← Chapters

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကို နင်းခြေခြင်း

Vol. 21 Ch. 218

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကို နင်းခြေခြင်း

Vol. 21 Ch. 218

ချင်းယွင်ကျိ၏ ရုတ်တရက်ပေါ်ပေါက်လာမှုကြောင့် အဇူရာတိမ်ဂိုဏ်းက လူများမှလွဲပြီး အားလုံး အံ့အားသင့်ကုန်ကြသည်။

ကောလာဟလများအရ ချင်းယွင်ကျိသည် အဇူရာတိမ်ဂိုဏ်းမှ ထွက်သွားလို့မရဘူးဟု ပြောနေကြခြင်း မဟုတ်ပါလော။

အဘယ်ကြောင့် ရုတ်တရက် ဤနေရာတွင်ပေါ်လာရပါသနည်း။

“မင်းဘယ်လိုလုပ် အဇူရာတိမ်ဂိုဏ်းထဲက ထွက်လာနိုင်တာလဲ” တန်ချိုး‌ရွှေ ချင်းယွင်ကျိကိုစိုက်ကြည့်ကာ မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်၏။

“မင်းကအဇူရာတိမ်ဂိုဏ်းမှာ စောင့်ကြပ်နေရမှာမဟုတ်ဘူးလား”

“ငါထွက်ချင်ရင်ထွက်တယ် ငါမထွက်ချင်ရင်မထွက်ဘူး”ချင်းယွင်ကျိ တန်ချိုး‌ရွှေကိုကြည့်ကာ ပြောလိုက်သည်။

“အရင်တုန်းက ငါမင်းရဲ့အသက်ကိုချမ်းသာပေးခဲ့ပေမယ့် အခုတော့ မင်းကငါ့တပည့်ရဲ့အသက်ကို သတ်ဖို့ ကြံခဲ့တယ်”

တန်ချိုး‌ရွှေ အသက်ပြင်းပြင်းတစ်ချက်ရှူကာ လှောင်ပြောင်လိုက်၏။

“အဲ့ဒီတုန်းက မင်းငါ့ကိုအနိုင်ယူနိုင်ခဲ့တာက အဇူရာတိမ်ဂိုဏ်းရဲ့ ၀င်္ကပါကြောင့်ပါ

အခုဒီနေရာမှာ ၀င်္ကပါရှိမနေဘူး မင်းငါ့ကိုဘာလုပ်နိုင်မှာလဲ

ကျန်းယန်အတွက်ကတော့ သူက ငါတို့ဂိုဏ်းသားတွေကိုသတ်ခဲ့တယ် သူ့ကိုပြန်ပြီးသတ်ကိုသတ်ရမယ်

မင်းကတော့ ရောက်လာပြီးပြီဆိုမှတော့ အသက်ရှင်လျက် ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့တော့”

အခြားဂိုဏ်းကြီးများမှ တာအိုပေါင်းစည်းခြင်းအဆင့်များလည်း အသာအယာပြုံးလိုက်ကြသည်။ သူတို့လည်း ထိုကဲ့သို့သာ တွေးနေခဲ့ခြင်း ဖြစ်၏။

ချင်းယွင်ကျိသည် အဇူရာတိမ်ဂိုဏ်းမှ ထွက်လာပြီဖြစ်သောကြောင့် ဤတစ်ကြိမ်က သူနှင့်ရင်ဆိုင်ဖို့ အကောင်းဆုံးအခွင့်အရေးရှိနေသောအချိန်ပင် ဖြစ်သည်။

ချင်းယွင်ကျိမရှိတော့လျှင် အဇူရာတိမ်ဂိုဏ်းကိုကိုင်တွယ်ဖို့က ဘာမှ မခက်တော့ပေ။

ချက်ချင်းဆိုသလို တာအိုပေါင်းစည်းခြင်းအဆင့် ၉ ယောက် ချင်းယွင်ကျိကို ဝိုင်းထားလိုက်ကြ၏။

