← Chapters

ဝမ်မိသားစုအတွင်းရှိ အပြောင်းအလဲများ

Vol. 17 Ch. 163

ဝမ်မိသားစုအတွင်းရှိ အပြောင်းအလဲများ

Vol. 17 Ch. 163

ဝမ်အိမ်တော်...

ဘိုးဘေး ထွက်ခွာသွားပြီးနောက် ဝမ်မိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များအားလုံးသည် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးတစ်ပွဲကို ပြင်ဆင်ပြီး ဘိုးဘေး အောင်ပွဲခံ၍ ပြန်လာမည်ကို စောင့်ဆိုင်းနေကြသည်။

စားသောက်ပွဲတွင် လူတိုင်းသည် ခွက်ချင်းတိုက်ကာ ပျော်ရွှင်မြူးထူးနေကြ၏။

"ဒီနေ့ကစပြီး ငါတို့ ဝမ်မိသားစု ကောင်းကင်ထက်ကို ပျံတက်နိုင်မယ့် အချိန်ပဲ..."

အကြီးအကဲတစ်ဦးသည် ဝိုင်အရက်သုံးခွက်ကိုဆက်တိုက်သောက်လိုက်ပြီး စိတ်ကျေနပ်အားရစွာ ပြောဆိုလိုက်သည်။

"ဝမ်မိသားစုအတွက်... ဘိုးဘေးအတွက်..."

လူများအားလုံး၏စိတ်ခံစားမှုများ အထွတ်အထိပ်သို့ ရောက်ရှိနေကြသည်။

သိသာထင်ရှားသည်မှာ သူတို့၏အမြင်အရ ဘိုးဘေး လှုပ်ရှားသည်နှင့် အုပ်စိုးသူအရှင် အမွေအနှစ်ကို ရရှိရန်မှာ သူ၏အိတ်ကပ်ထဲမှ ပစ္စည်းကို နှိုက်ယူသကဲ့သို့ လွယ်ကူပေလိမ့်မည်။

သေးငယ်သော နန်ကုန်းမိသားစုသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို မည်သို့ တားဆီးနိုင်မည်နည်း။

ဝမ်မိသားစုခေါင်းဆောင် ဝမ်တုန်းသည် ထိပ်ဆုံးခုံတွင် ထိုင်နေပေ၏။

သူသည် အလွန်အမင်း စိတ်အခြေအနေ ကောင်းမွန်နေကြောင်း သိသာထင်ရှားသည်။

သူသည် ခွက်ထဲမှ ဝိုင်အရက်ကို မော့သောက်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ချန် နဲ့လီ မိသားစု ခေါင်းဆောင်တွေ ဖြစ်တဲ့ ဟိုအဘိုးကြီးနှစ်ယောက်သာ ဝင်မရှုပ်ရင် အုပ်စိုးသူအရှင် အမွေအနှစ်က ငါ့ရဲ့လက်ထဲကို ရောက်နေတာ ကြာလောက်ပြီ... ဘိုးဘေးကို ဒုက္ခပေးပြီး လှုပ်ရှားခိုင်းစရာ ဘာလို့လိုမှာလဲ..."

"ဒါပေမဲ့ ဘိုးဘေးရဲ့စွမ်းအားနဲ့ သူ့ရဲ့ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်ရဲ့နယ်ပယ်ကို အသက်သွင်းလိုက်တာနဲ့ ရုန်းရင်းဆန်ခတ် ဆူညံသံတွေ ဖြစ်သွားရင်တောင် အပြင်လောကက သတင်းရမှာ မဟုတ်လောက်ဘူး..."

"လူတွေ သတိထားမိတဲ့ အချိန်ရောက်ရင် နန်ကုန်းမိသားစုက အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီးတော့ အုပ်စိုးသူအရှင် အမွေအနှစ်က ငါတို့ ဝမ်မိသားစု ပိုင်ဆိုင်တဲ့ ပစ္စည်း ဖြစ်နေလောက်ပြီ..."

"ငါတို့ သိုသိုသိပ်သိပ် လုပ်ဆောင်သရွေ့ အုပ်စိုးသူအရှင် အမွေအနှစ်က ငါတို့ ဝမ်မိသားစုရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ..."

"အဲ့ဒီအချိန်ရောက်ရင် အုပ်စိုးသူအရှင် ရုပ်ခန္ဓာ ကိုယ်ပိုင်ရှင် ကြီးပြင်းလာတာနဲ့ ငါတို့ ဝမ်မိသားစုက ဒေသတစ်ခုလုံးကို လွှမ်းမိုးပြီး အထွတ်အထိပ်ရောက်မယ့်အချိန်ကို ရောက်လာလိမ့်မယ်..."

