← Chapters

အခန်း (၁၃၈၁-၁၃၈၃)

Vol. 93 Ch. 1381-1383

အခန်း (၁၃၈၁-၁၃၈၃)

Vol. 93 Ch. 1381-1383

အခန်း (၁၃၈၁ )

ထျန်းကျိရဲတိုက်နှင့် ပဋိပက္ခ

လုချန်းသည် သတိပြန်ဝင်လာပြီး လမ်းညွှန်ပေးသည့် သူအား

“ကျေးဇူးတင်ပါတယ် ကျင့်ကြံဖော်”

ထိုသူကလည်း

“ရပါတယ်”

ထိုအချိန်တွင် ထိုသူ တစ်ခုခုကို တွေးမိသွားဟန်ဖြင့်

“ကြည့်ရတာ ခင်ဗျားက ငွေနှင်းနိုင်ငံက ကျင့်ကြံသူ မဟုတ်ဘူးထင်တယ်”

လုချန်းကလည်း

“ဟုတ်တယ်... ကျွန်တော်က တခြား ကြယ်နယ်မြေက လာတာပါ”

ထိုသူက ဆက်လက်၍

“ခင်ဗျား ထျန်းကျိရဲတိုက်မှာ ဘာရှာနေလဲတော့ မသိဘူး။ ဒါပေမဲ့ တစ်ခုတော့ သတိပေးပါရစေ။ ထျန်းကျိရဲတိုက်ရဲ့ နောက်ခံက အလွန် ထူးခြားတယ်။ ငွေနှင်းနိုင်ငံရဲ့ ဧကရာဇ်အဆင့်တွေတောင် ထျန်းကျိရဲတိုက်ကို မစော်ကားရဲကြဘူး။”

“တကယ်လို့ အရေးကြီးတဲ့ ကိစ္စမရှိရင် ထျန်းကျိရဲတိုက်ကို မသွားတာ အကောင်းဆုံးပဲ။ မတော်တဆ စော်ကားမိသွားရင် ငွေနှင်းနိုင်ငံ တစ်ခုလုံးမှာ ခင်ဗျား ခြေချစရာ နေရာ ရှိမှာ မဟုတ်တော့ဘူး”

ဟု သူက ဆက်လက် သတိပေးလိုက်၏။

လုချန်းက ပြုံးလိုက်ပြိး

“သတိပေးတဲ့အတွက် ကျေးဇူးပါ ကျင့်ကြံဖော်... ကျွန်တော် သတိထားပါ့မယ်”

ထို့နောက်

“ကျွန်တော် သွားလိုက်ဦးမယ်”

ဟု ဆိုကာ အဝေးရှိ မြင့်မားသော မျှော်စင်ဆီသို့ လုချန်း တိုက်ရိုက် ပျံသန်းသွားလိုက်သည်။

ခဏအတွင်းမှာပင် ထျန်းကျိရဲတိုက်၏ မျှော်စင်ခြေရင်းသို့ လုချန်း ရောက်ရှိသွား၏။ မျှော်စင်အောက်တွင် ရပ်နေရင်း ၎င်း၏ ခမ်းနားထည်ဝါမှုကို လုချန်း ခံစားလိုက်ရသည်။ မျှော်စင်တစ်ခုလုံးသည် ကြီးမားသော တောင်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်သည်။

၎င်းပေါ်တွင် ရေတွက်၍ မရနိုင်သော အဆောင်အအုံများနှင့် မျှော်စင်ငယ်များစွာ ရှိနေ၏။ ထို့ပြင် တစ်ခုချင်းစီတွင် နည်းဗျူဟာပုံစံများဖြင့် မွမ်းမံထားရာ ကာကွယ်ရေး အလွန် ခိုင်မာလှသည်။ ဧကရာဇ်တစ်ပါး တိုက်ခိုက်လျှင်ပင် ဤမျှော်စင်ကို ချက်ချင်း ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

လုချန်း မျှော်စင်ထဲသို့ ဝင်ရန် ပြင်ဆင်လိုက်စဉ်မှာပင် မီးခိုးရောင် ဝတ်စုံဝတ်ထားသည့် လူတစ်စုက သူ့လမ်းကို ပိတ်ဆို့လာသည်။

“ဘယ်သူလဲ... ထျန်းကျိရဲတိုက်ကို ဘာလာလုပ်တာလဲ”

ဟု ဟိန်းဟောက်သည့် လေသံဖြင့် မေးမြန်းလိုက်ကြ၏။

လုချန်းက ပြုံးလျက်

“ကျင့်ကြံဖော်တို့... ကျွန်တော်က ရှန်ယွဲ့နိုင်ငံကို တိုက်ရိုက်သွားဖို့ ထျန်းကျိရဲတိုက်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို သုံးချင်လို့ပါ။ ခွင့်ပြုလို့ ရနိုင်မလား”

ထိုအရာကို ကြားလျှင် ထိုလူများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ထို့နောက် ကျယ်လောင်စွာ ရယ်မောကြတော့သည်။

“မင်း နောက်နေတာ ဖြစ်ရမယ်။ ငါတို့ ထျန်းကျိရဲတိုက်က အကြီးအကဲတွေတောင် ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို သုံးပိုင်ခွင့် မရှိဘူး။ မင်းက ငှားသုံးချင်တယ် ဟုတ်လား။”

လုချန်း ခဏခန့် ကြောင်သွားသည်။ ထို့နောက် ဇဝေဇဝါဖြင့်

“ဆိုလိုတာက ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို ပုံမှန်ဆိုရင် သုံးခွင့်မရှိဘူးပေါ့ ဟုတ်လား”

ဟု မေးမြန်းလိုက်၏။

တစ်ယောက်က

“ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို သုံးဖို့ ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုအပ်တယ်။ အဲဒါကို အလွန် အရေးကြီးတဲ့ အခြေအနေတွေမှာပဲ သုံးတာ။ ခရီးသွားဖို့လောက်နဲ့ ဘယ်သူက သုံးမှာလဲ။”

“အရေးကြီးတဲ့ ကိစ္စမရှိရင် အမြန်ထွက်သွားတော့။ ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို မင်း သုံးခွင့်ရဖို့ မဖြစ်နိုင်ဘူး။ အိပ်မက်ယောင်ပြီး မက်မနေနဲ့”

ဟုပြောကာ မောင်းထုတ်လိုက်၏။

လုချန်း မျက်မှောင်ကြုတ်လိုက်၏။

ဒါက ပြဿနာပင်။

ထျန်းကျိရဲတိုက်က တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုခွင့် မပေးဘူးဆိုလျှင် အောက်အဆင့် နည်းဗျူဟာပုံစံများကိုသာ သုံးပြီး ကြယ်နယ်မြေ တစ်ခုပြီးတစ်ခု ကူးသွားရပေလိမ့်မည်။

ထိုအခါ သူ၏သွားနှုန်း အလွန် နှေးကွေးသွားပေလိမ့်မည် ဖြစ်၏။ လုချန်းက ဆက်လက်၍

“ကျင့်ကြံဖော်တို့... တစ်ခါလောက် ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးလို့ မရဘူးလား။ လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော် ပေးပါ့မယ်။”

ထျန်းကျိရဲတိုက် တပည့်တစ်ဦးက

“မင်းက တကယ် ထူးဆန်းတာပဲ။ သာမန်လူတွေ ကောင်းကင်အဆင့် နည်းဗျူဟာပုံစံကို သုံးခွင့်မရှိဘူးလို့ ပြောနေတာတောင် မင်းက ဇွတ် အတင်းလုပ်နေတုန်းပဲ။”

“မင်း အခုချက်ချင်း ထွက်မသွားဘူးဆိုရင် ငါတို့ ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်”

ဟုလည်း ခြိမ်းခြောက်လိုက်၏။

ထိုသို့ ပြောဆိုပြီးနောက် ထိုသူသည် သူ၏ ဖိအားကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

