ပိုင်ဖုန်းလွင်ပြင်
Vol. 17 Ch. 169
"စနစ်... ပိုင်လင်းဆီက ဘာသတင်းမှ မရသေးဘူးလား..."
ပြောရလျင် ဟေးပိုင်သည် နည်းလမ်းအမျိုးမျိုးဖြင့် ကျုံးချင်၏တပည့်လက်ခံလိုစိတ်ကို ပို၍ပြင်းပြလာအောင် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။
"မရှိဘူး..."
စနစ်၏ အဖြေသည် တိုတောင်းပြီး လိုရင်းတိုရှင်းသာ ဖြစ်ပေ၏။
သို့သော် ကျုံးချင်သည် စိတ်မပူချေ။
ယခုချိန်၌ သတင်းမရှိခြင်းသည် အချိန်မတန်သေးကြောင်း သက်သေပြနေခြင်းသာ ဖြစ်သည်။
သူ၏လက်ထဲရှိ အုပ်စိုးသူအရှင် အမွေအနှစ်နှင့် ပတ်သက်၍မူ မည်သူ့ကို ပေးရမည်ကို စဉ်းစားပြီး ထိုလူက သူ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုလာအောင် လုပ်ကာ အုပ်စိုးသူနှောင်ကြိုးကို အသက်သွင်းရပေမည်။
ထို့နောက် အုပ်စိုးသူနှောင်ကြိုး၏ အကျိုးသက်ရောက်မှုများသည် မည်သည့်အရာများ ဖြစ်မည်ကို ကျုံးချင် တော်တော်လေး မျှော်လင့်နေမိသည်။
သို့သော် ထိုအချိန်မှာပင် ကျုံးချင် ဝတ်ဆင်ထားသော လေဟာနယ်လက်စွပ်အတွင်းမှ ထူးဆန်းသော တုန်ခါမှုနှစ်ခု သိသာထင်ရှားစွာ ထွက်ပေါ်လာသည်။
စိတ်ရှုပ်ထွေးသွားသော ကျုံးချင်သည် သူ၏ သိုလှောင်လက်စွပ်ကို ဖွင့်လိုက်ပြီး တုန်ခါနေသော ပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်၏။
ထိုပစ္စည်းနှစ်ခုကို မြင်တွေ့ချိန်၌ ကျုံးချင် အနည်းငယ် အံ့အားသင့်သွားသည်။
"အော်... ဒါကြောင့်ကိုး... ငါက ဘာလို့ ရင်းနှီးနေလဲလို့ စဉ်းစားနေတာ..."
သူ၏လက်ထဲတွင် ယခုချိန်၌ သံမဏိပြားနှစ်ချပ် ရှိနေသည်။ ထိုသံပြားနှစ်ချပ်တွင် အလွန် ဆင်တူသောပုံစံများရှိပြီး ထိုအရာများ၏ တုန်ခါမှုများသည် မူလက တစ်သားတည်း ဖြစ်ခဲ့သည့်အလား ပဲ့တင်ထပ်နေပုံရသည်။
သံမဏိပြားတစ်ချပ်သည် သူ မြောက်ပိုင်းဒေသသို့ စရောက်စဉ် လွန်ခဲ့သော ရက်အနည်းငယ်က ရှင်းလင်းခဲ့သော ဖူကွမ်လှိုဏ်ဂူမှ လုယက်ရရှိခဲ့သည့် လျှို့ဝှက်နယ်မြေ၏မြေပုံပင်။
ထိုအချိန်က အမျိုးသမီးကျင့်ကြံသူသည် ဤသံမဏိပြားတွင် ပြီးပြည့်စုံသော လျှို့ဝှက်နယ်မြေတစ်ခု၏ သဲလွန်စများ ပါဝင်ကြောင်း ပြောခဲ့သည်။
သို့သော် ကျုံးချင် ရရှိပြီးနောက် ထိုအချိန်က မည်သည့်ထူးခြားမှု မတွေ့ရှိခဲ့သဖြင့် ယာယီ ဘေးဖယ်ထားခဲ့ခြင်း ဖြစ်သည်။