ချင်းယွင်ကျိကတော့ အားလုံးကိုသိပ်ဂရုစိုက်ပုံမရပေ။ သူတန်ချိုး‌ရွှေကိုသာ စိုက်ကြည့်နေပြီး ထူးဆန်းစွာ ပြောလိုက်လေသည်။

“ငါမင်းကိုအရင်ကအခွင့်အရေးတစ်ခုပေးခဲ့တာတောင် မင်းကငါ့ရှေ့မှာ ချိုကြွရဲသေးတယ် ငါမင်းကိုခွင့်လွှတ်ပေးခဲ့တာကြောင့် မင်းမှာယုံကြည်မှုတွေရှိသွားလိမ့်မယ်လို့ ငါမျှော်လင့်မထားခဲ့မိဘူး

ငါအခုမင်းကိုအခွင့်အရေးတစ်ခုထပ်ပေးမယ် အသင့်ပြင်ထား ငါ့လက်ဝါးရိုက်ချက်တစ်ချက်ကို ခုခံနိုင်ရင် မင်းအသက်ကိုချမ်းသာပေးမယ်”

“ငါကဘာလို့မင်းကိုကြောက်ရမှာလဲ” တန်ချိုးရွှေ အေးစက်စက်လှောင်ပြောင်လိုက်၏။

ချက်ချင်းဆိုသလို သူတာအိုပေါင်းစည်းခြင်းအဆင့်၏ ပိုင်နက်စွမ်းအားကိုဖွင့်ထုတ်လိုက်လေသည်။ သူ့စိတ်ဝိညာဉ်ရတနာကိုအထဲတွင်ထည့်ထားသော ကောင်းကင်နှင့်မြေပြင်နှင့်မသက်ဆိုင်သည့် ပိုင်နက်တစ်ခုက သူ့ပတ်ပတ်လည်တွင် စတင်ပြန့်ကားလာခဲ့၏။

တန်ချိုး‌ရွှေ ပြင်ဆင်ပြီးသောအခါမှ ချင်းယွင်ကျိ ဖြည်းဖြည်းချင်း လက်ကိုမြှောက်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

ထိုလက်ဝါးတွင် ဘာစွမ်းအားမှပါနေပုံ မပေါ်ပေ။

သို့သော် ထိုလက်ဝါးရိုက်ချက်က တန်ချိုးရွှေ၏ပိုင်နက်‌နယ်မြေဆီ အေးအေးဆေးဆေးပင် ရောက်ရှိသွားခဲ့သည်။

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်၏ အစွမ်းအထက်ဆုံးအရာမှာ သူ့ပိုင်နက်စွမ်းအားသာ ဖြစ်၏။

သူတို့တာအိုပိုင်နက်ထဲတွင်ဆိုလျှင် သူတို့သည် အကြွင်းမဲ့အာဏာရှင်များဖြစ်ပြီး ထိုထဲတွင် အခြားလမ်းစဉ်များအားလုံးထက် သူတို့တာအိုလမ်းစဉ်က သာလွန်ပေသည်။

ထို့ကြောင့်လည်း တာအိုပေါင်းစည်းခြင်းအဆင့်အောက်ရှိ အဆင့်များက တာအိုပေါင်းစည်းခြင်းအဆင့်တစ်‌ယောက်၏စွမ်းအားကို လုံး၀ မခုခံနိုင်ခြင်း ဖြစ်၏။

တာအိုပေါင်းစည်းခြင်းအဆင့် အချင်းချင်းပင် အခြားသူ၏ တာအိုပိုင်နက်ထဲသို့ မည်သည့်ပြင်ဆင်မှုမှမရှိဘဲ ၀င်မသွားရဲပေ။

ထိုသို့၀င်သွားပါက သေလမ်းရှာနေခြင်းသာ ဖြစ်သွားပေလိမ့်မည်။

သို့သော် ချင်းယွင်ကျိကတော့ တန်ချိုးရွှေ၏တာအိုပိုင်နက်ကိုလုံး၀လျစ်လျူရှုထားပြီး လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ထိုပိုင်နက်ကိုဖြိုခွဲကာ လက်၀ါးရိုက်ချက်က အတွင်းထဲသို့ ရောက်ရှိသွားခဲ့‌သည်။

