ဒါ အဆုံးသတ်ပဲလား
Vol. 17 Ch. 162
နန်ကုန်းဘိုးဘေးသုံးဦး၏ စိတ်နှလုံးသားသည် လေးလံနေပေ၏။
သူတို့သည် စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ရောက်လာပါက ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။ သို့ရာတွင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးနှင့် အမှန်တကယ် ရင်ဆိုင်ရချိန်တွင် သူတို့အကြားရှိ ကွာဟချက်ကြီးမားပုံကို ရှင်းလင်းစွာ နားလည်သဘောပေါက်လိုက်ကြသည်။
ကျင့်ကြံဆင့်စွမ်းအားသည် အမြင့်တစ်ခုသို့ ရောက်ရှိသွားချိန်၌ အင်အားအရေအတွက်သည် အဓိပ္ပာယ်မရှိတော့ချေ။
သူတို့သုံးဦးသည် ဤအကျပ်အတည်းကို မည်သို့ ဖြေရှင်းရမည်နည်းဟု အလျင်အမြန် စဉ်းစားနေကြစဉ် နန်ကုန်းရှန်ထျန်းသည် မတ်တတ်ထရပ်လိုက်၏။
သူက ဝမ်ချဲ့ကို စူးစိုက်၍ ကြည့်လိုက်သည်။
"ခင်ဗျားလိုလူကများ ကျုပ်တို့ရဲ့ နန်ကုန်းမိသားစုထဲကို လာပြီးပြဿနာရှာရဲတယ်ပေါ့..."
ထိုစကားတစ်ခွန်းတည်းက နန်ကုန်းဘိုးဘေးသုံးဦးကို လုံးလုံးလျားလျား ကြောင်အသွားစေသည်။
"သောက်ကျိုးနည်း..."
"ဒီကောင်လေး နန်ကုန်းရှန်ထျန်းက တကယ်ကြီး ဒီလောက်ထိ သတ္တိရှိတာလား..."
ဤလူသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်ကာ သူတို့အနေဖြင့် အစွမ်းကုန်သတိထား၍ ဆက်ဆံရမည့် တည်ရှိမှုမျိုးပင်။
နေမင်းနက်နဲသိမ်မွေ့နယ်ပယ်တွင်သာရှိသော နန်ကုန်းရှန်ထျန်းသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးအပေါ် ဤမျှထိ မောက်မာရဲသော သတ္တိမျိုးကို မည်သည့်နေရာမှ ရရှိလာသနည်း။
ခန်းမဝင်ပေါက်တွင် မတ်တတ်ရပ်နေသော ဝမ်ချဲ့သည်လည်း ဤမြင်ကွင်းကြောင့် မှင်သက်သွားသည်။
သို့သော် ချက်ချင်းဆိုသလိုပင် သူ၏ နှလုံးသားထဲ၌ ဒေါသမီးတောက်များ တောက်လောင်လာသည်။
သူသည် မည်ကဲ့သို့သော အဆင့်အတန်းမျိုး ရှိသူနည်း။
ဝမ်မိသားစု၏ ဘိုးဘေး...
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး...
ပုရွက်ဆိတ်တစ်ကောင်က သူ့ကို စိန်ခေါ်ရဲသည်ဟု သူ တွေးလိုက်မိသည်။
"မင်းက သေလမ်းရှာနေတာပဲ..."
ဝမ်ချဲ့သည် ကျယ်လောင်စွာ အော်ငေါက်လိုက်ကာ အကန့်အသတ်မဲ့သော သတ်ဖြတ်လိုစိတ်များ သူ့ထံမှ ပွင့်အံ့ထွက်လာသည်။
သူ၏ သတ်ဖြတ်လိုစိတ်မှ လွှမ်းခြုံမှုအောက်တွင် လေဟာနယ်၏အပူချိန်သည် များစွာကျဆင်းသွားပေ၏။
"ဟား ဟား... အဘိုးကြီးဝမ်... ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ ဖြစ်တာနဲ့ပဲ ခင်ဗျား လုပ်ချင်ရာ လုပ်လို့ရမယ်လို့ ထင်နေတာလား..."
