အခန်း (၆၂၈-၆၃၀)
Vol. 42 Ch. 628-630
အခန်း ၆၂၈ - တစ်ဟုန်ထိုး တိုးတက်လာခြင်းနှင့် ထူးဆန်းလှသော အလောင်းများ
လော့ချန်သည် လျှပ်စီးဓားကို သိမ်းဆည်းလိုက်ပြီး သွေးဝိညာဉ်ဂိုဏ်းဝင် အလောင်းငါးလောင်းကို တစ်နေရာတည်းတွင် စုစည်းလိုက်ကာ ခန္ဓာကိုယ်အတွင်းရှိ ကိုးရောင်အကြေးခွံများကို ချက်ချင်းလှည့်ပတ်၍ ဝါးမျိုလိုက်တော့သည်။
“ဝူး...”
နဂါးပုံရိပ်ယောင်မှာ ဟိန်းဟောက်လိုက်ပြီး မမြင်ရသော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာကာ ထိုလူများ၏ သိုင်းဝိညာဉ်များမှာ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး လော့ချန်၏ ကိုယ်ထဲသို့ တိုးဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် လော့ချန်၏ ဒုတိယမြောက် ချီစွမ်းအင်အိမ်တော်အတွင်းရှိ နဂါး၏ ခြေလက်နှင့် အကြေးခွံများမှာ ပိုမို၍ ရှင်းလင်းလာခဲ့ပြီး နဂါးပုံသဏ္ဌာန် အစပျိုးလာကာ ကြည့်ရသည်မှာ ငြိမ်သက်စွာ အိပ်မောကျနေပြီး မကြာမီ နိုးထတော့မည့် စစ်မှန်သော နဂါးတစ်ကောင်အလား ရှိနေပြီး ပြင်းထန်လှသော အငွေ့အသက်များ တဖြည်းဖြည်းနှင့် ထွက်ပေါ်လာတော့သည်။
“နီးလာပြီ...”
လော့ချန်၏ လေသံမှာ ဝမ်းသာအားရ ဖြစ်နေတော့သည်။
ဤ သွေးဝိညာဉ်ဂိုဏ်းဝင် ငါးဦးအနက် အားအကောင်းဆုံးသူမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ အစောပိုင်းအဆင့်မျှသာ ရှိပေသည်။ သို့သော်လည်း သူတို့မှာ အသတ်ခံရသည်မှာ မကြာသေးသဖြင့် ခန္ဓာကိုယ်အတွင်းရှိ သိုင်းဝိညာဉ်အနှစ်သာရသွေးများမှာ လုံးဝ ဆုံးရှုံးသွားခြင်း မရှိသေးရာ ဝါးမျိုလိုက်သည့်အခါ အာနိသင်မှာ အလွန်ပင် သိသာလှပေသည်။
အကယ်၍ ဤလူများ၏ သိုင်းဝိညာဉ်အနှစ်သာရသွေးကို ဆယ်ပုံပုံလျှင် ဆယ်ပုံစလုံး ရှိနေသည်ဟု ဆိုနိုင်ပြီး ယခင်က သူ ဝါးမျိုခဲ့သော အဆင့်တူ အလောင်းများမှာမူ သုံးပုံတစ်ပုံပင် မရှိသလို အချို့မှာ တစ်ပုံပင် မပြည့်ကြပေ။
“ဒီလို အလောင်းမျိုး နောက်ထပ် တစ်ရာလောက်သာ ရှိမယ်ဆိုရင် နဂါးကျင့်စဉ်က သေချာပေါက် အဆင့် ချိုးဖျက်နိုင်တော့မှာပဲ...”
လော့ချန်သည် စိတ်ထဲမှပင် တွက်ချက်လိုက်မိသည်။ ပုံမှန်အချိန်များတွင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်လယ်သန်မာသူ တစ်ရာခန့်ကို ဝါးမျိုရန်မှာ လုံးဝ မလွယ်ကူလှပေ။ သို့သော်လည်း ယခုကဲ့သို့ သတ်ဖြတ်ခြင်းနှင့် သေခြင်းတရားများ ပြည့်နှက်နေသော နက်မှောင်တောင်တန်းတွင်မူ ၎င်းမှာ ခက်ခဲသော ကိစ္စတစ်ခု မဟုတ်တော့ပေ။
“ဆက်သွားရမှာပေါ့...”
လော့ချန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အသားခန်းခြောက်သွားသော သွေးဝိညာဉ်ဂိုဏ်းဝင် ငါးဦး၏ ဝိညာဉ်သိုလှောင်လက်စွပ်များနှင့် တံဆိပ်ပြားများကို သိမ်းဆည်းလိုက်သည်။ တံဆိပ်ပြားများမှာ သွေးဝိညာဉ်ဂိုဏ်းဝင်များကို သတ်ဖြတ်ခဲ့သည့် သက်သေများဖြစ်ရာ ဂိုဏ်း၏အမှတ်များနှင့် လဲလှယ်နိုင်ရန် ဖြစ်ပေသည်။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လော့ချန်သည် ကိုယ်ဟန်ကို လှုပ်ရှားလိုက်ကာ ပိုမို၍ နက်ရှိုင်းသော နေရာသို့ အရှိန်အဟုန်နှင့် ပြေးထွက်သွားတော့သည်။
ပိုမို၍ နက်ရှိုင်းသော နေရာသို့ ရောက်လေလေ၊ သစ်တော၏ အထက်ပိုင်းရှိ မြူမှောင်များမှာ ပိုမိုထူထပ်လာလေလေ ဖြစ်ပြီး ကောင်းကင်ယံမှ အလင်းရောင်များပင် တိုးမပေါက်နိုင်တော့ဘဲ ညို့မှိုင်းနေသော တိမ်တိုက်များမှာ သစ်တောအထက်သို့ ဖုံးအုပ်ထားသကဲ့သို့ ရှိနေတော့သည်။
ဤမြူခိုးများတွင် ပြင်းထန်လှသော အဆိပ်အတောက်များ ပါဝင်နေသဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများပင်လျှင် ရှူရှိုက်မိပါက ချီစွမ်းအင် လည်ပတ်မှုကို ထိခိုက်နိုင်သလို စိတ်ဝိညာဉ်စွမ်းအားကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ထားနိုင်သဖြင့် လူကို လမ်းမှားစေနိုင်ပေသည်။
သို့သော်လည်း စိတ်ဝိညာဉ်စွမ်းအား အလွန်အားကောင်းလှသော လော့ချန်အတွက်မူ ကြီးမားသော သက်ရောက်မှု မရှိဘဲ သူ၏စိတ်ဝိညာဉ်စွမ်းအားမှာ မိုင်ပေါင်းများစွာအထိ လွယ်ကူစွာ ပျံ့နှံ့နေဆဲ ဖြစ်၏။
ဤအားသာချက်ကို အသုံးချကာ လော့ချန်သည် လမ်းတစ်လျှောက် ပြေးလွှားရင်း အသက်ရှင်ကျန်ရစ်နေသော သွေးဝိညာဉ်ဂိုဏ်းဝင်များကို လိုက်လံရှာဖွေနေတော့သည်။
ဤ သွေးဝိညာဉ်ဂိုဏ်းဝင်များမှာ ဝိုင်းဝန်းတိုက်ခိုက်မှုကြားမှ ခက်ခက်ခဲခဲနှင့် လွတ်မြောက်လာခြင်း ဖြစ်သော်လည်း ဝမ်းသာရသည့်အချိန်ပင် မရလိုက်ဘဲ လော့ချန်နှင့် တွေ့ဆုံကြသည့်အခါ ပြန်လည်ခုခံရန်ပင် အချိန်မရလိုက်ဘဲ တစ်ခဏချင်းမှာပင် အသတ်ခံလိုက်ကြရသည်။
တိုတောင်းလှသော အချိန်အတွင်းမှာပင် လော့ချန်သည် သွေးဝိညာဉ်ဂိုဏ်းဝင် ၃၀၊ ၄၀ ခန့်ကို ထပ်မံသတ်ဖြတ်ခဲ့ပြီး ဖြစ်၏။ လမ်းတစ်လျှောက် ဝါးမျိုလာခဲ့သော အလောင်းများနှင့် ပေါင်းလိုက်လျှင် သူ၏ခန္ဓာကိုယ်အတွင်း၌ စုစည်းထားသော သိုင်းဝိညာဉ်အနှစ်သာရသွေးများမှာ မြစ်ကြီးတစ်ခုအလား ပြည့်လျှံနေခဲ့ပြီး နဂါးကျင့်စဉ် ဒုတိယအဆင့်သို့ ရောက်ရှိရန်လည်း ပိုမိုနီးကပ်လာတော့သည်။
၎င်းတင်မကသေးဘဲ လော့ချန်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြော ၈၁ သွယ်စလုံးမှာလည်း အပြည့်အဝ နိုးကြားလာခဲ့ပြီး အဆက်မပြတ် တိုးတက်နေကာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့်သို့ ချိုးဖျက်ရန် အစပျိုးလာတော့သည်။
ကဏ္ဍပေါင်းစုံမှ အရှိန်အဟုန်ကြောင့် သူ၏ခြုံငုံအင်အားမှာလည်း တစ်ဟုန်ထိုး တိုးတက်နေတော့သည်။
“ဒီတိုက်ပွဲကြီး ပြီးသွားရင်တော့ ငါ့အနေနဲ့ သွေးကြောနိုးကြားမှုနယ်ပယ် နယ်မြေအုပ်စုစာရင်းကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ချက် ရှိလာမှာပဲ...”
