← Chapters

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း ၆၂၂ - မိုးကြိုးကို ထိန်းချုပ်ခြင်းနှင့် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉

“စီနီယာကျင်း စိတ်ချပါ... လော့ချန်က ဒီတစ်ခါတော့ သေချာပေါက် မလွတ်မြောက်နိုင်ပါဘူး...”

စီနီယာကျိုးမှလွဲ၍ ထိုနေရာရှိ ရွှမ်ဟယ်စာရင်း၏ ထိပ်ဆုံး ၁၀ ဦးတွင် ပါဝင်သော အခြားတပည့်နှစ်ဦးမှာလည်း ခရမ်းရောင်ကျောက်စိမ်းသေတ္တာကို ကြည့်လျက် မျက်ဝန်းများမှာ အလွန်ပင် တောက်ပနေကြသည်။ သူတို့အားလုံးသည် အခြားသူများထက် အရင်ဦးအောင် လော့ချန်ကို မည်သို့သတ်ဖြတ်ပြီး မြေကမ္ဘာဝိညာဉ်ဆေးလုံးကို ရယူရမလဲဆိုသည်ကို စိတ်ထဲမှ ကြံစည်နေကြတော့သည်။

စီနီယာကျိုးအနေဖြင့်လည်း မြေကမ္ဘာဝိညာဉ်ဆေးလုံးကဲ့သို့သော ရတနာဆေးလုံးကို သေချာပေါက် တောင့်တမိပေသည်။ သို့သော်လည်း သူမသည် သတိကြီးသူဖြစ်ရာ လော့ချန်ကို အနိုင်ယူနိုင်ရန်အတွက် ၁၀၀ ရာခိုင်နှုန်းသော ယုံကြည်မှု မရှိပေ။ သူမ၏အစွမ်းမှာ စီနီယာလျိုတို့နှင့် နှိုင်းယှဉ်လျှင်လည်း အဆင့်အတန်းတစ်ခု ကွာခြားနေသဖြင့် လုယူရန် ကြိုးစားလျှင်ပင် အခွင့်အရေးရှိမည် မဟုတ်ပေ။

ကျင်းမင်၏မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်ထွက်လာပြီး ထရပ်လိုက်သည်။

“ဒါဆိုရင်တော့ မင်းတို့ဆီက သတင်းကောင်းကို ငါ စောင့်နေမယ်...”

သူသည် ယခင်က လော့ချန်ကို အရိုးထဲအထိ နာကျည်းခဲ့ရခြင်းမှာ ယွမ်မန်လီကြောင့် ဖြစ်၏။ ယခုအခါ ယွမ်မန်လီမှာ သေဆုံးသွားပြီဟု သူ ယူဆထားသလို သူကိုယ်တိုင်လည်း မကြာမီ စတုတ္ထနယ်ပယ်သို့ တက်လှမ်းကာ မဟာသန်မာသူကြီး ဖြစ်လာတော့မည် ဖြစ်ရာ လော့ချန်ကဲ့သို့သော လူပုဂ္ဂိုလ်အသေးအဖွဲအပေါ်တွင် စိတ်ဝင်စားမှု မရှိတော့ဘဲ အမြန်ဆုံးသာ ရှင်းလင်းပစ်လိုတော့သည်။

အချိန်ရမည်ဆိုလျှင် ကျင်းမင်ကိုယ်တိုင် လော့ချန်ကို ဖြေရှင်းပြီး သူ့ကို ဆန့်ကျင်ခဲ့သည့် အကျိုးဆက်မှာ မည်မျှအထိ ဆိုးရွားသလဲဆိုသည်ကို သိရှိအောင် လုပ်ပေးချင်ပေသည်။ နှမြောစရာကောင်းသည်မှာ သူသည် အရေးကြီးကိစ္စတစ်ခုရှိနေသဖြင့် ထွက်ခွာသွားရန် လိုအပ်နေခြင်းပင် ဖြစ်၏။

တဲတံခါးဝသို့ ရောက်သည့်အခါ ကျင်းမင်က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

“မှတ်ထားကြ... သူ့ကို အလွယ်တကူ မသေစေနဲ့...”

လျိုခန်းက မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး ရက်စက်စွာ ဆိုလိုက်သည်။

“စီနီယာ စိတ်ချပါ... သူသာ ကျွန်တော့်လက်ထဲ ရောက်လာမယ်ဆိုရင် သေချာပေါက် သေခြင်းထက် ဆိုးရွားတဲ့ ခံစားချက်မျိုးကို သူ သိသွားစေရမယ်...”

“အင်း... ဒါဆိုရင်တော့ ကောင်းပြီ...”

ကျင်းမင်အနေဖြင့် မည်သည့်မတော်တဆမှုမျှ ဖြစ်လာမည်ဟု မစိုးရိမ်ပေ။ စီနီယာလျိုက ရွှမ်ဟယ်စာရင်း အဆင့် ၇ တွင် ရှိနေသလို အခြားသော ရွှမ်ဟယ်စာရင်းဝင် တပည့်နှစ်ဦးဖြစ်သည့် စီနီယာလင်း နှင့် စီနီယာဝူ တို့မှာလည်း အဆင့် ၄ နှင့် အဆင့် ၆ တွင် အသီးသီး ရှိနေကြသဖြင့် လော့ချန်ကို သတ်ဖြတ်ရန်မှာ လုံလောက်လှပေသည်။

အကယ်၍ အမှန်တကယ် တစ်စုံတစ်ခု ဖြစ်ခဲ့မည်ဆိုလျှင်ပင် မြေကမ္ဘာဝိညာဉ်ဆေးလုံးကို အသုံးချပြီး စီနီယာဖန်ကို အကူအညီ တောင်းနိုင်သေးသည်မဟုတ်ပါလော။ စီနီယာဖန်သည် ခြေတစ်ဖက်မှာ စတုတ္ထနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ရာ ဂိုဏ်းသုံးဂိုဏ်းလုံး၏ အတွင်းစည်းတွင် ပြိုင်ဘက်မရှိသလောက် ဖြစ်နေသဖြင့် လော့ချန်တွင် အသက်ဆယ်ချောင်း ရှိနေလျှင်ပင် စီနီယာဖန်ရှေ့တွင် ဘာမှမဟုတ်ပေ။

စကားတစ်ခွန်း ချန်ထားရစ်ပြီးနောက် ကျင်းမင်သည် လှည့်ထွက်သွားတော့သည်။ စီနီယာလျိုသည် မြေကမ္ဘာဝိညာဉ်ဆေးလုံးကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးနောက် တဲအတွင်းမှ ထွက်ခွာလာခဲ့သည်။ သူသည် စေ့စပ်လှသော စီစဉ်မှုများကို လုပ်ဆောင်ရဦးမည် ဖြစ်၏။ လော့ချန်သာ နက်မှောင်တောင်တန်းသို့ ရောက်ရှိလာမည်ဆိုလျှင် သူ ချက်ချင်း သိရှိနိုင်ရန် ဖြစ်ပေသည်။

အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြရာ နောက်ဆုံးတွင် တဲအတွင်း၌ စီနီယာကျိုး တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ သူမသည် လက်ထဲမှ ခရမ်းရောင်ကျောက်စိမ်းသေတ္တာကို ကြည့်လျက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ကျင်းမင်၏ စကားများက သူမ၏ သံသယများကို ပျောက်ကွယ်သွားစေခြင်း မရှိပေ။

ဒါက တကယ့်ကို ကြီးမားလှတဲ့ ဆုလာဘ်ပဲ။ မြေကမ္ဘာဝိညာဉ်ဆေးလုံးဆိုသည်မှာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတိုင်း အိပ်မက်မက်ရသော ရတနာဆေးလုံး ဖြစ်သလို စတုတ္ထနယ်ပယ်ရှိ မဟာသန်မာသူများအတွက်ပင် အလွန်တန်ဖိုးရှိပေသည်။

သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူအများအပြားမှာ အပြင်းအထန် ကျင့်ကြံရင်း နောက်ဆုံးအဆင့်ကို ချိုးဖျက်ရန် ကြိုးစားကြသော်လည်း နှစ်ပေါင်း ရာနှင့်ချီသည့်တိုင်အောင် မအောင်မြင်ဘဲ သေဆုံးသွားကြရသူများ ရှိပေသည်။ အကယ်၍ ထိုသူများမှာ မြေကမ္ဘာဝိညာဉ်ဆေးလုံး တစ်လုံးသာ ရှိခဲ့မည်ဆိုလျှင် ရလဒ်မှာ သေချာပေါက် ပြောင်းလဲသွားမှာ ဖြစ်ပေသည်။

