← Chapters

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း ၃၉၁ - မင်းကို ပျံသန်းစေချင်တယ်

ဂိုဏ်းများကြားကပြိုင်ပွဲကား စတင်လေပြီဖြစ်ရာ ထင်ထားသည့်အတိုင်း ပွဲစလိုက်သည်နှင့် လုယောင်ယောင်၏ ရမှတ်ဘားတန်းက စုရှောင်မေ့ထက် အပြတ်အသတ်သာနေပေသည်။

လုယောင်ယောင်၏ ရမှတ်များက တရိပ်ရိပ်တက်နေသော်လည်း စုရှောင်မေ့၏ဘားတန်းမှာမူ နည်းနည်းလေးသာ ကျန်တော့သည်အထိ လျော့နည်းသွားသည်။

ငါးမိနစ်ခန့်အကြာတွင် လုယောင်ယောင်၏ရမှတ်မှာ တစ်ထောင်အထိ တက်လာသော်ငြား စုရှောင်မေ့မှာမူ သနားစရာကောင်းလောက်အောင်ပင် ဆယ်မှတ်သာရှိသည်။

သူတို့နှစ်ယောက်က အဆင့်ချင်း လုံးဝမတူညီဘူးဟု ဆိုနိုင်သည်။ ဤပွဲမှာ လုံးဝအပြတ်အသတ် အနိုင်ရနေသည့် အခြေအနေမျိုးပင်။

ယဲ့ချန်းက တိုက်ရိုက်လွှင့်မှုကိုကြည့်ရင်း ထိုလူများက ပွဲကြည့်ရုံသက်သက် ရောက်လာကြခြင်းဖြစ်ကြောင်း မြင်နေရသည်။

သူတို့သည် အစောပိုင်းက ယဲ့ချန်းကို လှောင်ပြောင်ရာတွင် အလွန်တက်ကြွနေခဲ့ကြသော်လည်း ပြိုင်ပွဲစတင်လိုက်ချိန်တွင်မူ အားလုံး တိတ်ဆိတ်သွားကြသည်။

ဤလူများက စုရှောင်မေ့ကို လာကြည့်ရုံသက်သက်သာဖြစ်ပြီး ဘာမှမဟုတ်ကြပေ။

စုရှောင်မေ့ကို အနိုင်ရအောင် ကူညီဖို့လား။ လုံးဝမဖြစ်နိုင်ပေ။

အဆုံးတွင် စုရှောင်မေ့ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ သူတို့နှင့်မဆိုင်သလို စုရှောင်မေ့ တိုက်ရိုက်ထုတ်လွှင့်မှုမလုပ်တော့လျှင်ပင် အခြားတိုက်ရိုက်ထုတ်လွှင့်သူများကို ရှာနိုင်သေးသည်။

အလကားကြည့်ရတာက ပိုကောင်းတယ်မဟုတ်လား...

တကယ်တမ်းတွင် စုရှောင်မေ့ကိုယ်တိုင်လည်း ပြိုင်ဘက်၏အင်အားကို မြင်သည်နှင့် လက်လျှော့လိုက်ပြီဖြစ်၏။

ပြိုင်ဘက်၏အကောင့်က အဆင့်သုံးဆယ်ကျော်အကောင့်ဖြစ်ပြီး သူ(မ)မှာမူ အဆင့်တစ်ဆယ်သာရှိ၏။ ခွန်အားကွာခြားချက်က ကြီးမားလွန်းလှသည်။

သူ(မ)ခမျာ ဘာမှမပြောဘဲ ခါးသက်သက်ပြုံးလိုက်မိတော့သည်။

သူ(မ)ဘက်က ဆုချဖို့ တောင်း​ဆိုနေလျှင်ပင် အရာရောက်မည်မဟုတ်ကြောင်း သိနေသောကြောင့်ပင်။ သူ(မ)၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဆယ်ယွမ်ဖိုးလက်ဆောင်ပေးလျှင်ပင် အမာခံပရိသတ်ဟု ခေါ်ဆိုနိုင်ပြီဖြစ်ရာ မည်သို့ယှဉ်ပြိုင်နိုင်မည်နည်း။

ထိုအချိန်မှာပင် ဖန်သားပြင်ထက်၌ ဒုံးပျံတစ်စင်း ရုတ်တရက်ပျံတက်သွားသည်။

စုရှောင်မေ့မှာ တစ်ဖက်လူများက နောက်ထပ်ဒုံးပျံတစ်စင်း ထပ်ပို့လိုက်ပြန်ပြီဟုထင်ကာ သက်ပြင်းချလိုက်မိသည်။

နိုင်ဖို့လမ်းမမြင်တာကို ဘာလို့ ဒီလောက်တောင်ပို့နေတာလဲ....

သို့သော် သူ(မ)၏ရမှတ်ဘားတန်းက ပြိုင်ဘက်ကို ရုတ်တရက်လွှမ်းမိုးလိုက်ကြောင်း မြင်လိုက်ရသောအခါတွင်မူ ကြက်သေသေသွားရသည်။

"အာ... ဒါက ငါ့ပရိသတ်ဆီကလား"

တိတ်ဆိတ်နေခဲ့သော စုရှောင်မေ့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ရုတ်ခြည်း ရုတ်ရုတ်သဲသဲဖြစ်သွားလေတော့သည်။

"ဝိုး... တက္ကစီဒရိုင်ဘာအစ်ကိုကြီးက လန်းတယ်ဟ။ ဒုံးပျံနဲ့ စလိုက်တာတဲ့"

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးက အလကားလျှောက်ပြောနေတယ်လို့ထင်နေတာ။ တကယ်လက်ဆောင်ပေးသားပဲ"

"မိုက်တယ်။ တက္ကစီဒရိုင်ဘာအစ်ကိုကြီးက ရှောင်မေ့ရဲ့ အမာခံအားပေးသူလုပ်ချင်နေတာ ထင်တယ်"

ထိုဒုံးပျံကို ရုတ်တရက်မြင်လိုက်ရသောအခါ စုရှောင်မေ့ခမျာ မထိန်းထားနိုင်ဘဲ မျက်ရည်များကျဆင်းလာသည်။

၎င်းမှာ ဝမ်းသာမျက်ရည်များပင်။

စုရှောင်မေ့က တိုက်ရိုက်ထုတ်လွှင့်မှုကို အမြဲတမ်း အလေးအနက်ထားခဲ့သော်လည်း သူ(မ)၏ တိုက်ရိုက်ထုတ်လွှင့်သည့် ဟန်ပန်မှာ အရမ်းရိုးရှင်းလွန်းပြီး ယောက်ျားများကိုဆွဲဆောင်နိုင်မည့် စကားလုံးများကိုလည်း မပြောတတ်သဖြင့် နာမည်မကြီးခဲ့ပေ။

ယဲ့ချန်းက စာတစ်စောင်ပို့လိုက်သည်။

"တိုက်ရိုက်ထုတ်လွှင့်သူလေးရေ...မစိုးရိမ်နဲ့နော်။ မင်းရဲ့အစ်ကိုကြီး ရှိပါတယ်"

ယဲ့ချန်းက ထိုသို့ပြောပြီးသည်နှင့် တွန့်တိုမနေဘဲ ဒုံးပျံဆယ်စင်းကို တစ်ခါတည်းပို့လိုက်သည်။

ချက်ချင်းပင် ဖန်သားပြင်ပေါ်တွင် အကြောင်းကြားစာတစ်စောင် တက်လာခဲ့သည်။

[စုရှောင်မေ့အတွက် စူပါဒုံးပျံတစ်စင်း ပေးပို့ခဲ့တဲ့ တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို ဂုဏ်ပြုပါတယ်]

ဤအကြောင်းကြားစာကို သို့ယွီတိုက်ရိုက်ထုတ်လွှင့်ရေး ပလက်ဖောင်းတစ်ခုလုံးတွင် ထုတ်လွှင့်ပြသခဲ့သည်။

ထိုစာကို မြင်လိုက်ရသောအခါ စုရှောင်မေ့ခမျာ မျက်ရည်မထိန်းနိုင်တော့ပေ။

"ဝိုး ကြည့်စမ်း။ ရှောင်မေ့ငိုနေပြီ"