လော့ချန်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏စိတ်ဝိညာဉ်စွမ်းအားများကို ပိုက်စိပ်တိုက် လိုက်လံရှာဖွေလိုက်ရာ ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုတိုင်းမှာ သူ၏ဦးနှောက်အတွင်း၌ အထင်အရှား ပေါ်ထွက်နေတော့သည်။
“ဟိုမှာပဲ...”
“ဝှစ်...”
လော့ချန်၏ ကိုယ်ဟန်မှာ တစ်ခဏချင်းမှာပင် အရှိန်မြင့်တက်သွားခဲ့ပြီး မိုင်အနည်းငယ်ဝေးသော သစ်တောတစ်ခုအတွင်း၌ ပေါ်လာတော့သည်။
ပျက်စီးနေသော ထိုသစ်တောအတွင်း၌ သွေးဝိညာဉ်ဂိုဏ်းဝင် အလောင်းအချို့မှာ ဖရိုဖရဲ လဲကျနေကြသည်။ လော့ချန်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ ကိုးရောင်အကြေးခွံများကို ချက်ချင်းလှည့်ပတ်ကာ ဝါးမျိုလိုက်တော့သည်။
“ဟင်...”
ဝါးမျိုမှု စတင်သည်နှင့်တစ်ပြိုင်နက် လော့ချန်သည် ထူးခြားမှုကို ချက်ချင်း သတိပြုမိသွားသည်။
ယခင်အလောင်းများကို ကြည့်ခြင်းအားဖြင့် စစ်တလင်း၏ ဗဟိုနှင့် နီးကပ်လေလေ၊ သေဆုံးသည်မှာ မကြာသေးလေလေ ဖြစ်ရမည်။ သို့သော်လည်း ဤလူများမှာ သေဆုံးသည်မှာ မကြာသေးသော်လည်း ခန္ဓာကိုယ်အတွင်းရှိ အနှစ်သာရသွေးများမှာမူ အများစုမှာ ဆုံးရှုံးနေခဲ့ပြီး အရေပြားများမှာပင် တွန့်လိပ်ကာ ခြောက်ကပ်နေသဖြင့် သေဆုံးသည်မှာ ကြာမြင့်နေပြီဖြစ်သောသူများအလား ရှိနေတော့သည်။
“ဘယ်လိုဖြစ်တာလဲ... တစ်စုံတစ်ယောက်က အနှစ်သာရသွေးတွေကို သန့်စင်တဲ့ ကျင့်စဉ်ကို ကျင့်ကြံထားလို့လား...”
လော့ချန်သည် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်မိသော်လည်း အဖြေရှာမရသဖြင့် ရှေ့သို့သာ ဆက်လက်ထွက်ခွာလာခဲ့သည်။
တောင်ကြားတစ်ခုအတွင်းတွင်...
ပြင်းထန်လှသော တိုက်ပွဲတစ်ခု ဖြစ်ပွားနေတော့သည်။
ရွှမ်ယွမ်ဂိုဏ်း တပည့်လေးဦးမှာ လျှပ်ယွမ်ဂိုဏ်း တပည့်ခုနစ်ဦး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရခြင်း ဖြစ်၏။
မြေပြင်ပေါ်တွင် သွေးဝိညာဉ်ဂိုဏ်းဝင် အလောင်းနှစ်လောင်းအပြင် ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် အလောင်းတစ်လောင်းလည်း ရှိနေခဲ့ပြီး သွေးများမှာ မြေဆီလွှာကိုပင် နီရဲသွားစေတော့သည်။
“ချန်ကျင်း... အခုက ဂိုဏ်းသုံးဂိုဏ်းလုံးက သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို အတူတူ ဝိုင်းတိုက်နေကြတဲ့ အချိန်လေ... လူတိုင်းက စိတ်တူကိုယ်တူနဲ့ သွေးဝိညာဉ်ဂိုဏ်းဝင်တွေကို သတ်ဖြတ်ရမှာကို မင်းက ဘာလို့ ငါတို့ကို လူအင်အားနဲ့ ဝိုင်းတိုက်နေရတာလဲ... ဒါက တရားမလွန်ဘူးလား... မင်းတို့က သွေးဝိညာဉ်ဂိုဏ်းကို ကူညီချင်လို့လား... ဒါမှမဟုတ် မင်းတို့က သွေးဝိညာဉ်ဂိုဏ်း ရဲ့ သူလျှိုတွေလား...”
“တကယ်လို့ ဒီကိစ္စသာ လူသိရှင်ကြား ဖြစ်သွားမယ်ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာတင်မကဘဲ မင်းတို့ လျှပ်ယွမ်ဂိုဏ်းရဲ့ မျက်နှာပါ မြေလှန်ခံရမှာ သေချာတယ်...”
ချန်လင်းယူသည် သူမ၏ နှုတ်ခမ်းလေးကို တင်းတင်းကိုက်လျက် မျက်လုံးကျဉ်းမြောင်းသော လျှပ်ယွမ်ဂိုဏ်း တပည့်တစ်ဦးကို စိုက်ကြည့်ကာ ဒေါသတကြီးဖြင့် ဆိုလိုက်သည်။
သူတို့ ငါးဦးမှာ သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးကို လိုက်လံသတ်ဖြတ်နေကြခြင်း ဖြစ်သော်လည်း အရေးကြီးသော အချိန်တွင် ချန်ကျင်းသည် လျှပ်ယွမ်ဂိုဏ်း တပည့် ခြောက်ဦးကို ခေါ်ဆောင်ကာ ရုတ်တရက် ပေါ်လာခဲ့ပြီး သူတို့ကို အငြိုးအတေးနှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
စီနီယာအစ်ကို တစ်ဦးမှာမူ သူတို့ကို ကာကွယ်ရင်းနှင့် နေရာမှာတင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
ချန်ကျင်းက လှောင်ပြုံးလျက် ဆိုလိုက်သည်။
“ငါ့ကို ဒီလို စွပ်စွဲချက်တွေနဲ့ လာပြီး မခြိမ်းခြောက်နဲ့ဦး... သွေးဝိညာဉ်ဂိုဏ်းဝင်တွေကိုလည်း ငါ သတ်မှာပဲ... မင်းတို့ကိုလည်း ငါ အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး... အားလုံးကတော့ သူ့ကိုပဲ အပြစ်တင်ရမှာပေါ့... ဘယ်သူက သူ့ကို အတင့်ရဲပြီး ငါ ချန်ကျင်း ကို လာနှောင့်ယှက်ခိုင်းလို့လဲ... ဟားဟား...”
ချန်ကျင်းက အရပ်ရှည်ပြီး လက်တစ်ဖက် ပြတ်နေသော လူငယ်တစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။ ထိုသူမှာ လော့ချန် ပြင်ပစည်းတွင် ရှိစဉ်က ဆရာတူအစ်ကို စီနီယာလင်ရှောင်ယွမ် ပင် ဖြစ်၏။
ယခင်က ဂိုဏ်း၏တာဝန်တစ်ခုကို ထမ်းဆောင်စဉ်အတွင်း ချန်ကျင်းနှင့် လင်ရှောင်ယွမ်တို့မှာ ပဋိပက္ခဖြစ်ခဲ့ဖူးပြီး ချန်ကျင်းမှာမူ ထိုစဉ်က အနည်းငယ် အရှုံးပေးခဲ့ရဖူးသည်။
“အဟွတ်...”
လင်ရှောင်ယွမ်သည် မျက်နှာမှာ ဖြူဖျော့နေခဲ့ပြီး စောစောက တိုက်ပွဲကြောင့် သူ၏ဒဏ်ရာမှာ မနည်းလှပေ။ သူသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရှေ့သို့ လမ်းလျှောက်ထွက်ကာ ချန်ကျင်းကို လေးနက်စွာ ဆိုလိုက်သည်။
“လုပ်ရဲရင် ခံရဲရမှာပေါ့ ချန်ကျင်း... ဒါက ငါနဲ့ မင်းရဲ့ကြားက အငြိုးအတေးပဲ... သူတို့နဲ့ ဘာမှမဆိုင်ဘူး... ငါ ဒီမှာ နေရစ်ခဲ့မယ်... မင်း သဘောရှိ သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ်... သူတို့ကိုတော့ သွားခွင့်ပေးလိုက်ပါ...”