တခြားသံမဏိပြားတစ်ချပ်မှာမူ ယခင်က အရှေ့ပိုင်းဒေသ ဖုန်မြို့ရှိ လေလံပွဲတွင် သူ ဝယ်ယူခဲ့သော အရာပင်။ လေလံပွဲတွင် မိတ်ဆက်စဉ်ကလည်း ထိုအရာသည် ရှေးဟောင်း လျှို့ဝှက်နယ်မြေတစ်ခု၏ တည်ရှိမှုနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။
မူလက ကျုံးချင်သည် လျှို့ဝှက်နယ်မြေများကို စိတ်မဝင်စားသော်လည်း ထိုသံမဏိပြားသည် စနစ်ကိုပင် သတိပေးချက် ထုတ်ပြန်စေခဲ့ပြီး မည်သည့်ဈေးနှုန်းဖြင့်မဆို လေလံဆွဲရန် အကြံပြုခဲ့သဖြင့် သူ ယှဉ်ပြိုင်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ သံမဏိပြားကို ရရှိပြီးနောက် စနစ်သည် တိတ်ဆိတ်နေခဲ့သည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းရန် ကြိုးစားသော်လည်း သံမဏိပြားကို အသက်မသွင်းနိုင်ခဲ့သဖြင့် ယာယီလက်လျှော့ထားခဲ့ပေ၏။
ယနေ့တွင် ဤသံမဏိပြားနှစ်ချပ် ပဲ့တင်ထပ်နေမှသာ သူ ဤကိစ္စကို ပြန်သတိရလာခဲ့သည်။
ဤသံမဏိပြားနှစ်ခုသည် နေရာတစ်ခုတည်းမှ မြစ်ဖျားခံလာလိမ့်မည်ဟု သူ ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့မိချေ။
"စနစ်... ဒီ လျှို့ဝှက်နယ်မြေ သံမဏိပြား ဆိုတာက တကယ်တမ်းကျ ဘာအသုံးဝင်လို့လဲ... ဘာလို့ အရင်တုန်းက တိတ်ဆိတ်နေပြီး အခုမှ ရုတ်တရက်ကြီး တုံ့ပြန်မှု ရှိလာရတာလဲ..."
ကျုံးချင်က မေးမြန်းလိုက်သည်။
"ဒီသံမဏိပြားတွေက သီးခြားလျှို့ဝှက်နယ်မြေတစ်ခုကို ဖွင့်လှစ်ဖို့ သော့ချက်ပါ... ပြီးတော့ လျှို့ဝှက်နယ်မြေထဲက ချီစွမ်းအင်တွေကို ဆွဲယူနိုင်ပြီးတော့ လုပ်ဆောင်ချက်တွေအများကြီးကို ပိုင်ဆိုင်ထားပါတယ်... သံမဏိပြား များများရလေလေ ပိုပြီးအကျိုးရှိလေလေပဲ..."
"လျှို့ဝှက်နယ်မြေက ဖုံးကွယ်ထားတဲ့ နေရာတစ်ခုမှာ တည်ရှိပြီးတော့ ကောင်းကင်နဲ့ မြေပြင်ရဲ့ စွမ်းအားတွေနဲ့ ပိတ်ဖုံးထားတယ်... အဲ့ဒီနယ်မြေရဲ့ ဝင်ပေါက်က သတ်မှတ်ထားတဲ့ အချိန်တွေမှာပဲ ထွက်ပေါ်လာတတ်တယ်..."
"အရင်တုန်းက လျှို့ဝှက်နယ်မြေ ပွင့်မယ့်အချိန် မရောက်သေးလို့ ဒါတွေကို အသက်မသွင်းနိုင်ခဲ့တာပါ..."
"အခု လျှို့ဝှက်နယ်မြေ ပွင့်မယ့်ရက် နီးကပ်လာပြီမလို့ နယ်မြေရဲ့အရှိန်အဝါတွေ ယိုစိမ့်ထွက်လာတာကြောင့် သံမဏိပြားတွေရဲ့ ပဲ့တင်ထပ်မှုကို ဖြစ်ပေါ်စေတာပဲ..."
