အခန်း (၁၃၉၀-၁၃၉၂)
Vol. 93 Ch. 1390-1392
အခန်း (၁၃၉၀)
ပေထျန်းလု၏ ဆန္ဒ
ပေရှုဟွာသည် စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ငေးမောကြည့်နေ၏။ သူမ၏ ဘေးရှိ ဟင်းလင်းပြင်ထဲတွင်တော့ ပေထျန်းလု ငြိမ်သက်စွာ ရပ်နေသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပေရှုဟွာက စကားစလိုက်သည်။
“အဘိုးမှာ စကြဝဠာကပ်ဘေး မဆိုက်ရောက်ခင် ဖြည့်ဆည်းချင်တဲ့ ဆန္ဒများ ရှိလား”
ပေထျန်းလုက ခေတ္တခန့် စဉ်းစားလိုက်ပြီး
“တစ်ခုတော့ ရှိတာပေါ့”
“အဲဒါ ဘာလဲ”
ဟု ပေရှုဟွာက သိလိုစိတ်ဖြင့် မေးလိုက်၏။
“မင်းက ငါ့ရဲ့ မျိုးဆက်တွေထဲမှာ အတော်ဆုံးပဲ။ မင်းရဲ့ ဘိုးဘေးတစ်ယောက် အနေနှင့် မင်းအတွက် ကောင်းမွန်တဲ့ လက်တွဲဖော်တစ်ယောက် ရှာတွေ့ပြီး အိမ်ထောင်ပြုသွားတာကို မြင်ချင်တာပေါ့။”
သူက ခဏခန့် ရပ်လိုက်ပြီးလျှင် စကားကို ဆက်လိုက်သည်။
“ဒါပေမဲ့ ဒါက ခက်ခဲမယ်ဆိုတာ ငါသိပါတယ်။ နောက်ဆုံးတော့ နှစ်တစ်သောင်းဆိုတာ သင့်တော်တဲ့ လက်တွဲဖော်တစ်ယောက် အလွယ်တကူ ရှာဖို့အတွက် အရမ်းတိုတောင်းလွန်းတယ်လေ။”
ပေရှုဟွာ ခေါင်းကို အနည်းငယ် လှည့်လိုက်ကာ ပေထျန်းလုကို သံသယဝင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး
“အဘိုး... ဒီစကားတွေကို ကောင်းကင်ဧကရာဇ်က ပြောခိုင်းတာတော့ မဟုတ်ပါဘူးနော်။”
လုချန်းနှင့် ပေထျန်းလုတို့အကြားရှိ သခင်နှင့် အစေခံ သဘောတူညီမှု အကြောင်းကို ပေရှုဟွာ သိထားသည်။ လက်တွဲဖော်အကြောင်း ပြောလိုက်သည်နှင့် ပေရှုဟွာစိတ်ထဲ လုချန်း၏ ပုံရိပ်ကို ချက်ချင်း ပြေးမြင်မိသည်။
လုချန်း၏ မိန်းမမက်သော အကျင့်ကို တွေးမိလျှင် ပေထျန်းလု၏ လက်တွဲဖော်အကြောင်း ပြောဆိုမှုမှာ သူမအား လုချန်းနှင့် လက်ထပ်စေလို၍ ဖြစ်မည်ဟု ပေရှုဟွာက သံသယဝင်သွားခြင်း ဖြစ်သည်။
ပေထျန်းလုလည်း ပေရှုဟွာ နားလည်မှုလွဲသွားကြောင်း သိသဖြင့် အလျင်အမြန်ပင် ရှင်းပြလိုက်၏။
“ကောင်းကင်ဧကရာဇ်က ဒါကို ပြောခိုင်းတာ မဟုတ်ပါဘူး။ ပြီးတော့ မင်းကြီးက ဒီလိုကိစ္စတွေအတွက် ငါ့ကို ပြောခိုင်းဖို့ မလိုပါဘူး။ သူက ပွင့်လင်းတဲ့သူပါ။ တစ်ယောက်ယောက်ကို သဘောကျရင် သူကိုယ်တိုင်ပဲ ပြောလိမ့်မယ်။”
“နောက်ပြီး မင်းကို ပျော်ရွှင်အောင် ထားနိုင်တဲ့ လက်တွဲဖော်တစ်ယောက် ရှာတွေ့ရင် အဘိုးတစ်ယောက် အနေနှင့် သဘောတူမှာပါ။ အဲဒါက ကောင်းကင်ဧကရာဇ် ဖြစ်ရမယ်လို့ မဆိုလိုပါဘူး”
ပေရှုဟွာ၏ မျက်နှာပေါ်တွင် သံသယရိပ်များ ရှိနေဆဲ ဖြစ်သော်လည်း သူမ၏ အဘိုးစကားကိုတော့ အနည်းငယ် ယုံကြည်သွားသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် လုချန်းသည် အနည်းငယ် မိန်းမမက်သော်လည်း ထိုအချက်မှလွဲ၍ အခြားကြီးမားသော ချို့ယွင်းချက် မရှိပေ။ ထို့ပြင် လုချန်းသည် သူ၏ မိန်းမများကို အလွန်ကောင်းမွန်စွာ ဆက်ဆံတတ်သည်။ အတူအိပ်ပြီးနောက် စွန့်ပစ်တတ်သည့် အမျိုးသားများကဲ့သို့ မဟုတ်ချေ။
ဒါပေမဲ့... ယောက်ျားတစ်ယောက်တည်းကို မိန်းမများစွာနှင့် ဝေမျှယူရမည်ဟူသော အတွေးက ပေရှုဟွာအတွက် အနည်းငယ် စက်ဆုပ်စရာ ဖြစ်နေသည်။
ထို့နောက် ပေရှုဟွာက
“အကယ်၍ ကျွန်မ သင့်တော်တဲ့ လက်တွဲဖော်တစ်ယောက် ရှာတွေ့ရင် အဘိုးကို အသိပေးပါ့မယ်။”
ပေရှုဟွာ၏ စကားကို ကြားလျှင် ပေထျန်းလုက စိတ်သက်သာရာရသွားသလို ပြုံးလိုက်၏။
“ငါက ပေါ့ပေါ့ပါးပါး ပြောတာပါ။ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်သလိုမျိုး တစ်ယောက်ယောက်ကို ရှာဖို့ မလိုပါဘူး။”
“ကျွန်မ နားလည်ပါပြီ”
ထိုအခိုက်အတန့်တွင် ပေထျန်းလုက ချီယွဲ့နိုင်ငံ၏ ကြယ်နယ်မြေများကို တစ်ချက်ကြည့်ကာ နှုတ်ဆက်လိုက်သည်။
“ကောင်းပြီ။ ငါ အရင် ပြန်နှင့်တော့မယ်။ အကယ်၍ မင်း ချီယွဲ့နိုင်ငံရဲ့ ကြယ်နယ်မြေဟောင်းကို စီမံခန့်ခွဲချင်ရင် ကောင်းကင်ဧကရာဇ်ကိုသာ ပြောလိုက်ပါ။ သူ သဘောတူမှာပါ။”
“ကောင်းပါပြီ အဘိုး ဂရုစိုက်ပါ။”
ပေရှုဟွာ စကားဆုံးသည်နှင့် ပေထျန်းလု၏ ခန္ဓာကိုယ်သည် ကြယ်ရောင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုကြယ်နယ်မြေမှ ထွက်ခွာသွားခဲ့သည်။ ပေထျန်းလု ထွက်သွားပြီးနောက် ပေရှုဟွာသည် ဟင်းလင်းပြင်ထဲ၌ အချိန်အတော်ကြာ တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည်။ ဘာကြောင့်မှန်းမသိ လုချန်း၏ ပုံရိပ်က သူမ၏ စိတ်ထဲတွင် ပြန်လည် ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူမ၏ လက်ချောင်းများဖြင့် နဖူးကို ပွတ်သပ်ကာ စိတ်ကူးမယဉ်မိစေရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
……..