"ဟူး..."

ဝမ်တုန်း ပြောပြသော အနာဂတ် ပုံရိပ်ကြောင့် လူများအားလုံး စိတ်လှုပ်ရှားသွားကာ လှိုင်းထန်သော စိတ်ခံစားချက်များဖြင့် ပြည့်နှက်သွားကြသည်။

ဝမ်မိသားစု၏ လက်ရှိအင်အားဖြင့် နယ်မြေတစ်ခုကို လွှမ်းမိုးရန် လုံလောက်သည်။

သို့သော် ဒေသတစ်ခုလုံးကို လွှမ်းမိုးရန်မှာ သူတို့အတွက် စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်ပေမည်။

ယခုမူ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဒေသတစ်ခုလုံး၏ထိပ်ဆုံးတွင် ရပ်တည်နိုင်မည့် အခွင့်အရေးတစ်ခု သူတို့၏ရှေ့တွင် ရောက်ရှိနေပြီဖြစ်ရာ သူတို့ မည်သည်ကြောင့် တည်ငြိမ်စွာ နေနိုင်မည်နည်း။

လူများအားလုံး လှပသော အနာဂတ်ကို စိတ်ကူးယဉ်နေကြစဉ်...

လေဟာနယ်ထဲတွင် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။

ဤသည်မှာ နန်ကုန်းမိသားစုမှ ပြန်လာသော ဝမ်မိသားစုဘိုးဘေး ဝမ်ချဲ့ပင်။

သို့သော် ဝမ်ချဲ့သည် ယခုအချိန်တွင် အလွန် သနားဖွယ်ကောင်းသော အခြေအနေတွင် ရှိနေသည်။

သူ၏ရင်ဘတ်တစ်ခုလုံး ပေါက်ထွက်နေကာ သွေးများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ စိုရွှဲနေသဖြင့် သွေးလူသားတစ်ယောက်ကဲ့သို့ ဖြစ်နေပေ၏။

သစ်သားပန်းပုရုပ်၏ လက်ညှိုးတစ်ချက်တည်းဖြင့် သူ၏ အသက်စွမ်းအားအများစုကို တိုက်ရိုက်ချေမှုန်းလိုက်ခြင်းပင်။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများသည် အလွန်ခိုင်မာသော အသက်စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့်သာ သူ မသေဆုံးသေးခြင်းဖြစ်သည်။ အကယ်၍ သာမန်လူသာ ဖြစ်ခဲ့လျှင် ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားလောက်လေပြီ။

ထိုသို့ဆိုရသည့်တိုင် ဝမ်ချဲ့၏လက်ရှိအခြေအနေသည် အလွန်အမင်း အားနည်းနေလေပြီ။

သူ၏အသက်စွမ်းအားသည် လေထဲမှ ဖယောင်းတိုင်မီးကဲ့သို့ ဖြစ်နေပြီး အချိန်မရွေး သေဆုံးကာ ဝိညာဉ်ပျက်စီးသွားနိုင်သည့် အန္တရာယ်၌ ရှိနေသည်။

"ဘိုး... ဘိုးဘေး..."

ထိုမြင်ကွင်းကို မြင်တွေ့ချိန်၌ ဝမ်တုန်း ဦးဆောင်သော ဝမ်မိသားစုများအားလုံး၏ မျက်နှာအမူအယာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။

ယခင်က သက်ဝင်လှုပ်ရှားနေသော အခြေအနေသည် ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွားပြီး လူများအားလုံးသည် သူတို့၏ဘိုးဘေးကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြ၏။

ဤသည်မှာ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦး မဟုတ်လော...

သူသည် နန်ကုန်းမိသားစုထံမှ အုပ်စိုးသူအရှင် အမွေအနှစ် သွားယူခြင်း မဟုတ်လော...

မည်သည်ကြောင့် ဘိုးဘေးသည် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်သွားခဲ့သနည်း....

ဝမ်တုန်းသည် သူ၏ဘိုးဘေးကို တွဲထူရန် အလျင်အမြန် ရှေ့တိုးသွားလိုက်၏။

တစ်ချိန်တည်းမှာပင် သူက အမိန့်ပေးလိုက်သည်။

"မြန်မြန်... ဘဏ္ဍာတိုက်ကိုသွားပြီး ဘိုးဘေးရဲ့ အသက်ကိုဆက်ဖို့ အကောင်းဆုံးဆေးတွေ သွားရှာကြစမ်း..."