ထိုအခိုက်အတန့်တွင် တပည့်တစ်ဦး၏ မျက်နှာအမူအရာမှာ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားသည်။ လုချန်းကို ထိတ်လန့်စွာ စိုက်ကြည့်ရင်း သူက

“နေဦး...သူ့အပေါ်မှာ ထျန်းကျိရဲတိုက်နဲ့ ပတ်သက်တဲ့ ကံတရားတွေ ရှိနေတယ်။ သူက ထျန်းကျိရဲတိုက်က လူတစ်ယောက်ကို သတ်ခဲ့တာပဲ။”

ထိုသူက ချက်ချင်းပင် ကျယ်လောင်သော အသံဖြင့်

“သတိထား...ရန်သူ ရောက်နေပြီ”

ထိုစကားအဆုံးတွင် လုချန်း၏ ပတ်ပတ်လည်၌ သူတော်စင်အဆင့် အရှိန်အဝါများစွာ ပေါ်ထွက်လာ၏။ ထို့နောက် သူ့ကို ချက်ချင်း ဝိုင်းရံလိုက်ကြတော့သည်။

လုချန်းကတော့ ဘာမှ မလုပ်သေးပေ။ သူသာ အခု လက်ဦးမှုယူပြီး တိုက်ခိုက်လိုက်ပါက ထျန်းကျိရဲတိုက်နှင့် လုံးဝ ရန်သူ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ၎င်းတို့၏ နည်းဗျူဟာပုံစံကို ငှားသုံးရန် ပို၍ပင် မဖြစ်နိုင်တော့ပေ။

ထိုအချိန်တွင် အဖြူရောင်ဝတ်စုံ ဝတ်ထားသည့် ဧကရာဇ်လောင်းတစ်ဦး ချဉ်းကပ်လာပြီး

“ဘာတွေ ဖြစ်နေတာလဲ”

ခုနက အော်ဟစ်ခဲ့သော တပည့်က လုချန်းကို လက်ညှိုးထိုးပြရင်း

“အကြီးအကဲ... သူ့အပေါ်မှာ ထျန်းကျိရဲတိုက်ရဲ့ ကံတရား အညှိုးအတေးတွေ စွန်းထင်နေပါတယ်။ သူက ထျန်းကျိရဲတိုက် အဖွဲ့ဝင်တစ်ယောက်ကို သတ်ခဲ့တာပါ”

ထိုအရာကို ကြားလျှင် အဖြူရောင်ဝတ်စုံနှင့် ဧကရာဇ်လောင်း၏ မျက်နှာ ချက်ချင်း မှောင်ကျသွားသည်။ သူ လုချန်းကို သေချာ စိုက်ကြည့်လိုက်လျှင် လုချန်း၌ ရစ်ပတ်နေသည့် အနက်ရောင် ကြိုးမျှင်လေး တစ်ခုကို ရှာတွေ့သွား၏။

လုချန်းလည်း စကားပင် မပြောနိုင်တော့ပေ။ ကျိယန်ကမ္ဘာရှိ ထျန်းကျိရဲတိုက်သည် ဤငွေနှင်းနိုင်ငံရှိ အဖွဲ့ခွဲနှင့် တကယ်ပင် ပတ်သက်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဒါက ပြဿနာ အကြီးအကျယ် တက်တော့မည့် အနေအထား ဖြစ်သည်။

ဒါဆိုရင် အင်အား သုံးရတော့မှာလား။

လက်ရှိတွင် သူ၏ ဧကရာဇ်အဆင့် ကိုယ်ပွားသာ ဤနေရာတွင် ရှိနေခြင်း ဖြစ်သည်။ ထျန်းဟုန်ဧကရိီလည်း သူ့ဘေးတွင် မရှိပေ။ ငွေနှင်းနိုင်ငံရှိ ဧကရာဇ်အဆင့် အနည်းငယ် ကလည်း ထျန်းကျိရဲတိုက်ဘက်မှ ဖြစ်နေသည်။ သူသာ အခု တိုက်ခိုက်လိုက်ပါက ထျန်းကျိရဲတိုက်ကို ယှဉ်နိုင်ရန် မလွယ်ကူပေ။

ထိုအချိန်တွင် စစ်ခုန်းလင်ယွဲ့က လုချန်းကို စစ်ဆေးကြည့်ရှုပြီးနောက် အေးစက်စွာ မေးလိုက်သည်။

“ခင်ဗျားက ဘာလို့ ကျုပ်တို့ ထျန်းကျိရဲတိုက် တပည့်ကို သတ်ရတာလဲ။”

လုချန်းက

“ဒါက နားလည်မှု လွဲတာပါ။ သူက ထျန်းကျိရဲတိုက်က တပည့်မှန်း ကျွန်တော်မသိခဲ့လို့ပါ။”

စစ်ခုန်းလင်ယွဲ့က နှာခေါင်းရှုံ့ကာ “နားလည်မှု လွဲတာပဲဖြစ်ဖြစ် မလွဲတာပဲဖြစ်ဖြစ်... ကျုပ်တို့ တပည့်ကို သတ်ခဲ့တဲ့အတွက် ခင်ဗျားရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်။”

လုချန်း သက်ပြင်းချလိုက်သည်။ အင်အားသုံးရန်မှလွဲ၍ အခြားနည်းလမ်း ရှိပုံမရတော့ပေ။ အချိန်များ ထပ်မံ ကုန်ဆုံးတော့မည် ဖြစ်၏။

ဤကိုယ်ပွားသည် စတေးခံရဖို့ များနေပြီး ရှနိုင်ငံမှ အခြားကိုယ်ပွားတစ်ခုကို ထပ်မံ စေလွှတ်ရဦးမည် ဖြစ်သည်။ ထိုသို့ တွေးတောရင်း လုချန်းလည်း ဧကရာဇ်အဆင့်၏ ဖိအားကို ထုတ်လွှတ်လိုက်သည်။

ချက်ချင်းပင် ထျန်းကျိရဲတိုက် အဖွဲ့ဝင်များ၏ အရှိန်အဝါများ ဖိနှိပ်ခြင်း ခံလိုက်ရ၏။ သူတို့ မတ်မတ်ပင် မရပ်နိုင်တော့ပေ။

“သူက ဧကရာဇ်အဆင့်ပဲ... သူက ဧကရာဇ်အဆင့်...”

“မြန်မြန်... ရဲတိုက်သခင်ကို သွားခေါ်ကြ...”

ဟု အော်ဟစ်လိုက်ကြ၏။

ခဏအတွင်းမှာပင် ထျန်းကျိရဲတိုက် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ခဏချင်းမှာပင် ဧကရာဇ်အဆင့် ဖိအားတစ်ခု ထျန်းကျိရဲတိုက် အထက်တွင် ပေါ်ပေါက်လာသည်။

“ငါတို့ ထျန်းကျိရဲတိုက်ကို ဘယ်သူက ကျူးကျော်ရဲတာလဲ”

ဟူသော အသံကြီးတစ်ခုလည်း တစ်ဆက်တည်း ပေါ်ထွက်လာ၏။

ထိုအချိန်တွင် နိယာမ ကိုယ်ထည်တစ်ခု လုချန်း၏ ရှေ့မှောက်၌ ပေါ်လာသည်။ ငွေနှင်းနိုင်ငံ ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင် ရှုဟန်ဝမ်က လုချန်းကို ကြည့်ကာ

“ခင်ဗျားက ကျုပ်တို့ ထျန်းကျိရဲတိုက် တပည့်ကို သတ်ရုံတင်မကပဲ ဒီကိုပါလာပြီး ပြဿနာ ရှာနေတာလား။ ကျုပ်တို့ကို အနိုင်ကျင့်ဖို့ လွယ်မယ် ထင်နေတာလား။”