ဤကဲ့သို့သော ရတနာဆေးလုံးကို ကျင်းမင်က အလွယ်တကူ ထုတ်ပေးလိုက်ခြင်းမှာ သူမကို အံ့အားသင့်သွားစေ၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျင်းမင်သည် လော့ချန်၏ အသက်ကို အလိုရှိနေသည်မှာ သေချာလှပေသည်။

စီနီယာကျိုးသည် စိတ်ထဲမှပင် နှမြောတသ ဖြစ်သွားမိသည်။ ဤမျှကြီးမားသော ဆုလာဘ်အောက်တွင် လော့ချန်အနေဖြင့် ဤတစ်ခေါက်မှာ သေချာပေါက် ပြန်လာနိုင်မည် မဟုတ်တော့ဟု သူမ ယူဆလိုက်ခြင်း ဖြစ်၏။

အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားပြီး ခက်ခက်ခဲခဲနှင့် ထိပ်သီးမျိုးဆက်တပည့် ဖြစ်လာခဲ့သော်လည်း မနှောင့်ယှက်သင့်သောသူကို နှောင့်ယှက်မိသဖြင့် တစ်ခဏချင်းမှာပင် ဘဝတစ်ခုလုံး ပျက်စီးသွားရတော့မည်ပင်။

မိုးကြိုးတောင်ကုန်း...။

သွေးဝိညာဉ်ဂိုဏ်း၏ အခြေစိုက်စခန်းကို ရှာတွေ့ခဲ့သည်မှာ သုံးရက်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။

“ဂျိမ်း... ဂျိမ်း... ဂျိမ်း...”

ရက်အနည်းငယ် ကုန်လွန်သွားသော်လည်း တောင်ကြားအတွင်းရှိ မိုးကြိုးလျှပ်စီးများမှာ လျော့ကျသွားခြင်း မရှိဘဲ ပိုမို၍ပင် ပြင်းထန်လာကာ ကြမ်းတမ်းလှသော မိုးကြိုးများမှာ နှင်တံများအလား လော့ချန်၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ရိုက်ခတ်နေတော့သည်။ လော့ချန်ကို ဗဟိုပြု၍ တောင်ကြားတစ်ခုလုံးမှာ ဧရာမ မိုးကြိုးလုံးကြီးတစ်ခုအလား စူးရှတောက်ပနေတော့သည်။

မိုးကြိုးလုံး၏ အလယ်တွင် လော့ချန်၏ တစ်ကိုယ်လုံးရှိ အရေပြားမှာ မည်းနက်နေခဲ့ပြီး မြေပြင်ပေါ်ရှိ သံလိုက်ကျောက်များအလား ရှိနေတော့သည်။ သို့သော်လည်း သူသည် လုံးဝ လှုပ်ရှားခြင်း မရှိဘဲ တည်ငြိမ်လှသော အမူအရာဖြင့်ကလေးငယ်တစ်ဦးအလား ရှိနေကာ အသက်ရှူသံများမှာလည်း ပိုမို၍ ရှည်လျားလာခဲ့ပြီး ခန္ဓာကိုယ်၏ နာကျင်မှုများကို လုံးဝ ခံစားရခြင်း မရှိတော့ဘဲ ထူးခြားလှသော နယ်ပယ်တစ်ခုအတွင်းသို့ နစ်မြုပ်နေသကဲ့သို့ ရှိနေတော့သည်။

“ဘုန်း...”

လက်မောင်းခန့် တုတ်ခိုင်သော မိုးကြိုးလျှပ်စီးတစ်ခု လော့ချန်၏ ခန္ဓာကိုယ်ပေါ်သို့ ထပ်မံကျရောက်လာသည်။

ရုတ်တရက်...

“ကလစ်...”

အလွန်သေးငယ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် လော့ချန်၏ ခန္ဓာကိုယ်ပေါ်ရှိ မည်းနက်နေသော အရေပြားများမှာ စတင်၍ ကွဲအက်လာတော့သည်။ ကွဲကြောင်းများမှာ ပိုမို၍ များပြားလာခဲ့ပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။ နောက်ဆုံးတွင် သူ၏မည်းနက်နေသော အရေပြားဟောင်းများမှာ လုံးဝ ကွဲအက်သွားခဲ့ပြီး လေနှင့်အတူ ပျောက်ကွယ်သွားကာ အောက်မှကလေးငယ်တစ်ဦးအလား နုပျိုလှသော အရေပြားသစ်များ ပေါ်ထွက်လာခဲ့ပြီး တစ်ကိုယ်လုံးမှာ ကျောက်စိမ်းတစ်ခုအလား တောက်ပနေတော့သည်။

“ဂျိမ်း...”

နောက်ထပ် မိုးကြိုးလျှပ်စီးတစ်ခု ထပ်မံကျရောက်လာသော်လည်း ထိုအရေပြားသစ်ပေါ်သို့ ကျရောက်သည့်အခါ မည်သည့် ပွန်းရာစင်းရာမျှ ထင်ခဲ့ခြင်း မရှိဘဲ အလိုအလျောက်ပင် စိမ့်ဝင်သွားခဲ့ပြီး အရေပြားပေါ်တွင် အေးစက်လှသော လျှပ်စီးအလင်းတန်းများ ဝင်းလက်သွားတော့သည်။

ထိုအခိုက်အတန့်တွင် လော့ချန်သည် သူ၏မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ မျက်ဝန်းထဲမှ အလင်းတန်းများမှာ လျှပ်စီးတန်းများအလား ရှိနေပြီး လက်သီးဖြင့် လေထဲသို့ ထိုးနှက်လိုက်သည်။

“ဘုန်း...”

လက်သီးမှ စူးရှလှသော မိုးကြိုးအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကြီးမားလှသော အင်အားကြောင့် လေထုမှာ ရေလှိုင်းများအလား တုန်ခါသွားခဲ့ပြီး နေရာအနှံ့တွင် မရေမတွက်နိုင်သော လျှပ်စီးမျှင်များ ပျံ့နှံ့သွားတော့သည်။

“အောင်မြင်ပြီ...”

လော့ချန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားခဲ့ပြီး အလွန်ပင် ဝမ်းသာသွားမိသည်။

အဆက်မပြတ် အန္တရာယ်များကို ဂရုမစိုက်ဘဲ မိုးကြိုးများကြားတွင် အပြင်းအထန် ကျင့်ကြံခဲ့မှုကြောင့် သူသည် နောက်ဆုံးတွင် အရေပြားမှ အလင်းတန်းများ ထွက်ပေါ်လာပြီး လက်သီးချက်တွင် မိုးကြိုးစွမ်းအားများ ပါဝင်နေသည့် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။ ဤသည်မှာ သူသည် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်၏ ပထမအဆင့်ဖြစ်သော 'မိုးကြိုးသန့်စင်ခြင်းအဆင့်' ၏ ပထမအလွှာသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဖော်ပြနေခြင်း ဖြစ်ပေသည်။

ပထမအလွှာမျှသာ ရှိသေးသော်လည်း အဓိပ္ပါယ်မှာမူ အလွန်ပင် ကြီးမားလှပေသည်။ လော့ချန်သည် မိမိ၏ အရေပြားလွှာများအတွင်း၌ မိုးကြိုးစွမ်းအားများ ကိန်းအောင်းနေသည်ကို ရှင်းလင်းစွာ ခံစားနေရသဖြင့် ခံနိုင်ရည်အစွမ်းတင်မကဘဲ ခန္ဓာကိုယ်အင်အားနှင့် ပေါက်ကွဲနိုင်စွမ်းမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။ စောစောက လက်သီးချက်တွင် သူသည် ချီစွမ်းအင်များကို လုံးဝ အသုံးမပြုခဲ့သလို မည်သည့်စွမ်းရည်ကိုမျှ မသုံးခဲ့သော်လည်း ထွက်ပေါ်လာသော အင်အားမှာ ယခင်ထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့၏။

ယခုမှသာ လော့ချန်သည် မိုးကြိုးသန့်စင်ခြင်း၏ ဆိုလိုရင်းကို အပြည့်အဝ နားလည်သွားတော့သည်။

မိုးကြိုးကို လွှမ်းမိုးခြင်း။

မိုးကြိုးကို လွှမ်းမိုးခြင်း။

ခန္ဓာကိုယ်ဖြင့် မိုးကြိုးကို လွှမ်းမိုးထိန်းချုပ်ကာ မိမိအတွက် အသုံးချခြင်းပင် ဖြစ်၏။

လော့ချန်သည် ယခုအခါ အရေပြားလွှာအတွင်း၌ မိုးကြိုးစွမ်းအား အနည်းငယ်ကိုသာ သိုလှောင်ထားနိုင်သော်လည်း၊ အကယ်၍ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို တတိယအဆင့် အောင်မြင်မှုအဆင့်အထိ ကျင့်ကြံနိုင်မည်ဆိုလျှင် အမူအရာတိုင်းမှာ မိုးကြိုးစွမ်းအားများကို အမှန်တကယ် ထိန်းချုပ်နိုင်မည် ဖြစ်ပေသည်။

“ဟင်... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ ပါလား...”