တန်ချိုးရွှေ လုံး၀ ကြက်သေသေသွားခဲ့၏။ ချင်းယွင်ကျိက သူ့တာအိုပိုင်နက်ကို ဘယ်လိုလုပ်ပြီး အခုလိုအသာလေးဖြိုခွဲသွားသလဲ သူလုံး၀ နားမလည်ခဲ့ပေ။

သူချက်ချင်း သူ့တာအိုပိုင်နက်စွမ်းအားကိုသုံးကာ ထိုလက်ဝါးကိုဖြိုခွဲဖို့ ကြိုးစားလိုက်သည်။

သို့သော် ချင်းယွင်ကျိ၏ လက်ဝါးရိုက်ချက်က သူ့စွမ်းအားကိုလုံး၀လျစ်လျူရှုထားပြီး သူ့ဆီသို့သာ ဦးတည်၍ လာနေခဲ့၏။

တန်ချိုးရွှေ ထိုလက်ဝါးကြီးသူနှင့်တဖြည်းဖြည်းနီးလာနေသည်ကို အကူအညီမဲ့စွာ ကြည့်ရှုနေခဲ့ရပြီး မတားဆီးနိုင်ခဲ့ပေ။

သူကြောက်လန့်တကြားဖြင့် သူ့တာအိုစွမ်းအားများအားလုံးကို မှော်လက်နက်ထဲ ပေါင်းထည့်လိုက်သည်။

သူ့မှော်လက်နက်က ချိတ်ရှည်ကြီးတစ်ခုဖြစ်၏။ နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့ပြီးနောက်တွင် ထိုအရာက အဆင့် ၇ စိတ်ဝိညာဉ်လက်နက်ပင် ဖြစ်နေခဲ့ချေပြီ။

သူ့တာအိုစွမ်းအားများ ချိတ်ရှည်ကြီးထဲ ၀င်သွားသောအခါ ထိုချိတ်ရှည်ကြီးထဲမှ အေးစက်စက် အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး လက်ဝါးကြီးဆီ ပြေး၀င်သွားခဲ့လေသည်။

“ချိုးဖျက်စမ်း!”

ချင်းယွင်ကျိ ရေရွတ်လိုက်၏။

စိတ်ဝိညာဉ်လက်နက်နှင့်ရင်ဆိုင်ရသောအခါ နောက်ဆုံးတွင် ချင်းယွင်ကျိ အနည်းငယ်ထပ်မံလှုပ်ရှားလိုက်သည်။

သူ့ဆီက ခပ်အုပ်အုပ်အသံထွက်ပေါ်လာသောအခါ တန်ချိုးရွှေ၏ ပိုင်နက်နယ်မြေက လုံး၀ ကွဲကြေသွားခဲ့၏။ သူ့တာအိုစွမ်းအားက အခြားနှိုင်းတု၍မရသော တာအိုစွမ်းအားဖြင့် ဖိနှိပ်ခြင်းကိုခံလိုက်ရပြီး သူ့တွင်ခုခံဖို့ ခွန်အားနည်းနည်းလေးပင် မကျန်ရစ်တော့ပေ။

တာအိုစွမ်းအားမရှိတော့သောအခါ သူ့ချိတ်ရှည်ကြီးကလည်း နဂိုမူလပုံစံသို့ပြန်ပြောင်းသွားပြီး ချင်းယွင်ကျိ၏လက်ဝါးကို ခုခံနိုင်စွမ်းမရှိတော့ပေ။

ထို့နောက် ချင်းယွင်ကျိ တန်ချိုး‌ရွှေကို ဖမ်းဆုပ်လိုက်ကာ သူ့ရှေ့တွင် ဆွဲမြှောက်ထားလိုက်လေသည်။

သူတန်ချိုး‌ရွှေကိုကြည့်၍ အေးအေးဆေးဆေးပြောလိုက်၏။

“ငါမင်းကိုအခွင့်အရေးတစ်ခုပေးခဲ့တယ်နော် မင်းကတကယ်အသုံးမကျတဲ့ကောင်ပဲ”

