ရွေးချယ်မှု ပြုလုပ်ကြပြီး လူကြီးများကမူ အရာအားလုံးကို လိုချင်ကြသည် ဆိုသကဲ့သို့ ဖြစ်သွားလေပြီ။
"ကောင်းပြီ... ယူလိုက်လေ..."
ကျုံးချင် တွေဝေတုံ့ဆိုင်းမနေဘဲ ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များအားလုံးကို ဟေးပိုင်အား တိုက်ရိုက်ပေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့တွင် ဤပစ္စည်းများ အမြောက်အများ ရှိနေသည် မဟုတ်လော။ မီးမွှေးရန်အတွက် ထိုကဲ့သို့ ကျမ်းစာအိတ်မျိုး မည်မျှထိများများ မီးရှို့ပစ်လိုက်သည်ကိုပင် သူ မမှတ်မိတော့ချေ။
ကျုံးချင်သည် ကမ္ဘာငယ်လေးထဲရှိ ကျောက်စားပွဲတွင် ထိုင်ကာ ဝိုင်အရက်ကို စိမ်ပြေနပြေ သောက်နေစဉ်တွင် ဟေးပိုင်သည် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များကို စတင်၍ လေ့လာနေခဲ့သည်။
သူသည် စာမျက်နှာများကို အလွန်လျှင်မြန်စွာ လှန်လှောကြည့်ရှုနေပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် စာကြောင်းဆယ်ကြောင်းကို ဖတ်ရှုနေသည့်အလားပင်။ စာအုပ်တစ်အုပ် ပြီးသွားချိန်၌ သူ ချထားလိုက်သည်။ ထို့နောက် စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော ဆန်းကြယ်စွမ်းရည်ကို စတင်၍ လေ့ကျင့်နေပေ၏။
"ဘုန်း..."
ဟေးပိုင်၏လက်သီးစွမ်းအား ပွင့်အံ့ထွက်လာသည်နှင့် ဥပဒေသစွမ်းအားများသည် သူ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေတော့သည်။
သူသည် သူ၏လက်သီးနှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ တောင်တန်းများကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပြီး လေဟာနယ်ကို တုန်ခါသွားစေသည်။
သူ၏လက်သီးများကို ထိုးနှက်လိုက်သည်နှင့်ထိုအရာများသည် ကြီးမားသော တောင်ကြီးများအဖြစ် အမှန်တကယ် ပြောင်းလဲသွားသည့်အလားပင်။ သူ၏အရှိန်အဝါသည် အလွန်သန်မာအားကောင်းပြီး သူ၏စွမ်းအားသည် အံ့အားသင့်ဖွယ် ကောင်းပေ၏။ သူ ရွေ့လျားပြီး နေရာပြောင်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ကျယ်ပြန့်သော သမုဒ္ဒရာကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။ သူ၏လက်သီးစွမ်းအားသည် ဆက်တိုက်ထွက်ပေါ်နေပြီး သူ၏တိုက်ခိုက်မှုများသည် ပို၍လျှင်မြန်ကာ ပြင်းထန်လာသည်။
ဟေးပိုင်၏လက်သီးချက်တိုင်းသည် တစ်ချက်ထက် တစ်ချက် ပို၍ပို၍ပြင်းထန်သည်။
နောက်ဆုံးတွင် လွင့်ထွက်လာသော လက်သီးလေပြင်းများသည် လေဟာနယ်ကို တိုက်ရိုက် ဆုတ်ဖြဲလိုက်၏။
ဤလက်သီးချက်ကို အမှန်တကယ် ထုတ်လွှတ်လိုက်ပါက တောင်ကြီးအမြောက်အများကို ချက်ချင်း ကြေမွှပျက်စီးသွားစေနိုင်သည်ဟု ပြောလျှင် ချဲ့ကားရာ မရောက်ပေ။
တစ်နည်းအားဖြင့် ဆိုရလျင် ဤတိုတောင်းသော အချိန်အခိုက်အတန့်လေး အတွင်း၌ ဟေးပိုင်သည် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားလေပြီ။
အကယ်၍ ဤကျင့်ကြံခြင်း အမြန်နှုန်းသာ ပျံ့နှံ့သွားပါက လူအများကို သေလုမတတ် ကြောက်ရွံ့သွားစေမည်မှာ သေချာပေါက်ပင်။
ကျင့်ကြံနည်းစနစ်တစ်ခု၏ အဆင့်အတန်း မြင့်မားလေလေ စတင်လေ့လာရန် ပို၍ခက်ခဲလေလေပင်။
အကယ်၍ တခြားယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူများသာ ဧကရာဇ်အဆင့် ကျင့်ကြံခြင်း နည်းစနစ်များကို နားလည်သဘောပေါက်ရန် ကြိုးစားပါက....