“စီနီယာလင်...”
ချန်လင်းယူ၏ မျက်နှာမှာ တစ်ချက် ပြောင်းလဲသွားတော့သည်။
လင်ရှောင်ယွမ်က ခေါင်းခါယမ်းလိုက်သည်။ တစ်ဖက်လူက လူအင်အား သာလွန်နေရုံတင်မကဘဲ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့်ရှိသော အဓိကတပည့် တစ်ဦးကပါ ဦးဆောင်နေခြင်း ဖြစ်သည်။
သူတို့ဘက်တွင်မူ ကျင့်ကြံဆင့် အမြင့်ဆုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၅ မျှသာ ရှိသလို အားလုံးမှာလည်း ဒဏ်ရာကိုယ်စီ ရထားကြသဖြင့် အကယ်၍သာ အလျှော့မပေးဘူးဆိုလျှင် ယနေ့တွင် အားလုံး ဤနေရာ၌ သေရမှာ သေချာလှပေသည်။
“ဟားဟားဟား...”
ချန်ကျင်းက အော်ဟစ်ရယ်မောလျက် ကဲ့ရဲ့စွာဖြင့် ဆိုလိုက်သည်။
“လင်ရှောင်ယွမ်... မင်းလည်း အခုကျမှ အမှားကို ဝန်ခံတတ်ပြီလား... အရင်တုန်းကတော့ မင်းက တကယ်ကို ဟိတ်ဟန်ကောင်းခဲ့တာ မဟုတ်လား...”
“နှမြောစရာ ကောင်းတာကတော့ နောက်ကျသွားပြီပဲ... တစ်ယောက်သတ်လည်း သေမှာပဲ၊ နှစ်ယောက်သတ်လည်း သေမှာပဲ... ဒီနေ့တော့ မင်းတို့အားလုံး တစ်ယောက်မှ အသက်ရှင်ပြီး ထွက်မသွားရဘူး... မင်းတို့ သွေးဝိညာဉ်ဂိုဏ်းဝင် အတော်များများကို သတ်ခဲ့မှာပဲ... အဲဒီ ဂိုဏ်းရဲ့အမှတ်တွေကိုတော့ ငါတို့ပဲ ယူသွားလိုက်တော့မယ်...”
ဘေးနားရှိ အရပ်ရှည်ပြီး အင်္ကျီခပ်နွမ်းနွမ်း ဝတ်ဆင်ထားသော လူငယ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
“ချန်ကျင်း... မြန်မြန် ဖြေရှင်းလိုက်စမ်း... ငါ စီနီယာယွမ် တို့နဲ့ သွားပြီး ဆုံရဦးမယ်...”
ထိုသူမှာ ချန်ကျင်း၏ အစ်ကိုဖြစ်သူ ချန်ဟန်ကျိ ဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့် သန်မာသူ၊ လျှပ်ယွမ်ဂိုဏ်း၏ အဓိကတပည့် ဖြစ်ပေသည်။
“ကောင်းပြီ... သတ်ကြစမ်း... ဒီ လက်မစွမ်းတဲ့ကောင်ကိုတော့ ငါကိုယ်တိုင် ဖြေရှင်းမယ်...”
ချန်ကျင်းက အော်ဟစ်လိုက်ပြီး သူ၏အတတ်ပညာကို အသုံးပြုကာ လင်ရှောင်ယွမ်ထံသို့ အပြင်းအထန် တိုက်ခိုက်လိုက်တော့သည်။
“ဘုန်း...”
လင်ရှောင်ယွမ်သည် လက်ဖဝါးဖြင့် ခုခံလိုက်ရာ သူ၏ကျင့်ကြံဆင့်မှာ ချန်ကျင်းနှင့် အတူတူပင်ဖြစ်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၂ အဆင့်မြင့်တွင် ရှိနေသည်။ သာမန်အချိန်များတွင်မူ လင်ရှောင်ယွမ်သည် ချန်ကျင်းကို အရေးပင် လုပ်မှာ မဟုတ်ပေ။
သို့သော်လည်း ယခုအခါ သူသည် ဒဏ်ရာပြင်းထန်နေသဖြင့် ချီစွမ်းအင်များကို လှည့်ပတ်ရန်ပင် အလွန်ခက်ခဲနေတော့သည်။
“ဖူး...”
တစ်ချက်တည်းနှင့်တင် လင်ရှောင်ယွမ်၏ လက်ဝါးချီမှာ ကွဲအက်သွားခဲ့ပြီး သွေးများပင် အန်ထုတ်လိုက်ရကာ အနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားခဲ့ရပြီး မျက်နှာမှာလည်း ပိုမိုဖြူဖျော့လာကာ ဒဏ်ရာမှာ ပို၍ပင် ပြင်းထန်သွားတော့သည်။
“ဟွန့်... သေလုမျောပါး ဖြစ်နေတာတောင် ခုခံချင်သေးတယ်ပေါ့... သေလိုက်စမ်း...”
ချန်ကျင်းက ရက်စက်စွာ ရယ်မောလိုက်ပြီး သူ၏ကိုယ်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ လက်ဝါးမှ ပူပြင်းလှသော မီးလျှံချီစွမ်းအင်များ ထွက်ပေါ်လာပြီး တောင်ကြီးတစ်လုံးအလား ဖိအားနှင့်အတူ လင်ရှောင်ယွမ်၏ မျက်နှာထံသို့ ရိုက်နှက်လိုက်တော့သည်။
“စီနီယာလင်...”
ချန်လင်းယူမှာ အလွန်ပင် စိုးရိမ်သွားခဲ့ပြီး ဝင်ရောက်တားဆီးရန် ပြင်လိုက်သော်လည်း အခြားသော လျှပ်ယွမ်ဂိုဏ်း တပည့်တစ်ဦး၏ ဖိနှိပ်မှုကြောင့် အနောက်သို့သာ ဆုတ်ခွာနေရပြီး ဘာမှမတတ်နိုင်ဘဲ ဖြစ်နေတော့သည်။
အရေးကြီးသော အခိုက်အတန့်တွင်...
“ဝှစ်...”
လျှပ်စီးအလင်းတန်းတစ်ခုအလား ဓားစွမ်းအင်တစ်ခုမှာ ဝင်းလက်သွားခဲ့ပြီး လင်ရှောင်ယွမ်နှင့် ချန်ကျင်းတို့၏ အလယ်သို့ တိုက်ရိုက် ကျရောက်သွားတော့သည်။
ချန်ကျင်း၏ ညာဘက်လက်တစ်ခုလုံးမှာ ပြတ်တောက်သွားခဲ့ပြီး သူ၏ကိုယ်ဟန်မှာလည်း အရှိန်နှင့် လွင့်စဉ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သူ၏ ပြတ်တောက်နေသော လက်ကောက်ဝတ်ကို ကြည့်လျက် ချန်ကျင်းမှာ ခဏမျှ မှင်တက်မိသွားခဲ့ပြီးမှ သတိဝင်လာကာ ပြတ်တောက်သွားသော လက်ကို ကိုင်လျက် စူးရှလှသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
“အား... အား... ငါ့လက်... ငါ့လက်... ဘယ်သူလဲ... ဘယ်သူလဲ...”
“ဝှစ်...”
လူတစ်ဦးမှာ လင်ရှောင်ယွမ်၏ ဘေးနားသို့ သာသာယာယာ ဆင်းသက်လိုက်ရာ လော့ချန်ပင် ဖြစ်၏။
လမ်းတစ်လျှောက်တွင် သူ တွေ့ရှိခဲ့သော အလောင်းများမှာ အနှစ်သာရသွေးများမှာ များစွာ ဆုံးရှုံးနေသဖြင့် ဝါးမျိုလိုက်လျှင်ပင် ကြီးမားသော အကျိုးကျေးဇူး မရှိတော့ရာ သူသည်လည်း အချိန်မဖြုန်းတော့ဘဲ လေထဲမှ အရှိန်အဟုန်နှင့် ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး ဤတောင်ကြားအထက်သို့ အချိန်မီ ရောက်ရှိလာခြင်း ဖြစ်ပေသည်။
အခန်း ၆၂၈ ပြီးပါပြီ။
အခန်း ၆၂၉ - မင်းကို အခွင့်အရေးတစ်ခု ပေးမယ်... ရုတ်တရက် အပြောင်းအလဲ
ရုတ်တရက် ဖြစ်ပေါ်လာသော ဤအပြောင်းအလဲကြောင့် လူတိုင်းမှာ တုန်လှုပ်သွားကြပြီး တိုက်ခိုက်နေသည်များကို ရပ်တန့်ကာ လော့ချန်ထံသို့ အကြည့်များ စုပြုံရောက်ရှိလာကြသည်။
“စီနီယာလော့ချန်...”