"ဒါတွေက ဝမ်းသာမျက်ရည်ပဲဖြစ်ရမယ်"

"ဒါနဲ့ ဒီတက္ကစီဒရိုင်ဘာအစ်ကိုကြီးက ဘယ်သူလဲ"

"စူပါဒုံးပျံဆယ်စင်းတောင် ပို့တာဆိုတော့ မိုက်လိုက်တာ"

သို့ယွီကွန်ရက်တွင် စူပါဒုံးပျံတစ်စင်းလျှင် ယွမ်ငါးထောင်ကျသင့်ပြီး ဆယ်စင်းဆိုလျှင် ယွမ်ငါးသောင်းပင်။

ယဲ့ချန်းက ယွမ်ငါးသောင်းကို ချက်ချင်းလက်ဆောင်ပေးလိုက်ခြင်းပင်။

"တိုက်ရိုက်ထုတ်လွှင့်သူလေး... ပထမပွဲစဉ်မှာတင် ပြုတ်သွားရင် သနားစရာကောင်းတယ်လေ။ စိတ်မပူနဲ့။ အစ်ကိုကြီးရှိတယ်။ ပထမပွဲစဉ်ကို အရင် အောင်အောင်မြင်မြင်ကျော်ဖြတ်လိုက်ရအောင်"

ထိုအချိန်တွင် လုယောင်ယောင်၏တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။

"သေစမ်း။ ဟိုဘက်က ဒုံးပျံဆယ်စင်းတောင် ပို့လိုက်ပြီ"

"သွားပြီ။ အဲ့ဒီတက္ကစီဒရိုင်ဘာအစ်ကိုကြီးက တော်တော်အထင်ကြီးဖို့ကောင်းပုံပဲ"

"အသာလေးနိုင်စေရမယ်ဆိုတဲ့ကတိက ဘယ်ရောက်သွားတာလဲ အစ်ကိုကြီးတို့... တစ်ခုခု လုပ်ကြပါဦး"

လုယောင်ယောင်က ပြောလိုက်၏။

"ငါ့ကံကြမ္မာကလည်း ခါးလိုက်တာ... ငနုလေးလို့ ထင်ထားတာ။ တကယ်တမ်းကျတော့ ဆရာကြီးဖြစ်နေတယ်"

လုယောင်ယောင်ခမျာ မွန်းကျပ်နေချေသည်။ တကယ်တမ်းတွင် သူ(မ)၏အဆင့်က အောက်ခြေအဆင့် တိုက်ရိုက်ထုတ်လွှင့်သူများအကြား သာမန်မျှသာဖြစ်ပြီး အများဆုံးရနိုင်သောပမာဏက တစ်သောင်းခန့်သာရှိ၏။

သာမန်တိုက်ရိုက်ထုတ်လွှင့်သူလေးဟု သူ(မ) ထင်ထားခဲ့သည့် လူတစ်ယောက်တွင် အမာခံပရိသတ်တစ်ယောက် ပေါ်လာလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။

လုယောင်ယောင်အတွက် ယဲ့ချန်း ပေါ်လာခြင်းကား ကပ်ဘေးတစ်ခုနှင့်တူသော်လည်း စုရှောင်မေ့အတွက်မူ သူ(မ)အဖို့ အားကိုးရာမဲ့ပြီး နာကျင်နေချိန်တွင် ပေါ်လာသော မင်းသားလေးတစ်ပါးနှယ်။

ယဲ့ချန်း၏ စူပါဒုံးပျံဆယ်စင်းကြောင့် ပြိုင်ဘက်လည်း ချက်ချင်းအရှုံးပေးလိုက်ရသည်။ စုရှောင်မေ့လည်း ပထမပွဲစဉ်ကို အသာလေးအနိုင်ရသွားသည်။

စုရှောင်မေ့ သက်ပြင်းချလိုက်မိသည်။

သူ(မ) နိုင်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားပေ။

စုရှောင်မေ့က ပြောလိုက်၏။

"ပထမပွဲစဉ်မှာ အနိုင်ရအောင်ကူညီပေးခဲ့တဲ့အတွက် တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။ ချစ်တယ်နော်"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ဒါက ပထမပွဲစဉ်ပဲ ရှိသေးတယ်လေ။ မင်းက ချစ်တယ်လို့တောင် ပြောနေပြီပေါ့။ တကယ်လို့ ဗိုလ်လုပွဲမှာသာ နိုင်သွားရင် မင်း ငါ့ကို ဘယ်လိုကျေးဇူးဆပ်မှာလဲ"

စုရှောင်မေ့ : "..."

ဂိုဏ်းများကြားက ပြိုင်ပွဲတွင် အနိုင်ရရန် စုရှောင်မေ့ အိပ်မက်ပင်မမက်ရဲပေ။

တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်အနေနှင့် ဤပြိုင်ပွဲများက မည်မျှပြင်းထန်ကြောင်း သူ(မ) သိသည်။

၎င်းမှာ ဂိုဏ်းများအကြား ပြိုင်ဆိုင်မှုတစ်ခုဖြစ်လေရာ ဂိုဏ်း၏ပံ့ပိုးမှုမရှိသည့် သူ(မ)လို တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက် အနိုင်ရရန်မှာ အိပ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ယဲ့ချန်းက သူမကို ယွမ်ငါးသိန်းခန့် လက်ဆောင်ပေးခဲ့လျှင်ပင် ပထမပွဲစဉ်အတွက်သာ လုံလောက်ပြီး နောက်ပိုင်းတွင် ပြိုင်ဘက်များက ပိုအားကောင်းလာမည်သာ။

ထိုအချိန်တွင် ယဲ့ချန်း၏စကားကို ကြားသော လူအများအပြားကလည်း သူ့အား လှောင်ပြောင်ကြလေသည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး... တစ်ပွဲလောက်နိုင်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် သို့ယွီရဲ့ရှယ်ယာရှင်များ အောက်မေ့နေတာလား"

"ဟားဟား.. ဒီအသေးစားတိုက်ရိုက်ထုတ်လွှင့်သူက နိုင်မယ်တဲ့လား။ ဟာသပဲ"

"စူပါဒုံးပျံဆယ်ခုတည်းနဲ့ ဗိုလ်လုပွဲကိုနိုင်မယ်လို့ ထင်နေတာကြီးကတော့ အိပ်မက်ကြီးလွန်းပါတယ်"

"ဟားဟား.. အိပ်မက်ကတော့ လှတယ်ဟေ့။ တကယ့်လက်တွေ့ကတော့ အရမ်းရက်စက်တယ်နော်"

ယဲ့ချန်းက ဤလူများ၏လှောင်ပြောင်မှုကို ဂရုမစိုက်ပေ။

ဂိုဏ်းတွေက အဲဒီလောက်တောင်အထင်ကြီးဖို့ကောင်းတာလား...

သူတို့ပစ်ပေးတဲ့ငွေတွေက တကယ့်ပိုက်ဆံအစစ်မဟုတ်ဘူး..