လုချန်းက

“ကျင့်ကြံဖော်... ကျုပ်က နတ်ဆိုးလမ်းစဉ်ကို ကူးပြောင်းသွားတဲ့ ထျန်းကျိရဲတိုက် တပည့်တစ်ယောက်ကို မတော်တဆ သတ်မိသွားတာပါ။ ထျန်းကျိရဲတိုက်အတွက် ဒီလို အနှောင့်အယှက်ကို ရှင်းလင်းပေးခဲ့လို့ ခင်ဗျားက ကျုပ်ကို ကျေးဇူးတောင် တင်သင့်သေးတယ်။”

“ခင်ဗျားက အကောင်းအဆိုး မခွဲခြားပဲ လုပ်နေတာပဲ။ ထျန်းကျိရဲတိုက်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားမှာကို မကြောက်ဘူးလား။”

ရှုဟန်ဝမ်က အေးစက်စွာ ရယ်မောပြီး “ရယ်စရာပဲ.... အဲဒီတပည့်က နတ်ဆိုးဖြစ်သွားရင်တောင် ဒါက ကျုပ်တို့ ထျန်းကျိရဲတိုက်ရဲ့ ကိစ္စပဲ။ ခင်ဗျား ဝင်စွက်ဖက်ရမယ့် နေရာ မဟုတ်ဘူး။”

“ဒီနေ့ ခင်ဗျား ကျုပ်ကို ရှင်းပြချက် မပေးနိုင်ရင် ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့”

ထိုစကားများနှင့်အတူ ထျန်းကျိရဲတိုက် မျှော်စင်ပေါ်ရှိ နည်းဗျူဟာ ပုံစဲများမှ အပြာရောင်အလင်းများ တောက်ပလာသည်။ လုချန်းလည်း အတားအဆီးတစ်ခုအတွင်း ချက်ချင်း ပိတ်မိသွား၏။

ဤအတားအဆီးတွင် ပြင်းထန်သော ကန့်သတ်ချက်များ ပါဝင်နေသဖြင့် လုချန်း၏ ကျင့်စဉ်အဆင့် လျင်မြန်စွာ ကျဆင်းလာသည်။

လုချန်း မျက်မှောင်ကြုတ်လိုက်၏။ ဤနည်းဗျူဟာပုံစံ၏ ဖိနှိပ်မှုသည် နှင်းပွင့် နည်းဗျူဟာပုံစံ၏ အကျိုးသက်ရောက်မှုနှင့်ပင် ယှဉ်နိုင်နေသည်။ ၎င်းကို နည်းဗျူဟာပုံစံ တစ်သောင်းကျော် တစ်ပြိုင်နက်တည်း အလုပ်လုပ် စေခြင်းဖြင့် ဖန်တီးထားခြင်း ဖြစ်ရမည်။ မည်သို့ပင် ဆိုစေကာမူ ဤနည်းဗျူဟာပုံစံများသည် ဧကရာဇ်အဆင့် ကျင့်စဉ်ကိုပင် ဖိနှိပ်နိုင်လောက်အောင် အဆင့်မြင့်မားလှသည်။

ဤကိုယ်ပွားတော့ ဧကန်မုချ သွားပြီဟု သူ တွေးလိုက်၏။ သို့သော် နောက်ဆုံးတစ်ကြိမ် ကြိုးစားကြည့်ရန် သူ ဆုံးဖြတ်လိုက်သည်။ သူသည် အချိန်နှင့် အပြိုင် လုနေရခြင်း ဖြစ်ရာ ရှနိုင်ငံမှ အခြားကိုယ်ပွားတစ်ခုကို ထပ်မံ စေလွှတ်ရန်ရလျှင် အချိန်များစွာ ကုန်ဆုံးသွားပေလိမ့်မည်။ ဤဧကရာဇ်အဆင့် ကိုယ်ပွားကို အသက်ရှင်အောင် ထိန်းထားနိုင်လျှင် ကုန်ဆုံးရမည့် အချိန်များစွာ သက်သာသွား‌‌လိမ့်မည်။

ထို့နောက် သူ၏ ဝိညာဉ်ကို လှုပ်ခါလိုက်ပြီး မူလစွမ်းအားတစ်ခုကို ဧကရာဇ်အဆင့် ကိုယ်ပွားထံသို့ ပို့လွှတ်လိုက်သည်။ နောက်တစ်ခဏတွင် ကိုယ်ပွား၏ အင်အား မြင့်တက်လာပြီး ဖိနှိပ်ခံထားရသော ကျင့်စဉ်အဆင့်များ ချက်ချင်း ပြန်လည် ရရှိလာသည်။ လုချန်း၏ ကျင့်စဉ်အဆင့် ရုတ်တရက် ပြန်လည် တိုးတက်လာသည်ကို ခံစားမိလျှင် ရှုဟန်ဝမ်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။

ထျန်းကျိရဲတိုက်၏ နည်းဗျူဟာပုံစံသည် အဆင့်ငါး ဧကရာဇ်ကိုပင် ဖိနှိပ်နိုင်သော်လည်း ယခု အဆင့်တစ် ဧကရာဇ်တစ်ပါးကို တိုက်ခိုက်ရန် ရုန်းကန်နေရသည်က မယုံနိုင်စရာပင်။

…………….

အခန်း( ၁၃၈၂)

မိတ်ဆွေဟောင်း

လုချန်း၏ ကျင့်စဉ်အဆင့် ပြန်လည်ရရှိလာလျှင် ထျန်းကျိရဲတိုက်၏ နည်းဗျူဟာပုံစံကြီးလည်း ပြိုကွဲမည့် လက္ခဏာများ စတင် ပြသလာတော့သည်။ လုချန်းက ရှုဟန်ဝမ်၏ နိယာမပုံရိပ်ကို စိုက်ကြည့်လျက် ခပ်ဖွဖွပြုံးလိုက်ကာ

“ခင်ဗျားတို့ဘက်က အရင် စတိုက်ခဲ့ကြတာဆိုတော့ အခု ကျွန်တော့်အလှည့် ရောက်ပြီပေါ့။”

“ကျွန်‌တော့်ဘက်က ပြန်မတုံ့ပြန်ရင်တော့ ယဉ်ကျေးရာ မကျဘူး ဖြစ်သွားလိမ့်မယ်။”

ထိုစကားအဆုံးတွင် သူ၏ လက်ချောင်းများကို ကျစ်လစ်စွာ ချိတ်ဆက်ကာ တိုက်ကွက် ဖော်ဆောင်လိုက်သည်။

ထို့နောက် နှင်းပွင့် နည်းဗျူဟာပုံစံ ပေါ်ပေါက်လာပြီး ထျန်းကျိရဲတိုက်၏ အောက်ခြေ၌ ကြီးမားသော အဖြူရောင် နည်းဗျူဟာပုံစံတစ်ခု ပေါ်လာသည်။ ကောင်းကင်တစ်ခုလုံးတွင်လည်း ဆီးနှင်းများနှင့် လေပြင်းများ ချက်ချင်း ပြည့်နှက်သွားသည်။ ထျန်းကျိရဲတိုက် အဖွဲ့ဝင်များပေါ်သို့ နှင်းနှင့် ရေခဲများ ကျရောက်လျှင် သူတို့ ချက်ချင်းပင် အေးခဲသွားကြသည်။

ထိုအခိုက်အတန့်တွင် ထျန်းကျိရဲတိုက် အဖွဲ့ဝင်များ၏ ကျင့်စဉ်အဆင့်များလည်း လျင်မြန်စွာ ကျဆင်းလာသည်။ ထို့ပြင် သူတို့ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားများမှာလည်း အေးခဲသွားသဖြင့် တိုက်ကွက် ထုတ်ဖော်ရန် ခက်ခဲသွားတော့သည်။ လုချန်းက