ပါရမီအလွန်ကောင်းသူများပင်လျှင် အနည်းငယ်အောင်မြင်မှု ရရှိရန် နှစ်အနည်းငယ် ကြီးမားသော အောင်မြင်မှု ရရှိရန် ဆယ်နှစ်ကျော် ကြာမြင့်မည် ဖြစ်ပြီး အပြည့်အဝ နားလည်သဘောပေါက်ရန် နှစ်တစ်ရာကျော် ကြာမြင့်နိုင်သည်။
သို့သော် လက်ရှိချိန်၌ ဟေးပိုင်သည် ဤ ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်ကို ပြီးပြည့်စုံစွာ တတ်မြောက်သွားလေပြီ။
သူသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အပြည့်အဝ တတ်မြောက်သွားခြင်းပင်။
ဤအရာကို သာမန် ပါရမီဖြင့် ရှင်းပြ၍ မရနိုင်တော့ပေ။
ဒါက လုံးဝကို ပါရမီရှင်ပဲ...
သို့သော် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်တစ်ခုကို နားလည်သဘောပေါက်သွားသော ဟေးပိုင်သည် ထိုနေရာတွင် ရပ်တန့်မနေခဲ့ချေ။
သူသည် ကြိုးစားအားထုတ်မှုကို နှစ်ဆတိုးလိုက်ပြီး ဒုတိယစာအုပ်ကို ဆက်လက်၍ လေ့လာသည်။
အချိန်တခဏအကြာတွင် သူ၏ပုံရိပ်သည် လေနှင့် လျှပ်စီးကဲ့သို့ ရွေ့လျားနေပြီး အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သဖြင့် သာမန်မျက်စိဖြင့် မြင်နိုင်ရန် ခက်ခဲလှသည်။
ဤသည်မှာ လှုပ်ရှားမှုဆိုင်ရာ ဆန်းကြယ်စွမ်းရည်တစ်ခုပင်။ ထိုစွမ်းရည်၏ အဓိကလုပ်ဆောင်ချက်မှာ အမြန်နှုန်း ဖြစ်ပေ၏။ ထို့နောက် သူသည် တစ်ချက်ကြည့်လိုက်ရုံဖြင့်ထိုအရာကို ထပ်မံ၍ အပြည့်အဝ တတ်မြောက်သွားသည်။
ကျုံးချင်သည် ဟေးပိုင်က ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်တစ်ခုကို အချိန်တိုအတွင်း တတ်မြောက်သွားသည်ကို ကြည့်ရင်း စိတ်မသက်မသာဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ ယခင်က ဤဆန်းကြယ်စွမ်းရည်များကို ကျင့်ကြံရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ရလဒ်များမှာ သိပ်မကောင်းလှပေ။ သူ၏ပါရမီဖြင့် ဆိုလျှင် နှစ်တစ်ထောင်ခန့် ကြိုးစားလျှင်ပင် နည်းစနစ်၏လှည့်ကွက်တချို့ကို ပွတ်ကာသီကာလေး နားလည်နိုင်လောက်ရုံသာ ရှိမည်ဟု ခန့်မှန်းရသည်။
ယခုမူ ရုပ်သေးရုပ်တစ်ရုပ်က ဆန်းကြယ်စွမ်းရည်များကို နားလည်သဘောပေါက်မှုအပိုင်းတွင် သူ့ထက် အဆပေါင်းများစွာ သာလွန်နေခြင်းသည် အတော်လေး စိတ်ပျက်စရာ ကောင်းလှသည်။
နောက်ထပ် နေ့ဝက်အတွင်းတွင် ဟေးပိုင်သည် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များကို ကျင့်ကြံသော ကမ္ဘာထဲတွင် နှစ်မြှုပ်နေပြီး ရုန်းထွက်နိုင်ခြင်း မရှိတော့ပေ။
မည်သည့် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်ကိုမဆို သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် အပြည့်အဝ နားလည်နိုင်စွမ်း ရှိသည်။
ညဥ့်အချိန်သို့ မရောက်သေးမီမှာပင်....