ယဲ့ချန်းကတော့ မတူပေ။ သူပေးလိုက်သည့်ပိုက်ဆံများက ဆယ်ဆပြန်ရမည့်ငွေများပင်။ မည်သူကများ ယဲ့ချန်းနှင့် ယှဉ်နိုင်မည်နည်း။

"မမြင်ဖူးမူးမြစ်ထင်နေတဲ့ဟာတွေ... တိုက်ရိုက်ထုတ်လွှင့်သူအသေးစားလေးကို ဘယ်လိုနာမည်ကြီးသွားအောင်လုပ်ပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်"

ဂိုဏ်းများကြားရှိ ပြိုင်ပွဲက ရှေ့ဆက်လေပြီ။ ဒုတိယပွဲစဉ်နှင့် တတိယပွဲစဉ်ရှိ ပြိုင်ဘက်များ၏ခွန်အားက လုယောင်ယောင်နှင့် အတူတူလောက်ပင်။ ခွန်အားအရာတွင် နှစ်သိန်းမှ သုံးသိန်းဝန်းကျင်ရှိသည်။

ယဲ့ချန်းက ထိုတိုက်ပွဲကိုဖြေရှင်းရန်အတွက် ဒုံးပျံဆယ်စင်းကို ထုတ်သုံးခဲ့သည်။

လေးကြိမ်မြောက်ပွဲစဉ်တွင် စုရှောင်မေ့တစ်ယောက် အင်အားကြီးသောပြိုင်ဘက်နှင့် တွေ့လိုက်သည်။

ပြိုင်ဘက်က အဆင့်၅၈အကောင့်ပိုင်ရှင်ဖြစ်၏။ ယနေ့အတွက် ထိပ်တန်းထောက်ပံ့သူက တစ်သန်းအထိ ထောက်ပံ့ပေးထားသည်။

ထို့ပြင် ဤအမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူက စင်းလုံးချောအဖွဲ့အစည်းမှ လန်လန်ဟုခေါ်သော ဘုရင်မတစ်ပါးပင်။

"မင်္ဂလာပါ အစ်မလန်လန်"

လန်လန်က ဆိုလေသည်။

"အထင်ကြီးဖို့ကောင်းလိုက်တာ။ ငါတို့ဂိုဏ်းက ဒီလောက်သန်မာတဲ့လူသစ်လေးတစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ထင်မထားဘူး"

"ဟားဟား... ငါတို့အချင်းချင်း ရန်မဖြစ်ဘဲနေရအောင်ပါ။ မင်းရဲ့အနိမ့်ဆုံးပမာဏက ဘယ်လောက်ရှိလဲ။ ငါ မင်းကို ရှစ်သိန်းအထိ ပေးနိုင်တယ်"

လန်လန်၏ထိပ်တန်းထောက်ပံ့သူ လန်လန့်ကိုအချစ်ဆုံးဟူသော လူက ပြောလာလေသည်။

"ငါ ဗိုလ်လုပွဲကို နိုင်ချင်တယ်"

ယဲ့ချန်းက ပြန်ဖြေလိုက်၏။

"မိုက်လိုက်တာ.. မင်းမှာ အဲဒီလောက်အထိ အစွမ်းရှိရင် ဒီပွဲစဉ်ကို ဒီတိုင်းအနိုင်ပေးလိုက်မယ်"

"လန်လန့်ကိုအချစ်ဆုံး"က ပြောလိုက်လေသည်။

"ကောင်းပြီ။ ကျေးဇူးပဲ"

ယဲ့ချန်းက ဆို၏။

လန်လန်၏ထိပ်တန်းထောက်ပံ့သူက အလွန်စဉ်းစားပေးတတ်သဖြင့် စုရှောင်မေ့၏တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ဒုံးပျံနှစ်ခုကို ပေးပို့လာသည်။

စုရှောင်မေ့က ကပျာကယာပြောလိုက်လေသည်။

"အစ်မလန်လန်ရဲ့ထိပ်တန်းထောက်ပံ့သူ 'လန်လန့်ကိုအချစ်ဆုံး'ကို ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းက ပြုံးစစဖြင့် လန်လန်၏တိုက်ရိုက်ထုတ်လွှင့်မှုထံသို့သွားပြီး စူပါဒုံးပျံနှစ်ခု ပို့လိုက်လေသည်။

ဂိုဏ်းတစ်ခုတည်းထဲတွင်ပင် ပိုသန်မာသူကသာ ရှင်ကျန်မည်ဖြစ်၏။

ဤပွဲစဉ်တွင် ယဲ့ချန်းက စူပါဒုံးပျံသုံးခုတည်းဖြင့် အသာလေးအနိုင်ပိုင်းခဲ့သည်။

လန်လန်လည်း အပြတ်အသပ်အနိုင်ယူခံလိုက်ရပြီးနောက် လန်လန်၏ထိပ်တန်းထောက်ပံ့သူ 'လန်လန့်ကိုအချစ်ဆုံး'က စုရှောင်မေ့၏တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်ကြည့်ရှုလေတော့သည်။

မည်သို့ပင်ဖြစ်စေ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ရန်အတွက် ယဲ့ချန်း၏ခွန်အားက မည်မျှရှိကြောင်း သိချင်မိသည်။

ငါးပွဲမြောက်တွင် ယဲ့ချန်း၏ပြိုင်ဘက်က သူတို့တတ်နိုင်သမျှ အကုန်ထုတ်သုံးလိုက်ပြီးနောက် ယဲ့ချန်းက သူတို့ကို စူပါဒုံးပျံအခုနှစ်ဆယ်နှင့် အနိုင်ယူပစ်လိုက်သည်။

ခြောက်ပွဲမြောက်တွင် ပြိုင်ဘက်က လိုင်းချိတ်ဆက်လိုက်သည်နှင့် လန်လန့်ကိုအချစ်ဆုံးက ယဲ့ချန်းထံသို့ မက်ဆေ့ချ်ပို့လာသည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး... သတိထားနော်။ ခင်ဗျားရဲ့ပြိုင်ဘက်က အရမ်းအားကောင်းတာ"

••••••••••••••••••••

အပိုင်း ၃၉၂ - ဒိတ်ဒိတ်ကြဲများ

ယခုအချိန်တွင် ဂိုဏ်းများကြားရှိ တိုက်ပွဲက ပွဲစဉ်ခြောက်အထိ ရောက်လာပြီဖြစ်ရာ ယဲ့ချန်းလည်း အားကောင်းသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။

ဘယ်ပြိုင်ဘက်မဆို ယဲ့ချန်းကတော့ နည်းနည်းမှမကြောက်ပေ။ ဤသည်မှာ တိုက်ပွဲတစ်ခုမျှပင် မဟုတ်ပါလော။

ယဲ့ချန်းလည်း ဤပွဲစဉ်အတွက် ပြိုင်ဘက်များကို တစ်ချက်ကြည့်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်သူ၏နာမည်မှာ "အသည်းတယားယားဖြစ်စေသူ"ဖြစ်ပြီး သူတို့၏အကောင့်က အဆင့်၅၈ကို ရောက်နေပြီဖြစ်၏။ ထိပ်တန်းထောက်ပံ့သူက ငါးသိန်းကျော် သုံးထားပြီးဖြစ်၏။ ဒုတိယအများဆုံးကမူ သုံးသိန်းကျော်ရှိသည်။ တတိယတစ်ယောက်မှာမူ နှစ်သိန်းကျော် သုံးထားလေရာ စင်စစ်ကြောက်မက်ဖွယ်ကောင်းသော ခွန်အားပင်။

"မင်္ဂလာပါ.. ကျွန်မက ဖျက်ဆီးရေးကမ္ဘာဂိုဏ်းက 'အသည်းတယားယားဖြစ်စေသူ'ပါ။ ရှင်နဲ့ ချိတ်ဆက်မိလို့ ဝမ်းသာပါတယ် မိန်းကလေး.. ရှင့်ရဲ့ထိပ်တန်းထောက်ပံ့သူက အရမ်းသန်မာတယ်လို့ ကြားတယ်။ ရှင် ကျွန်မကို အပြတ်အသတ်အနိုင်ပိုင်းမသွားပါစေနဲ့ မျှော်လင့်ရတာပဲ"

ယခင်ပွဲစဉ်များတွင် ယဲ့ချန်း၏လုပ်ဆောင်ချက်က သို့ယွီပလက်ဖောင်းတစ်ခုလုံးကို ပွက်လောရိုက်သွားစေခဲ့သည်။ အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် တက္ကစီဒရိုင်ဘာအစ်ကိုကြီး၏ ရေပန်းစားမှုကား အလွန်မြင့်တက်နေချေသည်။

သူသည် သူ့ခွန်အားဖြင့် သာမန်အဆင့်မျှသာရှိသော တိုက်ရိုက်ထုတ်လွှင့်သူလေးတစ်ယောက်ကို ပွဲစဉ်ခြောက်အထိရောက်အောင် ပို့ပေးနိုင်ခဲ့သည်ဖြစ်ရာ အလွန်အထင်ကြီးဖို့ကောင်းလှသည်။

