← Chapters

စုပေါင်းလှုပ်ရှားမှု

Vol. 17 Ch. 165

စုပေါင်းလှုပ်ရှားမှု

Vol. 17 Ch. 165

"အစ်ကိုချန်... ဘာကိစ္စ ရှိလို့လဲ..."

ပထမတန်းစား မိသားစုသုံးစုသည် ပေါ်ပေါ်ထင်ထင်နှင့် တိတ်တဆိတ် တိုက်ပွဲများ ဆင်နွှဲနေကြသော်လည်း...

လီမိသားစုခေါင်းဆောင် လီယန်အန်းသည် ချန်ဖင်း လာရောက်လည်ပတ်ကြောင်း သိလိုက်ရချိန်၌ ချက်ချင်းဆိုသလိုပင် အပြုံးဖြင့် ကြိုဆိုလိုက်သည်။

နှုတ်ခွန်းဆက်စကား ပြောဆိုပြီးနောက် သူတို့သည် ပင်မခန်းမဆောင်ထဲသို့ ဝင်ရောက်လာကြ၏။

ချန်ဖင်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုသည်။

"ညီအစ်ကိုလီ... ကျွန်တော် ဒီကို ရောက်လာတာက လီမိသားစုနဲ့ ပူးပေါင်းချင်တဲ့ စိတ်ရင်းမှန်နဲ့ပါ..."

"နန်ကုန်းမိသားစုကို အတူတူ ရှင်းပစ်ဖို့ ကျွန်တော်တို့ရဲ့ အင်အားတွေကို ပေါင်းစည်းလိုက်ကြရအောင်..."

"အုပ်စိုးသူအရှင် အမွေအနှစ်ကို ရပြီးတဲ့နောက် ဝမ်မိသားစုကို မောင်းထုတ်ဖို့ အတူတူ လုပ်ဆောင်ကြမယ်..."

"အတားအဆီးတွေ အားလုံး ရှင်းလင်းသွားပြီဆိုရင် ခင်ဗျားနဲ့ကျွန်တော် နောက်ဆုံးကျမှ အောင်ပွဲရဖို့ ယှဉ်ပြိုင်ကြတာပေါ့..."

"ခင်ဗျား ဘယ်လို သဘောရလဲ..."

လီယန်အန်းသည် နားထောင်လိုက်၏။ သူသည် လက်မပေါ်မှ လက်စွပ်ကို

မသိစိတ်မှ ပွတ်သပ်လိုက်ပြီး ခန်းမဆောင်ရှိ ပလ္လင်ပေါ်တွင် ခါးမတ်မတ်ထိုင်ကာ မွှေးကြိုင်သော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးမှ ဖြည်းညင်းစွာ ပြောဆိုသည်။

"ညီအစ်ကိုချန်... ခင်ဗျားနဲ့ကျွန်တော်က တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိကြတယ်..."

"ဟိုလူယုတ်မာအဘိုးကြီး ဝမ်တုန်း ပြောတာ တစ်ခုတော့ မှန်တယ်... ကျွန်တော်တို့ နှစ်ယောက်လုံးက ရက်စက်တယ်...သစ္စာဖောက်တတ်တယ်...ပြီးတော့ ကောက်ကျစ်စဉ်းလဲတဲ့ လူတွေပဲ... ကျွန်တော် ခင်ဗျားကို မယုံဘူး..."

"ပြီးတော့ ခင်ဗျားလည်း ကျွန်တော့်ကို သေချာပေါက် ယုံမှာ မဟုတ်ဘူး..."