ထိုအချိန်မှာပင် အကြီးအကဲတစ်ဦးက ရှေ့သို့ ထွက်လာသည်။
"ခင်ဗျားရဲ့ ခွေးမျက်လုံးတွေ ကန်းနေတာလား... ငါ့တို့ရဲ့ နန်ကုန်းမိသားစုထဲကို ကျူးကျော်လာရဲတယ်ပေါ့..."
"ခင်ဗျား ရောက်လာမှတော့ ပြန်ထွက်သွားဖို့ စိတ်ကူးမယဉ်နဲ့တော့..."
"ဒူးထောက်ပြီး သုံးကြိမ်ဦးတိုက်လိုက်... ဒါဆိုရင် ခင်ဗျားရဲ့အသက်ကို ချမ်းသာပေးဖို့ ကျုပ်တို့ စဉ်းစားပေးကောင်း ပေးနိုင်တယ်..."
နန်ကုန်းဘိုးဘေးသုံးဦးသည် ဒေါသထွက်နေကြသော အကြီးအကဲများနှင့် အဆင့်မြင့်အဖွဲ့ဝင်များကို ကြည့်လိုက်ကြသည်။
သူတို့၏မျက်လုံးများသည် မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေကြ၏။
ဤမျိုးဆက်များ ရူးသွပ်ကုန်ကြပြီလော...
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ပို၍ မောက်မာလာကြပြီး ပို၍စည်းကမ်းမဲ့လာကြသည်။
မဟုတ်သေးချေ... သူတို့သည် မည်သည့်နေရာမှနေ၍ ဤကဲ့သို့ ယုံကြည်မှုမျိုး ရရှိနေကြသနည်း။
ဤမျှထိ မဆင်မခြင်လုပ်ရဲသည့် သတ္တိမျိုးကို သူတို့အား မည်သူက ပေးလိုက်သနည်း။
သူတို့သည် ဤမျှလောက်ထိ ဘဝင်မြင့်နေကြသလော...
တခြားတစ်ဖက်တွင်မူ ဝမ်ချဲ့သည် ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့သဖြင့် အော်ဟစ်၍ ရယ်မောလိုက်မိသည်။
ပုရွက်ဆိတ်တစ်သိုက်သည် သူ့ကို ဒူးထောက်ပြီး အမှားဝန်ခံခိုင်းရန် ဗြောင်ကျကျ ပြောဆိုရဲကြ၏။
ထို့ပြင် သူ့ကို အသက်ချမ်းသာပေးမည်ဟု ဆိုသလော...
"လူပြက်တွေ... မင်းတို့က အခြေအနေကို သဘောမပေါက်ကြသေးဘူးနဲ့ တူတယ်..."
"လေးစားမှုက ဘာလဲဆိုတာ ဒီဘိုးဘေးက သင်ပေးရသေးတာပေါ့..."
"ဝုန်း..."
သူ၏ စကားသံ ဆုံးသွားသည်နှင့် ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုဖြင့် တိုက်ရိုက်ရိုက်နှက်လိုက်သည်။
ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် ပေပေါင်းများစွာ ရှည်လျားပြီး တောက်ပသော အလင်းတန်းများ ဖြာထွက်နေကာ အဆုံးမဲ့သော ဖျက်ဆီးခြင်း စွမ်းအားများ ရောနှော၍ပါဝင်နေသည်။
ထိုအရာသည် နတ်ဘုရားတောင်ကြီး တစ်လုံးအလား အရာအားလုံးကို ဖိနှိပ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုသည့်အလားပင်။
"ရန်သူကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြစမ်း..."
