← Chapters

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အခန်း (၆၂၅-၆၂၇)

Vol. 42 Ch. 625-627

အခန်း ၆၂၅ - တတိယတော်ဝင်ဦးလေးနှင့် စစ်တလင်းသို့ ရောက်ရှိခြင်း

တိမ်ပင်လယ်ထက်တွင် ငွေတောင်ပံမိုးကြိုးလင်းယုန်၏ အတောင်ပံများ ခတ်လိုက်တိုင်း မီတာထောင်ချီ ခရီးရောက်သွားခဲ့ပြီး တကယ့်မိုးကြိုးလျှပ်စီးတစ်ခုအလား ရှိနေတော့သည်။

လော့ချန်သည် ချီစွမ်းအင်များကို လှည့်ပတ်ကာ ရှေ့မှ တိုးဝင်လာသော ပြင်းထန်လှသည့် လေပြင်းများကို ကာကွယ်လိုက်ရင်း စိတ်ထဲမှ အံ့အားသင့်နေမိသည်။

သူသည် ခြေလှမ်းကျင့်စဉ်ကို အစွမ်းကုန် လှည့်ပတ်ကာ ချီစွမ်းအင်ပေါက်ကွဲမှု နည်းစနစ်ကိုပါ အသုံးပြုခဲ့လျှင်ပင် ထွက်ပေါ်လာသော အမြင့်ဆုံးအရှိန်မှာ ယခုအရှိန်၏ ၃၀ ရာခိုင်နှုန်းကိုပင် မမီနိုင်ပေ။

“ကြယ်ခြောက်ပွင့်သားရဲ ပီသပါပေတယ်...”

လော့ချန်သည် စိတ်ထဲမှ ချီးကျူးမိပြီး ဤအရှိန်နှင့်ဆိုလျှင် နက်မှောင်တောင်တန်းသို့ သွားရောက်ရန်မှာ အချိန်များစွာ ပိုနေသဖြင့် လမ်းကြုံဝင်ကာ အိမ်သို့ ခေတ္တပြန်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ချီရှန်မြို့နှင့် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းမှာ မိုင်ပေါင်း သောင်းဂဏန်းလောက် ကွာဝေးသော်လည်း လော့ချန်သည် စိတ်မအေးနိုင်ဘဲ ရှိနေခြင်း ဖြစ်၏။

“ဝှစ်...”

ငွေတောင်ပံမိုးကြိုးလင်းယုန်သည် တောင်ပံနှစ်ဖက်ကို ပြင်းထန်စွာ ခတ်လိုက်ရာ အရှိန်မှာ ပိုမိုမြန်ဆန်လာတော့သည်။

ညသန်းခေါင်ယံအချိန်...

လော့ချန်သည် နောက်ဆုံးတွင် နက်မှောင်တောင်တန်းသို့ ရောက်ရှိလာခဲ့ပြီး မကြာမီမှာပင် ချီရှန်မြို့ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

ငွေတောင်ပံမိုးကြိုးလင်းယုန်ကို ရပ်တန့်ခိုင်းလိုက်ပြီး လော့ချန်သည် အဝေးသို့ လှမ်းကြည့်လိုက်ရာ လော့အိမ်တော်မှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ဆီမီးရောင်များကို မြင်ရသည့်အခါမှသာ စိတ်အေးသွားတော့သည်။

ခဏမျှ စဉ်းစားပြီးနောက် လော့ချန်သည် လောလောဆယ်တွင် အိမ်သို့ မပြန်ရန် ဆုံးဖြတ်လိုက်သည်။

မဟုတ်လျှင် သူသည် သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို သွားရောက်တိုက်ခိုက်တော့မည်ကို သိရှိသွားပါက ဖခင်ဖြစ်သူနှင့် အဘိုးဖြစ်သူတို့မှာ သေချာပေါက် စိုးရိမ်ကြမှာ ဖြစ်သောကြောင့် ဖြစ်၏။

“ဘယ်သူလဲ...”

လော့ချန် ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် မိုးကြိုးသံအလား ပြင်းထန်သော အော်ဟစ်သံတစ်ခု သူ၏နားထဲတွင် ပေါက်ကွဲထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင်...

“ဝှစ်... ဝှစ်... ဝှစ်...”

အလင်းတန်းသုံးခုသည် လော့အိမ်တော်အတွင်းမှ ကောင်းကင်သို့ ထိုးတက်လာခဲ့ပြီး လော့ချန်၏ရှေ့သို့ တစ်ခဏချင်းမှာပင် ရောက်ရှိလာတော့သည်။

အလယ်တွင် ရှိနေသူမှာ အင်္ကျီခပ်နွမ်းနွမ်း ဝတ်ဆင်ထားပြီး ဆံပင်အနည်းငယ် ဖြူနေသော ထောင်ထောင်မောင်းမောင်းရှိသည့် လူလတ်ပိုင်းတစ်ဦး ဖြစ်၏။ သူ၏တစ်ကိုယ်လုံးတွင် ရွှေရောင်ဖျော့ဖျော့ အလင်းတန်းများ ဖုံးလွှမ်းနေပြီး အသက်ရှူလိုက်တိုင်း ထိုအလင်းတန်းများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေကာ မည်သည့်အမူအရာမျှ မပြသော်လည်း ခန့်ညားလှပေသည်။

လူလတ်ပိုင်းအမျိုးသား၏ ဘေးနားတွင်မူ တစ်ကိုယ်လုံးမှ အလင်းတန်းများ ထွက်ပေါ်နေပြီး ခြင်္သေ့နှင့် ကျားတို့၏ ပုံသဏ္ဌာန်နှင့် တူသည့် ထူးခြားလှသော သားရဲနှစ်ကောင် ရှိနေကြသည်။

“အကြီးအကဲကျင်း...”

လူလတ်ပိုင်းအမျိုးသားကို မြင်ရသည့်အခါ လော့ချန်မှာ အလွန်ပင် အံ့အားသင့်သွားရသည်။

ထိုအမျိုးသားမှာ ယခင်က ချီမိသားစု၏ မဟာသန်မာသူ လက်ထဲမှ သူ့ကိုကယ်တင်ပေးခဲ့သော ကျင်းလော့မင်ပင် ဖြစ်၏။ သူသည် နဝမမင်းသမီး ကျင်းယွီရှီးနှင့် ပထမမင်းသား ကျင်းထျန်တူ တို့၏ တတိယတော်ဝင်ဦးလေးလည်း ဖြစ်ပေသည်။

ထူးခြားလှသော သားရဲနှစ်ကောင်မှာမူ ပထမမင်းသား ကျင်းထျန်တူက လော့အိမ်တော်တွင် ထားရစ်ခဲ့သော ကြယ်လေးပွင့် အဆင့်မြင့်သားရဲ ရွှေခြင်္သေ့သားရဲများ ဖြစ်ကြသည်။

“ဟင်... လော့ချန်... မင်းကိုး...”

ကျင်းလော့မင်က လော့ချန်ကို မှတ်မိသွားပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်ထွက်လာကာ အနားသို့ တိုးကပ်ရန် ပြင်လိုက်သော်လည်း ငွေတောင်ပံမိုးကြိုးလင်းယုန်၏ ထက်မြက်လှသော အကြည့်ကြောင့် နေရာမှာတင် တန့်သွားခဲ့သည်။

ရွှေခြင်္သေ့သားရဲ နှစ်ကောင်မှာမူ ပို၍ပင် ဆိုးရွားလှပေသည်။ တစ်ကိုယ်လုံးရှိ အမွေးများမှာ ထောင်ထွက်သွားခဲ့ပြီး ပါးစပ်မှလည်း ကြောက်ရွံ့နေသော အသံများ ထွက်ပေါ်လာကာ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။

သားရဲများကြားတွင် အဆင့်အတန်း ခွဲခြားမှုမှာ အလွန်ပြတ်သားလှပေသည်။ ကြယ်ခြောက်ပွင့်သားရဲ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြောင့် ၎င်းတို့၏ စိတ်ဝိညာဉ်မှာပင် တုန်လှုပ်နေခြင်း ဖြစ်၏။

လော့ချန်သည် ငွေတောင်ပံမိုးကြိုးလင်းယုန်ကို အရှိန်အဝါများ ရုပ်သိမ်းခိုင်းလိုက်ပြီးနောက် မေးမြန်းလိုက်သည်။

“အကြီးအကဲကျင်း... အကြီးအကဲက ဘာလို့ ချီရှန်မြို့မှာ ရောက်နေတာလဲဟင်...”

ကျင်းလော့မင်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

“သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေစိုက်စခန်းကို ရှာတွေ့သွားပြီဆိုတော့ ပထမမင်းသားက သွေးဝိညာဉ်ဂိုဏ်းဝင်တွေ ရမ်းကားပြီး ချီရှန်ကို ထိခိုက်မှာ စိုးရိမ်တာနဲ့ ငါ့ကို ဒီမှာ လာကြည့်ခိုင်းလိုက်တာ... မတော်တဆ တစ်ခုခုဖြစ်မှာ စိုးလို့လေ...”

“အကြီးအကဲကို ကျေးဇူးတင်ပါတယ်...”