“ကျုပ် နောက်ဆုံးတစ်ကြိမ် ပြောမယ်။ ကျုပ်က ဗဟိုကြယ်နယ်မြေကို သွားဖို့ ထျန်းကျိရဲတိုက်ရဲ့ နည်းဗျူဟာပုံစံကို သုံးဖို့ပဲ စိတ်ကူးရှိတာ။ ထျန်းကျိရဲတိုက်နဲ့ ရန်သူဖြစ်ဖို့ စိတ်မရှိဘူး။ ခင်ဗျားတို့ဘက်က အကျိုးအကြောင်း မဆင်ခြင်ပဲ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ကျုပ်လည်း အားနာနေတော့မှာ မဟုတ်ဘူး”

ဟု ပြတ်သားစွာ ပြောလိုက်သည်။

ရှုဟန်ဝမ်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း

“ခင်ဗျား ဘယ်လိုမျိုး အားမနာမှာလဲဆိုတာ မြင်ချင်သေးတယ်။”

ရှုဟန်ဝမ်၏ ခေါင်းမာမှုကို မြင်လျှင် လုချန်း ခေါင်းကိုက်သွားသည်။

“ထျန်းကျိရဲတိုက်က လူတွေက ဘာလို့ ဒီလောက် ခေါင်းမာနေကြတာလဲ”

ဟု သူ စိတ်ပျက်စွာ တွေးလိုက်မိ၏။

ထားလိုက်ပါတော့လေ။

တခြားတစ်ဖက်က တိုက်ချင်နေမှတော့ တိုက်ရုံသာ ရှိတော့မည် ဖြစ်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားအားလုံးကို လုချန်း စုစည်းလိုက်သည်။ ထိုအခါ ချက်ချင်းပင် ကောင်းကင်၌ အမှောင်ထုများ ဖုံးလွှမ်းသွားပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာတော့သည်။

ကောင်းကင်မိုးကြိုးကျင့်စဉ်ကို လုချန်း ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။ ကောင်းကင်မှ ထူထပ်သော လျှပ်စီးတန်းများ ကျဆင်းလာပြီး ၎င်းတို့သည် ကြီးမားခန့်ညားသော မိုးကြိုးနဂါးကြီးအဖြစ် စုစည်းသွား၏။

ထို့နောက် မိုးကြိုးနဂါးသည် ရှုဟန်ဝမ်၏ နိယာမပုံရိပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွား တော့သည်။ ရှုဟန်ဝမ်၏ နိယာမပုံရိပ်ကို မိုးကြိုးနဂါး တိုက်ခိုက်တော့မည့် အချိန်တွင် သူ၏ စွမ်းအားများ ထပ်မံ လျှော့နည်းသွားကြောင်း လုချန်း ခံစားလိုက်ရသည်။

ဤတစ်ကြိမ်တွင်တော့ ထျန်းကျိရဲတိုက်၏ နည်းဗျူဟာပုံစံကြောင့် မဟုတ်ပေ။ ငွေနှင်းနိုင်ငံ ဧကရာဇ်ကြယ်၏ ကောင်းကင်ဘုံ လမ်းစဉ်စွမ်းအားကြောင့် ဖိနှိပ်ခံရခြင်း ဖြစ်ပေသည်။ ၎င်းသည် ထျန်းကျိရဲတိုက်ဘက်မှ ကူညီနေသည့် ငွေနှင်းနိုင်ငံ ဧကရာဇ်၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း လုချန်း ချက်ချင်း သိလိုက်သည်။

ကောင်းကင်ဘုံ လမ်းစဉ်၏ ဖိနှိပ်မှုကို ခံစားရသဖြင့် လုချန်း အလွန် နေရခက်သွားသည်။ လုချန်း အခက်တွေ့နေသည့် ပုံစံကို မြင်လျှင် ရှုဟန်ဝမ်က အားရပါးရ ရယ်မောလိုက်၏။

“ထျန်းကျိရဲတိုက်မှာတောင် ပြဿနာ ရှာရဲတယ်ဆိုတော့ ငွေနှင်းနိုင်ငံအတွက် အာဟာရ ဖြစ်သွားစေရမယ်။”

ထိုစကားအဆုံးတွင် ရှုဟန်ဝမ်၏ နိယာမကိုယ်ထည်သည် ချက်ချင်းပင် ဆတိုး ကြီးထွားလာသည်။ သူ၏ ကျင့်စဉ်အဆင့်ကလည်း လျင်မြန်စွာ မြင့်တက်လာသည်။

ဧကရာဇ်အဆင့် အဆင့်တစ်...

ဧကရာဇ်အဆင့် အဆင့်နှစ်..

ဧကရာဇ်အဆင့် အဆင့်သုံး...

ခဏအတွင်းမှာပင် ရှုဟန်ဝမ်၏ ကျင့်စဉ်အဆင့်သည် ဧကရာဇ်အဆင့်ငါး အထိ မြင့်တက်သွားသည်။ ငွေနှင်းနိုင်ငံက ရှုဟန်ဝမ်၏ ကျင့်စဉ်အဆင့်ကို ယာယီ မြှင့်တင်ပေးရန် မင်းဆက်ကံစွမ်းအားကို အသုံးပြုနေခြင်းဖြစ်ကြောင်း လုချန်း ချက်ချင်း သိမြင်သွားသည်။

“ငွေနှင်းနိုင်ငံရဲ့ မင်းဆက်ကံစွမ်းအားက ထျန်းကျိရဲတိုက်က ရှုဟန်ဝမ်အပေါ် ဘယ်လိုမျိုး သက်ရောက်မှု ရှိနိုင်တာလဲ”

“ထျန်းကျိရဲတိုက်က ငွေနှင်းနိုင်ငံရဲ့ လက်အောက်ခံ ဖြစ်နေလို့လား။အခု ငါ ဘာဆက်လုပ်ရမလဲ”

ဟု သူ တွေးတောမိသွား၏။

ရှုဟန်ဝမ်၏ နောက်ထပ် တိုက်ခိုက်မှုကို မည်သို့ တုံ့ပြန်ရမလဲ လုချန်း စဉ်းစားနေသည်။ ထိုစဉ် ထူးဆန်းသော စွမ်းအားလှိုင်းတစ်ခု သူတို့၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွားသည်။ ထိုစွမ်းအားသည် ရေမျက်နှာပြင်ပေါ်ရှိ လှိုင်းကြက်ခွပ်လေးများကဲ့သို့ပင် ဖြစ်၏။

ထိုစွမ်းအားသည် အလွန် အားနည်းသည်။ သို့သော်လည်း ငွေနှင်းနိုင်ငံရှိ ဧကရာဇ်အဆင့် အားလုံး ၎င်းကို အာရုံခံမိလိုက်ကြသည်။ ၎င်းစွမ်းအားနှင့် ထိတွေ့မိသည်နှင့် မည်သည့် ဧကရာဇ်အဆင့်မှ မလှုပ်ရဲကြတော့ပေ။ ရှုဟန်ဝမ် အပါအဝင် အားလုံး၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားပြီး သူတို့ထံတွင် ကြောက်ရွံ့သည့် အမူအရာများ ပေါ်လာလေသည်။

“ဂါ... ဂါရဝပြုပါတယ် သူတော်စင်မ”

နောက်တစ်ခဏတွင် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ အသံ ရှုဟန်ဝမ်၏ စိတ်ထဲသို့ ရောက်ရှိလာသည်။

“သူက ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပဲ”

ထိုအရာကို ကြားလျှင် ရှုဟန်ဝမ် အလွန် ထိတ်လန့်သွားသည်။ ထို့ကြောင့် သူ၏ နိယာမပုံရိပ် ပျောက်ကွယ်သွားပြီး သူ၏ ကိုယ်အစစ်က ကြမ်းပြင်ပေါ်သို့ ချက်ချင်း ဝပ်တွားလိုက်သည်။