တစ်လအကြာ။
ထျန်းချန်းကမ္ဘာ။
လုချန်း၏ ပင်မခန္ဓာသည် ချူးယွမ်ကျိ၏ အခန်းမှ ထွက်ခွာသွားပြီ ဖြစ်သည်။ သူသည် အခြားသော ဇနီးများနှင့်အတူ သူ၏ တာဝန်များကို ထမ်းဆောင်ရန် သွားခဲ့၏။ ဤအခွင့်အရေးကို အသုံးချကာ ချူးယွမ်ကျိသည် ချူးယုချင်၏ အဆောင်သို့ ရောက်လာပြီး ချူးယုချင်၏ ကလေးနှင့် တွေ့ဆုံခဲ့သည်။
ချူးယုချင်သည် ချူးယွမ်ကျိ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သဖြင့် ချူးယုချင်၏ ကလေးကလည်း ချူးယွမ်ကျိ၏ ကလေးကဲ့သို့ပင် ဖြစ်သည်။ ချူးယုချင်၏ ကလေးသည် ချူးယွမ်ကျိကို ပထမဆုံး မြင်လိုက်ရချိန်တွင် အလွန် ရင်းနှီးသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
အဆောင်ထဲတွင် ချူးယွမ်ကျိသည် ချူးယုချင်၏ လက်ကို ကိုင်ကာ ထိုင်ခုံပေါ်တွင် အတူထိုင်နေကြသည်။
ချူးယုချင်က ပြုံးကာ
“နင့်ရဲ့ အမှားကို အခုတော့ သိသွားပြီလား”
ချူးယွမ်ကျိ၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပြီးလျှင်
“အရင်က အမှားတွေ မရှိခဲ့ရင် ဒီနေ့ အရာအားလုံး ရှိလာမှာ မဟုတ်ဘူးလို့ ငါ ရုတ်တရက် ခံစားမိတယ်။”
အရင်က သူမ၏ လုပ်ရပ်များသည် အနည်းငယ် အဓိပ္ပာယ်မရှိဟု ခံစားရသော်လည်း မကြာသေးမီက တည်ငြိမ်စွာ ပြန်စဉ်းစားကြည့်သည့် အခါတွင်မူ...
အကယ်၍ သူမသာ လုချန်းအပေါ် ကလဲ့စားမချေခဲ့လျှင် သူမ၏ ကိုယ်ပွားကို လုချန်းအနားတွင် မထားခဲ့လျှင် သူတို့၏ ကံကြမ္မာအပြီးတိုင် ပြတ်တောက်သွားမည် မဟုတ်ပါလား။ လုချန်းကလည်း သူမကို လာကယ်မည် မဟုတ်ပေ။ သူမ၏ နောက်ဆုံး ကံကြမ္မာသည် ရှန်ဝူဧကရာဇ်၏ ကျင့်ကြံဖော် ဖြစ်သွားရုံသာ ရှိပေလိမ့်မည်။
ချူးယွမ်ကျိ၏ စကားကို ကြားလျှင် ချူးယုချင် အားမလိုအားမရ ဖြစ်သွားပြီး
“နင့်ရဲ့ အမှားကို အခုထိ မသိသေးဘူးပဲ။ လုချန်းသာ ဒါကို ကြားရင် နောက်နှစ်မှာ နင် ပို ဒုက္ခရောက်ဦးမယ်။”
ချူးယွမ်ကျိက အမူအရာ မပျက်ပဲ
“လာခိုင်းလိုက်ပါ။ အခု ငါက ဧကရာဇ်အဆင့် ဖြစ်နေပြီပဲ။ ဘာကြောက်စရာ ရှိလဲ”
“အော်... ဟုတ်လား။ ဒါဆို နောက်နှစ်မှာ လုချန်းကို နင့်ရဲ့ အခန်းဆီ မလာခိုင်းပဲ နေရမှာပေါ့။”
ချူးယွမ်ကျိ မှင်တက်သွားပြီးလျှင်
“နင်က ငါ့ရဲ့ ကိုယ်ပွားပါ။ ဘယ်လိုလုပ်ပြီး လုချန်းဘက်က ပါနေရတာလဲ။”
“အစက ငါတို့ရဲ့ ပတ်သက်မှုကို ဖြတ်တောက်ခဲ့တာ နင်ပဲလေ။ အခု ငါတို့က လူတစ်ယောက်တည်း မဟုတ်တော့ဘူး။”
ချူးယွမ်ကျိက
“တော်ပြီ... တော်ပြီ... ဒါလည်း ကောင်းပါတယ်။”
ထိုသို့ပြောရင်း ချူးယွမ်ကျိသည် ထိုင်ခုံဘေးရှိ စားပွဲပေါ်မှ ဝိုင်ကရားကို ယူလိုက်ကာ ဝိုင်တစ်ခွက် ငှဲ့ပြီးလျှင် ဖြည်းဖြည်းချင်း သောက်လိုက်သည်။ ဝိုင်တစ်ငုံ သောက်ပြီးနောက် ချူးယွမ်ကျိက စကားကို ဆက်လိုက်သည်။
“အဲ့ဒီလူသာ အရင်ဘဝကတည်းက အခုလို မိန်းမမက်ခဲ့ရင် နောက်ပိုင်းမှာ ဘာပြသနာမှ ဖြစ်လာခဲ့မှာ မဟုတ်ဘူး။”
ချူးယွမ်ကျိ ဆိုလိုချင်သည်က လုချန်း၏ မိန်းမမမက်တတ်သော အရင်ဘဝက စရိုက်ကို ဖြစ်သည်။ လုချန်းသာ အရင်ဘဝကတည်းက မိန်းမမက်ခဲ့လျှင် သူမကို ပိုင်ဆိုင်သွားမည် ဖြစ်ပြီး သူမ၏ ဖရိုဖရဲ ဝိညာဉ်ခန္ဓာကိုလည်း ဆုံးရှုံးသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ရှန်ဝူဧကရာဇ်က သူမကို ပစ်မှတ်ထားမည် မဟုတ်ချေ။
ချူးယွမ်ကျိက လုချန်းအကြောင်း ထပ်ပြောနေသဖြင့် ချူးယုချင်က
“တော်ပြီလို့ အခုတင် ပြောထားတာ မဟုတ်လား။ ဘာလို့ ထပ်ပြောနေတာလဲ။”
ချူးယွမ်ကျိ လန့်သွားပြီးလျှင်
“ငါလည်း မသိဘူး။ ငါ့ရဲ့ စိတ်ထဲမှာ အမြဲတမ်း ဆူးတစ်ခု စူးနေသလိုပဲ။”
သူမက လုချန်းအပေါ် ကလဲ့စားချေခဲ့သည်ဟု ထင်ရသော်လည်း ထိုအရာက သူမကိုယ်သူမ အပြစ်ပေးခြင်းတစ်မျိုး မဟုတ်ပါလား။ သူမသည် လုချန်းကို အလွန် ချစ်သော်လည်း သူမ ချစ်သောသူအပေါ် ထိုသို့သော လုပ်ရပ်များ လုပ်ခဲ့မိသဖြင့် သူမကိုယ်သူမ ခွင့်မလွှတ်နိုင် ဖြစ်နေခြင်း ဖြစ်သည်။