တိုက်ရိုက်ထုတ်လွှင့်သူများအတွက် လူကုံထံများကသာ တစ်ခုတည်းသောအားကိုးရာပင်။

ပလက်ဖောင်းတိုင်းတွင် လူကုံထံများက အာရုံစိုက်မှု၏ဗဟိုချက်ဟု ဆိုနိုင်ပေသည်။

ယဲ့ချန်းက ယခုအချိန်တွင် သို့ယွီပလက်ဖောင်း၌ တစ်သန်းနီးပါးသုံးထားပြီးဖြစ်၏။

အကြီးအကျယ်ထုတ်သုံးနိုင်သူတစ်ယောက်၏ ရုတ်တရက်ဆန်သော တိုးတက်မှုကြောင့် ပလက်ဖောင်းတစ်ခုလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်လိုက်နိုင်သည်။

ဤတစ်ကြိမ်တွင် 'အသည်းတယားယားဖြစ်စေသူ'၏ ပန်းတိုင်က ဗိုလ်လုပွဲကို အနိုင်ရရန်ပင်။ ယခုလိုအစွမ်းထက်သူများနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားချေ။

သို့သော် သူ(မ)က ကိုယ့်ကိုယ်ကိုယ်အလွန်ယုံကြည်မှုရှိသည်။ ယဲ့ချန်းကို သူ(မ)၏တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဆွဲခေါ်နိုင်လျှင် ပိုကောင်းသည်ဟုပင် တွေးနေချေသည်။

'အသည်းတယားယားဖြစ်စေသူ'က သူ(မ)၏နာမည်နှင့် လိုက်ဖက်စွာပင် အလွန်ဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိသည်။

စုရှောင်မေ့ခမျာ ယဲ့ချန်းက သူ(မ)၏ပြိုင်ဘက်ကို မျက်စိကျသွားမည်ကို အလွန်စိုးရိမ်နေရသည်။

စုရှောင်မေ့ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီးနောက် ပြိုင်ပွဲစတင်လေတော့သည်။

'လန်လန့်ကိုအချစ်ဆုံး'က ယဲ့ချန်းထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။

"ကိုယ့်လူ 'အသည်းတယားယားဖြစ်စေသူ'မှာ ထိပ်တန်းထောက်ပံ့သူသုံးယောက်ရှိတယ်။ ပထမတစ်ယောက်က 'အသည်းတယားယားဖြစ်စေချင်သူ'တဲ့။ ဒုတိယတစ်ယောက်က မင်းကို အသည်းစွဲနေသူ'တဲ့။ တတိယတစ်ယောက်က မင်းကြောင့် အသည်းတယားယားဖြစ်ချင်သူ'တဲ့။ သူတို့သုံးယောက်က နေ့တိုင်း သူ့အတွက်နဲ့ အများကြီးသုံးပေးကြတာ။ သူတို့က အရမ်းစွမ်းတာ။ အဲဒါကြောင့် သတိထားနော်"

အစတုန်းက 'အသည်းတယားယားဖြစ်စေသူ'က ယဲ့ချန်းနှင့် အီစီကလီလုပ်ချင်ပါသော်ငြား ကံဆိုးချင်တော့ စုရှောင်မေ့က သူ(မ)ကို အခွင့်အရေးလုံးဝမပေးဘဲ ပြိုင်ပွဲကိုသာ စတင်လိုက်သည်။

ပြိုင်ပွဲစတင်သည်နှင့် အသည်းတယားယားဖြစ်စေသူ၏ ထိပ်တန်းထောက်ပံ့သူသုံးယောက်က စူပါဒုံးပျံဆယ်ခုစီ ပို့ပြီး တိုက်ခိုက်မှုကို စတင်လိုက်သည်။

ယဲ့ချန်းလည်း တုန်လှုပ်မနေပါဘဲ စူပါဒုံးပျံအခုငါးဆယ် ပြန်ပို့လိုက်သည်။

"သေစမ်း.. ဒါက အသန်မာဆုံးတက္ကစီဒရိုင်ဘာအစ်ကိုကြီးပဲ.. တစ်ခါတည်းနဲ့ ဒုံးပျံအစင်းငါးဆယ်တောင်"

"ကြမ်းလိုက်တာဦ တစ်ယောက်နဲ့သုံးယောက်ပြိုင်တာ မိုက်ချက်"

ယဲ့ချန်းက စူပါဒုံးပျံအခုငါးဆယ်ကို ပြန်ပို့လာကြောင်း မြင်လိုက်ရချိန်မှာ ထိုသုံးယောက်လည်း တစ်ဖန်ပူးပေါင်းပြီး စူပါဒုံးပျံဆယ်ခုကို ထပ်ပို့လိုက်ကြပြန်သည်။

ယဲ့ချန်း ပြုံးလိုက်မိ၏။

သူတို့က လူများတာနဲ့ပဲ အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား...

ဤတစ်ခေါက်တွင်မူ ယဲ့ချန်းက စူပါဒုံးပျံအစင်းငါးဆယ်ကို ထပ်ပို့လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ချန်းက စူပါဒုံးပျံအစင်းတစ်ရာကို ပို့လိုက်ပြီဖြစ်ရာ စုစုပေါင်းငါးသောင်းအထိ သုံးပစ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဤလက်ဆောင်များက တကယ့်ပိုက်ဆံများကို သုံးရခြင်းဖြစ်၏။ ဤသို့ပေးခြင်းမှာ တိုက်ရိုက်ထုတ်လွှင့်သူများအတွက်သာဖြစ်ပြီး ဘာဆုမှမရပေ။

ထိပ်တန်းထောက်ပံ့သူအများစုက တိုက်ရိုက်ထုတ်လွှင့်သူအတွက် လက်ဆောင်ပေးကြခြင်းဖြစ်၏။ နောက်ကွယ်တွင် မည်သို့သောငွေပေးငွေယူရှိနေသလဲဆိုသည်ကိုမူ မသိနိုင်ပေ။

ယဲ့ချန်း စုရှောင်မေ့ကို စစ်မှန်သောစိတ်ရင်းဖြင့် ကူညီပေးရင်း ဘောနပ်စ်ရရန် ကြိုးစားနေခြင်းပင်။

ငါးသောင်းသုံးလိုက်ခြင်းအတွက် ငါးသိန်းပြန်ရနိုင်သည်မဟုတ်လား။ မည်သူကများ မလုပ်ဘဲနေမည်နည်း။

သို့သော် အသည်းတယားယားဖြစ်စေသူ၏ ထိပ်တန်းထောက်ပံ့သူသုံးယောက်ကတော့ အလွန်မွန်းကျပ်နေချေသည်။

အသည်းတယားယားဖြစ်စေသူ : "သေစမ်း.. သူရူးနေတာလား။ ဒီလောက်အထိသုံးတယ်ပေါ့"

မင်းကိုအသည်းစွဲနေသူ : "ငါတော့ အနိုင်ပိုင်းခံလိုက်ရပြီ။ ဒီလူက အရမ်းကြမ်းတာပဲ"

အသည်းတယားယားဖြစ်ချင်သူ : "ဒီတက္ကစီဒရိုင်ဘာက ဘယ်သူလဲ။ ငါတို့ ဆက်တိုက်မလား"

ထိုသုံးယောက်က တန်ပြန်တိုက်စစ်အတွက် သီးသန့်ဆွေးနွေးကြသည်။

ယခုအချိန်တွင် ယဲ့ချန်းက စူပါဒုံးပျံအခုတစ်ရာကို ပို့လိုက်ပြီးဖြစ်၏။ ဤထိပ်တန်းထောက်ပံ့သူသုံးယောက်ကမူ ခြောက်ဆယ်မျှသာ ပို့ရသေးသည်။ ကွာဟချက်မှာ အလွန်ကြီးမားလှသည်။

သူတို့မှာ နောက်ဆုံးအကန့်အသတ်သို့ ရောက်လုနီးလေပြီ။ ယဲ့ချန်းကို ကျော်တက်ရန်မှာ မဖြစ်နိုင်တော့ပေ။ သို့သော် ယဲ့ချန်းကသာ ဆက်ပို့နေပါက သူတို့တွင်လည်း ရွေးချယ်စရာမရှိတော့ပေ။