“သူတော်စင်မ... ကျွန်တော့်ကို အသက်ချမ်းသာပေးပါ။ ကျွန်တော် မှားသွားပါပြီ”

ဟု ပြောရင်း အဆက်မပြတ် ဦးချနေတော့သည်။

ရှုဟန်ဝမ် အလွန် နောင်တရသွားသည်။ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုတွင် မိတ်ဆွေများ ရှိသည်ဟု သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သို့သော် ဤလူ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ မိတ်ဆွေ ဖြစ်စေ မဖြစ်စေ သူမက ထိုသို့ ပြောလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် သူမ၏ မိတ်ဆွေဟုသာ သူမှတ်ရမည်။

သူသည် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ မိတ်ဆွေကို စော်ကားမိလိုက်သည်။ ထို့ပြင် ငွေနှင်းနိုင်ငံနှင့် ပူးပေါင်းပြီး သူ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ ကြမ်းပြင်ပေါ်တွင် ဝပ်တွားရင်း ရှုဟန်ဝမ်လည်း ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ ဆုံးဖြတ်ချက်ကို တုန်တုန်ရီရီဖြင့် စောင့်ဆိုင်းနေသည်။

သို့သော် အချိန်အတော်ကြာသည်အထိ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ အသံကို ထပ်မံ မကြားရပေသည်။ ထို့ကြောင့် “သူတော်စင်မ”

ဟု ရှုဟန်ဝမ် မဝံ့မရဲ ခေါ်လိုက်သည်။

ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက မည်သို့မှ တုံ့ပြန်ခြင်း မရှိသည်ကို မြင်မှ ရှုဟန်ဝမ်က သက်ပြင်းချလိုက်နိုင်သည်။ သူတော်စင်မက သူ့ကို အပြစ်ပေးရန် စိတ်ကူးရှိပုံ မရပေ။

ရှုဟန်ဝမ်သည် ထျန်းကျိရဲတိုက်၏ မြင့်မားသော မျှော်စင်မှ အမြန်ဆင်းလာ၏။ ထို့နောက် လုချန်း၏ ရှေ့သို့ ရောက်ရှိလာကာ

“လေးစားအပ်တဲ့ ကျင့်ကြံဖော်... ခုနက ကျွန်တော့်ရဲ့ အမှားပါ။ ကျွန်တော် တောင်းပန်ပါတယ်”

ဟု ပြာပြာသလဲလဲ ပြောလိုက်သည်။

ရှုဟန်ဝမ်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို မြင်လျှင် ခုနက စွမ်းအားလှိုင်းနှင့် ပတ်သက်ရမည်ဟု လုချန်း ချက်ချင်း ခန့်မှန်းလိုက်သည်။

ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ အသံကို သူ မကြားရပေ။ သို့သော်လည်း ထိုစွမ်းအားနှင့်တော့ ရင်းနှီးနေသည်။ ယခင်က စကြဝဠာ တစ်ခုလုံးသို့ ကပ်ဘေး ကျရောက်တော့မည်ဖြစ်ကြောင်း ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို အသိပေးခဲ့စဉ်က ထိုစွမ်းအားနှင့် သူ ထိတွေ့ခဲ့ဖူးသည်။

“ထျန်းကျိရဲတိုက်နဲ့ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ဘယ်လိုပတ်သက်တာလဲ”

ဟု လုချန်းက တိုက်ရိုက် မေးမြန်းလိုက်၏။

ရှုဟန်ဝမ်က ပြုံးလိုက်ပြီး

“သူက ထျန်းကျိရဲတိုက်ရဲ့ သူတော်စင်မပါ။ စကြဝဠာထဲက ထျန်းကျိရဲတိုက် အားလုံးဟာ ထျန်းကျိရဲတိုက် ပင်မအဖွဲ့အစည်းရဲ့ လက်အောက်မှာ ရှိတာပါ။”

ရှုဟန်ဝမ်က ဆက်လက်၍

“ဗဟိုကြယ်နယ်မြေကို သွားဖို့ ထျန်းကျိရဲတိုက်ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာ ပုံစံကို သုံးချင်တယ်လို့ ခုနက ခင်ဗျား ပြောခဲ့တယ် မဟုတ်လား။”

ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ရှုဟန်ဝမ်ကို ဘာပြောလိုက်မှန်း လုချန်း မသိပေ။ သို့သော်လည်း ရှုဟန်ဝမ်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် သူမသည် သူ့အပေါ် ရန်ငြိုးမရှိကြောင်း ခန့်မှန်းနိုင်သည်။

“ဒါပေမဲ့... ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ငါ့အတွက်ကြောင့် အဝေးက ကြယ်နယ်မြေမှာ ရှိနေတဲ့ ထျန်းကျိရဲတိုက်နဲ့ တကူးတက ဆက်သွယ်ပါ့မလား”

ဟု သူ တွေးတောမိ၏။

အခုထိတော့ သူသည် ကျယ်ပြောလှသော စကြဝဠာကြီးတွင် အရေးမပါသည့် လူတစ်ယောက်သာ ဖြစ်နေသေးသည်။ သူသည် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုနှင့်လည်း မည်သည့် ပတ်သက်မှုမှ မရှိခဲ့ပေ။

ထို့ကြောင့် သူမက ဘာကြောင့် သူ့ကို အာရုံစိုက်ရသနည်းဟု သူ တွေးနေမိခြင်းဖြစ်သည်။ ဖြစ်နိုင်သည်က ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုသည် အနာဂတ် ဖြစ်ရပ်များကို ကြိုမြင်ပြီး သူ့ကို ကျေးဇူးပြုထားခြင်း ဖြစ်လိမ့်မည်။

ထိုသို့သာ ဖြစ်နိုင်သည်။

သို့သော် ဘာပဲဖြစ်ဖြစ် ဗဟိုကြယ်နယ်မြေကို သွားဖို့ ထျန်းကျိရဲတိုက်၏ နည်းဗျူဟာပုံစံကို အမြန် သုံးသင့်သည်။ လုချန်းက ရှုဟန်ဝမ်ကို

“အခု ကျုပ် ထျန်းကျိရဲတိုက်ရဲ့ ကောင်းကင်အဆင့် နည်းဗျူဟာပုံစံကို သုံးလို့ ရပြီလား”

ရှုဟန်ဝမ်က

“ရပါတယ်... ရတာပေါ့။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။”

ထို့နောက် ကောင်းကင်အဆင့် နည်းဗျူဟာပုံစံရှိရာ လျှို့ဝှက်အခန်းဆီသို့ ရှုဟန်ဝမ်က လုချန်းကို ခေါ်ဆောင်သွားသည်။

ကောင်းကင်အဆင့် နည်းဗျူဟာပုံစံသည် ထျန်းကျိရဲတိုက် မျှော်စင်၏ အလယ်တွင် ရှိနေသည်။ နည်းဗျူဟာပုံစံရှိရာ လျှို့ဝှက်အခန်းထဲသို့ ဝင်လိုက်လျှင် ထျန်းကျိရဲတိုက်၏ မြင့်မားသော မျှော်စင်ကြီး တစ်ခုလုံးသည် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကြီး တစ်ခုဖြစ်ကြောင်း လုချန်း သဘောပေါက်လိုက်သည်။

ဤမျှ ကြီးမားသည့် ကောင်းကင်အဆင့် နည်းဗျူဟာပုံစံကို တည်ဆောက်ရန် ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ကုန်ကျလိုက်မလဲဟု လုချန်း အံ့အားသင့်နေမိသည်။ ၎င်းနှင့် ယှဉ်လျှင် သူ၏ သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ၏ အားသာချက်က သိသာလှသည်။ ၎င်းသည် ထျန်းကျိရဲတိုက်၏ ကောင်းကင်အဆင့် နည်းဗျူဟာပုံစံထက် ဝိညာဉ်ကျောက်တုံး ကိုးဆယ်ကိုးရာခိုင်နှုန်းကျော် ပို သက်သာသည်။