သူမ၏ ကျင့်စဉ်သည် အချစ်လမ်းစဉ် ဖြစ်ပြီး လုချန်းနှင့် နီးကပ်စွာ ဆက်နွှယ်နေသည်။ လုချန်းအပေါ် ကလဲ့စားချေခြင်းက သူမ၏ လမ်းစဉ်နှင့် ဆန့်ကျင်နေသဖြင့် သူမအတွက် လက်လွှတ်ရန် ခက်ခဲနေခြင်း ဖြစ်သည်။ ထို့ကြောင့် လုချန်းက သူမကို ပို ၍ပြင်းထန်စွာ အပြစ်ပေးလေလေ သူမ ပို ပျော်ရွှင်လေ ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက သူမ၏ အပြစ်အတွက် ပေးဆပ်ရသလို ခံစားရသောကြောင့် ဖြစ်သည်။
ဤအပြစ်ပေးဆပ်လိုသော စိတ်ကြောင့်ပင် လုချန်းက သူမကို အပြစ်ပေးသည့် အခါတွင် ချူးယွမ်ကျိ အလွန် စိတ်အားထက်သန်နေခြင်း ဖြစ်၏။ ထို့ကြောင့်သူမ၏ စရိုက်၌ တစ်ခုခု မှားယွင်းနေသည်ဟု လုချန်း သံသယဝင်သွားခြင်း ဖြစ်သည်။
ချူးယုချင်က သက်ပြင်းချကာ
“မင်းကြီးက ဒါကို စိတ်ထဲထားမှာ မဟုတ်ပါဘူး။ စိတ်ထဲထားရင် နင့်ကို ကယ်ဖို့ ဒီလောက်အထိ ကြိုးစားမှာ မဟုတ်ဘူး။”
ချူးယွမ်ကျိ၏ ကိုယ်ပွား အနေနှင့် ချူးယွမ်ကျိ ဘာကို စိတ်ဒုက္ခရောက်နေမှန်း ချူးယုချင်သည် ကောင်းစွာ သိသည်။ ထို့နောက် ချူးယွမ်ကျိ တိတ်ဆိတ်သွားပြီး ဝိုင်ကိုသာ ဆက်သောက်နေလိုက်သည်။ ထိုအခိုက်တွင် ချူးယုချင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး
“တကယ်တော့... နင် လုချန်းကို ကလဲ့စားချေချင်ခဲ့တာက အဲ့ဒီလူက နင့်အပေါ် တစ်ခုခု သုံးခဲ့လို့လို့ ငါ သံသယရှိတယ်။ နင့်ရဲ့ အတွေးတွေကို ရှုပ်ထွေးအောင်လုပ်ပြီး အဲ့ဒီ အတွေးတွေက နင့်ရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒ ဖြစ်အောင် လုပ်ခဲ့တာ ဖြစ်နိုင်တယ်။”
ထိုစကားကို ကြားလျှင် ချူးယွမ်ကျိ မှင်တက်သွားသည်။ သူမက ဝိုင်ခွက်ကို ချလိုက်ပြီးလျှင်
“နင် ဘာလို့ အဲဒီလို ပြောနိုင်တာလဲ။”
“စဉ်းစားကြည့်လေ။ နင်က လုချန်းကို အဲဒီလောက် ချစ်တာ။ ဘယ်လိုလုပ်ပြီး သူ့ကို သေစေချင်တဲ့အထိ မုန်းတီးသွားမှာလဲ။ နင်က အဲဒီလို လူစားမျိုး မဟုတ်ပါဘူး”
ချူးယွမ်ကျိက ခဏခန့် တိတ်ဆိတ်သွားပြီးလျှင် ထိုစကား အဓိပ္ပာယ်ရှိကြောင်း တွေ့လိုက်ရသည်။ ထိုအခိုက်တွင် သူမ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။
“သူ ငါ့အပေါ်မှာ ကောင်းကင် ပြောင်းလဲခြင်း ကျောက်တုံးကို သုံးခဲ့ပုံရတယ်”
ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံး သည် လူတစ်ယောက်၏ အတွေးအခေါ်များကို ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ ရှန်ဝူဧကရာဇ်က ထိုကျောက်တုံးကို သူမထံတွင် ဘာကြောင့် အချိန်အတန်ကြာ ထားခဲ့သည်ကို ချူးယွမ်ကျိ အခုမှ ရိပ်မိသွား တော့သည်။
အရာအားလုံးသည် ရှန်ဝူဧကရာဇ်ကြောင့်သာ ဖြစ်ရမည်။ သူက သူမကို လုချန်းအပေါ် လက်လျှော့စေချင်သဖြင့် ထိုကျောက်တုံးကို အသုံးပြုကာ သူမ၏ စရိုက်ကို ပုံပျက်သွားအောင် လုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တွေးလိုက်မိသော အခါတွင်မူ ချူးယွမ်ကျိ၏ စိတ်ထဲ များစွာ သက်သာရာရသွားခဲ့သည်။
……………
အခန်း (၁၃၉၁ )
ချူးယုချင် အဆင့်တက်ခြင်း
ရင်ဖွင့်လိုက်ပြီးနောက် ချူးယွမ်ကျိ၏ စိတ်အခြေအနေလည်း များစွာကောင်းမွန်လာခဲ့သည်။ သူမ၏ လမ်းစဉ်နှလုံးသားသည်လည်း ပို၍ခိုင်မာတည်ငြိမ်လာခဲ့၏။
“ယုချင်...ငါ့ကို နှစ်သိမ့်ပေးလို့ ကျေးဇူးတင်ပါတယ်”
ချူးယုချင်က ပြုံးလျက်
“တို့တွေက တစ်သားတည်းပဲလေ။ နင် စိတ်လျှော့နိုင်သွားရင် ငါလည်း စိတ်အေးရတာပေါ့။”
ကျေးဇူးတင်စကားထပ်ပြောရန် ချူးယွမ်ကျိ ပြင်နေစဉ်မှာပင် ပြင်းထန်သော လမ်းစဉ်ဆွဲဆောင်မှုတစ်ခုကို ချူးယုချင်ထံမှ ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက် သူမ၏ အငွေ့အသက်များ အလွန် ဖရိုဖရဲ ဖြစ်လာခဲ့၏။