ထိုစကားများကို ပြောဆိုလိုက်သည်နှင့် ချန်ဖင်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

ဤတစ်ကြိမ်တွင် သူသည် လီမိသားစုနှင့် အမှန်တကယ်ကို ပူးပေါင်းချင်နေခြင်း ဖြစ်သည်။ အကြောင်းအရင်းမှာ အဓိကမိသားစုကြီးသုံးစုအနက် ဝမ်မိသားစုသည် သူ အကြောက်ဆုံး အင်အားစု ဖြစ်နေသောကြောင့်ပင်။ အကယ်၍ သူသည် ဝမ်မိသားစုကို ဖယ်ရှားရန် လီမိသားစုနှင့် ဦးစွာပူးပေါင်းပြီးမှ အုပ်စိုးသူအရှင် အမွေအနှစ်အတွက် လီမိသားစုနှင့် ယှဉ်ပြိုင်နိုင်လျှင် သူ အောင်မြင်နိုင်ခြေ ၆၀ရာခိုင်နှုန်းခန့် ရှိပေလိမ့်မည်။

သို့သော် တစ်ဖက်လူက သူ့ကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူ ယနေ့ ဤနေရာသို့ ရောက်လာပြီးဖြစ်သဖြင့် လွယ်လွယ်ကူကူ လက်လျှော့ရန် ကြံရွယ်မထားချေ။

"အစ်ကိုလီ ကျွန်တော့်ကို မယုံတာ ကျွန်တော် နားလည်ပါတယ်..."

"ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်လုံး မိုးကောင်းကင်တာအို ကတိသစ္စာ ပြုကြမယ်ဆိုရင် ပူးပေါင်းလို့ ရမလား..."

ထိုစကားများက လီယန်အန်းကို အနည်းငယ် အံ့အားသင့်သွားစေသည်။

မိုးကောင်းကင်တာအို ကတိသစ္စာဆိုသည်မှာ ခုခံ၍မရနိုင်သော ကံကြမ္မာစွမ်းအားတစ်မျိုးပင်။

ကတိသစ္စာပြုသူသည် ကောင်းကင်ဘုံတာအိုကို တိုင်တည်ပြီး ကျိန်ဆိုလိုက်သည်နှင့် ကံကြမ္မာ စွမ်းအားသည် ကတိသစ္စာ ပြုလိုက်သည့် အချိန်အခိုက်အတန့်၌ စတင်၍ ဖြစ်ပေါ်လာပေ၏။

ထိုကတိသစ္စာကို ဖောက်ဖျက်လိုက်သည်နှင့် ကောင်းကင်ဘုံပြစ်ဒဏ်ကို ခံရမည်မှာ မလွဲဧကန်ပင်။

အသေးအဖွဲပြစ်ဒဏ်များတွင် ကျင့်ကြံခြင်းလမ်းစဉ်ပျက်စီးပြီး အနာဂတ်လမ်းကြောင်း ပြတ်တောက်သွားနိုင်သည်။ ပြင်းထန်သောပြစ်ဒဏ်များတွင် ဘေးဒုက္ခများ ကျရောက်လာပြီး သေဆုံးကာ စိတ်ဝိညာဉ် ပျက်စီးသွားတတ်ပြီး မည်သို့မျှ ပြန်လည်မွေးဖွားလာနိုင်တော့မည် မဟုတ်ချေ။

အကယ်၍ ဝမ်မိသားစု၏အပြောင်းအလဲများသာ မရှိခဲ့လျှင် သူသည် ချန်မိသားစုနှင့် အမှန်တကယ် ပူးပေါင်းမိကောင်း ပူးပေါင်းမိပေလိမ့်မည်။

သို့သော် ယခုအချိန်တွင်မူ...

သူ မည်သို့မျှ သဘောတူနိုင်မည် မဟုတ်ချေ။

ထိုအကြောင်းကို တွေးတောရင်း လီယန်အန်းက အပြုံးနှင့် ပြောဆိုလိုက်သည်။

"ညီအစ်ကိုချန်... တကယ်တော့ ကျွန်တော် ခင်ဗျားနဲ့ မပူးပေါင်းချင်တာက ခင်ဗျားကို မယုံလို့ချည်းပဲ မဟုတ်ဘူး..."

"ကျွန်တော့်တို့လီမိသားစုက ဒီအုပ်စိုးသူအရှင် အမွေအနှစ်အတွက် ယှဉ်ပြိုင်ဖို့ အစီအစဉ် ယာယီမရှိသေးလို့ပါ..."