စနစ်က ပေးအပ်သည့် အရာများက တကယ်ပင် ကောင်းမွန်လှပေသည်။ ထိုအခိုက်အတန့်တွင် ရှုဟန်ဝမ်က

“ကျင့်ကြံဖော်... နည်းဗျူဟာပုံစံရဲ့ အလယ်မှာ ရပ်လိုက်ပါ။ ခင်ဗျားကို ပိုင်ချန်းနိုင်ငံမှာရှိတဲ့ ထျန်းကျိရဲတိုက်ကို ပို့ပေးပါ့မယ်။”

လုချန်းက

“ကောင်းပါပြီ”

စကြဝဠာ ကြယ်မြေပုံကို ‌လေ့လာဖူးသဖြင့် ပိုင်ချန်းနိုင်ငံသည် ဗဟိုကြယ်နယ်မြေတွင် တည်ရှိကြောင်း လုချန်း သိထားသည်။ ထို့ပြင် ထိုနိုင်ငံသည် ရှန်ယွဲ့နိုင်ငံနှင့် ကပ်လျက်တွင် ရှိသည့် အင်အားကြီး နိုင်ငံတစ်ခု ဖြစ်ကြောင်းလည်း သူသိ၏။ ပိုင်ချန်းနိုင်ငံသို့ ရောက်သည်နှင့် ရှန်ယွဲ့နိုင်ငံသို့ သွားရန် အချိန်များစွာ ကုန်တော့မည် မဟုတ်ပေ။

လုချန်း ကောင်းကင်အဆင့် နည်းဗျူဟာပုံစံ၏ အလယ်ဗဟိုသို့ ဝင်လိုက်လျှင် ရှုဟန်ဝမ်က နည်းဗျူဟာပုံစံကို စတင် လည်ပတ်စေလိုက်လေသည်။ ခဏအတွင်းမှာပင် ထျန်းကျိရဲတိုက်၏ မျှော်စင်ကြီးမှ စူးရှသော အပြာရောင်အလင်းများ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လုချန်းသည် ရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားတော့သည်။

လုချန်း မျက်လုံး ပြန်ဖွင့်လိုက်လျှင် သူသည် နည်းဗျူဟာပုံစံ၏ အလယ်တွင် ရပ်နေဆဲဖြစ်သည်။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေသည်။

“ဒါက ဘာလဲ... ဘာတွေ ဖြစ်နေတာလဲ”

ဟု သူက ရေရွတ်မိ၏။

နည်းဗျူဟာပုံစံ၏ အစွန်းတွင် ထျန်းကျိရဲတိုက်မှ ကျင့်ကြံသူ အလောင်းအချို့ကို လုချန်း တွေ့လိုက်ရသည်။

သူတို့၏ ရုပ်အလောင်းများသည် နည်းဗျူဟာပုံစံရှိရာ လားရာသို့ လဲကျနေသည်။ အလောင်းတစ်လောင်းကတော့ ဤနေရာမှ ထွက်ပြေးရန် နည်းဗျူဟာပုံစံကို အသုံးပြုဖို့ အတန်ငယ် တွားသွားခဲ့ပုံ ရသည်။

ဖြစ်ပျက်ခဲ့သည့် အရာများကို သိနိုင်ရန် ထျန်းကျိရဲတိုက်ကို စစ်ဆေးဖို့ လုချန်း သူ၏ စိတ်အာရုံကို ချက်ချင်း လွှတ်လိုက်သည်။ သို့သော် သူ၏ စိတ်အာရုံကို လွှတ်လိုက်သည်နှင့် ဤမျှော်စင်ကြီးသည် စိတ်အာရုံကို ပိတ်ဆို့ထားနိုင်ကြောင်း တွေ့ရှိလိုက်ရတော့သည်။

…………….

အခန်း( ၁၃၈၃ )

ရှန်ယွဲ့နိုင်ငံသို့ လုချန်း ရောက်ရှိခြင်း

စိတ်အာရုံကို လွှတ်၍မရသဖြင့် အပြင်ဘက်သို့ လုချန်း တိုက်ရိုက် လျှောက်လှမ်းသွားလိုက်သည်။ ထျန်းကျိရဲတိုက်၏ မျှော်စင်မှ အပြင်သို့ ထွက်လိုက်သည်နှင့် မြေပြင်အနှံ့ ပျံ့ကျဲနေသော ထျန်းကျိရဲတိုက် ကျင့်ကြံသူများ၏ ရုပ်အလောင်းများကို သူ မြင်တွေ့လိုက်ရသည်။

ဒါက...

အဝေးသို့ အာရုံခံရန် စိတ်အာရုံကို လုချန်းထပ်မံ စေလွှတ်လိုက်၏။ အာရုံခံကြည့်ပြီးနောက် ငွေနှင်းနိုင်ငံမှ သူတကယ် ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း လုချန်း အတည်ပြုလိုက်သည်။

ပတ်ဝန်းကျင်ရှိ ရုပ်အလောင်းများကို ကြည့်ရင်း မည်သည့်အင်အားစုက ထျန်းကျိရဲတိုက်ကို တိုက်ခိုက်ရဲသနည်းဟု လုချန်းက စိတ်ထဲတွေးတောနေသည်။ ဤနေရာသည် ပိုင်ချန်းနိုင်ငံ၏ ဧကရာဇ်ကြယ်ပေါ်ရှိ ထျန်းကျိရဲတိုက် ဖြစ်လေသည်။

ပိုင်ချန်းနိုင်ငံက ထျန်းကျိရဲတိုက်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်နိုင်လား။

ထိုသို့တော့ မဖြစ်နိုင်ပေ။

ထျန်းကျိရဲတိုက်၏ သူတော်စင်မ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုသည် အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်း ရှိသည်။ သူမသည် စကြဝဠာကပ်ဘေး နီးကပ်လာသည့် သတင်းကို ဖြန့်ဝေခဲ့သူလည်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ စကြဝဠာအတွင်း သူမ၏ အဆင့်အတန်းက အလွန် မြင့်မား၏။ ထို့ကြောင့် ထျန်းကျိရဲတိုက်၏ အဆင့်အတန်းကလည်း အလွန် မြင့်မားသင့်သည်။

တစ်စုံတစ်ယောက်က ထျန်းကျိရဲတိုက်ကို ဘယ်လိုများ တိုက်ခိုက်နိုင်မည်နည်း။

အရင်က သူကဲ့သို့ပင် ထျန်းကျိရဲတိုက်၏ နောက်ကွယ်ရှိ အင်အားစုကို မသိလျှင်တော့ တစ်မျိုးဖြစ်သည်။ ကျိယန်ကမ္ဘာရှိ ထျန်းကျိရဲတိုက်၏ နောက်ခံကိုသာ သိခဲ့လျှင် သူသည်လည်း ထျန်းကျိရဲတိုက်ကို တိုက်ခိုက်ရဲမည် မဟုတ်ပေ။

လုချန်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် အဝေးမှ စိတ်ဝိညာဉ်စွမ်းအားလှိုင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသဖြင့် လုချန်း ခဏခန့် မှင်တက်သွားသည်။ ထိုနေရာမှ အခြေအနေကို စုံစမ်းရန် စိတ်အာရုံကို လုချန်း ချက်ချင်း အသုံးပြုလိုက်ရာ စိတ်အာရုံကို လွှတ်လိုက်သည်နှင့် တစ်စုံတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

“ဒီကို လာကြဦး...ထျန်းကျိရဲတိုက်က အကြွင်းအကျန် တစ်ယောက် ဒီမှာ ရှိသေးတယ်။”