“လော့ချန်...”
ရွှမ်ယွမ်ဂိုဏ်း တပည့်အချို့မှာ အစပိုင်းတွင် အံ့အားသင့်သွားကြသော်လည်း နောက်ပိုင်းတွင်မူ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ ချန်လင်းယူ ဆိုလျှင် မျက်ဝန်းများပင် နီမြန်းလာတော့သည်။
လော့ချန်သည် ဒဏ်ရာပြင်းထန်နေသော လင်ရှောင်ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။
“အစ်ကို ဒဏ်ရာရထားတာပဲ...”
“အသက်ရှင်နေတာနဲ့ ယှဉ်ရင်တော့ ဒီဒဏ်ရာက ဘာမှမဟုတ်ပါဘူး... မင်း ရောက်လာတာ တော်သေးတာပေါ့...”
လင်ရှောင်ယွမ်သည် လော့ချန်ကို မြင်တွေ့လိုက်ရသည့်အခါမှသာ စိတ်အေးသွားတော့သည်။ စောစောက သူသည် ဤတစ်ခေါက်တော့ သေချာပေါက် သေရတော့မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။ သူ၏ အသက်မှာ ဘာမှမဟုတ်သော်လည်း ချန်လင်းယူတို့အဖွဲ့ကိုပါ ဆွဲထည့်မိသလို ဖြစ်နေရသဖြင့် ဝမ်းနည်းနေခြင်းပင်။
“အစ်ကို... သူ့ကို သတ်ပေးပါ... သတ်စမ်းပါ... သူ့ကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်လိုက်စမ်း... အား... ငါ့လက်... ငါ့လက်...”
ချန်ကျင်းသည် အဆက်မပြတ် အော်ဟစ်နေဆဲ ဖြစ်ပြီး သွေးများဖြင့် ပြည့်နှက်နေသော ပြတ်တောက်နေသည့် လက်ကောက်ဝတ်ဖြင့် လော့ချန်ကို ညွှန်ပြလျက် ရူးသွပ်နေသကဲ့သို့ ရှိနေတော့သည်။
ချန်ဟန်ကျိ၏ မျက်နှာမှာ အုံ့မှိုင်းနေခဲ့ပြီး စောစောက ဓားချီမှာ သူပင် တုံ့ပြန်ရန် အချိန်မရလိုက်လောက်အောင် မြန်ဆန်လွန်းလှပေသည်။ သူသည် လော့ချန်ကို တစ်ချက် အကဲခတ်လိုက်ရာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်းအဆင့်မျှသာ ရှိနေသည်ကို မြင်ရသည့်အခါ ချန်ဟန်ကျိ၏ မျက်နှာတွင် ရက်စက်လှသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
“ကောင်လေး... မင်း တော်တော်လေး သတ္တိကောင်းတာပဲ... ငါ့ညီရဲ့ လက်တစ်ဖက်ကို ဖြတ်ရဲတယ်ဆိုမှတော့ မင်းရဲ့ အသက်နဲ့ပဲ ပြန်ပေးရမှာပေါ့... မင်းကို အခွင့်အရေး တစ်ခု ပေးမယ်... ကိုယ့်ဘာသာ ဒူးထောက်ပြီး အသေခံလိုက်စမ်း... ဒါဆိုရင်တော့ မင်းကို သက်သောင့်သက်သာ သေခွင့်ပေးမယ်...”
“မြန်မြန် ဒူးထောက်ပြီး အသေခံလိုက်စမ်း...”
ချန်ဟန်ကျိ ရှိနေသဖြင့် အခြားသော လျှပ်ယွမ်ဂိုဏ်း တပည့်များလည်း လော့ချန်ကို ထည့်တွက်မနေကြတော့ဘဲ အော်ဟစ်လိုက်ကြသည်။
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့် သန်မာသူ တစ်ယောက်က သူ့ကို ခြိမ်းခြောက်နေသည်ပေါ့။
လော့ချန်သည် ကိုယ်ကို လှည့်လိုက်ပြီး လှောင်ပြုံးလျက် ဆိုလိုက်သည်။
“ကောင်းပြီ... ဒါဆိုရင် ငါလည်း မင်းကို အခွင့်အရေး တစ်ခု ပေးမယ်... မင်းရဲ့ အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်လိုက်စမ်း... မှတ်ထားပါ... မင်းမှာ တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်...”
“ဟဲဟဲ... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်းအဆင့်လေးနဲ့ ငါ့ရှေ့မှာ လာပြီး ရမ်းကားနေတာလား... ဒါဆိုရင်လည်း မင်း ဆန္ဒအတိုင်း ဖြစ်စေရမယ်... မင်းရဲ့ ခြေလက်တွေကို ငါကိုယ်တိုင် ချိုးဖဲ့ပြီး ဒီမြေပေါ်မှာ ပျံ့ကျဲသွားစေရမယ်...”
ချန်ဟန်ကျိမှာ အပြည့်အဝ ဒေါသထွက်သွားခဲ့ပြီး အော်ဟစ်လိုက်ကာ သူ၏ သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ ကြယ်ခုနစ်ပွင့် ကျားသစ်သားရဲတစ်ကောင် ပေါ်ထွက်လာတော့သည်။
“မီးလျှံကျောက်စိမ်း ပိုင်းဖြတ်ခြင်း...”
အရှိန်အဟုန်ကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ပြီးနောက် ချန်ဟန်ကျိသည် သူ၏ အကြီးမားဆုံးသော တိုက်ကွက်ကို တိုက်ရိုက် အသုံးပြုလိုက်ရာ သူ၏ ညာဘက်လက်မောင်းတစ်ခုလုံးတွင် ပြင်းထန်သော မီးလျှံများ ဖုံးလွှမ်းသွားခဲ့ပြီး လက်ဖဝါးကို ဓားအလား ပြုလုပ်ကာ ခုတ်ပိုင်းလိုက်တော့သည်။
ဤလက်ဝါးချက်၏ အရှိန်အဟုန်မှာ သာမန်မဟုတ်ဘဲ မီးတောင်ပေါက်ကွဲသကဲ့သို့လည်းကောင်း၊ မိုးကြိုးပစ်သကဲ့သို့လည်းကောင်း ပြင်းထန်လှပြီး ရက်စက်လှသော အငွေ့အသက်များမှာ တောင်ကြားတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များမှာပင် တဖြည်းဖြည်းနှင့် လောင်ကျွမ်းကုန်တော့သည်။
ချန်လင်းယူတို့မှာ ဖိအားကြောင့် အနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားကြရပြီး လော့ချန်ကို ရင်တထိတ်ထိတ်နှင့် ကြည့်နေကြကာ လက်ဖဝါးများတွင်လည်း ချွေးစေးများ ထွက်နေတော့သည်။
လော့ချန်သည် စီနီယာဖုကို အနိုင်ယူပြီး ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲတွင် ပါဝင်လာခဲ့သည်ကို သူတို့ ကြားသိထားကြသော်လည်း ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း မရှိသဖြင့် လော့ချန်၏ လက်ရှိအစွမ်းမှာ မည်မျှအထိ ရှိနေသလဲဆိုသည်ကို မသိရှိကြသောကြောင့် ဖြစ်၏။
“အားနည်းလွန်းတယ်...”
လော့ချန်သည် ခေါင်းခါယမ်းလိုက်ပြီး လက်ဖဝါးချက် အနားသို့ ရောက်ရှိလာသည့် အချိန်ကျမှသာ အလျင်စလို မဟုတ်ဘဲ လက်ဖြင့် အသာအယာပင် ဖမ်းဆုပ်လိုက်သည်။
“ဘုန်း...”
ထို ကြောက်မက်ဖွယ်ကောင်းသော လက်ဖဝါးချက်မှာ လော့ချန်၏ လက်အတွင်း၌ ဖမ်းဆုပ်ခြင်း ခံလိုက်ရပြီး သူ၏ခြေလှမ်းမှာမူ အနည်းငယ်မျှပင် ရွေ့လျားသွားခြင်း မရှိပေ။
“မင်း...”
ချန်ဟန်ကျိမှာ အလွန်ပင် ထိတ်လန့်သွားခဲ့ပြီး သူ၏လက်ဖဝါးမှာ သံကွင်းနှင့် အချည်ခံထားရသကဲ့သို့ ရှိနေကာ သူ မည်မျှပင် အားစိုက်ပါစေ လုံးဝ ရုန်းထွက်၍ မရသည်ကို တွေ့ရှိလိုက်ရသည်။
“အခွင့်အရေး ပေးပြီးပြီပဲ... အခုတော့ သေလို့ ရပြီ...”
လော့ချန်၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး လက်ကို အားစိုက်လိုက်သည်။
“ချွပ်...”