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ချန်ဖင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘာ..."

"ခင်ဗျားက အုပ်စိုးသူအရှင် အမွေအနှစ် အတွက် မယှဉ်ပြိုင်တော့ဘူးလား..."

"လီယန်အန်း... ခင်ဗျား ဘာလှည့်ကွက်တွေ သုံးနေတာလဲ..."

ချန်ဖင်းသည် လီယန်အန်းကို မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး သူ နားမလည်နိုင် ဖြစ်နေသည်။

"ဒီပူးပေါင်းဆောင်ရွက်မှုအကြောင်း ခင်ဗျား တကယ်ကြီး ပြန်မစဉ်းစားတော့ဘူးလား..."

အချိန်အတော်ကြာပြီးနောက် ချန်ဖင်းသည် လီယန်အန်းကို သုန်မှုန်သော မျက်နှာထားဖြင့် စူးစိုက်ကြည့်ပြီး မေးမြန်းလိုက်သည်။

"ညီအစ်ကိုချန်က လီမိသားစုကို ဧည့်သည်အနေနဲ့ လာမယ်ဆိုရင် လီမိသားစုက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်..."

"ပူးပေါင်းဆောင်ရွက်မှု အတွက်ကတော့ ကျေးဇူးပြုပြီး ညီအစ်ကိုချန်က ထပ်မပြောပါနဲ့...ဘာပဲဖြစ်ဖြစ် ကျွန်တော် စောစောက ပြောခဲ့သလိုပဲ... ကျွန်တော့်ရဲ့လီမိသားစုက အုပ်စိုးသူအရှင် အမွေအနှစ် ပြိုင်ပွဲကနေ ယာယီ နှုတ်ထွက်လိုက်ပါပြီ..."

"ကောင်းပြီ... ကောင်းပြီ... ရတယ်... ခင်ဗျား သဘောပဲ... ခင်ဗျား ဘာလှည့်ကွက်တွေ သုံးနေလဲ ကျွန်တော် ဂရုမစိုက်တော့ဘူး... ကျွန်တော် ကိုယ်တိုင်ပဲ နန်ကုန်းမိသားစုကို သွားဖျက်ဆီးပြီး အုပ်စိုးသူအရှင် အမွေအနှစ်ကို ယူလိုက်တော့မယ်..."

ချန်ဖင်းသည် ဒေါသတကြီးဖြင့် သူ၏အင်္ကျီလက်ကို ခါယမ်းပြီး ထွက်ခွာသွားသည်။

သို့သော် သူ လှည့်ထွက်လိုက်စဉ်မှာပင်...

လီယန်အန်းက သူ၏လက်မမှ လက်စွပ်ကို ကစားရင်း ထပ်မံ၍ ပြောဆိုလိုက်သည်။

"ညီအစ်ကိုချန်... ကျွန်တော် အကြံတစ်ခု ထပ်ပေးပါရစေ... နန်ကုန်းမိသားစုက ရိုးရှင်းမှုမရှိဘူး..."

"ဟမ့်..."

သို့သော်...

သူ ရရှိလိုက်သည်မှာ ချန်ဖင်းထံမှ လှောင်ပြောင်သံတစ်သံသာ ဖြစ်သည်။

လီယန်အန်းသည် ထွက်ခွာသွားသော ချန်ဖင်းကို တည်ငြိမ်အေးဆေးစွာ ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးတစ်ခု ထင်ဟပ်လာပေ၏။

ထိုအချိန်တွင် ချန်ဖင်းသည် လီအိမ်တော်မှ ထွက်ခွာသွားခဲ့လေပြီ။

သူ၏မျက်နှာအမူအယာ သုန်မှုန်နေသည်။ သူ ချန်အိမ်တော်သို့ ပြန်ရောက်ချိန်၌ အကြီးအကဲတစ်ဦးက သူ၏မျက်နှာအမူအယာကို သတိပြုမိသဖြင့် မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။

"မိသားစုခေါင်းဆောင်... လီမိသားစုက ကျွန်တော်တို့ ချန်မိသားစုနဲ့ ပူးပေါင်းဖို့ ငြင်းဆန်လိုက်တာလား..."