စိတ်အေးသွားသည့်အခါတွင်မူ လော့ချန်သည် မိမိ၏ခန္ဓာကိုယ်အတွင်း၌ သွေးကြောပေါင်း ၇၃ သွယ် ရှိနေသည်ကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိသွားသည်။ သူ မသိလိုက်ဘဲနှင့် သူ၏ကျင့်ကြံဆင့်မှာ အတားအဆီးကို ကျော်လွှားကာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိသွားပြီ ဖြစ်၏။

“ဒါက ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကျင့်ကြံလို့ ခန္ဓာကိုယ် အရည်အသွေး ပြောင်းလဲသွားတာကြောင့် ဖြစ်မှာပဲ...”

လော့ချန်သည် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားလိုက်မိသည်။ ခန္ဓာကိုယ်ကျင့်ကြံသူများသည် ခန္ဓာကိုယ်ကို သန့်စင်ခြင်းဖြင့် အလားအလာများကို ဖော်ထုတ်ကာ သွေးကြောများကို နိုးကြားစေခြင်း ဖြစ်သည်မဟုတ်ပါလော။ ချီစွမ်းအင်ကို ကျင့်ကြံခြင်းက ခန္ဓာကိုယ်ကို ပြောင်းလဲစေနိုင်သကဲ့သို့ ခန္ဓာကိုယ်ကို ကျင့်ကြံခြင်းကလည်း အခြေခံကို ခိုင်မာစေနိုင်ပေသည်။ ထို့ကြောင့် ဤနှစ်ခုမှာ ခွဲခြား၍မရဘဲ အပြန်အလှန် အထောက်အကူပြုနေခြင်း ဖြစ်၏။ မဟာသန်မာသူကြီးများသည် ခန္ဓာကိုယ်ကျင့်ကြံသူများ မဟုတ်ကြလျှင်ပင် သူတို့၏ခန္ဓာကိုယ်အင်အားမှာ သာမန်သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများထက် သာလွန်နေကြပေသည်။

မည်သို့ပင်ဆိုစေ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်နှင့် ကျင့်ကြံဆင့်တို့ တစ်ပြိုင်တည်း တိုးတက်လာခြင်းမှာ လော့ချန်အတွက် အလွန်ကောင်းမွန်လှသော ကိစ္စတစ်ခု ဖြစ်ပေသည်။ သူ၏ မူလအစီအစဉ်အရဆိုလျှင် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကျင့်ကြံပြီးမှ ဝိညာဉ်ဆေးလုံးငယ်ကို အသုံးပြု၍ အဆင့် ၉ သို့ တက်လှမ်းရန် ဖြစ်သော်လည်း ယခုမူ မလိုအပ်တော့သဖြင့် အချိန်များစွာ သက်သာသွားခဲ့ရသည်။

“အခုဆိုရင် ဂိုဏ်းသုံးဂိုဏ်းလုံးရဲ့ အတွင်းစည်းမှာ လျှပ်ယွမ်ဂိုဏ်းရဲ့ စီနီယာယွမ် တစ်ယောက်ပဲ ငါနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်း ရှိတော့မှာပဲ...”

လော့ချန်၏ မျက်ဝန်းများမှာ ဝင်းလက်နေခဲ့ပြီး ယုံကြည်မှုများ ပြည့်နှက်နေတော့သည်။ လော့ရှာဂိုဏ်းတွင် ရှိစဉ်က စီနီယာယွဲ့က ဂိုဏ်းသုံးဂိုဏ်း၏ အတွင်းစည်းတွင် သူ့ကို ယှဉ်ပြိုင်နိုင်သူ လေးဦးသာ ရှိသည်ဟု ပြောခဲ့ဖူးသည်မဟုတ်ပါလော။

စီနီယာယွဲ့မှလွဲ၍ ကျန်ရှိသော သုံးဦးမှာ ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းစီနီယာဖန်၊ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းစီနီယာယွမ် နှင့် စီနီယာလျို တို့ ဖြစ်ကြပေသည်။ ယခုအခါ သူ၏ကျင့်ကြံဆင့်မှာ ပိုမိုမြင့်မားလာခဲ့သလို ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကိုလည်း ကျင့်ကြံအောင်မြင်ထားပြီ ဖြစ်ရာ အခြားသူများကို သူ ထည့်တွက်မနေတော့ဘဲ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားသည့် စီနီယာယွမ် တစ်ဦးတည်းကိုသာ စိတ်ဝင်စားတော့သည်။

လော့ချန်သည် ခေါင်းခါယမ်းလိုက်ပြီး လွန်ခဲ့သော သုံးရက်က ကြားခဲ့ရသည့် ခေါင်းလောင်းသံ ငါးချက်ကို သတိရသွားမိသည်။

“ခေါင်းလောင်းသံ ငါးချက်ဆိုတော့ ဒါက ဂိုဏ်းရဲ့ အရေးပေါ်ခေါင်းလောင်းသံပဲ... ဘယ်လို ဖြစ်ရပ်ကြီးမျိုး ဖြစ်ပေါ်လာတာလဲ မသိဘူး...”

အခန်း ၆၂၂ ပြီးပါပြီ။

အခန်း ၆၂၃ - ကျင်းမင်ကို သတ်ဖို့ဆိုတာ ငါ့အတွက် လက်တစ်ဖက်နဲ့တင် လုံလောက်တယ်

ဂိုဏ်း၏ အရေးပေါ်ခေါင်းလောင်းသံမှာ တံဆိပ်ပြားမှတစ်ဆင့် ဂိုဏ်းသားတိုင်းထံသို့ ရောက်ရှိသွားရာ လော့ချန်သည်လည်း ၎င်းကို အာရုံခံမိပေသည်။ သို့သော်လည်း လွန်ခဲ့သော သုံးရက်က သူသည် ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည် ကျင့်ကြံမှု၏ အရေးကြီးသော အချိန်သို့ ရောက်ရှိနေသဖြင့် ဂရုမစိုက်နိုင်ခဲ့ခြင်း ဖြစ်၏။

“ဆရာ့ကို သွားမေးကြည့်ရမှာပေါ့...”

မိုးကြိုးသန့်စင်ခြင်းအဆင့်၏ ပထမအလွှာကို အောင်မြင်ထားပြီ ဖြစ်သလို ကျင့်ကြံဆင့်မှာလည်း ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်ရာ တိုတောင်းသော အချိန်အတွင်း ထပ်မံတိုးတက်ရန်မှာ ခက်ခဲလှပေသည်။ ထို့ကြောင့် လော့ချန်သည် ဆက်လက်၍ ပိတ်ဆို့ကျင့်ကြံရန် မရည်ရွယ်တော့ပေ။

ချီစွမ်းအင်များကို လှည့်ပတ်ကာ ရမ်းကားနေသော မိုးကြိုးလျှပ်စီးများကို ကာကွယ်လိုက်ပြီးနောက် လော့ချန်သည် သန့်ရှင်းသော ဝတ်စုံအသစ်တစ်စုံကို လဲလှယ်ရန် ပြင်ဆင်လိုက်သည်။

“ဟင်...”

မတ်တတ်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် လော့ချန်သည် ခေါင်းမူးသွားခဲ့ပြီး အလွန်ပင် အားအင်ချည့်နဲ့သွားသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။ သူ၏တစ်ကိုယ်လုံးရှိ အနှစ်သာရသွေးများမှာ များစွာ ဆုံးရှုံးသွားခဲ့ပြီး ချီစွမ်းအင်များလည်း များစွာ ထိခိုက်သွားသည်ကို ယခုမှ သတိပြုမိတော့သည်။

“ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကျင့်ကြံခဲ့လို့ပဲ ဖြစ်မှာ... မိုးကြိုးသန့်စင်ခြင်း နည်းလမ်းတွေက ငါ့အပေါ် သက်ရောက်မယ့် ထိခိုက်မှုတွေကို အများကြီး လျှော့ချပေးနိုင်တယ်ဆိုပေမဲ့ လုံးဝတော့ မရှောင်လွှဲနိုင်ဘူးပဲ... ဒါကြောင့်လည်း အနှစ်သာရသွေးတွေ ဒီလောက် ဆုံးရှုံးသွားရတာပေါ့...”