ဖြစ်ပျက်နေသည့်အရာကို ဇဝေဇဝါဖြစ်လျက် ချူးယွမ်ကျိနှင့် ချူးယုချင်တို့ နှစ်ဦးသား တောင့်ခဲသွားကြသည်။
ချူးယွမ်ကျိသည် ကုတင်ပေါ်မှ စားပွဲငယ်လေးကို ချက်ချင်းဖယ်ရှားလိုက်ကာ ချူးယုချင်၏ ဘေးတွင် ထိုင်လိုက်ပြီးလျှင် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ခန္ဓာကိုယ်ကို ကိုယ်တိုင် စစ်ဆေးကြည့်လိုက်၏။
ချူးယုချင်၏ ခန္ဓာကိုယ်သည် ပုံမှန်ဖြစ်နေရုံသာမက ကျင့်စဉ်အဆင့်မှာလည်း လျင်မြန်စွာ မြင့်တက်နေသည်ကို သူမ အံ့ဩဖွယ် တွေ့ရှိလိုက်ရသည်။
ခဏခန့်အတွင်းမှာပင် ချူးယုချင်၏ ကျင့်စဉ်သည် ဧကရာဇ်လောင်း အဆင့်သို့ ရောက်ရှိသွားသဖြင့် အမျိုးသမီး နှစ်ဦးလုံး မယုံကြည်နိုင် ဖြစ်သွားကြသည်။
ထိုအခိုက်အတန့်တွင် အိပ်ဆောင်အတွင်းသို့ လူရိပ်တစ်ရိပ် ရောက်ရှိလာသည်။ လျင်မြန်စွာ မြင့်တက်လာသော ချူးယုချင်၏ အငွေ့အသက်ကို မြင်လျှင် လုချန်းက ချူးယုချင်၏ ခန္ဓာကိုယ်ကို ချက်ချင်း စစ်ဆေးလိုက်၏။
“ဒေါ်လေးချူးရဲ့ ကျင့်စဉ်က ဘာလို့ ဒီလောက် ရုတ်တရက်ကြီး မြင့်တက်လာတာလဲ။”
ချူးယုချင်သည် သူတော်စင် အဆင့်ပင် မဟုတ်သော်လည်း ယခု ဧကရာဇ်လောင်း အဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့ခြင်းဖြစ်သည်။ ထိုမျှမက ဧကရာဇ် အဆင့်သို့ပင် ရောက်ရှိတော့မည့် အရိပ်အယောင်များပင် ပြသနေ၏။
ထို့ပြင် ချူးယွမ်ကျိ၏ ကိုယ်ပွား ဖြစ်သည့်အတိုင်း ချူးယုချင်၏ လမ်းစဉ်မှာလည်း အချစ်လမ်းစဉ် ဖြစ်နေသည်ကို လုချန်း အံ့ဩစွာ တွေ့ရှိလိုက်ရသည်။
“ဘာဖြစ်တာလဲဆိုတာ ဒေါ်လေးလည်း မသိဘူး။ ခုနလေးတင်ပဲ စိတ်ထဲက အပိတ်တစ်ခု ပွင့်သွားသလို ခံစားလိုက်ရပြီး ကျင့်စဉ်တွေ အရှိန်အဟုန်နဲ့ တက်လာတာပဲ။”
လုချန်းက ချူးယွမ်ကျိကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်၏။
“ယွမ်ကျိ...ခုနက မင်းတို့ ဘာတွေ ပြောနေကြတာလဲ”
ချူးယုချင်၏ လျင်မြန်သော ကျင့်စဉ်တက်လှမ်းမှုသည် သူမ၏ စိတ်အခြေအနေနှင့် သက်ဆိုင်နေကြောင်း ထင်ရှား၏။ သူတို့ စကားပြောနေစဉ်အတွင်း ချူးယုချင်၏ စိတ်ထဲမှ အထုံးတစ်ခု ပြေသွားသောကြောင့် ကျင့်စဉ်များ ခုန်တက်သွားခြင်း ဖြစ်ရပေမည်။
ထိုအရာကို ကြားလျှင် သူမသည် တာဝန်ရှောင်လွှဲပြီး ရှန်ဝူဧကရာဇ်အပေါ် အပြစ်ပုံချသည်ဟု လုချန်း ထင်သွားမည်ကို စိုးရိမ်သဖြင့် ချူးယွမ်ကျိလည်း ဖွင့်ပြောပြရန် ချီတုံချတုံ ဖြစ်နေသည်။
ချူးယွမ်ကျိ ပြောရန် ဝန်လေးနေသည်ကို မြင်လျှင် ချူးယုချင်က တိုက်ရိုက်ပင်
“ယွမ်ကျိရဲ့ စရိုက်ကို ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက သက်ရောက်မှုရှိနေပြီး မင်းကို လက်စားချေဖို့ တွန်းအားပေးနေတာလို့ တို့တတွေ ခုနကပဲ တွေးမိကြတယ်။”
ဖြစ်ပျက်သမျှကို လုချန်း ချက်ချင်း နားလည်သွား၏။ ချူးယုချင်၏ စိတ်အထုံး ပြေသွားခြင်းက မဆန်းတော့ပေ။
ပင်မခန္ဓာက လုချန်းကို လက်စားချေရန် အမြဲကြံစည်နေပြီး ပြဿနာများစွာ ဖန်တီးနေခြင်းမှာ ပင်မခန္ဓာ၏ အပြစ်သာ ဖြစ်သည်ဟု ချူးယုချင် ယုံကြည်နေခဲ့၏။ ထို့ကြောင့် ကိုယ်ပွား တစ်ဦး အနေနှင့် သူမလည်း အပြစ်ရှိသလို ခံစားနေရခြင်းဖြစ်ပြီး စိတ်အထုံးတစ်ခုအဖြစ် လေးလံနေခဲ့ခြင်း ဖြစ်သည်။
ယခု အမှန်တရားကို ရုတ်တရက် သဘောပေါက်သွားပြီး တရားခံအစစ်ကို ရှာဖွေတွေ့ရှိသွားသဖြင့် စိတ်အထုံး ပျောက်ကွယ်သွားကာ ကျင့်စဉ်များ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် စိတ်အထုံး ပြေရုံမျှဖြင့် သူတော်စင် အဆင့်ပင် မဟုတ်သော ကျင့်ကြံသူတစ်ဦးကို ဧကရာဇ်လောင်း အဆင့်အထိ တက်လှမ်းစေခြင်းက အနည်းငယ် ချဲ့ကားရာ ရောက်ပေသည်။
ချူးယွမ်ကျိ၏ လမ်းစဉ်နှင့် ကျင့်စဉ် တက်လှမ်းမှုများက ချူးယုချင်အတွက် များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေခဲ့ပုံ ရသည်။