"လူယုတ်မာအဘိုးကြီး လီယန်အန်းက ဘာလှည့်ကွက်တွေ သုံးနေလဲ မသိဘူး... သူက အုပ်စိုးသူအရှင် အမွေအနှစ် ပြိုင်ပွဲကနေ နှုတ်ထွက်တယ်လို့တောင် ငါ့ကို ပြောလိုက်တယ်..."

"ဟမ့်.. ငါက သူ့ကို ဂရုစိုက်မနေတော့ဘူး..."

ချန်ဖင်းက ဒေါသတကြီး ပြောဆိုသည်။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်စမ်း... ချန်မိသားစုရဲ့ ထိပ်သီးကျင်ကြံသူတွေကို စုစည်းထားပြီးတော့ ဘိုးဘေးတွေကို လေးလေးစားစား ဖိတ်ခေါ်လိုက်တော့... ဒီနေ့ ငါတို့က နန်ကုန်းမိသားစုဆီကို သွားပြီးတော့ အုပ်စိုးသူအရှင် အမွေအနှစ်ကို သိမ်းပိုက်ကြမယ်..."

"အုပ်စိုးသူအရှင် အမွေအနှစ်ကို မဖြစ်မနေ သိမ်းပိုက်မယ်..."

"ဒီနေ့ကစပြီး နာမည်မဲ့မြို့တော် တစ်မြို့လုံးကို ငါတို့ချန်မိသားစုက အုပ်ချုပ်တော့မယ်..."

အခြေအနေသည် ဤအဆင့်ထိ ရောက်ရှိလာခဲ့လေပြီ။ ဤအုပ်စိုးသူအရှင် အမွေအနှစ်ကို သိမ်းပိုက်ရန်အတွက် ပထမတန်းစား မိသားစုသုံးခုသည် စစ်မှန်သော အင်အားကိုသာ အားကိုး၍ အဆုံးအဖြတ် ပြုလုပ်ရတော့ပေမည်။

ချန်ဖင်းသည် နန်ကုန်းမိသားစုကို တိုက်ရိုက်တိုက်ခိုက်ရဲရသည့် အကြောင်းအရင်းမှာ သူ့ထံ၌ ဖုံးကွယ်ထားသော ဝှက်ဖဲတစ်ချပ် ရှိနေသေးသောကြောင့်ပင်။ ဤသည်မှာ ချန်မိသားစုသည် မကြာသေးမီကမှ လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြု၍ သူတို့၏ဘိုးဘေးတစ်ဦးအား မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိအောင် တွန်းပို့ပေးနိုင်ခဲ့ခြင်း ဖြစ်ပေ၏။

တစ်နည်းအားဖြင့်ဆိုရလျင် လက်ရှိချိန်တွင် ချန်မိသားစု၌ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ဘိုးဘေးနှစ်ဦး ရှိနေလေပြီ။

မူလက သူသည် လီမိသားစုနှင့် ဦးစွာပူးပေါင်းပြီး ဝမ်မိသားစုကို ဖယ်ရှားရန် စဉ်းစားခဲ့သည်။ ထို့နောက် သူ၏မိသားစုမှ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူနှစ်ဦးကို အားကိုးပါက သေချာပေါက် အနိုင်ရရှိမည့် အခြေအနေ ဖြစ်လာပေလိမ့်မည်။ သို့သော် လီယန်အန်းက တိုက်ရိုက်ငြင်းပယ်လိုက်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။

နောက်ထပ်ပြဿနာများ မဖြစ်ပေါ်စေရန် ကာကွယ်သည့်အနေဖြင့် ချန်မိသားစုသည် ဤကဲ့သို့ ရှုပ်ထွေးသော အကြံအစည်များကို လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်၏။ ဤတိုက်ခိုက်မှုကို သေချာစွာ ကိုင်တွယ်ဆောင်ရွက်နိုင်သရွေ့ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ နှစ်ဦးဖြင့်ဆိုလျှင် နန်ကုန်းမိသားစုကို ဖျက်ဆီးပြီး အုပ်စိုးသူအရှင် အမွေအနှစ်ကို သိမ်းပိုက်နိုင်မည်မှာ သေချာပေါက်ပင်။