မည်သူကများ ထိုအဖြစ်ကို ကိုင်တွယ်နိုင်မည်နည်း။

အသည်းတယားယားဖြစ်စေချင်သူ : "မဖြစ်လောက်ဘူးထင်တယ်။ ငါတို့ သူ့ကိုကျော်တက်နိုင်ရင်တောင် သူက ထပ်ပို့မှာပဲ။ ငါတို့ ရှုံးမှာသေချာတယ်"

မင်းကိုအသည်းစွဲနေသူ : "အကုန်ထုတ်သုံးရအောင်။ မင်းတို့တွေက ဆယ်ခုစီပို့ကြ။ ငါက အခုနှစ်ဆယ်ပို့မယ်"

မင်းကြောင့် အသည်းတယားယားဖြစ်နေသူ : "ကောင်းပြီလေ။ ဒါေပမဲ့ ငါတော့ ဒီလူ့မှာ ဘာအကန့်အသတ်မှမရှိဘူးလို့ ခံစားမိတယ်။ ဒီည နှစ်သိန်းလောက်ထုတ်သုံးပြလောက်တယ်"

"ဒီတစ်ခေါက် အရှုံးပေးလိုက်ရင်ရော.. ဘယ်လိုပဲဖြစ်ဖြစ် ရှုံးနေပြီပဲကို"

မင်းကြောင့်အသည်းတယားယားဖြစ်ချင်သူက အကြံပေးလိုက်သည်။

သူ့စကားကိုကြားသော် တိုက်ရိုက်ထုတ်လွှင့်သူမှာ စိုးရိမ်ကြောင့်ကြသွားသည်။

မည်သို့ပင်ဖြစ်စေ ဤပြိုင်ပွဲ၏ရည်ရွယ်ချက်မှာ ထုတ်သုံးနိုင်စွမ်းကို လှုံ့ဆော်ရန်ဖြစ်၏။ ဂိုဏ်းများကြားရှိ တိုက်ပွဲတွင် ရှုံးခဲ့လျှင်ပင် သူ(မ)၏ထိပ်တန်းထောက်ပံ့သူများက သူ(မ)ကို လက်ဆောင်ပို့ပေးနေသရွေ့ သူ(မ) ပိုက်ဆံရမည်သာ။

အသည်းတယားယားဖြစ်စေသူ : "ရှင်တို့သုံးယောက် ထပ်ကြိုးစားကြည့်ပါလား.. အလုပ်မဖြစ်ဘူးဆိုရင် ကျွန်မတို့ လက်ခံပါ့မယ်"

အသည်းတယားယားဖြစ်စေသူခမျာ မွန်းကျပ်နေသည်။ ဤအငယ်စားတိုက်ရိုက်ထုတ်လွှင့်သူလေးက ဤသူဌေးကြီးကို တက္ကစီဌားရာမှ တွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သူ(မ)လည်း တက္ကစီငှားနေကျပင်။ သူ(မ)မှာတော့ ထိုကဲ့သို့သော ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များနှင့် ဘာကြောင့် မတွေ့ရလေသလဲ။

ယဲ့ချန်းက စူပါဒုံးပျံအစင်းတစ်ရာကို ဆက်တိုက်ပို့လိုက်သဖြင့် တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး တက်ကြွသွားပြန်လေသည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးက မိုက်လိုက်တာ။ ငါတို့ရှောင်မေ့ကို ထိပ်ဆုံးကိုမရောက်အောင် ဘယ်သူကတားမလဲဆိုတာ သိချင်သေးတယ်"

"ဟားဟား.. ဟိုဘက်ကတော့ ကြောက်သွားပုံပဲ။ အခုထိ ဘာမှမတုံ့ပြန်သေးဘူး"

"ချန်ပီယံဆုကို ပိုင်ဆိုင်လိုက်တဲ့အတွက် စုရှောင်မေ့ကို ဂုဏ်ပြုပါတယ်"

…..

ယဲ့ချန်း၏ကြိုးစားမှုကြောင့် စုရှောင်မေ့၏တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ကြည့်ရှုသူပေါင်းတစ်သောင်းအထိ ရှိလာပြီဖြစ်၏။

အများစုက ယဲ့ချန်း ငွေကို ဘယ်လိုသုံးပြမလဲဆိုသည်ကို သိချင်သောကြောင့် ရောက်လာကြခြင်းပင်။

လက်ရှိအချိန်တွင်ယဲ့ချန်းက နှစ်သိန်းနီးပါးသုံးထားပြီးဖြစ်၏။ ယခုလိုသုံးစွဲပုံမှာ အလွန်ရှားပါးလှ၏။

ယဲ့ချန်း၏အဆင့်ကလည်း ဧကရာဇ်အဆင့်သို့ ရောက်သွားလေပြီ။

ထိုအချိန်တွင် အသည်းတယားယားဖြစ်စေသူဘက်က ထောက်ပံ့သူသုံးယောက်ကလည်း စူပါဒုံးပျံအစင်းငါးဆယ်ကို ထပ်ပို့လာပြန်လေသည်။

အသည်းတယားယားဖြစ်စေသူလည်း သက်မချလိုက်မိသည်။

မည်သို့ပင်ဖြစ်စေ သူ(မ) ငွေရှာလိုက်နိုင်ပြီဖြစ်၏။

ထိုလူသုံးယောက်ခမျာ ယဲ့ချန်းဘက်က ဘာများတုံ့ပြန်လာမလဲဆိုသည်ကို စိုးရိမ်ကြောင့်ကြစွာ စောင့်ကြည့်နေကြသည်။

မကြာခင်မှာပင် ယဲ့ချန်းက စူပါဒုံးပျံအစင်းတစ်ရာကို ထပ်ပို့လာပြန်လေသည်။

ဤတစ်ခေါက်တွင်မူ သူတို့သုံးယောက် လုံးဝရှုံးသွားလေပြီ။

သူ့ကို မည်သို့ယှဉ်နိုင်တော့မည်နည်း။

အသည်းတယားယားဖြစ်စေချင်သူ : "တက္ကစီဒရိုင်ဘာအစ်ကိုကြီး ကျွန်တော်အရှုံးပေးပါပြီ"

မင်းကိုအသည်းစွဲနေသူ : "ခင်ဗျားကမိုက်လိုက်တာ။ ကျွန်တော်ရှုံးပါတယ်"

မင်းကြောင့်အသည်းတယားယားဖြစ်ချင်သူ : "မပြိုင်ရဲတော့ပါဘူး။ တကယ့်နတ်ဘုရားအစစ်ပါပဲ"

သူ(မ)၏ဒိတ်ဒိတ်ကြဲသူဌေးသုံးယောက်က အလျှော့ပေးကုန်ကြောင်း မြင်လိုက်ရချိန်ဝယ် အသည်းတယားယားဖြစ်စေသူလည်း ရွေးချယ်စရာမရှိတော့ပေ။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးက အရမ်းမိုက်တာပဲ။ ကျွန်မနှလုံးသားလေးကို အနိုင်ယူလိုက်တာပဲ။‌ ဆေးကုသစရိတ်အနေနဲ့ စူပါဒုံးပျံဆယ်စုလောက်ပေးလို့ရမလား"

ပုံမှန်ဆိုလျှင် တစ်ဖက်က ရှုံးသွားလျှင် ထောက်ပံ့သူများက ပြိုင်ဘက်တိုက်ရိုက်ထုတ်လွှင့်သူကို ဆေးကုသစရိတ်များ ပေးရသည်။

ထိုအချိန်တွင် အသည်းတယားယားဖြစ်စေသူ၏ ထောက်ပံ့သူသုံးယောက်က ယဲ့ချန်းနှင့် မိတ်ဆွေဖွဲ့သည့်သဘောဖြင့် စုရှောင်မေ့ထံသို့ စူပါဒုံးပျံနှစ်ခုစီ ပို့လိုက်ကြသည်။

သူ(မ)၏ထိပ်တန်းထောက်ပံ့သူများက စုရှောင်မေ့အတွက် စူပါဒုံးပျံခြောက်ခုပို့လိုက်ကြောင်း မြင်လိုက်ရသောအခါ သူ(မ) မကျေမနပ်ဖြစ်သွားလေသည်။