ဘိုးဘေးသည် ဝမ်မိသားစုကို တည်ငြိမ်စေသော ကျောထောက်နောက်ခံဖြစ်သည့် ထောက်တိုင်ကြီးပင်။

အကယ်၍ ဘိုးဘေးသာ တစ်စုံတစ်ခု ဖြစ်သွားပါက သူ၏ဝမ်မိသားစုသည် နာမည်မဲ့မြို့တော်တွင် အနာဂတ်၌ မည်သို့ ရပ်တည်ရမည်ကို ဝမ်တုန်း စိတ်ကူးပင် မယဉ်ရဲချေ။

"မ... မသွားနဲ့တော့..."

ဝမ်မိသားစုဘိုးဘေး ဝမ်ချဲ့သည် သွေးအမြောက်အများကို အန်ထုတ်လိုက်၏။

သူသည် သူ၏အခြေအနေ သိရှိထားပြီးဖြစ်သည်။

သူ၏အသက်စွမ်းအား ကုန်ခမ်းသွားပြီး သူ၏စိတ်ဝိညာဥ်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားလေပြီ။ သူသည် ယခုချိန်၌ သေလုမျောပါးအခြေအနေသို့ ရောက်ရှိနေသည်။

ဤအခြေအနေမျိုးတွင် ဧကရာဇ်အဆင့် ဆေးလုံးများပင် အထောက်အကူဖြစ်မည် မဟုတ်ချေ။

သူသည် ဝမ်တုန်း၏လက်မောင်းကို သူ၏လက်တစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

"နန်ကုန်းမိသားစုမှာ...ကြောက်ဖို့အရမ်းကောင်းတဲ့အရာကြီး ရှိနေတယ်..."

"နောက်ကျရင်... သူတို့ကို... ရန်သွားမစနဲ့..."

ဤစကားများသည် ဤလောကတွင် ကျန်ရစ်ခဲ့သော ဝမ်ချဲ့၏ နောက်ဆုံးမှာတမ်းစကားများ ဖြစ်လာခဲ့သည်။

ထိုစကားများ ပြောပြီးသည်နှင့် သူ၏လက်များ အားအင်မရှိတော့ဘဲ လျော့ကျသွားပေ၏။

"ဘိုးဘေး..."

ဝမ်မိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များထံတွင် ဝမ်းနည်းပူဆွေးမှုများ မျှော်လင့်ချက် ကင်းမဲ့မှုများဖြင့် ပြည့်နှက်သွားကြပြီး ကြီးမားသော နားမလည်နိုင်မှုနှင့် အဆုံးမဲ့ကြောက်ရွံ့မှုများသည် သူတို့၏စိတ်နှလုံးသားထဲတွင် ပေါက်ဖွားလာသည်။

သူတို့၏စိတ်ထဲတွင် နန်ကုန်းမိသားစုသည် သင့်တင့်လျောက်ပတ်သော အင်အားရှိသော်လည်း ဒုတိယတန်းစား မိသားစုတစ်ခုမျှသာ ဖြစ်သည်။

တစ်ဖက်လူများသည် မည်သည့်ဝှက်ဖဲမျိုးကို ဖုံးကွယ်ထားသနည်း။

သူတို့၏ဘိုးဘေးပင်လျှင် ရက်စက်သော ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရသည်။

"မိသားစုခေါင်းဆောင်... ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ..."

အကြီးအကဲတစ်ဦးက ထိတ်လန့်တကြား မေးမြန်းလိုက်သည်။

ဘိုးဘေး၏ ဝင်ရောက်စွက်ဖက်မှုဖြင့် ဝမ်မိသားစု၏ ကြီးမားသောတိုးတက်မှု အချိန်ကာလသို့ ရောက်လာတော့မည်ဟု သူတို့ မူလက ထင်မှတ်ထားခဲ့ကြ၏။ သို့ရာတွင် ထိုအစား ဝမ်မိသားစုအတွက် အမှောင်ထုကြီး ကျရောက်မည့်နေ့ ဖြစ်လာလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

ဘိုးဘေး သေဆုံးသွားသဖြင့် သူတို့သည် မိုးကောင်းကင်ယံကြီး ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအချိန်တွင် ဝမ်မိသားစုခေါင်းဆောင် ဝမ်တုန်းသည်လည်း လုံးလုံးလျားလျား စိတ်ရှုပ်ထွေးနေသော အခြေအနေသို့ ရောက်ရှိနေသည်။

သို့သော် သူသည် ချက်ချင်းဆိုသလိုပင် သူ၏စိတ်ကို ပြန်လည်၍ ထိန်းချုပ်လိုက်ပြီး မိသားစုခေါင်းဆောင် တာဝန်များကို ထမ်းဆောင်ကာ အမိန့်များကို ဆက်တိုက်ထုတ်ပြန်လိုက်၏။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း... ဘိုးဘေး သေဆုံးသွားတဲ့ ကိစ္စကို လုံးဝပေါက်ကြားလို့ မဖြစ်ဘူး... သတင်းအစအနလေးတစ်ခုကိုတောင် ဖြန့်ရဲတဲ့ ဘယ်သူမဆို မိသားစု သစ္စာဖောက်အဖြစ် သတ်မှတ်ပြီးတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်..."