ကုတင်ဘေးတွင် လုချန်း ထိုင်လိုက်ပြီး ချူးယုချင်၏ ခန္ဓာကိုယ်ကို ဖက်ကာ
“ယုချင်...ဂုဏ်ယူပါတယ်”
ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံး အကြောင်းကို အများကြီး ထပ်မပြောတော့ပဲ ချူးယုချင်က နူးညံ့စွာ ပြုံးလိုက်၏။ အပြစ်ရှိသူ တစ်ဦး အနေနှင့် ၎င်းအကြောင်းကို ဆက်ပြောရန် မသင့်တော်ကြောင်း သူမ သိ၏။
သူမ တစ်ကြိမ် ပြောပြပြီးပြီ ဖြစ်သည်။ ထပ်ခါတလဲလဲ ပြောနေပါက ပင်မခန္ဓာဘက်မှ အပြစ်လွတ်အောင် လိုက်လံ ပြောဆိုနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
လုချန်း ယုံခြင်း မယုံခြင်းက သူ၏ အဆုံးအဖြတ်သာ ဖြစ်လိမ့်မည်။
ထိုအခိုက်အတန့်တွင် ချူးယုချင်၏ ဘေး၌ရှိသော ချူးယွမ်ကျိကို လုချန်း ကြည့်လိုက်သည်။ ထို့နောက် တည်ကြည်သော လေသံဖြင့်
“ ဒေါလေး ပြောတာ တစ်ဝက်လောက်တော့မှန်ပါတယ်။ ကျွန်တော် ယွမ်ကျိ နားကို ချဉ်းကပ်တုန်းက သူ့အပေါ် သက်ရောက်နေတဲ့ ထူးခြားတဲ့ အင်အားတစ်ခုကို တကယ် ခံစားခဲ့ရတယ်။ အဲဒါကို ကျွန်တော်က ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို သုံးပြီး ဖြေရှင်းပေးခဲ့တာ။”
“ဒါပေမဲ့ ဒါက ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးကြောင့်လို့ ကျွန်တော် မယုံဘူး။ ကျွန်တော့်ဖခင်က စိတ်လှည့်စားတဲ့ မှော်ပညာတစ်မျိုးမျိုး ကို သုံးထားတာ ဖြစ်ရမယ်။”
ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးနှင့် ဘဝသံသရာကျောက်တုံးသည် တစ်ခုတည်း ဖြစ်သည်။ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးက ရှန်ဝူဧကရာဇ်ကို ကူညီလိမ့်မည်ဟု လုချန်း မယုံကြည်ပေ။
စနစ်၏ နောက်ခံသမိုင်းကြောင်းမှာ ဘဝသံသရာကျောက်တုံးနှင့် ဆက်စပ်နေသည်ဟု သံသယဖြစ်ရန် အကြောင်းပြချက်များ ယခုအခါ သူ့၌ ရှိလာခဲ့သည်။
ဟုတ်ပါသည်။
ဒါက သူ၏ ခန့်မှန်းချက် သက်သက်သာ ဖြစ်သည်။
လုချန်း၏ စကားကို ကြားလျှင် ချူးယွမ်ကျိ၏ လှပသော မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားပြီး အရောင်အဝါများ မှေးမှိန်သွားခဲ့သည်။
လုချန်းက သူမကို နားလည်ပေးနေသည် မဟုတ်ပါလား။
သူမက တမင်တကာ နာကျင်အောင် လုပ်ခဲ့ခြင်း မဟုတ်မှန်း သူ သိနေသည်။ သူ သိနေလျှင် လုံလောက်ပြီဖြစ်သည်။
ချူးယွမ်ကျိ ထိုသို့ တွေးနေစဉ်မှာပင် လုချန်းက သူမကို စိုက်ကြည့်ကာ
“မင်းကတော့ တကယ့် မိန်းမယုတ်ပဲ။ ဒါက မင်းရဲ့ ရည်ရွယ်ချက် မဟုတ်ဘူးဆိုတာ ကိုယ် သိနေပေမဲ့ ကိုယ့်အပေါ် မင်းမှားခဲ့တာကတော့ အမှန်ပဲ။ ဒီတစ်ချက်တည်းနဲ့ အားလုံးက ဒီအတိုင်း ပြီးသွားမယ်လို့ မင်း ထင်နေတာလား။”
“မင်းကို လက်စားချေဖို့ ကိုယ် ဆက်လုပ်မှာပဲ။ ကိုယ်က မင်းကို ယုချင်လိုမျိုး ဆက်ဆံ
လိမ့်မယ်လို့ မမျှော်လင့်နဲ့။”
ချူးယွမ်ကျိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“လက်စားချေချင်လည်း ချေလေ။ ကျွန်မ ရှင်ကို မကြောက်ဘူး။”
လုချန်းက
“ကောင်းပြီလေ။ အစေခံမ တစ်ယောက်ကများ ကိုယ့်ကို ဒီလို ပြောရဲတယ်ပေါ့။ ဒီနေ့ ကိုယ် တစ်ခုခု မလုပ်ပြရင် မင်းကတော့ ကောင်းကင်ကိုတောင် ပြောင်းပြန်လှန်တော့မယ် ထင်တယ်”
ဟု အော်ဟစ်လိုက်၏။
လုချန်းနှင့် ချူးယွမ်ကျိတို့၏ စကားများကို ကြားလျှင် ချူးယုချင် မပြုံးပဲ မနေနိုင်ခဲ့ပေ။
လုချန်းနှင့် ချူးယွမ်ကျိတို့၏ စကားများသည် လင်မယားကြား ချစ်စနိုး ကျီစယ်နေခြင်းသာ ဖြစ်ကြောင်း သူမ မြင်နိုင်သည်။
သို့သော် အပြစ်ပေးမည်ဟု လုချန်း ပြောလျှင် တကယ် အပြစ်ပေးမည်သာ ဖြစ်၏။ မကြာမီမှာပင် ချူးယွမ်ကျိကို ပြင်းထန်စွာ အပြစ်ပေးရန်အတွက် လုချန်းက ကိုယ်ပွား တစ်ခုကို ဆင့်ခေါ်လိုက်၏။
လုချန်း ချူးယွမ်ကျိကို အပြစ်ပေးနေစဉ်မှာပင် ချူးယုချင်လည်း သူမ၏ အဆင့်ကို တည်ငြိမ်အောင် ပြုလုပ်နေခဲ့သည်။
……..