အရိုးကျိုးသံမှာ ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့ပြီး ချန်ဟန်ကျိ၏ ညာဘက်လက်ဖဝါးတစ်ခုလုံးမှာ တိုက်ရိုက်ပင် အသားစများအဖြစ် ကြိတ်ခြေခြင်း ခံလိုက်ရသည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် သူ၏တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး အော်ဟစ်ရန် ပြင်လိုက်စဉ်မှာပင် လက်သီးချက်တစ်ခုမှာ သူ၏ဦးခေါင်းကို တိုက်ရိုက် ပေါက်ကွဲထွက်သွားစေခဲ့ရာ သွေးများနှင့် ဦးနှောက်အစိတ်အပိုင်းများမှာ နေရာအနှံ့ ပျံ့ကျဲသွားတော့သည်။
“တကယ်... တကယ်ကို သန်မာလွန်းတယ်...”
လင်ရှောင်ယွမ်နှင့် ချန်လင်းယူတို့မှာ မှင်တက်မိသွားကြတော့သည်။ လော့ချန် သန်မာလာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းထားသော်လည်း ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါမှာမူ သူတို့၏ နှလုံးသားများမှာ တုန်ခါနေတော့သည်။
လျှပ်ယွမ်ဂိုဏ်း၏ အဓိကတပည့်၊ အားကောင်းလှသော သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့် သန်မာသူ တစ်ဦးကို လော့ချန်သည် ကြက်ပေါက်လေးတစ်ကောင်ကို သတ်လိုက်သကဲ့သို့ လွယ်ကူလှပြီး မည်သည့်အားစိုက်ထုတ်မှုမျှပင် မလိုအပ်ခဲ့ပေ။
“လော့ချန်... လော့ချန်... ငါ မှတ်မိပြီ... သူက ရွှမ်ယွမ်ဂိုဏ်းရဲ့ အသစ်တက်လာတဲ့ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲက တစ်ယောက်ဖြစ်တဲ့ လော့ချန် ပဲ...”
“သူပဲ...”
လျှပ်ယွမ်ဂိုဏ်း တပည့်များမှာ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြသည်။
“မြန်မြန်ပြေး...”
ထိုသူများမှာ ကျန်ရှိသော အရာများကို ဂရုမစိုက်နိုင်တော့ဘဲ လှည့်၍ ထွက်ပြေးကြတော့သည်။ ချန်ဟန်ကျိပင်လျှင် တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရမှတော့ သူတို့ အသက်ရှင်ချင်လျှင် ပြေးရုံမှတစ်ပါး အခြားမရှိတော့ပေ။
“ဝှစ်... ဝှစ်...”
ကြီးမားလှသော ဓားချီများ ဝင်းလက်သွားခဲ့ပြီး လျှပ်ယွမ်ဂိုဏ်း တပည့်များမှာ လေထဲမှ မိုးပေါက်များအလား မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြကာ အလောင်းများမှာ နေရာအနှံ့ ဖြစ်သွားတော့သည်။
ခဏအတွင်းမှာပင် လျှပ်ယွမ်ဂိုဏ်း တပည့်ခုနစ်ဦးအနက် လက်တစ်ဖက် ပြတ်နေသော ချန်ကျင်း တစ်ဦးတည်းသာ ကျန်ရှိတော့သည်။ ချန်ကျင်းမှာမူ အကြောက်လွန်ကာ ကြက်သေသေနေခဲ့ပြီး လော့ချန်၏ အကြည့်ကို မြင်လိုက်ရသည့်အခါ တုန်တုန်ရီရီဖြင့် ဆိုလိုက်သည်။
“ခွင့်... ခွင့်လွှတ်...”
“ဝှစ်...”
စကားလုံးတစ်လုံးမျှသာ ပြောလိုက်ရသေးသော်လည်း ထက်မြက်လှသော ဓားသွားမှာ သူ၏ပါးစပ်အတွင်းမှ တိုးဝင်သွားခဲ့ပြီး ဦးခေါင်းအနောက်ဘက်မှ ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ တောင့်တင်းစွာ လဲကျသွားတော့သည်။
လော့ချန်သည် လျှပ်စီးဓားကို အိမ်အတွင်းသို့ ပြန်ထည့်လိုက်သည်နှင့်တစ်ပြိုင်နက် နူးညံ့လှသော ကိုယ်ဟန်လေးတစ်ခုမှာ သူ့ထံသို့ ပြေးဝင်လာခဲ့ပြီး သူ့ကို ရင်ခွင်အတွင်းသို့ ဆွဲသွင်းလိုက်သည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့် သန်မာသူကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာပဲ... လော့ချန်... မတွေ့တာ ကြာပြီဖြစ်တဲ့ အချိန်အတွင်းမှာ မင်းက ဒီလောက်အထိ တော်လာတာလား... ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲမှာတောင် ပါဝင်လာတယ်ဆိုတော့ တကယ့်ကို ငါ့ရဲ့ ချစ်လှစွာသော မောင်ငယ်လေး ပီသပါပေတယ်...”
ချန်လင်းယူသည် လော့ချန်ကို ဖက်ထားရင်း အလွန်ပင် ဝမ်းသာနေခဲ့ပြီး လော့ချန်၏ တိုးတက်မှုကိုလည်း ဂုဏ်ယူနေမိသလို ပြန်လည်ဆုံတွေ့ရခြင်းအတွက်လည်း ပျော်ရွှင်နေမိသည်။
လင်ရှောင်ယွမ် လမ်းလျှောက်လာခဲ့ပြီး ပြုံးလျက် ဆိုလိုက်သည်။
“လော့ချန်က အခုဆိုရင် ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲက တစ်ယောက်ဖြစ်သလို အမြုတေမင်ကျုံးရဲ့ တိုက်ရိုက်တပည့်လည်း ဖြစ်နေပြီလေ... မင်းက စီနီယာလို့ မခေါ်သေးဘူးလား...”
ချန်လင်းယူက နှုတ်ခမ်းလေးကို စူလိုက်သည်။
“ထိပ်သီးမျိုးဆက်တပည့် ဖြစ်တော့ ဘာဖြစ်လဲ... သူက ငါ့ရဲ့ မောင်ငယ်လေး ဖြစ်နေတုန်းပဲ... လော့ချန်... ငါပြောတာ ဟုတ်တယ်မဟုတ်လား...”
ခြောက်လကျော်ခန့် မတွေ့ရသည့် အချိန်အတွင်း ချန်လင်းယူမှာ ပိုမိုလှပလာခဲ့ပြီး တင့်တယ်လှသော ကိုယ်လုံးကိုယ်ပေါက်မှာလည်း ဆွဲဆောင်မှုရှိနေကာ ယခုကဲ့သို့ လော့ချန်ကို ဖက်ထားသည့်အခါ လော့ချန်သည် နူးညံ့လှသော အထိအတွေ့ကို ခံစားလိုက်ရသဖြင့် စိတ်ထဲမှ ထူးခြားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော်လည်း ထို သူမ၏ အမူအရာမှာ လော့ချန်ကို အလွန်ပင် ရင်းနှီးစေခဲ့ပြီး ပြင်ပစည်းတွင် နှစ်ဦးအတူ ကျင့်ကြံခဲ့သည့် အချိန်များကို သတိရသွားစေတော့သည်။
“စီနီယာအစ်မ ပြောတာ မှန်ပါတယ်...”
လော့ချန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ချန်လင်းယူသည် လင်ရှောင်ယွမ်ကို ဂုဏ်ယူစွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
“စီနီယာလော့ချန် မင်္ဂလာပါ...”
“ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာလော့ချန်...”
အခြားသော ရွှမ်ယွမ်ဂိုဏ်း တပည့်နှစ်ဦးမှာလည်း အပြေးအလွှား လာရောက် နှုတ်ဆက်ကြပြီး လော့ချန်ကို အလွန်ပင် လေးစားအားကျသော အကြည့်များဖြင့် ကြည့်နေကြတော့သည်။
လော့ချန်က ခေါင်းညိတ်ပြလိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ ဆိုလိုက်သည်။
“မင်းတို့ ဒီကနေ အမြန်ဆုံး ထွက်သွားကြ... တစ်နေရာရာမှာ ဘေးကင်းအောင် ဒဏ်ရာတွေကို အရင်ကုသကြအုံး...”
စကားပြောနေစဉ်မှာပင် လော့ချန်သည် ကျန်ရှိနေသော သွေးဝိညာဉ်မှို အချို့ကို ထုတ်ယူကာ ချန်လင်းယူထံသို့ ပေးအပ်လိုက်သည်။
“ဒါက... နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ သွေးဝိညာဉ်မှို တွေပဲ...”