“ငါ့ရဲ့ အခြေခံကသာ မခိုင်မာဘူးဆိုရင်၊ ခန္ဓာကိုယ်ကသာ မသန်မာဘူးဆိုရင် အခုအထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး... အနှစ်သာရသွေး ဆုံးရှုံးရုံတင်မကဘဲ အများကြီး ပိုပြီး ဆိုးရွားသွားနိုင်တယ်...”

ယခုမှသာ လော့ချန်သည် ဝိညာဉ်အဆင့် ခန္ဓာကိုယ်ကျင့်စဉ်၏ ပြင်းထန်မှုကို နားလည်သွားတော့သည်။ ဤကျင့်စဉ်ကို ကျင့်ကြံခြင်းမှာ အသက်နှင့်ရင်း၍ ကြိုးစားရခြင်းပင် ဖြစ်၏။ အခြေခံမကောင်းသူများ ကျင့်ကြံမည်ဆိုလျှင် အနည်းငယ်မျှ မှားယွင်းသွားပါက အခြေခံကိုပါ ထိခိုက်သွားစေမှာ ဖြစ်ပေသည်။

“ဟုတ်ပြီ... ဒါကို စမ်းကြည့်ရမှာပဲ...”

မင်ရှာအိုင်၌ ပိုင်မိသားစုဇနီးမောင်နှံထံမှ ရရှိခဲ့သော သွေးအနှစ်သာရရတနာလုံးကို လော့ချန် သတိရသွားကာ ထုတ်ယူလိုက်သည်။ တစ်ခဏချင်းမှာပင် တောင်ကြားတစ်ခုလုံး၌ သွေးရောင်ဝင်းလက်နေသော ရွှေရောင်အငွေ့အသက်များ ဖုံးလွှမ်းသွားတော့သည်။

လော့ချန်၏ လက်ဖဝါးပေါ်တွင် လက်ညှိုးထိပ်ခန့်ရှိပြီး တစ်ခုလုံး၌ အလင်းတန်းများ ဝင်းလက်နေသည့် သွေးရောင်ရတနာလုံးလေးမှာ ထင်ရှားစွာ ရှိနေတော့သည်။ ထိုရတနာလုံးလေးမှာ အသက်ရှူနေသကဲ့သို့ အဆက်မပြတ် လှုပ်ရှားနေပြီး ပြည့်စုံလှသော အနှစ်သာရသွေးလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ မိုးကြိုးအရှိန်အဝါများပင် နောက်ဆုတ်သွားကြရသည်။

သွေးအနှစ်သာရရတနာလုံး၏ အာနိသင်ကို စမ်းသပ်လိုသဖြင့် လော့ချန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ ၎င်းကို ပါးစပ်ထဲတွင် ငုံလိုက်ပြီးနောက် ထိုင်ချလိုက်သည်။

ချက်ချင်းဆိုသလိုပင် လော့ချန်၏ ပါးစပ်အတွင်းမှ ပြင်းထန်လှသော သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားကာ နောက်ဆုံးတွင် သူ၏တစ်ကိုယ်လုံး၌ သွေးရောင်ဝင်းလက်နေသော ရွှေရောင်အငွေ့အသက်များ ဖုံးလွှမ်းသွားတော့သည်။ ၎င်းမှာ အနှစ်သာရသွေးများ အလွန်အမင်း ပြည့်စုံလာသဖြင့် အပြင်သို့ လျှံထွက်လာခြင်း ဖြစ်၏။

လော့ချန်သည် သွေးအနှစ်သာရရတနာလုံးမှ ထွက်ပေါ်လာသော အနှစ်သာရသွေးများကို အစွမ်းကုန် သန့်စင်လိုက်သည်။

ခေတ္တမျှ ကြာမြင့်ပြီးနောက် လော့ချန်သည် သွေးအနှစ်သာရရတနာလုံးကို ပါးစပ်ထဲမှ ပြန်ထုတ်လိုက်ရာ သူ၏မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။ တိုတောင်းလှသော အချိန်အတွင်းမှာပင် သူ၏ချည့်နဲ့နေသော ခန္ဓာကိုယ်မှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ဆုံးရှုံးသွားသော အနှစ်သာရသွေးများလည်း အပြည့်အဝ ပြန်လည်ပြည့်စုံသွားခဲ့ပြီ ဖြစ်၏။

“နှစ်ပေါင်းထောင်ချီပြီးမှ ဖြစ်ပေါ်လာတဲ့ နတ်ဘုရားရတနာပီသပါပေတယ်... သွေးဝိညာဉ်မှိုထက် အာနိသင်က အများကြီး ပိုကောင်းတာပဲ...”

လော့ချန်သည် သွေးအနှစ်သာရ ရတနာလုံး၏ အာနိသင်ကို အလွန်ပင် ကျေနပ်သွားခဲ့ပြီး သူ၏ခန့်မှန်းချက်ထက်ပင် သာလွန်နေတော့သည်။ အရေးကြီးသော အချိန်များတွင် ဤရတနာလုံးမှာ သူ၏အသက်ကိုကယ်တင်ပေးနိုင်မည့်အရာပင် ဖြစ်ပေသည်။

၎င်းအပြင် ဤရတနာလုံး ရှိနေသဖြင့် သူသည် သွေးလောင်ကျွမ်းဆေးလုံးကို အသုံးပြု၍ တိုက်ခိုက်မှုစွမ်းအားကို မြှင့်တင်သည့်အခါတွင်လည်း နောက်ဆက်တွဲ ဆိုးကျိုးများအတွက် စိုးရိမ်စရာ မလိုတော့ပေ။

“တကယ်ကို ကောင်းမွန်တဲ့ ရတနာပဲ...”

လော့ချန်သည် သွေးအနှစ်သာရရတနာလုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် ဝတ်စုံအသစ်ကို လဲလှယ်ကာ တောင်ထိပ်ပေါ်ရှိ နန်းတော်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

တောင်ထိပ် နန်းတော်...။

အကြီးအကဲချင်းချိုင်မှာ ရောက်ရှိနေခဲ့သည်။

“ခြောက်ရက်တောင် ရှိသွားပြီ... လော့ချန်က အခုအထိ ပိတ်ဆို့ကျင့်ကြံနေတုန်းပဲလား... သူက ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည် ကို တစ်ခါတည်း အောင်မြင်အောင် ကျင့်ကြံဖို့ ကြိုးစားနေတာလား...”

အကြီးအကဲချင်းချိုင်က အနည်းငယ် အံ့သြစွာ မေးမြန်းလိုက်သည်။ အမြုတေမင်ကျုံးက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။

“တခြားဟာကို ထားပါဦး... ဒီကောင်လေးရဲ့ ဇွဲလုံ့လကတော့ ငါ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးလောက်အောင် အားကောင်းတယ်... ပထမအဆင့်ဖြစ်တဲ့ မိုးကြိုးသန့်စင်ခြင်းကို စတင်ကျင့်ကြံတဲ့အခါမှာ မိုးကြိုးစွမ်းအားတွေကို ခန္ဓာကိုယ်ထဲကို ဆွဲသွင်းရတာလေ... ဒါက ဓားတောင်ကို တက်နေရသလို၊ ဆီပူအိုးထဲမှာ အချက်ခံနေရသလိုပဲ... သာမန်လူဆိုရင် လုံးဝ တောင့်ခံနိုင်မှာ မဟုတ်ဘူး...”

“ငါတောင်မှ အစပိုင်းမှာ နာရီဝက်လောက်ပဲ မနည်းတောင့်ခံနိုင်ခဲ့တာ... သူကတော့ တစ်ခါတည်းနဲ့ ခြောက်ရက်တောင် တောင့်ခံထားနိုင်တာလား...”

“ဒီလို စိတ်ဓာတ်နဲ့ ဇွဲလုံ့လမျိုးကိုတော့ ငါတောင်မှ လက်ဖျားခါသွားရတယ်...”