"အစ်ကိုတို့.. ဒီညီမလေးကိုရော ဘာလို့မပို့တာလဲ။ သနားဖို့ကောင်းတဲ့ ကျွန်မရဲ့နှလုံးသားလေး အရမ်းအေးစက်သွားပြီ"

အသည်းတယားယားဖြစ်စေသူ၏ စကားများကြောင့် ထိုလူသုံးယောက်လည် မပျော်တော့ပေ။

ငါ့ပိုက်ဆံကို ဘယ်သူ့ပေးပေး မင်းက ဘာလာထိန်းချုပ်နေတာလဲ…

သူတို့ဘက်က အလွန်ရက်ရောနေကြောင်း မြင်လိုက်ရသောအခါ ယဲ့ချန်းလည်း အသည်းတယားယားဖြစ်စေသူ၏တိုက်ရိုက်ထုတ်လွှင့်ခန်းကိုသွား၍ တုံ့ပြန်သည့်အနေနှင့် စူပါဒုံးပျံခြောက်ခုကို ပို့လိုက်သည်။

ယဲ့ချန်းက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ရောက်လာကြောင်း မြင်လိုက်ရချိန်ဝယ် အသည်းတယားယားဖြစ်စေသူမှာ အလွန်တက်ကြွသွားသည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး.. ပံ့ပိုးပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မနေရာမှာ ရှင့်ကို အမြဲကြိုဆိုနေပါတယ်နော်။ ကျွန်မ ရှင့်နှလုံးသားလေးကို လှုပ်ရှားသွားအောင် လုပ်ပေးမှာပါ"

ဤသို့ပြောပြီးနောက် အသည်းတယားယားဖြစ်စေသူက အသည်းပုံလေးတစ်ခု လုပ်ပြလိုက်သည်။

အသည်းတယားယားဖြစ်စေသူ၏ရုပ်ရည်က စင်စစ်အံ့ဩမှင်တက်ဖွယ်ကောင်းလှပေသည်။ အနည်းဆုံးတော့ ရုပ်ရည်ရမှတ်ကိုးဆယ့်ငါးရာခိုင်နှုန်းရှိသည်။ အရေးအကြီးဆုံးမှာ သူ(မ)၏အဝတ်အစားက စုရှောင်မေ့ထက် ပိုဖော်ထားသည်။

ယဲ့ချန်းလည်း စူးစမ်းလိုစိတ်ဖြစ်သွားသည်။ ထို့ကြောင့် ဟန်ဆောင်မှုစစ်ဆေးရေးစနစ်ဖြင့် သူ(မ)ကို စစ်ဆေးကြည့်လိုက်သည်။

စစ်ကြည့်လိုက်ချိန်တွင်မူ ယဲ့ချန်း အကြောင်သားဖြစ်သွားရသည်။

•••••••••••••••

အပိုင်း ၃၉၃ : မထိန်းနိုင်တော့ဘူး

ယဲ့ချန်းခမျာ ကြက်သေသေသွားရသည်။ ဟန်ဆောင်မှုရမှတ် ၉၈မှတ်ရှိသည်ဖြစ်ရာ အမှတ်ပြည့်နီးနီးပင်။

ယဲ့ချန်းက ဆော့ဖ်ဝဲလ်တစ်ခုကိုသုံး၍ တစ်ဖက်လူ၏ကွန်ပျူတာကို ဟက်ခ်ရန် ကြိုးစားလိုက်လေရာ ပိုထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသည်။

ဤမိန်းကလေး၏ဖုန်းထဲရှိ ဓာတ်ပုံများမှာ ဖန်သားပြင်ထက်က သူ(မ)၏ပုံစံနှင့် တခြားစီပင်။

ဤတိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ အလှအပသက်ရောက်မှုများမှာ အလွန်အံ့ဖွယ်ကောင်းလှသည်။ ထိုအရာက ရုပ်ရည်ရမှတ်ခြောက်ဆယ်ခန့်သာရှိသော အယောင်ဆောင်တစ်ယောက်ကို ရုပ်ရည်ရမှတ်၉၅အထိရောက်အောင် လုပ်ပေးနိုင်သည်။

ယဲ့ချန်းခမျာ ထိုလူသုံးယောက်အတွက် စိတ်မကောင်းဖြစ်မိသည်။ သူတို့ခမျာ ငွေအမြောက်အများထုတ်သုံးခဲ့ရရှာသည်။ ဤမိန်းကလေးက ရုပ်ရည်ရမှတ်ခြောက်ဆယ်ခန့်သာရှိသော အယောင်ဆောင်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရပါလျှင် သူတို့၏စိတ်အစဉ် ပြိုလဲသွားမည်မဟုတ်လော။

ထိုအခိုက်ဝယ် အသည်းတယားယားဖြစ်စေသူက ဖန်သားပြင်ထက်တွင် ကြွားလုံးထုတ်နေသည်ကိုမြင်သော် ယဲ့ချန်း အန်မိတော့မတတ်ပင်။

ယဲ့ချန်းလည်း စူးစမ်းလိုစိတ်ကြောင့် ထိုလူသုံးယောက်ဆီသို့ စာပို့လိုက်သည်။

"ကိုယ့်လူတို့.. ခင်ဗျားတို့ ဒီတိုက်ရိုက်ထုတ်လွှင့်သူနဲ့ တွေ့ဖူးလား"

"ဟင့်အင်း။ ဒါပေမဲ့ ခင်ဗျားနဲ့ ရှောင်မေ့က တက္ကစီငှားရင်းတွေ့ခဲ့ကြတာလို့ ကြားတယ်။ ခင်ဗျားတို့ရဲ့ ကဗျာဆန်တဲ့တွေ့ဆုံမှုကို အားကျလိုက်တာ"

မင်းကြောင့်အသည်းတယားယားဖြစ်ချင်သူက ဆိုလာလေသည်။

ယဲ့ချန်းက အပြုံးမျက်နှာအီမိုဂျီလေးတစ်ခုကိုပို့ပြီးနောက် ပြောလိုက်လေသည်။

"ဟုတ်တယ်။ ငါ အခုလိုသုံးရဲတာက ဖန်သားပြင်နောက်မှာ အလှပဂေးအစစ်လေးရှိနေမှန်း သိလို့လေ။ မင်းတို့ကရော.. သိပ်မသေချာဘူးနော်"

ယဲ့ချန်းက တိုက်ရိုက်မပြောပါသော်ငြား သူ့စကားများ၏ အဓိပ္ပာယ်ကား အလွန်ရှင်းလင်းလှသည်။

ထိုသူဌေးသုံးယောက်လည်း ယဲ့ချန်း၏မက်ဆေ့ချ်ကြောင့် အတွေးများသွားရသည်။

ဒီတက္ကစီဒရိုင်ဘာက ဘာလို့ အဲဒီလိုပြောရတာလဲ…

မသင်္ကာစရာတစ်ခုခုများရှိလို့လား…

အသည်းတယားယားဖြစ်စေသူ၏ အကောင့်ပိုတစ်ခုက စုရှောင်မေ့၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ရှိသည်။ ထို့ကြောင့် ယဲ့ချန်း၏စကားကို ကြားသောအခါ ရင်ထိတ်သွားချေသည်။

အမှန်ပင်။ သူ(မ)၏ရုပ်ရည်အစစ်က ရုပ်ရည်ရမှတ်ခြောက်ဆယ်သာ ရှိ၏။ ၉၅မှတ်အထိ ရောက်နေခြင်းမှာ အလှသက်ရောက်မှုများကြောင့်သာ။

ဤဆွဲဆောင်မှုဖြင့် သူ(မ) အခြားလူများကို ဆွဲဆောင်ရခြင်းပင်။

ဖော်ထုတ်ခံလိုက်ရပါက သူ(မ)တော့ ကိစ္စတုံးပြီသာ။

ပြိုင်ပွဲပြီးသွားသောအခါ ထိုသူဌေးသုံးယောက်က အသည်းတယားယားဖြစ်စေသူ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ ပြန်သွားကြသည်။

"လူကြီးမင်းသုံးယောက်.. အဲဒီတက္ကစီဒရိုင်ဘာရဲ့စကားကို နားမယောင်ပါနဲ့။ ကျွန်မရဲ့ရုပ်ရည်က အစစ်ပါ"