"ဒီနေ့ကစပြီး ဝမ်မိသားစုက တံခါးပိတ်ထားမယ်... အိမ်တော်ရဲ့ကာကွယ်ရေး မဟာဝင်္ကပါကြီးကို ဖွင့်ထားမယ်... ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်သူမှ အဝင်အထွက် မလုပ်ရဘူး..."

ဤညသည် ဝမ်မိသားစုအတွက် အိပ်မပျော်နိုင်သော ညတစ်ည ဖြစ်လာရန် ကံပါလာခဲ့သည်။

ဝမ်ချဲ့၏သေဆုံးခြင်းက သူတို့ကို အံ့အားသင့်တုန်လှုပ်စေရုံသာမက အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့စေခဲ့သည်။

သူတို့သည် အိမ်တော်ကာကွယ်ရေး မဟာဝင်္ကပါကြီးကိုပင် အသက်သွင်းထားလိုက်ကြ၏။

နန်ကုန်းမိသားစုက သူတို့နှင့်စာရင်းရှင်းရန် ရောက်လာမည်ကို သူတို့ စိုးရိမ်နေကြသည်။

အကယ်၍ ဤကိစ္စသာ လွန်ခဲ့သော တစ်ရက်က ဖြစ်ပျက်ခဲ့လျှင် သေးငယ်သော နန်ကုန်းမိသားစုက ဝမ်မိသားစုကို ဤအဆင့်ထိ ရောက်အောင် ဖိအားပေးနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမိမည် မဟုတ်ပေ။

ဤသည်မှာ 'မြစ်အရှေ့ဘက် နှစ်သုံးဆယ် မြစ်အနောက်ဘက် နှစ်သုံးဆယ်' **ဆိုသည့် ဆိုရိုးစကားအတိုင်းပင်။

တစ်ညတာ ကုန်ဆုံးပြီးနောက်...

တစ်ချိန်က စည်ကားခဲ့သော ဝမ်မိသားစုသည် ခြောက်ကပ်သွားကာ ရုတ်တရက် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားသည့်အလားပင်။

ဤအချက်က ဝမ်အိမ်တော်အနီးမှ ဖြတ်သန်းသွားလာသူများကို အမှန်တကယ် အံ့အားသင့်သွားစေသည်။

ဝမ်မိသားစု၏ အဆင့်အတန်းနှင့်ဆိုလျှင် ယခင်က ခွေးဟောင်သံ အနည်းငယ် ကျယ်လောင်လျှင်ပင် တစ်ယောက်ယောက်က ချက်ချင်း ထွက်လာပြီး သင်ခန်းစာပေးလေ့ ရှိသည်။

ယခုကဲ့သို့ ပင်မတံခါးကြီးကို တင်းကြပ်စွာ ပိတ်ထားပြီး ဝမ်အိမ်တော်တစ်ခုလုံးရှိ လူများအားလုံး ပျောက်ကွယ်နေသည်ကို မြင်ရသည်မှာ အမှန်တကယ်ကို ပထမဆုံးအကြိမ်ပင်။

ဤအချက်က လူတချို့၏စူးစမ်းလိုစိတ်ကို နှိုးဆွပေးလိုက်ပြီး ဝမ်မိသားစုတွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သနည်းဟူ၍ ခန့်မှန်းပြောဆိုနေကြသည်။

ထို့နောက် ဤကိစ္စသည် နာမည်မဲ့မြို့တော်ရှိပထမတန်းစား မိသားစုသုံးစုအနက်မှ နှစ်စုဖြစ်သော ချန်မိသားစုနှင့် လီမိသားစုထံသို့ မကြာမီမှာပင် သတင်းရောက်ရှိသွားခဲ့သည်။

ချန်အိမ်တော်၌...

"ဒီဝမ်မိသားစုက ဘာတွေလုပ်နေတာလဲ..."