ထိုအခိုက်အတန့်တွင်။
ရှန်ယွဲ့နိုင်ငံ။
ရှန်ဝူဧကရာဇ်သည် ကောင်းကင်နန်းတော်၏ အထက်တွင် ရပ်လျက် စကြဝဠာ၏ အနက်ရှိုင်းဆုံးဆီသို့ စိုက်ကြည့်နေ၏။ သူ၏ မျက်နှာသည် ညိုမှောင်နေပြီး သူ၏ ပတ်ဝန်းကျင်မှ သတ်ဖြတ်ခြင်းစွမ်းအားများမှာလည်း ထိန်းချုပ်မရပဲ အဆက်မပြတ် သောင်းကျန်းနေသည်။
သူ၏ သတ်ဖြတ်ခြင်းစွမ်းအား သောင်းကျန်းမှုကြောင့် သေဆုံးသွားရသည့် အလောင်းများလည်း ပတ်ပတ်လည်တွင် ပျံ့နှံ့နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ရှန်ဝူဧကရာဇ်၏ နောက်၌ အရိပ်ကိုယ်ရံတော် တစ်ဦး ပေါ်လာသည်။ ရှန်ဝူဧကရာဇ်၏ ဒေါသကို ဆွမိမည်ကို စိုးရိမ်သဖြင့် ထိုသူ အလွန် တုန်ယင်နေ၏။
ရှန်ဝူဧကရာဇ် ဒေါသထွက်လာပါက သူ၏ သတ်ဖြတ်ခြင်းစွမ်းအားများ ထိန်းချုပ်မရပဲ ဆက်သောင်းကျန်းလာပေလိမ့်မည်။ ထို့အခါ သတင်းပို့ရန် ရောက်ရှိလာသည့် အရိပ်ကိုယ်ရံတော်ကို ချက်ချင်း သတ်မိပေလိမ့်မည်။
“မင်းကြီး...ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ထျန်းကျိရဲတိုက်နဲ့ အဆက်အသွယ် ဖြတ်လိုက်ပါပြီ။ သူက တပည့်တွေနဲ့ အကြီးအကဲ အမြောက်အမြားကို ခေါ်သွားပြီး ကိုယ်ပိုင်ဂိုဏ်း တည်ထောင်ဖို့ ရည်ရွယ်နေပုံ ရပါတယ်”
ဟု အရိပ်ကိုယ်ရံတော်က တုန်ရီစွာ လျှောက်တင်လိုက်၏။
“ဟင်”
ထိုသတင်းကို ကြားလျှင် ရှန်ဝူဧကရာဇ် ရပ်ဆန့်သွားသည်။ အခြေအနေကို သူလုံးဝ နားမလည်နိုင် ဖြစ်သွား၏။
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုသည် ထျန်းကျိရဲတိုက်၏ အဓိကပုဂ္ဂိုလ် တစ်ဦးဖြစ်၏။ သူမက မည်သည့်အတွက်ကြောင့် ထျန်းကျိရဲတိုက်နှင့် အဆက်အသွယ် ဖြတ်တောက်နိုင်မည်နည်း။
ရှန်ဝူဧကရာဇ်က
“ဘာအကြောင်းကြောင့်လဲဆိုတာ စုံစမ်းလို့ရလား။”
“ကြားရသလောက်တော့ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုနဲ့ ထျန်းကျိရဲတိုက်သခင်တို့ကြားမှာ အယူအဆ ကွဲလွဲမှုတွေ ရှိခဲ့လို့ သူရဲ့ အဖွဲ့နဲ့အတူ ထွက်ခွာသွားတာလို့ သိရပါတယ်။”
“တိကျတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းလို့မရသေးပါဘူး။”
ရှန်ဝူဧကရာဇ် ဆက်လက် မမေးမြန်းတော့ပေ။ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုနှင့် ရဲတိုက်သခင်ကြားမှ ပဋိပက္ခသည် ပြင်ပလူများ စုံစမ်း၍ရနိုင်သည့် အရာမဟုတ်ပေ။ ထို့ကြောင့် ထပ်မံ စုံစမ်းနေခြင်းက အပိုသာ ဖြစ်ပေလိမ့်မည်။
ထျန်းကျိရဲတိုက်က သူ့ကို ပစ်မှတ်ထားခြင်းလား သို့မဟုတ် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက သူ့ကို ပြဿနာရှာနေခြင်းလားဆိုတာကိုတော့ ရှန်ဝူဧကရာဇ် အလွန်သိချင်နေသည်။
ထို့နောက် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ တည်နေရာကို ရှာဖွေရန်
တွက်ချက်ခြင်း အတတ်ပညာကို ရှန်ဝူဧကရာဇ် အသုံးပြုလိုက်သည်။ ထိုအခါ သူမသည် ချန်ဟိုင် ကြယ်နယ်မြေတွင် ရှိနေကြောင်း ချက်ချင်း တွေ့လိုက်ရ၏။
တွေဝေမနေပဲ ရှန်ဝူဧကရာဇ်သည် ဧကရာဇ် အဆင့် စိတ်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုကို ချန်ဟိုင် ကြယ်နယ်မြေသို့ ချက်ချင်း စေလွှတ်လိုက်သည်။
ယခုအခါ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုသည် ထျန်းကျိရဲတိုက်နှင့် အဆက်အသွယ် ဖြတ်တောက်ထားသဖြင့် အားနည်းနေပြီဖြစ်ရာ ရှန်ဝူဧကရာဇ် ပို၍ ယုံကြည်မှု ရှိလာခဲ့သည်။
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက သူ့ကို တိုက်ရိုက် ငြင်းပယ်ရန် သတ္တိရှိ ဦးမလားဆိုတာ သူ သိချင်နေ၏။
…………..
အခန်း( ၁၃၉၂)
စကြဝဠာ မရှိတော့နိုင်
ချန်ဟိုင် ကြယ်နယ်မြေတွင် ဖြစ်သည်။ ဟင်းလင်းပြင်ထဲ၌ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေသော နတ်လှေတစ်စင်းသည် ဦးတည်ရာမဲ့စွာ လွင့်မျောနေ၏။
ထိုခဏ၌ ဒီရေကဲ့သို့ ပြင်းထန်လှသော အင်အားလှိုင်းတစ်ခု နတ်လှေဆီသို့ တိုးဝင်လာသော်လည်း နတ်လှေကတော့ ဘာမှ မဖြစ်ပဲ တည်ငြိမ်နေခဲ့သည်။ မကြာမီမှာပင် နတ်လှေ၏ ရှေ့၌ အာကာသ အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီးလျှင် ၎င်းအတွင်းမှ ရှန်ဝူဧကရာဇ်၏ နိယာမ ပုံရိပ် ပေါ်ထွက်ပေါ်လာသည်။ ထိုအခါမှ နတ်လှေလည်း ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့သည်။
ရှန်ဝူဧကရာဇ်သည် နတ်လှေ၏ ခရမ်းရောင် ကန့်လန့်ကာများ နောက်ကွယ်မှ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုကို ကြည့်လိုက်သည်။
“ခင်ဗျားနဲ့ ထျန်းကျိရဲတိုက် သခင်တို့ကြားမှာ ဘယ်လို ပဋိပက္ခတွေ ရှိလို့ ဒီလောက် အလောတကြီး ထွက်လာရတာလဲဆိုတာ ကျုပ် သိချင်မိတယ်။”
“ရှန်ဝူဧကရာဇ်... ရှင် ဒီကို လာတာ ဒါသိချင်လို့ သက်သက်ပဲ မဟုတ်ဘူးမလား”
ဟု ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ခံစားချက်ကင်းမဲ့စွာဖြင့် တုံ့ပြန်လိုက်သည်။
ရှန်ဝူဧကရာဇ်က
“ကျုပ်ရဲ့ ရည်ရွယ်ချက်ကို ခင်ဗျား တွက်ချက်ပြီးသား ဖြစ်ပုံရတယ်။ အခု နောက်ထပ် ဘာကို ရွေးချယ်မှာလဲ”
“ခင်ဗျား ထျန်းကျိရဲတိုက်ကို ပြန်မှာ မဟုတ်တာ တော့ဘူးဆိုတော့ အင်အားကြီးတဲ့ မဟာမိတ်တစ်ခု ဘာလို့ မရှာတာလဲ။ ကျုပ်တို့တွေ ပူးပေါင်းလိုက်လျှင် စကြဝဠာကပ်ဘေးကို ကျိန်းသေပေါက် ကျော်ဖြတ်နိုင်မှာပဲ။”