ချန်လင်းယူမှာ အနည်းငယ်မျှ အံ့အားသင့်သွားရသည်။ သူမသည် သွေးဝိညာဉ်မှိုများကို တိုက်ရိုက် သိမ်းဆည်းလိုက်ပြီးနောက် မှာကြားလိုက်သည်။
“လော့ချန်... ရှေ့က တောင်ကြားမှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ အခြေစိုက်စခန်း ရှိတာ... အဲဒီမှာ တိုက်ပွဲက အရမ်းပြင်းထန်နေတာလေ... ကြားရတာတော့ ထိပ်သီးမျိုးဆက်တပည့် အဆင့်ရှိတဲ့ သန်မာသူ နှစ်ယောက်တောင် သေသွားပြီတဲ့... မင်းလည်း သေချာပေါက် သတိထားပါဦး... ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း တွန်းအားမပေးပါနဲ့...”
“အင်း... ငါ သိပါတယ်...”
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။
စကားပြောနေစဉ်မှာပင် သေဆုံးသွားသော ရွှမ်ယွမ်ဂိုဏ်း တပည့်၏ အလောင်းကိုလည်း သပ်ရပ်စွာ သိမ်းဆည်းလိုက်ကြသည်။ အလောင်းကို မြင်ရသည့်အခါ ချန်လင်းယူသည် နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ပြီး မျက်ဝန်းများမှာလည်း နီမြန်းလာတော့သည်။
“ငါတို့ကို ကာကွယ်ဖို့အတွက်သာ မဟုတ်ရင် စီနီယာယွီ က...”
ချန်လင်းယူသည် ခေါင်းခါယမ်းလိုက်ပြီး လော့ချန်ကို ထပ်မံ၍ မှာကြားပြီးနောက်မှသာ လင်ရှောင်ယွမ်တို့နှင့်အတူ စီနီယာယွီ၏ အလောင်းကို သယ်ဆောင်ကာ ထွက်ခွာသွားကြတော့သည်။
လော့ချန်သည် လျှပ်ယွမ်ဂိုဏ်း တပည့်ခုနစ်ဦးနှင့် သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ အလောင်းများကို စုစည်းလိုက်သည်။ ချန်ဟန်ကျိ၏ အလောင်းကို ကြည့်လျက် လော့ချန်သည် စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့် သန်မာသူပဲ... ဒီလူတွေရဲ့ သိုင်းဝိညာဉ်အနှစ်သာရသွေးတွေကို ဝါးမျိုလိုက်ရင်တော့ နဂါးကျင့်စဉ် ဒုတိယအဆင့် ကို သေချာပေါက် ချိုးဖျက်နိုင်တော့မှာပဲ...’
လော့ချန်သည် ချက်ချင်းပင် ဝါးမျိုမှုကို စတင်လိုက်တော့သည်။
“ဟင်... ဒါက ဘယ်လိုဖြစ်တာလဲ...”
ဝါးမျိုမှု စတင်သည်နှင့်တစ်ပြိုင်နက် လော့ချန်သည် စိတ်အာရုံ တုန်ခါသွားခဲ့ပြီး မျက်လုံးများကို ဖွင့်လိုက်ရာ အံ့အားသင့်စရာ မြင်ကွင်းတစ်ခုကို တွေ့ရှိလိုက်ရသည်။
အခန်း ၆၂၉ ပြီးပါပြီ။
အခန်း ၆၃၀ - နဂါးကျင့်စဉ် ဒုတိယအဆင့်နှင့် စစ်တလင်း၏ ဗဟိုချက်
လော့ချန်သည် မိမိရှေ့ရှိ အလောင်းကိုးလောင်းကို ကြည့်လျက် ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။
ဤလူများမှာ သေဆုံးသည်မှာ မကြာသေးပေ။ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် ခုနစ်ဦးဆိုလျှင် သူကိုယ်တိုင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းများမှာပင် နွေးနေသေးပေသည်။
ယုတ္တိဗေဒအရဆိုလျှင် ဤမျှတိုတောင်းသော အချိန်အတွင်း၌ ထိုသူတို့၏ အနှစ်သာရသွေးများမှာ များစွာ ဆုံးရှုံးသွားစရာ အကြောင်းမရှိပေ။
သို့သော်လည်း အမှန်တရားမှာမူ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် ခုနစ်ဦးစလုံး၏ အနှစ်သာရသွေးများမှာ တစ်စိတ်တစ်ပိုင်း ဆုံးရှုံးနေခဲ့ပြီ ဖြစ်၏။
သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာမူ ပို၍ပင် ဆိုးရွားလှပေသည်။ သူတို့၏ အနှစ်သာရသွေးများမှာ အနည်းဆုံး သုံးပုံတစ်ပုံ၊ လေးပုံတစ်ပုံခန့် ဆုံးရှုံးနေခဲ့ပြီ ဖြစ်သည်။
“အရင်က အလောင်းတွေကလည်း ဒါကြောင့်ပဲလား...”
လော့ချန်သည် ယခင်က တွေ့ရှိခဲ့သော အနှစ်သာရသွေးများစွာ ဆုံးရှုံးနေသည့် အလောင်းများကို သတိရသွားမိသည်။ အခြားတစ်စုံတစ်ယောက်က အနှစ်သာရသွေးများကို သန့်စင်သည့် ကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် ဦးအောင် လုပ်ဆောင်သွားသည်ဟု သူ ထင်မှတ်ထားခဲ့၏။ သို့မဟုတ် သွေးဝိညာဉ်ဂိုဏ်းဝင်များလည်း ဖြစ်နိုင်ပေသည်။ သွေးဝိညာဉ်ဂိုဏ်းဝင်များတွင် လူသားတို့၏ အနှစ်သာရသွေးများကို သန့်စင်ကာ မိမိတို့၏ အလားအလာများကို မြှင့်တင်နိုင်သည့် နည်းလမ်းများ ရှိနေသည်မှာ ကြာမြင့်လှပြီဖြစ်ရာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။
သို့သော်လည်း ယခုကြည့်ရသည်မှာ ထိုသို့မဟုတ်ပုံရပေသည်။
လော့ချန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ အသေအချာ အာရုံခံကြည့်လိုက်သည်။
“ထူးဆန်းလိုက်တာ...”
ခေတ္တမျှကြာပြီးနောက် လော့ချန်သည် မျက်လုံးကို ဖွင့်လိုက်ပြီး မြေပြင်ပေါ်ရှိ သွေးစက်များကို ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်နေတော့သည်။
စိတ်ဝိညာဉ်စွမ်းအားဖြင့် အာရုံခံကြည့်သည့်အခါ အလောင်းများအတွင်းမှ သွေးရောင်အနှစ်သာရသွေးများမှာ ဝေဝါးလှသော အမျှင်တန်းလေးများအဖြစ် အဆက်မပြတ် ထွက်ပေါ်နေကြသည်။
ထိုသွေးရောင်အနှစ်သာရသွေးမျှင်လေးများမှာ မြေပြင်အောက်ခြေသို့ စိမ့်ဝင်သွားကြပြီး တစ်စုံတစ်ဦး၏ ဆွဲဆောင်မှုကို ခံထားရသကဲ့သို့ အရပ်မျက်နှာတစ်ခုတည်းဆီသို့ အကုန်အစင် စီးဆင်းသွားကြတော့သည်။
လော့ချန်သည် ၎င်း၏အရင်းအမြစ်ကို လိုက်လံရှာဖွေကာ ဤနောက်ကွယ်တွင် မည်သည့်လျှို့ဝှက်ချက် ရှိနေသလဲဆိုသည်ကို သိရှိလိုသော်လည်း မြေပြင်အောက်သို့ စိတ်ဝိညာဉ်စွမ်းအားကို ထိုးဖောက်ရန်မှာ လုံးဝ မလွယ်ကူလှပေ။ ၎င်းအပြင် ဤနေရာမှာ နက်မှောင်တောင်တန်း ဖြစ်သဖြင့် မြေပြင်အောက်ခြေ၌ ရှုပ်ထွေးလှသော အငွေ့အသက်များ ပြည့်နှက်နေသဖြင့် စိတ်ဝိညာဉ်စွမ်းအားမှာ ပိုမို၍ ထိုးဖောက်ရန် ခက်ခဲလှပေသည်။
လော့ချန်၏ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအားဖြင့် အစွမ်းကုန် ကြိုးစားလျှင်ပင် မြေပြင်အောက် မီတာတစ်ထောင်ခန့်အထိသာ ရောက်ရှိနိုင်ပြီး ၎င်းမှာ အကန့်အသတ် ဖြစ်နေသဖြင့် ထပ်မံ၍ မတိုးနိုင်တော့ပေ။
ယင်းနောက်ကွယ်ရှိ အရင်းအမြစ်ကို ရှာမတွေ့သော်လည်း လော့ချန်သည် အခြားသော တုန်လှုပ်စရာကောင်းသည့် အချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
မြေပြင်အောက်ခြေ၌ အနှစ်သာရသွေးမျှင်လေးများမှာ စမ်းချောင်းလေးများအလား စုစည်းနေကြပြီး မြစ်များ သမုဒ္ဒရာအတွင်းသို့ စီးဝင်သကဲ့သို့ အရပ်မျက်နှာအနှံ့မှနေ၍ နေရာတစ်ခုတည်းဆီသို့ အဆက်မပြတ် စီးဆင်းနေကြခြင်း ဖြစ်၏။
ထိုအရပ်မျက်နှာမှာ ချန်လင်းယူ ညွှန်ပြခဲ့သော တောင်ထိပ်ပင် ဖြစ်ပေသည်။ ၎င်းမှာ သွေးဝိညာဉ်ဂိုဏ်း၏ အခြေစိုက်စခန်း ဗဟိုချက်လည်း ဖြစ်၏။
လော့ချန်သည် ထိုတောင်ထိပ်ဆီသို့ မော့ကြည့်လိုက်သည်။
ကောင်းကင်ယံတစ်ခုလုံးတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းနေခဲ့ပြီး မိုးကြိုးလျှပ်စီးများလည်း အဆက်မပြတ် ကျရောက်နေကာ ဤမျှဝေးကွာလှသော နေရာမှပင် ပြင်းထန်လှသော တိုက်ခိုက်သံများနှင့် အော်ဟစ်သံများကို ရှင်းလင်းစွာ ကြားနေရတော့သည်။
“အဲဒီမှာ ဘာတွေ ဖုံးကွယ်ထားလဲ မသိဘူး...”