ချန်မိသားစု ခေါင်းဆောင် ချန်ဖင်းက မျက်မှောင်ကြုတ်ပြီး အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။

နာမည်မဲ့မြို့တော်၏ ပထမတန်းစား မိသားစုသုံးခုသည် ဤမြို့တစ်မြို့လုံးကို အချိန်ကြာမြင့်စွာ လွှမ်းမိုးချုပ်ကိုင်ထားခဲ့ကြသည်။

သူတို့သည် သုံးပွင့်ဆိုင် ဆက်ဆံရေးတစ်ခုကို သိသာထင်ရှားစွာ ဖွဲ့စည်းထားကြ၏။

မိသားစုတစ်ခုတွင် အနည်းငယ်သော လှုပ်ရှားမှု ရှိသည်နှင့် ကျန်မိသားစုနှစ်စုထံမှ အထူးအာရုံစိုက်မှုကို ရရှိလေ့ရှိသည်။

ဝမ်မိသားစု၏ ဤနားမလည်နိုင်သော အပြုအမူသည် ချန်မိသားစုကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။

"မိသားစုခေါင်းဆောင်... ဝမ်မိသားစု ဆိုတာက ဦးနှောက်မရှိတဲ့ လူရိုင်းအုပ်စုပါပဲ..."

"ကျွန်တော့်ရဲ့အမြင်အရတော့ သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ပုံစံ ဖန်တီးချင်နေတာပါ... တကယ်တမ်းကျတော့ သူတို့က အုပ်စိုးသူအရှင် အမွေအနှစ်အတွက် တိတ်တဆိတ် ဆွေးနွေးပြီး ကြံစည်နေကြတာ ဖြစ်လောက်တယ်..."

ပင်မခန်းမဆောင်ထဲတွင် ချန်မိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များစွာ စုဝေးနေကြပြီး အကြီးအကဲတစ်ဦးက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"အမှန်ပဲ..."

ထိုစကားများကို လူများအားလုံး ထောက်ခံလိုက်ကြသည်။

"ငါတို့ရဲ့ လက်ရှိအာရုံစိုက်မှုက နန်ကုန်းမိသားစုအပေါ်မှာပဲ ရှိသင့်တယ်..."

"အုပ်စိုးသူအရှင် အမွေအနှစ်ကို ဘယ်လို ရယူမလဲဆိုတာက အရေးကြီးဆုံး ကိစ္စပဲ..."

"ဝမ်မိသားစု အတွက်တော့ သိပ်ပြီးအာရုံစိုက်နေစရာ မလိုပါဘူး..."

ထိုစကားများကို ကြားချိန်၌ ချန်ဖင်း၏စိတ်နှလုံးသားထဲတွင် သံသယများစွာ ရှိနေသော်လည်း အတင်းအကြပ် ဖိနှိပ်ထားလိုက်သည်။

သူတို့၏စကားများတွင် အချက်တစ်ချက်ကမူ မှန်ကန်ပေ၏။

ယခုချိန်၌ အရေးကြီးဆုံး လုပ်ဆောင်ရမည့် တာဝန်မှာ နန်ကုန်းမိသားစု၏ အမွေအနှစ်ကို ရယူရန် မည်သို့ တိတ်တဆိတ် ကြံစည်ရမည်နည်း ဆိုသည်ပင်။

တခြားအရာအားလုံးကို သူတို့ ဘေးဖယ်ထားရပေမည်။

ဝမ်မိသားစုကို သတိထားရန် လိုအပ်သော်လည်း အားစိုက်ထုတ်မှုများစွာ ဖြုန်းတီးနေရန် မလိုအပ်ချေ။

တခြားတစ်ဖက်တွင်မူ လီအိမ်တော်၌...

ချန်မိသားစုကဲ့သို့ပင် သူတို့သည်လည်း ဝမ်မိသားစု၏ လုပ်ရပ်များကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်။

သို့သော် လီမိသားစုခေါင်းဆောင် လီယန်အန်းသည် ချန်မိသားစုနှင့် မတူညီသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။

ထိုဆုံးဖြတ်မှာ သူ၏လူများနှင့်အတူ သူ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လည်ပတ်ပြီး ဝမ်မိသားစုတွင် မည်သို့သော အပြောင်းအလဲများ ဖြစ်ပျက်သွားခဲ့သည်ကို စုံစမ်းစစ်ဆေးရန်ပင်။

** မြန်မာစကားပုံ ရေစီးတစ်ခါ ရေသာတစ်လှည့်နဲ့ သဘောတရားဆင်တူပြီးတော့ ကံကြမ္မာအပြောင်းအလဲ ရှိတတ်တာကို ရည်ညွှန်းပါတယ်။

All Chapters