လော့ချန်သည် ကျင်းလော့မင်ကို အရိုအသေပြုလိုက်ပြီး ဤကျေးဇူးကို စိတ်ထဲမှ မှတ်သားထားလိုက်သည်။ မည်သည့်ကိစ္စမျှ မဖြစ်ပွားခဲ့သော်လည်း ပထမမင်းသားအနေဖြင့် ဤသို့ စီစဉ်ပေးခဲ့ခြင်းမှာ သူ့အပေါ်တွင် မည်မျှအလေးထားသလဲဆိုသည်ကို ဖော်ပြနေခြင်း ဖြစ်ပေသည်။

“ဟားဟား... ငါလည်း ဘာမှလုပ်စရာမရှိတာနဲ့ ဒီမှာ လာလည်နေတာပါ... မင်းလည်း ငါ့ကို အကြီးအကဲလို့ မခေါ်ပါနဲ့တော့... မင်းက လင်းရှီး ရဲ့ သူငယ်ချင်းပဲလေ... သူမလိုပဲ ငါ့ကို ဦးလေးကျင်း လို့ပဲ ခေါ်ပါ...”

ကျင်းလော့မင်က ရယ်မောလိုက်ပြီး လော့ချန်ကို တစ်ချက်ကြည့်လိုက်သည်။

“လော့ချန်... မကြာသေးခင်က မင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို ငါ အများကြီး ကြားထားတယ်... သတင်းတိုင်းက တကယ်ကို တုန်လှုပ်စရာပဲ...”

“၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားသလို ရွှမ်ယွမ်ဂိုဏ်းရဲ့ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲမှာလည်း ပါဝင်လာတယ်ဆိုတော့ တကယ့်ကို သူရဲကောင်းလူငယ်လေးပဲ...”

ကျင်းလော့မင်က အဆက်မပြတ် ချီးကျူးနေသော်လည်း စိတ်ထဲမှမူ အံ့အားသင့်နေမိသည်။

ထိုစဉ်က ပထမမင်းသားက လော့ချန်ကို သူ့အား မိတ်ဆက်ပေးစဉ်က အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသည့် အသုံးမကျသူ တစ်ဦးနှင့် ဘာကြောင့် မိတ်ဖွဲ့ရသလဲဆိုသည်ကို သူ သံသယရှိခဲ့ဖူးသည်။

ပြီးခဲ့သည့်အကြိမ် ဆုံတွေ့စဉ်ကလည်း လော့ချန်ကို သူ အလေးအနက် မထားခဲ့ပေ။

ယခုကြည့်ရသည်မှာ ပထမမင်းသားသည် အမှန်တကယ်ပင် အမြော်အမြင်ရှိလှပြီး လော့ချန်မှာ သာမန်လူ မဟုတ်ကြောင်းကို ကြိုတင်သိမြင်ခဲ့ပုံရသည်။

‘နဂါးပျံတစ်ကောင်အလား အရှိန်အဟုန်နှင့် တိုးတက်လာခဲ့သည်ကိုး...’

“ဦးလေးကျင်းက မြှောက်ပင့်လွန်းနေပါပြီ...”

“မင်း နှိမ့်ချနေစရာ မလိုပါဘူး... ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ကို နားလည်ထားတာ တစ်ခုတည်းနဲ့တင် ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ အတွင်းစည်းမှာ မင်းလိုလူမျိုး လက်ချိုးရေလို့ ရပါတယ်...”

ကျင်းလော့မင်က ရယ်မောလိုက်ပြီး ဆက်ပြောလိုက်သည်။

“သွားကြစို့... အောက်ကို ဆင်းရအောင်... မင်းရဲ့ အဘိုးကလည်း မင်းကို အမြဲတမ်း တမ်းတနေတာ... ဒါနဲ့ သူက မကြာသေးခင်ကပဲ သွေးကြောနိုးကြားမှုနယ်ပယ်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပြီလေ...”

“အဘိုးက သွေးကြောနိုးကြားမှုနယ်ပယ်ကို ရောက်သွားပြီလား...”

လော့ချန်သည် အလွန်ပင် ဝမ်းသာသွားခဲ့ပြီး ခဏမျှ စဉ်းစားကာ ဝိညာဉ်သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုလက်စွပ်အတွင်း၌ သူ အသုံးမလိုတော့သော ကျင့်စဉ်ကျမ်းများ၊ ရတနာများ၊ ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးများ ပါဝင်ပေသည်။

“ဦးလေးကျင်း... ဒီပစ္စည်းတွေကို ကျွန်တော့်ဖခင်ဆီကို ပေးပေးပါဦး...”

“ဟင်... မင်း အိမ်မဝင်တော့ဘူးလား...”

ကျင်းလော့မင် ခဏမျှ တန့်သွားခဲ့ပြီး ငွေတောင်ပံမိုးကြိုးလင်းယုန်ကို တစ်ချက်ကြည့်ကာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးမြန်းလိုက်သည်။

“မင်းက သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို သွားတိုက်မလို့လား...”

“ဟုတ်ပါတယ်... အားလုံးပြီးသွားမှပဲ ကျွန်တော် ပြန်လာတော့မယ်... မဟုတ်ရင် သူတို့ စိုးရိမ်နေကြမှာ စိုးလို့ပါ...”

“အင်း... ဒါဆိုရင်လည်း ကောင်းပါပြီ...”

ကျင်းလော့မင်က ခေါင်းညိတ်လိုက်ပြီးနောက် လေသံကို ပြောင်းလဲကာ လေးနက်စွာ ဆိုလိုက်သည်။

“ဒီတစ်ခါ တိုက်ပွဲက သာမန်ကိစ္စ မဟုတ်ဘူး... သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းရဲ့ အစွမ်းက ဘယ်လောက်အထိ ရှိမလဲဆိုတာ မသေချာဘူး... မဟာသန်မာသူ အဆင့်ရှိတဲ့သူတွေတောင် ရှိနေနိုင်တာ... အဲဒီလူတွေကို ရင်ဆိုင်မယ့်သူတွေ ရှိနေမှာဆိုပေမဲ့ အစစအရာရာ သတိထားပါ... အကယ်၍ မဟာသန်မာသူတစ်ဦးနဲ့ တွေ့ခဲ့မယ်ဆိုရင် ချက်ချင်းသာ ထွက်ပြေးပါ... လုံးဝ တုံ့ဆိုင်းမနေနဲ့ဦး...”

“ဒါနဲ့... ဒီတစ်ခါ ဝိုင်းဝန်းတိုက်ခိုက်မှုမှာ ငါတို့ တော်ဝင်မိသားစုလည်း ပါဝင်မှာပဲ... ပထမမင်းသားလည်း သွားမှာဆိုတော့ တကယ်လို့ တစ်စုံတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် သူ့ဆီကို သွားပြီး အကူအညီ တောင်းနိုင်ပါတယ်...”

“ကောင်းပါပြီ...”

လော့ချန်သည် မည်သည့် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူကိုမျှ ကြောက်ရွံ့ခြင်း မရှိသော်လည်း မဟာသန်မာသူနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက်မူ ထောင်လွှားခြင်း မရှိပေ။

“ဦးလေးကျင်း... သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းမှာ မဟာသန်မာသူ အဆင့်ရှိတဲ့သူတွေ ရှိနေနိုင်လား...”

လော့ချန်သည် ယခင်က တွေ့ခဲ့ဖူးသော သွေးကျီးကန်းအရှင်နှင့် ထိုလူကြီးတူ တို့ကို သတိရသွားမိသည်။

ထိုသူနှစ်ဦးစလုံးမှာ မဟာသန်မာသူ အဆင့်ရှိသူများ ဖြစ်မှာ သေချာလှပေသည်။

“မဟာသန်မာသူ အဆင့်ရှိသူတွေလား...”

ကျင်းလော့မင်က ခေတ္တမျှ စဉ်းစားလိုက်သည်။

“အဲဒီလို ဖြစ်နိုင်ခြေကတော့ အတော်လေး နည်းပါတယ်... ငါတို့ တာယွဲ့မင်းဆက်က တာ့ချူမင်းဆက် နဲ့ နီးတာလေ... အဲ့ဒီတုန်းက တာ့ချူမင်းဆက်ရဲ့ ဘုရင်မက သွေးဝိညာဉ်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းခဲ့တုန်းက သွေးဝိညာဉ်ဂိုဏ်းက သန်မာသူတွေက အရပ်မျက်နှာအနှံ့ကို ထွက်ပြေးခဲ့ကြတာ... ကျန်ရှိနေတဲ့ သန်မာသူအချို့ကလည်း ယွမ်လန်နယ်မြေအုပ်စု ရဲ့ တောင်ဘက်ပိုင်းက နိုင်ငံတွေဆီကို ထွက်ပြေးခဲ့ကြတာလေ...”

“ငါတို့က ယွမ်လန်နယ်မြေအုပ်စု ရဲ့ မြောက်ဘက်မှာ ရှိတာဆိုတော့ အဲဒီလောက်အထိ သန်မာတဲ့သူတွေ ရှိနေမှာ မဟုတ်ပါဘူး...”