နန်ကုန်းဘိုးဘေးသုံးဦး၏ မျက်နှာအမူအယာများသည် တည်ကြည်လေးနက်နေပြီး သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို ချက်ချင်း လှည့်ပတ်လိုက်ရာ သူတို့၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ချီစွမ်းအင်များ လှိုင်းထန်လာသည်။
သို့သော် ထိုအချိန်တွင် နန်ကုန်းရှန်ထျန်းက အော်ဟစ်ရယ်မောလိုက်၏။
"သာမန်ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူလေး တစ်ယောက်အတွက်နဲ့ ဘိုးဘေးသုံးယောက်က လှုပ်ရှားဖို့ လိုလို့လား..."
"ဘိုးဘေးတို့က ဘေးကနေ ပွဲထိုင်ကြည့်နေလိုက်ပါ..."
ထိုစကားကိုပြောဆိုရင်း သူက သစ်သားပန်းပုရုပ်တစ်ရုပ်ကို တိုက်ရိုက်အသက်သွင်းလိုက်သည်။
ထိုသစ်သားပန်းပုရုပ်သည် လူသားပုံသဏ္ဍာန်အဖြစ် ချက်ချင်းပြောင်းလဲသွားတော့သည်။
ပန်းပုရုပ်လူသားသည် ဝမ်ချဲ့ကို သူ၏လက်ညှိုးဖြင့် တိုက်ရိုက်ညွှန်ပြလိုက်၏။
"ဝုန်း..."
ဤလက်ညှိုးသည် ပြိုင်ဘက်ကင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို သယ်ဆောင်ထားသည်။
ထိုအရာသည် လေဟာနယ်ကို ဆုတ်ဖြဲပြီး မိုးကောင်းကင်ယံကို တုန်ခါသွားစေသည်။
တစ်ချိန်တည်းမှာပင် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦး၏အရှိန်အဝါသည် အပြည့်အဝ ပွင့်အံ့ထွက်လာပေ၏။
"ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူလား..."
ဝမ်ချဲ့၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ သူ၏ ယခင်က တည်ငြိမ်ပြီး လောကီနှင့်ကင်းကွာသော အမူအရာ လုံးဝပျောက်ကွယ်သွားပြီး ထိတ်လန့်ကြောက်ရွံ့သော အမူအယာဖြင့် အစားထိုးခြင်း ခံလိုက်ရသည်။
အကယ်၍ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်နှင့် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်ကြား ကွာဟချက်သည် ချောက်နက်ကြီးတစ်ခုသဖွယ် ဖြစ်လျှင်...
ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်နှင့် ယင်သုံးပါးနယ်ပယ်ကြား ကွာဟချက်သည် ကောင်းကင်ဘုံတံတိုင်းကြီးအလားပင်။
"ဒုတိယတန်းစား မိသားစုတစ်စုက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားရတာလဲ..."
ဝမ်ချဲ့၏စိတ်နှလုံးသားသည် ကြီးမားသော ထိတ်လန့်တုန်လှုပ်မှု လှိုင်းလုံးကြီးများဖြင့် တုန်ရီနေသည်။
သူသည် တစ်ဝက်တစ်ပျက်ခန့် ထုတ်လွှတ်ထားပြီးဖြစ်သော လက်ဝါးရိုက်ချက်ကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် သူ၏နယ်ပယ်ကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်ပြီး လျှပ်စီးကဲ့သို့ လျင်မြန်သောအရှိန်ဖြင့် လှည့်ထွက်ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။ ထို့နောက် သူ၏ရင်ဘတ်ကြားမှ တည်နေရာရွှေ့ပြောင်းခြင်း စာလိပ်တစ်ခုကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။
ယင်သုံးပါးနယ်ပယ် ပန်းပုရုပ် ထွက်ပေါ်လာသည့် အချိန်တခဏ၌ပင် သူ့ကို တိုက်ခိုက်ရန်သတ္တိ လုံးလုံးလျားလျား ပျောက်ဆုံးသွားစေခဲ့သည်။
နှစ်ဖက်သည် အဆင့်အတန်းချင်း လုံးလုံးလျားလျား မတူညီကြချေ။
လောကကြီးရှိ အရာအားလုံးကို ဖောက်ထွင်းသွားနိုင်ပုံရသော ပြိုင်ဘက်၏လက်ညှိုးအောက်တွင် ပြင်းထန်သော သေဆုံးခြင်းအငွေ့အသက်ကို သူ ခံစားလိုက်ရသည်။ ထိုကြောင့် သူသည် ဤအန္တရာယ်များသော နေရာမှ အမြန်ဆုံးထွက်ပြေးရန်သာ ဆန္ဒရှိတော့သည်။
မြန်မြန်...