အကြီးအကဲချင်းချိုင်က ခေါင်းညိတ်လိုက်သည်။

“ဒါကြောင့်လည်း သူ့ရဲ့ ဓားလမ်းစဉ်နယ်ပယ်က ဒီလောက်အထိ မြန်မြန် တိုးတက်နေတာပေါ့... ဓားလမ်းစဉ်မှာ စိတ်နှလုံးကို ကျင့်ကြံဖို့က အရေးအကြီးဆုံးပဲလေ... ဒါက ဓားဆန္ဒရဲ့ အရင်းအမြစ်တွေထဲက တစ်ခုပဲ... ဒီလို စိတ်ဓာတ်မျိုး ရှိနေမှတော့ ဓားလမ်းစဉ်ကျင့်ကြံမှုမှာ နှေးကွေးဖို့ဆိုတာ ခက်ခဲလိမ့်မယ်...”

ခဏမျှ ရပ်တန့်ပြီးနောက် အကြီးအကဲချင်းချိုင်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်က စိတ်ဝိညာဉ်အဆင့် ကျင့်စဉ်လေ... အောင်မြင်အောင် ကျင့်ကြံဖို့ဆိုတာ ခဏလေးနဲ့ ဖြစ်တာ မဟုတ်ဘူး... မင်း သူ့ကို သတိပေးလိုက်ဦး... အရှိန်လွန်သွားရင် အခြေခံကိုတောင် ထိခိုက်သွားပြီး ကောင်းရာကနေ ဆိုးရာ ဖြစ်သွားနိုင်တယ်...”

“အင်း... ငါလည်း အဲဒီအတိုင်းပဲ စဉ်းစားထားတာ... သူ ဒီနေ့မှ မထွက်လာဘူးဆိုရင် ငါကိုယ်တိုင် ဝင်ရောက်တားဆီးရမယ်...”

အမြုတေမင်ကျုံးသည် ဤကျင့်စဉ်၏ ကျင့်ကြံရခက်ခဲမှုကို ကောင်းစွာ သိရှိပေသည်။ စိတ်အားထက်သန်ရုံဖြင့် အောင်မြင်နိုင်သည်မဟုတ်ဘဲ အလွန်အမင်း တွန်းအားပေးမိလျှင် သွေးကြောများကိုပင် ထိခိုက်သွားစေနိုင်ပေသည်။

အကြီးအကဲချင်းချိုင်က နန်းတော်ပြင်ပသို့ လှမ်းကြည့်လိုက်သည်။

“မနက်ဖြန်ဆိုရင် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို တိုက်ခိုက်မယ့် နေ့ပဲ မဟုတ်လား...”

“အင်း...”

အမြုတေမင်ကျုံးက ခေါင်းညိတ်လိုက်သည်။

ထိုသူနှစ်ဦးစလုံး တိတ်ဆိတ်သွားကြတော့သည်။ တိုက်ပွဲကြီး စတင်ပြီဆိုသည်နှင့် လူမည်မျှအထိ သေကြေပျက်စီးကြဦးမည်ကို မသိနိုင်ပေ။

ထိုအချိန်တွင်...

“လော့ချန်... ဆရာ့ကို ဂါရဝပြုပါတယ်...”

လော့ချန်၏ အသံသည် နန်းတော်အတွင်းသို့ ပျံ့နှံ့သွားတော့သည်။

“ဟင်... ဒီကောင်လေး ပိတ်ဆို့ကျင့်ကြံရာကနေ ထွက်လာပြီပဲ...”

အမြုတေမင်ကျုံး၏ မျက်ခုံးများမှာ ပင့်တက်သွားခဲ့သည်။

“ဝင်လာခဲ့စမ်း...”

လော့ချန်သည် နန်းတော်အတွင်းသို့ လမ်းလျှောက်ဝင်လာခဲ့ပြီး ထိုသူနှစ်ဦးကို အလေးအပြုလိုက်သည်။ အမြုတေမင်ကျုံးက ပြုံးလျက် ဆိုလိုက်သည်။

“လော့ချန်... မင်း နောက်ဆုံးတော့ ထွက်လာပြီပဲ... မင်းရဲ့ ပထမဆုံးအကြိမ် ကျင့်ကြံမှုမှာ ဒီလောက်အထိ ကြာကြာ တောင့်ခံနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး... စောစောကပဲ မင်းရဲ့ ဆရာမချင်းချိုင်က မင်းအတွက် စိုးရိမ်နေတာ...”

လော့ချန်က အားနာစွာဖြင့် ဆိုလိုက်သည်။

“ဆရာတို့ကို စိုးရိမ်အောင် လုပ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်...”

ဆရာနှစ်ဦးစလုံးသည် သူ့အပေါ်တွင် အမှန်တကယ် စိတ်ရင်းဖြင့် ဂရုစိုက်ကြသည်ကို သူ မြင်တွေ့နေရပေသည်။

“ဘာမှမဖြစ်ရင် ပြီးတာပါပဲ...”

အကြီးအကဲချင်းချိုင်က အသာအယာ ပြုံးလိုက်သည်။ လော့ချန်က မေးမြန်းလိုက်၏။

“ဆရာ... လွန်ခဲ့တဲ့ သုံးရက်က ဂိုဏ်းရဲ့ အရေးပေါ်ခေါင်းလောင်းသံ မြည်ခဲ့တာက ဘာဖြစ်လို့လဲ... ဂိုဏ်းမှာ ဘာဖြစ်ရပ်ကြီး ဖြစ်ပေါ်နေလို့လဲဟင်...”

ထိုစကားကြောင့် အမြုတေမင်ကျုံးနှင့် အကြီးအကဲချင်းချိုင်တို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။ ဖုံးကွယ်ထား၍ မရတော့ကြောင်း သိရှိသဖြင့် အကြီးအကဲချင်းချိုင်က ရှင်းပြလိုက်သည်။

“လွန်ခဲ့တဲ့ သုံးရက်က ကျင်းမင်က နက်မှောင်တောင်တန်း မှာ သွေးဝိညာဉ်ဂိုဏ်း ရဲ့ အခြေစိုက်စခန်းကို ရှာတွေ့ခဲ့တယ်... ဂိုဏ်းသုံးဂိုဏ်းက ဆွေးနွေးပြီးတော့ အတူတူ ဝိုင်းတိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်... မနက်ဖြန်ကျရင် တိုက်ပွဲ စတော့မယ်...”

“ကျင်းမင်က သွေးဝိညာဉ်ဂိုဏ်း ရဲ့ အခြေစိုက်စခန်းကို ရှာတွေ့ခဲ့တာလား...”

လော့ချန်၏ မျက်ဝန်းများမှာ တစ်ချက် တုန်ခါသွားတော့သည်။ သူ ပိတ်ဆို့ကျင့်ကြံနေစဉ်အတွင်း ဤမျှကြီးမားသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပေါ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လက်အုပ်ချီလျက် ဆိုလိုက်သည်။

“ဆရာ... ဒါဆိုရင် ကျွန်တော် အခုပဲ နက်မှောင်တောင်တန်း ကို သွားတော့မယ်...”

အကြီးအကဲချင်းချိုင်၏ မျက်ခုံးများမှာ အနည်းငယ် ကြုတ်သွားသည်။

“မင်းက ကျင်းမင် အတွက် သွားချင်တာလား...”

အမြုတေမင်ကျုံးကလည်း ဝင်ပြောလိုက်သည်။

“လော့ချန်... မင်း ဂိုဏ်းထဲမှာပဲ စိတ်အေးအေးထားပြီး ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည် ကို ကျင့်ကြံပါ... တခြားကိစ္စတွေကို ဂရုမစိုက်ပါနဲ့ဦး...”

လော့ချန်က ခေါင်းခါယမ်းလိုက်သည်။

“ဆရာတို့... ကျွန်တော် သွားချင်တာက ကျင်းမင် တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး... သွေးဝိညာဉ်ဂိုဏ်း တစ်ကျော့ပြန်လာတာက အတည်ဖြစ်နေပြီဆိုမှတော့ ဒီဘေးဒုက္ခကနေ ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ဒီတိုက်ပွဲကြီးက ကျွန်တော့်အတွက်တော့ ရှားပါးလှတဲ့ လေ့ကျင့်မှု အခွင့်အရေးတစ်ခုပဲလေ...”