"လက်ခံသူအနေနဲ့ စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်ရုံနဲ့ လျှို့ဝှက်နယ်မြေရဲ့ တည်နေရာကို အာရုံခံနိုင်မှာပါ..."
"ဒီလျှို့ဝှက်နယ်မြေက လက်ခံသူအတွက် ကြီးမားတဲ့ အဓိပ္ပာယ် ရှိတယ်... လျှို့ဝှက်နယ်မြေ ပွင့်မယ့်ရက်ကို လွတ်မသွားစေဖို့အတွက် အမြန်သွားရောက်ဖို့ အကြံပြုပါတယ်..."
ကျုံးချင်သည် ညွှန်ကြားထားသည့်အတိုင်း စိတ်ဝိညာဉ်စွမ်းအားများကို သံမဏိပြားထဲသို့ ထည့်သွင်းလိုက်၏။ ရုတ်ချည်းဆိုသလိုပင် မမြင်နိုင်သော်လည်း ဝေဝါးစွာ အာရုံခံနိုင်သော အရှိန်အဝါတစ်ရပ်သည် သံမဏိပြားမှ ထွက်ပေါ်လာပြီး ဝေးလံသော မြောက်ဘက်အရပ်ရှိ ဦးတည်ချက်တစ်ခုနှင့် ပဲ့တင်ထပ်နေသည်ကို တွေ့လိုက်ရသည်။
"အော်... ဒါကြောင့်ကိုး..."
ထို့နောက် ကျုံးချင်က မေးမြန်းလိုက်သည်။
"စနစ်... အဲ့ဒီ လျှို့ဝှက်နယ်မြေထဲမှာ တကယ်တမ်းကျ ဘာတွေ ရှိလို့လဲ... တကယ်လို့ အဲ့ဒါက ငါ့အတွက် အရမ်းအရေးကြီးပြီး ကောင်းမွန်တဲ့ အရာဖြစ်ပြီးတော့.... မင်း ပြောသလို သံမဏိပြား များများရလေလေ ပိုပြီးအကျိုးရှိလေလေဆိုရင်... ငါ ဖူကွမ်လှိုဏ်ဂူမှာ ဒုတိယ သံမဏိပြားနားကို ရောက်တုန်းက မင်း ငါ့ကို ဘာလို့ သတိမပေးခဲ့တာလဲ..."
ယခင်လေလံပွဲတုန်းက စနစ်သည် ပုံမှန်မဟုတ်ဘဲ သံမဏိပြားအား ရယူရန် သူ့ကို သတိပေးခဲ့သော်လည်း ဤဒုတိယအပိုင်းအစအတွက် စနစ်ထံမှ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ချေ။
ထို့ပြင် ဤရှေးဟောင်း လျှို့ဝှက်နယ်မြေ၏ မူရင်းဇစ်မြစ်သည် မည်သည့်အရာဖြစ်သနည်း...
မည်ကဲ့သို့ ရတနာများ ရှိနေသဖြင့် စနစ်ကပင် သတိပေးချက် ထုတ်ပြန်ရလောက်အောင် ဖြစ်ခဲ့သနည်းကို သူ အမှန်တကယ် သိချင်နေမိသည်။
"လက်ခံသူအတွက် သံမဏိပြားကနေတဆင့် လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ခွင့် အရည်အချင်း လိုအပ်ရုံပါပဲ... ဒုတိယ သံမဏိပြားက တကယ်တမ်းကျတော့ အဓိပ္ပာယ် သိပ်မရှိပါဘူး..."
"လျှို့ဝှက်နယ်မြေထဲက အခွင့်အလမ်းတွေ အတွက်တော့ လက်ခံသူ ကိုယ်တိုင်ပဲ စူးစမ်းရှာဖွေပါ..."