မြန်မြန်...
မြန်မြန်...
ဤအချိန်တွင် ဝမ်ချဲ့၌ ယခင်က မြင့်မြတ်ပြီး သာလွန်ထူးကဲသော အမူအယာမျိုး တစ်ခုတစ်လေမျှ မကျန်တော့ချေ။
သူ့ထံတွင် ရှိသည်မှာ လမ်းဘေးခွေးတစ်ကောင်အလား ကြောက်ရွံ့မှုနှင့် ထိတ်လန့်တုန်လှုပ်မှုသာဖြစ်သည်။
သူ၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ဖုံးလွှမ်းနေပေ၏။
သူသည် သူ၏ဘဝတလျှောက်လုံးတွင် အမြန်ဆုံးသော အရှိန်နှုန်းဖြင့် တည်နေရာရွှေ့ပြောင်းခြင်းစာလိပ်ကို အသက်သွင်းလိုက်သည်။
သို့သော် စာလိပ်မှ ထွက်ပေါ်လာသော အလင်းတန်းသည် သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားစဉ်မှာပင် ပန်းပုရုပ်၏ သတ်ဖြတ်ခြင်းတိုက်ကွက် ရောက်ရှိလာခဲ့သည်။
"ဒုန်း..."
ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားပေ၏။
သူ၏ရင်ဘတ်တွင် ကြောက်မက်ဖွယ်ကောင်းသော အပေါက်ကြီးတစ်ခု ထွက်ပေါ်လာသည်။
သွေးများပန်းထွက်လာပြီးနောက် ဝမ်ချဲ့၏ပုံရိပ်သည် စာလိပ်၏ပို့ဆောင်မှုအောက်တွင် နေရာမှ ပျောက်ကွယ်သွားတော့သည်။
ဤအရာအားလုံးကို ဖော်ပြရန် အချိန်ကြာမြင့်သော်လည်း လက်တွေ့တွင် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
နန်ကုန်းဘိုးဘေးသုံးဦးသည် လုံးလုံးလျားလျား ကြောင်အသွားပေ၏။
နန်ကုန်းရှန်ထျန်းက သူတို့ကို ဝင်မပါရန် တားဆီးလိုက်စဉ်က သူတို့သည် သူ့ကို ဆူပူကြိမ်းမောင်းချင်ခဲ့ကြသည်။
ဤကဲ့သို့သော အချိန်မျိုးတွင်ပင် သူသည် အခြေအနေ၏ အရေးကြီးမှုကို သတိမထားမိသလောဟု တွေးတောမိခဲ့ကြသည်။
သို့သော် ပန်းပုရုပ်မှ လှုပ်ရှားလိုက်သည်နှင့် သူတို့၏လည်ပင်းများကို ညှစ်ထားသကဲ့သို့ ဖြစ်သွားကြသည်။
သူတို့၏မျက်နှာများ နီမြန်းလာကာ နောက်ဆုံးတွင် သူတို့သည် လုံးလုံးလျားလျား ကြက်သေသေသွားကြ၏။
ထိုလူသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးပင်။
ထို့နောက် ဤအတိုင်း... ပျောက်ကွယ်သွားခဲ့သလော...
"သူ သေသွားပြီလား..."
အချိန်အတော်ကြာပြီးနောက် နန်ကုန်းရွှမ်ဟန်က မေးလိုက်သည်။
သူ၏ပုံစံသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အပြစ်ကင်းပြီး ကြောင်အမ်းအမ်းဖြစ်နေသည်။
"သေလောက်ပါတယ်..."