လော့ချန် ပြောဆိုသည်မှာ အမှန်တရားပင် ဖြစ်၏။ ကျင်းမင်၏ အသက်ကို သူ သေချာပေါက် ယူရပေလိမ့်မည်။ သို့သော်လည်း ဤခရီးတွင် သူ အလေးအနက်ထားသည်မှာ ဤတိုက်ပွဲကြီးပင် ဖြစ်၏။

ဂိုဏ်းကြီးသုံးဂိုဏ်းက သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို ဝိုင်းတိုက်ပြီဆိုလျှင် သေချာပေါက် သွေးချောင်းစီးမှာ ဖြစ်ရာ ထိုအချိန်တွင် သိုင်းဝိညာဉ်အနှစ်သာရသွေးများ မည်မျှအထိ ရှိနေမည်နည်း။ အကယ်၍ သူသာ အမြောက်အမြား ဝါးမျိုနိုင်မည်ဆိုလျှင် သူ၏အစွမ်းမှာ သေချာပေါက် တစ်ဟုန်ထိုး တက်လှမ်းသွားမှာ ဖြစ်ပေသည်။ သူ၏ နဂါးကျင့်စဉ်ကို ချိုးဖျက်ရန်အတွက်လည်း သိုင်းဝိညာဉ်များကို ဝါးမျိုရန် လိုအပ်ပေသည်။ ဤအချက်တစ်ခုတည်းနှင့်တင် သူသည် ဤတိုက်ပွဲကြီးသို့ သေချာပေါက် သွားရမည် ဖြစ်ပေသည်။

အမြုတေမင်ကျုံးတို့မှာမူ လော့ချန်၏ စိတ်ကူးကို မသိရှိကြပေ။ အကြီးအကဲချင်းချိုင်က ဖျောင်းဖျလိုက်သည်။

“လော့ချန်... မင်းရဲ့ အစွမ်းက သန်မာတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ကျင်းမင်ကလည်း သာမန်လူ မဟုတ်ဘူး... သူ တစ်ယောက်တည်းဆိုရင်တော့ မင်းမှာ အနိုင်ရဖို့ မျှော်လင့်ချက် ရှိနိုင်ဦးမယ်... ဒါပေမဲ့ သူ့ရဲ့ဘေးနားမှာ ရွှမ်ဟယ်စာရင်း ရဲ့ ထိပ်ဆုံး ၁၀ ဦးထဲက တပည့်တွေလည်း ရှိနေကြတာလေ... သူတို့ တစ်ယောက်ချင်းစီက သာမန်မဟုတ်ကြဘူး...”

အမြုတေမင်ကျုံးကလည်း ခေါင်းညိတ်ပြလိုက်သည်။ လော့ချန်က ပြုံးလိုက်သည်။

“ဆရာတို့ မစိုးရိမ်ပါနဲ့... တကယ်တော့ ကျွန်တော့်အတွက် ကျင်းမင်ကို သတ်ဖို့ဆိုတာ လက်တစ်ဖက်နဲ့တင် လုံလောက်ပါတယ်...”

အခန်း ၆၂၃ ပြီးပါပြီ။

အခန်း ၆၂၄ - ကြယ်ခြောက်ပွင့်သားရဲ ငွေတောင်ပံမိုးကြိုးလင်းယုန်

“ဘာ...”

လော့ချန်၏ စကားကြောင့် အမြုတေမင်ကျုံးနှင့် အကြီးအကဲချင်းချိုင်တို့သည် တစ်ခဏမျှ မှင်တက်မိသွားကြပြီး ဘာပြန်ပြောရမည်ကိုပင် မသိဖြစ်သွားကြသည်။

သူတို့နှစ်ဦးသည် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်း ရှာတွေ့သည့်ကိစ္စကို လော့ချန်အား အစောပိုင်းက အသိမပေးခဲ့ခြင်းမှာ သူ့ကို နက်မှောင်တောင်တန်းသို့ မသွားစေလိုသောကြောင့် ဖြစ်၏။

ဤတစ်ခေါက် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို ဝိုင်းတိုက်သည့်နေရာတွင် အတွင်းစည်းထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးအနက် အများစုမှာ သွားရောက်ကြမှာဖြစ်သလို စီနီယာကျင်းမင်လည်း ပါဝင်နေပေသည်။

လော့ချန်သည် ပြီးခဲ့သည့်အကြိမ်က အတွင်းစည်းမင်းသားတန်းတွင် ထိုမျှအထိ သောင်းကျန်းခဲ့ရုံတင်မကဘဲ စီနီယာကျင်းမင်ကိုပါ ထွက်လာရန် စိန်ခေါ်ခဲ့သဖြင့် ထိုသူနှစ်ဦး ဆုံတွေ့ကြပြီဆိုလျှင် သေချာပေါက် သေခြင်းရှင်ခြင်း တိုက်ပွဲ ဖြစ်လာမှာကို တွေးကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။

အမြုတေမင်ကျုံးအနေဖြင့် ခက်ခက်ခဲခဲနှင့် လက်ခံထားရသည့် တပည့်ဖြစ်သူကို ဤမျှမြန်မြန်နှင့် မတော်တဆတစ်ခုခု ဖြစ်သွားမှာကို လုံးဝ မလိုလားပေ။

လော့ချန်ကလည်း အများကြီး ရှင်းမပြတော့ဘဲ စိတ်အာရုံကို လှုပ်ရှားလိုက်ကာ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို တိုက်ရိုက်ပင် လှည့်ပတ်လိုက်သည်။

“ဗြီး... ဗြီး... ဗြီး...”

လော့ချန်၏ လက်သီးအရေပြားမှာ တုန်ခါလာခဲ့ပြီး အရေပြားပေါ်တွင် ကြည်လင်လှသော အလင်းတန်းများ ဖုံးလွှမ်းသွားတော့သည်။ သေချာစွာ ကြည့်ရှုမည်ဆိုလျှင် လျှပ်စီးမျှင်လေးများ ကူးလူးပျံသန်းနေသည်ကို တွေ့ရှိရမှာဖြစ်ပြီး ဖျက်ဆီးလိုသော အငွေ့အသက်တစ်ခုမှာလည်း နန်းတော်တစ်ခုလုံးသို့ တစ်ခဏချင်းမှာပင် ပျံ့နှံ့သွားတော့သည်။

“ဟင်... ဒါက...”

အကြီးအကဲချင်းချိုင်၏ မျက်ဝန်းထဲ၌ ထူးခြားလှသော အလင်းတန်းများ ဝင်းလက်သွားသည်။

အမြုတေမင်ကျုံး၏ မျက်စိသူငယ်အိမ်မှာလည်း ကျုံ့သွားခဲ့ပြီး ချက်ချင်းပင် မတ်တတ်ရပ်လိုက်ကာ လော့ချန်ထံသို့ လက်ညှိုးတစ်ချောင်းဖြင့် ထိုးနှက်လိုက်သည်။

“ဘုန်း...”

ဧရာမ မိုးကြိုးလက်ညှိုးကြီးတစ်ခုသည် ကောင်းကင်ယံထက်မှ လော့ချန်ထံသို့ ဖိနှိပ်ကျရောက်လာတော့သည်။

လော့ချန်သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ အရှိန်အဟုန်ကို ရုတ်တရက် ပေါက်ကွဲစေကာ ထိုမိုးကြိုးလက်ညှိုးကြီးထံသို့ လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်သည်။

“ဂျိမ်း...”

နန်းတော်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး လော့ချန် ရှိနေသည့်နေရာ၌ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာတော့သည်။

နောက်တစ်ခဏတွင်...

လော့ချန်သည် စူးရှလှသော အလင်းတန်းများကြားမှ လမ်းလျှောက်ထွက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးများမှာ ရေလှိုင်းအလား အရေပြားလွှာအတွင်းသို့ စိမ့်ဝင်သွားတော့သည်။

ဤသည်ကို မြင်ရသည့်အခါ အမြုတေမင်ကျုံးသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လော့ချန်၏ရှေ့သို့ ခြေတစ်လှမ်းနှင့် ရောက်ရှိလာကာ အဖိုးတန်ရတနာတစ်ခုကို ကြည့်နေသကဲ့သို့ စူးရှသော အကြည့်များဖြင့် ကြည့်လျက် ဆိုလိုက်သည်။

“အရေပြားက အလင်းတန်းတွေ ထွက်နေပြီး လက်သီးချက်မှာလည်း မိုးကြိုးစွမ်းအားတွေ ပါနေတာပဲ... မင်း ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို အောင်မြင်အောင် ကျင့်ကြံလိုက်တာလား...”