ထိုအရာကို ကြားလျှင် လုချန်း အံ့အားသင့်သွားသည်။

ထျန်းကျိရဲတိုက်၏ အကြွင်းအကျန် ဟုတ်လား။

သူ့ကို ထျန်းကျိရဲတိုက်က လူဟု သူတို့ ထင်မှတ်နေကြတာလား။

ခဏအတွင်းမှာပင် သံချပ်ကာ ဝတ်စုံဝတ် စစ်သည်တစ်စု လုချန်းကို ဝိုင်းရံလိုက်ကြသည်။

ထိုစစ်သည်များ၏ သံချပ်ကာကို ကြည့်ရင်း လုချန်း အတွေးထဲ နစ်မြောသွားသည်။ ယခင်ဘဝများမှ မှတ်ဉာဏ်များကို ပြန်ရထားသဖြင့် ဤစစ်သည်များသည် ရှန်ယွဲ့နိုင်ငံမှ ဖြစ်ကြောင်း သူ တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ ရှန်ယွဲ့နိုင်ငံမှ စစ်သည်များသည် ပိုင်ချန်းနိုင်ငံသို့ အဘယ်ကြောင့် ရောက်ရှိလာသနည်း။ ပိုင်ချန်းနိုင်ငံရှိ ထျန်းကျိရဲတိုက်ကိုပင် အဘယ်ကြောင့် အမြစ်ပြတ် သုတ်သင်နေကြသနည်း။

ထိုအခိုက်အတန့်တွင် ဧကရာဇ်လောင်းအဆင့်ရှိ တပ်မှူးတစ်ဦး လုချန်း၏ ရှေ့သို့ ရောက်လာပြီး

“ကောင်လေး... အမှန်အတိုင်း ဝန်ခံစမ်း။ မင်းတို့ရဲ့ ရဲတိုက်သခင် ဘယ်ကို ထွက်ပြေးသွားတာလဲ”

ဟု မာနထောင်လွှားသော လေသံဖြင့် ပြောလိုက်သည်။

ထိုမေးခွန်းကို ကြားသောအခါ လုချန်း ချက်ချင်း မတုံ့ပြန်ပေ။ ရှိနေသူ အားလုံးကို သူ တစ်ချက် ကြည့်လိုက်ရာ ရဲတင်းသော အကြံတစ်ခုက စိတ်ထဲသို့ ရုတ်တရက် ဝင်လာသည်။

ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်ကြယ်ထဲသို့ မည်သို့ ခိုးဝင်ရမည်ကို အစပိုင်းတွင် သူ စိုးရိမ်ခဲ့သည် မဟုတ်ပါလား။ ယခု စဉ်းစားကြည့်သောအခါ ရှန်ယွဲ့နိုင်ငံ၏ မင်းသားတစ်ပါး အနေနှင့် ထိုကိစ္စကို သူ စိုးရိမ်ရန် မလိုတော့ပေ။ ဧကရာဇ်ကြယ်ထဲသို့ ပေါ်ပေါ်တင်တင်ပင် သူ ဝင်သွားနိုင်သည်။

ထိုသို့ တွေးတောရင်း အေးစက်စွာဖြင့်

“ခင်ဗျားတို့ တကယ်ပဲ မျက်စိမပါကြတာပဲ”

လုချန်း၏ စကားကို ကြားလျှင် ဤကဲ့သို့ ထောင်လွှားသော ရန်သူမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သဖြင့် စစ်သည်များ အံ့အားသင့်သွားကြသည်။

ပိုင်ချန်းနိုင်ငံကို တိုက်ခိုက်နေစဉ်အတွင်း သူတို့၏ ရန်သူများသည် ဒူးထောက် အရှုံးပေးခြင်း သို့မဟုတ် ကြောက်လန့်လွန်းသဖြင့် မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်ခြင်းသာ ပြုလုပ်တတ်ကြသည်။ ယခုမူ သူတို့ကို ခံပြောရဲသူတစ်ဦးနှင့် တွေ့နေရပြီ ဖြစ်သည်။ စစ်သည်တစ်ဦးက ဓားကို ဆွဲထုတ်လိုက်ပြီး

“မင်း ဘာပြောလိုက်တာလဲ။ သတ္တိရှိရင် နောက်တစ်ခါ ထပ်ပြောကြည့်စမ်း”

“နေဦး”

ဓားဆွဲထုတ်လိုက်သည့် စစ်သည်ကို ဧကရာဇ်လောင်း တပ်မှူးက ချက်ချင်း တားလိုက်သည်။ သူက လုချန်းကို တစ်ချက် ကြည့်လိုက်ပြီး

“မင်းက ထျန်းကျိရဲတိုက်က မဟုတ်ဘူး မဟုတ်လား”

လုချန်းက

“မဟုတ်ဘူး”

“မင်းက ဘယ်နိုင်ငံကလဲ”

ဟု တပ်မှူးက ဆက်မေး၏။

လုချန်းက

“ခင်ဗျားတို့ တကယ်ပဲ မျက်စိမပါဘူး။ ကိုယ်‌တော့်ကိုတောင် မမှတ်မိကြဘူးလား။”

ထိုစကားကြောင့် တပ်မှူး၏ ဦးနှောက် ခဏခန့် ရပ်တန့်သွားသည်။ တစ်ခုခုကို သူ ရုတ်တရက် တွေးမိသွားပြီး လေသံပြောင်းသွားကာ

“ခဏလောက် စောင့်ပေးပါ မင်းသား... မင်းသားကို လိုက်ပါပို့ဆောင်ပေးဖို့ ဗိုလ်ချုပ်ကို ကျွန်တော် သွားခေါ်ခိုင်းလိုက်ပါ့မယ်။”

လုချန်း ဘယ်သူဖြစ်ကြောင်း တပ်မှူး ခန့်မှန်းမိသော်လည်း မည်သည့်မင်းသားဖြစ်သည်ကိုမူ အတည်မပြုနိုင်သေးပေ။ မိမိကိုယ်ကို “ကိုယ်တော်” ဟုသုံးစွဲလိုက်သဖြင့် လုချန်းသည် မင်းသားတစ်ပါး ဖြစ်နိုင်ခြေရှိသည်ဟု သူတွက်ဆလိုက်ခြင်းဖြစ်သည်။

ထို့ပြင် သူတို့ကို ကြောက်လန့်ခြင်းမရှိသည့် တစ်ဖက်လူ၏ တည်ငြိမ်သော အမူအရာကို ကြည့်ခြင်းအားဖြင့် ထိုသူသည် ရှန်ယွဲ့နိုင်ငံ၏ မင်းသားတစ်ပါး ဖြစ်နိုင်ကြောင်း ပြသနေသည်။ ရှန်ဝူဧကရာဇ်က အိမ်ရှေ့မင်းသားတစ်ပါးကို ခန့်အပ်တော့မည် ဖြစ်သဖြင့် မည်သည့်မင်းသားကိုမှ သူ မစော်ကားရဲပေ။ အကယ်၍ ဤသူသာ အိမ်ရှေ့မင်းသား ဖြစ်လာခဲ့လျှင် သူ့အတွက် အလွန်အန္တရာယ်ရှိသွားလိမ့်မည်။

တပ်မှူးက အသံလှိုင်းဖြင့် အကြောင်းကြားလိုက်ပြီးနောက် အားကောင်းသော အငွေ့အသက်တစ်ခု သူတို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ခဏအတွင်းမှာပင် လုချန်း ခံစားလိုက်ရသည်။ မကြာမီ ကောင်းကင်ယံ၌ ဧကရာဇ်အဆင့် တစ်ဦး ပေါ်လာသည်။ အောက်ဘက်ရှိ လုချန်းကို မြင်သောအခါ ထိုဧကရာဇ် ခဏခန့် မှင်တက်သွားသည်။

နောက်တစ်ခဏတွင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုချန်း၏ ရှေ့သို့ တိုက်ရိုက် ပျံသန်းလာပြီး