နန်ကုန်းရှန်က တံတွေးမြိုချကာ ပြောဆိုလိုက်ပြီး သူ၏စိတ်များ ရှုပ်ထွေးနေသည်။
နန်ကုန်းဟုန်က ပြောဆိုသည်။
"သူ မသေရင်တောင်မှ အဲ့ဒီလက်ညှိုးတစ်ချက်တည်းနဲ့တင် သူ့ရဲ အသက်စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီ... ဒီညကို သူ ကျော်နိုင်မှာ မဟုတ်တော့ဘူး..."
အချိန်တခဏတာအတွင်းတွင် ဘိုးဘေးသုံးဦး၏ စိတ်ခံစားမှုများ လှိုင်းထန်နေကြသည်။
သူတို့သည် မူလက နန်ကုန်းမိသားစုနှင့်အတူ အတူတကွ တိုးတက်ရန်နှင့်ဆုတ်ခွာရန် အတူတကွ အသက်ရှင်သန်ရန်နှင့်သေဆုံးရန် ပြင်ဆင်ထားခဲ့ကြသည်။
သို့သော် ရလဒ်မှာ...
သူတို့ မလှုပ်ရှားရသေးမီမှာပင် ပြိုင်ဘက်သည် မရှိတော့ချေ။
ဤကိစ္စသည် အမှန်တကယ်ကို ထူးဆန်းပြီး ယုံကြည်ရခက်ပေ၏။
သူတို့မိသားစု ဤမျှထိ စွမ်းအားကြီးမားလာသည်ကို သူတို့ မည်သည်ကြောင့် မသိရသနည်း။
"ဒါက... တကယ်တမ်းကျ ဘာတွေ ဖြစ်သွားတာလဲ..."
အချိန်အတော်ကြာပြီးနောက် ရွှမ်ယွမ်ဟန်သည် သူ၏စိတ်နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုကို ငြိမ်သက်အောင် ပြုလုပ်ပြီး နန်ကုန်းရှန်ထျန်းကို ကြည့်လိုက်သည်။
ဘိုးဘေးသုံးဦး၏စိတ်နှလုံးသားထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေသည်။
ဘိုးဘေးသုံးဦး၏မေးမြန်းမှုကို ရင်ဆိုင်ရချိန်တွင် နန်ကုန်းရှန်ထျန်းသည် ပေါ့ဆရဲခြင်း မရှိပေ။
သူသည် မိသားစုခေါင်းဆောင်သုံးဦး လာရောက် ဖိအားပေးခဲ့သည့် အကျပ်အတည်းများ နန်ကုန်းမိသားစု ရင်ဆိုင်ခဲ့ရသော အခက်အခဲများနှင့် ကျုံးချင်က အုပ်စိုးသူအရှင် အမွေအနှစ်ကို လာရောက်လဲလှယ်ခဲ့ပုံများကို အပြည့်အစုံ ပြန်လည်ပြောပြလိုက်သည်။
ထိုသို့ပြောပြပြီးနောက် နန်ကုန်းရှန်ထျန်းက တောင်းပန်လိုက်၏။
"ကိစ္စက အရေးတကြီး ဖြစ်နေတဲ့အပြင် ဘိုးဘေးသုံးဦးကလည်း တံခါးပိတ်ကျင့်ကြံနေတာကြောင့် ကျွန်တော်က ခွင့်ပြုချက် မတောင်းခံခဲ့မိဘူး... ကျေးဇူးပြုပြီး ဘိုးဘေးတို့က ကျွန်တော့်ကို အပြစ်ပေးပါ ..."
"မင်းက တကယ်ကို သေသင့်တဲ့ကောင်ပဲ..."