လော့ချန်က ပွင့်လင်းစွာပင် ပြန်လည်ဖြေကြားလိုက်သည်။

“မိုးကြိုးသန့်စင်ခြင်းအဆင့်ရဲ့ ပထမအဆင့်ကိုပဲ အောင်မြင်သေးတာပါ... အတော်လေးကြိုးစားပြီးမှ အစပျိုးနိုင်ခဲ့တာပါ...”

အတော်လေးကြိုးစားပြီးမှ အစပျိုးနိုင်ခဲ့တာတဲ့လား...

အမြုတေမင်ကျုံးမှာ ဘာပြန်ပြောရမည်ကိုပင် မသိတော့ပေ။

ခြောက်ရက်အတွင်းမှာ ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်ကို ကျင့်ကြံအောင်မြင်ခဲ့တာလား။ ဒါက ဘယ်လောက်တောင် ထူးခြားလှတဲ့ ထိုးထွင်းသိမြင်မှုနဲ့ သိုင်းပညာပါရမီမျိုးလဲ။

ခန္ဓာကိုယ်ကျင့်စဉ်မှာ ကျင့်ကြံရန် အခက်ခဲဆုံး ဖြစ်သလို ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည်မှာလည်း ကြယ်ဆယ်ပွင့် ဝိညာဉ်အဆင့် ကျင့်စဉ် ဖြစ်ရာ သာမန်လူတစ်ဦးဆိုလျှင် တစ်နှစ်၊ တစ်နှစ်ခွဲခန့် အချိန်ပေးလျှင်ပင် အောင်မြင်မှု အနည်းငယ် ရရှိရန်မှာ မသေချာပေ။

အမြုတေမင်ကျုံးကိုယ်တိုင်ပင်လျှင် ထိုစဉ်က အစပျိုးနိုင်ရန်အတွက် တစ်လ၊ နှစ်လခန့် အချိန်ယူခဲ့ရ၏။ လော့ချန်မှာမူ ခြောက်ရက်တည်းနှင့် အစပျိုးနိုင်ခဲ့ရုံတင်မကဘဲ အတော်လေးကြိုးစားပြီးမှ အစပျိုးနိုင်ခဲ့တာပါဟု ပြောဆိုနေသေးသည်။

အမြုတေမင်ကျုံးသည် တစ်ဖက်တွင် ဝမ်းသာပီတိ ဖြစ်ရသလို၊ တစ်ဖက်တွင်လည်း အလွန်ပင် နှမြောတသ ဖြစ်သွားမိသည်။

ထိုးထွင်းသိမြင်မှုတစ်ခုတည်းနှင့်ဆိုလျှင် လော့ချန်သည် သေချာပေါက် မိစ္ဆာအဆင့်ရှိ ပါရမီရှင်တစ်ဦး ဖြစ်မှာ သေချာလှပြီး လူတိုင်းကို တုန်လှုပ်စေမည့် မိစ္ဆာနတ်ဘုရားတစ်ပါးဟုပင် တင်စားနိုင်ပေသည်။

နှမြောစရာ ကောင်းသည်မှာ ကောင်းကင်ကြီးက ဤမျှအထိ ပြည့်စုံလွန်းသော အရာမျိုးကို တည်ရှိခွင့် မပေးသကဲ့သို့ ဤကဲ့သို့သော ပါရမီရှင်တစ်ဦးကို အသုံးမကျသည့်သိုင်းဝိညာဉ်အား နိုးကြားစေခဲ့ခြင်းပင် ဖြစ်၏။

အကြီးအကဲချင်းချိုင်က လော့ချန်ကို တစ်ချက်ကြည့်လိုက်သည်။

“လော့ချန်... မင်း သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ ကို ချိုးဖျက်လိုက်ပြီပဲ...”

ကျင့်ကြံဆင့်မှာ နယ်ပယ်တစ်ခုလုံးကို ကျော်လွန်သွားပြီဆိုလျှင် ချီစွမ်းအင်ဖုံးကွယ်ခြင်း အတတ်ပညာမှာ အလုပ်မဖြစ်တော့ပေ။

မဟာသန်မာသူအဆင့်ရှိသူ တစ်ဦးအနေဖြင့် အကြီးအကဲချင်းချိုင်သည် လော့ချန်၏ကျင့်ကြံဆင့်ကို တစ်ချက်ကြည့်ရုံနှင့် သိရှိလိုက်ခြင်း ဖြစ်၏။

“ဟုတ်ကဲ့...”

လော့ချန်၏ မျက်ဝန်းထဲမှ အလင်းတန်းများ ပျောက်ကွယ်သွားသည်။ အကြီးအကဲချင်းချိုင်က ခေါင်းညိတ်ပြလိုက်သည်။

“ကျင့်ကြံဆင့်က အဆင့် ၉ ကို ရောက်သွားသလို မိုးကြိုးသန့်စင်ခြင်းအဆင့်ရဲ့ ပထမအလွှာကိုလည်း အောင်မြင်ထားပြီဆိုမှတော့ မင်းအနေနဲ့ ကျင်းမင်ကို ကြောက်နေစရာ မလိုတော့ပါဘူး... တကယ်လို့ တစ်စုံတစ်ခု ဖြစ်ခဲ့မယ်ဆိုရင်တောင် မင်းအနေနဲ့ ဘေးကင်းအောင် ဆုတ်ခွာနိုင်ဖို့ကတော့ ပြဿနာ မရှိပါဘူး...”

အကြီးအကဲချင်းချိုင်သည် အမြုတေမင်ကျုံးကို လှမ်းကြည့်လိုက်သည်။ အမြုတေမင်ကျုံးက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆိုလိုက်သည်။

“မင်းက သွားဖို့ ဆုံးဖြတ်ထားပြီးသားဆိုမှတော့ ငါလည်း မတားတော့ပါဘူး... ဒါပေမဲ့ နက်မှောင်တောင်တန်းကို ရောက်ရင်တော့ အစစအရာရာ သတိထားပါ...”

“မင်း သတိထားရမှာက ကျင်းမင် စ်ယောက်တည်း မဟုတ်ဘူး... သွေးဝိညာဉ်ဂိုဏ်းဝင်တွေကိုလည်း သတိထားရမယ်... သွေးဝိညာဉ်ဂိုဏ်းဆိုတာ တစ်ချိန်တုန်းက ယွမ်လန်နယ်မြေအုပ်စုရဲ့ အရှင်သခင်အဆင့်ရှိတဲ့ အင်အားစုကြီးလေ... သူတို့ရဲ့ အခြေခံက နက်ရှိုင်းလှသလို ဂိုဏ်းဝင်တွေကလည်း ရက်စက်ကြမ်းကြုတ်ရုံတင်မကဘဲ ထူးဆန်းလှတဲ့ နည်းလမ်းတွေလည်း အများကြီး ရှိကြတာဆိုတော့ သေချာပေါက် သတိထားရမယ်...”

“ဒါကို သိမ်းထားလိုက်...”

စကားပြောနေစဉ်မှာပင် အမြုတေမင်ကျုံးသည် လော့ချန်ထံသို့ ဖန်သားပြင်လုံးလေးတစ်ခု ပေးအပ်လိုက်သည်။

ထိုဖန်သားပြင်လုံးမှာ နဂါးမျက်လုံးခန့် ရှိပြီး ကြည်လင်နေကာ အတွင်း၌ အပြာရောင်အလင်းတန်းတစ်ခု ရှိနေပြီး ရံဖန်ရံခါတွင် လျှပ်စီးများ ဝင်းလက်နေသဖြင့် အလွန်ပင် ထူးခြားလှပေသည်။

“ဒါက ဘာလဲဟင်...”

“ဒါက စစ်မှန်တဲ့ဖန်သားပြင်ရတနာလုံးပဲ... ဒါကို ထုတ်ဖော်လိုက်မယ်ဆိုရင် မဟာသန်မာသူ မဟုတ်တဲ့သူရဲ့ တိုက်ခိုက်မှုတိုင်းကို ခုခံနိုင်စွမ်း ရှိတယ်... ဒါပေမဲ့ တစ်ကြိမ်ပဲ သုံးလို့ ရတာဆိုတော့ အရေးကြီးတဲ့ အချိန်ကျမှ သုံးပါ...”

ရတနာကောင်းပါလား။

လော့ချန်၏ မျက်ဝန်းများမှာ ဝင်းလက်သွားသည်။ ဒါက အသက်ကယ်ပေးနိုင်မည့် ရတနာတစ်ခု ဖြစ်ပေသည်။

မဟာသန်မာသူ ဆရာတစ်ဦး ရှိနေရခြင်း၏ အကျိုးကျေးဇူးမှာ တကယ်ကို မဆိုးလှပေ။

“ကျေးဇူးတင်ပါတယ် ဆရာ...”

“သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေစိုက်စခန်းက နက်မှောင်တောင်တန်းရဲ့ အလယ်ပိုင်းဒေသ ယွမ်ချွမ်မြို့နဲ့ နီးတဲ့နေရာမှာ ရှိတာ... ဂိုဏ်းနဲ့ဆိုရင် မိုင်ပေါင်း တစ်သိန်းလောက် ဝေးတာဆိုတော့ မင်း အခုသွားမယ်ဆိုရင် မီချင်မှ မီမှာ... ဒါကြောင့် ငါ့ရဲ့ စီးနင်းဖော်သားရဲကို မင်းကို ပို့ခိုင်းလိုက်မယ်...”

အမြုတေမင်ကျုံးက လက်ခုပ်တစ်ချက် တီးလိုက်သည်။

နောက်တစ်ခဏတွင်...

“ကွီး...”

ပြင်းထန်လှသော ငှက်အော်သံတစ်ခု ဝေးကွာလှသော နေရာမှ ပျံ့နှံ့လာတော့သည်။

တိမ်တိုက်များကြားမှ လျှပ်စီးအလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့သို့ ရောက်ရှိလာတော့သည်။

၎င်းမှာ ခန့်ညားထည်ဝါလှသော သားရဲကြီးတစ်ကောင် ဖြစ်၏။

ထိုသားရဲကြီးမှာ ဧရာမလင်းယုန်ကြီးတစ်ကောင်နှင့် တူပြီး ခန္ဓာကိုယ်မှာ တောင့်တင်းလှကာ တောင်ပံနှစ်ဖက် ဖြန့်လိုက်လျှင် မီတာ ၂၀၊ ၃၀ ခန့် ရှိပေသည်။ ခြေသည်းများမှာ သံချိတ်များအလား ရှိနေပြီး တစ်ကိုယ်လုံးရှိ အမွေးအတောင်များမှ လျှပ်စီးအလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်နေသဖြင့် ၎င်း၏အရှိန်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ လော့ချန် အစွမ်းကုန် ပြေးသည်ထက်ပင် ပို၍ မြန်ဆန်လှပေသည်။

တစ်ချက်ကြည့်ရုံနှင့်တင် လော့ချန်သည် တောင်ကြီးတစ်လုံးအလား ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

“ဒါက ငါ့ရဲ့ စီးနင်းဖော်သားရဲ၊ ကြယ်ခြောက်ပွင့်သားရဲ ငွေတောင်ပံမိုးကြိုးလင်းယုန်ပဲ... မင်း ဒါကို စီးသွားမယ်ဆိုရင် နက်မှောင်တောင်တန်းကို အချိန်မီ ရောက်နိုင်လိမ့်မယ်...”

အမြုတေမင်ကျုံးက ဆိုလိုက်သည်။

ကြယ်ခြောက်ပွင့်သားရဲတဲ့လား။

လော့ချန်၏ စိတ်အစုံမှာ တစ်ချက် တုန်ခါသွားတော့သည်။ ထို သားရဲက သူ့ကို ဤမျှအထိ ဖိအားပေးနိုင်သည်မှာ မဆန်းတော့ပေ။

ကြယ်ခြောက်ပွင့်သားရဲဆိုသည်မှာ စတုတ္ထနယ်ပယ်ရှိ မဟာသန်မာသူတစ်ဦးနှင့် တန်းတူရှိနေသဖြင့် ၎င်း၏ခြေသည်းတစ်ချက်ကပင် သူ့ကို အပိုင်းပိုင်းဖြစ်သွားစေနိုင်ပေသည်။

“ငါ့မှာသာ ဒီလို အဖော်သားရဲမျိုး ရှိမယ်ဆိုရင်...”

လော့ချန်သည် စိတ်ထဲမှပင် ခဏမျှ တွေးတောလိုက်မိသော်လည်း ချက်ချင်းပင် ထိုအတွေးကို ဖျောက်ဖျက်လိုက်သည်။ ဤမျှသန်မာလှသော သားရဲမျိုးကို သူသည် လောလောဆယ်တွင် လွှမ်းမိုးနိုင်စွမ်း မရှိသေးကြောင်း သိရှိသောကြောင့် ဖြစ်၏။

ဆရာနှစ်ဦးကို နှုတ်ဆက်ပြီးနောက် လော့ချန်သည် ငွေတောင်ပံမိုးကြိုးလင်းယုန်၏ ကျယ်ပြောလှသော ကျောပေါ်သို့ ခုန်တက်လိုက်သည်။

ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လော့ချန်သည် တစ်စုံတစ်ခုကို သတိရသွားကာ အကြီးအကဲချင်းချိုင်ကို မေးမြန်းလိုက်သည်။

“ဆရာ... စီနီယာအစ်မ ယွမ်မန်လီကော ဘယ်လိုနေလဲဟင်...”

အကြီးအကဲချင်းချိုင်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

“သူ့ရဲ့ အသက်ဝိညာဉ်မီးလျှံကတော့ ဘာမှ ထူးခြားမှု မရှိသေးဘူး...”

ထိုစကားကြောင့် လော့ချန်လည်း ထပ်မံ၍ မမေးတော့ပေ။

ထူးခြားမှုမရှိခြင်းမှာပင် အကောင်းဆုံးသတင်း ဖြစ်ပေသည်။

“သွားကြစို့...”

ကြယ်ခြောက်ပွင့်သားရဲမှာ အသိဉာဏ်အချို့ ရှိနေပြီဖြစ်ရာ လော့ချန်၏ စကားအဆုံးတွင် တောင်ပံများကို ခတ်လိုက်ပြီး လျှပ်စီးအလင်းတန်းတစ်ခုအလား တစ်ခဏချင်းမှာပင် မည်းမှောင်နေသော တိမ်တိုက်များကြားသို့ ပျောက်ကွယ်သွားတော့သည်။

လော့ချန် ထွက်ခွာသွားပြီးနောက်မှသာ အကြီးအကဲချင်းချိုင်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။

“တကယ်ကို ဝန်ခံရရင်တော့ ငါ လူကြည့် မှားသွားခဲ့တာပဲ...”

အမြုတေမင်ကျုံးကလည်း ခေါင်းညိတ်ပြလိုက်သည်။ သူလည်း ထိုနည်းတူပင် ဖြစ်၏။ လော့ချန်၏ စွမ်းဆောင်ရည်မှာ သူတို့၏ ခန့်မှန်းချက်များကို လုံးဝ ကျော်လွန်သွားခဲ့ခြင်း ဖြစ်ပေသည်။

အကြီးအကဲချင်းချိုင်က ရုတ်တရက် ဆိုလိုက်သည်။

“သူက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ ကို ချိုးဖျက်လိုက်ပြီဆိုတော့ စီနီယာဖန် တို့၊ စီနီယာယွဲ့ တို့နဲ့ နှိုင်းယှဉ်လို့ ရနိုင်ပြီပဲ... နောင်မှာ အဆင့် ၉ အထွတ်အထိပ်ကို ရောက်သွားပြီဆိုရင်တော့ နယ်မြေအုပ်စုစာရင်းကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မဲ့ အရည်အချင်း ရှိလာမှာပဲ...”

အမြုတေမင်ကျုံးက သက်ပြင်းတစ်ချက် ချလိုက်မိပြန်သည်။

“အဲဒီလောက် ဘယ်လွယ်ပါ့မလဲ... ယွမ်လန်နယ်မြေအုပ်စုရဲ့ နိုင်ငံပေါင်း ဆယ်ဂဏန်းထဲမှာ လူတစ်ရာလောက်ပဲ နယ်မြေအုပ်စုစာရင်း ထဲ ပါဝင်နိုင်ကြတာလေ... အဲဒီလူတွေက ဘယ်ဘက်ကပဲ ကြည့်ကြည့် ပြည့်စုံလွန်းကြတာ... လော့ချန် ရဲ့ စိတ်ဓာတ်နဲ့ ထိုးထွင်းသိမြင်မှုက သူတို့ထက် မနိမ့်ဘူးဆိုပေမဲ့ သူရဲ့ သိုင်းဝိညာဉ်ကတော့...”

ထိုစကားကြောင့် အကြီးအကဲချင်းချိုင်လည်း တိတ်ဆိတ်သွားတော့သည်။

အခန်း ၆၂၄ ပြီးပါပြီ။

All Chapters