“ဒါပေမဲ့... ရှိနေခဲ့ရင်တောင် စိုးရိမ်စရာ မလိုပါဘူး... လူငယ်မျိုးဆက်တွေကို လေ့ကျင့်ပေးဖို့အတွက် ဒီတစ်ခါ တိုက်ပွဲမှာ အကြီးတန်းတွေနဲ့ ဂိုဏ်းအကြီးအကဲတွေက ဝင်ရောက်တိုက်ခိုက်မှာ မဟုတ်ပေမဲ့... ဘေးကင်းဖို့အတွက် ဂိုဏ်းကြီးသုံးဂိုဏ်းက မဟာအကြီးအကဲ တစ်ဦးစီကို လွှတ်ထားပြီးသား ဖြစ်မှာပါ...”

လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။ ကြည့်ရသည်မှာ ဂိုဏ်းကြီးသုံးဂိုဏ်းသည်လည်း ဤတစ်ခါ စစ်ဆင်ရေးအတွက် အသေအချာ စီစဉ်ထားပုံရသည်။

ဂိုဏ်းကြီးသုံးဂိုဏ်း၏ မဟာအကြီးအကဲများမှာ မဟာသန်မာသူ အဆင့်ရှိသူများ ဖြစ်ကြပေသည်။

မဟာသန်မာသူ သုံးဦး ရှိနေမှတော့ ထို ထူဝမ်ရှန်းနှင့် သွေးကျီးကန်းအရှင်တို့ ရှိနေခဲ့လျှင်ပင် ရင်ဆိုင်နိုင်မှာ ဖြစ်သဖြင့် ကြီးမားသော ပြဿနာ ရှိမည်မဟုတ်ပေ။

“ဦးလေးကျင်း... ဒါဆိုရင် ကျွန်တော် သွားတော့မယ်... ချီရှန်မြို့ကိုတော့ ဦးလေးကိုပဲ အပ်ခဲ့ပါရစေ...”

လော့ချန်သည် နှုတ်ဆက်လိုက်ပြီးနောက် ငွေတောင်ပံမိုးကြိုးလင်းယုန်၏ ကျောပေါ်သို့ ပြန်လည်ပျံတက်လိုက်သည်။ ကျင်းလော့မင်က ခေါင်းညိတ်ပြလိုက်သည်။

“စိတ်ချပါ... ငါ ရှိနေသရွေ့တော့ သွေးဝိညာဉ်ဂိုဏ်းဝင် တစ်ယောက်မှ ချီရှန်မြို့ကို ခြေတစ်လှမ်းတောင် မချစေရဘူး...”

“ကျေးဇူးတင်ပါတယ်...”

“ဝှစ်...”

ငွေတောင်ပံမိုးကြိုးလင်းယုန်သည် တောင်ပံများကို ခတ်လိုက်ပြီး မှောင်မိုက်နေသော ညအမှောင်ထုအတွင်းသို့ တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

“အသုံးမကျတဲ့သိုင်းဝိညာဉ်နဲ့ ဒီအဆင့်အထိ ရောက်လာတာကတော့ တကယ့်ကို မယုံနိုင်စရာပဲ...”

“သူက နောင်မှာ ပထမမင်းသားအတွက် အခြားမင်းသားတွေကို ယှဉ်ပြိုင်နိုင်မယ့် အားကောင်းလှတဲ့ အကူအညီတစ်ခု ဖြစ်လာမှာပဲ...”

ကျင်းလော့မင်၏ ရေရွတ်သံမှာ ညကောင်းကင်ယံထက်တွင် ပျံ့နှံ့နေတော့သည်။

နောက်တစ်နေ့ မွန်းတည့်အချိန်တွင်...

ငွေတောင်ပံမိုးကြိုးလင်းယုန်သည် ယွမ်ချွမ်မြို့ကို ဖြတ်ကျော်ပျံသန်းလာခဲ့ပြီး ခေတ္တအကြာတွင် အရှိန်မှာ တဖြည်းဖြည်း လျော့ကျလာကာ တိမ်တိုက်များကြားမှ ထွက်ပေါ်လာတော့သည်။

အောက်ဘက်တွင် အဆုံးမရှိလှသော တောင်တန်းကြီးတစ်ခု ရှိနေပြီး ကောင်းကင်ယံမှ လှမ်းကြည့်လျှင် အမြီးအစ ရှာမရလှသော မြေပြင်ပေါ်တွင် ဝပ်စင်းနေသည့် အနက်ရောင်နဂါးကြီးတစ်ကောင်အလား ရှိနေကာ မမြင်ရသော ဖိအားတစ်ခုကို ပေးစွမ်းနေတော့သည်။

“ရောက်ပြီထင်တယ်...”

ဤနေရာမှာ နက်မှောင်တောင်တန်း၏ အလယ်ပိုင်းဒေသ ဖြစ်သဖြင့် လော့ချန်သည် ရောက်ရှိပြီဟု ခန့်မှန်းလိုက်ကာ ကြီးမားလှသော သက်ရောက်မှုများ မဖြစ်စေလိုသဖြင့် ငွေတောင်ပံမိုးကြိုးလင်းယုန်ကို ပြောလိုက်သည်။

“ကောင်းပြီ... မင်း ပြန်တော့...”

“ကွီး...”

ငွေတောင်ပံမိုးကြိုးလင်းယုန်သည် ပြင်းထန်သော ငှက်အော်သံတစ်ခု ပြုလုပ်လိုက်ပြီး တိမ်တိုက်များကြားသို့ ပျံတက်သွားကာ တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

လော့ချန်သည်လည်း ရပ်တန့်မနေဘဲ လေထဲမှ အရှိန်အဟုန်နှင့် ဆင်းသက်လိုက်ကာ သစ်တောများကြားတွင် အလျင်အမြန် ပြေးလွှားနေတော့သည်။

“ဟင်... သွေးနံ့က တကယ်ကို ပြင်းတာပဲ...”

သိပ်မဝေးလှသော နေရာသို့ ရောက်သည့်အခါ လော့ချန်သည် ခပ်တင်းတင်း မျက်မှောင်ကြုတ်လိုက်မိသည်။

လေထဲတွင် သွေးညှီနံ့များ ပြည့်နှက်နေခဲ့ပြီး သူ လှည့်ကြည့်လိုက်သည့်အခါ ရှေ့ရှိ သစ်တောအတွင်း၌ ပျက်စီးနေသော အလောင်းအချို့ကို တွေ့ရှိလိုက်ရသည်။

သားရဲအချို့မှာ အသားများကို လုယက်စားသောက်နေကြပြီး ခြေလက်အင်္ဂါ အစိတ်အပိုင်းများမှာလည်း နေရာအနှံ့ ပျံ့ကျဲနေတော့သည်။

အခန်း ၆၂၅ ပြီးပါပြီ။

အခန်း ၆၂၆ - အငမ်းမရ ဝါးမျိုခြင်း

“ဝှစ်...”

ချီစွမ်းအင်များကို လှည့်ပတ်လိုက်သည်နှင့်တစ်ပြိုင်နက် လော့ချန်၏ ကိုယ်ဟန်မှာ အရှိန်မြင့်တက်သွားခဲ့ပြီး အလင်းတန်းတစ်ခုအလား အလောင်းများရှိရာ အထက်သို့ ရောက်ရှိသွားတော့သည်။

“ဒီဝတ်စုံနက်နဲ့လူတွေက သွေးဝိညာဉ်ဂိုဏ်းဝင်တွေပဲ... ပြီးတော့... လော့ရှာဂိုဏ်း တပည့်တွေပါလား...”

မြေပြင်ပေါ်တွင် အလောင်းခြောက်လောင်းရှိနေသည်ကို ခက်ခဲစွာ မြင်တွေ့လိုက်ရသည်။

ဝတ်စုံနက်နှင့်လူ လေးဦးမှလွဲ၍ လော့ရှာဂိုဏ်း အတွင်းစည်းတပည့်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတပည့်နှစ်ဦးရှိနေပြီး တစ်ဦးမှာ လော့ချန် လော့ရှာဂိုဏ်းတွင် ရှိစဉ်က တွေ့ခဲ့ဖူးသူ ဖြစ်၏။

နှမြောစရာကောင်းသည်မှာ ယခုအခါ ထိုမိန်းမလှလေးမှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး အလောင်းမှာပင် သားရဲများ၏ ကိုက်ခဲစားသောက်ခြင်းကို ခံထားရသဖြင့် ပုံပျက်ပန်းပျက် ဖြစ်နေကာ အသက်မဲ့နေသော မျက်ဝန်းအစုံဖြင့် ကောင်းကင်ယံကို စိုက်ကြည့်နေတော့သည်။

“ဝူး...”

လော့ချန် ပေါ်လာသည်မှာ အလွန်မြန်ဆန်လွန်းသဖြင့် ထိုအချိန်မှသာ သားရဲအချို့မှာ သတိဝင်လာကြသည်။ အညိုရောင်ဝံပုလွေကြီးတစ်ကောင်မှာ ဟိန်းဟောက်လိုက်ပြီး လော့ချန်၏ ဘယ်ဘက်မှနေ၍ ခုန်အုပ်လိုက်သည်။

လော့ချန်သည် မျက်လုံးပင် ပင့်မကြည့်ဘဲ လက်သီးဖြင့် တစ်ချက် ထိုးနှက်လိုက်သည်။

“ဘုန်း...”