လော့ချန်၏ စိတ်အစုံမှာ အကြောင်းရင်းမရှိဘဲ လေးလံသွားခဲ့ပြီး ဤတစ်ခါ သွေးဝိညာဉ်ဂိုဏ်း အခြေစိုက်စခန်းကို ဝိုင်းတိုက်သည့် စစ်ဆင်ရေးမှာ ထင်သလောက် လွယ်ကူလိမ့်မည် မဟုတ်ဟု ခံစားလိုက်ရသည်။
“ထားလိုက်ပါတော့... အရင်ဆုံး ကျင့်ကြံပြီးတော့ နဂါးကျင့်စဉ် ကို ဒုတိယအဆင့် ရောက်အောင် ကြိုးစားရမှာပဲ...”
ယခုအချိန်တွင် အများကြီး တွေးနေလျှင်လည်း အပိုပင် ဖြစ်၏။ မိမိ၏ အစွမ်းကို အတတ်နိုင်ဆုံး မြှင့်တင်ထားခြင်းကသာ အပြောင်းအလဲများကို ရင်ဆိုင်နိုင်ရန်အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။
နဂါးကျင့်စဉ်သာ ဒုတိယအဆင့်သို့ ချိုးဖျက်နိုင်မည်ဆိုလျှင် နှစ်ဆသော တိုက်ခိုက်မှုစွမ်းအားကို ထုတ်ဖော်နိုင်မှာ ဖြစ်သဖြင့် မတော်တဆ တစ်ခုခုဖြစ်ခဲ့လျှင်ပင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် အခွင့်အရေး ပိုရှိလာမှာ ဖြစ်၏။
အလောင်းများအတွင်းမှ အနှစ်သာရသွေးများမှာ အချိန်တိုင်း ဆုံးရှုံးနေသဖြင့် လော့ချန်သည် အချိန်မဆွဲတော့ဘဲ ထိုင်ချလိုက်ကာ ဝါးမျိုမှုကို တိုက်ရိုက် စတင်လိုက်တော့သည်။
“ဝူး...”
နဂါးဟိန်းသံမှာ တုန်ခါသွားခဲ့ပြီး သွေးဝိညာဉ်ဂိုဏ်းဝင် နှစ်ဦးမှာ အနှစ်သာရသွေးများ အလွန်အမင်း ဆုံးရှုံးနေသဖြင့် သိုင်းဝိညာဉ်ကို မစုစည်းနိုင်တော့သော်လည်း၊ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် ခုနစ်ဦး၏ သိုင်းဝိညာဉ်များမှာမူ အကုန်အစင် ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး လော့ချန်၏ ကိုယ်ထဲသို့ တိုးဝင်သွားကြတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
သိုင်းဝိညာဉ်အနှစ်သာရသွေး ခုနစ်ခုအနက် တစ်ခုမှာ ချန်ဟန်ကျိ၏ ကြယ်ခုနစ်ပွင့် သိုင်းဝိညာဉ် ဖြစ်ရာ တစ်စိတ်တစ်ပိုင်း ဆုံးရှုံးနေခဲ့လျှင်ပင် စုစည်းလိုက်သည့်အခါ အနှစ်သာရသွေးများမှာ အလွန်ပင် အံ့အားသင့်စရာ ကောင်းလှပေသည်။ ၎င်းတို့မှာ မည်ဟီးနေသော ရေလှိုင်းကြီးများအလား လော့ချန်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများကို ဖြတ်သန်းကာ ချီစွမ်းအင်အိမ်တော် အတွင်းသို့ တိုးဝင်သွားကြတော့သည်။
လော့ချန်၏ ထိန်းချုပ်မှုအောက်တွင် ထိုသိုင်းဝိညာဉ်အနှစ်သာရသွေးများမှာ နဂါးပုံသဏ္ဌာန် ကိုးပုံခန့် ပေါ်ထွက်နေပြီဖြစ်သော ချီစွမ်းအင်အိမ်တော်ဆီသို့ အဆက်မပြတ် တိုးဝင်သွားကြသည်။
ထိုအရှိန်ကြောင့် ချီစွမ်းအင်အိမ်တော်၏ လည်ပတ်မှုမှာ ပိုမိုမြန်ဆန်လာခဲ့ပြီး လည်ပတ်လိုက်တိုင်း တစ်ကိုယ်လုံးရှိ အကြေးခွံများမှာ ပိုမို၍ စစ်မှန်လာကာ ပိုမို၍ အသက်ဝင်လာခဲ့ပြီး ပိတ်ထားသော နဂါးမျက်လုံးများမှာလည်း အချိန်မရွေး ပွင့်လာတော့မည့်အလား ရှိနေတော့သည်။
ခုနစ်ပုံခန့် တူညီလာသည်။
ရှစ်ပုံ။
ကိုးပုံ။
နောက်ဆုံးတွင်...
“ဂီး...”
စူးရှလှသော နဂါးဟိန်းသံတစ်ခုမှာ လော့ချန်၏ ချီစွမ်းအင်အိမ်တော်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဒုတိယမြောက် နဂါးပုံသဏ္ဌာန် ချီစွမ်းအင်အိမ်တော်မှာ လုံးဝ ပြောင်းလဲသွားခဲ့ကာ နဂါးမျက်လုံးများ ပွင့်လာပြီး တောက်ပလှသော အလင်းတန်းများ ထွက်ပေါ်လာသဖြင့် တိမ်တိုက်များကို ခွင်း၍ ပျံသန်းတော့မည့် စစ်မှန်သော နဂါးတစ်ကောင်အလား ရှိနေတော့သည်။
ထိုအခိုက်အတန့်တွင်...
“ဝုန်း...”
ပြင်းထန်လှသော အရှိန်အဟုန်တစ်ခုမှာ လော့ချန်၏ ကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး တောင်ကြားတစ်ခုလုံးသို့ ပျံ့နှံ့သွားကာ လေထုမှာ ရေလှိုင်းများအလား တုန်ခါသွားတော့သည်။
“နောက်ဆုံးတော့ ချိုးဖျက်နိုင်ပြီပဲ...”
လော့ချန်သည် မျက်လုံးကို ဖွင့်လိုက်ရာ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းရှိ နဂါးပုံသဏ္ဌာန် ချီစွမ်းအင်အိမ်တော် နှစ်ခုကို ချက်ချင်း လှည့်ပတ်လိုက်သည်။
“ဂီး...”
နဂါးဟိန်းသံနှင့်အတူ နဂါးပုံသဏ္ဌာန် ချီစွမ်းအင်အိမ်တော် နှစ်ခုမှာ အလျင်အမြန် လည်ပတ်နေကြသည်။
တစ်ခဏချင်းမှာပင် လော့ချန်၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များမှာ ပမာဏရော၊ အရည်အသွေးပါ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး ယခင်က အကန့်အသတ်ကို လုံးဝ ကျော်လွန်သွားကာ ပုံမှန်ထက် နှစ်ဆမျှ ရှိနေတော့သည်။
ရှေ့ရှိ ကုန်းမြင့်ငယ်လေးတစ်ခုကို ကြည့်လျက် လော့ချန်သည် လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်သည်။
“ဂျိမ်း...”