နန်ကုန်းရွှမ်ဟန်၏ အသက်ရှူသံများ မြန်ဆန်လာကာ သူ၏မျက်လုံးများ နီမြန်းနေသည်။
ထိုစကားများကြောင့် လူများအားလုံး၏ စိတ်နှလုံးသားများ မွန်းကြပ်သွားသည်။
မိသားစုခေါင်းဆောင်သည် အုပ်စိုးသူအရှင် အမွေအနှစ်ကို လဲလှယ်လိုက်သည့်အတွက် ဘိုးဘေး ဒေါသထွက်နေသည်ဟု ယူဆကာ သူတို့ ဝင်ရောက်တောင်းပန်ရန် ပြင်ဆင်လိုက်စဉ်မှာပင် နန်ကုန်းရွှမ်ဟန် ပြောဆိုလိုက်သည်ကို ကြားလိုက်ရသည်။
"ယင်သုံးပါးနယ်ပယ် ပန်းပုရုပ်တစ်ရုပ်တောင်မှလား... မင်းရဲ့ မိုက်မဲမှုကြောင့် ဒီလိုပဲ အလဟသ ဖြုန်းတီးပစ်လိုက်ရတယ်ပေါ့..."
"ဖြုန်းတီးတဲ့ကောင်... မင်းကို ငါ ရိုက်သတ်မယ်..."
အချိန်တခဏအတွင်းတွင် လူအုပ်ကြီးထံမှ နှစ်သိမ့်စကားများသည် ထွက်မလာနိုင်တော့ချေ။
အော်... ဒီကိစ္စကြောင့်လား...
ဒါဆိုရင်တော့ လွှတ်ထားလိုက်တော့မယ်...
အမှန်အားဖြင့် မိသားစုခေါင်းဆောင်က ယင်သုံးပါးနယ်ပယ် ပန်းပုရုပ်တစ်ရုပ်ကို ဖြုန်းတီးလိုက်သည်ဟု သူတို့ သိလိုက်ရချိန်၌ သူတို့ထံတွင်လည်း မကျေနပ်ချက် တော်တော်များများ ရှိခဲ့ကြသည်။
ဤမျှထိကြီးမားသော ဝှက်ဖဲကြီးကို အလဟဿ ဖြုန်းတီးပစ်လိုက်သဖြင့်..
သူတို့၏နှလုံးသားများ အလွန်နာကျင်သွားကာ သွေးများယိုစီးကျလုမတက်ပင်။
ယခုချိန်၌ ဘိုးဘေးကိုယ်တိုင် ဝင်ရောက်ပြီး မိသားစုခေါင်းဆောင်အား သင်ခန်းစာပေးနေသည်ကို မြင်တွေ့ချိန်မှသာ သူတို့၏ စိတ်ထဲတွင် တရားမျှတမှုခံစားချက်ကို ရှာဖွေတွေ့ရှိသွားကြသည်။
နန်ကုန်းရှန်နှင့် နန်ကုန်းဟုန်တို့သည် ဘိုးဘေးက သူ၏မြေးကို ရိုက်နှက်နေသည်အား နံဘေးမှနေ၍ ပြုံးရွှင်စွာ ကြည့်ရှုနေကြသည်။
ခန်းမဆောင်တစ်ခုလုံး ချက်ချင်းဆိုသလိုပင် သက်ဝင်လှုပ်ရှားပြီး ပျော်ရွှင်ဖွယ်ကောင်းသောအငွေ့အသက်များဖြင့် ပြည့်နှက်သွားသည်။
သို့သော် ဤအခြေအနေကြောင့် လူအမြောက်အများကို ကျုံးချင်အကြောင်း မသိစိတ်မှနေ၍ တွေးတောမိသွားစေသည်။
ထိုလူသာ မရှိခဲ့လျှင် ဝမ်ချဲ့၏ ရန်လိုသော အမူအယာကို ကြည့်ခြင်းအားဖြင့် သူတို့၏ နန်ကုန်းမိသားစုတစ်စုလုံး အမြစ်ပြန်သုတ်သင်ခြင်း ခံရနိုင်ချေရှိသည်။ သူတို့သည် ယခုကဲ့သို့ သဟဇာတဖြစ်သော မြင်ကွင်းမျိုးကို ခံစားရရန် မဆိုထားနှင့် အသက်ရှင်ကျန်ရစ်ရန်ပင် ခက်ခဲပေလိမ့်မည်။