ကြီးမားလှသော အင်အားကြောင့် လေထုမှာပင် ထုထည်တစ်ခုအလား ဖြစ်သွားခဲ့ပြီး ထိုဝံပုလွေကြီးကို လေထဲ၌တင် တန့်သွားစေတော့သည်။

နောက်တစ်ခဏတွင်...

ဝံပုလွေကြီး၏ ဧရာမခန္ဓာကိုယ်မှာ လေထဲ၌တင် ပေါက်ကွဲထွက်သွားခဲ့ပြီး ကျန်ရှိနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ မီတာရာချီ ဝေးကွာသော နေရာသို့ လွင့်စဉ်သွားတော့သည်။

အခြားသော သားရဲများမှာမူ ဤမြင်ကွင်းကြောင့် အသည်းငယ်သွားကြပြီး အော်ဟစ်ကာ ထွက်ပြေးသွားကြတော့သည်။

လော့ချန်သည်လည်း ၎င်းတို့ကို ဂရုမစိုက်ဘဲ ရေရွတ်လိုက်သည်။

“ကြည့်ရတာ တိုက်ပွဲကြီး စနေပြီပဲ... အချိန်မီ ရောက်လာသေးတာပဲ...”

မြေပြင်ပေါ်ရှိ သွေးများမှာ လုံးဝ မခဲသေးပေ။

လော့ချန်၏ ခန့်မှန်းချက်အရဆိုလျှင် ဤလူများ သေဆုံးသွားသည်မှာ ၁၅ မိနစ်ခန့်သာ ရှိဦးမည် ဖြစ်၏။ တိုက်ပွဲကြီး စတင်သည်မှာ မကြာသေးပုံရပေသည်။ ထိုသို့ တွေးမိသည်နှင့် လော့ချန်သည် ခြေလှမ်းကျင့်စဉ်ကို အသုံးပြုကာ ရှေ့သို့ အရှိန်အဟုန်နှင့် ပြေးထွက်သွားတော့သည်။

ပိုမို၍ နက်ရှိုင်းသော နေရာသို့ ရောက်လေလေ၊ အလောင်းများမှာ ပိုမိုများပြားလာလေလေ ဖြစ်ပြီး နောက်ဆုံးတွင် နေရာအနှံ့၌ တွေ့ရှိနေရတော့သည်။

ညို့မှိုင်းနေသော တိမ်တိုက်များ၊ နီရဲနေသော သွေးများနှင့် နေရာအနှံ့ရှိ အလောင်းများကြောင့် နက်မှောင်တောင်တန်း၏ မှောင်မိုက်နေသော အလင်းရောင်အောက်တွင် ဤသစ်တောကြီးမှာ ငရဲခန်းတစ်ခုအလား ရှိနေပြီး လူကို အသက်ရှူကျပ်စေမည့် အငွေ့အသက်များ ဖုံးလွှမ်းနေတော့သည်။

လော့ချန် တစ်ချက်ကြည့်လိုက်ရာ ထိုအလောင်းအများစုမှာ သွေးဝိညာဉ်ဂိုဏ်းဝင်များ ဖြစ်ကြပြီး ဒုတိယမှာ လော့ရှာဂိုဏ်း တပည့်များနှင့် မည်သူမည်ဝါဖြစ်ကြောင်း မသိရသော သိုင်းလောကသားများ ဖြစ်ကြသည်။

“တကယ်ကို ပြင်းထန်တဲ့ တိုက်ပွဲပဲ...”

လော့ချန်သည် တိုက်ပွဲ၏ ရက်စက်မှုကို ကိုယ်တိုင်ခံစားလိုက်ရသည်။

ခါးရှိ လျှပ်စီးဓားကို တင်းတင်းဆုပ်ကိုင်လိုက်ပြီးနောက် လော့ချန်သည် ကုန်းမြင့်တစ်ခုပေါ်တွင် ရပ်တန့်လိုက်ရာ သူ၏စိတ်အာရုံပင်လယ်အတွင်း၌ ရွှေရောင်လှိုင်းများ လှုပ်ရှားလာခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအားများမှာ သူ့ကို ဗဟိုပြု၍ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။

“တခြားလူတော့ မရှိဘူး...”

စိတ်ဝိညာဉ်စွမ်းအားများမှာ သုံးမိုင်ခန့်အထိ ပျံ့နှံ့သွားသော်လည်း မည်သည့်အရာမျှ ရှာမတွေ့သည့်အခါမှသာ လော့ချန် စိတ်အေးသွားတော့သည်။

ဤလူများမှာ သေဆုံးသွားသည်မှာ အချိန်အနည်းငယ် ကြာမြင့်သွားပြီဖြစ်ရာ သိုင်းဝိညာဉ်အဖြစ် စုစည်းရန် ခက်ခဲသော်လည်း အနှစ်သာရသွေးများမှာမူ များစွာ ကျန်ရှိနေသေးပေသည်။

ရောက်လာပြီဆိုမှတော့ လော့ချန်အနေဖြင့် ၎င်းတို့ကို အလဟဿ အဖြစ်မခံနိုင်ပေ။

သို့သော်လည်း သိုင်းဝိညာဉ်အနှစ်သာရသွေးများကို ဝါးမျိုခြင်းမှာ အရေးကြီးလှသော ကိစ္စဖြစ်သဖြင့် သူသည်လည်း သတိထား၍ လုပ်ဆောင်ရပေသည်။

“ဝူး...”

နဂါးပုံရိပ်ယောင်များမှာ လော့ချန်၏ ခြေဖဝါးအောက်မှ ဖြာထွက်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ အလောင်းများထံသို့ ပြေးဝင်သွားကြသည်။

ခဏအကြာတွင် လော့ချန်သည် ပတ်ဝန်းကျင်ရှိ အလောင်းများမှ ကျန်ရှိနေသော အနှစ်သာရသွေးများကို အကုန်အစင် ဝါးမျိုလိုက်ရာ ခန္ဓာကိုယ်အတွင်း၌ အင်အားများ ပြည့်လျှံလာခဲ့ပြီး ကောင်းကင်မိုးကြိုးသုံးဆင့်စွမ်းရည် ကျင့်ကြံစဉ်က ဆုံးရှုံးသွားသော အင်အားများမှာလည်း အပြည့်အဝ ပြန်လည်ပြည့်စုံသွားခဲ့ကာ ကျင့်ကြံဆင့်မှာပင် အနည်းငယ် တိုးတက်လာသကဲ့သို့ ခံစားလိုက်ရသည်။

“မဆိုးဘူး... ဒီတစ်ခါ လာတာ တကယ်ကို မှန်သွားတာပဲ...”

လော့ချန် အလွန်ပင် ဝမ်းသာသွားမိသည်။

ဤစစ်တလင်းသည် သူ့အတွက်ဆိုလျှင် ကျင့်ကြံမှုအတွက် အကောင်းဆုံးသော နယ်မြေတစ်ခုပင် ဖြစ်တော့သည်။

သူ ဝါးမျိုရန်အတွက် လုံလောက်သော သိုင်းဝိညာဉ်အနှစ်သာရသွေးများ ရှိနေသရွေ့ သူ၏ကျင့်ကြံဆင့်မှာ သေချာပေါက် တစ်ဟုန်ထိုး တက်လှမ်းသွားမှာဖြစ်သလို သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့်သို့ ချိုးဖျက်ရန်မှာလည်း ပြဿနာ မဟုတ်ပေ။ နဂါးကျင့်စဉ်သည်လည်း ဒုတိယအဆင့်သို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။

နဂါးကျင့်စဉ် ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီဆိုလျှင် နှစ်ဆသော တိုက်ခိုက်မှုစွမ်းအားကို ထုတ်ဖော်နိုင်မှာ ဖြစ်ပေသည်။

ထိုအချိန်ကျလျှင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အတွင်းစည်း ပထမဆုံးပါရမီရှင်ဟု ဆိုသော စီနီယာယွမ် ဆိုသည်မှာလည်း သူ့ရှေ့တွင် ထည့်တွက်နေစရာ မလိုတော့ပေ။

“ဟူး...”