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ခပ်အေးအေးပင်
“မလိုပါဘူး။ ဒီခေတ် ကုန်ဆုံးသွားပြီးလျှင် ဒီစကြဝဠာက တည်ရှိတော့မှာ မဟုတ်ဘူး။”
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ စကားကို ကြားလျှင် ရှန်ဝူဧကရာဇ် ခဏခန့် ရပ်တန့်သွား၏။ သို့သော် သူမ၏ ငြင်းပယ်မှုကြောင့် မဟုတ်ပဲ ဒီခေတ်ကုန်လျှင် စကြဝဠာ ပျက်စီးသွားလိမ့်မည်ဟူသော စကားကြောင့် ဖြစ်သည်။
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ ဟောကိန်းထုတ်နိုင်စွမ်းက အလွန် အစွမ်းထက်လှသဖြင့် သူမ၏ စကားကို မည်သူမှ သံသယမရှိကြပေ။ သူမက ထိုသို့ပြောလိုက်လျှင် သူမ၏ တွက်ချက်မှုများအရ ဤစကြဝဠာ တကယ် ပျက်စီးသွားလိမ့်မည်ဟု အဓိပ္ပာယ်ရ၏။
ယခင်က လူသားများ ကြုံတွေ့ခဲ့ရသော စကြဝဠာကပ်ဘေးများမှာ ခေတ်တစ်ခု၏ အဆုံးသတ်မျှသာ ဖြစ်ပြီး စကြဝဠာကြီးကိုယ်တိုင် ပျက်စီးသွားခြင်း မဟုတ်ပေ။ အကယ်၍ စကြဝဠာကြီး ပျက်စီးသွားခဲ့ပါက ရှေးခေတ်မှ လူတစ်ချို့ ယခုတိုင် ရှင်သန်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို၏ စကားကြောင့် ရှန်ဝူဧကရာဇ်၏ မျက်နှာ အလွန်ပျက်သွားပြီး မျက်ခုံးများလည်း တွန့်သွားသည်။
အချိန်အတော်ကြာပြီးနောက် ရှန်ဝူဧကရာဇ်က ထပ်မံ မေးမြန်းလိုက်သည်။
“ခင်ဗျား ဘာတွေ တွက်ချက်မိလို့လဲ။ ဘာလို့ ဒီစကြဝဠာက တည်ရှိတော့မှာ မဟုတ်ရတာလဲ။”
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ရှန်ဝူဧကရာဇ်၏ မေးခွန်းကို မဖြေပေ။
“ရှင်က ကပ်ဘေးကနေ လွတ်မြောက်ဖို့ပဲ ကြိုးစားနေတာဆိုရင်တော့ ကျွန်မနဲ့ မဟုတ်ပဲ ရဲတိုက်သခင်နဲ့ ပူးပေါင်းသင့်တယ်။ ကျွန်မနဲ့ သူနဲ့ကြားက အကြီးမားဆုံး ကွာခြားချက်ကတော့ ကျွန်မက ဒီစကြဝဠာ ပျက်စီးသွားတာကို မြင်ချင်ပြီး သူကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ချင်နေတာပဲ။”
ရှန်ဝူဧကရာဇ် ဇဝေဇဝါ ဖြစ်သွားသည်။ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက စကြဝဠာ ပျက်စီးတာကို တကယ်ပဲ မြင်ချင်နေတာလား။
သူ လူမှားရှာမိပြီဖြစ်ကြောင်း ယခုမှ ရှန်ဝူဧကရာဇ် သဘောပေါက်လိုက်၏။
သူမသည် အရူးမတစ်ယောက်သာ ဖြစ်သည်။ သူမက ထိုသို့ပြောပြီးဖြစ်ရာ ဆက်လက် ပူးပေါင်းရန် တောင်းဆိုနေစရာ မလိုတော့ပေ။ ထျန်းကျိရဲတိုက်သို့သွားကာ ရဲတိုက်သခင်ကိုသာ တိုက်ရိုက် မေးမြန်းရတော့မည် ဖြစ်သည်။
ရဲတိုက်သခင်၏ ကျော်ကြားမှုက ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုလောက် မဟုတ်သော်လည်း ထျန်းကျိရဲတိုက်၏ သခင်ဖြစ်လာရန်က သာမန်ကိစ္စ မဟုတ်ပေ။ မဟုတ်ပါက ရဲတိုက်သခင်နေရာတွင် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုသာ ရှိနေပေလိမ့်မည်။ သို့သော် မထွက်ခွာမီ ရှန်ဝူဧကရာဇ်တွင် မေးစရာ အချို့ ရှိနေသေးသည်။
“ခင်ဗျား လုယွမ်ကျန်းကို ဝှက်ထားတာလား”
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုသည် စကြဝဠာ ပျက်စီးသည်ကို မြင်လိုသူ ဖြစ်သဖြင့် အခြားသူများ စကြဝဠာကပ်ဘေးကို ခုခံသည်ကို မြင်ချင်မည်မဟုတ်ပေ။ ထို့ကြောင့် ဤကိစ္စက သူမ၏လက်ချက် ဖြစ်နိုင်ခြေများသည်။
“ဟုတ်တယ်။ ကျွန်မပဲ”
ဟု ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက တိုက်ရိုက် ဝန်ခံလိုက်၏။
ထိုသို့ တိုက်ရိုက် ဝန်ခံချက်ကို ကြားလျှင် ရှန်ဝူဧကရာဇ်က သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်းစွမ်းအားများကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားများက နတ်လှေဆီသို့ အဟုန်ပြင်းစွာ ပြေးဝင်သွားသည်။
သို့သော် သတ်ဖြတ်ခြင်းစွမ်းအားများ နတ်လှေကို မထိမှန်မီမှာပင် လှေ၏ အောက်ခြေ၌ ပုံစံတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုပုံစံ လည်ပတ်လာသည်နှင့် ရှန်ဝူဧကရာဇ် ထုတ်လွှတ်လိုက်သော သတ်ဖြတ်ခြင်းစွမ်းအား အားလုံးကို ၎င်းက ဝါးမြိုသွားခဲ့၏။ နတ်လှေကတော့ ဟင်းလင်းပြင်ထဲတွင် တည်ငြိမ်စွာပင် ရှိနေသေးသည်။
ရှန်ဝူဧကရာဇ်၏ မျက်နှာ ညိုမှောင်သွားသည်။ တစ်ကြိမ်သာ ထိတွေ့လိုက်ရသော်လည်း သူမ၏ အင်အားကို ရှန်ဝူဧကရာဇ် ခန့်မှန်းမိသွား၏။ သူမအပေါ်တွင် အသာစီးရရန် မဖြစ်နိုင်ကြောင်း သူ သိလိုက်ပြီး
“ခင်ဗျားရဲ့ ဟောကိန်းထုတ်နိုင်စွမ်းတင်မကပဲ အင်အားကလည်း ထူးခြားတာပဲ။ ခင်ဗျား အဲဒီအဆင့်ကို ရောက်နေပြီလား။”
ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက မေးခွန်းကို မဖြေပဲ နတ်လှေကို ထိန်းချုပ်ကာ ထျန်းကျိရဲတိုက်မှ အခြားနတ်လှေများနှင့်အတူ ထွက်ခွာသွားတော့သည်။ ထိုသို့ ထွက်ခွာသွားသည်ကို ကြည့်ပြီး ရှန်ဝူဧကရာဇ် ဒေါသထွက်နေသော်လည်း ထပ်မံ တိုက်ခိုက်ခြင်း မပြုတော့ပေ။
သူမ၏ အင်အားကို သူ သိပြီးပြီ ဖြစ်၏။ သူမက ထျန်းကျိရဲတိုက်နှင့် လမ်းခွဲခဲ့ပြီဖြစ်သဖြင့် ရဲတိုက်သခင်နှင့်သာ တိုက်ရိုက် ပူးပေါင်းရန် ရှန်ဝူဧကရာဇ် ဆုံးဖြတ်လိုက်၏။ ထိုအတွေးနှင့်အတူ ရှန်ဝူဧကရာဇ်သည် တွေဝေမနေပဲ ထျန်းကျိရဲတိုက်ဆီသို့ ဦးတည်သွားလိုက်တော့သည်။
…….