ကျုံးချင်သည် များစွာတွေဝေတုံ့ဆိုင်းမနေဘဲ ဟေးပိုင်ကိုခေါ်ကာ မြောက်ဘက်သို့ တန်းတန်းမတ်မတ်သွားရန် ဟန်ပြင်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ယခုလောလောဆယ်တွင် ပိုင်လင်းနှင့် ပတ်သက်သည့် သဲလွန်စ မရှိသေးချေ။ ထို့ပြင် သူသည် မူလကတည်းက မြောက်ဘက်သို့ ဆက်သွားရန် စီစဉ်ထားပြီးဖြစ်သည်။
မြောက်ပိုင်းဒေသ၌ မြောက်ဘက်သို့ သွားလေလေ ပို၍အေးလာလေလေပင်။
ဤလျှို့ဝှက်နယ်မြေသည် အလွန်အမင်း အေးစက်သော နေရာတစ်ခုခုတွင် ရှိနေနိုင်ပေ၏။
ထို့ကြောင့် မထွက်ခွာမီ သူသည် ဟေးပိုင်ကို မြို့ထဲသို့ စေလွှတ်၍ သူ၏ဝိုင်အရက်ဘူးများအားလုံးကို အရင်ဆုံးဖြည့်ခိုင်းလိုက်သည်။
သေချာသည်မှာ သူ့အတွက် လက်တွေ့ကျသော အဓိပ္ပာယ်ထက် သင်္ကေတအဓိပ္ပာယ်က ပိုများနေခြင်းပင်။
ရေခဲနှင့်နှင်းများ ဖုံးလွှမ်းနေသော ရှုခင်းတွင် သူ၏ခန္ဓာကိုယ်သည် အအေးဒဏ် သို့မဟုတ် အပူဒဏ်ကို မကြောက်လျှင်ပင် လေပြင်းနှင့် နှင်းမုန်တိုင်းအောက်တွင် သူ၏စိတ်နှလုံးသား ပို၍ပို၍အေးစက်လာတတ်သည်။
ပူလောင်ပြင်းရှသော ဝိုင်အရက်သည် သူ၏နှလုံးသားကို အမှန်တကယ် နွေးထွေးစေနိုင်ခြင်း မရှိသော်လည်း အနည်းဆုံးအနေဖြင့် သူ၏စိတ်နှလုံးဿားအတွင်းရှိ အအေးဓာတ်တချို့ကို ဖယ်ရှားပေးနိုင်သည်။
မကြာမီ ဟေးပိုင်သည် ဝိုင်အရက်ဘူးများကို အပြည့်ဖြည့်၍ ပြန်ရောက်လာပြီး သူတို့နှစ်ယောက်သား မြောက်ဘက်သို့ ခရီးဆက်လက်၍ ထွက်ခွာသွားကြသည်။
နာမည်မဲ့မြို့တော်၏ မြောက်ဘက်၌....
မြောက်ပိုင်းဒေသ တောင်ဘက်နယ်စပ်၏ အရှေ့မြောက်ဘက် မိုင်ပေါင်း တစ်သိန်းကျော် အကွာတွင်....
အပေါ်စီးမှ ကြည့်လိုက်လျှင် မိုင်ပေါင်း သောင်းချီ ရှည်လျားသော ကြီးမားသည့် တောင်တန်းကြီးတစ်ခုကို တွေ့ရပေမည်။
ထိုတောင်တန်းတစ်ခုလုံးကို လေပြင်းနှင့်နှင်းများ ဖုံးလွှမ်းထားပြီး ငွေရောင်မြူခိုးများက လွှမ်းခြုံထားသည်။
ဤရေခဲနှင့် နှင်းဖုံးတောင်တန်းများ အကြားတွင် လူတစ်စုသည် တောင်ကြောတစ်လျှောက် အဆက်မပြတ် လျှောက်လှမ်းနေကြသည်။
သာမန်လူများသည် ထိုကဲ့သို့ နေရာမျိုးတွင် အသက်ရှင်နေထိုင်ရန် သို့မဟုတ် လှုပ်ရှားသွားလာရန် မဖြစ်နိုင်ချေ။ ဤလူများသည် စွမ်းအားကြီးမားသော ကျင့်ကြံခြင်းအရှိန်အဝါများကို ပိုင်ဆိုင်ထားကြပြီး သူတို့အားလုံးသည် အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြောင်း သိသာထင်ရှားသည်။