လော့ချန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ ရှေ့သို့ ဆက်လက်၍ ပြေးထွက်သွားတော့သည်။

ဤသို့ဖြင့် လမ်းတစ်လျှောက် ပြေးလွှားရင်း ဝါးမျိုလာခဲ့ရာ ခဏအတွင်းမှာပင် လော့ချန်သည် လူပေါင်း ရာနှင့်ချီ၍ ဝါးမျိုခဲ့ပြီး ဖြစ်၏။ ဤသည်မှာ သူသည် လူသိရှင်ကြား အလွန်အမင်း မလုပ်ဝံ့ခြင်းကြောင့် ဖြစ်ပေသည်။

သို့သော်လည်း ဤလူများ၏ ကျင့်ကြံဆင့်မှာ မမြင့်မားလှဘဲ အများစုမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်နိမ့်သန်မာသူများ ဖြစ်ကြသလို အချို့မှာမူ ထူးခြားနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြကာ သေဆုံးသည်မှာလည်း ကြာမြင့်နေပြီဖြစ်သဖြင့် ကျန်ရှိသော အနှစ်သာရသွေးများမှာ များစွာ မရှိတော့ပေ။

ပိုမို၍ နက်ရှိုင်းသော နေရာသို့ ရောက်ရှိလာသည့်အခါတွင်မူ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်လယ်သန်မာသူများ၏ အလောင်းများကို စတင်တွေ့ရှိလာရသည်။

ဤလူများမှာ သေဆုံးသည်မှာ မကြာသေးသဖြင့် အချို့မှာမူ သိုင်းဝိညာဉ်များကိုပင် စုစည်းနိုင်သေးရာ လူတစ်ယောက်မှာ ယခင်လူ ဆယ်ယောက်နှင့်ပင် တန်းတူ ရှိနေတော့သည်။

“ကြည့်ရတာ စစ်တလင်းရဲ့ ဗဟိုနဲ့ မဝေးတော့ဘူးပဲ...”

လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်လယ်သန်မာသူ နှစ်ဦး၏ အလောင်းများကို အကုန်အစင် ဝါးမျိုလိုက်ပြီးနောက် ရှေ့သို့ ဆက်လက်ထွက်ခွာလာခဲ့သည်။

သိပ်မဝေးလှသော နေရာသို့ ရောက်သည့်အခါ လော့ချန်သည် ပထမဆုံးအဖြစ် အသက်ရှင်နေသောသူများ၏ အငွေ့အသက်ကို အာရုံခံမိလိုက်သည်။

သို့သော်လည်း ထိုအငွေ့အသက်များမှာ အတော်လေး ရှုပ်ထွေးနေသဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေကြပုံရပေသည်။

“သွားကြည့်ရမှာပေါ့...”

လော့ချန်သည် ခြေလှမ်းကျင့်စဉ်ကို အသုံးပြုကာ သူ၏ကိုယ်ဟန်ကို သစ်တော၏ အရိပ်များကြားတွင် ဖုံးကွယ်လိုက်ပြီးနောက် ရှေ့သို့ တိုးဝင်သွားတော့သည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် လော့ချန်သည် ဧရာမ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ဆင်းသက်လိုက်သည်။

သူ အောက်သို့ လှမ်းကြည့်လိုက်သည့်အခါ ရှေ့ရှိ ကွင်းပြင်အတွင်း၌ ဝတ်စုံအနက်နှင့်လူ သုံးဦးမှာ လော့ရှာဂိုဏ်း တပည့်နှစ်ဦးကို ဝိုင်းရံတိုက်ခိုက်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

ထိုသူငါးဦးစလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၃ သန်မာသူများ ဖြစ်ကြသဖြင့် ကျင့်ကြံဆင့်မှာ အလွန်အမင်း ကွာခြားချက် မရှိပေ။

သို့သော်လည်း လူအင်အား သာလွန်မှုကြောင့် လော့ရှာဂိုဏ်းမှ အမျိုးသမီးတပည့်နှစ်ဦးမှာမူ ခက်ခဲစွာ ခုခံနေကြရပြီး အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သည့် အနေအထားတွင် ရှိနေကြသည်။

“လော့ရှာဂိုဏ်းက အမျိုးသမီးတပည့်တွေက တစ်နှစ်ပတ်လုံး ဝိညာဉ်ရေကန်မှာ ရေချိုးကြတာဆိုတော့ အရေပြားတွေက ရေလိုပဲ နူးညံ့နေတာပဲ... သူတို့ကို ဖမ်းသွားပြီး စီနီယာထူ ဆီကို ဆက်သရမယ်...”

“ဟဲဟဲ... အလှလေးနှစ်ယောက်... အပိုတွေ ကြိုးစားမနေပါနဲ့တော့... အညံ့ခံလိုက်စမ်းပါ...”

ဝတ်စုံအနက်နှင့်လူ သုံးဦးမှာ ကြောင်က ကြွက်ကို ကစားနေသကဲ့သို့ ခံစားနေကြပုံရပြီး ထိုသူနှစ်ဦးကို ချက်ချင်း သတ်ဖြတ်ခြင်း မရှိဘဲ အဝတ်အစားများကို တစ်စစီ ဆွဲဖြဲကာ ကျီစယ်နေကြသဖြင့် အမျိုးသမီးတပည့်နှစ်ဦး၏ အလှအပများမှာ ပေါ်ထွက်နေတော့သည်။

လော့ရှာဂိုဏ်း တပည့်နှစ်ဦးမှာ မျက်နှာများ ဖြူဖျော့နေခဲ့ပြီး တစ်ဦးက သွားကို တင်းတင်းကြိတ်ကာ ဆိုလိုက်သည်။

“သိပ်ပြီး ဝမ်းသာမနေနဲ့ဦး... ငါတို့ စီနီယာအစ်မတွေ မကြာခင် ရောက်လာတော့မှာ... အဲဒီကျရင်တော့ မင်းတို့တွေ သေရလိမ့်မယ်...”

မျက်နှာချောင်ချောင်နှင့် မျက်လုံးကျဉ်းမြောင်းသော ဝတ်စုံအနက်နှင့်လူတစ်ဦးက ရက်စက်စွာ ရယ်မောလိုက်သည်။

“စီနီယာအစ်မတွေ ဟုတ်လား... သူတို့ကိုယ်တိုင်တောင် လွတ်အောင် ပြေးနိုင်ပါ့မလား မသိဘူး... အကုန်လုံးက ဒီ နက်မှောင်တောင်တန်း မှာပဲ သေရမှာ... ငါတို့နောက်ကို လိုက်လာတာက မင်းတို့အတွက် တစ်ခုတည်းသော ရှင်လမ်းပဲ...”

“ငါ အသေပဲခံမယ်... မင်းတို့လို မိစ္ဆာတွေရဲ့ လက်ထဲကိုတော့ အပါမခံနိုင်ဘူး...”

စကားပြောနေသော အမျိုးသမီးတပည့်မှာ ရှက်စိတ်နှင့် ဒေါသတို့ကြောင့် မျက်နှာမှာ နီမြန်းနေခဲ့ပြီး လွတ်လမ်းမရှိတော့ကြောင်း သိရှိသဖြင့် ဓားကို ထုတ်ယူကာ မိမိကိုယ်ကိုယ် သတ်သေရန် ပြင်လိုက်သည်။

“သေချင်တာလား... မင်း သဘောအတိုင်း ဘယ်ဖြစ်ပါ့မလဲ...”

ဘယ်ဘက်ရှိ မျက်နှာတွင် အသားပိုများရှိနေသော ဝတ်စုံအနက်နှင့်လူက ရက်စက်စွာ ရယ်မောလိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်ရာ သွေးရောင်လက်ဝါးကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး အမျိုးသမီးတပည့်၏ လက်ထဲမှ ဓားကို လုယူလိုက်တော့သည်။

လော့ချန်သည် ဤမြင်ကွင်းကို အချိန်မီ မြင်တွေ့လိုက်ရခြင်း ဖြစ်၏။

သွေးဝိညာဉ်ဂိုဏ်းဝင်များ ဖြစ်နေမှတော့ သူသည်လည်း အပိုစကားများ ပြောမနေတော့ဘဲ ကိုယ်ဟန်ကို လှုပ်ရှားလိုက်ကာ အောက်သို့ တိုက်ရိုက် ဆင်းသက်လိုက်တော့သည်။

“ဘယ်သူလဲ...”

ရုပ်ဆိုးလှသော ဝတ်စုံအနက်နှင့်လူသည် တုံ့ပြန်မှု အလွန်မြန်ဆန်လှပေသည်။ သူသည် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကာလိုက်ပြီးနောက် ပြင်းထန်စွာ တွန်းထုတ်လိုက်ရာ သွေးရောင်ချီစွမ်းအင်များမှာ သွေးရောင်ဝဲဂယက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ တိုးဝင်သွားတော့သည်။

“ဘုန်း...”

သွေးရောင်ဝဲဂယက်မှာ ဖြစ်ပေါ်လာရုံသာ ရှိသေးသော်လည်း ဖြူစင်လှသော လက်သီးချက်တစ်ခု၏ ထိုးနှက်ခြင်းကို ခံလိုက်ရသဖြင့် တစ်ခဏချင်းမှာပင် ကွဲအက်သွားတော့သည်။ ရုပ်ဆိုးလှသော ဝတ်စုံအနက်နှင့်လူမှာမူ ဘာမှပင် မလုပ်လိုက်ရသေးဘဲ ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားခဲ့ပြီး ခန္ဓာကိုယ်မှာလည်း အနောက်သို့ လွင့်စဉ်ကာ လဲကျသွားတော့သည်။

“သေချင်နေတာပဲ...”