အသည်းကွဲနေသူက ပြောလိုက်လေသည်။

"အသည်းတယားယားဖြစ်စေသူ… နောက်ဆုံးတော့ မင်းရဲ့မျက်နှာအစစ်ကို လူတစ်ယောက်က ဖော်ထုတ်လိုက်ပြီပဲ။ ငါလည်း မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းမှာ မင်းရဲ့ ပရိသတ်ဖြစ်ခဲ့ဖူးတယ်။ မင်းအတွက် ယွမ်တစ်သောင်းကျော် သုံးခဲ့တယ်။ နောက်ပိုင်းကျတော့ မင်း မောင့်ယာမှာ ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်တုန်းက မကောင်းတဲ့နည်းလမ်းတွေနဲ့ အောင်မြင်လာတယ်လို့ သတင်းကြားလိုက်ရတယ်။ အဲဒီအလှအပသက်ရောက်မှုတွေကြောင့် ငါ လှည့်စားခံလိုက်ရတာ။ မင်းရဲ့သရုပ်မှန်ကို သိလိုက်ရတော့ လုံးဝကြေကွဲသွားရတယ်။ ဒီလူကြီးမင်းသုံးယောက်လည်း သတိထားကြပါ"

ယဲ့ချန်း၏စကားများက သူတို့ကို သံသယပွားစေရုံသာ။ ယခုမူ တစ်စုံတစ်ယောက်က အမှန်တရားကို ထုတ်ဖော်လာလေပြီဖြစ်ရာ သူတို့သုံးယောက်စလုံး လုံးဝစိတ်ကုန်သွားလေသည်။

ထိုအချိန်တွင် အသည်းကွဲနေသူတစ်ယောက်တည်းသာမက မောင့်ယာတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းရှိ အခြားလူများကပါ အမှန်တရားကို ထုတ်ဖော်လာကြသည်။

ရုပ်ရည်ရမှတ်ခြောက်ဆယ်ရှိသော မျက်နှာ၊ အရပ်တစ်မီတာခွဲမျှသာရှိသည်။

ဤသူဌေးကြီးသုံးဦးမှာ ဤစကားကိုကြားသော် လုံးဝကြေကွဲကုန်သည်။

ဂိုဏ်းတစ်ခုချင်းစီတွင် ပြိုင်ပွဲများရှိကြသည်။ အဖျက်ကမ္ဘာဂိုဏ်းက ဂိုဏ်းများအကြား အလွန်မောက်မာလှသည်။ အသည်းတယားယားဖြစ်စေသူကလည်း သူတို့၏ထိပ်တန်းအဆင့် တိုက်ရိုက်ထုတ်လွှင့်သူပင်။

အခြားဂိုဏ်းများက ဤသို့သောအခွင့်အရေးကို မည်သို့လက်လွှတ်ခံနိုင်မည်နည်း။

မကောင်းသောလုပ်ရပ်များကို အွန်လိုင်းပေါ်တွင် ထပ်မံဖော်ထုတ်ခံရပြန်သည်။

အသည်းတယားယားဖြစ်စေသူ၏ သရုပ်မှန်မှာ နောက်ဆုံးတော့ ဖော်ထုတ်ခံလိုက်ရသည်။

ထိုအချိန်တွင် ထိုသူဌေးသုံးယောက်မှာ အကြီးအကျယ်နောင်တရကုန်ကြသည်။ သူတို့က သူ(မ)အတွက်နှင့် ပမာဏအများကြီးသုံးထားခဲ့ကြသည်။ သို့သော် သူ(မ)ကတော့ ဆွဲဆောင်မှုမရှိသော မိန်းမတစ်ယောက်ဖြစ်နေပေသည်။

အသည်းတယားယားဖြစ်စေသူကလည်း သူ(မ)တော့ ပျက်ကိန်းဆိုက်ပြီဖြစ်ကြောင်း သိသည်။ ထို့ကြောင့် အွန်လိုင်းပေါ်တွင် ဆက်မနေရဲတော့သဖြင့် လိုင်းပေါ်က ဆင်းသွားချေသည်။

ဂိုဏ်းများကြားရှိ တိုက်ပွဲကား ဆက်လက်ကျင်းပပေသည်။

ခုနစ်ပွဲမြောက်တွင် စုရှောင်မေ့က အန်းရန်ဂိုဏ်းရှိ အစ်မကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရသည်။ သူ(မ)၏အမည်မှာ အန်းရန်ပင်။

အန်းရန်က သို့ယွီတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းတွင် အလွန်နာမည်ကြီးသည်။ သူ(မ)က အလွန်ချိုသာလှသော ရုပ်ရည်လေးဖြင့် သီချင်းလည်း အဆိုကောင်းသည်။

အရေးအကြီးဆုံးမှာ အန်းရန်သည် ယခင်က ပရိသတ်တွေ့ဆုံပွဲများ လုပ်ဖူးသဖြင့် သူ(မ)၏အလှတရားက စစ်မှန်ပေသည်။

ပြိုင်ပွဲစတင်လေပြီ။ တစ်ဖက်ရှိ လူအင်အားက အလွန်အထင်ကြီးဖို့ကောင်းလှသည်။ ထိပ်တန်းထောက်ပံ့သူက စူပါဒုံးပျံအစင်းတစ်ရာနှင့် ချက်ချင်းစလိုက်သည်။

ဤမြင်ကွင်းကိုမြင်သော် လူတိုင်း အံ့ဩမှင်တက်ကုန်ကြသည်။

ဤတစ်ခေါက်တွင် ယဲ့ချန်းနှင့် စုရှောင်မေ့တို့တော့ လက်ရည်ညီသော ပြိုင်ဘက်နှင့် ကြုံရလေပြီ။

တကယ်တမ်းတွင် ဤပြိုင်ပွဲ၌ စုရှောင်မေ့က လာဘ်ကောင်လေးနှယ် နေရသည်။ သူ(မ)ကို ယဲ့ချန်းတစ်ယောက်တည်းကသာ ထောက်ပံ့ပေးနေခြင်းပင်။

လူအားလုံးက စုရှောင်မေ့၏တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရင်း ယဲ့ချန်းအနေနှင့် တိုက်ခိုက်နိုင်စွမ်းရှိဦးမလားဟု သိချင်နေကြသည်။

အန်းရန်၏ ထိပ်တန်းထောက်ပံ့သူက လီအန်းဖြစ်ပြီး သူ့အိမ်က မိုင်းတွင်းတစ်တွင်း ပိုင်သည်ဟု သိရသည်။ အန်းရန်နှင့်လည်း အပြင်တွင် ခဏခဏတွေ့ဖူးသည်။

လီအန်းမှာ အန်းရန်ကို အမှန်တကယ်သဘောကျနေပေသည်။

ဤတစ်ခေါက်တွင် လီအန်းက အန်းရန်ကို မွေးနေ့လက်ဆောင်အဖြစ် အနိုင်ရအောင်လုပ်ပေးမည်ဟု ကတိပေးထားသည်။

အစတုန်းက စူပါဒုံးပျံအစင်းတစ်ရာ သုံးလိုက်ရသည့် ရည်ရွယ်ချက်မှာ ယဲ့ချန်းအား သူ့အရှိန်အဝါကို သိစေချင်သောကြောင့်ပင်။

လီအန်း၏ရက်ရောမှုကိုမြင်သောအခါ အန်းရန်က အသည်းပုံလေးလုပ်ပြပြီး အချစ်သီချင်းလေးတစ်ပုဒ် ပို့လိုက်သည်။

စုရှောင်မေ့၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ပန်းပွင့်လေးများကို ရံဖန်ရံခါပို့ပေးတတ်သည်။ သို့သော် စုစုပေါင်းတန်ဖိုးမှာမူ ယွမ်တစ်ရာမျှသာ ရှိသည်။

အကယ်၍ ယဲ့ချန်းသာ ဝင်မပါပါက စုရှောင်မေ့၏ ကျော်ကြားမှုအရဆိုလျှင် ပထမပွဲစဉ်မှာပင် ရှုံးသွားမည်ဖြစ်၏။