တောင်တန်း၏အထက်ရှိ လေပြင်းနှင့်နှင်းများသည် အလွန်ပြင်းထန်သောကြောင့် ကျင့်ကြံဆင့် အနည်းငယ်နိမ့်ကျသော ကျင့်ကြံသူများသည် လေထဲသို့ ပျံသန်းလိုက်သည်နှင့် လေပြင်းမုန်တိုင်းနှင့်နှင်းမုန်တိုင်းတို့၏ တိုက်ခတ်ခြင်းကို ခံရကာ လွင့်စင်သွားကြပေလိမ့်မည်။
နက်ရှိုင်းသော ကျင့်ကြံဆင့်နယ်ပယ်ရှိသည့် အစွမ်းထက်ကျင့်ကြံသူများပင်လျှင် ဤနှင်းမုန်တိုင်းထဲတွင် ပျံသန်းပြီး ရှေ့ဆက်ရန်အတွက် စွမ်းအားများစွာ ကုန်ဆုံးမည် ဖြစ်သဖြင့် ရေရှည်ခရီးသွားရန် မဖြစ်နိုင်ချေ။
ထို့ကြောင့် ဤလူအုပ်စုသည် စွမ်းအားကြီးမားကြသော်လည်း သူတို့အားလုံး မြေပြင်နှင့်ကပ်၍ ခရီးသွားနေကြသည်။
သို့သော် သူတို့၏ခြေထောက်များသည် မြေကြီးနှင့် မထိလုနီးပါး ဖြစ်နေပေ၏။ သူတို့သည် မြေပြင်၏အထက်နားတွင် လျှောတိုက်သွားသကဲ့သို့ ဖြစ်နေပြီး အလွန်လျှင်မြန်စွာ ရွေ့လျားနေကြကာ အချိန်တိုအတွင်း၌ တောင်ကြီးအမြောက်အများအကို ဖြတ်ကျော်ခဲ့ကြပြီး ဖြစ်သည်။
သူတို့အားလုံးသည် အပြာရောင်ဖျော့ဖျော့ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အဝတ်အစားများ၏အနားများတွင် လခြမ်းပုံ ထိုးထားသည်ကို တွေ့မြင်ရသဖြင့် ဂိုဏ်းတစ်ဂိုဏ်းတည်းမှ ဖြစ်ကြောင်း သိသာရှင်းလင်းစွာ ပြသနေသည်။
ဤအဖွဲ့၏ရှေ့ဆုံးတွင်ရှိသည့် သာလွန်ထူးကဲသောအရှိန်အဝါနှင့် ရုပ်ရည်ရှိသော အရပ်ရှည်ရှည် လူငယ်တစ်ဦးက မေးမြန်းသည်။
"ဂိုဏ်းချုပ်... ဘယ်လောက် ဝေးသေးလဲ..."
အဖွဲ့တစ်ခုလုံးကို ဦးဆောင်နေသော လေးထောင့်ကျကျမျက်နှာနှင့် လူလတ်ပိုင်း အရွယ် အမျိုးသားက ထိုမေးခွန်းကို ကြားချိန်၌ တုံ့ပြန်အဖြေပေးလိုက်၏။
"မကြာတော့ပါဘူး... တောင်ကြားလမ်းကိုရောက်ဖို့ မိုင်နှစ်ထောင်အောက်ပဲ လိုပါတော့တယ်...တောင်ကြားလမ်းရဲ့တစ်ဖက်မှာ ပိုင်ဖုန်းလွင်ပြင် ရှိတယ်..."
တခြားတစ်ဖက်တွင်ရှိနေသည့် မုတ်ဆိတ်ဖြူနှင့်ဆံပင်ဖြူများရှိသော အဘိုးအိုတစ်ဦးကလည်း ဝင်ရောက်ပြောဆိုသည်။
"ငါတို့ နောက်ကျနေပြီ... အရှိန်မြှင့်မှ ရမယ်...ပိုင်ဖုန်းလွင်ပြင်မှာ လေနဲ့နှင်းတွေ မငြိမ်သက်ခင် ငါတို့ တောင်ကြားလမ်းကို ရောက်အောင် သွားရမယ်...မဟုတ်ရင် ငါတို့ တခြားသူတွေရဲ့နောက်မှာ ကျန်ရစ်လိမ့်မယ်..."