အခြားသော ဝတ်စုံအနက်နှင့်လူတစ်ဦးက အော်ဟစ်လိုက်ပြီး လက်ငါးချောင်းကို သွေးရောင်သံချိတ်များအလား ပြုလုပ်ကာ လော့ချန်၏ ဦးခေါင်းထံသို့ တိုက်ရိုက် ရိုက်နှက်လိုက်သည်။

“သတိထားပါ...”

လော့ချန်အား လော့ရှာဂိုဏ်း အမျိုးသမီးတပည့်နှစ်ဦးမှာ ရင်တထိတ်ထိတ်နှင့် အော်ဟစ် သတိပေးလိုက်ကြသည်။

လော့ချန်ကမူ လှည့်ပင်မကြည့်ဘဲ လေခွင်းချီစွမ်းအင်ပေါက်ကွဲမှု စွမ်းရည်ကို တိုက်ရိုက် လှည့်ပတ်လိုက်ရာ သူ၏ကျောဘက်တွင် ချီစွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။

ချီစွမ်းအင်မုန်တိုင်းမှာ ပိုမို၍ ကျစ်လျစ်လာခဲ့ပြီး အစွန်းကုန် ရောက်ရှိသွားသည့်အခါတွင်မူ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။

“ဘုန်း...”

တိုးဝင်လာသော ဝတ်စုံအနက်နှင့်လူမှာ ပေါက်ကွဲမှု၏ အတိုင်းအတာအတွင်းတွင် ရှိနေသဖြင့် ကာကွယ်ရေးချီစွမ်းအင်များနှင့် ခန္ဓာကိုယ်မှာ တစ်စစီ ကွဲအက်သွားခဲ့ပြီး သွေးစများမှာလည်း နေရာအနှံ့ ပျံ့ကျဲသွားတော့သည်။

ဤသည်က လော့ချန် လေခွင်းချီစွမ်းအင်ပေါက်ကွဲမှု စွမ်းရည် ကျင့်ကြံစဉ်က စဉ်းစားခဲ့သော တိုက်ခိုက်မှု နည်းလမ်းတစ်ခုဖြစ်ပြီး ယခုမှာ ပထမဆုံးအကြိမ်အဖြစ် လက်တွေ့ အသုံးပြုခြင်း ဖြစ်၏။

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်မြင့်သန်မာသူ တစ်ယောက်ပါလား...”

နောက်ဆုံးကျန်ရှိနေသော ဝတ်စုံအနက်နှင့်လူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မျက်နှာမှာလည်း ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားကာ လှည့်၍ ထွက်ပြေးသွားတော့သည်။

လော့ချန်သည် အလျင်စလို မလုပ်ဘဲ လက်ညှိုးကို မြှောက်ကာ လေထဲသို့ တစ်ချက် ထောက်လိုက်သည်။

“ဝှစ်...”

ဓားချီတစ်ခုမှာ မြည်ဟီးလျက် ထွက်ပေါ်သွားတော့သည်။

“အား...”

စူးရှလှသော အော်ဟစ်သံနှင့်အတူ ထိုဝတ်စုံအနက်နှင့်လူ၏ ခြေထောက်နှစ်ဖက်မှာ ပြတ်တောက်သွားခဲ့ပြီး ကျန်ရှိသော ခန္ဓာကိုယ်မှာမူ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

အခန်း ၆၂၆ ပြီးပါပြီ။

အခန်း ၆၂၇ - စီနီယာ... ကျွန်တော်တို့ကို ကယ်ပါဦး

“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ... ဒီနေ့ အသက်ကယ်တင်ပေးတဲ့ ကျေးဇူးကို ကျွန်မတို့ညီအစ်မနှစ်ယောက် တစ်သက်လုံး ဘယ်တော့မှ မမေ့ပါဘူး...”

လော့ရှာဂိုဏ်းမှ အမျိုးသမီးတပည့်နှစ်ဦးမှာ သေမင်းတံခါးဝမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ရာ ယခုအခါ ဘေးကင်းသွားသည့်အခါတွင်မူ မျက်ရည်များမှာ မထိန်းနိုင်ဘဲ စီးကျလာတော့သည်။

ဤသည်က အသက်ကို ကယ်တင်ရုံတင်မကပေ။ အကယ်၍သာ သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ လက်ထဲသို့ ရောက်သွားခဲ့လျှင် သူတို့အနေဖြင့် သေချင်လျှင်ပင် သေခွင့်ရမှာ မဟုတ်သည်ကို သိနေသောကြောင့် ဖြစ်၏။

“ဟင်... စီနီယာက ရွှမ်ယွမ်ဂိုဏ်းက စီနီယာလော့ချန် ပဲ...”

အခြားသော အမျိုးသမီးတပည့်တစ်ဦးမှာ လော့ရှာဂိုဏ်း၏ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် လော့ချန်ကို တွေ့ခဲ့ဖူးသဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်မိပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ နှုတ်ခမ်းလေးကို လက်ဖြင့်အုပ်လျက် မျက်နှာလေးမှာ နီမြန်းသွားတော့သည်။

လော့ချန်က ခေါင်းညိတ်ပြလိုက်ပြီး အသက်တစ်ဝက်သာ ကျန်တော့သည့် ဝတ်စုံအနက်နှင့်လူထံသို့ လမ်းလျှောက်သွားကာ အေးစက်စွာ မေးမြန်းလိုက်သည်။

“မေးခွန်းနှစ်ခုပဲ ရှိတယ်... ပထမတစ်ခုက မင်း စောစောက သူတို့ရဲ့ စီနီယာအစ်မတွေ ကိုယ်တိုင်တောင် မလွတ်နိုင်ဘဲ ဒီ နက်မှောင်တောင်တန်း မှာပဲ သေရမယ်လို့ ပြောခဲ့တာက ဘာကို ဆိုလိုတာလဲ...”

“နောက်တစ်ခုက... မင်းပြောတဲ့ စီနီယာထူ ဆိုတာက မဟာသန်မာသူ ထူဝမ်ရှန်းကို ပြောတာလား...”

လော့ချန်သည် ထိုသူကို ချက်ချင်း မသတ်ဖြတ်ခဲ့ခြင်းမှာ သူတို့၏ စကားများထဲတွင် တစ်စုံတစ်ခု ထူးခြားနေသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်၏။

သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းမှာ ပြင်းထန်စွာ တိုက်ခိုက်ခံနေရချိန်တွင် ဤလူသုံးဦးမှာ အမြန်ဆုံး ထွက်မပြေးကြရုံတင်မကဘဲ အမျိုးသမီးများကို ဖမ်းဆီးရန် ကြိုးစားနေခြင်းမှာ အလွန်ပင် ထူးဆန်းလှပေသည်။

“မင်းက ထူဝမ်ရှန်း ဆိုတဲ့ နာမည်ကို ဘယ်လိုလုပ် သိတာလဲ...”

ဝတ်စုံအနက်နှင့်လူမှာ စောစောကအထိ ရက်စက်သော အမူအရာ ရှိနေသော်လည်း ထူဝမ်ရှန်း ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် မျက်နှာမှာ တစ်ခဏချင်း ပြောင်းလဲသွားတော့သည်။

လော့ချန်က မျက်ခုံးကို ပင့်လိုက်သည်။

“တကယ်ပဲ သူလား... သူ ဘယ်မှာလဲ...”

ဝတ်စုံအနက်နှင့်လူ၏ မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး လှောင်ပြုံးလျက် ဆိုလိုက်သည်။

“ပြောပြလည်း ကိစ္စမရှိပါဘူး... စီနီယာထူ က... သေလိုက်စမ်း...”

စကားအဆုံးတွင် ဝတ်စုံအနက်နှင့်လူမှာ ရက်စက်စွာ ရယ်မောလိုက်ပြီး သူ၏မျက်ဝန်းထဲမှ သွေးရောင်အလင်းတန်း နှစ်ခု ထွက်ပေါ်လာတော့သည်။

သူ၏ခန္ဓာကိုယ်မှာ လေမှုတ်ထားသော ဘောလုံးအလား အရှိန်အဟုန်နှင့် ဖောင်းကားလာခဲ့ပြီး တစ်ကိုယ်လုံးရှိ သွေးကြောများမှာလည်း မြေနဂါးများအလား ရုန်းကန်နေကြသည်။

နောက်တစ်ခဏတွင်...

“ဘုန်း...”

ဝတ်စုံအနက်နှင့်လူ၏ ခန္ဓာကိုယ်မှာ သွေးမြူတိမ်တစ်ခုအဖြစ် တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့ပြီး ပြင်းထန်စူးရှလှသော သွေးရောင်အလင်းတန်းများမှာ နေမင်းငယ်တစ်ခုအလား ထွက်ပေါ်လာကာ အတိုင်းအတာအတွင်းရှိ အရာအားလုံးမှာ တစ်ခဏချင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်လှသော လေဝဲပွေလှိုင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။

“စီနီယာလော့ချန်...”

လော့ရှာဂိုဏ်း အမျိုးသမီးတပည့်နှစ်ဦးမှာ မီတာရာချီ လွင့်စင်သွားခဲ့ပြီး သွေးများပင် အန်ထုတ်လိုက်ရသည်။ သူတို့သည် ရှုပ်ထွေးနေသော ထိုနေရာကို ကြည့်လျက် ရင်တထိတ်ထိတ် ဖြစ်နေကြတော့သည်။

ထိုအချိန်တွင်...