ယန်ယန် နန်းတော်။
နန်းတော်သခင် စံအိမ်။
အပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော အသက်ကယ် ဧကရီသည် တောင်ပေါ်ရှိ အဆောင်ငယ်တစ်ခု၌ ရပ်လျက် အဝေးမှ ငြိမ်သက်သော မျှော်စင်ကို စိုက်ကြည့်နေ၏။ ထိုအချိန်တွင် အနီရောင် ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး အဆောင်ငယ်အတွင်းသို့ ဝင်လာကာ
“ဆရာမကို ဂါရဝပြုပါတယ်”
အသက်ကယ် ဧကရီက ခေါင်းငြိမ့် အသိအမှတ်ပြုကာ လေဟုန်ယွမ်ကို ကြည့်လိုက်၏။ လေဟုန်ယွမ်၏ ကျင့်စဉ်အဆင့်သည် သူတော်စင် အဆင့်နှင့် ပြန်လည်ပျက်စီးခြင်းအဆင့်ကြားတွင် မတည်မငြိမ် ဖြစ်နေသည်ကို မြင်လျှင် အသက်ကယ် ဧကရီ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဟုန်ယွမ်... နင့်ရဲ့ ကျင့်စဉ်အဆင့်က ဘာလို့ ဒီလောက် မတည်မငြိမ် ဖြစ်နေရတာလဲ”
လေဟုန်ယွမ်က
“ဆရာမ... ကျွန်မ တံခါးပိတ် ကျင့်စဉ်ဝင်နေတာကြောင့် အတွေ့အကြုံ အားနည်းနေလို့ပါ။ ကျွန်မက သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျင့်ကြံတာဆိုတော့ မိစ္ဆာ အငွေ့အသက်တွေရဲ့ အားဖြည့်မှု မပါပဲ အဆင့်တက်သွားလို့ အခုလို မတည်မငြိမ် ဖြစ်နေရတာပါ။”
လေဟုန်ယွမ်၏ စကားကို ကြားလျှင် အသက်ကယ် ဧကရီ အတွေးထဲနစ်မြောသွား၏။ ခဏအကြာတွင် သူမ၏ လက်ကို မြှောက်လိုက်ရာ နူးညံ့သော စိတ်ဝိညာဉ် စွမ်းအားတစ်ခု လေဟုန်ယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။ စစ်ဆေးပြီးနောက် လေဟုန်ယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားများ တကယ်ပင် ကယောက်ကယက် ဖြစ်နေသဖြင့် သူမ၏ ကျင့်စဉ်အဆင့် မတည်ငြိမ်သေးကြောင်း အသက်ကယ် ဧကရီ တွေ့ရှိလိုက်ရသည်။
ဤအခြေအနေကို ဒီအတိုင်း ဆက်ထား၍ မဖြစ်ပေ။ လေဟုန်ယွမ်သည် သူမ ရွေးချယ်ထားသော ဝိညာဉ်ကူးပြောင်းမည့်သူ ဖြစ်သည်။ အကယ်၍ လေဟုန်ယွမ် တစ်ခုခုဖြစ်သွားပါက သူမကဲ့သို့ အရည်အချင်းရှိသည့် အမျိုးသမီးကို ထပ်ရှာရန် ခက်ခဲလိမ့်မည်။
အသက်ကယ် ဧကရီက ခေတ္တခန့် တွေးပြီးနောက်
“ဒါဆိုရင် နင့်အတွက် အစောင့်အရှောက်တစ်ယောက် စီစဉ်ပေးမယ်။ နောက်ထပ် နှစ်ပေါင်း တစ်ထောင်လောက်အထိ ဆက်လေ့ကျင့်ဖို့အတွက် ယန်ယန် နန်းတော်ကနေ ထွက်သွားလိုက်ပါ။”
ထိုအရာကို ကြားလျှင် လေဟုန်ယွမ်က ချက်ချင်းပင်
“ကျေးဇူးတင်ပါတယ် ဆရာမ”
တကယ် ကတော့ လေဟုန်ယွမ်၏ အဆင့် မတည်ငြိမ်ခြင်းမှာ လမ်းစဉ်ကြောင့် မဟုတ်ပဲ လက်ထပ်ခြင်း ကြိုးမျှင်၏ သက်ရောက်မှုကြောင့် ဖြစ်သည်။ လုချန်းကို ရှာဖွေပြီး ဤပြဿနာကို ဖြေရှင်းရန် သူမ ဆုံးဖြတ်ထား၏။ သို့သော် အမျိုးသားတစ်ဦးကြောင့် ကျင့်စဉ် ထိခိုက်ရကြောင်း ဆရာမ သိသွားပါက သူမကို နန်းတော်မှ ပေးထွက်မည် မဟုတ်ကြောင်းလည်း သူမ သိသည်။
ယခင် ယန်ယန် နန်းတော်၏ သူတော်စင်မသည် အမျိုးသားတစ်ဦးနှင့် ပတ်သက်မှုရှိခဲ့သဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီး ထိုအချိန်မှစ၍ ငြိမ်သက်သော မျှော်စင်တွင် အပိတ်ခံထားရသည်။
ထိုအခိုက်အတန့်တွင် လေဟုန်ယွမ် စိတ်သက်သာရာရသွား၏။ ကံကောင်းထောက်မစွာဖြင့် သူမသည် သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျင့်ကြံသဖြင့် အကြောင်းပြချက် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အသက်ကယ် ဧကရီ စီစဉ်ပေးသည့် အစောင့်အရှောက်ကိုမူ သူမ သိပ်ပြီး ဂရုမစိုက်ပေ။