တန်ချိုးရွှေ တုန်ရီနေပြီး ကြောက်လန့်တကြားပြောလိုက်သည်။

“မင်းကပ်ဘေးဖြတ်ကျော်ပြီးသွားပြီလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းဘယ်တုန်းက ကပ်ဘေးဖြတ်ကျော်လိုက်တာလဲ ငါတို့ဘာလို့မသိခဲ့ရတာလဲ”

လန်ကျားအထွတ်အမြတ်မြေသည် အဇူရာတိမ်ဂိုဏ်းနှင့်အတော်လေးနီးကပ်သောနေရာဖြစ်ပြီး ပုံမှန်အားဖြင့်တော့ ချင်းယွင်ကျိကပ်ဘေးဖြတ်ကျော်လျှင် သူတို့မသိစရာအကြောင်းမရှိပေ။

သို့သော် အခုတော့ သူတို့ဘာကိုမှသတိမထားခဲ့မိပေ။ ချင်းယွင်ကျိက ဘယ်လိုကပ်ဘေးဖြတ်ကျော်သွားပါသနည်း။

“ဆရာ…ဆရာ ကပ်ဘေးဖြတ်ကျော်လိုက်ပြီလား” ကျန်းယန် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်၏။

သူက တာအိုပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်မဟုတ်ဘူးလား!

ကျန်းယန် သူတို့ပြန်ရောက်လျှင် သူ့ဆရာကို ကပ်ဘေးဖြတ်ကျော်ခိုင်းဖို့တောင် စဉ်းစားနေခြင်း ဖြစ်သည်။

“စီနီယာအစ်ကိုကြီး ဘယ်တုန်းက ကပ်ဘေးဖြတ်ကျော်လိုက်တာလဲ” လင်းယွင်ကျိလည်း လုံး၀ကြောင်အနေဟန်ဖြင့် မေးလိုက်၏။

သူ့လို ဂျူနီယာညီလေးတစ်ယောက်ပင် မသိဘူးဆိုလျှင် အခြားသူများဘယ်လောက်တုန်လှုပ်နေလိုက်မလဲ တွေးကြည့်နိုင်ပေသည်။

ကောင်းကင်ဒဏ္ဍာရီချင်းယွင်ကျိကို ငေးကြောင်စွာ စိုက်ကြည့်နေခဲ့မိ၏။ သူဒီလောက် စိတ်အေးနေတာ အံ့ဩစရာ မဟုတ်တော့ပေ။

သူက ကပ်ဘေးဖြတ်ကျော်ပြီးသွားပြီကိုး!

ဆရာ ကပ်ဘေးဖြတ်ကျော်ပြီးသွားပြီ!

စစ်ထူမင်ယွဲ့လည်း ကြောင်အနေခဲ့၏။ သူမသည် ကိုယ်တိုင်တောင်မသိလိုက်ဘဲ တကယ့်စွမ်းအားကြီးပုဂ္ဂိုလ်ကြီးတစ်ယောက်၏ တပည့် ဖြစ်လာခဲ့ချေပြီ။

ချင်းရှု မျက်လုံးများလည်းတောက်ပသွားခဲ့သည်။ ကြည့်ရတာ ဒီတစ်ခေါက်တော့ သူတကယ်ကြီး ဘေးကင်းတော့မည့်ပုံပင်။

အဇူရာတိမ်ဂိုဏ်းတွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ရှိနေပြီဆိုလျှင် အခြားဂိုဏ်းကြီးများ၏ သူတို့အပေါ်သဘောထားကလည်း ပြောင်းလဲသွားရပေတော့မည်။

အဘယ်ကြောင့်ဆိုသော် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဆိုသည်မှာ တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်နှင့် လုံး၀မတူညီသော အဆင့်တွင်ရှိနေခြင်း ဖြစ်သောကြောင့် ဖြစ်သည်။

ထိုကွာခြားချက်က သာမန်ဒုံးကျည်တစ်စင်းနှင့်နျူကလီးယားဒုံးကျည်တစ်စင်းလိုပင်ဖြစ်၏။

လူတိုင်း၏တုန်လှုပ်မှုနှင့်ရင်ဆိုင်ရသောအခါ ချင်းယွင်ကျိအသာအယာသာပြုံးပြလိုက်ပြီး ဘာဖြေရှင်းချက်မှ မပေးခဲ့ပေ။