"စူပါဒုံးပျံအစင်းတစ်ရာတဲ့.. ဒီပြိုင်ဘက်ကိုတော့ သဘောကျသွားပြီ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလျက် စူပါဒုံးပျံအစင်းတစ်ရာ့ငါးဆယ်ကို ပို့ပေးပြီး လက်ဦးမှုရယူလိုက်ပြန်သည်။

လီအန်းလည်း မျက်မှောင်ကြုတ်သွားသည်။ ယဲ့ချန်းကလည်း ယခင်ပြိုင်ပွဲများတွင် ခပ်ကြမ်းကြမ်းသုံးလာခဲ့ပြီးဖြစ်၏။ သို့သော် ယခုအထိ သုံးနိုင်လိမ့်ဦးမည်ဟု သူ ထင်မထားပေ။

စုရှောင်မေ့မှာ ယဲ့ချန်းကြောင့် ရင်ထဲ ထိရှသွားရသည်။

သူ(မ)က စိတ်လှုပ်ရှားခြင်းကြီးစွာ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် တက္ကစီဒရိုင်ဘာအစ်ကိုကြီး"

ယဲ့ချန်းက ရယ်လိုက်လေသည်။

"တခြားတိုက်ရိုက်ထုတ်လွှင့်သူတွေက သီချင်းဆိုပြတယ်။ မင်းက ကိုယ့်ကို ဘယ်လိုကျေးဇူးဆပ်မှာလဲ"

စုရှောင်မေ့ခမျာ ရှက်သွေးဖြာသွားလေသည်။

တစ်ဖက်လူက အဆိုတော်သော်ငြား သူ(မ)ကတော့ သံစဉ်ကီးမကိုက်သူဖြစ်သလို ကလည်းမကတတ်ပေ။

စုရှောင်မေ့လည်း ယဲ့ချန်း၏စကားကို ရုတ်ခြည်းသတိရလိုက်မိသဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

"ကျွန်မ ကာယလေ့ကျင့်ခန်းလုပ်တတ်တယ်"

စုရှောင်မေ့က ထိုသို့ပြောပြီးနောက် မတ်တတ်ထရပ်ကာ လေ့ကျင့်ခန်းလုပ်ပြလေတော့သည်။

အန်းရန်က သီချင်းဆိုပြနေချိန်မှာ ဘေးနားတွင် စုရှောင်မေ့က ကာယလေ့ကျင့်ခန်းလုပ်ပြလေသည်။ ဤမြင်ကွင်းက အလွန်ထူးဆန်းလှသော ခံစားချက်တစ်ခုကို ပေးစွမ်းလေသည်။

"ဝိုး.. တကယ်ကြီး လေ့ကျင့်ခန်းလုပ်ပြနေတာဟ"

"မိုက်လိုက်တာ။ တိုက်ရိုက်ထုတ်လွှင့်သူက အကွက်ရွှေ့တတ်သားပဲ"

"ငါ ဒီတိုက်ရိုက်ထုတ်လွှင့်သူကို ရုတ်တရက်ကြီးသဘောကျသွားပြီ။ အခုကစပြီး မကြာမကြာထောက်ပံ့ပေးဖို့ လာရမယ်"

အသည်းတယားယားဖြစ်စေသူ၏ ထောက်ပံ့သူသုံးယောက်က စုရှောင်မေ့တစ်ယောက် လေ့ကျင့်ခန်းလုပ်နေသည့်မြင်ကွင်းကို ကြည့်ရင်း အလွန်သဘောကျသွားသည်။

သူတို့မှာ အသည်းတယားယားဖြစ်စေသူ၏ ရုပ်ရည်အစစ်ကို သိလိုက်ရသည့်အတွက် စိတ်ပျက်ကုန်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်သူအသစ်တစ်ယောက်ရှာရန် စဉ်းစားမိသော်ငြား ဖန်သားပြင်နောက်ကွယ်တွင် ဘယ်လိုမကောင်းဆိုးဝါးမျိုးရှိနေမလဲဆိုသည်ကို မသိနိုင်ပေ။

သို့သော် စုရှောင်မေ့ကတော့ မတူပေ။ ယဲ့ချန်းကိုယ်တိုင်က သူ(မ)ကို အလှပဂေးလေးဖြစ်ကြောင်း အသိအမှတ်ပြုထားပြီးဖြစ်၏။

ငါတို့ရော အခုကစပြီး စုရှောင်မေ့ရဲ့ထောက်ပံ့သူတွေ လုပ်ပေးလို့ရတာပဲ…

သူ(မ)က ရိုးရိုးအေးအေးသာ ဝတ်စားထားပြီး အပြောမချိုသော်ငြား သူ(မ)၏ကာယလေ့ကျင့်ခန်းမှာ အလွန်ကြည့်ကောင်းလှသည်။

ယဲ့ချန်းက စူပါဒုံးပျံအစင်းတစ်ရာ့ငါးဆယ်ပို့ပေးလိုက်ကြောင်း လီအန်းမြင်သောအခါ နှုတ်ခမ်းကိုကိုက်၍ နောက်ထပ်အစင်းတစ်ရာထပ်ပို့လိုက်သည်။

လီအန်းသာမက အန်းရန်၏ထောက်ပံ့သူများကလည်း ရောက်ချလာပြီး တစ်ယောက်လျှင် စူပါဒုံးပျံဆယ်စင်းစီ ပို့ပေးလိုက်လေရာ စုစုပေါင်းအစင်းတစ်ရာ့ခြောက်ဆယ်ဖြစ်သွားသည်။

စုရှောင်မေ့ဘက်တွင် ယဲ့ချန်းက တစ်ယောက်တည်းတိုက်ခိုက်နေရခြင်းပင်။ အန်းရန်ဘက်တွင်မူ အကူအညီများရှိ၏။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။

သူက ကြောက်နေမည်တဲ့လား။ လုံးဝမကြောက်ပေ။ များများသုံးလေလေ များများရလေလေပင်။ ဤသို့ဖြင့် ယဲ့ချန်းလည်း စူပါဒုံးပျံအစင်းနှစ်ရာကို ထပ်ပို့လိုက်ပြန်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် အုန်းအုန်းကျက်ကျက်ဖြစ်သွားသည်။ ဤသည်မှာ အလွန်အံ့ဩဖွယ်ကောင်းလှသည်။

"ဝိုး.. ဒီလူ့မှာ ပိုက်ဆံဘယ်လောက်တောင်ရှိတာလဲဟ"

"အရမ်းမိုက်တာပဲ။ နောက်တစ်သန်းကြောင့် သူ့ကို ထပ်လေးစားသွားပြီ။ ဒီလူက တက္ကစီမောင်းတာတော့ မဟုတ်လောကေ်ဘူး။ ဘဏ်ဖွင့်တာပဲဖြစ်မယ်"

"လီအန်း.. ငါတို့အန်းရန်ကို မရှုံးစေနဲ့နော်"

"အားလုံးပဲ.. ပိုက်ဆံရှိရင် ငါတို့အန်းရန်ကို လက်ဆောင်လေးတွေ ပို့ပေးကြပါဦး။ ဒီလောက်ပရိသတ်တွေများတာတောင် တက္ကစီဒရိုင်ဘာတစ်ယောက်ကို အနိုင်မယူနိုင်ဘူးဆိုတာ လုံးဝမယုံဘူး"

ယဲ့ချန်းက စူပါဒုံးပျံအစင်းနှစ်ရာထပ်ပို့လိုက်ကြောင်း မြင်လိုက်ရချိန်ဝယ် လီအန်းလည်း ကြက်သေသေသွားလေသည်။

"ငါမလုပ်နိုင်ဘူး။ ဆက်မလိုက်နိုင်တော့ဘူး"

လီအန်းက အသေးစားလုပ်ငန်းပိုင်ရှင်တစ်ယောက်ဖြစ်သော်ငြား ယဲ့ချန်းကဲ့သို့ ဆီလျော်မှုမရှိသော သူဌေးတစ်ယောက်နှင့် ရင်ဆိုင်ရချိန်ဝယ် လက်လျှော့ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိချေ။

All Chapters