ထို့နောက် ချန်မိသားစု၏ပင်မစခန်းသို့ ပြန်ဆုတ်ခွာကာ အိမ်တော်ကာကွယ်ရေး မဟာဝင်္ကပါကြီးကို အားကိုးလိုက်ပါက ဝမ်မိသားစုနှင့်လီမိသားစု ပူးပေါင်းတိုက်ခိုက်လျှင်ပင် ချန်မိသားစုသည် ရှုံးနိမ့်နိုင်ရန် အကြောင်းမရှိတော့ချေ။

ဤအုပ်စိုးသူအရှင် အမွေအနှစ်ပြိုင်ပွဲတွင် ပထမတန်းစား မိသားစုသုံးစု ပါဝင်ပတ်သက်နေကာ အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ...

နောက်ဆုံး အောင်ပွဲခံမည့်သူမှာ သေချာပေါက် ချန်မိသားစု ဖြစ်လိမ့်မည်ဟု ချန်ဖင်းက ယုံကြည်ထားသည်။

သူ၏အမိန့်ဖြင့် ချန်မိသားစု၏ အဆင့်မြင့် အဖွဲ့ဝင်များအားလုံး စုဝေးရောက်ရှိလာကြသည်။

မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ ငါးဦး နေမင်းနက်နဲသိမ်မွေ့နယ်ပယ် တစ်ရာကျော် လမင်းနက်နဲသိမ်မွေ့နယ်ပယ် တစ်ထောင်နီးပါးနှင့် လူအုပ်အကြားတွင် ဖုံးကွယ်ထားသော ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ဘိုးဘေးနှစ်ဦး.....

ဤသည်မှာ ချန်မိသားစု၏ ထိပ်သီး ခေါင်းဆောင်ပိုင်းမှ အင်အားပင်။

ဤအင်အားသည် အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။

အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် မြင့်မြတ်နယ်မြေများ၌ပင် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူ တစ်ဦးသာ ရှိပြီး နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ ဆယ်ဂဏန်းအနည်းငယ်သာရှိကြောင်း သိထားရပေမည်။

ချန်မိသားစုတစ်စုတည်း၏ အင်အားဖြင့် အကယ်၍ သူတို့သည် အရှေ့ပိုင်းဒေသတွင်သာ ရှိခဲ့လျှင် ထိုဒေသတွင် နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော မြင့်မြတ်နယ်မြေကြီးငါးခုကို အမြစ်ပြတ်သုတ်သင်ရန် လုံလောက်သည်ဟု ပြောဆိုလျှင် ချဲ့ကားရာ မရောက်ချေ။

လူတစ်ထောင်ကျော် ပါဝင်သော အင်အားစုကြီးတစ်စုသည် ချန်အိမ်တော်မှ အထက်မိုးကောင်းကင်ယံသို့ ပျံသန်းသွားကြသည်။

စွမ်းအားကြီးမားသော အရှိန်အဝါသည် တိမ်တိုက်များကို လှုပ်ခတ်သွားစေသည်။

ဤသည်က ကြီးမားသော တိမ်မည်းတောင်ကြီး တစ်လုံးအလား နာမည်မဲ့မြို့တော်၏ မိုစကောင်းကင်ယံကို ဖြတ်သန်းသွားပေ၏။

ထိုအေးစက်စက်အငွေ့အသက်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသဖြင့် မြို့ထဲရှိ မရေမတွက်နိုင်သော လူများအကြား၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

"ဒါက... ချန်မိသားစုက အင်အားကုန် ထုတ်သုံးလိုက်တာလား..."

တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

မကြာသေးမီ အချိန်ကာလတစ်ခုအတွင်း၌ အုပ်စိုးသူအရှင် အမွေအနှစ်သည် နာမည်မဲ့မြို့တော်တွင် လှုပ်ရှားမှုများကို ဖြစ်ပေါ်စေခဲ့သည်။

မြို့ထဲရှိလူတိုင်းသည် မုန်တိုင်းတစ်ခု ကျရောက်လာတော့မည့်အလား ခံစားနေခဲ့ရသည်။

နာမည်မဲ့မြို့တော်တွင် တိုက်ပွဲကြီးတစ်ခု အနှေးနှင့်အမြန် ဖြစ်ပွားလာမည်ကို သူတို့ သိရှိထားကြ၏။

သို့သော် ထိုမုန်တိုင်း ရောက်ရှိလာသည့် အမြန်နှုန်းမှာ အမှန်တကယ်ကို မြန်ဆန်လွန်းသဖြင့် လူများကို အငိုက်မိသွားစေခဲ့သည်။

ဤသည်က လူအများကို စူးစမ်းလိုစိတ်လည်း ဖြစ်ပွားလာစေသည်။

ယခုချိန်၌ ချန်မိသားစု လှုပ်ရှားလာပြီ ဖြစ်ရာ ဝမ်မိသားစုနှင့်လီမိသားစုတို့သည် ဆက်လက်၍ ငြိမ်ငြိမ်ထိုင်ကြည့်နေနိုင်မည်လော....

သို့သော် သူတို့ မည်သည်ကြောင့် သိနိုင်မည်နည်း...

ဤအချိန်တွင် ဝမ်မိသားစုသည် နောက်သို့ဆုတ်ခွာပြီး ပုန်းအောင်းနေလေပြီ။ ဝမ်မိသားစု၏ဘိုးဘေး သေဆုံးပြီးကတည်းက အုပ်စိုးသူအရှင်အမွေအနှစ်သည် ဝမ်မိသားစုအတွက် ကံပါလာသောအရာ မဟုတ်တော့ပေ။

အမှန်အားဖြင့် ဝမ်မိသားစုဝင်များသည် နန်ကုန်းမိသားစုက သူတို့နှင့် စာရင်းရှင်းရန် မလာသေးသည့်အတွက် ကျေးဇူးတင်စွာဖြင့် အမွှေးတိုင်ထွန်းပြီး ဆုတောင်းနေကြပြီဖြစ်ရာ သူတို့သည် မည်သည်ကြောင့် ပါဝင်ပတ်သက်နေမည်နည်း။

လီမိသားစု အနေဖြင့်မူ သူတို့သည် လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေပေ၏။

မည်သို့ပင်ဆိုစေကာမူ လက်ရှိချိန်၌ နာမည်မဲ့မြို့တော်တွင် နှစ်တစ်ထောင်အတွင်း ရှားပါးသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့နေရလေပြီ။

လူများအားလုံး၏စောင့်ကြည့်နေမှုအောက်တွင် ချန်ဖင်း ဦးဆောင်သော လူတစ်ထောင်ကျော်မှ နန်ကုန်းမိသားစုကို လျှင်မြန်စွာ ဝိုင်းရံလိုက်ကြသည်။

"နန်ကုန်းရှန်ထျန်း... ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်... အုပ်စိုးသူအရှင် အမွေအနှစ်ကို လွှဲပေးပြီး ငါ့ရဲ့ ချန်မိသားစုကို လက်အောက်ခံအဖြစ် အညံ့ခံလိုက်... ဒါဆိုရင် မင်းရဲ့ နန်ကုန်းမိသားစုကို ငါ အသက်ရှင်ခွင့် ပေးမယ်..."

ချန်ဖင်းသည် လက်နောက်ပစ်ကာ ရပ်နေပြီး သူ၏အသံသည် ကြီးမားသော ခေါင်းလောင်းကြီးတစ်လုံးကို တီးခတ်လိုက်သည့်အလား ကျယ်လောင်ကာ မိုင်ပေါင်းဆယ်နှင့်ချီအကွာထိ ပဲ့တင်ထပ်သွားသည်။

All Chapters