သူတန်ချိုးရွှေကို ရိုးရှင်းစွာသာ ကြည့်လိုက်ပြီး အေးစက်စက်မေးလိုက်သည်။

“မင်းက ငါ့တပည့်ကိုထိဖို့ဘယ်ကသတ္တိတွေရလာတာလဲ ပြီးတော့ မင်းကငါ့ကိုတိုက်ခိုက်နိုင်မယ်လို့ရော ဘာလို့ယုံကြည်မှုရှိနေရတာလဲ”

ချင်းယွင်ကျိ၏ လက်ထဲတွင် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ဖြစ်သောတန်ချိုးရွှေ ခုခံနိုင်စွမ်း လုံး၀ မရှိခဲ့ပေ။

“စီနီယာ…”သူအက်ကွဲနေသောအသံကြီးဖြင့် ပြောလိုက်၏။

သူသည် ချင်းယွင်ကျိထက် အသက်ကြီးသော်လည်း သူကတာအိုပေါင်းစည်းခြင်းအဆင့်သာရှိသေးသောကြောင့် ချင်းယွင်ကျိကို စီနီယာဟုခေါ်ဖို့မှလွဲ ရွေးစရာမရှိခဲ့ပေ။

ချင်းယွင်ကျိ သူ့ကိုစိုက်ကြည့်ကာ အေးစက်စက်ပြောလိုက်လေသည်။

“လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက မင်းက နန်းကုန်းချီယုကို ခိုးယူသွားခဲ့တယ် အဲ့တာက သူ့ရွေးချယ်မှုသာဖြစ်လို့ ငါဘာမှမပြောခဲ့ဘူး ဒါပေမယ့် မင်းကအဇူရာတိမ်ဂိုဏ်းနယ်မြေထဲ တမင်သက်သက်၀င်လာပြီး အစွမ်းပြချင်ခဲ့သေးတယ် မင်း၀င်လာတဲ့အချိန်က ငါဂိုဏ်းမှာရှိမနေတဲ့အချိန်သာဖြစ်နေမယ်ဆိုရင် ငါမင်းကို ဒီလောက်လွယ်လွယ်လွှတ်ပေးခဲ့မိမှာ မဟုတ်ဘူး

အခုတော့မင်းက တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်တစ်ယောက်ဖြစ်ပြီး ဝိညာဉ်အခြေတည်အဆင့်ပဲရှိသေးတဲ့ ငါ့တပည့်ကို တိုက်ခိုက်ရဲနေပြန်ပြီ”

သူခေါင်းမော့ကာ သူ့‌ဆွဲမြှောက်ခြင်းကိုခံထားရသော တန်ချိုးရွှေကို မော့ကြည့်ပြီး အေးစက်စက်မေးလိုက်၏။

“လန်ကျားအထွတ်အမြတ်မြေကလူတွေ ဘယ်မှာလဲ”

လူတိုင်းအကြည့်က ကုန်းရှို့ပင်းဆီရောက်ရှိသွားခဲ့သည်။

ချင်းယွင်ကျိ ကုန်းရှို့ပင်းကိုကြည့်ကာ အေးအေးဆေးဆေးပြောလိုက်၏။

“ငါက တာအို‌ေပါင်းစည်းခြင်းအဆင့်တစ်‌ေယာက်ဖြစ်တဲ့ တန်ချိုးရွှေကိုသတ်လိုက်ပြီလို့ မင်းတို့ဂိုဏ်းချုပ်ကိုပြန်သွားပြောလိုက်”

“စီနီယာ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ” တန်ချိုးရွှေ ကြောက်လန့်တကြား အော်ပြောလိုက်လေသည်။