“ဝှစ်...”

ဓားချီတစ်ခုမှာ ဝင်းလက်သွားခဲ့ပြီး ရှုပ်ထွေးနေသော သွေးရောင်ဝဲဂယက်မှာ နှစ်ခြမ်းကွဲသွားကာ လော့ချန်သည် အတွင်းမှ လမ်းလျှောက်ထွက်လာခဲ့သည်။

“ဒီ သွေးဝိညာဉ်ဂိုဏ်းဝင်တွေက တကယ်ကို ထူးဆန်းတာပဲ... တစ်ယောက်ချင်းစီကလည်း ရက်စက်ကြမ်းကြုတ်သလို သေရမှာကိုလည်း မကြောက်ကြဘူး...”

လော့ချန်သည် ထိုစဉ်က သွေးဝိညာဉ်ဂိုဏ်းက ဘာကြောင့် ယွမ်လန်နယ်မြေအုပ်စုကို အုပ်စိုးနိုင်ခဲ့ပြီး အရှေ့ပိုင်းဒေသတစ်ခုလုံးကိုပင် လွှမ်းမိုးလုနီးပါး ဖြစ်ခဲ့သလဲဆိုသည်ကို ယခုမှ နားလည်သွားတော့သည်။

သာမန်တပည့် တစ်ယောက်မှာပင် ဤမျှအထိ နည်းလမ်းများ ရှိနေမှတော့ ထူဝမ်ရှန်းနှင့် သွေးကျီးကန်းအရှင် ကဲ့သို့သော သန်မာသူများ၏ အစွမ်းမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။

“စီနီယာလော့ချန်...”

လော့ချန်တွင် မည်သည့်ဒဏ်ရာမျှ မရှိသည်ကို မြင်ရသည့်အခါ အမျိုးသမီးတပည့်နှစ်ဦးမှာ ဝမ်းသာသွားကြသလို လေးစားအားကျစိတ်များလည်း ဖြစ်ပေါ်လာကြသည်။

လော့ချန်က မေးမြန်းလိုက်သည်။

“အခု တိုက်ပွဲအခြေအနေက ဘယ်လိုရှိလဲ... လမ်းတစ်လျှောက်မှာ မင်းတို့ လော့ရှာဂိုဏ်းက လူတွေကိုပဲ တွေ့သေးတယ်... ရွှမ်ယွမ်ဂိုဏ်း၊ လျှပ်ယွမ်ဂိုဏ်းနဲ့ တော်ဝင်မိသားစုက လူတွေကော ဘယ်မှာလဲ...”

ထိုသူနှစ်ဦးသည် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်ကြသည်။ အသက်အနည်းငယ်ကြီးသော အမျိုးသမီးမှာ ဟူချိုင် ဖြစ်ပြီး အခြားတစ်ဦးမှာ ရွှီယွီအာ ဖြစ်ပေသည်။ ထို့နောက် သူတို့သည် လက်ရှိအခြေအနေများကို တစ်လှည့်စီ ရှင်းပြကြတော့သည်။

သွေးဝိညာဉ်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းရန်နှင့် မိမိတို့အချင်းချင်းကြားတွင် ရှုပ်ထွေးမှုများ မဖြစ်စေရန်အတွက် ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် တော်ဝင်မိသားစုမှာ မတူညီသော အရပ်မျက်နှာ လေးခုမှနေ၍ သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းဆီသို့ ချီတက်တိုက်ခိုက်နေကြခြင်း ဖြစ်၏။

“ဒါကြောင့်ကိုး...”

လော့ချန် ခေါင်းညိတ်လိုက်သည်။ လျှပ်ယွမ်ဂိုဏ်းနှင့် ရွှမ်ယွမ်ဂိုဏ်းတို့၏ မီးနှင့်ရေကဲ့သို့ ဆက်ဆံရေးအရဆိုလျှင် ဂိုဏ်းနှစ်ဂိုဏ်းမှ တပည့်များ ဆုံတွေ့ကြပြီဆိုပါက သေချာပေါက် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ပြီး အစီအစဉ်ကို ထိခိုက်သွားစေနိုင်ပေသည်။

၎င်းအပြင် ဤတစ်ခါ သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို တိုက်ခိုက်သည့်နေရာတွင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အဓိကတပည့်များမှာ အဓိကတိုက်ခိုက်ရေးအင်အားစုများ ဖြစ်ကြပြီး ရှေ့တန်းအကျဆုံးနေရာမှနေ၍ တိုက်ခိုက်နေကြသည်ဟု သိရှိရသည်။

သာမန်အတွင်းစည်းတပည့်များမှာမူ ထိုသူများကို မမီနိုင်ကြသဖြင့် အနောက်ဘက်မှနေ၍ ကျန်ရှိနေသော ရန်သူများကို လိုက်လံရှင်းလင်းနေကြခြင်း ဖြစ်၏။

ရွှီယွီအာတို့နှစ်ဦးမှာ ကံမကောင်းလှဘဲ အခြားသူများနှင့် လူစုကွဲသွားစဉ်မှာတင် သွေးဝိညာဉ်ဂိုဏ်းဝင် သုံးဦးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ရာ လော့ချန်နှင့်သာ မတွေ့ခဲ့လျှင် သေချာပေါက် ဘေးဒုက္ခကြုံတွေ့ရမှာ ဖြစ်ပေသည်။

အခြေအနေကို သိရှိသွားပြီဖြစ်ရာ လော့ချန်သည် နှုတ်ဆက်ရန် ပြင်လိုက်သည်။

“မင်းတို့ ဒီမှာပဲ ခဏစောင့်နေကြ... ငါ တခြား လော့ရှာဂိုဏ်း တပည့်တွေကို ရှာပြီး မင်းတို့ကို လာကယ်ခိုင်းလိုက်မယ်...”

“ကျေးဇူးတင်ပါတယ် စီနီယာလော့ချန်... သွေးဝိညာဉ်ဂိုဏ်းဝင်တွေက သိပ်ကို ကောက်ကျစ်စဉ်းလဲတာဆိုတော့ စီနီယာလည်း သေချာပေါက် သတိထားပါဦး...”

ရွှီယွီအာတို့နှစ်ဦးမှာ အဆက်မပြတ် ကျေးဇူးတင်စကား ဆိုနေကြပြီး လော့ချန်အပေါ်တွင် ပိုမို၍ ကြည်ညိုလေးစားသွားကြသည်။ သူတို့မှာ ဒဏ်ရာမနည်းရထားသဖြင့် အန္တရာယ်များလှသော ဤနက်မှောင်တောင်တန်း၏ အလယ်ပိုင်းဒေသအတွင်းမှ မိမိဘာသာ ထွက်ခွာရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။

မထွက်ခွာမီ လော့ချန်သည် သွေးဝိညာဉ်ဂိုဏ်းဝင် သုံးဦး၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ရာ တံဆိပ်ပြား သုံးခုအပြင် သွေးဆေးလုံး ထောင်နှင့်ချီ၍ ရရှိခဲ့သဖြင့် အနည်းငယ်တော့ တွက်ခြေကိုက်သွားသည်။

ထိုသူသုံးဦး၏ သိုင်းဝိညာဉ်အနှစ်သာရသွေးများကိုမူ ရွှီယွီအာတို့ ရှိနေသဖြင့် သူ ဝါးမျိုခြင်း မပြုခဲ့ပေ။

၎င်းအပြင် သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာလည်း လေခွင်းချီစွမ်းအင်ပေါက်ကွဲမှု နည်းစနစ်ကြောင့် ပြာအဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ ဝါးမျိုချင်လျှင်ပင် ဝါးမျိုစရာ မရှိတော့ပေ။

အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားကြောင့် လော့ချန်သည် မကြာမီမှာပင် လော့ရှာဂိုဏ်း တပည့်အချို့ကို ရှာတွေ့ခဲ့ပြီး ရွှီယွီအာတို့၏ အခြေအနေကို ပြောပြလိုက်သည်။ ထိုတပည့်များမှာ အလွန်ပင် ကျေးဇူးတင်သွားကြပြီး ချက်ချင်းပင် လူလွှတ်၍ သွားရောက် ကယ်တင်ခိုင်းလိုက်တော့သည်။

လော့ချန်မှာမူ ဘယ်ဘက်ရှေ့ဆီသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။ ရွှမ်ယွမ်ဂိုဏ်း တာဝန်ယူရသော နယ်မြေမှာ လော့ရှာဂိုဏ်း၏ ဘယ်ဘက်ခြမ်းတွင် ရှိနေခြင်း ဖြစ်၏။

လမ်းတစ်လျှောက်တွင် သူသည် အလောင်းများစွာကို ထပ်မံတွေ့ရှိခဲ့ရသည်။ သွေးဝိညာဉ်ဂိုဏ်းဝင်များ ရှိသလို၊ ဂိုဏ်းတပည့်များလည်း ရှိနေသည်။