လူလတ်ပိုင်းအရွယ် ဂိုဏ်းချုပ်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"ငါတို့ရဲ့ ကျန်းယွဲ့ဂိုဏ်းက တောင်ဘက်နယ်စပ်ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိတာဆိုတော့... ငါတို့က ဒီနေရာနဲ့ အရမ်းဝေးကွာနေပြီ...သော့ရရှိထားတဲ့ တခြားဂိုဏ်းတွေက ရောက်နှင့်နေလောက်ပြီ...ဒါပေမဲ့ လေနဲ့ နှင်းတွေ မငြိမ်သက်သရွေ့ သူတို့ စောရောက်ရင်တောင် ဝင်လို့ရမှာ မဟုတ်ဘူး...အကြီးအကဲ ပြောသလိုပဲ... လေနဲ့ နှင်းတွေ မငြိမ်သက်ခင် ငါတို့ တောင်ကြားလမ်းကို အမီရောက်ဖို့ပဲ လိုတယ်..."
"ဒါ့အပြင် ငါတို့ရဲ့ သံမဏိပြားအပိုင်းအစတွေ မပါဘဲနဲ့ သူတို့က နောက်ဆုံးမှာ လျှို့ဝှက်နယ်မြေကို ဖွင့်လို့ရမှာ မဟုတ်ဘူး... ဒါကြောင့် အရမ်းကြီး စိတ်ပူနေဖို့ မလိုပါဘူး..."
စကားပြောဆိုနေရင်း ထိုအဖွဲ့သည် နောက်ထပ် တောင်ထိပ်ဆယ်ခုကျော်ကို ဖြတ်ကျော်ခဲ့ကြပြီး ဖြစ်သည်။
ငြိမ်သက်ခြင်းမတိုင်မီ နောက်ဆုံးရူးသွပ်မှုအလား ယခုအချိန်တွင် တောင်တန်းကို ဖုံးလွှမ်းထားသော လေနှင့်နှင်းများသည် အထူးတလည် ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းနေပုံရသည်။ ငွေရောင်နှင်းများကို သယ်ဆောင်လာသော ပြင်းထန်သည့် လေပြင်းမုန်တိုင်းသည် သူတို့၏ခေါင်းပေါ်တွင် တိုတ်ခတ်နေပြီး ရက်စက်ကြမ်းကြုတ်သားရဲ ထောင်ပေါင်းများစွာ အော်ဟစ်နေသကဲ့သို့ ဖြစ်နေသဖြင့် လူအများ၏စိတ်နှလုံးသားကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
"တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ... ငါတို့ ပိုင်ဖုန်းလွင်ပြင်ကိုတောင် မရောက်သေးဘူး... ဒီအပြင်ဘက် တောင်တန်းတွေမှာတင် လေနဲ့ နှင်းတွေက ဒီလောက်ထိ ကြောက်စရာ ကောင်းနေပြီ..."
အစောပိုင်းက စကားပြောဆိုခဲ့သော လူငယ်က သက်ပြင်းချလိုက်သည်။
"အစစ်အမှန်လေဖြူက ဘယ်လောက်တောင် ကြောက်စရာ ကောင်းမလဲ မသိဘူး..."
ထိုအချိန်တွင် အဖွဲ့ထဲမှအသံတစ်သံ ထွက်ပေါ်လာပြီး ရုတ်တရက် မေးမြန်းလိုက်သည်။
"လေဖြူဆိုတာက ဘာလဲ... ပြီးတော့ ပိုင်ဖုန်းလွင်ပြင်မှာ ဘာတွေ ရှိလို့လဲ..."
အကြီးအကဲက မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဒီနေကို ရောက်နေပြီ... ဒါတောင် ဒီမေးခွန်းတွေကို မေးနေတုန်းလား...မင်း မထွက်လာခင်က ဘာမှမလေ့လာခဲ့ဘူးလား..."