ချင်းယွင်ကျိ သူ့လက်ကိုပိုတင်းတင်းညှစ်လိုက်၏။

ထိုအခါ ဂုဏ်သိက္ခာကြီးမြတ်လှသော တာအိုပေါင်းစည်းခြင်းအဆင့်ကြီးတစ်ယောက်က ဆပ်ပြာပူဖောင်းတစ်လုံးလို လုံး၀ ပျောက်ကွယ်သွားခဲ့ရပြီး သူ့စိတ်ဝိညာဉ်လက်နက်သာ မြေပေါ်ပြန်ကျလာခဲ့သည်။

ကုန်းရှို့ပင်းတစ်ကိုယ်လုံးတုန်ရီသွားခဲ့ပြီး စကားတစ်လုံးမှ ပြန်မပြောရဲခဲ့ပေ။

သူ့ဘေးကလူများအားလုံးလည်း တိတ်ဆိတ်နေခဲ့ကြ၏။

ချင်းယွင်ကျိ ကျန်လူများကိုကြည့်ကာ အေးစက်စက်ပြောလိုက်သည်။

“မင်းတို့အားလုံးမှာလည်း ကိုယ်ပိုင်အကြံအစည်တွေရှိနေတယ်ဆိုတာ ငါသိတယ် ဒါပေမယ့် မင်းတို့တစ်ချက်မှမလှုပ်ရသေးတာကြောင့် ကံကောင်းသွားတယ် အဲ့တာကြောင့် ငါမင်းတို့အသက်ကိုချမ်းသာပေးလိုက်မယ် မဟုတ်ရင်လူတွေက ငါကအားနည်းသူကိုအနိုင်ကျင့်တယ်လို့ ပြောကြလိမ့်မယ်

မင်းတို့ဂိုဏ်းတွေကို ပြန်သွားပြောလိုက် ငါကမင်းတို့ကိုအဇူရာတိမ်ဂိုဏ်းမှာ စောင့်နေမယ်လို့”

ပြောပြီးသည်နှင့် ချင်းယွင်ကျိ သူ့လူများကိုခေါ်ကာ ပြန်ဖို့ပြင်လိုက်လေသည်။

“ဆရာ စောင့်ပါဦး” ကျန်းယန် ချက်ချင်းအော်ပြောလိုက်၏။

“တစ်ခုခုရှိသေးလို့လား” ချင်းယွင်ကျိ ကျန်းယန်ဘက်လှည့်ကာ အသာအယာပြောလိုက်သည်။

ယခုအခါတွင် သူသည် သူ့တပည့်ကိုကြည့်နေရင်းကို ပိုပိုပြီး စိတ်ကျေနပ်လာခဲ့ရ၏။

“ဆရာ…အကျိုးအမြတ်တွေ ရှိသေးတယ်လေ”

ကျန်းယန် သိုလှောင်ရတနာတစ်ခုကိုထုတ်ပြီး ထိုအထဲမှ တံဆိပ်ပြားအပုံလိုက်ကြီးကို သွန်ချလိုက်လေသည်။ ထို့နောက် တာအိုပေါင်းစည်းခြင်းအဆင့်များကိုကြည့်၍ ပြောလိုက်သည်။

“ခင်ဗျားတို့ရဲ့စည်းမျဉ်းတွေအရ တံဆိပ်ပြားအများဆုံးသိမ်းပိုက်နိုင်တဲ့လူက ဒီတစ်ခေါက်အရင်းအမြစ်အားလုံးပေါင်းရဲ့ သုံးပုံတစ်ပုံကိုရမယ်

အခုကျွန်တော့်မှာ တံဆိပ်ပြား ၂၀၀ကျော်ရှိတယ် ဘယ်သူမှ ကျွန်တော့်ထက် မများနိုင်တော့ဘူး

ဆိုတော့ ဆုကိုကျွန်တော့်ကိုလွှဲပေးပါ”

လူတိုင်း ကျန်းယန်ကိုငေးကြောင်စွာ ကြည့်ရှုနေခဲ့ကြ၏။

မင်းက လူတွေဒီလောက်သတ်ပြီး အထဲမှာလည်း ရှိသမျှ အရင်းအမြစ်အကုန်သိမ်းသွားတာတောင် ဒီအပြင်က ဆုလေးကို လိုချင်နေသေးတာလားဟ!

All Chapters