“ဂါရဝပြုပါတယ် မင်းသား... မင်းသား နောက်ဆုံးတော့ ပြန်လာနိုင်ခဲ့ပြီပေါ့”

သူရှေ့ရှိ ဧကရာဇ်ကို လုချန်းက တစ်ချက် ကြည့်လိုက်၏။ ရောက်လာသူမှာ မိုးကြိုးဧကရာဇ် ဖြစ်ပြီး သူ၏ ယခင်ဘဝများတွင် သူ့လူဟုပင် သတ်မှတ်၍ ရသူ ဖြစ်သည်။ ရှေ့ရှိ လူငယ်ကို မိုးကြိုးဧကရာဇ်က “မင်းသား” ဟု ခေါ်ဆိုသည်ကို မြင်သောအခါ

“မင်းသား ပြန်လာတာကို ကြိုဆိုပါတယ်”

ဟု စစ်သည်များ ဒူးတစ်ဖက်ထောက်၍ အလျင်အမြန် ဂါဝရပြုလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် စစ်သည်များ၏ ကျောပြင်တစ်လျှောက် ချွေးစေးများ ထွက်လာကြ ၏။ မင်းသားတစ်ပါးကို ရန်သူအဖြစ် ဝိုင်းရံခဲ့မိသည်ကို တွေးမိရင်း သူတို့ ဒုက္ခကြီးတော့မည်ဟု ခံစားနေကြရသည်။ သူတို့၏ အသက်ကုန်ပြီဟု ထင်မှတ်နေစဉ်မှာပင် လုချန်းက ခပ်အေးအေးပင်

“ထကြတော့”

သူတို့ကို အပြစ်ပေးရန် လုချန်း စိတ်ကူးမရှိ ကြောင်း မြင်သောအခါမှ အားလုံး သက်ပြင်းချနိုင်ကြတော့သည်။

ထိုစဉ် လုချန်းက

“ရှန်ယွဲ့နိုင်ငံရဲ့ အခြေအနေက အခု ဘယ်လိုလဲ။ ဘာလို့ ထျန်းကျိရဲတိုက်ကို တိုက်ခိုက်တာလဲ။”

ထိုမေးခွန်းကို ကြားသောအခါ မိုးကြိုးဧကရာဇ် ခဏခန့် မှင်တက်သွားသည်။ ထို့နောက်

“ဒီကိစ္စက မင်းကြီးနဲ့ ပတ်သက်နေတာပါ။ ကျွန်တော်တို့လည်း အသေးစိတ်ကို မသိပါဘူး။”

မည်သို့ပင်ဖြစ်စေ ဤကိစ္စ သူနှင့် မပတ်သက်ဟု လုချန်း တွေးတောလိုက်သည်။ ချူးယွမ်ကျိကို အမြန်ဆုံး ကယ်တင်ရန်သာ အဓိက ဖြစ်သည်။ ထိုအခိုက်အတန့်တွင် မိုးကြိုးဧကရာဇ်က လုချန်းကို ကြည့်ကာ စူးစမ်းစွာ မေးမြန်းလိုက်၏။

“မင်းသား... သူတော်စင်အဆင့်ကို ရောက်သွားပြီလား။”

လုချန်းသည် သူ၏ အငွေ့အသက်ကို ဖုံးကွယ်ထားပြီး သူတော်စင်အဆင့် ဖိအားကိုသာ ပြသထားသည်။

“ဟုတ်တယ်... ရောက်သွားပြီ”

ထိုအခါ မိုးကြိုးဧကရာဇ် အလွန် ဝမ်းသာသွားပြီး

“မင်းသားကို ဂုဏ်ပြုပါတယ်”

လုချန်းက မသိချင်ယောင်ဆောင်၍

“ဂုဏ်ပြုတယ် ဟုတ်လား။ ဘာလို့ ဂုဏ်ပြုတာလဲ။”

“မင်းသား မသိသေးဘူး ထင်တယ်။ သူတော်စင်အဆင့်ကို အရင်ဆုံး ရောက်တဲ့သူကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်မယ်လို့ မင်းကြီးက အမိန့်ထုတ်ထားတယ်”

ဟု မိုးကြိုးဧကရာဇ်က ရှင်းပြလိုက်သည်။

ထိုအကြောင်းကို ပြောရင်း မိုးကြိုးဧကရာဇ် တစ်ခုခုကို ရုတ်တရက် သတိရသွားကာ အလျင်လိုဟန်ဖြင့်

“မင်းသား... အချိန်က အရေးကြီးတယ်... ရှန်ယွဲ့နိုင်ငံကို အမြန် ပြန်ရအောင်”

လုချန်းနှင့် အတန်ငယ် ရင်းနှီးသူတစ်ဦး အနေနှင့် လုချန်း ဧကရာဇ် ဖြစ်လာသည်ကို မြင်လိုခြင်းက သဘာဝပင် ဖြစ်သည်။ လုချန်း တစ်ခုခု ဖြစ်သွားသဖြင့် ပြန်မလာနိုင်တော့ဟု မိုးကြိုးဧကရာဇ်က အမြဲ ထင်ခဲ့ပြီး အခြားမင်းသားများထံ ခိုလှုံရန်ပင် သူ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ သို့သော် မမျှော်လင့်ပဲ ဤစစ်ဆင်ရေးတွင် လုချန်းနှင့် တွေ့ဆုံခဲ့ရ၏။ ပို၍အရေးကြီးသည်မှာ လုချန်း သူတော်စင်အဆင့်သို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။

လုချန်းက

“ကောင်းပြီ... သွားကြတာပေါ့”

မိုးကြိုးဧကရာဇ်၏ ဦးဆောင်မှုဖြင့် ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်ကြယ်သို့ သူတို့ ပြန်လာခဲ့ကြသည်။ ဧကရာဇ်ကြယ်သို့ ရောက်သည်နှင့် ချူးယွမ်ကျိ၏ တည်နေရာကို ရှာဖွေရန် လုချန်း ကြိုးစားလိုက်သည်။ သူ အချိန်ဆွဲ၍ မဖြစ်ပေ။ ရှန်ဝူဧကရာဇ်နှင့် မတွေ့ဆုံမီ ချူးယွမ်ကျိကို ခေါ်၍ ရှန်ယွဲ့နိုင်ငံမှ သူ ထွက်သွားနိုင်ရန် လိုအပ်သည်။

အကယ်၍ ရှန်ဝူဧကရာဇ်နှင့် တွေ့ဆုံခဲ့လျှင် သူသည် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဧကရာဇ်က ရိပ်မိသွားလိမ့်မည်။ ထိုအခါ ရှန်ဝူဧကရာဇ်က သူ၏ ရည်ရွယ်ချက်ကို သံသယဝင်လာမည်မှာ သေချာသည်။ ချူးယွမ်ကျိကို ကယ်တင်ရန်မှာလည်း ပို၍ပင် ခက်ခဲသွားလိမ့်မည်။

ရှန်ယွဲ့နိုင်ငံသို့ လုချန်း ရောက်ရှိလာပြီးနောက် ရင်သွေးကမ္ဘာအတွင်းရှိ ချူးယွမ်ကျိထံသို့ စိတ်အာရုံမှတစ်ဆင့် အကြောင်းကြားလိုက်သည်။

“ယွမ်ကျိ... ကိုယ် ရှန်ယွဲ့နိုင်ငံရဲ့ ဧကရာဇ်ကြယ်ကို ရောက်နေပြီ။ မင်းကို ကယ်ဖို့ မကြာခင် လာခဲ့မယ်။”

လုချန်း ထိုသို့ပြောသည်ကို ကြားလျှင် ချူးယွမ်ကျိက မယုံနိုင်စွာဖြင့်

“ရှင်... ရှင် ဒီလောက် မြန်မြန် ရောက်လာတာလား။”

All Chapters