လော့ချန်သည် အားလုံးကို လိုက်လံဝါးမျိုလိုက်သည်။

ဤလူများမှာ သေဆုံးသည်မှာ မကြာသေးသဖြင့် သိုင်းဝိညာဉ်အနှစ်သာရသွေးများမှာ အနည်းငယ်မျှသာ ဆုံးရှုံးသွားသေးခြင်း ဖြစ်၏။ ၎င်းအပြင် အများစုမှာ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့်သန်မာသူများ ဖြစ်ကြသလို အချို့မှာမူ အဆင့်မြင့်သန်မာသူများ ဖြစ်ကြသဖြင့် ဝါးမျိုပြီးနောက် အကျိုးကျေးဇူးမှာ အလွန်ပင် သိသာလှပေသည်။

သိုင်းဝိညာဉ်အတွင်းရှိ ကြယ်ပွင့်များမှာ တစ်ပွင့်ပြီးတစ်ပွင့် လင်းထိန်လာခဲ့ပြီး လော့ချန်၏ ဒုတိယမြောက် ချီစွမ်းအင်အိမ်တော်မှာလည်း ချီစွမ်းအင်ဝဲဂယက်မျှသာ မဟုတ်တော့ဘဲ တဖြည်းဖြည်းနှင့် ခြေလက်များ ပေါ်ထွက်လာကာ နဂါးပုံသဏ္ဌာန်အဖြစ် ပြောင်းလဲရန် အစပျိုးလာတော့သည်။

“ကောင်းတယ်... ဒီအတိုင်းသာ ဆက်ပြီး ဝါးမျိုသွားမယ်ဆိုရင် သိပ်မကြာခင်မှာပဲ ဒုတိယမြောက် ချီစွမ်းအင်အိမ်တော်က နဂါးအဖြစ် လုံးဝ ပြောင်းလဲသွားမှာဖြစ်သလို နဂါးကျင့်စဉ် ဒုတိယအဆင့် ကိုလည်း ချိုးဖျက်နိုင်တော့မှာပဲ...”

“ဒါဆိုရင်တော့ ငါ့မှာ ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် နဲ့ တန်းတူရှိတဲ့ နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ရှိလာမှာပေါ့... ၉၀ ရာခိုင်နှုန်းသော ဓားဆန္ဒအစပျိုးအဆင့် ထက်တောင် ပိုပြီး သန်မာဦးမှာပဲ...”

လော့ချန်သည် စိတ်လှုပ်ရှားသွားခဲ့ပြီး ခြေလှမ်းများကိုလည်း ပိုမို၍ မြန်ဆန်စေလိုက်သည်။

ထိုအချိန်မှာပင်...

ရုတ်တရက်ဆိုသလို ဝေးကွာလှသော သစ်တောအတွင်းမှ လူရိပ်နှစ်ခုမှာ ပျာပျာသလဲနှင့် အရှိန်အဟုန်နှင့် ပြေးဝင်လာကြသည်။ လော့ချန်က မျက်ခုံးကို ပင့်လိုက်ပြီး လှမ်းကြည့်လိုက်သည်။

ထိုသူနှစ်ဦးမှာ ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်ဝတ်စုံများကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးတွင် သွေးများဖြင့် ပြည့်နှက်နေကာ မျက်နှာများမှာလည်း ဖြူဖျော့လျက် အသည်းအသန် ထွက်ပြေးနေကြခြင်း ဖြစ်၏။

“ဟားဟား... မင်းတို့ ပြေးလို့ မလွတ်ပါဘူး...”

“အသာတကြည် သေကြစမ်း...”

ထိုသူနှစ်ဦး၏ အနောက်တွင် သွေးဝိညာဉ်ဂိုဏ်းဝင် သုံးဦးမှာ အလျင်အမြန် လိုက်လံသတ်ဖြတ်နေကြပြီး ရက်စက်လှသော ရယ်မောသံများလည်း ထွက်ပေါ်နေတော့သည်။

“စီနီယာ... ကယ်ပါဦး...”

“သွေးဝိညာဉ်ဂိုဏ်းဝင်တွေ ကျွန်တော်တို့ကို လိုက်သတ်နေလို့ပါ... မြန်မြန် ကယ်ပါဦး...”

ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်နှစ်ဦးမှာ လော့ချန်ကို မြင်တွေ့လိုက်ရသည့်အခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ အလျင်အမြန် ပြေးဝင်လာကြပြီး ပိုမိုနီးကပ်လာတော့သည်။

လော့ချန်သည် မျက်လုံးကို အသာအယာ မှေးလိုက်ပြီး တည်ငြိမ်စွာ ပြုံးလျက် ဆိုလိုက်သည်။

“လာကြ... ငါ့ရဲ့ ဘေးနားကို လာခဲ့ကြ...”

“ကျေးဇူးတင်ပါတယ် စီနီယာ...”

ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်နှစ်ဦးမှာ ဝမ်းသာအားရ ဖြစ်သွားကြသော်လည်း သူတို့၏မျက်ဝန်းထဲ၌မူ ထူးဆန်းလှသော လှောင်ပြုံးတစ်ခု ပေါ်ထွက်နေတော့သည်။

သူတို့ လော့ချန်၏ အနားသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက်...

ရုတ်တရက်...

“ဝှစ်...”

ဓားအလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး ထိုသူနှစ်ဦးမှာ လည်ပင်း၌ အေးစက်သွားသည်ဟု ခံစားလိုက်ရကာ ကမ္ဘာကြီးမှာလည်း အရှိန်အဟုန်နှင့် လည်ပတ်နေတော့သည်။

“ဘုန်း... ဘုန်း...”

ဦးခေါင်းမရှိသော အလောင်းနှစ်လောင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

“ဟင်...”

အနောက်မှ လိုက်လာကြသော သွေးဝိညာဉ်ဂိုဏ်းဝင် သုံးဦးမှာ အလွန်ပင် ထိတ်လန့်သွားကြပြီး တစ်ဦးက ရက်စက်စွာ ဆိုလိုက်သည်။

“မင်း... မင်း တကယ်ကို ရက်စက်တာပဲ... ကိုယ့်ဂိုဏ်းသားချင်းတောင်မှ သတ်ရဲတယ်ပေါ့...”

“မင်းတို့ရဲ့ အကြံအစည်ကတော့ မဆိုးပါဘူး... ဒါပေမဲ့ ငါနဲ့ တွေ့လိုက်ရပြီဆိုမှတော့ မင်းတို့အတွက် သေလမ်း တစ်ခုပဲ ရှိတော့တယ်...”

လော့ချန်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။

အစပိုင်းတွင် သူသည်လည်း မည်သည့်ထူးခြားမှုကိုမျှ သတိမပြုမိခဲ့ပေ။

နှမြောစရာ ကောင်းသည်မှာ ထိုရွှမ်ယွမ်ဂိုဏ်း တပည့်အယောင်ဆောင်ထားသူ နှစ်ဦး၏ ကိုယ်ပေါ်တွင် မင်းသားတန်း၏ အမှတ်အသား ပါဝင်နေခြင်းပင် ဖြစ်၏။

အတွင်းစည်းရင်ပြင်တွင် သူ ထိုမျှအထိ သောင်းကျန်းခဲ့ပြီးနောက် ယခုအခါ အတွင်းစည်းမင်းသားတန်းတပည့်မှန်သမျှ မည်သူက သူ့ကို မသိဘဲ ရှိပါမည်နည်း။ ယခုမူ ထိုသူနှစ်ဦးမှာ သူ့ကို မြင်တွေ့သည့်အခါတွင်မူ အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိဘဲ ရှိနေခဲ့သည်။ ၎င်းအပြင် သူတို့၏ကိုယ်မှ ဝေဝါးလှသော သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေခြင်းမှာလည်း ဤအချက်ကို သက်သေပြနေခြင်း ဖြစ်၏။

“တောက်... သူ့ကို သတ်ကြစမ်း...”

သွေးဝိညာဉ်ဂိုဏ်းဝင် သုံးဦးမှာ အလွန်ပင် ဒေါသထွက်သွားကြရသည်။ သူတို့သည် ဤနည်းလမ်းကို အသုံးပြု၍ ဂိုဏ်းတပည့်ပေါင်း ဆယ်ဂဏန်းခန့်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ရာ အမြဲတမ်း အောင်မြင်ခဲ့သည်ချည်း ဖြစ်၏။

ယခုမူ အရေးမပါလှသော လူငယ်လေးတစ်ဦး၏ လက်ထဲတွင် အရှက်ရခဲ့ရသည်မဟုတ်ပါလော။

“သတ်စမ်း...”

ထိုသူသုံးဦးစလုံး လော့ချန်ထံသို့ တိုက်ခိုက်လိုက်ကြသည်။ လော့ချန်သည် ခေါင်းခါယမ်းလိုက်သည်။

ဓားစွမ်းအင်သုံးခု ဝင်းလက်သွားခဲ့ပြီး မြေပြင်ပေါ်တွင် အလောင်းသုံးလောင်း ထပ်မံတိုးပွားသွားတော့သည်။

အခန်း ၆၂၇ ပြီးပါပြီ။

All Chapters