ကျုံးချင် ပေးလိုက်သည့် ရာပေါင်းများစွာသော ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များကို သူ အကုန်လုံး လေ့ကျင့်၍ ပြီးစီးသွားလေပြီ။
အိုး ဘုရားရေ...
ကျုံးချင်က ဟေးပိုင်ကို ခေါင်းအစခြေအဆုံး သေသေချာချာ စစ်ဆေးကြည့်လိုက်၏။
ဤကောင်ထံ၌ ဤမျှထိ ကြောက်မက်ဖွယ်ကောင်းပြီး ပုံမှန်မဟုတ်သော ပါရမီမျိုး ရှိနေမှန်း သူ ယခင်က မသိခဲ့ချေ။
ကျုံးချင်၏ အကြည့်အောက်တွင် ဟေးပိုင်သည် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည် ရာပေါင်းများစွာကို သေသေချာချာ ကျင့်ကြံပြီး အသုံးပြုကာ သူ၏ကိုယ်ပိုင်ကြီးထွားမှုအတွက် အာဟာရများအဖြစ် ပြောင်းလဲပြီးဖြစ်သည်။
ဟေးပိုင်က သူ၏ကိုယ်ပိုင်စွမ်းအားကို ဂရုတစိုက် ခံစားလိုက်၏။
အကယ်၍ ယင်သုံးပါးနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ တစ်သောင်းဖြစ်သည်ဟု ဆိုလျှင်...
ယခုချိန်၌ ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်များစွာကို ကျင့်ကြံပြီးနောက် သူ၏တိုက်ခိုက်ရေးစွမ်းအားသည် အနည်းဆုံး ဆယ်ဆခန့် တိုးတက်သွားကာ တစ်သိန်းသို့ ရောက်ရှိသွားလေပြီ။
နောက်ဆုံးတွင် သူက ကျုံးချင်၏ရှေ့သို့ ရောက်လာကာ ဒူးတစ်ဖက်ထောက်ပြီး ပြောဆိုသည်။
"သခင့်ရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်..."
"အရင်တုန်းက ဒီလက်အောက်ငယ်သားရဲ့ စွမ်းအားက နိမ့်ကျလွန်းလို့ သခင့်အတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး..."
"ဒါပေမဲ့ အခု ကျွန်တော်က ယင်သုံးပါးနယ်ပယ်ကို ရောက်ရှိသွားတဲ့အပြင် ဒီလက်အောက်ငယ်သားရဲ့ ဆက်တိုက်လေ့လာသင်ယူမှုတွေနဲ့ဆိုရင် အနာဂတ်မှာ သခင့်အတွက် ကြိုးစားအားထုတ်ပေးနိုင်မယ့် နေရာတွေ တဖြည်းဖြည်း ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်..."
ဤကဲ့သို့သော တွေးခေါ်မှု အသိတရား အဆင့်အတန်းသည် အမှန်တကယ်ကို ထူးခြားလှသည်ဟု ဆိုရပေမည်။
"ထပါ..."
ကျုံးချင် စိတ်အနည်းငယ် လှုပ်ရှားသွားသည်။
ဤမျှထိ လေ့လာသင်ယူလိုစိတ်ရှိပြီး စွမ်းရည်ရှိကာ သစ္စာရှိသော ရုပ်သေးရုပ်ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးရန် ထိုက်တန်ပေ၏။
အနာဂတ်တွင် စွမ်းအားကြီးမားသော ရန်သူနှင့် တွေ့ဆုံသည့်အချိန်၌ ဟေးပိုင်သည် ဧကရာဇ်အဆင့် ဆန်းကြယ်စွမ်းရည်တစ်ရာကျော်ကို ထုတ်သုံးလိုက်ပါက မည်မျှထိ ပေါက်ကွဲအား ပြင်းထန်မည်နည်း ဆိုသည်ကို သူ မျှော်လင့်နေမိသည်။