ကျစ်လျစ်လှသော လက်သီးချက်မှာ တောင်ကြားအတွင်း၌ ဝင်းလက်သွားခဲ့ပြီး ထိုကုန်းမြင့်ငယ်လေးမှာ မည်သည့်သဲလွန်စမျှ မကျန်ဘဲ ပျောက်ကွယ်သွားတော့ကာ မီတာဆယ်ဂဏန်းခန့် နက်ရှိုင်းသော ဧရာမ လက်သီးရာကြီးတစ်ခုသာ ကျန်ရစ်တော့သည်။
“ဒါက နှစ်ဆသော တိုက်ခိုက်မှုစွမ်းအားပဲ... သာမန်လက်သီးတစ်ချက်ကတောင် ငါ ပုံမှန်အချိန်မှာ အစွမ်းကုန် တိုက်ခိုက်တာနဲ့ တန်းတူ ရှိနေပြီပဲ...”
လော့ချန်သည် အလွန်ပင် တုန်လှုပ်သွားရသည်။
ထိုစဉ်က စီနီယာယွဲ့နှင့် တိုက်ခိုက်စဉ်ကသာ သူသည် နဂါးကျင့်စဉ် ဒုတိယအဆင့်ကို အောင်မြင်ထားခဲ့လျှင် ဤမျှအထိ ခက်ခဲစွာ တိုက်ခိုက်နေရမှာ မဟုတ်ဘဲ အကွက်အနည်းငယ်အတွင်းမှာပင် အနိုင်ရမှာ သေချာလှပေသည်။
တစ်ကွက်တည်းနှင့်ပင် အနိုင်ရနိုင်ပေသည်။
လော့ချန်သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး နဂါးကျင့်စဉ်ကို ရုပ်သိမ်းလိုက်ရာ တစ်ကိုယ်လုံး၌ ဟာတာတာ ဖြစ်သွားသော ခံစားချက်ကို ချက်ချင်း ခံစားလိုက်ရသည်။ ဤ တိုတောင်းလှသော အချိန်အတွင်းမှာပင် သူ၏တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များမှာ များစွာ ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်၏။
နဂါးကျင့်စဉ် ဒုတိယအဆင့်၏ အစွမ်းမှာ အမှန်တကယ်ပင် အတုမရှိလှပေ။ သို့သော်လည်း ကုန်ဆုံးမှုမှာလည်း ပိုမို၍ ကြီးမားလာခဲ့ပြီ ဖြစ်သည်။
“ဒါကလည်း မဆိုးပါဘူး... နှစ်ဆသော တိုက်ခိုက်မှုစွမ်းအားကို ထုတ်ဖော်နိုင်တာဆိုမှတော့ ကုန်ဆုံးမှု မကြီးမားဘူးဆိုတာ မဖြစ်နိုင်ဘူးလေ... နောင်ကျရင်တော့ ဒါကို ငါ့ရဲ့ အကြီးမားဆုံးသော လျှို့ဝှက်ချက်အဖြစ်ပဲ ထားရမှာပေါ့...”
လော့ချန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ချီစွမ်းအင်ဆေးလုံး အချို့ကို ထုတ်ယူကာ ဝါးမျိုလိုက်သည်။
“နှမြောစရာပဲ... အချိန်သာ ရှိမယ်ဆိုရင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့်ကိုပါ ချိုးဖျက်ဖို့ ကြိုးစားလို့ ရမှာပဲ...”
နဂါးကျင့်စဉ်ကို ချိုးဖျက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။ လော့ချန်သည် သူ၏ကျင့်ကြံဆင့် အတားအဆီးမှာလည်း လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။ အကယ်၍ အချိန်သာ ရှိမည်ဆိုလျှင် သူသည် အဆင့် ၉ အလယ်အလတ်အဆင့်သို့ ချိုးဖျက်နိုင်ရန်အတွက် ၆၀၊ ၇၀ ရာခိုင်နှုန်းခန့် ယုံကြည်မှု ရှိပေသည်။
သို့သော်လည်း ဤနေရာမှာ ကျင့်ကြံဆင့် ချိုးဖျက်ရန်အတွက် သင့်တော်သော နေရာမဟုတ်သည်မှာ ထင်ရှားလှပေသည်။
လော့ချန်သည် ခေါင်းခါယမ်းလိုက်ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည့် ထိုတောင်ထိပ်ဆီသို့ ကြည့်လိုက်ရာ မျက်ဝန်းများမှာ ထက်မြက်လာတော့သည်။
“သွားကြည့်ရမှာပေါ့...”
“ဝှစ်...”
ကိုယ်ဟန်ကို လှုပ်ရှားလိုက်ပြီးနောက် လော့ချန်သည် ရှေ့သို့ ပြေးထွက်သွားတော့သည်။
ဤတစ်ခေါက်တွင် သူသည် အချိန်မဆွဲတော့ဘဲ ခြေလှမ်းကျင့်စဉ်ကို အစွမ်းကုန် လှည့်ပတ်လိုက်ရာ သူ၏ကိုယ်ဟန်မှာ အလင်းတန်းတစ်ခုအလား ဟင်းလင်းပြင်ကို ဖြတ်ကျော်နေတော့သည်။
လမ်းတစ်လျှောက် သစ်တောများအတွင်းရှိ လူရိပ်များမှာလည်း တဖြည်းဖြည်းနှင့် များပြားလာခဲ့သည်။
ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များ ရှိသလို၊ သွေးဝိညာဉ်ဂိုဏ်းဝင်များလည်း ရှိနေကြကာ ဝတ်စုံအမျိုးမျိုးနှင့် သိုင်းလောကသား သန်မာသူများလည်း ပါဝင်နေကြသည်။
ဤ သွေးဝိညာဉ်ဂိုဏ်းဝင်များ၏ အစွမ်းမှာ အလွန်နိမ့်ကျလှပြီး အချို့မှာ ထူးခြားနယ်ပယ် ကျင့်ကြံသူများပင် ဖြစ်ကြသဖြင့် လော့ချန်သည် စိတ်ဝင်စားခြင်း မရှိပေ။ တစ်စုံတစ်ဦး အနိုင်မရဘဲ ရှိနေသည်ကို မြင်မှသာ လမ်းကြုံဝင်၍ ကူညီဖြေရှင်းပေးလိုက်တော့သည်။
“ရောက်ပြီ...”
မကြာမီမှာပင် လော့ချန်သည် ချန်လင်းယူ ညွှန်ပြခဲ့သော တောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။
အဝေးမှ ကြည့်စဉ်က ဤမျှ မထင်ရသော်လည်း အနားသို့ ရောက်သည့်အခါမှသာ ဤတောင်ကြီးမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်ကို တွေ့ရှိရပြီး မီတာထောင်ပေါင်းများစွာ မြင့်မားကာ မြက်တစ်ပင်ပင် မပေါက်ဘဲ ထူးဆန်းလှသော ကျောက်ဆောင်များဖြင့် ပြည့်နှက်နေသဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းနေသော ဧရာမ သားရဲကြီးတစ်ကောင်အလား ရှိနေတော့သည်။
ယခုအခါ ထိုတောင်ကြီးတစ်ခုလုံးတွင် အော်ဟစ်သံများမှာ ကောင်းကင်သို့ တိုင်နေခဲ့ပြီး ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များနှင့် အင်အားစုအသီးသီးမှ သန်မာသူများမှာ တောင်ထိပ်ပေါ်သို့ အဆက်မပြတ် တိုက်ခိုက်နေကြကာ တောင်ခါးပန်းအထက်ပိုင်းအထိ ရောက်ရှိနေကြပြီ ဖြစ်သည်။
၎င်းအပြင် တောင်ထိပ်ပေါ်မှလည်း အနက်ရောင်အစက်အပြောက်များစွာမှာ အဆက်မပြတ် ဆင်းသက်လာကြပြီး ထိုအစက်အပြောက်များမှာ သွေးဝိညာဉ်ဂိုဏ်းဝင်များပင် ဖြစ်ကြသည်။
ကောင်းကင်ယံထက်နှင့် မြေပြင်အနှံ့တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသော လူရိပ်များဖြင့် ပြည့်နှက်နေခဲ့ပြီး အလောင်းများမှာလည်း နေရာအနှံ့ ရှိနေကာ သွေးများကြောင့် တောင်ပေါ်ရှိ ကျောက်ဆောင်များမှာ နီရဲနေတော့သည်။ ၎င်းအပြင် နက်မှောင်တောင်တန်း၏ သိပ်သည်းလှသော သတ်ဖြတ်လိုသည့် တိမ်တိုက်များကြောင့် အလွန်ပင် ဖိအားများပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ဖြစ်ပေါ်နေသဖြင့် လှမ်းကြည့်ရုံနှင့်တင် လူကို ထိတ်လန့်သွားစေနိုင်ပေသည်။
အခန်း ၆၃၀ ပြီးပါပြီ။